အခန်း (၁၅၁)
Vol. 16 Ch. 151
151 01
အခန်း 151
မင်းသားကြီး၏ လက်များ တုန်ယင်လာပြီး တုန်တုန်ရီရီ ပြောဆိုလေသည်။
“ယောကျ်ားလေး မွေးမွေး၊ မိန်းကလေး မွေးမွေး၊ ငါ့မျိုးရိုးပဲ ယူရမှာပေါ့”
ခြံဝင်းအတွင်း ထိုင်နေသော မေသခင်ကြီး မျက်နှာပျက်သွားပြီး မကျေမနပ် ဖြစ်သွားလေသည်။
“အိမ်ခေါ်သားမက် လာလုပ်ပါမယ်လို့ ကတိပေးပြီးမှတော့ ကျွန်တော်မျိုးတို့ မေအိမ်တော်က လူ ဖြစ်သွားပြီလေ။ မွေးလာတဲ့ ကလေးက မေမျိုးရိုးပဲ ယူရမှာပေါ့”
မင်းသားကြီးသည် တောင်ဝှေးကို ထောက်ပြီး ခြံဝင်းထဲသို့ တုန်တုန်ရီရီ ဝင်ရောက်လာရာ အိမ်ခေါ်သားမက် ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် အသက်ရှူပင် မဝတော့ဘဲ နေရာတွင် ရပ်တန့်သွားလေသည်။
ချန်ပေါ်သည် ကုလားထိုင်တစ်လုံး အမြန်သယ်ဆောင်လာပြီး ဦးရီးတော်ကို ထိုင်ခိုင်းကာ ရေနွေးကြမ်း ဆက်သလိုက်ရလေသည်။
လော့ရှင်းယွမ်သည် မေသခင်ကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။
“ဦးလေး စိတ်မပူပါနဲ့။ အိမ်က ကိစ္စတွေကို ကျွန်တော် ဆုံးဖြတ်လို့ ရပါတယ်။ သားမက် အနေနဲ့ ကတိပေးပြီးသားမို့ ပြန်ပြင်စရာ အကြောင်းမရှိပါဘူး”
မေသခင်ကြီးသည် သားမက်လောင်းက သဘောပေါက် လွယ်သည်ကို တွေ့ရှိရသောအခါ လေသံပျော့သွားလေသည်။ “ဦးလေးကလည်း လူပါးဝချင်လို့ မဟုတ်ပါဘူး။ မင်းတို့မျိုးရိုး ပြတ်သွားအောင် တမင် လုပ်တာ မဟုတ်ပါဘူးကွ”
သူ စဉ်းစားဆင်ခြင် လိုက်လေသည်။
“ဒီလိုလုပ်ကွာ... ငါ့သမီးက ပထမဆုံး ကလေး မွေးလာရင် ယောကျ်ားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ်၊ မေမျိုးရိုး ယူမယ်။ ဒုတိယမြောက် ကလေး ရလာရင်တော့ ယောကျ်ားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ်၊ မင်းတို့ ယွမ်မျိုးရိုး ယူကြ။ ဘယ်လိုလဲ”
မင်းသားကြီးသည် ရေနွေးသောက်ပြီးကာစ အသက်ရှူချောင်လာတုန်း ရှိသေးသည်။ ဤစကားကို ကြားလိုက်ရသောအခါ ဖူးခနဲ ရေနွေးများ မှုတ်ထုတ်လိုက်လေသည်။
“ဘာ... ဘာ ယွမ်မျိုးရိုး လဲ” သူ တုန်တုန်ရီရီ မေးမြန်းလိုက်၏။
အဘိုးကြီးသည် အသက်ကြီးနေပြီ ဖြစ်၍ ဦးနှောက်က ချက်ချင်း အလုပ်မလုပ်နိုင်တော့ပေ။ ခြံဝင်းထဲ ရောက်ရှိကတည်းက ကြောင်အမ်းအမ်း ဖြစ်နေသည်။ ဘာဖြစ်နေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ တုန်တုန်ရီရီဖြင့် ဇွတ်အတင်း ပြောဆိုလေတော့သည်။
“တခြားဟာတွေ ထားလိုက်... ပထမဆုံး မွေးလာမယ့် သားယောကျ်ားလေးက သားကြီး ဩရသ ဖြစ်မှာ။ သေချာပေါက် ငါ့မျိုးရိုးပဲ ယူရမယ်”
မေသခင်ကြီး စိတ်မရှည်တော့ပေ။
လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဆောင့်တင်လိုက်ပြီး ဒေါသသံဖြင့် ပြောဆိုလေသည်။
“ဆွေမျိုးတော် ဦးလေးကြီးက တော်တော် စကားပြောတတ်တာပဲ ဘယ်အိမ်က အိမ်ခေါ်သားမက်ကများ အိမ်ရှင်ကို ဒီလို ဈေးဆစ်တာ မြင်ဖူးလို့လဲ။ ငါ့သမီးက သားယောကျ်ားလေး မွေးလာရင် အဲဒါ ငါ့မေအိမ်တော်ရဲ့ သားကြီးဩရသပဲ။ ခင်ဗျားတို့ ယွမ်အိမ်တော်နဲ့ ဘာဆိုင်လို့လဲ”
မင်းသားကြီး မျက်လုံး ပြူးသွားလေသည်။
အဘိုးကြီးနှစ်ဦး ကြက်ဖနှစ်ကောင်သဖွယ် မျက်နှာချင်းဆိုင် ကြည့်ပြီး မည်သူမျှ အလျှော့မပေးကြပေ။
မေဝမ့်ရှူး ကြည့်မနေနိုင်တော့သဖြင့် အခန်းထဲမှ ထွက်လာလေသည်။ “အဖေ”
သူမ မေသခင်ကြီးကို ဘေးသို့ ခေါ်ထုတ်သွားပြီး တိုးတိုးလေး ညှိနှိုင်းလေသည်။ “ဘာမှတောင် မရေရာသေးတဲ့ ကိစ္စကို စေ့စပ်ပွဲ နေ့ကောင်းရက်သာမှာ ဘာလို့ ရန်ဖြစ်နေကြတာလဲ။ အဖေ မသိသေးဘူး ထင်တယ်... သမီးက ကျန်းမာရေး သိပ်မကောင်းဘူး။ နောက်နောင် ကလေးရနိုင်မလား ဆိုတာတောင် မသေချာဘူး”
151 02
မေသခင်ကြီးက ခေါင်းမာလေသည်။ “ကျန်းမာရေး မကောင်းရင် ဖြည်းဖြည်းချင်း ကုယူလို့ ရတာပဲ။ အခု သေချာ မပြောထားရင် နောင်ကျ ကလေးရလာမှ ပြောရင် နောက်ကျသွားလိမ့်မယ်”
မေဝမ့်ရှူး စဉ်းစားလိုက်လေသည်။ “သူ့အိမ်က စီးပွားရေးကို ဆက်ခံမယ့် သားကြီးဩရသ လိုအပ်နေလို့ သူ့ဦးလေး စိတ်ပူတာ မဆန်းပါဘူး။ အဖေ သဘောတူမယ် ဆိုရင် နှစ်ဖက်စလုံး တစ်လှမ်းစီ ဆုတ်လိုက်ရင် မကောင်းဘူးလား”
မေသခင်ကြီးက နှာခေါင်းရှုံ့လေသည်။ “သူ့အိမ်က ဟောင်းနွမ်းနေတဲ့ အိမ်ကြီးရယ်၊ မြို့တော်မှာ ကျန်နေတဲ့ စီးပွားရေးလေးရယ်ကို ဆက်ခံဖို့ လူလိုနေတာလား။ ထားလိုက်ပါတော့... ဘယ်သူပဲ ဆက်ခံဆက်ခံ၊ ငါ့မြေးပဲ ဥစ္စာ ရမှာပဲဟာ”
မင်းသားကြီး ဘက်ကိုလည်း လော့ရှင်းယွမ်က ခေါ်ယူသွားပြီး တိုးတိုးလေး ပြောပြလိုက်ရာ မင်းသားကြီးမှာ နားထောင်ရင်း နားထောင်ရင်း ပိုမို၍ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ နောက်ဆုံးတွင် ဘာမျှ ပြန်မပြောနိုင်တော့ဘဲ ငြိမ်သက်သွားလေသည်။
နောက်ဆုံးတွင် နှစ်ဖက် သဘောတူညီမှု ရရှိသွားကြသည်။
ပထမဆုံး ကလေးက မိန်းကလေး ဖြစ်လျှင် မေမျိုးရိုး ယူပြီး မေအိမ်တော်ကို ဆက်ခံမည်။
ယောကျ်ားလေး ဖြစ်လျှင် အဖေ့မျိုးရိုး ယူပြီး အဖေ့အိမ်တော်ကို ဆက်ခံမည်။
နှစ်ဖက် သဘောတူညီမှု ရရှိပြီးသောအခါ အချိန်လည်း လင့်နေပြီ ဖြစ်သည်။ နေဝင်သွားပြီ ဖြစ်သည်။ မေသခင်ကြီးသည် ဧည့်ခန်းမဆောင်ရှိ နဂါးနှင့် ဇာမဏီ ဖယောင်းတိုင်များကို ထွန်းညှိခိုင်းလိုက်လေသည်။ နှစ်ဖက် လူကြီးများသည် မီးရောင်အောက်တွင် ထိုင်ပြီး စာချုပ်များ ဖလှယ်ရန် ပြင်ဆင်ကြလေသည်။
လော့ရှင်းယွမ်က ဝင်ရောက်ပြောဆိုလေသည်။ “ခဏလောက် စောင့်ပါဦး။ သက်သေအဖြစ် နောက်ထပ် လူကြီးတစ်ယောက်ကို ဖိတ်ထားပါသေးတယ်။ သူက ဧည့်ခံပွဲ တက်နေရလို့ အခုလောက်ဆို လာနေလောက်ပါပြီ”
မေဝမ့်ရှူး သဘောပေါက်သွားလေသည်။ ဝရန်တာအောက်တွင် ရပ်ရင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
လော့ရှင်းယွမ်က သူမ၏ အတွေးကို သိရှိသဖြင့် ပါးစပ်ဟရုံလေး ဟပြီး အသံမထွက်ဘဲ ပြောပြလိုက်လေသည်။ “ယဲ့”
မကြာမီ တံခါးပြင်ပတွင် မြင်းရထား ရပ်သံ ကြားလိုက်ရပြီး ယဲ့ချန်းကော်သည် တောက်ပသော အနီရောင် ဝတ်စုံသစ်ကြီးကို ဝတ်ဆင်လျက် အလျင်စလို ဝင်ရောက်လာလေသည်။
“အရှင်... သခင်လေး ဒီမှာ ရှိနေတာလား” အဘိုးအိုသည် ခြံဝင်းထဲရှိ ရောင်စုံမီးအိမ်များကြောင့် မျက်စိကျိန်းနေလေသည်။ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး ဘေးဘီဝဲယာကို ကြည့်ရှုလေသည်။
“ဆရာကြီး ခုနကမှ ဧည့်သည်တွေကို ပြန်ပို့ပြီး ဒီကို လာခဲ့တာ။ မင်္ဂလာပွဲအတွက် သတို့သမီးလောင်းကို အခုထိ လျှို့ဝှက်ထားတုန်းပဲ။ ဒီညတော့ ဘယ်သူလဲ ဆိုတာ မြင်ရတော့မယ် ထင်ပါရဲ့ … ဝမ့်ရှူး”
ယဲ့ချန်းကော် ခြေခေါက်လဲမလို ဖြစ်သွားလေသည်။ နေရာတွင် ရပ်တန့်သွားပြီး ဝရန်တာအောက်တွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော မေဝမ့်ရှူးကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိလေသည်။
“မင်း... မင်းက ဘယ်လိုဖြစ်ပြီး...” အဘိုးအိုသည် လက်ညှိုးထိုးပြီး စကားပင် မပြောနိုင်တော့ပေ။
မေဝမ့်ရှူး ရှေ့တိုးလာပြီး တည်ငြိမ်စွာ ဦးညွှတ်လိုက်လေသည်။ မီးရောင်အောက်တွင် သူမ၏ လှပသော မျက်နှာလေး ပေါ်လွင်နေလေသည်။ “ဆရာ”
ယဲ့ချန်းကော်သည် နေရာတွင် ရပ်လျက် မိန်းမပျို ဆံထုံးထုံးထားပြီး အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော တပည့်ကျော်ကို ကြည့်ရှုပြီး ခြေလှမ်းပင် မရွှေ့နိုင်တော့ပေ။
လော့ရှင်းယွမ် ထွက်လာပြီး ခေါ်လိုက်မှ သတိဝင်လာလေသည်။ “အမတ်ချုပ်ယဲ့”
ယဲ့ချန်းကော် လက်များ တုန်ယင်လာသည်။ ဧည့်ခန်းမဆောင်ထဲသို့ ဒုန်းစိုင်း ဝင်ရောက်သွားပြီး ထိုင်နေသော မင်းသားကြီးကို ဆွဲထုတ်လာလေသည်။
“ဒီည တိတ်တဆိတ် စေ့စပ်မယ့်သူက ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား”
“မေအိမ်တော်က သမီးရင်းလေးလေ” မင်းသားကြီးက အံ့သြစွာ ပြန်ဖြေလေသည်။ “မေအမတ်ရဲ့ညီမ။ အမတ်ချုပ်ယဲ့ လာတုန်းက မသိဘူးလား”
ယဲ့ချန်းကော် စကားအများကြီး မပြောတော့ဘဲ သူ့ကို မေဝမ့်ရှူး ရှေ့သို့ တွန်းပို့လိုက်လေသည်။
151 03
“မင်းသားကြီး... မျက်လုံးကို သေချာပွတ်ပြီး ကြည့်လိုက်စမ်းပါ။ ခင်ဗျားရဲ့ တူမချွေးမလောင်းက ဘယ်သူလဲ ဆိုတာ”
မင်းသားကြီးသည် မှုန်ဝါးနေသော မျက်လုံးအိုကြီးများကို ပွတ်သပ်ပြီး မေဝမ့်ရှူး အနားသို့ ကပ်သွားကာ သေချာ စိုက်ကြည့်လိုက်လေသည်။ ရုတ်တရက် လေအေးတစ်ချက် ရှိုက်မိသွားလေသည်။
“ဒါ... ဒါ... ဒါက... မေအမတ်”
သူ တုန်တုန်ရီရီဖြင့် သစ်ပင်အောက်မှ လော့ရှင်းယွမ်ဆီ သွားရောက်ပြီး မေးခွန်းထုတ်လေသည်။
“ဧကရာဇ်... ဧကရာဇ်က မေအမတ်ကို မိဖုရား မြှောက်မလို့လား။ မဖြစ်ဘူးလေ ရှေးကတည်းက နန်းတွင်းမှာ အမျိုးသားမိဖုရား မရှိခဲ့ဖူးဘူး။ ဒီထုံးစံကို ဖောက်လို့ မရဘူး။ မဖြစ်ဘူး၊ မဖြစ်ဘူး”
မေသခင်ကြီးသည် ဧည့်ခန်းထဲတွင် စောင့်ရင်း စောင့်ရင်းနှင့် မည်သူမျှ ဝင်မလာကြသဖြင့် စိတ်မရှည်တော့ပေ။ သားမက်ဘက်က လူကြီးနှစ်ဦး ခြံဝင်းထဲတွင် တီးတိုးတီးတိုး ပြောဆိုနေကြသည်ကို မြင်သောအခါ စိတ်တိုလာလေသည်။
သူ ထိုင်မနေနိုင်တော့ဘဲ အသံမြှင့် အော်ဟစ်မေးမြန်းလိုက်လေသည်။
“သားမက် ရှင်းယွမ်... မင်းအိမ်က လူကြီးတွေ ဘာဖြစ်နေကြတာလဲ။ ဘာတွေ ပြောနေကြတာလဲ။ အခုထိ အထဲဝင်မလာကြဘူး။ မင်းကို ငါတို့အိမ်မှာ အိမ်ခေါ်သားမက် လုပ်ခိုင်းတာ သဘောမကျကြလို့လား”
လော့ရှင်းယွမ်သည် ဝူထုန်သစ်ပင်အောက်တွင် ထိုင်လျက် မင်းသားကြီး ညည်းတွားသမျှ နားထောင်ပြီးနောက် လက်ဖက်ရည်ခွက်ကို တည်ငြိမ်စွာ ချလိုက်လေသည်။
“အိမ်က ကိစ္စ ကျွန်တော် ဆုံးဖြတ်ပါတယ်။ ဦးလေး စိတ်မပူပါနဲ့။ ဒီမင်္ဂလာပွဲက ဒီည သေချာပေါက် ဖြစ်ရမယ်”
သူ ထရပ်ပြီး မေဝမ့်ရှူး ရှေ့သို့ လျှောက်သွားလေသည်။ သူမ၏ လက်ကို ဆွဲယူပြီး လက်ချောင်းချင်း ယှက်နွယ် ဆုပ်ကိုင်လိုက်၏။ မျက်လုံးအပြူးသား ဖြစ်နေသော ယဲ့ချန်းကော်နှင့် မင်းသားကြီး ရှေ့သို့ ပြန်လည်လျှောက်လှမ်းလာလေသည်။
“ဒီနေ့ ဒီနေရာမှာ မြင်ခဲ့ကြားခဲ့တာတွေကို လူကြီးမင်းတို့ နှစ်ယောက် လျှို့ဝှက်ထားပေးကြပါ”
“မေအိမ်တော်မှာ သားယောကျ်ားလေး မရှိပါဘူး။ မေသခင်ကြီးတို့မှာ ဒီသမီးလေး တစ်ယောက်တည်း ရှိတာပါ။ မြို့တော်မှာ နှစ်ပေါင်းများစွာ နေလာတော့ အကြောင်းသိ နေကြပါပြီ။ သူက ကျွန်တော် နှစ်သက်မြတ်နိုးရသူပါ”
ယဲ့ချန်းကော်က အရင်ဆုံး သတိပြန်ဝင်လာလေသည်။
“ဝမ့်ရှူး... မင်း... မင်းက မိန်းကလေး ဘဝနဲ့ လူတိုင်းကို လိမ်ပြီး... အမတ် လာလုပ်နေတာလား”
မေဝမ့်ရှူး ပြုံးလိုက်လေသည်။ “ဆရာ... မင်းသားကြီး... လွန်ခဲ့တဲ့ (၁၀) နှစ်လုံးလုံး အခက်အခဲတွေ ရှိခဲ့လို့ လိမ်ညာခဲ့ရတာပါ။ လူကြီးမင်းတို့ ခွင့်လွှတ်ပေးကြပါ”
လော့ရှင်းယွမ် ကောင်းကင်ကို မော့ကြည့်ပြီး တိုက်တွန်းလိုက်လေသည်။
“နေဝင်ရီတရော အချိန် ရောက်နေပြီ။ မင်္ဂလာအချိန် ကျော်သွားလိမ့်မယ်။ လူကြီးမင်းတို့ မြန်မြန်လေး လုပ်ပေးကြပါ”
နှစ်ဖက်စလုံးသည် မင်္ဂလာအချိန် မကုန်မီ နဂါးနှင့် ဇာမဏီ ဖယောင်းတိုင်များ အောက်တွင် ဇာတာစာရွက်များ ဖလှယ်လိုက်ကြလေသည်။
အနီရောင် ပန်းပွင့်ပုံ ဇာတာစာရွက်၊ ရွှေရောင် မျက်နှာဖုံးနှင့် ရွှေမှုန်ရောထားသော မင်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။
မင်္ဂလာကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားသောအခါ မေသခင်ကြီးသည် ပြုံးရွှင်စွာဖြင့် ဇာတာစာရွက်ကို ဖွင့်ကြည့်လိုက်လေသည်။ သားမက်လောင်း၏ မွေးသက္ကရာဇ်၊ အမည်၊ ဇာတိ၊ ဘိုးဘွားစဉ်ဆက် နာမည်များကို ဖတ်ရှုလိုက်လေသည်။
“လော့ထျန် ငယ်နာမည် ရှင်းယွမ်” သူ မေဝမ့်ရှူး ပြောဖူးသည်ကို သတိရသွားလေသည်။ “သူ့အဖေ ရှိတုန်းက ပေးခဲ့တဲ့ နာမည်က တကယ်ပဲ ရှားပါးတဲ့ စာလုံးပဲ”
စာရွက်ကို ပိတ်ရန် ပြင်လိုက်စဉ် တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားရသဖြင့် ပြန်ဖွင့်ကြည့်လိုက်လေသည်။
ကြည့်လေ မှားလေ ဖြစ်နေ၏။
“မျိုးရိုးနာမည်က ယွမ် မဟုတ်ဘူးလား” သူ အံ့သြတကြီး မေးမြန်းလိုက်လေသည်။ “ဇာတာထဲမှာ ဘာလို့ လော့ လို့ ရေးထားတာလဲ။ လော့ ဆိုတာ တော်ဝင် မျိုးရိုးလေ။ ဒါ လျှောက်ရေးလို့ မရဘူးနော်”
151 04
မင်းသားကြီးသည် မျက်နှာချင်းဆိုင်တွင် ထိုင်လျက် ကြားလိုက်ရသောအခါ မကျေမနပ် ဝင်ရောက်ပြောဆိုလေသည်။
“နာမည်ပြောင်းစရာ မလိုပါဘူး။ လော့ ဆိုရင် လော့ ပေါ့ ဧကရာဇ်မျိုးနွယ်ရဲ့ မျိုးရိုးနာမည်က ခင်ဗျားတို့ မေအိမ်တော်ကို ဂုဏ်ငယ်စေလို့လား”
မေသခင်ကြီး စဉ်းစားလေ ထူးဆန်းလေ ဖြစ်လာသည်။ ဇာတာကို အပြန်ပြန်အလှန်လှန် ကြည့်ရှုလိုက်၊ အပြင်တွင် သမီးနှင့် တိုးတိုးတိုးတိုး ပြောဆိုနေသော သားမက်လောင်းကို လှမ်းကြည့်လိုက် လုပ်နေမိလေသည်။
ထို့နောက် ဇာတာကို ပြန်ဖွင့်ပြီး သားမက်လောင်း၏ ဖခင်အမည်၊ အဘိုးအမည်များကို ကြည့်ရှုလိုက်လေသည်။
လက်များ တုန်ယင်လာ၏။ ဇာတာစာရွက် ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
“သမီးရေ...”
သူ တုန်တုန်ရီရီဖြင့် အပြင်မှ မေဝမ့်ရှူးကို လှမ်းခေါ်လိုက်လေသည်။
“ငါတို့ ဧကရာဇ်က... ဒီနှစ် အသက် ဘယ်လောက် ရှိပြီလဲ”
မေဝမ့်ရှူးသည် လော့ရှင်းယွမ်၏ လက်ကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်လေသည်။ အိမ်ထဲ ဝင်ရောက်လာပြီး ဖခင်လက်ထဲမှ ရွှေရောင် ဇာတာစာရွက်ကို ပိတ်ကာ ပြန်ထည့်ပေးလိုက်လေသည်။ တည်ငြိမ်စွာ ပြောကြားလိုက်၏။
“အဖေ သိပ်မစဉ်းစားပါနဲ့။ အိမ်ထဲ ဝင်လာပြီ ဆိုကတည်းက သမီးတို့ မေအိမ်တော်ရဲ့ သားမက် ဖြစ်သွားပါပြီ”
*** *** ***
မြောက်ပိုင်းဝေတိုင်းပြည် သံတမန်များ မြို့တော် ဝင်ရောက်လာပြီးနောက် မြို့တော်ထဲတွင် သတင်းများ ထွက်ပေါ်လာလေသည်။ မေအမတ် ရာထူးမှ အနားယူတော့မည် ဟူ၍ ဖြစ်သည်။
မေအမတ်သည် ကျန်းမာရေး မကောင်းပေ။ ယခင်နှစ် (၁၂) လပိုင်းကလည်း တစ်ကြိမ် ဇာတိပြန်သွားဖူးသည်။ ယခုနှစ် မြို့တော်တွင် အခြေအနေ မငြိမ်မသက် ဖြစ်ပြီး ဧကရာဇ် နေမကောင်း ဖြစ်သောကြောင့်သာ ရောဂါသည် ခန္ဓာကိုယ်ဖြင့် မြို့တော် ပြန်လာခဲ့ရခြင်း ဖြစ်သည်။
ယခု အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်၍ မေအမတ် ပြန်လည်အနားယူမည် ဆိုသည်ကို မည်သူမျှ မအံ့သြကြပေ။
သို့သော် ဒီတစ်ခါ အနားယူခြင်းသည် ပြီးခဲ့သည့် တစ်ခေါက်နှင့် မတူညီချေ။
(၇) လပိုင်း အလယ်လောက်တွင် နန်းတော်မှ သတင်းထွက်ပေါ်လာလေသည်။ မေအမတ် တရားဝင် အနားယူလိုက်ပြီ ဖြစ်ကြောင်း။ ဟန်လင်ပညာရှင်၊ အိမ်ရှေ့စံ ဆရာ၊ ခရမ်းဝတ် အမတ်၊ တိုင်းပြည်စီမံရေးရာအဖွဲ့ဝင်... စသည့် ရာထူးများ အကုန် စွန့်လွှတ်လိုက်လေသည်။ သို့သော် ပေါင်ဟယ်နန်းဆောင် ပညာရှင် ရာထူးကိုမူ ဆက်လက် ထားရှိပေးထားသည်။ အရှေ့မြို့တော်တွင် နေအိမ် ချီးမြှင့်လိုက်လေသည်။
အရှေ့မြို့တော်သည် မြို့တော်နှင့် (၂) ရက်ခရီးသာ ဝေးကွာသည်။
(၇) လပိုင်း အလယ်တွင် အရှေ့မြို့တော်သို့ ပြောင်းရွှေ့သောအခါ မြို့တော်မှ အမတ်များ အကုန်လုံး မြို့ပြင်ထွက်ပြီး နှုတ်ဆက်ကြလေသည်။
(၇) လပိုင်း ကုန်သောအခါ အမတ်များ နန်းတော် ဝင်သည့်အချိန်တွင် ဧကရာဇ်နှင့်အတူ လမ်းလျှောက်လာသော မေအမတ်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရလေသည်။ မေအမတ်သည် ကြိုးကြာပန်းထိုး ဝတ်ရုံဖြူကြီးကို ဝတ်ဆင်ထားပြီး ကျက်သရေ ရှိလှသည်။ ဧကရာဇ်နှင့် အေးအေးဆေးဆေး လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်သည်။
ဧကရာဇ်သည် မေအမတ်ကို အလွန် ယုံကြည်အားကိုးလေသည်။ အရှေ့မြို့တော်တွင် နေခွင့်ပေးထားသော်လည်း ရံဖန်ရံခါ မြို့တော်သို့ ပြန်ခေါ်ပြီး တိုင်းပြည်ရေး အကြံဉာဏ်များ တောင်းခံတတ်သည်ဟု ဆိုလေသည်။
သတင်းထွက်ပေါ်လာသောအခါ အမတ်များ အကုန်လုံး ချီးကျူးကြလေသည်။
အရှင်နှင့် အမတ်ကြားမှ သံယောဇဉ်၊ ပြီးတော့ ဧကရာဇ်က ပညာရှင်များကို ဘယ်လောက် လေးစားသလဲ ဆိုတာ ပြသလိုက်ခြင်းပင် ဖြစ်သည်။
စာပေပညာရှင် အမတ်များသည် ယဲ့ချန်းကော် ရှေ့တွင် မကြာခဏ ပြောဆိုကြလေသည်။
“မေအမတ်လို တပည့်မျိုး ရထားတာ အမတ်ချုပ်ယဲ့ အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကျွန်တော်မျိုးတို့ရော ဘယ်တော့မှ အမတ်ချုပ်ယဲ့လို ကံကောင်းပြီး ဒီလို တပည့်မျိုး ရပါ့မလဲ”
ယဲ့ချန်းကော်သည် ကြားရဖန်များသောအခါ မုတ်ဆိတ်မွှေးသပ်ပြီး ပြုံးလေသည်။ ထို့နောက် အေးဆေးစွာ ပြန်ပြောလေ့ရှိသည်။
151 05
“ဒီလို တပည့်မျိုးက ရှားပါးပါတယ်။ လောကကြီးမှာ ဒုတိယတစ်ယောက် ထပ်ရှိမှာ မဟုတ်ဘူး”
အမတ်များသည် ကြားရဖန်များသောအခါ ကွယ်ရာတွင် အတင်းပြောကြလေသည်။ အမတ်ချုပ်ယဲ့သည် နှိမ့်ချမှုဆိုတာ ဘာလဲ မသိဘူး ဟူ၍။
အခြားသူကို မကြည့်နှင့်၊ အမတ်ချုပ်ယဲ့၏ တပည့်ရင်း လင်စစ်ရှီဆိုလျှင် အသက် (၃၀) မပြည့်မီ စစ်ဘက်ရေးရာအမတ် ဖြစ်နေပြီ။ နိုင်ငံတော်စီမံခန့်ခွဲရေးရုံးခန်း ဝင်ထွက်နေပြီ။ သူသည်လည်း မညံ့ပေ။
ယခု လက်ဝဲ အမတ်ချုပ် နေရာ လစ်လပ်နေသည်ဖြစ်ရာ၊ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် လင်းအမတ်သည် အသက် (၄၀) မပြည့်မီ ရာထူးတက်လာဦးမည်။
လင်စစ်ရှီ တစ်ယောက်တည်းသာ ကိုယ့်ဒုက္ခ ကိုယ်သိလေသည်။
ဧကရာဇ်က အိမ်ပြန်ပြီး တံခါးပိတ်၊ အိမ်တွင်းရေး ရှင်းပြီးမှ ပြန်လာခဲ့ ဟု ပြောလိုက်ကတည်းက သူ လင်အိမ်တော်မှ လူသိရှင်ကြား ဆင်းလာခဲ့ရသည်။ ဒီတစ်သက် ကိုယ်လုပ်တော် မယူတော့ပါဘူး၊ ပဏာမဇနီးသည် တစ်ယောက်တည်းနှင့်သာ ပေါင်းသင်းပါ့မည်၊ သားသမီး မရလည်း နေပါစေတော့ ဟု ကတိပေးခဲ့ရလေသည်။
နောက်ပိုင်း ရာထူးပြန်ရခဲ့သည်။ စစ်ဘက်ရေးရာ အာဏာ ပြန်ရခဲ့သည်။ တိုင်းပြည်စီမံရေးရာ အဖွဲ့ဝင် ရာထူးလည်း ပြန်ရခဲ့သည်။
ထိုနောက်ပိုင်းတွင် သူသည် လစ်လပ်နေသော လက်ဝဲအမတ်ချုပ် နေရာကို မျှော်မှန်း လာလေသည်။
သို့သော် တစ်ညတွင် အရှေ့နန်းဆောင် အပြင်ဘက်၌ စောင့်ဆိုင်းနေစဉ် သစ်သားတံခါးကြားမှ ဧကရာဇ်နှင့် ဆရာကြီး စကားပြောနေသည်ကို ကြားလိုက်ရလေသည်။
ဧကရာဇ်သည် ဆရာကြီးကို ညစာ ကျွေးမွေးရင်း အရက်အနည်းငယ် သောက်ထားပုံရသည်။ ဆရာကြီးကို ခနဲ့တဲ့တဲ့ ပြောဆိုနေလေသည်။
“ခင်ဗျားရဲ့တပည့်ကြီး လင်စစ်ရှီကလေ... လူကတော့ တော်တော် ဉာဏ်ကောင်းပါတယ်။ ဒါပေမယ့် စိတ်ထား မဖြူစင်ဘူး။ တွက်ချက်လွန်းတယ်။ သူက လူတွေရှေ့မှာ အမတ်ချုပ်ယဲ့ကို အတုယူပြီး ဒီတစ်သက် ဇနီးမယား တစ်ယောက်တည်းနဲ့ပဲ ပေါင်းသင်းပါ့မယ်လို့ ပြောထားတယ် မဟုတ်လား”
“ကျန်း စောင့်ကြည့်နေမယ်”
“အမတ်ချုပ်ယဲ့က အသက် (၆၀) ကျော်မှ အမတ်ချုပ် ဖြစ်တာ။ တကယ်လို့ သူက အမတ်ချုပ်ယဲ့ အရွယ်ရောက်တဲ့အထိ သူပြောသလို ဇနီးမယား တစ်ယောက်တည်းနဲ့ပဲ ပေါင်းသင်းမယ် ဆိုရင် ကျန်း သူ့ကို ယုံပေးမယ်။ အမတ်ချုပ် ရာထူး ပေးမယ်”
***
နန်းတွင်းမှ မျက်စိရှင်သော အမတ်များသည် သတိထားမိလာကြလေသည်။ ယခင်က အိမ်ရှေ့စံ ရွေးရန်၊ ဧကရီ မြှောက်ရန် မကြာခဏ တိုက်တွန်းလေ့ရှိသော အမတ်ချုပ်ယဲ့သည် ဒီရက်ပိုင်း ဧကရာဇ်ကို မတိုက်တွန်းတော့ပေ။
ရံဖန်ရံခါ ဓလေ့ထုံးတမ်းဌာနကို မိဖုရားလောင်း ပုံတူများ ရွေးချယ်ခြင်းကို ကျော်လွှားပြီး မိဖုရားမြှောက်မည့် အခမ်းအနား အစီအစဉ်များကို အကျဉ်းချုံး ပြင်ဆင်ခိုင်းရုံသာ ရှိလေသည်။
အမတ်တချို့က ရိပ်မိပြီး မေးမြန်း ကြည့်ကြသည်။ အမတ်ချုပ်ယဲ့က ပါးပါးလေးသာ ပြန်ဖြေလေသည်။
“ဧကရာဇ် စိတ်ထဲမှာ ရွေးထားတဲ့သူ ရှိပါတယ်”
ထပ်မေးလျှင် အမတ်ချုပ်ယဲ့က မင်းသားကြီးဆီ လွှဲချလိုက်လေသည်။ “ဘယ်သူလဲ ဆိုတာ ပြောဖို့ မကောင်းပါဘူး။ ဒါပေမယ့် မင်းသားကြီး ကိုယ်တိုင် တွေ့ဖူးတယ်။ ကိုယ်တိုင် သဘောတူထားတယ်”
မင်းသားကြီးသည် နေ့တိုင်း ညီလာခံ မတက်ပေ။ တစ်ခါတလေ ညီလာခံ တက်၍ အမတ်များ ဝိုင်းမေးကြလျှင် သူသည် အမတ်ချုပ်ယဲ့လို သည်းခံတတ်သူ မဟုတ်ဘဲတန်းပြီး ပြန်အော်လေတော့သည်။ “မိဖုရားလောင်းကို ရွေးပြီးပြီ။ ငါကိုယ်တိုင် တွေ့ခဲ့တယ်။ ဧကရာဇ်က လူမသိစေချင်လို့ မကြေညာတာ၊ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ မင်းတို့ သိချင်ရင် ဧကရာဇ်ကို ကိုယ်တိုင် သွားမေးကြပါလား”
အမတ်များ မျက်နှာပျက်ကုန်ကြလေသည်။
အမတ်ချုပ်ယဲ့နှင့် မင်းသားကြီး အဆင့်အတန်းနှင့် ဆိုလျှင် သူတို့ကို ပေါင်းပြီး လိမ်မည် မဟုတ်ပေ။ မိဖုရားလောင်း ရွေးပြီးသည်မှာ သေချာသည်။
မင်းသားကြီး ကိုယ်တိုင် ပါဝင်ပတ်သက်နေသည် ဆိုသောကြောင့် တိတ်တဆိတ် စေ့စပ်ကြောင်းလမ်းခြင်းများ၊ စာရင်းသွင်းခြင်းများ ပြီးလောက်ပြီ ဖြစ်သည်။
151 06
ဧကရာဇ်က လူမသိစေချင်လို့ နေမည်။
တိတ်တိတ်ဆိတ်ဆိတ် မိဖုရားမြှောက်သည် ဆိုသည်မှာ ဤမင်းဆက်တွင် တစ်ခါမှ မကြားဖူးသော ကိစ္စဆန်းပင်။
*** *** ***
မြို့တော်မှ အမတ်များ တီးတိုး ပြောဆိုနေကြချိန်တွင် မေဝမ့်ရှူးသည် အရှေ့မြို့တော်၌ အေးအေးဆေးဆေး နေထိုင်နေလေသည်။
အရှေ့မြို့တော်သည် ရာသီဥတု ကောင်းမွန်သည်။ မိုးများပြီး လေတိုက် နည်းသည်။ မြို့တော်ထက် သစ်ပင်ပန်းမန်များ ပိုမိုစိမ်းလန်းသည်။ အနားယူရန် အကောင်းဆုံး နေရာပင် ဖြစ်သည်။
အရှေ့မြို့တော်တွင် အိမ်ရပြီးကတည်းက မေဝမ့်ရှူးသည် မြို့တော်ပြင်ပ ခြံဝင်းနှင့် အရှေ့မြို့တော်ကို ကူးချည်သန်းချည် နေထိုင်လေသည်။ တောင်များ ရေများ ကြည့်ရှုပြီး အနားယူလိုက်ရာ လူမှာ ကြည်လင်ဝင်းပလာလေသည်။
နန်းတွင်း၌ အလုပ်မရှုပ်သည့် အချိန်ဆိုလျှင် သူမ၏ အရှေ့မြို့တော် အိမ်သို့ မြို့တော်မှ စာတစ်စောင် ရောက်ရှိလာလေ့ ရှိသည်။
စာသည် နာမည် မပါရှိပေ။
စာရွက်ထောင့်တွင် မယ်ဇလီပန်းပုံလေး ဆွဲထားသည်။ အပေါ်တွင် လမင်းပုံလေး တစ်ပုံ ဆွဲထားသည်။
လမင်းပုံသည် အမြဲတမ်း လပြည့်ဝန်း မဟုတ်ပေ။ တစ်ခါတလေ လခြမ်းကွေးလေး၊ ကြည့်လိုက်သည်နှင့် လဆန်း (၁) ရက် (၂) ရက်မှန်း သိသာသည်။ တစ်ခါတလေကျတော့ တစ်ဝက်ပဲ့နေသော လပုံ၊ လဆန်း (၅) ရက်လား (၈) ရက်လား ခွဲခြားရန် ခက်ခဲလေသည်။
လမင်းပုံ အောက်တွင် စိတ်ပါလျှင် ပါသလို စာကြောင်းလေးများ ရေးသား ထားတတ်လေသည်။
တစ်ခါတလေကျတော့... လမင်းကြီးကို မော့ကြည့်ပေမယ့် လူကို မတွေ့ရဘူး။ လွမ်းလွန်းလို့ ရူးတော့မယ်။ မင်းကော ငါ့ကို လွမ်းရဲ့လား။ ဆိုပြီး ကလူမြူဆွယ်ဟန် ရေးထားတတ်သည်။
တစ်ခါတလေကျတော့... ကျစ်ချန်နန်းဆောင် အပြင်ဘက်မှာ စံပယ်ပန်းတွေ ပွင့်နေပြီ။ အခန်းထဲထိ မွှေးနေတယ်… ဆိုပြီး ရိုးရိုးလေး ရေးတတ်သည်။
တစ်ခါတလေကျတော့ အလုပ်တွေ ရှုပ်လွန်းလို့ ဒေါသထွက်နေသော လက်ရေးဖြင့်... လောကကြီးမှာ ယုတ္တိမရှိတဲ့ ကိစ္စတွေက နှစ်တိုင်း ရှိတယ်၊ လတိုင်း ရှိတယ်၊ နေ့တိုင်း ရှိတယ်။ ရယ်ရခက် ငိုရခက်ပါပဲ။ ကိုယ့်ဘာသာ ညည်းတာပါ၊ ရွှယ်ချင့် ဂရုမစိုက်ပါနဲ့။ ဆိုပြီး ရေးသားထားတတ်လေသည်။
ယနေ့မနက် နာမည်မပါသော စာတစ်စောင် ရောက်ရှိလာလေသည်။
အပေါ်တွင် လခြမ်းကွေးလေး တစ်ခု ဆွဲထားသည်။ မျဉ်းကြောင်း သေးသေးလေးဖြင့် ဆွဲထားခြင်းဖြစ်ပြီး၊ မနေ့ညက လဆန်း (၁) ရက် လမင်းပုံပင် ဖြစ်သည်။
မေဝမ့်ရှူး ပြုံးလိုက်ပြီး စာကို လမင်းပုံပါသော စာပုံထဲ ထည့်လိုက်လေသည်။
နေ့လယ်ကျတော့ ဒုတိယစာတစ်စောင် ထပ်မံရောက်ရှိလာသည်။ အပေါ်က လခြမ်းကွေးမှာ နည်းနည်း ပိုတုတ်လေသည်။
မေဝမ့်ရှူး အရှေ့မြို့တော် ရောက်ကတည်းက တစ်ရက်တည်း စာနှစ်စောင် ရဖူးသည်မှာ ဒါ ပထမဆုံးပင်။ လမင်းပုံကို သေချာ ကြည့်လိုက်လေသည်။ ရင်ထဲတွင် တစ်ခုခုကို သတိထားမိလိုက်၏။
မနက်က ရသော စာကို ပြန်ထုတ်ပြီး တိုက်ကြည့်လိုက်လေသည်။ ရက်စွဲနှင့် လပုံကို ယှဉ်ကြည့်လိုက်သောအခါ ရယ်ချင်သွားလေသည်။
“ဒါ လမ်းမှာ လာရင်း ရေးထားတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က ညဘက် ထွက်လာတယ်။ အဲဒီညက လပုံကို ဆွဲပြီး မြို့တော်ကနေ ပို့လိုက်တာ။ ဒုတိယစာက မနေ့ညက လမ်းတစ်ဝက်မှာ ဆွဲတာ။ ပို့တဲ့အချိန်က တစ်ဝက် သက်သာသွားတော့ ဒီနေ့နေ့လယ် ရောက်လာတာပေါ့”
သဘောပေါက် သွားတော့ အိမ်တံခါးဖွင့်၊ ခြံဝင်းသန့်ရှင်းရေး လုပ်ပြီး ဧည့်သည်တော်ကို စောင့်ဆိုင်း နေလိုက်လေသည်။
လော့ရှင်းယွမ်သည် ထိုနေ့ညနေစောင်းတွင် ဖုန်မှုန့်များ ပေကျံလျက် ရောက်ရှိလာလေသည်။
လွန်ခဲ့သော နှစ်ရက်က ညဘက် မြို့တော်မှ ထွက်လာခြင်း ဖြစ်သည်။ လမ်းတွင် အနားမယူဘဲ မောင်းနှင်လာသဖြင့် (၂) ရက်ခရီးကို နေ့ဝက်ခန့် စောရောက်လာခြင်း ဖြစ်သည်။
တံခါးစေ့ထားသော အိမ်မကြီးထဲ ဝင်လိုက်သောအခါ မေဝမ့်ရှူးသည် ကောင်းကင်ပြာရောင် ဝတ်ရုံကြီး ခြုံလျက် မေပယ်ပင်နီကြီးအောက်တွင် စာထိုင်ရေးနေသည်ကို တွေ့လိုက်ရ၏။
151 07
လော့ရှင်းယွမ် အစပိုင်းတွင် မရိပ်မိပေ။ အနားရောက်မှ သတိထားမိသည်မှာ... သူမ ပုံမှန် ခြုံထားသော ဝတ်ရုံအောက်တွင် ဝတ်ဆင်ထားသည်မှာ ယောကျ်ားဝတ် အင်္ကျီမဟုတ်ဘဲ အနံ့မွှေးသော သစ်ခေါက်ရောင် ရင်ဖုံးအင်္ကျီပါးလေးနှင့် ပြာလွင်လွင်ရောင် စကတ်ရှည် ဖြစ်နေလေသည်။
သေချာ ကြည့်လိုက်သောအခါ ဆံပင်ပုံစံမှာလည်း ယောကျ်ားလေး ဆံထုံး မဟုတ်ပေ။ ဆံနွယ်နက်များကို စုစည်းပြီး မယ်ဇလီပန်းပုံ ကျောက်စိမ်းဆံထိုးလေးဖြင့် ဖွဖွလေး ထိုးထားခြင်း ဖြစ်သည်။
လော့ရှင်းယွမ် မျက်လုံးများ တောက်ပလာလေသည်။ ရင်များ တဒိန်းဒိန်း ခုန်လာ၏။
ခြေလှမ်းများ အလိုလို ရပ်တန့်သွားလေသည်။
သူ့စိတ်ထဲတွင်... အနားတိုးသွားလျှင် သူမ စာရေးနေသည်ကို နှောင့်ယှက်မိမည် စိုး၍လား...
ဒါမှမဟုတ် အနားတိုးသွားလျှင်... ဤမျှ လှပသော မြင်ကွင်းထဲ၌ စိတ်မထိန်းနိုင်ဘဲ သူမကို ဆွဲလဲမိမည် စိုး၍လား မသိပေ။
နောက်ဆုံးတွင် မေဝမ့်ရှူးက သူရောက်နေသည်ကို သိရှိသွားပြီး စုတ်တံကို ချလိုက်လေသည်။
“မင်း ရောက်လာပြီပဲ၊ ရှင်းယွမ်”
သူမသည် လော့ရှင်းယွမ်၏ စိတ်လှုပ်ရှားနေသည်ကို သတိမထားမိဘဲ အနားခေါ်လိုက်လေသည်။ စက္ကူပေါ်တွင် မင်မခြောက်သေးသော လက်ရေးလှလှလေးကို ပြသလိုက်၏။
“ငါ့နာမည်ရင်းကို ဇာတာထဲမှာ ရေးထားတော့ မင်း သိပြီးလောက်ပြီ”
“ဒါပေမယ့် ငါ စဉ်းစားကြည့်တော့ ကိုယ်တိုင် မပြောပြရသေးတာ မကောင်းဘူးလို့ ထင်လို့”
“အခု သတိရတုန်း မင်းလည်း ရောက်လာတုန်း ဆိုတော့ ရှေ့မှာတင် ရေးပြလိုက်တာ”
လော့ရှင်းယွမ် တကယ်တော့ သိပြီးသား ဖြစ်သည်။
“မေရှူး” သူ ခေါင်းငုံ့ပြီး ဖတ်လိုက်လေသည်။ ရိုးရှင်းသော စာလုံးနှစ်လုံးသည် နှုတ်ခမ်းဖျားတွင် စွဲကပ်နေ၏။
“မိန်းကလေး နာမည်လေးပဲ။ မင်းအဖေက မင်းကို အားရှူးလို့ ခေါ်တာ ကြိုက်တယ်။ အစတုန်းက ငါ ထင်တာက ဝမ့်ရှူးထဲက ရှူးလို့ ထင်နေတာ။ နောက်မှ စဉ်းစားမိတယ်... အိမ်မှာ နာမည်ရင်း ခေါ်မှာပဲလို့” (ဝမ့်ရှူးက ရှူးနဲ့ မေရှူးက ရှူးက မတူပါဘူးနော်)
မေဝမ့်ရှူးက မငြင်းပေ။
“ငါ တစ်ချိန်တုန်းက ဒီနာမည်ရင်းကို အရမ်း မုန်းခဲ့တယ်။ ငယ်ငယ်တုန်းက ဝမ့်ရှူး ဆိုတဲ့ နာမည်ပြောင်းလိုက်တုန်းက... ငါ့မှာ ရှူးဆိုတဲ့ နာမည်ရင်း မရှိခဲ့ရင် ကောင်းမှာပဲလို့ တကယ် ဆုတောင်းခဲ့ဖူးတယ်။ တခြားလူတစ်ယောက် ဖြစ်သွားရင် ကောင်းမှာပဲလို့ မျှော်လင့်ခဲ့ဖူးတယ်”
လော့ရှင်းယွမ်က သူမဘေးတွင် ရပ်ပြီး တိတ်ဆိတ်စွာ နားထောင်နေလေသည်။ ဝင်မပြောပေ။
နောက်ဆုံးမှ မေးမြန်းလိုက်လေသည်။ “နောက်တော့ရော…”
“နောက်တော့...” သူမ ပြုံးလိုက်လေသည်။ “ဝမ့်ရှူး ဆိုတဲ့ နာမည်နဲ့ မြို့တော်ကို ရောက်လာတယ်။ ဆရာနဲ့ တွေ့တယ်။ ဆရာ့ ထောက်ခံချက်နဲ့ နန်းတော်ထဲ ရောက်တယ်။ ရှင်းယွမ်နဲ့ တွေ့တယ်”
“အရာအားလုံး ပြောင်းလဲသွားတယ်”
“အရာအားလုံး တကယ် ပြောင်းလဲသွားပြီးတဲ့နောက် ငါ ခံစားမိတာက... ဘဝအခြေအနေတွေ ကွာခြားသွားပေမယ့် ငါက ငါပါပဲ။ ဝမ့်ရှူး ဆိုတဲ့ နာမည်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ နာမည်ရင်းကို ပြန်သုံးလို့ ရပြီလို့ ထင်တယ်”
သူမ ဆောင်းဦးပေါက် ညနေခင်း နေရောင်အောက်တွင် ထရပ်လိုက်လေသည်။ နီရဲနေသော မေပယ်ရွက်များအောက်တွင် ပြုံးပြီး လော့ရှင်းယွမ်ကို ကြည့်လိုက်လေသည်။
“ငါ့နာမည်က ရှူးပါ။ ရှင်းယွမ်... မင်း ငါ့ကို လူလွတ်ချိန်မှာ အားရှူးလို့ ခေါ်လို့ ရပြီ”
လော့ရှင်းယွမ် အသက်ရှူ ရပ်တန့်သွားလေသည်။
ရင်ထဲတွင် ဝမ်းသာမှုများ လှိုင်တက်လာလေသည်။ သူ ဘာမှမပြောဘဲ ရှေ့တိုးသွားပြီး သူမကို ပွေ့ချီလိုက်လေသည်။
နွေးထွေးမွှေးကြိုင်သော ကိုယ်လုံးလေးသည် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်နေလေသည်။ မျက်တောင်ရှည်ကြီးများ အောက်က မျက်ဝန်းလေးများတွင် အပြုံးများ ပြည့်နှက်နေ၏။
151 08
လော့ရှင်းယွမ် စဉ်းစားပြီး လက်တစ်ဖက်တည်းဖြင့် ပွေ့ထားလိုက်လေသည်။ ဘယ်ဘက် လက်ကောက်ဝတ်ကို သူမ နှုတ်ခမ်းနား တိုးပေးလိုက်လေသည်။
မေဝမ့်ရှူး ခေါင်းလွှဲပြီး ရှောင်လိုက်ပြီး ရယ်သံပါပါ ပြောလိုက်၏။ “တကယ်ပါ။ မင်း အိပ်မက် မက်နေတာ မဟုတ်ပါဘူး။ ဒီနေ့ ငါ့ကို ကိုက်ခိုင်းမနေနဲ့။ ငါ မင်းကို နောက်ထပ် လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်”
လော့ရှင်းယွမ် အသက်ပြင်းပြင်း ရှူပြီး စိတ်ငြိမ်အောင် လုပ်လိုက်လေသည်။ သူမကို သေချာ ပွေ့ထားပြီး အဝတ်အစားကို သပ်ရပ်အောင် လုပ်ကာ ထိုင်ချလိုက်လေသည်။
“ပြောလေ။ ငါ နားထောင်နေတယ်”
မေဝမ့်ရှူးက သူ့ရင်ခွင်ထဲတွင် မှီလျက် မျက်လွှာချကာ ဖြည်းညှင်းစွာ ပြောကြားလေသည်။
“မင်း အနောက်ဆောင်မှာတုန်းက မေးဖူးတယ်နော်။ မြို့တော်မှာ (၁၀) နှစ် နေခဲ့တာ ဘာအတွက်လဲလို့”
“အဲဒီတုန်းက မင်းမေးတာက... တိုင်းပြည်အတွက်လား၊ မင်းဆက်ကို ထိန်းသိမ်းဖို့လား၊ မေမိသားစု အတွက်လား တဲ့”
“အဲဒီတုန်းက မင်းက ဧကရာဇ် အရှိန်အဝါ အပြည့်နဲ့ ငါ့ကို အကြပ်ရိုက်အောင် မေးခဲ့တာ” သူမ တိုးတိုးလေး ပြောလေသည်။ “မင်း အဲဒီတုန်းက ဘာလို့ နောက်ထပ် မေးခွန်းတစ်ခု ထပ်မမေးခဲ့တာလဲ... မြို့တော်မှာ (၁၀) နှစ် နေခဲ့တာ တခြားအကြောင်းရင်း ရှိသေးလား လို့”
လော့ရှင်းယွမ် သူမ ဘာပြောတော့မည် ဆိုတာ ရိပ်မိနေလေသည်။ ပုံမှန် အသက်ရှူသံများ မြန်လာ၏။ မေဝမ့်ရှူးက သူ့မျက်နှာကို မော့ကြည့်ရန် ပြင်လိုက်သောအခါ သူက လက်ဖဝါးဖြင့် ဖိပြီး ရင်ခွင်ထဲ ပြန်ထည့်ထားလိုက်လေသည်။
သူမ သူ့ရင်ခွင်ထဲမှနေ၍ သူ့၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားနေရလေသည်။
“မပြောနဲ့တော့” လော့ရှင်းယွမ် တောင်းပန်လေသည်။
“မင်း ပြောလေ ငါ အိပ်မက်မက်နေသလို ခံစားရလေပဲ။ ငါ လော့ရှင်းယွမ်က ဘာကုသိုလ်တွေ လုပ်ခဲ့လို့ ကံကောင်းရတာလဲ။ ဒါတွေက ယုတ္တိမရှိတဲ့ အိပ်မက်လှလှလေး တစ်ခုလိုပဲ။ မျက်လုံး ဖွင့်လိုက်တာနဲ့ ပျောက်သွားမှာ စိုးတယ်”
မေဝမ့်ရှူး သူ့၏ မယုံကြည်နိုင်မှုကို နားလည်လေသည်။
သို့သော် သူမ တစ်လုံးချင်း ဆက်လက်ပြောဆိုလိုက်လေသည်။
“လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းက မိန်းကလေးဘဝကို စွန့်ပြီး မြို့တော်ကို ရောက်လာခဲ့တယ်။ မေရှူးရဲ့ စိတ်ထဲမှာ မေမိသားစု အတွက်၊ တိုင်းပြည်အတွက် ရည်ရွယ်ခဲ့သလို... ရှင်းယွမ် အတွက်လည်း ရည်ရွယ်ပြီး ရောက်လာခဲ့တာပါ”
******
Main Story ပြီးပါပြီရှင့်။