အခန်း (၁၅၂)
Vol. 16 Ch. 152
152 01
အခန်း 152 အပိုင်းပို (၁)
လောကကြီးသည် မကောင်းဆိုးဝါးများ ကျက်စားရာ နယ်မြေတစ်ခုသဖွယ် ဖြစ်ပြီး၊ လူတို့၏ စိတ်နှလုံးသည် တောခွေးများ၊ ဝံပုလွေများကဲ့သို့ ရက်စက်ကြမ်းကြုတ်တတ်ကြလေသည်။
လူတို့တွင် မျက်နှာဖုံး နှစ်ခုစီ ရှိကြပေသည်။ အထက်လူကြီးများနှင့် ရင်ဆိုင်ရသောအခါ ခါးကိုင်းညွှတ်တွားပြီး ကြောက်ရွံ့ရိုသေဟန် ဆောင်ကြသော်လည်း၊ မိမိထက် အားနည်းသူများနှင့် ရင်ဆိုင်ရသောအခါ မောက်မာဝင့်ကြွားစွာဖြင့် အရိုးပါမကျန် ဝါးမြိုမတတ် ရက်စက်တတ်ကြလေသည်။
လော့ထျန်သည်လည်း ငယ်စဉ်က သူ့ကို ရတနာလေးတစ်ပါးသဖွယ် ပေါင်ပေါ်တင်ပြီး နာမည်ပြောင်လေး ခေါ်ကာ ချစ်ခင်ယုယခဲ့ဖူးသူ ရှိခဲ့ဖူးသည်။ ကျန်းရဲ့ သားထွေးလေး ဟု ချစ်စနိုး ခေါ်ခဲ့ဖူးပေသည်။
သို့သော် သူ (၄) နှစ်သား အရွယ် ရောက်သောအခါ နန်းတွင်းတွင် အသစ်ရောက်လာပြီး မျက်နှာပွင့်နေသော ကိုယ်လုပ်တော်လဲ့သည် သားယောကျ်ားလေး တစ်ယောက် မွေးဖွားခဲ့လေသည်။ ထို့ကြောင့် သူ့တွင် ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသော ညီတော် တစ်ယောက် တိုးလာခဲ့၏။
နန်းတော်၏ အရှင်သခင်ဖြစ်သော သူ၏ ခမည်းတော်သည် ထိုအချိန်မှစ၍ သူ့ကို သားထွေးလေးအစား ဆဋ္ဌမမြောက်သားတော်ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်လေသည်။
သူ၏ မယ်တော်သည် သူ့ကို အတင်းအကျပ် ဖိအားပေးကာ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် မှာကြားလေသည်။
သားက ငယ်သေးတယ်၊ ခမည်းတော်ဆီ သွားပြီး ချွဲနွဲ့၊ အရင်က ရခဲ့တဲ့ မေတ္တာတွေ ပြန်ရအောင် ယူခဲ့ ဟု တိုက်တွန်းလေသည်။
သူသည် လူချစ်လူခင် အများဆုံး ဖြစ်စေမည့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ပြီး၊ ချစ်စရာအကောင်းဆုံး ဆံထုံးလေး ထုံးထားလေသည်။ လည်ပင်းတွင် တစ်လပြည့်တုန်းက ခမည်းတော် ပေးသနားထားသော ရွှေဆွဲကြိုးကို ဆွဲထားသည်။ မယ်တော်၏ မျှော်လင့်ချက်များကို ပခုံးထမ်းတင်လျက် ကျစ်ချန်နန်းဆောင် ဆီသို့ အပြေးကလေး သွားခဲ့လေသည်။
ပန်းပုထွင်းထားသော တံခါးကြားမှတဆင့် ရယ်မောသံများကို သူ ကြားလိုက်ရ၏။
သူ့ခမည်းတော်သည် လက်တစ်ဖက်ဖြင့် ကိုယ်လုပ်တော်လဲ့၏ ခါးကို ဖက်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ညီတော်၏ ဖြူဖွေးနူးညံ့သော ခြေဖဝါးလေးကို ကိုင်ကာ မုတ်ဆိတ်မွှေးဖြင့် ထိုးဆွ ကလိထိုးပေးနေလေသည်။ ကလေးငယ်၏ တခစ်ခစ် ရယ်မောသံများကြားတွင် ခမည်းတော်က ညီတော်ကို ချစ်စနိုးဖြင့် သားထွေးလေးဟု ခေါ်ဝေါ်နေသည်ကို ကြားလိုက်ရလေသည်။
လော့ထျန်၏ ခြေလှမ်းများ ကျစ်ချန်နန်းဆောင် အပြင်ဘက်တွင် ရပ်တန့်သွားလေသည်။
နက်မှောင်သော မျက်လုံးများသည် တံခါးကြားမှတဆင့် နန်းဆောင်အတွင်းရှိ ပျော်ရွှင်နေသော မိသားစုသုံးယောက်ကို ငေးကြည့်နေမိ၏။ အထဲမှ ခမည်းတော် လှမ်းခေါ်သံကို လျစ်လျူရှုပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားလေသည်။ ထို့နောက် ပြန်လှည့်ပြီး ပြတ်ပြတ်သားသား ထွက်ပြေးသွားလေတော့သည်။
မယ်တော်က မည်သို့ပင် ချော့မော့စေကာမူ၊ မည်သို့ပင် ဆဲဆိုကြိမ်းမောင်းစေကာမူ၊ ထိုအချိန်မှစ၍ သူသည် ခမည်းတော်အပေါ် အေးစက်သွားပြီး အနားအကပ်မခံတော့ပေ။
ခမည်းတော်သည် အေးဆေးတည်ငြိမ်သော ဧကရာဇ်တစ်ပါး ဖြစ်သည့် အားလျော်စွာ (၂) (၃) ကြိမ်ခန့် ချော့မော့ကြည့်သည်။ (၂) (၃) ကြိမ်ခန့် ဆူပူကြည့်သည်။ နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး သက်ပြင်းချကာ ပြောလေသည်။
“ကျန်းရဲ့ ရှောင်လျို့လေးက ခေါင်းမာလိုက်တာ။ ကျန်းနဲ့ မတူဘဲ ကွယ်လွန်သွားတဲ့ သူ့အဘွားနဲ့ တူနေတာပဲ”
ထိုအချိန်မှစ၍ သားအဖနှစ်ယောက်သည် ဧည့်သည်များသဖွယ် တစ်ယောက်နှင့်တစ်ယောက် လေးစားသမှုဖြင့် ခပ်ကင်းကင်း နေခဲ့ကြသည်။ ထိုသို့နေခြင်းဖြင့် တစ်ယောက်ကို တစ်ယောက် ပို၍အလေးထား လာကြလေသည်။
ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသော ညီတော်သည် အသက် (၂) နှစ် မပြည့်ခင်မှာပင် ရောဂါရပြီး ဆုံးပါးသွားလေသည်။
ယခင်က မွေးဖွားခဲ့သော အစ်ကိုတော် (၂) (၃) ယောက်ကဲ့သို့ပင် ဖြစ်သည်။
ကလေးငယ်များ အသက်ရှင်ကြီးပြင်းရန် ခက်ခဲလှသည်။ ရွှေရောင်လွှမ်းသော မင်းသားလေး ဖြစ်လင့်ကစား ငယ်ရွယ်စဉ် သေဆုံးခြင်းသည် နန်းတွင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စဖြစ်၍ အထူးအဆန်း မဟုတ်တော့ပေ။
သို့သော် သူ အသက် (၁၀) နှစ် အရွယ်တွင် ခမည်းတော် ရုတ်တရက် နတ်ရွာစံသွားခြင်းသည် လူတိုင်းအတွက် မျှော်လင့်မထားသော ကိစ္စ ဖြစ်ခဲ့လေသည်။ ခမည်းတော် ကိုယ်တိုင်ပင် မျှော်လင့်ထားပုံ မရပေ။
152 02
မထင်မှတ်ဘဲ ကြီးမားသော တိုင်းပြည်ကြီးကို (၁၀) နှစ်အရွယ် လော့ထျန် လက်ထဲသို့ ထည့်ပေးခဲ့ရသည်။ ဧကရာဇ်ငယ်လေး နန်းတက်လာပြီး ယွမ်ဟော်ဟူသော ဘွဲ့အမည်ကို ခံယူလေသည်။
အရှင်သခင်က ငယ်ရွယ်သဖြင့် တိုင်းပြည် မငြိမ်မသက် ဖြစ်ကာ အာဏာရှိသော အမတ်ကြီးများက နန်းတွင်းနှင့် အစိုးရယန္တရားကို ထိန်းချုပ်ထားကြလေသည်။
အပြင်ပန်းတွင် အေးချမ်းသာယာ နေသော်လည်း အတွင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာနေ၏။
သူ အသက် (၁၃) နှစ် အရွယ်တွင် ဆူးဟွေ့ကျုံးသည် သူ့ကို ကာကွယ်ပေးရင်း ချီယို့သောင်း၏ အမိန့်ဖြင့် သူ့မျက်စိရှေ့မှောက်တွင်ပင် နန်းဆောင်အပြင်သို့ ဆွဲထုတ်ခံလိုက်ရလေသည်။ မိန်းမစိုးက တိုင်းပြည်ရေး ဝင်ရှုပ်သည် ဟူသော စွပ်စွဲချက်ဖြင့် ရိုက်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
သေဆုံးသွားချိန်တွင် မျက်လုံးများ မမှိတ်နိုင်ဘဲ သွေးမျက်ရည်များ ကျဆင်းနေသည်။ နန်းဆောင်အတွင်းရှိ သူ့ကို စိုက်ကြည့်ရင်း သေဆုံးသွားခဲ့ရရှာသည်။
မျက်လုံးမမှိတ်နိုင်ပါဘဲ သေဆုံးသွားခဲ့ရ၏။
ထိုညတွင် ယွမ်ဟော်ဧကရာဇ်၏ ကြောက်လန့်ပြီး သောင်းကျန်းတဲ့ ရောဂါ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားခဲ့လေသည်။
(၁၃) နှစ်အရွယ် လူမမယ် ကောင်လေးသည် အလွန်တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ တစ်ဦးတည်းသော ယုံကြည်ရသူ လန်ရှန်ချန်းကို စေခိုင်းလိုက်လေသည်။ မယ်တော်ကြီးဘေးတွင် မျက်နှာလိုမျက်နှာဖုံး လုပ်တတ်သော အထိန်းတော်ကြီးရူကို ညသန်းခေါင်တွင် ကျစ်ချန်နန်းဆောင် ဘေးခန်းမသို့ လှည့်စား ခေါ်ယူခိုင်းလိုက်လေသည်။
ဆူးဟွေ့ကျုံး ရိုက်သတ်ခံရစဉ်က အထိန်းတော်ကြီးရူသည် သွေးသံရဲရဲ အလောင်းဘေးတွင် ရပ်လျက် မယ်တော်ကြီး၏အမိန့်ကို ဆင့်ဆိုခဲ့သည်။ ရာဇပလ္လင်ပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေသော ဧကရာဇ်ငယ်လေးကို လှောင်ပြောင်သရော်ခဲ့သည်။ “ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်နဲ့၊ မွေးစားအဖေ ချီယို့သောင်း စကားကို နားထောင်” ဟု ဆူပူကြိမ်းမောင်းခဲ့သည်။
ယွမ်ဟော်ဧကရာဇ်သည် ထိုည ဘေးခန်းမဆောင်ထဲတွင် အထိန်းတော်ကြီးရူ၏ လျှာကို ဖြတ်ပစ်လိုက်သည်။ သွားများကို တစ်ချောင်းချင်း နှုတ်ပစ်လိုက်သည်။
နောက်ဆုံးမှ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်လေသည်။
အသက်ရှိနေသေးသူ၏ လည်ပင်းမှ ပန်းထွက်လာသော သွေးညှီနံ့များသည် ခမ်းနားထည်ဝါသော ဧကရာဇ်ဝတ်စုံပေါ်သို့ စင်ထွက်ကုန်၏။
အထိန်းတော်ကြီးရူသည် မှောင်မည်းသော ညတွင် ရွှေရောင်ကြမ်းပြင်ပေါ်၌ လဲကျသွားပြီး တုန်တက်ကာ ငြိမ်သက်သွားလေသည်။
လန်ရှန်ချန်းနှင့် အဖြစ်အပျက်ကို သိမြင်နေသော အခြား မိန်းမစိုး (၂) ဦးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် တစ်ကိုယ်လုံး တုန်ယင်နေကြလေသည်။
“မင်းတို့ မယ်တော်ကြီးဆီ သွားတိုင်ရင် မယ်တော်ကြီးက ကျန်းကို အပြစ်ပေးလိမ့်မယ်”
ယွမ်ဟော်ဧကရာဇ်သည် ထက်ရှသော ဓားမြှောင်လေးကို ပစ်ချလိုက်ပြီး ရွှေဇလုံထဲတွင် လက်ဆေးလိုက်လေသည်။ ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေသော လန်ရှန်ချန်းတို့ သုံးဦးကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
“ဒါပေမယ့် ကျန်းက ဘာမှဖြစ်မှာ မဟုတ်ဘူး။ အပြစ်ပေးခံရပြီးတာနဲ့ ကျန်း ပြန်လာခဲ့မယ်။ မင်းတို့ကို တစ်စစီ မွှန်းပစ်မယ်”
ခေါင်းကွဲပြီး သွေးထွက်သည်အထိ ဦးခိုက်ကာ သစ္စာရှိကြောင်း တဖွဖွ ပြောဆိုနေကြသော သုံးဦးကို ကြည့်ပြီး ဧကရာဇ်ငယ်လေး ကျေနပ်သွားလေသည်။
ဒီလို ဖြစ်ရမှာပေါ့။
လူပါးဝချင်တဲ့ မောက်မာတဲ့ မျက်နှာဖုံးတွေကို ခွာချလိုက်စမ်း။ ငါ့ရှေ့မှာ အမြဲတမ်း ကြောက်ရွံ့ရိုသေပြီး ညွှတ်ကိုင်းနေတဲ့ မျက်နှာတွေပဲ ပြစမ်းပါ။
ငါ မင်းတို့ရဲ့ ကြောက်ရွံ့ပြီး မျက်နှာလိုမျက်နှာဖုံး လုပ်နေတဲ့ မျက်နှာတွေကိုပဲ မြင်ချင်တယ်။
အထိန်းတော်ကြီးရူသည် မဲမှောင်သော ညဉ့်နက်ထဲတွင် အစအနမကျန် ပျောက်ကွယ် သွားခဲ့လေသည်။
မယ်တော်ကြီးက လူလွှတ်ပြီး နေရာအနှံ့ ရှာဖွေခိုင်းသည်။ ကြီးကြီးကျယ်ကျယ် စစ်ဆေးခိုင်းသည်။ လဝက်ခန့် ကြာသော်လည်း မည်သည့်သဲလွန်စမှ မတွေ့ရသဖြင့် အမှုမှာ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
တကယ်တမ်း ပြောရလျှင် အထိန်းတော်ကြီးရူ ဆိုသည်မှာ မယ်တော်ကြီး ရှေ့တွင် မည်မျှပင် မျက်နှာရစေကာမူ၊ ဆံပင်ဖြီးတာ ကျွမ်းကျင်ပြီး အပြုအစု ကောင်းသော အထိန်းတော် တစ်ယောက်သာ ဖြစ်လေသည်။
မယ်တော်ကြီး သတိရလျှင် ရှာဖွေခိုင်းရုံမျှသာ ဖြစ်လေသည်။
152 03
လဝက်ခန့် ကြာ၍ လက်ရာပိုကောင်းသော အထိန်းတော် အသစ် ရရှိလာသောအခါ အထိန်းတော်ကြီးရူကို မေ့ပျောက် သွားကြလေသည်။ နန်းတော်ထဲတွင် လူတစ်ယောက် ပျောက်ဆုံးသွားခြင်းကို မည်သူက ဂရုစိုက်နေမည်နည်း။
*** *** ***
အာဏာရှင် အမတ်ကြီးများ ကြီးစိုးနေပြီး ချီအဖွဲ့ဝင်များ သောင်းကျန်းနေသော ကာလ...
မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် အရိပ်မည်းကြီးအောက်တွင် ဧကရာဇ်ငယ်လေးသည် အမှောင်ထဲ၌ မိမိ၏ အတောင်အလက်များကို တိတ်တဆိတ် ဖြန့်ကျက်နေခဲ့လေသည်။
ချီကျန့်ဟန်ကို စည်းရုံးခဲ့သည်။
ကျိုးရွှမ်ယွီကို လက်သပ်မွေးခဲ့သည်။
လူငယ်ပီပီ ပျော်ပါးလိုသည်၊ သိုင်းသင်ပြီး အမဲလိုက်လိုသည် ဟူသော အကြောင်းပြချက်ဖြင့် ဧကရာဇ်ပညာရပ်များကို လျစ်လျူရှုထားခဲ့သည်။ သို့သော် ကိုယ်ရံတော် တပ်ဖွဲ့ငယ်လေး တစ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တော်စွန်တွင် တရားဝင် လှည့်လည်သွားလာကာ အမဲလိုက်ခဲ့သည်။ ထိုသို့ သွားလာရင်း အောက်ခြေလူတန်းစားမှ လာသော၊ အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးမားသော၊ ကျားရဲ၊ တောခွေး၊ ဝံပုလွေကဲ့သို့သော လူငယ်များစွာကို စုဆောင်းခဲ့လေသည်။
အသက် (၁၈) နှစ်တွင် သေချာအကွက်ချ စီစဉ်ပြီး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲခဲ့လေသည်။
မြို့တော်စွန်တွင် ဧကရာဇ် နတ်ပူဇော်ပွဲ ကျင်းပခြင်းကို အခွင့်ကောင်းယူပြီး၊ သတိလွတ်နေသော သူများကို သူ မွေးမြူထားခဲ့သော ကျားရဲ၊ တောခွေး၊ ဝံပုလွေများဖြင့် လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်စေခဲ့သည်။ ချီယို့သောင်းကို ဝိုင်းဝန်း ခုတ်သတ် လိုက်ကြလေသည်။ သူ (၈) နှစ်လုံးလုံး မွေးစားအဖေဟု ခေါ်ခဲ့ရသူကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ချီယို့သောင်း၏ သွေးသံရဲရဲ ခေါင်းပြတ်ကို သစ်သားသေတ္တာ အနီလေးထဲ ထည့်၊ လှပစွာ ထုပ်ပိုးပြီး မယ်တော်ကြီး၏ နန်းဆောင် စစ်နင်းခန်းမသို့ လက်ဆောင်ပို့ပေးလိုက်လေသည်။
မယ်တော်ကြီး လန့်ဖျပ်ပြီး အကြီးအကျယ် နေမကောင်း ဖြစ်သွားသည်။ စစ်တပ်ဖြင့် မယ်တော်ကြီး နန်းဆောင်ကို ဝိုင်းရံပြီး ယာယီနန်းတော်သို့ ပြောင်းရွှေ့သွားရန် ဖိအားပေးလိုက်လေသည်။
ထိုအချိန်မှစ၍ ဧကရာဇ် ကိုယ်တိုင် တိုင်းပြည်အုပ်ချုပ်လေသည်။
ဒီလောကကြီးမှာ နေရာတိုင်း တောခွေးတွေ၊ ဝံပုလွေတွေ ရှိနေမှတော့... သူက ဘာလို့ သူတို့ရဲ့ ခေါင်းဆောင် မလုပ်ရမှာလဲ။
ဂုဏ်ရာထူးနဲ့ မြှူဆွယ်မယ်၊ စည်းစိမ်ဥစ္စာနဲ့ ဆွဲဆောင်မယ်။ အဲဒီ ကျားရဲ၊ တောခွေး၊ ဝံပုလွေတွေကို လက်အောက် သိမ်းသွင်းပြီး သူ့စိတ်တိုင်းကျ ခိုင်းစေမယ်။
တစ်ခါတလေ ခေါင်းမာသော စာပေပညာရှင် အမတ်တချို့က အသက်နှင့်ရင်းပြီး ကန့်ကွက်ပါမည်ဟု ပြောလာလျှင်၊ သူတို့ကို ကျစ်ချန်နန်းဆောင် ရှေ့ရှိ ကျောက်လှေကားထစ်ပေါ်တွင် ခေါင်းဆောင့်ပြီး သေခွင့် ပြုလိုက်လေသည်။
ကံကောင်း၍ မသေသောသူများကို ဝူဂိတ်တံခါး အပြင်ဘက် ဆွဲထုတ်ပြီး ရိုက်သတ်ခိုင်းလိုက်လေသည်။
သူတို့၏ အသက်ကို စတေးပြီး မင်းဆိုးမင်းညစ်၏ နာမည်ကို နင်းကာ ရာဇဝင်တွင်ချင်ကြသဖြင့် သူတို့ ဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။
တစ်ခါတလေ သတ္တိကောင်းသော မိန်းမစိုးတချို့က သူ့ကို လုပ်ကြံရန် ကြံစည်လျှင်၊ ဖမ်းဆီးပြီး လူအများရှေ့တွင် ခေါင်းဖြတ်ပြသည်၊ ခြေထောက်ဖြတ်ပြသည်၊ အရေခွံ ဆုတ်ပြလေသည်။
ထိုအချိန်မှစ၍ အရာအားလုံးသည် သူ့စိတ်တိုင်းကျ ဖြစ်လာခဲ့လေသည်။
လူတိုင်း သူ့ကို ရိုသေလေးစားလာကြသည်၊ ကြောက်ရွံ့လာကြသည်။ သူ့ရှေ့ရောက်လျှင် ခေါင်းငုံ့ပြီး မျက်လွှာချထားကြသည်။ ရိုရိုသေသေ နှုတ်ဆက်ကြသည်။ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ၊ မျက်နှာလိုမျက်နှာဖုံး အမူအရာများ ပေါ်နေကြလေသည်။
သူ ကျေနပ်သွားလေသည်။
သို့သော် ကြာလာသောအခါ... ပျင်းရိလာလေသည်။
နေ့တိုင်း နေ့တိုင်း... တစ်ပုံစံတည်း ဖြစ်နေသော၊ ရွံရှာစရာကောင်းသော မျက်နှာများကို ကြည့်နေရသည်မှာ မည်သို့သော ပျော်ရွှင်မှု ရှိတော့မည်နည်း။
သူ နေ့ရောညပါ အရက်စွဲလာလေသည်။
152 04
မူးလာလျှင် ဓားဆွဲပြီး လူသတ်လေသည်။
အနားကပ်လာသူ မှန်သမျှ သတ်ပစ်လေသည်။
လူသတ်လေလေ၊ ရှေ့မှ လူများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပိုများလာလေလေ... သူ ပို၍ ပျင်းရိလာလေလေ ဖြစ်နေ၏။
တစ်ခါတလေ အမူးပြေ၍ နိုးလာလျှင်... စိမ်းသက်နေသော နန်းဆောင်ထဲတွင် သွေးများ စွန်းနေသော ကိုယ့်ဓားကို ကိုင်ပြီး ထိုင်နေမိလေသည်။ ကြမ်းပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်။ မိန်းမစိုးများသည် ဒူးထောက်ပြီး ခေါင်းကွဲမတတ် ဦးခိုက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြလေသည်။
သူ တွေးမိလေသည်။
လူသတ်ရတာလည်း ပျော်စရာ မကောင်းတော့ပါလား။
အသက်ရှင်ရတာ တကယ်ကို ပျင်းစရာ ကောင်းလွန်းတယ်။
ပျင်းစရာကောင်းပြီး ထပ်တလဲလဲ ဖြစ်နေသော နေ့ရက်များတွင်... တစ်နေ့သောအခါ စိတ်ဝင်စားစရာ သတင်းတစ်ခု ကြားလိုက်ရလေသည်။
နန်းတွင်းရှိ အမတ်ပေါင်းများစွာထဲတွင် အသန့်ရှင်းဆုံး၊ အဂုဏ်အရှိဆုံးဟု ထင်ရသော ဘဏ္ဍာရေးအမတ်မေသည်... ရာထူးသက်တမ်းတိုတိုလေး အတွင်းတွင် ရွှေသုံးသိန်းခန့် အဂတိလိုက်စားထားသည် ဟူ၏။
တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလေစွ။
မေအိမ်တော်ကို စစ်တပ်ဖြင့် ဝိုင်းရံလိုက်စဉ်က သူ တမင်တကာ သတ်မိန့် မပေးဘဲ ဖမ်းမိန့် ပေးလိုက်လေသည်။
ဤမျှ စိတ်ဝင်စားစရာကောင်းသော ကိစ္စမျိုး ကြုံတောင့်ကြုံခဲ ရလာရာ၊ လူများကို အကုန် သတ်ပစ်လိုက်လျှင် ပျော်စရာ ကောင်းတော့မည် မဟုတ်ပေ။
မေမိသားစုကို လှောင်အိမ်ထဲ ထည့်ပြီး ကြောင်က ကြွက်ကို ကစားသကဲ့သို့ ကစားမည်။ တစ်ယောက်ချင်းစီကို လိုက်မေးမည်။ နိုင်ငံတော် ဘဏ္ဍာကို ခိုးယူသည့် ဤမျှ အရှက်မရှိသော ကိစ္စမျိုး လုပ်ထားပြီး၊ သူတို့၏ ဂုဏ်သတင်းကြီးလှသော မေ ဆိုသည့် မျိုးရိုးနှင့် တန်ပါသေးရဲ့လား ဟု မေးမည်။
ထိုအချိန်ရောက်လျှင် မေမိသားစုဝင်များ၏ မျက်နှာထားသည် အတော်ပင် ကြည့်ကောင်း ပေလိမ့်မည်။
ဖမ်းမိန့် ပေးပြီးနောက်... သူ မေမိသားစု အကြောင်း မေ့လျော့သွားလေသည်။
သူက အရက်စွဲနေသဖြင့် သူ့အတွက် အရက်ကောင်းများ ရှာပေးမည့်သူများ အများအပြား ရှိနေသည်။ ဒီရက်ပိုင်း ဘယ်က ရလာမှန်း မသိသော အရက်အသစ် တစ်မျိုး ဆက်သလာလေသည်။ နာမည်ပင် မမှတ်မိတော့ပေ။ အရသာ ရှိပြီး အရှိန်ပြင်းသည်ကိုသာ မှတ်မိသည်။
အရက်အိုး ဖက်ပြီး နန်းဆောင်ထဲတွင် မူးလိုက်ရူးလိုက် နေထိုင်ရင်း... နေ့မှန်းညမှန်း မသိတော့ပေ။ တိုင်းပြည်ရေးကိစ္စများလည်း ခေါင်းထဲ မရှိတော့ပေ။
တစ်နေ့သောအခါ အမူးပြေပြီး နိုးလာသည်။ မရင်းနှီးသော နန်းဆောင်တစ်ခု အပြင်ဘက် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုနန်းဆောင်သည် ဟောင်းနွမ်းနေပြီ ဖြစ်သည်။ တံခါးဘောင်များတွင် ဆေးများ ကွာကျနေသည်။ တံခါးလက်ကိုင်ကွင်းများမှာ အရောင်မှိန်နေသည်။ ဆိုင်းဘုတ်မှာ ဖုန်တက်နေလေသည်။
သစ်သားပြတင်းပေါက် တစ်ချပ်သည် နေရောင်အောက်တွင် တစ်ဝက် ပွင့်နေ၏။
ပန်းပုထွင်းထားသော ငှက်ပုံ၊ ပန်းပုံများသည် မိုးဒဏ်ကြောင့် ပျက်စီးပြီး ဝေဝါးနေပြီ ဖြစ်သည်။
သူသည် ကျယ်ဝန်းသော စကျင်ကျောက်ခင်း ခြံဝင်းထဲတွင် တစ်ယောက်တည်း ရပ်နေလေသည်။ (၃) လပိုင်း နွေဦးပေါက် ရာသီဖြစ်၍ ခေါင်းပေါ်မှ မက်မွန်ပွင့်များ ကြွေကျနေသည်။ လေတိုက်သဖြင့် ပွင့်ဖတ်တချို့သည် ပွင့်နေသော ပြတင်းပေါက်ထဲ လွင့်ဝင်သွားလေသည်။
နွေးထွေးသော နွေဦးနေရောင်အောက်တွင် နန်းဆောင်ထဲရှိ ဖျာပေါ်၌ ဒူးထောက် ထိုင်နေသော အမျိုးသမီးတစ်ဦးကို သူ လှမ်းမြင်လိုက်လေသည်။
အသက် (၂၀) ကျော်ခန့် ရှိမည့် အမျိုးသမီးလေး... ရိုးရှင်းသော ဆံထုံး ထုံးထားသည်။ သစ်ခေါက်ရောင် ရင်ဖုံးအင်္ကျီလေးနှင့် ပြာလွင်လွင် ရောင် စကတ်ရှည် ဝတ်ထားလေသည်။ ခေါင်းပေါ်တွင် ပုလဲဆံထိုး တစ်ချောင်း၊ နားတွင် ပုလဲနားကပ် တစ်ရံသာ ရှိသည်။ သူမ ရှေ့တွင် စစ်တုရင်ခုံ ချထားလေသည်။
သူ မြင်လိုက်သည့်အချိန်တွင် သူမသည် ကိုယ့်ဘာသာ စစ်တုရင် ကစားနေခြင်း ဖြစ်သည်။ အကွက်ရွှေ့ရန် စဉ်းစားနေဆဲ။ ဖြူဖွေးသော လက်ချောင်းလေးများဖြင့် အမည်းရောင် အကွက်ကို ကိုင်ထားလေသည်။
ပြတင်းပေါက်မှ ဝင်လာသော မက်မွန်ပွင့်ဖတ်များသည် စစ်တုရင်ခုံပေါ် ကျရောက်လာသည်။
152 05
အမျိုးသမီးလေးက ပြုံးလိုက်ပြီး လက်ဖြင့် ပွင့်ဖတ်များကို ဖယ်ရှားလိုက်လေသည်။
မှောင်မိုက်နေသော နန်းဆောင်ထဲတွင် အရာရာက အရောင်မှိန်နေသော်လည်း ပြတင်းပေါက်နားက ပြုံးနေသော သူမ တစ်ယောက်တည်း အရောင်တောက်နေလေသည်။
နေရောင်က သူမ ကိုယ်ပေါ်၊ မျက်နှာပေါ် ကျရောက်နေသဖြင့် လူမှာ လင်းလက်နေသကဲ့သို့ ရှိလေသည်။
ဂျွတ်... ခနဲ အသံ ကြားလိုက်ရလေသည်။ သူ မသိလိုက်ဘဲ နောက်ဆုတ် လိုက်မိသဖြင့် ကြမ်းပြင်ပေါ်မှ သစ်ကိုင်းခြောက်ကို နင်းမိသွားခြင်း ဖြစ်သည်။
အမျိုးသမီးလေးက မော့ကြည့်လာသည်။ တစ်ဝက်ပွင့်နေသော ပြတင်းပေါက်ဘက်ကို လှမ်းကြည့် လိုက်လေသည်။
ကြည်လင်အေးချမ်းသော မျက်ဝန်းအစုံထဲတွင် သူ့ပုံရိပ် ထင်ဟပ်သွားလေသည်။
အဝတ်အစား မသပ်ရပ်၊ အရက်နံ့ တထောင်းထောင်းနှင့်၊ ယိုင်နဲ့နဲ့ ဖြစ်နေသော သူ့ပုံစံပင် ဖြစ်သည်။
သူ့ရင်ထဲတွင် နောင်တရသည့် စိတ် ခပ်ရေးရေးလေး ဖြစ်ပေါ်လာလေသည်။
ဒါက သူ့အတွက် အလွန် စိမ်းသက်သော ခံစားချက်ပင်။ နောက်တစ်ခဏ၌ပင် ထိုခံစားချက်မှာ ပျောက်ကွယ်သွားလေသည်။
သူ ယိုင်နဲ့နဲ့ဖြင့် တံခါးပေါက် မည်သည့်နေရာတွင် ရှိသည်ကို လိုက်ရှာပြီး အထဲဝင်ရန် ပြင်လိုက်လေသည်။
စင်္ကြံလမ်းအောက်တွင် ပုန်းကြည့်နေသော မိန်းမစိုးကြီး တစ်ယောက်က အပြေးကလေး ထွက်လာလေသည်။ ဧကရာဇ်ငယ်လေး ဘေးနား ကပ်လိုက်ပြီး အထဲက အမျိုးသမီးအကြောင်း မျက်နှာလိုမျက်နှာဖုံး လျှောက်တင်လေသည်။
“ဧကရာဇ်ကို လျှောက်တင်ပါတယ်... ဘေးခန်းမဆောင်မှာ စစ်တုရင် ဆက်သနေတာ မေသခင်မလေးပါ။ အရင် ဘဏ္ဍာရေးအမတ်မေရဲ့ သမီးပါ။ အဖေ့အပြစ်ကြောင့် နန်းတွင်းအစေခံအဖြစ် သိမ်းသွင်းခံထားရတာပါ။ ရောက်တာ (၂) (၃) လလောက် ရှိပါပြီ”
“မေသခင်မလေး...” သူ တီးတိုး ရေရွတ်လိုက်လေသည်။ ခေါင်းထဲမှ မေ့ပျောက်နေသော မေမိသားစု အကြောင်းကို ပြန်လည်အစဖော်လိုက်လေသည်။
“ဪ... မေမိသားစုက လူကိုး”
သူ စိတ်ဝင်စားသွားလေသည်။ အတော်ပင် ပျော်စရာကောင်းမည့်ပုံ ရလေသည်။
သူ ရင်ဘတ်ဟနေသော အင်္ကျီကို စည်းနှောင်လိုက်ပြီး အရက်နံ့ တထောင်းထောင်းဖြင့် အခန်းထဲ ဝင်ရောက်သွားလေသည်။ စစ်တုရင်ခုံ မျက်နှာချင်းဆိုင်ရှိ ဖျာပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
“မင်းက မေကွမ်းဟယ်ရဲ့ သမီးကိုး”
သူ့မျက်လုံးများသည် စိတ်ဝင်တစားဖြင့် မျက်နှာချင်းဆိုင်ရှိ လှပသော မျက်နှာလေးကို ရိုင်းရိုင်းစိုင်းစိုင်း စိုက်ကြည့်နေလေသည်။
“မင်းတို့ အိမ်က မျိုးရိုးနာမည်ကတော့ မြင့်မြတ်လိုက်တာ။ မင်းအဖေကလည်း စာပေလောကမှာ နာမည်ကြီးတဲ့ ပညာရှင် ဖြစ်ခဲ့ဖူးတယ်။ မျိုးရိုးက မေ နာမည်က ကွမ်းဟယ်... ဟားဟား... အစတုန်းကတော့ နှင်းဒဏ်လေဒဏ်ခံနိုင်တဲ့ ဂုဏ်ရှိန်ကြီးမားသူလို့ ထင်ခဲ့တာ၊ နောက်ဆုံးကျတော့ လောကီအာရုံတွေနဲ့ ရောထွေးပြီး အကျင့်ပျက်သွားတာပဲ။ တကယ့်ကို သရော်စရာ ကောင်းလိုက်တာ”
သူ တမင်သက်သက် ရွဲ့ပြောလိုက်လေသည်။
သို့သော် မျက်နှာချင်းဆိုင်မှ မေသခင်မလေးကမူ သူ ထင်သလို ရှက်ရွံ့သွားခြင်း မရှိပေ။
သူမ ဦးညွှတ်အရိုအသေ ပြုလိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်လေသည်။
“မေမိသားစုက အပြစ်သားတွေ ဖြစ်နေပါပြီ။ သေတာရှင်တာ ဧကရာဇ် သဘောပါ။ ဒါပေမယ့် အလင်းနှင့် သဟဇာတဖြစ်ခြင်းဆိုတဲ့ စကားလုံးက တာအိုကျမ်းစာထဲက လာတာပါ။ လောကကြီးနဲ့ မငြိစွန်းဘဲ အေးဆေးတည်ငြိမ်စွာ နေထိုင်ခြင်းကို ဆိုလိုတာပါ။ ဧကရာဇ် သုံးနှုန်းတာ မှားနေပါတယ်”
******