← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

153 01

အခန်း 153 အပိုင်းပို (၂)

ယခင်ဘဝ အကြောင်း (ဒုတိယပိုင်း)

သူမ၏ အမည်ရင်းမှာ မေရှူး ဖြစ်လေသည်။

ရိုးရိုးလေး ဖြစ်သော်လည်း သူမကြောင့်ပင် ထိုနာမည်သည် ထူးခြားလာခဲ့၏။

သူမသည် သူတွေ့ဖူးသမျှသော မိန်းကလေးများနှင့် မတူညီပေ။

သူမတွင် ဖုံးကွယ်ထားသော စိတ်ခံစားချက်များ ရှိနေသည်။ မကြာခဏ စိတ်လေးလံ နေသော်လည်း၊ မည်သည့်အခါမျှ မပျော်ရွှင်သကဲ့သို့ မည်သည့်အခါမျှလည်း ဒေါသမထွက်တတ်ချေ။

သူမသည် အေးစက်ပြီး ခပ်ကင်းကင်း နေတတ်သော်လည်း၊ တည်ငြိမ်အေးချမ်းနေပြန်သည်။

သူမ သူ့ကို မကြောက်ရွံ့ပေ။

လော့ထျန်သည် တစ်ခါမျှ စစ်တုရင် မကစားဖူးချေ။ နန်းဆောင်အတွင်း ပထမဆုံးအကြိမ် စစ်တုရင် ဆက်သရသောနေ့တွင် သူမသည် စိတ်ရှည်လက်ရှည်ဖြင့် နေ့လယ်ခင်းတစ်ခုလုံး စစ်တုရင် အခြေခံသဘောတရားများကို သင်ကြားပေးခဲ့လေသည်။

သူ အနည်းငယ်မျှ နားမထောင်ခဲ့ပေ။

အမူးပြေခါစ နက်မှောင်သော မျက်လုံးများဖြင့် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို ရိုင်းရိုင်းစိုင်းစိုင်းသာ စိုက်ကြည့်နေခဲ့၏။

သေတာရှင်တာ ဧကရာဇ် သဘောပါ ဟု ပြောဆိုပြီး နောက်တစ်ခဏတွင် ဘာမှမဖြစ်သကဲ့သို့ စစ်တုရင် သင်ကြားပေးနေသော ရာဇဝတ်သား၏သမီးမျိုး သူ တစ်ခါမှ မတွေ့ဖူးပေ။ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်ဟု တွေးမိလေသည်။

သူသည် မေမိသားစု၏ အပြစ်ကို အခွင့်ကောင်းယူပြီး စကားလုံးများဖြင့် ထိုးနှက်တိုက်ခိုက်ကာ သူမကို တမင်တကာ ဒေါသထွက်အောင် စနောက်ခဲ့လေသည်။

သို့သော် သူမသည် သူ၏ စနောက်မှုများကို ဂရုမစိုက်သကဲ့သို့၊ ဒေါသထွက်ခဲလှသည်။

သူမသည် နှင်းများကျဆင်းထားသော တောင်ပေါ် ထင်းရှူးတောအုပ်ကြီးနှင့် တူလေသည်။ အရာအားလုံးသည် ဖြူဖွေးသန့်စင်နေ၏။

ဖြတ်သန်းသွားလာသောအခါ ခြေရာမည်းကြီးများ ထင်ကျန်ရစ်ကောင်း ကျန်ရစ်နိုင်သော်လည်း လေပြေလေး တစ်ချက် တိုက်ခတ်လိုက်သည်နှင့် နှင်းများ ဖုံးလွှမ်းသွားကာ ခြေရာများ ပျောက်ကွယ်သွားတတ်လေသည်။

သူမသည် ရာဇဝတ်သား၏ သမီး၊ နန်းတွင်းအစေခံအဖြစ် သိမ်းသွင်းခံထားရသူ ဖြစ်သော်လည်း အမြဲတမ်း တည်ငြိမ် အေးချမ်းနေသည်။ မနှိမ့်ချသလို မမောက်မာပေ။ နူးညံ့သိမ်မွေ့သော အပြင်ပန်းအောက်တွင် နက်ရှိုင်းသော စိတ်ထား ရှိလေသည်။

သူမနှင့် နီးစပ်သောအခါ သူ၏ ရှုပ်ထွေးပွေလီပြီး ဆူညံနေသော စိတ်အစဉ်သည်လည်း သူမထံမှ ငြိမ်းချမ်းသော စွမ်းအားများ ကူးစက်လာပြီး ထူးဆန်းစွာ တည်ငြိမ်သွားလေ့ ရှိလေသည်။

သူ သူမကို နေရာပြောင်းရွှေ့ပေးလိုက်လေသည်။

ဝေးလံခေါင်သီသော နန်းဆောင်မှ ကျစ်ချန်နန်းဆောင် အနီးရှိ ဘေးခန်းမဆောင်သို့ ပြောင်းရွှေ့ပေးလိုက်ခြင်း ဖြစ်သည်။

စစ်တုရင် ကစားရန် သတ်မှတ်ထားသော ရက်မရှိပေ။ သတိရလျှင် သွားရောက်ပြီး နာရီဝက်ခန့် သင်ယူလေ့ ရှိသည်။

သို့သော် တကယ်တမ်း စိတ်ပါဝင်စားခြင်း မရှိပေ။ သင်လိုက် မေ့လိုက်နှင့်ပင် ရှိလေသည်။

သူမ ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသည်မှာ စစ်တုရင် ဆက်သနေစဉ် ဖြစ်လေသည်။

ထိုစဉ်က သူမသည် ရှုပ်ပွနေသော စစ်တုရင်ခုံကို ကြည့်ပြီး ခဏမျှ တိတ်ဆိတ်နေ၏။

“ဧကရာဇ်... ဆက်ကစားစရာ မလိုတော့ပါဘူး”

သူမသည် ကိုယ့်ဘာသာ အကွက်များ သိမ်းဆည်းရန် ပြင်လိုက်လေသည်။

သူသည် စစ်တုရင်ခုံ တစ်ဖက်တွင် ထိုင်နေပြီး သူမ၏ လက်ကို တားဆီးလိုက်သည်။ ဒေါသသံစွန်းလျက် မေးမြန်းလိုက်လေသည်။

“အကွက် နည်းနည်းလေးပဲ ရွှေ့ရသေးတာ၊ ဘာလို့ ဆက်မကစားတာလဲ။ မင်းက ဒီလိုပဲ စစ်တုရင် ဆက်သသလား။ မင်း တော်တော် ရဲတင်းနေပါလား…”

“ဧကရာဇ် ရှုံးသွားပါပြီ” သူမ လက်ကို မြှောက်ပြီး အကွက်များကို ရေတွက်ပြလိုက်လေသည်။

153 02

သူ့မျက်ခုံးများ တွန့်ချိုးသွား၏။ မကျေမနပ် ဖြစ်သွားလေသည်။

“ဘယ်နေရာမှာ ရှုံးလို့လဲ” သူ စစ်တုရင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။ “ကျန်းကို ရှင်းပြစမ်း”

သူမ၏ အသံသည် အေးစက်နေသော်လည်း စကားလုံးများက ထက်ရှနေလေသည်။

“ဧကရာဇ်က ဘယ်နေရာမှာ ရှုံးလဲ ဆိုတာတောင် မသိဘူး ဆိုတော့၊ ကျွန်မ အရင်က ရှင်းပြတာတွေကို နားမထောင်ခဲ့ဘူး ဆိုတာ သိသာနေပါတယ်။ နားလည်း မထောင်၊ စာလည်း မလုပ်ဘဲနဲ့ ကျွန်မက ဘာကိစ္စ အာပေါက်အောင် ဆက်ရှင်းပြနေရမှာလဲ”

ပြောပြီးသည်နှင့် နှုတ်ခမ်းကို စေ့ထားလိုက်လေသည်။ ထိုင်ဖုံပေါ်တွင် တည်ငြိမ်စွာ ဒူးထောက်ထိုင်ရင်း မျက်လွှာချကာ စစ်တုရင်ခုံကိုသာ စိုက်ကြည့်နေလိုက်လေသည်။ သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ မည်မျှပင် အန္တရာယ်ရှိသော အမူအရာဖြင့် ရှေ့တိုးလာပါစေ၊ သူမ စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။

သေမလား ရှင်မလား သဘောပဲ ဆိုသော ပုံစံဖြင့် ငြိမ်သက်နေလေသည်။

ဂျိမ်း…

သူ စစ်တုရင်ခုံကို ဒေါသတကြီး မှောက်ချလိုက်ပြီး ထွက်ခွာသွားလေတော့သည်။

ထိုညတွင် ကျစ်ချန်နန်းဆောင်ရှိ ကျယ်ဝန်းသော နဂါးခုတင်ကြီးပေါ်တွင် တစ်ယောက်တည်း အိပ်စက်ရင်း ပြတင်းပေါက် အပြင်ဘက်မှ လခြမ်းကွေးလေးကို ကြည့်ကာ လော့ထျန် အိပ်မပျော်နိုင်ဘဲ ရှိနေလေသည်။

ပုံမှန်လို အရက်မူးအောင်သောက်ပြီး အိပ်ပျော်သွားချင်စိတ်လည်း မရှိပေ။

ညဉ့်နက်သန်းခေါင် အချိန်တွင် သူ ရှားရှားပါးပါး စဉ်းစားခန်း ဖွင့်မိလေသည်။

သူမက သူ့ကို ဤမျှ ဒေါသထွက်အောင်၊ ဤမျှ သိက္ခာကျအောင် ပြုလုပ်ခဲ့သည်။

အဘယ်ကြောင့် ချက်ချင်း မသတ်ပစ်လိုက်သနည်း။

အဘယ်ကြောင့် ယခုထိ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည့်ကြားမှ သူမကို သတ်လိုစိတ် မပေါ်လာရသနည်း။

သူ တစ်ညလုံး စဉ်းစားသော်လည်း အဖြေရှာမရပေ။

နံနက်ခင်း အလင်းရောင်များ ကျစ်ချန်နန်းဆောင်ထဲသို့ ဖြာကျလာသောအခါ အမှောင်ထုကို ဖြိုခွင်းလိုက်သော အလင်းတန်းတစ်ခုကဲ့သို့ သူ ရုတ်တရက် သဘောပေါက်သွားလေသည်။

ရင်ထဲမှ ဒေါသများသည် သူမကို ဒေါသထွက်ခြင်း မဟုတ်။ သူ့ကိုယ်သူ ဒေါသထွက်နေခြင်းသာ ဖြစ်သည်။

သူ့စိတ်ထဲတွင်လည်း... သူမ ပြောသည်မှာ မှန်ကန်သည် ဟု ဝန်ခံနေမိသောကြောင့် ဖြစ်လေသည်။

အရှေ့ဘက်မှ နေရောင်ခြည် စတင်ကျရောက်ချိန်တွင် ကျစ်ချန်နန်းဆောင်ရှိ ဧကရာဇ်သည် ရှားရှားပါးပါး နံနက်စောစော ထလိုက်လေသည်။

လန်းဆန်းတက်ကြွစွာဖြင့် အမိန့်တော် ထုတ်ပြန်လိုက်၏။

“နောက်နောင် (၅) ရက်နေ့ နဲ့ (၁၀) ရက်နေ့ နေ့လယ်တိုင်း နန်းတွင်းအရာရှိမေကို စစ်တုရင် လာဆက်သခိုင်းပါ”

“ငါ သေချာ သင်မယ်၊ သူ သေချာ သင်ပေးပါစေ လို့ ပြောလိုက်”

“သူ့ကို ပြောလိုက်ပါ... (၆) လအတွင်း သူ့ကို နိုင်အောင် ကစားပြမယ် လို့”

အချိန်များ ကုန်ဆုံးသွားလေသည်။

သူ (၆) လခန့် သေချာ ကြိုးစားပြီး သင်ယူလိုက်ရာ စစ်တုရင် စွမ်းရည်များ တိုးတက်လာလေသည်။

(၆) လ ဆိုသည်မှာ မတိုမရှည် ကာလတစ်ခု ဖြစ်သော်လည်း အရာများစွာ ပြောင်းလဲသွားစေနိုင်၏။

သူ တစ်လလျှင် (၃) ကြိမ်ခန့် သူမကို တွေ့ဆုံလေသည်။

သူမ ဝတ်ဖူးသော အဝတ်အစားများ ထပ်ဝတ်လာသည်ကို၊ တပ်ဖူးသော လက်ဝတ်ရတနာများ ထပ်တပ်လာသည်ကို တွေ့ရှိရလျှင် နောက်ရက် အနည်းငယ်အတွင်း နယ်အသီးသီးမှ ဆက်သလာသော ပိုးထည် အကောင်းစားများ၊ နန်းတွင်း လက်ရာ လက်ဝတ်ရတနာ သေတ္တာများကို သူမထံသို့ ရေအလား စီးဆင်းအောင် ပို့ဆောင်ပေးလိုက်လေသည်။

သူက ရောင်စုံ ပိုးထည်များ၊ ကျောက်မျက်ရတနာများ ပို့ပေးသော်လည်း၊ နောက်တစ်ကြိမ် တွေ့သောအခါ သူမက ပုံမှန် ဝတ်နေကျ ရိုးရှင်းသော အရောင်ဖျော့ဖျော့ ဝတ်စုံလေးများ၊ ရိုးရှင်းသော ကျောက်စိမ်း ဆံထိုးလေးများသာ ဝတ်ဆင်လာတတ်လေသည်။

153 03

ကျန်ရှိသော တောက်ပြောင်လွန်းသည့် ပစ္စည်းများကိုမူ အတိုင်းသား ပြန်လည် ပေးပို့လာတတ်သည်။

ကြာလာသော် သူ သူမ၏ အကြိုက်ကို ရိပ်မိလာလေသည်။ နောက်ပိုင်း ပို့ပေးလျှင် ရိုးရှင်းသော ကျောက်စိမ်းဆံထိုးများ၊ ကျောက်စိမ်းဆွဲသီးများ၊ အရောင်အသွေး သန့်စင်သော ပုလဲများ၊ အရည်အသွေး ကောင်းမွန်သော ပိုးသားအဖြူများကိုသာ ရွေးချယ်ပေးပို့တော့သည်။

သူ မျက်နှာချင်းဆိုင်တွင် ဘာမျှ မပြောပေ။

သူမလည်း ဘာမျှ မပြောပေ။

သို့သော် တဖြည်းဖြည်းနှင့်... စစ်တုရင် ကစားရင်း အပြန်အလှန် တိုက်ခိုက်နေကြစဉ် သူမက ရံဖန်ရံခါ သူ့ကို မသိမသာ စနောက်လာတတ်လေသည်။

“ခြောက်လ ပြည့်တော့မယ် ဧကရာဇ်… ကျွန်မက သေချာ သင်ပေးနေတာမို့ ဧကရာဇ်ကလည်း သေချာ သင်ယူပြီး ကျွန်မကို နိုင်အောင် ကစားပါဦး”

ရိုးရိုးလေး ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ ကြားလိုက်ရသောအခါ ရင်ထဲတွင် ကြောင်ကလေး ကုတ်လိုက်သကဲ့သို့ ယားကျိကျိ ခံစားလိုက်ရလေသည်။

ယားသလိုလို၊ ထုံသလိုလို ဖြစ်သွား၏။

အပြင်ပန်းတွင်မူ ဘာမှမဖြစ်သလို ကစားပွဲ တစ်ဝက်ခန့်၌ အရှုံးပေးပြီး ပြန်လာခဲ့သော်လည်း ညဘက် ရောက်သောအခါ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေမိလေသည်။ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း ဆိုသည်ကို ကိုယ့်ဘာသာပင် နားမလည်နိုင်ပေ။ တစ်ညလုံး မိုးလင်းပေါက်အောင် နေလိုက်မိလေသည်။

နောက်ဆုံးတွင် သူ အကြံတစ်ခု ရသွားလေသည်။ (၆) လ ပြည့်ခါနီး ရက်တစ်ရက်တွင်...

“ကျန်း ဒီနေ့ စိတ်ပျော်နေတယ်။ နန်းတွင်းအရာရှိမေကို အခွင့်အရေး တစ်ခု ပေးမယ်။ သေချာ အာရုံစိုက်ပြီး ကစား။ တကယ်လို့ ကျန်းကို လှလှပပ အရှုံးပေးနိုင်မယ် ဆိုရင် မင်းတို့ မေမိသားစုကို ကွပ်မျက်မယ့် အမိန့်ကို (၃) လ ဆိုင်းငံ့ပေးမယ်”

မျက်နှာချင်းဆိုင်မှ လူ ရုတ်တရက် မော့ကြည့်လာလေသည်။

အမြဲတမ်း တည်ငြိမ်နေသော မျက်နှာလေးပေါ်တွင် အံ့သြသော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

သူ ယုတ်မာစွာဖြင့် ကျေနပ်အားရ ပြုံးလိုက်လေသည်။

ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး အသံနှိမ့်ကာ ချော့မော့သော လေသံဖြင့် ပြောဆိုလိုက်လေသည်။

“ဟုတ်ပြီ... အဲဒီအတိုင်းပဲ။ ခေါင်းမော့ထား။ မျက်နှာလေး ကြည်လင်အောင် ထား။ ပျော်ပျော်ရွှင်ရွှင် နေ။ ပြီးတော့ ကျန်းကို ပြုံးပြစမ်းပါ။ နန်းတော်ထဲ ရောက်တာ ကြာပြီ၊ နန်းတွင်းအရာရှိမေ ပြုံးတာ တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့ ကျန်း စိတ်ပျော်နေတုန်း မင်း ကောင်းကောင်း ပြုံးပြနိုင်ရင် မင်းမိသားစုကို ကွပ်မျက်မယ့် အမိန့်ကို (၁) နှစ် ဆိုင်းငံ့ပေးမယ်”

ချော့တစ်ခါ ခြောက်တစ်လှည့်၊ ထောင်ထဲမှ မိသားစုကို အကြောင်းပြပြီး ဖိအားပေးလိုက်ရာ နောက်ဆုံးတွင် သူ ဂုဏ်ယူစွာဖြင့် နိုင်သွားလေသည်။ သူမ သူ့ကို ပြုံးပြလေသည်။

နှုတ်ခမ်းစွန်းတွင် ပါးချိုင့်လေး ပေါ်လာသည်အထိ ပြုံးပြ၏။ အလွန် လှပပေသည်။

သူ ရက်အတော်ကြာအောင် ကျေနပ်နေခဲ့လေသည်။

ထိုရက်ပိုင်းတွင် လမ်းလျှောက်လျှင်ပင် လေပေါ် ဝဲနေသကဲ့သို့ ရှိလေသည်။ စိတ်များ ကြည်လင်လန်းဆန်းနေ၏။

နောက်တစ်ခါ စစ်တုရင် ကစားရန် တွေ့ဆုံကြသောအခါမှ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။

မျက်နှာချင်းဆိုင်မှ လူသည် ယခင်ကကဲ့သို့ အေးစက်ပြီး ခပ်ကင်းကင်း နေသောပုံစံ ပြန်လည် ဖြစ်သွားလေသည်။

စကားပြောဆိုပုံ ယဉ်ကျေးသည်၊ အနေအထိုင် သိမ်မွေ့သည်။ မည်သည့်အပြစ်မျှ ပြောစရာ မရှိပေ။

သို့သော် ယခင်ကကဲ့သို့ သူ့ကို မော့ကြည့်ခြင်း၊ စနောက်ခြင်းများ မရှိတော့ချေ။

သူ ဘယ်နေရာတွင် မှားယွင်းသွားသနည်း မသိပေ။

သို့သော် သူ့စိတ်ထဲတွင် သူ တစ်ခုခု မှားယွင်းလုပ်ဆောင်မိသကဲ့သို့ ခံစားနေရလေသည်။

သူသည် အာဏာရှင် ဖြစ်သည်။ လူသတ်ချင်သတ်၊ ရှင်ချင်ရှင် ခိုင်း၍ရသည်။ နန်းတော်ထဲတွင် မောက်မာဝင့်ကြွားစွာ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။ ကြောက်ရွံ့တောင်းပန်သော မျက်နှာများကိုသာ မြင်ဖူးသည်။ ခေါင်းငုံ့ပြီး တောင်းပန်ရကောင်းမှန်း မသိတော့ပေ။

153 04

သူမသည် အပြစ်ပြောစရာ မရှိအောင် ယဉ်ကျေးနေသော်လည်း သူ့အနားသို့ ကပ်မခံတော့ချေ။

ယခင်က လက်ခံခဲ့ဖူးသော ပိုးထည်များ၊ လက်ဝတ်ရတနာများကို တစ်ခုမျှ လက်မခံတော့ပေ။ အကုန်လုံး ပြန်လည်ထုပ်ပိုးပြီး သိမ်းဆည်းထားလိုက်လေသည်။

နန်းတော်ထဲ စတင်ရောက်ရှိစဉ်က ဝတ်ဆင်ခဲ့သော အဝတ်အစားဟောင်းများ၊ ပုလဲနားကပ်များကိုသာ ပြန်လည် ဝတ်ဆင်လာလေသည်။

သူ မြင်တွေ့ရသည်မှာ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ်ပင် ဖြစ်သည်။

ဒေါသကို မထိန်းနိုင်တော့ဘဲ သူမကို ရန်ရှာလေတော့သည်။

စစ်တုရင် ကစားနေစဉ် ရွဲ့ပြောသည်၊ သူမ၏ မိတ်ကပ်များ အနေအထိုင်များကို အပြစ်ရှာသည်။

သူမက ဘာမျှ မတုံ့ပြန်ပေ။ တောင်းပန်ခြင်းလည်း မပြုလုပ်ပေ။ မကြားချင်ယောင် ဆောင်ပြီး စစ်တုရင် သင်ခန်းစာများကိုသာ ဆက်လက်သင်ကြားနေလေသည်။

သူ ဒေါသထွက်လွန်းသဖြင့် မေမိသားစု အကြောင်းများ ဆွဲထည့်လာလေသည်။

အတိတ်က အကြောင်းများ ပြန်ပြောသည်၊ မေအမတ်၏ အဂတိလိုက်စားမှုများကို ပြောသည်။ ထောင်ထဲမှ မိသားစု အခြေအနေများကို ပြောသည်။ မိသားစု အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်ပြီး သူမကို ခေါင်းငုံ့ခိုင်းလေသည်။

သူ ခြိမ်းခြောက်လေလေ၊ သူမက ပိုမို၍ အေးစက်လေလေ ဖြစ်လာလေသည်။

တစ်နေ့တွင် သူ ဒေါသထွက်ပြီး စစ်တုရင်ခုံကို မှောက်ချလိုက်လေသည်။ သူမ ရှေ့တွင် ရပ်ပြီး ဧကရာဇ် အရှိန်အဝါဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“နန်းတွင်းအရာရှိမေက စစ်တုရင် ဆက်သတဲ့အချိန် မျက်နှာသေနဲ့ နေရတာ ကြိုက်တယ်ဆိုရင်၊ မနက်ဖြန်ကျရင် မင်းကို ပြည့်တန်ဆာဆောင်ကို ပို့လိုက်မယ်။ တစ်နှစ်လောက် နေလိုက်ရင် လူတွေ့တာနဲ့ ပြုံးတတ်လာမယ်၊ လူတွေကို ပျော်အောင် ပြုစုတတ်လာလိမ့်မယ်”

သူမ တစ်ခွန်းမျှ ပြန်မပြောပေ။ လက်ထဲမှ အမည်းရောင် အကွက်လေးကို ဘူးထဲ ပြန်ထည့်လိုက်လေသည်။ ခေါင်းငုံ့ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

(၅) ရက်ခန့် ကြာသောအခါ သူ စိတ်ပြေသွားလေသည်။ သူမကို ပုံမှန်အတိုင်း လှမ်းခေါ်လေသည်။

သူမက နေမကောင်းဘူး ဆိုပြီး ငြင်းပယ်လိုက်လေသည်။

သူ မယုံကြည်နိုင်ပေ။ ကျစ်ချန်နန်းဆောင်ထဲတွင် အသက်ရှူသံများ ပြင်းထန်လာပြီး ဒေါသများ ထိန်းမရ ဖြစ်လာလေသည်။

အမှောင်ထဲတွင် လှောင်အိမ်ထဲ ဝင်မိသော သားရဲကောင်ကဲ့သို့ပင်။ ဘေးပတ်လည်တွင် မြူခိုးများ ဖုံးလွှမ်းနေပြီး ထွက်ပေါက် ရှာမရတော့ပေ။

သူ နန်းဆောင်ထဲမှ ရွှေထည် ငွေထည်များကို တိတ်တဆိတ် ရိုက်ခွဲပစ်လိုက်လေသည်။

တိတ်တဆိတ်ပင် အပြင်ထွက်သွားပြီး ရှင်းလင်း ခိုင်းလိုက်လေသည်။

နောက်ထပ် လဝက်ခန့် သူမကို မခေါ်တော့ပေ။

ဧကရာဇ်သည် ဤနှစ်ပိုင်းတွင် လူသတ်ခြင်း နည်းပါးသွားလေသည်။ နန်းတွင်းတွင် ကြောက်လန့်နေရခြင်းများ လျော့နည်းသွား၏။ လူတိုင်းက တိတ်တဆိတ် ပြောဆိုနေကြသည်။ ဧကရာဇ် အရွယ်ရောက်လာပြီ၊ ငယ်စဉ်ကကဲ့သို့ ရူးသွပ်ခြင်းများ လျော့နည်းသွားပြီ၊ တိုင်းပြည်အတွက် ကံကောင်းခြင်းပင် ဖြစ်သည် ဟူ၏။

တချို့လူများက အခွင့်အရေး ချောင်းလာကြလေသည်။

သတင်းကြားထားသော မိန်းမစိုးကြီး တစ်ဦးသည် ဧကရာဇ်၏ စိတ်ကို ခန့်မှန်းပြီး ဧကရာဇ် စိတ်ကြည်လင်နေသော ညတစ်ညတွင် နန်းတွင်းအရာရှိမေကို ပြည့်တန်ဆာဆောင် ပို့မည့်ကိစ္စ လာရောက်တင်ပြလေသည်။

ထို မိန်းမစိုးကြီးက မျက်နှာလိုမျက်နှာဖုံးဖြင့် ပြောဆိုလေသည်။ “နန်းတွင်းအရာရှိမေက ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ရော အတော်အသင့် ကောင်းမွန်ပါတယ်။ ဒါပေမယ့် အရာရှိသမီး ဖြစ်ခဲ့ဖူးတော့ မာနကြီးနေတာ။ ပြည့်တန်ဆာဆောင် ပို့ပြီး အထိန်းတော်ကြီးတွေနဲ့ (၂) လလောက် သင်တန်းပေးလိုက်ရင် မာနတွေ ကျိုးသွားပြီး ပြုစုခစားတာ ပျော့ပျောင်းလာမှာပါ...”

153 05

စကားမဆုံးမီ ဧကရာဇ်၏ နက်မှောင်တောက်ပသော မျက်လုံးများသည် စားပွဲနောက်မှ မော့ကြည့်လာလေသည်။ စူးစူးရဲရဲ စိုက်ကြည့်နေ၏။

နှုတ်ခမ်းစွန်း တွန့်ကွေးပြီး ပြုံးလိုက်လေသည်။ “ပြောတာ ကောင်းတယ်။ ဆုချရမယ်”

မိန်းမစိုးကြီးက ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်စဉ် ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်လေသည်။

“သူ့ကို ဆွဲထုတ်သွား။ အရေခွံဆုတ်ပြီး ကောက်ရိုးသွပ်လိုက်။ ရှေ့နန်းဆောင် စင်္ကြံအောက်က အရေခွံဟောင်း ဘေးမှာ ချိတ်ထားလိုက်”

*** *** ***

နန်းတွင်း၌ လျှို့ဝှက်ချက် ဟူသည် မရှိပေ။

အထူးသဖြင့် ဧကရာဇ် အသက်ကြီးလာပြီး နောက်ပိုင်း နန်းတော်ထဲတွင် လူအရေခွံ အဆုတ်မခံရသည်မှာ (၂) (၃) နှစ်ခန့် ရှိနေပြီ ဖြစ်သည်။

ယခုမှ ကံဆိုးသူမောင်ရှင် တစ်ဦး ထပ်မံပေါ်လာသဖြင့် ထိုညက ကိစ္စသည် နန်းတော် တစ်ခုလုံး ပျံ့နှံ့သွားလေသည်။

လူအများက နန်းတွင်းအရာရှိမေကို မြင်လျှင် ကြောက်ရွံ့ရိုသေလာကြလေသည်။

လွန်ခဲ့သော လဝက်ခန့်က နန်းတွင်းအရာရှိမေ ဧကရာဇ်ကို အာခံ၍ မျက်နှာသာ မရတော့ပြီ ဆိုသော ကောလာဟလများ တစ်ညတည်းနှင့် ပျောက်ကွယ်သွားလေသည်။

လူအများက သူမရှေ့တွင် ပိုမို၍ ရိုကျိုးလာကြလေသည်။

မေရှူးကမူ အခြေအနေ ပြောင်းလဲသွားသည်ကို သတိပြုမိလေသည်။

စကားအနည်းငယ် မေးမြန်း ကြည့်လိုက်သည်နှင့် ဖြစ်စဉ်ကို ခန့်မှန်းမိလိုက်လေသည်။

တိတ်တဆိတ် အချိန်ကြာမြင့်စွာ စဉ်းစားနေမိလေသည်။

ထိုည အိပ်ခါနီးတွင် မှန်ရှေ့၌ ဆံထိုးများ ဖြုတ်ရင်း မှန်တင်ခုံဘေးရှိ ဖုန်တက်နေသော အလှပြင်သေတ္တာလေးကို လှမ်းကြည့်လိုက်မိလေသည်။ ခေါင်းခါပြီး ရယ်မောလိုက်မိ၏။

သေတ္တာလေးကို ပြန်လည်ဖွင့်လှစ်လိုက်လေသည်။

နောက်တစ်ခါ စစ်တုရင် ကစားရမည့်နေ့ ရောက်သောအခါ လော့ထျန် လူမလွှတ်တော့ပေ။

သူ ယခင်က (၃) ကြိမ် ဆက်တိုက် ခေါ်ယူသည်ကို နေမကောင်းဘူး ဟုဆိုကာ အငြင်းခံခဲ့ရသည်။ နောက်ပိုင်း စိတ်ကောက်ပြီး လဝက်ခန့် မခေါ်ဘဲ နေလိုက်ခြင်း ဖြစ်သည်။

ပါးစပ်က မပြောသော်လည်း စိတ်ထဲတွင် မခေါ်ရဲတော့ချေ။

ထိုနေ့ နေ့လယ်တွင် အိပ်ခန်းထဲ၌ ထိုင်မရ ထမရ ဖြစ်လာလေသည်။ ထပြီး ခြံဝင်းထဲ လမ်းလျှောက်ရင်းနှင့် မသိလိုက်ဘာသာပင် ကျစ်ချန်နန်းဆောင် အပြင်ဘက် ရောက်ရှိသွားလေသည်။ ဟိုတစ်လောက စစ်တုရင် ကစားနေကျ ဘေးခန်းမဆောင် အနီးသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

အဝေးမှနေ၍ ပုံမှန်အတိုင်း တစ်ဝက်ပွင့်နေသော ပြတင်းပေါက်ကို လှမ်းမြင်လိုက်ရသောအခါ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုခံစားချက်မှာ ကျဉ်ခနဲ စူးခနဲ ချဉ်သလိုလို ဖန်သလိုလိုပင်။ နွေဦးပေါက် နေ့လယ်ခင်းတွင် ခါးသက်သက် မက်မွန်သီးစိမ်းကို ကိုက်မိသကဲ့သို့ ပါးစပ်ထဲတွင် ခါးသက်သက် အရသာ စွဲကျန်ရစ်နေသကဲ့သို့ ရှိလေသည်။

ဤစိမ်းသက်သော ခံစားချက်က မည်သည့်နေရာမှ ရောက်လာမှန်း မသိသော်လည်း ခြေလှမ်းများက မရပ်တန့်ပေ။ သူ တစ်ယောက်တည်း ဝင်ရောက်သွားပြီး ကိုယ့်ဘာသာ စစ်တုရင် ကစားမည်ဟု စိတ်ကူးလိုက်လေသည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီး တစ်ဝက်ပွင့်နေသော ပြတင်းပေါက်ထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်ရှူ ရပ်တန့်သွားလေသည်။

ရင်းနှီးနေသော သွယ်လျသည့် ပုံရိပ်လေးကို တွေ့လိုက်ရ၏။ ရိုးရှင်းသော အရောင်ဖျော့ဖျော့ ဝတ်စုံလေး ဝတ်ဆင်ထားလေသည်။ ခေါင်းပေါ်တွင် မြင်းစီးဆံထုံးလေး ထုံးထားပြီး ဆံနွယ်နက်များ ကြားတွင် မယ်ဇလီပန်းပုံ ကျောက်စိမ်းဆံထိုးလေး ထိုးထားလေသည်။

ခြေသံကြားသဖြင့် သူမ လှည့်ကြည့်လာလေသည်။ ပြတင်းပေါက်ကနေတဆင့် နှုတ်ဆက်လိုက်၏။ “ဧကရာဇ် နောက်ကျနေပြီ”

*** *** ***

153 06

အချိန်များ ကုန်ဆုံးသွားလေသည်။

နောက်ပိုင်း (၁) နှစ် (၂) နှစ်ခန့်တွင် လော့ထျန် သူ့ဘဝ တစ်လျှောက်လုံး ဤမျှ ပျော်စရာ ကောင်းသည်မျိုး မကြုံဖူးသကဲ့သို့ ခံစားရလေသည်။

နံနက်တိုင်း နိုးထလာ၍ နံနက်ခင်း အလင်းရောင်ကို မြင်လိုက်ရလျှင် ရင်ထဲတွင် မျှော်လင့်ချက်သစ်များ ဖြစ်ပေါ်လာတတ်လေသည်။

တဖြည်းဖြည်းနှင့် သူသည် စစ်တုရင် ကစားသည့် အချိန်တင် မကတော့ဘဲ အခြားအချိန်များတွင်ပါ နန်းတွင်းအရာရှိမေကို ခေါ်တွေ့လာလေသည်။

ညီလာခံ တက်ပြီး၍ အားလပ်ချိန်များတွင် သူမကို ခေါ်ယူပြီး စကားစမြည် ပြောတတ်လာလေသည်။

မေအမတ်၏ အဂတိလိုက်စားမှု အမှုကမူ နှေးကွေးစွာဖြင့် ပြီးဆုံးသွားလေသည်။ တရားရုံးချုပ်က အမိန့်ချလိုက်သည်မှာ ဥပဒေအရ ခေါင်းဖြတ်သတ်ရမည် ဟူ၏။

အမိန့်စာ ဧကရာဇ်ထံ ရောက်ရှိလာသောအခါ ပယ်ချလိုက်လေသည်။

မေအမတ်သည် သဘောထားကြီးပြီး ရက်ရောသည်။ အပြင်တွင် မိတ်ဆွေများ များပြားသည်။ ပိုက်ဆံကို ရေလို သုံးစွဲသည်။ အဂတိ လိုက်စားထားသော ရွှေ (၃) သိန်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။

ယွမ်ဟော်ဧကရာဇ်က ငွေပြန်မရသေးဘူး ဆိုသော အကြောင်းပြချက်ဖြင့် မေအမတ်ကို ဘဏ္ဍာရေးဌာန ပြန်ပို့ပြီး တာဝန်ထမ်းဆောင် ခိုင်းလိုက်လေသည်။ တစ်နိုင်ငံလုံးမှ အထက်တန်းလွှာများ ဖုံးကွယ်ထားသော အခွန်ငွေများကို စစ်ဆေးပြီး ပျောက်ဆုံးနေသော ငွေ (၃) သိန်းကို ပြန်လည်ရှာဖွေခိုင်းလိုက်လေသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ခမည်းတော် လက်ထက်ကမူ ဧကရာဇ်အာဏာနှင့် နယ်အသီးသီးမှ အထက်တန်းလွှာများကြားတွင် အားပြိုင်မှု မျှတအောင် ထိန်းသိမ်း ထားနိုင်ခဲ့သည်။ နှစ်တိုင်း စစ်ဆေးရေးမှူးများ စေလွှတ်ပြီး စာရင်းစစ်ခိုင်းသည်။ အခွန်များ ကောက်ခံသည်။

ချီယို့သောင်း လက်ထက်ကျမှ မြို့တော်တဝိုက်ကိုသာ ထိန်းချုပ်ပြီး နယ်များကို လွှတ်ပေးလိုက်သဖြင့် အခြေအနေများ ရှုပ်ထွေးကုန်ခြင်း ဖြစ်သည်။

သူ ကိုယ်တိုင် အုပ်ချုပ်သည့်အချိန်တွင်မူ မင်းဆိုးမင်းညစ် ဆိုသော နာမည်ကြီးက တစ်တိုင်းပြည်လုံး ပျံ့နှံ့နေသဖြင့် လူများက သံသယ ဝင်လာကြသည်။ စိတ်ဝမ်းကွဲလာကြသည်။ အခြေအနေများ လုံးဝ ရှုပ်ထွေးကုန်လေသည်။

မေအမတ်သည် ဘဏ္ဍာရေးဌာန ပြန်ရောက်ပြီး အပြစ်ကို ဆေးကြောရန် ကြိုးပမ်းလေသည်။ တစ်နိုင်ငံလုံး (၁၃) ခရိုင်မှ အထက်တန်းလွှာများ၏ အခွန်တိမ်းရှောင်မှုများကို စစ်ဆေးလေသည်။

(၂) နှစ်အတွင်းတွင် ငွေ (၈) သန်းခန့် ပြန်လည်ရှာတွေ့ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ထည့်သွင်းနိုင်ခဲ့လေသည်။

တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

နယ်အသီးသီးမှ အထက်တန်းလွှာများသည် အမြစ်တွယ် နေကြခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အိမ်ထောင်ရေးနှင့် ဆက်နွယ်နေကြသဖြင့် တစ်ယောက်ကို ထိခိုက်လျှင် အကုန်လုံး လှုပ်ခတ်သွားကြလေသည်။

အထူးသဖြင့် မေအမတ်က ဧကရာဇ်အမိန့်ဖြင့် အခွန်စစ်ရင်း လယ်မြေများ ပြန်လည် တိုင်းတာသည်၊ လူဦးရေ စာရင်း ပြန်လည်ကောက်ခံသည် ဆိုသောကြောင့် အထက်တန်းလွှာများ၏ စီးပွားရေး အခြေခံကို ထိခိုက်သွားစေလေသည်။

မြို့တော်သည် အပေါ်ယံတွင်မူ ငြိမ်သက်နေသကဲ့သို့ပင်။ သို့သော် အောက်ခြေတွင် ရေစီးသန်နေပြီ ဖြစ်သည်။

နန်းတွင်းထဲတွင် ရုန်းကန်ကြီးပြင်းလာရသော ဧကရာဇ်ငယ်လေးကို မည်သူကမျှ လက်အောက်ငယ်သားများကို ထိန်းချုပ်သည့် ပညာ မသင်ပေးခဲ့ပေ။ နန်းတွင်း အမတ်များ၏ သစ္စာစောင့်သိမှုကိုလည်း တကယ်တမ်း မရရှိခဲ့ပေ။

သူ့ဘေးနားမှ ကျားရဲ၊ တောခွေး၊ ဝံပုလွေများသည်လည်း အခြား အင်အားစုများ၏ လာဘ်ထိုးမှုများ၊ ရာထူးကမ်းလှမ်းမှုများကြောင့် သစ္စာဖောက်မည့် အရိပ်အယောင်များ ပြသလာကြလေသည်။

သူကမူ မျက်စိရှေ့မှ ငြိမ်သက်မှုကိုသာ မြင်တွေ့ပြီး ရေအောက်မှ ရေစီးသန်သည်ကို သတိမထားမိခဲ့ပေ။

သူကမူ နေ့စဉ် နေ့တိုင်း ငြိမ်သက်နေသော အခြေအနေလေးထဲတွင် နေ့တိုင်း မတူညီသော ပျော်ရွှင်မှု မျှော်လင့်ချက်လေးများနှင့် သာမန် နေ့ရက်လေးများကို ဖြတ်သန်းနေခဲ့လေသည်။

“ရွှယ်ချင့်က တွေ့တိုင်း ဧကရာဇ်လို့ပဲ ခေါ်နေတယ်”

သူ မတော်တဆ မေရှူး၏ ငယ်နာမည်ကို သိရှိလိုက်ရလေသည်။ ထိုနောက်ပိုင်း နေ့တိုင်း သူမ၏ ငယ်နာမည်လေးကိုပင် ချစ်စနိုး ခေါ်ဝေါ်တော့သည်။

ထိုည ဥယျာဉ်တော်ထဲတွင် သူ အရက်နည်းနည်း မူးနေလေသည်။ ရွှေခွက်ကို မြှောက်ပြီး လမင်းကြီးကို ကြည့်ကာ ညည်းတွားလိုက်လေသည်။

153 07

“လောကကြီးမှာ စာတတ်ပေတတ် ပညာရှင်တွေ အကုန်လုံးမှာ ငယ်နာမည် ရှိကြတယ်။ ကျန်းမှာကျတော့ နာမည်ပဲ ရှိပြီး ငယ်နာမည် မရှိဘူး”

သူ့မျက်နှာချင်းဆိုင်တွင် မေရှူးက ရွှေခွက်ကို ကိုင်ပြီး အရက်နည်းနည်း မော့သောက်လိုက်လေသည်။ “ဧကရာဇ်က ဧကရာဇ်လေ။ လောကကြီးမှာ ဘယ်သူက ဧကရာဇ်ရဲ့ ငယ်နာမည်ကို ရဲရဲတင်းတင်း ခေါ်ရဲမှာလဲ။ ဧကရာဇ်အတွက် ငယ်နာမည် မလိုပါဘူး”

လော့ထျန် သူ့ကိုယ်သူ သရော်ပြီး ပြုံးလိုက်လေသည်။

“မလိုတာ မဟုတ်ပါဘူး။ ကျန်းကို ငယ်နာမည် ပေးမယ့်သူ မရှိတာပါ”

သူ့ခမည်းတော်က သူ အရွယ်မရောက်ခင်ကတည်းက ဆုံးပါးသွားသည်။

သူ၏ ငယ်ဆရာ ချွီအမတ်က ချီဂိုဏ်းသားများနှင့် တိုက်ခိုက်ရင်း သူ နန်းတက်ပြီး မကြာခင်မှာပင် တစ်မိသားစုလုံး အသတ်ခံလိုက်ရသည်။

သူက ငယ်ငယ်လေးကတည်းက ကြမ်းတမ်းသော စိတ်ရိုင်းများ ပေါ်ပေါက်လာသဖြင့် သူ့ကို စေတနာမှန်နှင့် သင်ကြားပြသပေးမည့် ဆရာကောင်း တစ်ယောက်မျှ ထပ်မတွေ့ရတော့ပေ။

(၁၆) နှစ်တွင် ဧကရာဇ် အဖြစ် တရားဝင် ဘိသိက်ခံခဲ့သည်။

(၁၈) နှစ်တွင် လမ်းဘေး၌ ခြုံခိုတိုက်ခိုက်ပြီး ချီယို့သောင်းကို သတ်ပစ်လိုက်သည်။

မယ်တော်ကြီး နန်းဆောင်ကို စစ်တပ်ဖြင့် ဝိုင်းရံပြီး လန့်ဖျပ်နေသော မယ်တော်ကြီးကို ယာယီနန်းတော် ပို့လိုက်သည်။

သူက လူသတ်နိုင်သော အာဏာကို ကိုင်ဆွဲထားလေသည်။ ကျားရဲ၊ တောခွေး၊ ဝံပုလွေများကို ခိုင်းစေနေသည်။ လူတိုင်း ကြောက်ရွံ့ရသော ပုံစံဖြင့် ရွှေပလ္လင်ပေါ်တွင် ထိုင်နေသည်။

မြို့တော်တွင် ဆွေမျိုးတော်များ အများအပြား ကျန်ရှိနေသေးသော်လည်း မည်သူကမျှ သူ့ကို လူကြီးမိဘ နေရာမှနေ၍ ငယ်နာမည် ပေးရဲသူ၊ ပေးချင်သူ မရှိကြပေ။

ယခင်က သူ ဂရုမစိုက်ခဲ့ပေ။

သို့သော် ဘာကြောင့်မှန်း မသိ၊ ယခုည လသာနေ၍လား၊ အရက်က ကောင်းမွန်နေ၍လား၊ သို့မဟုတ် ရှေ့မှ လူသား၏ အကြည့်များက နူးညံ့လွန်းနေ၍လား မသိပေ... သူ့ရင်ထဲတွင် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာလေသည်။

သူ မူးချင်ယောင်ဆောင်ပြီး နဂါးပုံ ဝတ်ရုံလက်ကြီးဖြင့် မျက်နှာကို အုပ်လိုက်လေသည်။

ဘာမပြော ညာမပြော လဲချလိုက်၏။

ဥယျာဉ်တော်ထဲမှ ပန်းခင်းထဲတွင် လဲအိပ်လိုက်လေသည်။

မေရှူးက ကိုယ့်ဘာသာ အရက် (၂) ခွက်ခန့် သောက်လိုက်လေသည်။ ပန်းခင်းထဲမှ လူကောင်ကြီးကြီးလူက မလှုပ်မယှက် အချိန်ကြာမြင့်စွာ နေနေသဖြင့် ဧကရာဇ် မူးပြီး အိပ်ပျော်သွားပြီ ထင်မှတ်ကာ ထလိုက်လေသည်။ ဘေးဘီဝဲယာ ကြည့်လိုက်သောအခါ လူမရှိပေ။ လရောင်အောက်တွင် မျက်နှာကို အုပ်ထားသော ဝတ်ရုံလက်ကို ဖယ်ရှားပြီး ကြည့်ရှုလိုက်လေသည်။

လော့ထျန် တိတ်တဆိတ် ငိုကြွေးနေခြင်း ဖြစ်သည်။

နဂါးငါးကောင်ပုံ ဝတ်ရုံလက်ကြီးဖြင့် မျက်နှာကို အုပ်ထားပြီး မှိတ်ထားသော မျက်လုံးများမှ မျက်ရည်များ စီးကျလာလေသည်။ အမြဲတမ်း ခက်ထန်နေတတ်သော ပါးပြင်ပေါ် ဖြတ်စီးပြီး မြက်ခင်းပေါ် ကျရောက်သွား၏။

သူမ သူ့မျက်လုံးထောင့်မှ မျက်ရည်စက်ကို ကြည့်ပြီး ရင်ထဲမှ အနူးညံ့ဆုံးနေရာလေး လှုပ်ခတ်သွားလေသည်။

နှုတ်ခမ်းများ လှုပ်ရှားသွား၏။

တစ်ခုခု ပြောချင်သော်လည်း ဘာမျှ ထွက်မလာပေ။

သူမက ယခု ဘာအဆင့်အတန်း ရှိ၍လဲ။

ရာဇဝတ်သား၏ သမီး၊ နန်းတွင်းအစေခံ၊ စစ်တုရင် ဆက်သရသော သာမန် နန်းတွင်းသူလေး တစ်ဦးသာ ဖြစ်သည်။ ဧကရာဇ်ကို ငယ်နာမည် ပေးရန် ဘာအရည်အချင်း ရှိ၍လဲ။

မဖြစ်နိုင်ပေ။

မြေကြီးပေါ် လဲနေသော မူးနေသည့် ဧကရာဇ်က မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

နက်မှောင်တောက်ပသော မျက်လုံးများ၊ ရှုပ်ထွေးနေသော အကြည့်များ၊ ကိုယ်တိုင်တောင် သေချာ မသိသော မျှော်လင့်ချက်များနှင့် သူမကို စိုက်ကြည့်နေလေသည်။

153 08

သူမ ထိုသားရဲကောင်ကဲ့သို့ အန္တရာယ်ရှိသော အကြည့်ကို ရှောင်လွှဲလိုက်လေသည်။

“ဧကရာဇ် မူးနေပါပြီ”

သူမ အားယူပြီး သူ့ကို တွဲထူလိုက်လေသည်။ အဝေးတွင် စောင့်နေသော မိန်းမစိုးများကို လှမ်းခေါ်လိုက်၏။ “ညနက်ပြီ။ ဧကရာဇ် ပြန်ပါတော့”

ဥယျာဉ်တော် တံခါးဝ ရောက်သောအခါ ဘာကြောင့်မှန်း မသိ... သူ့ခြေလှမ်းက တံခါးခုံတွင် ခလုတ်တိုက်မိသကဲ့သို့ ဖြစ်သွားလေသည်။ မသိစိတ်က စေခိုင်းသကဲ့သို့ နောက်လှည့်ပြီး သူမကို တစ်ချက် ကြည့်လိုက်လေသည်။

သူမက အနီရောင် မီးအိမ်လေး ကိုင်ပြီး မီးရောင်အောက်တွင် ပြုံးပြနေလေသည်။ သူ့ကို နှုတ်ဆက်နေ၏။

ထိုအကြိမ်သည် သူတို့ နောက်ဆုံး တွေ့ဆုံခြင်းပင် ဖြစ်လေသည်။

နောက်တစ်နေ့တွင် မယ်တော်ကြီး၏ သွေးဖြင့် ရေးထားသော အမိန့်တော်ကို ယာယီနန်းတော်မှ တိတ်တဆိတ် ယူဆောင် လာကြလေသည်။ တစ်ညတည်းနှင့် မြို့တော် လမ်းကြားများ အကုန်လုံးတွင် ကပ်ထားလိုက်လေသည်။

ဆွေမျိုးတော် မင်းသားများက မယ်တော်ကြီးဘက်မှ ပါဝင်ကြောင်း ကြေညာကြသည်။

နန်းတွင်း အမတ်များ အကုန်လုံး နှုတ်ဆိတ် နေကြလေသည်။ သူ့ဘက်မှ ပြောပေးမည့်သူ တစ်ယောက်မျှ မရှိပေ။

လဝက်ခန့် ကြာသောအခါ နန်းတွင်းတွင် ပုန်ကန်မှု ဖြစ်ပွားလေသည်။ ကိုယ်ရံတော်တပ်များ ဘက်ပြောင်းသွားကြ၏။

သူ့ကို ဧကရာဇ်အရာမှ ချပြီး သာမန်အရပ်သားအဖြစ် တန်းလျှော့လိုက်လေသည်။ ယာယီနန်းတော်တွင် ဖမ်းချုပ်ထားလိုက်လေသည်။

ယာယီနန်းတော်တွင် နေထိုင်နေသော မယ်တော်ကြီး မြို့တော်သို့ ပြန်ကြွလာလေသည်။ တိုင်းပြည်ရေး အင်အားစုများ ညှိနှိုင်းပြီးနောက် အိမ်ရှေ့စံဟောင်း၏ သားတစ်ယောက်၊ ငယ်စဉ်ကတည်းက မယ်တော်ကြီးနှင့်အတူ နေထိုင်လာသော မြေးတော်လေးကို နန်းတင် လိုက်ကြလေသည်။

နန်းတော်တံခါးများ ပိတ်လိုက်လေသည်။

အရှင်ဟောင်းနှင့် ပတ်သက်သော နန်းတွင်းသူ နန်းတွင်းသား အကုန်လုံးကို သတ်ပစ်လိုက်လေသည်။

နန်းတော်ထဲရှိ သစ်ပင်များပေါ်တွင် ကြိုးဆွဲချထားသော အလောင်းများ ပြည့်နှက်နေလေသည်။

သူသည် ထိုည ပုန်ကန်မှုတွင် မြားမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။ သေလုမျောပါး ဖြစ်နေသည်ကို ဧကရာဇ်အသစ်က အရှင်ဟောင်းကို သတ်ပြီး နန်းလုသည် ဆိုသော နာမည်ဆိုး မထွက်ချင်သဖြင့် အတင်း ကုသပေးထားလေသည်။

သူ့ဒဏ်ရာက အလွန် ပြင်းထန်လွန်းသဖြင့် လက်ထိပ် ခြေချင်းပင် ခတ်မထားတော့ပေ။ ယာယီနန်းတော်ထဲ၌ပင် ပိတ်ထားပြီး ကိုယ်ရံတော်များနှင့် စောင့်ခိုင်းထားလေသည်။

အစောင့်များက အားလပ်လျှင် အရက်သောက် စကားပြောကြလေသည်။ အရှင်ဟောင်း၏ လူများ အကုန် အသတ်ခံရသည်၊ နာမည်မရှိသော အောက်ခြေ နန်းတွင်းသူများသာ လွတ်မြောက်သည် ဆိုသော အကြောင်းများ ပြောကြသည်။ ကံတရားက အလှည့်ကျ လည်တတ်သည် ဟူ၍ ပြောဆိုကြလေသည်။

သူ နားထောင်ပြီး (၁၀) ရက်ခန့် စကားမပြောပေ။ လှုပ်ရှားခြင်းလည်း မရှိပေ။ အသက်မရှိသော လူသေကဲ့သို့ပင် နေနေလေသည်။

အစောင့်များကလည်း နေသားကျသွားပြီး ဤဒဏ်ရာရ အရှင်ဟောင်းကို လူဟုပင် မသတ်မှတ်တော့ပေ။

မှိန်ဖျဖျ မီးရောင်အောက်တွင် သူ့၏ နက်မှောင်သော မျက်လုံးများ အရောင်တောက် နေသည်ကို၊ လူလစ်လျှင် ဘေးဘီဝဲယာ ကြည့်နေသည်ကို သတိမထားမိကြပေ။

မိုးသက်လေပြင်းကျသော ညတစ်ညတွင်... ယာယီနန်းတော်၌ ငြိမ်ငြိမ်လေး နေနေသော အရှင်ဟောင်း အသံမပေးဘဲ ပျောက်ဆုံးသွားလေသည်။

စစ်သား ထောင်ပေါင်းများစွာ မီးတုတ်များ ကိုင်ဆောင်ပြီး ယာယီနန်းတော် ဝန်းကျင်ကို အသည်းအသန် ရှာဖွေကြလေသည်။

မည်သူမျှ မထင်မှတ်ထားပေ။ သူသည် မြားဒဏ်ရာကြောင့် ကျိုးနေသော ခြေထောက်ကို ဆွဲပြီး၊ ကျိုးနေသော နံရိုးကို ဖိပြီး၊ ပါးစပ်မှ ထွက်လာသော သွေးများကို သုတ်ပြီး၊ မြို့တော်ဘက်ကို မျက်နှာမူကာ တိတ်တဆိတ် လျှောက်လှမ်းသွားလိမ့်မည် ဟူ၍။

153 09

မိုင် (၅၀) ခရီးကို ခြေကျင် လျှောက်သွားခဲ့ခြင်း ဖြစ်သည်။

မိုးကြီးလေကြီးထဲတွင် ယာယီနန်းတော်မှ မြို့တော်အထိ လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။

အနောက်ဆောင် ဘက်ရှိ ဟောင်းနွမ်းနေသော နန်းမြို့ရိုး ပြိုကျနေသည့် နေရာမှနေ၍ နန်းတော်ထဲ ဝင်ရောက်သွားလေသည်။

တောင်ပေါ်တွင်ရော ဥယျာဉ်ထဲတွင်ပါ ပြည့်နှက်နေသော အလောင်းများကို တစ်ယောက်ချင်း လိုက်လံကြည့်ရှုလေသည်။ သစ်ပင်တိုင်းကို လိုက်ကြည့်သည်။ မည်သည့်အလောင်းကမျှ သူမ မဟုတ်ပေ။

မိုးထဲရေထဲတွင် ခိုးကြောင်ခိုးဝှက်ဖြင့် အလောင်း လာကောက်သူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။

သူ နန်းတွင်းသူ တစ်ယောက်နှင့် ပက်ပင်းတိုးမိလေသည်။

သူက ထိုနန်းတွင်းသူကို မသိသော်လည်း၊ နန်းတွင်းသူက သူ့ကို သိလေသည်။

ကြောက်လန့်တကြား ဒူးထောက်ပြီး “ဧကရာဇ်…” ဟု ခေါ်လေသည်။ “နန်းတွင်းအရာရှိမေရဲ့ အလောင်းက ဒီမှာ မရှိပါဘူး။ နန်းတွင်းအရာရှိမေက ကြိုးဆွဲချသေတာ မဟုတ်ပါဘူး။ သူ့အလောင်းကို လူတွေက သိမ်းဆည်းသွားပါပြီ။ အနောက်ဘက် မြို့ရိုးနားက တောင်ကုန်းပေါ်မှာ မြှုပ်ထားပါတယ်” တဲ့။

ထိုနေ့ ပုန်ကန်မှု ဖြစ်ပွားပြီး ဧကရာဇ်အသစ် နန်းတက်သောအခါ နန်းတော်တွင်းကို သွေးချောင်းစီးအောင် သတ်ဖြတ်လေသည်။ အရှင်ဟောင်းနှင့် ပတ်သက်သူမှန်သမျှ သတ်ပစ်လေသည်။

နန်းတော်တံခါး ပိတ်ပြီး အရှင်ဟောင်း၏ အချစ်တော် နန်းတွင်းအရာရှိမေကို နေရာအနှံ့ လိုက်လံရှာဖွေကြလေသည်။

ရင်းနှီးသော မိန်းမစိုးများက လမ်းပြပေးကြသည်။ “မေသခင်မလေး... မြန်မြန် ပြေး အနောက်ဆောင် ဘက်က နန်းမြို့ရိုးက ဟောင်းနေပြီ။ ပြိုနေတဲ့ နေရာကနေ ထွက်ပြီး နောက်ဖေးတောင်ပေါ် ပြေး အသက်ရှင်အောင် နေပါ”

မေရှူး ငြင်းပယ် လိုက်လေသည်။

သူမ တစ်သက်လုံး ရေပေါ်မှ ဒိုက်ကဲ့သို့ နေလာခဲ့ရသည်။ ကိုယ့်ကံကြမ္မာကို ကိုယ်မပိုင်ဘဲ သူများကြိုးဆွဲရာ ကနေရသော ဘဝကို စိတ်ကုန်နေပြီ ဖြစ်သည်။

သူမ အလောင်းကိုပင် သူများလက်ထဲ မရောက်စေချင်ပေ။ သေပြီးတာတောင် သူများ ခြယ်လှယ်တာ မခံချင်တော့ပေ။

သူမ နန်းတော် အနောက်ဘက်သို့ သွားလေသည်။ အနောက်ဆောင်နားရှိ အပေါက်မှနေ၍ နောက်ဖေးတောင်ပေါ် တက်သွားလေသည်။ ဖမ်းဆီးမည့်လူများ အများအပြား နောက်မှ လိုက်လာသောအခါ လူများရှေ့တွင်ပင် တောင်ပေါ်မှ ခုန်ချလိုက်လေသည်။

မြင်ကွင်းက အလွန်ကြေကွဲစရာ ကောင်းလွန်းသဖြင့် ဖမ်းဆီးမည့် ကိုယ်ရံတော်များပင် သက်ပြင်းချပြီး ပြန်လှည့်သွားကြလေသည်။

နန်းတွင်းအရာရှိမေသည် နန်းတော်ထဲတွင် လူချစ်လူခင် များပြားသည်။ ထိုညမှာပင် လူတချို့က တိတ်တဆိတ် သူမအလောင်းကို ကောက်ယူ မီးရှို့ပြီး အနောက်ဘက် မြို့ရိုးနားရှိ တောင်ကုန်းပေါ်တွင် မြှုပ်နှံ ပေးလိုက်ကြလေသည်။ အုတ်ဂူပေါ်တွင် နာမည်မပါသော သစ်သားတိုင်လေး စိုက်ပေးထားသည်။

နန်းတော်ထဲက လူတိုင်း သူမ ဘယ်မှာ မြှုပ်ထားလဲ ဆိုတာ သိကြပေမယ့် ဘယ်သူမှ ထုတ်မပြောကြပေ။

လော့ထျန်သည် နန်းတွင်းသူဆီမှ သူမ မြှုပ်နှံထားသော နေရာကို သိရှိလိုက်ရလေသည်။

ယာယီ ရှာဖွေထားသော ပါးပါးလျလျ ခေါင်းတလားလေး တစ်ခု။

ခေါင်းတလားထဲတွင် သူမ သေဆုံးသောနေ့က ဝတ်ဆင်ထားသည့် ပျက်စီးနေသော ပုလဲဆံထိုး တစ်ချောင်း၊ သွေးစွန်းနေသော ပုလဲနားကပ် တစ်ရံသာ ပါဝင်လေသည်။

မိုးလင်းခါနီး အချိန်... အမှောင်ထုထဲတွင် ရှာဖွေဖမ်းဆီးသံများ ဆူညံလာလေသည်။

ဧကရာဇ်အသစ် မွေးထားသော ကျားရဲ၊ တောခွေး၊ ဝံပုလွေများသည် ခွေးများ ဆွဲပြီး သွေးနံ့ခံကာ အနောက်ဆောင်နားရှိ တောင်ကုန်းပေါ် ရောက်ရှိလာကြလေပြီ။

လော့ထျန်သည် အောက်မှ အသံများကို ဂရုမစိုက်ပေ။ အရိုးပြာအိုးကို ပိုက်ပြီး မိုးရေထဲတွင် ကြောင်ရပ်နေလေသည်။

လူ့ဘဝ ဆိုသည်မှာ အိပ်မက်ဆိုး တစ်ခုသာ ဖြစ်သည်။

နှစ်အနည်းငယ်လောက်တော့ သူ့အိပ်မက်ဆိုးကြီး ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ဖူးသည်။ နေ့ရက်တိုင်း၏ မနက်ခင်းကိုပင် မျှော်လင့်ခဲ့ဖူးသည်။

ယခုတော့ အိပ်မက်က နိုးသွားပြီ ဖြစ်သည်။

သူ အရိုးပြာအိုးကို ပိုက်ပြီး သူမ ခုန်ချခဲ့သော နေရာမှပင် ခုန်ချလိုက်လေသည်။

အပြာရောင် ကြွေအိုးလေး ကွဲကြေသွားပြီး အရိုးပြာများ ပြန့်ကျဲကုန်လေသည်။

ဝေဝါးနေသော မျက်လုံးများဖြင့် ကြည့်လိုက်သောအခါ သူ့သွေးများ မြေကြီးပေါ် စီးကျသွားသည်ကို မြင်တွေ့နေရသည်။ သွေးများသည် မိုးရေနှင့် ရောနှောပြီး ပြန့်ကျဲနေသော အရိုးပြာများနှင့် ပေါင်းစပ်သွားကြလေသည်။

နောက်ဆုံး အချိန်တွင် သူ ဝေဝေဝါးဝါး တွေးလိုက်မိလေသည်။

'နောက်ဘဝများ ရှိခဲ့ရင်...'

'စောစောစီးစီး တွေ့ဆုံကြပါစေ...'

******

All Chapters