အခန်း (၁၅၄)
Vol. 16 Ch. 154
154 01
အခန်း 154 အပိုင်းပို (၃)
ဧကရာဇ်ငယ်လေးနှင့် အတူရှိခဲ့သော နေ့ရက်များ (ပထမပိုင်း)
(ဒါက ဒီဘဝကို ပြန်ရောက်ပါပြီ)
ဆယ့်နှစ်လပိုင်း (၈) ရက်နေ့ မတိုင်မီ ညတွင် မြို့တော်၌ တစ်ညလုံး နှင်းများ ထူထပ်စွာ ကျဆင်းခဲ့လေသည်။
နံနက် (၅) နာရီခန့်တွင် မိုးမလင်းသေးပေ။ မေဝမ့်ရှူးသည် ကြိုးကြာဖြူပုံ ရင်ဘတ်တံဆိပ် ပါရှိသော အပြာရောင် အရာရှိဝတ်စုံသစ်ကို ဝတ်ဆင်ထား၏။ ကျယ်ဝန်းသော ဝတ်ရုံထဲတွင် သားမွေးအင်္ကျီ ထပ်ဝတ်ထားပြီး အပေါ်မှ သားမွေးဝတ်ရုံကြီးကို ထပ်မံ ခြုံလွှမ်းထားလေသည်။ လက်ထဲတွင် လက်ကိုင်မီးဖိုလေးကို ကိုင်ဆောင်ကာ နှင်းထုများအပေါ် တကျွိကျွိ နင်းလျှောက်ရင်း ရွှေရောင်ရေတံတားကို ဖြတ်ကျော်ကာ နန်းတော်တံခါးမှ ဝင်ရောက်လာလေသည်။
ညီလာခံ တက်ရောက်မည့် အမတ်များနှင့် လမ်းမတူသဖြင့် ရွှမ်ကျန့်နန်းဆောင်ကို ကျော်ဖြတ်ပြီး ကျစ်ချန်နန်းဆောင် ဘက်သို့ ဦးတည် လျှောက်လှမ်းသွားလေသည်။
ရှေ့တွင် အပြာရင့်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးကြီး တစ်ဦးသည် မီးအိမ်ကိုင်လျက် ကျစ်ချန်နန်းဆောင် တံခါးဝတွင် ရပ်ကာ စိုးရိမ်တကြီး မျှော်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းမစိုးကြီးသည် သပ်ရပ်စွာ ဝတ်ဆင်ထားသော်လည်း မျက်နှာမကောင်းဘဲ စိတ်ညစ်နေပုံ ရလေသည်။ သူသည် ယွမ်ဟော်ဧကရာဇ်၏ အပါးတော်မြဲ လန်ရှန်ချန်းပင် ဖြစ်သည်။
“မေအမတ် ရောက်လာပြီပဲ” လန်ရှန်ချန်းသည် မေဝမ့်ရှူးကို ဦးဆောင်ပြီး ကျစ်ချန်နန်းဆောင် အတွင်းသို့ အလျင်စလို ခေါ်ဆောင်သွားလေသည်။
“ဧကရာဇ်က စာသင်နေပြီ။ ဒီနေ့ လာသင်တာက အသစ်ခန့်လိုက်တဲ့ မင်းဆရာလွီလေ။ အို... ဒီလွီအမတ်က သဘောကောင်းတဲ့သူ မဟုတ်ဘူး။ မေအမတ် မြန်မြန် လျှောက်ပါဗျာ။ ဒီနေ့ နာရီဝက်လောက် နောက်ကျနေပြီ။ လွီအမတ် အပြစ်ရှာတာ မခံရစေနဲ့”
ကျစ်ချန်နန်းဆောင်သည် အလွန်ကျယ်ဝန်းပြီး ဧကရာဇ် နေ့စဉ် သီတင်းသုံးသော နန်းဆောင်မကြီး အပြင် အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဘေးနန်းဆောင် လေးခု ရှိလေသည်။
ယွမ်ဟော်ဧကရာဇ် နေ့စဉ် စာသင်ကြားရာ နေရာသည် အနောက်ဘက်ရှိ ရန်ယင်းနန်းဆောင်တွင် ဖြစ်သည်။
စင်္ကြံလမ်းအတိုင်း ဖြတ်သန်းသွားသောအခါ ရန်ယင်းနန်းဆောင် အတွင်းမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံကို အဝေးမှ ကြားလိုက်ရလေသည်။
“...... ရှေးပညာရှိတွေ ဆိုရိုးစကား ရှိပါတယ်။ ကောင်းမှုကုသိုလ် အားလုံးရဲ့ အစဟာ မိဘကို ရိုသေခြင်းပါပဲတဲ့။ ဒီအမတ် ဒီနေ့ ဧကရာဇ်နဲ့အတူ ဒီမိဘရိုသေခြင်းကျမ်းကို ဆက်လက် လေ့လာပါ့မယ်။ ဧကရာဇ် အနေနဲ့ စာပေသင်ကြားရာမှာ အာရုံစိုက်စေချင်ပါတယ်။ မယ်တော်ကြီးနဲ့ အမတ်ချုပ်ချီတို့ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေပါနဲ့”
မင်းဆရာလွီ၏ စကားကို တုံ့ပြန်သံ မကြားရဘဲ တိတ်ဆိတ်နေလေသည်။
နန်းဆောင်အတွင်းမှ မည်သူမျှ ပြန်လည်ပြောဆိုခြင်း မရှိပေ။
မင်းဆရာလွီသည် ဤအခြေအနေကို နေသားကျနေပုံ ရသည်။ ကိုယ့်ဘာသာ ဆက်ပြောလေသည်။ “ဧကရာဇ် စာအုပ်ဖွင့်လိုက်ပါ။ အမတ်မင်းနဲ့အတူ ဒီနေ့ သင်ခန်းစာကို လိုက်ဖတ်ပါ။ ပြီးရင် အမတ်မင်းက တစ်လုံးချင်း အဓိပ္ပာယ် ရှင်းပြပါ့မယ်”
ထို့နောက် ခေါင်းတရမ်းရမ်းဖြင့် စာဖတ်သံများ ထွက်ပေါ်လာလေသည်။
မေဝမ့်ရှူးသည် စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း ကျယ်လောင်သော စာဖတ်သံများကို နားထောင်ကာ မျက်မှောင်ကြုတ်လိုက်မိလေသည်။
ရှေးခေတ်ကတည်းက ကွန်ဖြူးရှပ် ကျမ်းစာများ၊ တိုင်းပြည်အုပ်ချုပ်ပုံ ကျမ်းစာများ အများအပြား ရှိပါလျက်နှင့်၊ အသက် (၁၂) နှစ်သာ ရှိသေးသော ဧကရာဇ်လေးကို အဘယ်ကြောင့် ဤစာအုပ်ကိုသာ သင်ကြားပေးနေရသနည်း။
မေဝမ့်ရှူးသည် ကျယ်လောင်သော စာဖတ်သံများကြားမှ ရန်ယင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာလေသည်။ ခန်းမအလယ် စားပွဲတွင် ထိုင်နေသော ဧကရာဇ်ငယ်လေးကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ကုလားထိုင်ကို ဆွဲကာ သူမ၏ စားပွဲတွင် ဝင်ထိုင် လိုက်လေသည်။
ထိုခေတ်တွင် ညာဘက်ကို အလေးပေးသောကြောင့် အသက်ကြီးပြီး ဝါရင့်သော မင်းဆရာလွီသည် ဧကရာဇ်၏ ညာဘက် အောက်ဘက်တွင် ထိုင်သည်။ မေဝမ့်ရှူး၏ နေရာသည် ဘယ်ဘက်တွင် ဖြစ်ပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖြစ်နေလေသည်။
မင်းဆရာလွီသည် စာဖတ်ခြင်းကို ရပ်တန့်လိုက်ပြီး သူမကို စောင်းကြည့်လေသည်။ “မေအမတ် ဒီနေ့ ဘာလို့ နောက်ကျတာလဲ။ လူငယ်လူရွယ် ဖြစ်ပြီး အိပ်ပုတ်ကြီးလို့ မဖြစ်ဘူးလေ”
မေဝမ့်ရှူးသည် မျက်နှာချင်းဆိုင်မှနေ၍ လက်အုပ်ချီ တောင်းပန်လိုက်လေသည်။ “ကျွန်တော်မျိုးရဲ့ အိမ်က ဝေးပါတယ်။ လမ်းမှာ နှင်းတွေက ဒူးလောက်ကျနေတော့ မြင်းရထား သွားလို့ မရဘူး။ ဒါကြောင့် နောက်ကျသွားတာပါ။ မင်းဆရာ ခွင့်လွှတ်ပါ”
မင်းဆရာလွီသည် သူမ၏ အမှားကို ရှားရှားပါးပါး ဖမ်းမိထားသဖြင့် လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ မုတ်ဆိတ်မွှေးကို သပ်ရင်း မေဝမ့်ရှူး စားပွဲဘေးတွင် ချွတ်ထားသော သားမွေးဝတ်ရုံနှင့် လက်ထဲတွင် ကိုင်ထားသော ရွှေရောင် လက်ကိုင်မီးဖိုလေးကို စောင်းကြည့်ကာ ရွဲ့စောင်းပြောဆိုလေသည်။
154 02
“ရှေးခေတ် ပညာရှိတွေတောင် ဆင်းရဲဒုက္ခကို ခံနိုင်ရည် ရှိကြတယ်။ လမ်းလျှောက်တာကို ရထားစီးသလို သဘောထားကြတယ်။ မေအမတ်က အိမ်က ချမ်းသာတော့ အသွားအလာကို ရထားအကြိုအပို့နဲ့ပဲ နေသားကျနေပြီ ထင်တယ်။ မြို့တော်မှာ နှင်းကျတာလေးနဲ့ လမ်းတောင် မလျှောက်တတ်တော့ဘူးလား။ ဧကရာဇ်ကို ဒီလောက်အကြာကြီး စောင့်ခိုင်းရတယ်လို့…”
“မေအမတ်ရဲ့ အိမ်က တကယ် ဝေးတာပါ” အပေါ်တွင် ထိုင်နေသော ဧကရာဇ်ငယ်လေးက ရုတ်တရက် ဝင်ပြောလိုက်သဖြင့် မင်းဆရာလွီ၏ စကား ပြတ်သွားလေသည်။
“နန်းတော်က မြို့အရှေ့မြောက်ဘက်မှာ ရှိတာ။ မေအမတ် အိမ်က မြို့အနောက်တောင်ဘက်မှာ ရှိတာ။ လာမယ်ဆိုရင် မြို့တော်တစ်ခုလုံးကို ဖြတ်လာရမှာ။ လမ်းလျှောက်လာရင် လူ ခဲသွားမှာပေါ့။ မနက်ဖြန် နှင်းဆက်ကျနေရင် စာရေးပြီး ခွင့်တိုင်လိုက်ပါ”
“ဧကရာဇ်ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ် ” မေဝမ့်ရှူး ထရပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ “ဒါပေမယ့် ကျွန်တော်မျိုး ခွင့်မယူချင်ပါဘူး။ ဧကရာဇ်နဲ့အတူ နေ့တိုင်း စာသင်ချင်ပါတယ်”
ဧကရာဇ်ငယ်လေး၏ မျက်နှာထား ပြောင်းလဲသွားသည်။ စာရွက်စာတမ်းများကြားမှ မော့ကြည့်လာပြီး သူမကို စိုက်ကြည့်နေလေသည်။ စေ့ထားသော နှုတ်ခမ်းလေးများ တွန့်ကွေးသွားပြီး ပြုံးတော့မယောင် ဖြစ်သွားသည်။
သို့သော် ထိုအပြုံးရိပ်လေးသည် မပေါ်လာခင်မှာပင် ပျောက်ကွယ်သွားလေသည်။
သူသည် ပြတင်းပေါက် အပြင်ဘက်မှ ကျဆင်းနေသော နှင်းပွင့်ကြီးများကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောကြားလေသည်။
“နှင်းတွေက တော်တော်နဲ့ တိတ်မယ့်ပုံ မပေါ်ဘူး။ ဒီည မေအမတ် ပြန်မနေနဲ့တော့။ နန်းတော်ထဲမှာပဲ အိပ်လိုက်ပါ။ မနက်ဖြန် မနက် နောက်ကျလို့ လူတွေရဲ့ အပြစ်တင်တာ မခံရအောင်လို့လေ”
“အမိန့်တော်အတိုင်းပါ ”
နှစ်ယောက်သား အပြန်အလှန် ပြောဆိုနေကြပြီး မင်းဆရာလွီကို ဘေးဖယ် ထားလိုက်ကြသည်။
မင်းဆရာလွီသည် ဒေါသထွက်နေသော်လည်း မျိုသိပ်ထားပြီး စာအုပ်ကို ဘုန်းခနဲ ဖွင့်လိုက်လေသည်။
“ခုနက ပြစ်ဒဏ်ကြီး (၅) ပါး အခန်းကို ရောက်နေပြီ။ ကျမ်းစာထဲမှာ ပြစ်ဒဏ် (၃၀၀၀) ရှိတဲ့အနက် မိဘကို မရိုသေတာလောက် ကြီးလေးတဲ့ အပြစ် မရှိဘူးလို့ ဆိုထားတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ ငါတို့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ဘယ်လို ကိုက်ညီအောင် သုံးမလဲ။ ဧကရာဇ် အနေနဲ့ အမွှေးတိုင် တစ်တိုင် ကုန်တဲ့ အချိန်အတွင်းမှာ စာတမ်းတစ်ပုဒ် ရေးသားပေးပါ။ အမတ်မင်းက ဧကရာဇ်ရဲ့ စာတမ်းကို မယ်တော်ကြီးနဲ့ အမတ်ချုပ်ချီဆီကို ဆက်သပေးပါ့မယ်”
ပြောပြီးသည်နှင့် ဘေးမှ မိန်းမစိုးကို အမွှေးတိုင် ထွန်းခိုင်းလိုက်လေသည်။
အမွှေးနံ့သာငွေ့များကြားတွင် မျက်လုံးမှိတ်ပြီး အနားယူနေလိုက်လေတော့သည်။
မိဘရိုသေခြင်း ကျမ်းသည် စကားလုံးများ ရိုးရှင်းပြီး နက်နဲခက်ခဲခြင်း မရှိပေ။ မေဝမ့်ရှူးသည် ဧကရာဇ် စာတမ်း မရေးတတ်မည်ကို မစိုးရိမ်ဘဲ၊ မရေးချင်ဘဲ နေမည်ကိုသာ စိုးရိမ်လေသည်။
သူမသည် နေရာတွင် ထိုင်ရင်း စိုးရိမ်စိတ်ဖြင့် စားပွဲဘက်သို့ လှမ်းကြည့်လိုက်သည်။
အနက်ရောင် ဝတ်ရုံနှင့် ဧကရာဇ်ငယ်လေးသည် စာရွက်တစ်ရွက်ကို ယူပြီး စာရေးနေသည်ကို တွေ့ရသဖြင့် စိတ်အေးသွားလေသည်။
ခဏစောင့်ပြီး စာတမ်း တစ်ဝက်လောက် ပြီးလောက်ပြီ အထင်ဖြင့် ထပ်ကြည့်လိုက်သည်။
ထိုအခါ ဧကရာဇ်ငယ်လေးသည် စာရေးခြင်းကို ရပ်တန့်ထားပြီး စာရွက်ကို ကြည့်ကာ အေးစက်စက် ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။
နက်မှောင်သော မျက်လုံးများသည် အောက်ဘက်တွင် မျက်လုံးမှိတ်ထားသော မင်းဆရာလွီကို စိုက်ကြည့်နေပြီး စားပွဲပေါ်မှ စုတ်တံနီကို ယူကာ စာရွက်ပေါ်တွင် လျှောက်ဆွဲနေပြန်သည်။
သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ တစ်ခုခု မှားယွင်းနေပြီ။
ချက်ချင်း ထပြီး သွားကြည့်လိုက်လေသည်။
ဧကရာဇ်က သူမ လာသည်ကို မြင်သောအခါ လန့်သွားပြီး စာရွက်ကို လက်ဖြင့် အုပ်ထားသည်။ သူမက အတင်း ကြည့်မည် ပြုသောအခါမှ လက်ဖယ်ပေးလိုက်လေသည်။
154 03
စာတစ်လုံးမှ ရေးမထားပေ။
ဈေးကြီးသော စာရွက်ပေါ်တွင် လူပုံလေး တစ်ပုံ ဆွဲထားသည်။ ကြည့်လိုက်သည်နှင့် မင်းဆရာလွီမှန်း သိသာသည်။ မုတ်ဆိတ်မွှေး တိုတိုလေးတွေနဲ့၊ လက်နှစ်ဖက် မြှောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတဲ့ ပုံစံ။ လူပုံအောက်တွင် မီးပုံ ရေးဆွဲထားပြီး စုတ်တံနီဖြင့် မီးတောက်ပုံများ ခြယ်သထားသည်။
မင်းဆရာလွီကို မီးကင်နေခြင်း ဖြစ်သည်။
မေဝမ့်ရှူး “......”
သူမ ခေါင်းကိုက်စွာဖြင့် မျက်လုံးမှိတ်ထားသော မင်းဆရာလွီကို တစ်ချက်၊ ကုန်ခါနီး အမွှေးတိုင်ကို တစ်ချက် ကြည့်လိုက်လေသည်။
သူမ စုတ်တံကို ယူပြီး စာရွက်ပေါ်တွင် အမြန် ရေးပြလိုက်သည်။ “လွီက ဒီစာရွက်ကို မယ်တော်ကြီး နန်းဆောင် ပို့မှာနော်”
ဧကရာဇ်က အေးစက်စက် ပြုံးပြီး ပြန်ရေးပြသည်။ “ပို့ပါစေ။ ဂရုမစိုက်ဘူး”
ရင်ထဲက မကျေနပ်ချက်တွေကို မထိန်းနိုင်တော့ဘဲ သူ ထပ်ရေးပြန်တယ်။ “မိဘကို မရိုသေတာလောက် ကြီးလေးတဲ့ အပြစ် မရှိဘူးတဲ့။ ငါ နားမလည်ဘူး။ မိဘက မေတ္တာထားမှ သားသမီးက ရိုသေမှာပေါ့။ မိဘက မေတ္တာမရှိဘဲနဲ့ ဘာကိစ္စ ကျမ်းစာတွေ ကိုးကားပြီး သားသမီးကို အတင်း ရိုသေခိုင်းနေရတာလဲ”
မေဝမ့်ရှူးသည် စာရွက်ပေါ်ရှိ ကလေးဆန်သော်လည်း ဒေါသပါနေသော စာလုံးများကို ကြည့်ပြီး သက်ပြင်းချလိုက်မိလေသည်။
ဧကရာဇ် ပြောတာ မှန်ပါတယ်။ ဒါပေမယ့်... အမွှေးတိုင် ကုန်တော့မယ်။
မင်းဆရာလွီသည် မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
“မေအမတ်... ဘာလို့ ဧကရာဇ် အနောက်မှာ သွားရပ်နေတာလဲ။ ဧကရာဇ်က အရွယ်ရောက်နေပါပြီ။ စာတမ်း မရေးတတ်ရင်တောင် အောက်လက်ငယ်သားဆီက အကူအညီ မတောင်းသင့်ပါဘူး”
မေဝမ့်ရှူး လက်နှစ်ဖက်ကို ပြလိုက်လေသည်။
“ကျွန်တော်မျိုး ဧကရာဇ် ကိုယ်စား မရေးပေးရဲပါဘူး။ ဧကရာဇ်က ရေးပြီးပါပြီ။ ကျွန်တော်မျိုးက စကားလုံး အနည်းငယ် ပြင်ဆင်ပေးနေရုံပါ”
မင်းဆရာလွီက ပြောလေသည်။ “ဒါဆို ဧကရာဇ်ရဲ့ လက်ရာမြောက် စာတမ်းကို ကြည့်ပါရစေ”
ဧကရာဇ်ငယ်လေး အနောက်တွင် ရပ်နေသော ဆူးဟွေ့ကျုံး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။
မေဝမ့်ရှူး ဘာမှမဖြစ်သလို ကိုယ့်နေရာကိုယ် ပြန်သွားထိုင်လိုက်ပြီး တောင်းဆို လိုက်လေသည်။
“ဧကရာဇ်ရဲ့ စာတမ်းမှာ ပြင်ဆင်ထားတာတွေ များနေလို့ ကြည့်ရတာ ရှုပ်နေပါတယ်။ ကျွန်တော်မျိုးက ဧကရာဇ် ကိုယ်စား ဖတ်ပြပြီး သေသပ်အောင် ပြန်ကူး ရေးပေးပါရစေ။ ဒါမှ မယ်တော်ကြီးဆီ ဆက်သတဲ့အခါ ကြည့်ကောင်းမှာပါ”
“မေအမတ် စဉ်းစားတာ ပြည့်စုံပါတယ်” မင်းဆရာလွီ သဘောတူလိုက်လေသည်။
ဆူးဟွေ့ကျုံးသည် မျက်နှာပျက်လျက် မီးကင်ခံနေရသော လူပုံနှင့် မယ်တော်ကြီးကို မလေးမစား ရေးသားထားသော စာများကို လိပ်ပြီး စားပွဲအောက် ဆင်းလာကာ မေဝမ့်ရှူးကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်လေသည်။
မေဝမ့်ရှူး တည်ငြိမ်စွာ လှမ်းယူလိုက်ပြီး စားပွဲပေါ် ဖြန့်လိုက်လေသည်။
မီးကင်ခံနေရသော လူပုံကို ကြည့်ပြီး တည်ငြိမ်စွာ ဖတ်ပြလိုက်လေသည်။
“'ပြစ်ဒဏ် (၃၀၀၀) ရှိတဲ့အနက် မိဘကို မရိုသေတာလောက် ကြီးလေးတဲ့ အပြစ် မရှိဘူး။ ပညာရှိတွေရဲ့ စကားက တကယ့်ကို ထိမိလှပါတယ်။ စာလုံးနည်းနည်းလေးနဲ့ မိဘမေတ္တာ ဘယ်လောက်ကြီးမားလဲ ဆိုတာ ပေါ်လွင်စေပါတယ်”
ပါးစပ်မှ ဖတ်နေစဉ် လက်က စာရွက်အလွတ် တစ်ရွက်ပေါ်တွင် စုတ်တံဖြင့် အလျင်အမြန် ရေးသားနေလေသည်။
မျက်နှာချင်းဆိုင်မှ မင်းဆရာလွီက မျက်လုံးမှိတ် နားထောင်ရင်း ခေါင်းငြိမ့်နေလေသည်။ “အစပျိုးတာတော့ သိပ်မထူးခြားပေမယ့်၊ ဧကရာဇ်ရဲ့ အသက်အရွယ်နဲ့ မိဘမေတ္တာ ကြီးမားပုံကို ရေးနိုင်တာ တော်ပါတယ်”
မေဝမ့်ရှူးသည် ဖတ်လည်းဖတ်၊ ရေးလည်းရေးနှင့် စာတမ်းတစ်ပုဒ်လုံးကို ပြန်ကူး လိုက်လေသည်။ မင်ခြောက်အောင် မှုတ်ပြီး စာရွက်ကို လိပ်လိုက်လေသည်။
154 04
ဆူးဟွေ့ကျုံး မျက်လုံး ပြူးနေလေသည်။ အသစ်စက်စက် စာတမ်းကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မင်းဆရာလွီ စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။
မင်းဆရာလွီက ဖွင့်ကြည့် လိုက်လေသည်။ သူ စောစောက ကြားလိုက်ရသော အကြောင်းအရာများနှင့် တူညီနေသည်။ လက်ရေးလှလှလေးများကို ကြည့်ပြီး ပိုမို သဘောကျသွားလေသည်။
“စာသင်သားမေရဲ့ လက်ရေးက လှလိုက်တာ။ ဒီလို သေသပ်အောင် ကူးရေးပြီး မယ်တော်ကြီးဆီ ဆက်သတာ ကောင်းပါတယ်။ ပင်ပန်းသွားပြီ”
ဒီနေ့ မနက်ခင်း စာသင်ချိန် ပြီးဆုံးသွားလေသည်။ မင်းဆရာလွီက ထရပ်ပြီး ထုံးစံအတိုင်း ဧကရာဇ်ကို လိုက်ပါ ပို့ဆောင်လေသည်။ နန်းဆောင်အပြင်တွင် ဆရာနှင့် တပည့် နှုတ်ဆက်ကြလေသည်။
ဧကရာဇ်ငယ်လေးသည် မျက်နှာသေဖြင့် ဦးညွှတ်နှုတ်ဆက်ပြီး လှည့်ထွက်သွားလေသည်။
မေဝမ့်ရှူးသည် ဧကရာဇ်၏ လက်ရေးမူရင်းကို အင်္ကျီလက်ကြားထဲ ထည့်ပြီး နန်းဆောင်ထဲမှ နောက်ဆုံးမှ ထွက်ခွာလာခဲ့လေသည်။
မင်းဆရာလွီ ရှေ့နန်းဆောင်ဘက် ထွက်ခွာသွားသည်ကို သေချာမှ သူမ အရှေ့သို့ သုတ်ခြေတင် လိုက်ပါသွားလေသည်။
ဧကရာဇ်သည် လမ်းဆုံတွင် ရပ်စောင့်နေလေသည်။ မဝေးသေးပေ။
အနက်ရောင် ဝတ်ရုံနှင့် ဧကရာဇ်ငယ်လေးသည် ခြေသံကြားသောအခါ လှည့်ကြည့်ပြီး ခေါ်လိုက်လေသည်။ “စာသင်သားမေ... ဒီဘက်”
မေဝမ့်ရှူး အနားသွားပြီး ခြေလှမ်းဝက်ခန့် အကွာမှနေ၍ နောက်က လိုက်ပါသွားလေသည်။
ဆူးဟွေ့ကျုံးသည် ချွေးများ သုတ်နေလေသည်။ လူလွတ်သောနေရာ ရောက်မှ စကားပြောရဲတော့သည်။ “ခုနက ကျွန်တော်မျိုး သေတော့မလို့ပဲ။ မင်းဆရာလွီက မယ်တော်ကြီးဆီ သွားတိုင်တော့မယ် ထင်နေတာ... ကောင်းကောင်းမွန်မွန် နှစ်သစ်ကူးလေးတောင် မနေရတော့ဘူးလို့ တွေးနေတာ”
“ပြီးသွားပြီပဲ... နောက်တစ်ခါ ပြန်မပြောပါနဲ့တော့” မေဝမ့်ရှူးက သတိပေးလိုက်လေသည်။ လမ်းအနည်းငယ် လျှောက်ပြီးမှ ဧကရာဇ်ငယ်လေးကို တိုးတိုးလေး ပြောလိုက်လေသည်။
“ဧကရာဇ် ဒီနေ့ လုပ်သလိုမျိုး စာရွက်ပေါ်မှာ လူပုံဆွဲပြီး တစ်ဖက်သားကို ဒေါသထွက်အောင် လုပ်တာက စိတ်ပြေတယ် ဆိုပေမယ့် ဟိုဘက်လူကို ဘာမှ မထိခိုက်စေပါဘူး။ သူ့ကို ရာထူးပြုတ်အောင် မလုပ်နိုင်တဲ့အပြင် ကိုယ့်ဘက်က အပြစ်ဖြစ်မယ့် သက်သေ ပေးလိုက်သလို ဖြစ်နေတယ်။ ဒါက စိတ်လိုက်မာန်ပါ လုပ်တာပါ။ ရေရှည် အကြံအစည် မဟုတ်ပါဘူး”
ဧကရာဇ်သည် တိတ်ဆိတ်နေလေသည်။
မေဝမ့်ရှူးက အင်္ကျီလက်ကြားထဲမှ စာရွက်ကို ထုတ်ပေးလိုက်လေသည်။ “ဧကရာဇ် ယူသွားပြီး မီးရှို့ပစ်လိုက်ပါ။ နှစ်သစ်ကူးရင် (၁၃) နှစ် ပြည့်တော့မယ်။ နောက်နောင် ဒီလို ကလေးဆန်တဲ့ ကိစ္စတွေ မလုပ်ပါနဲ့တော့”
ဧကရာဇ်က လက်မခံချင်ပေ။
မေဝမ့်ရှူးက (၂) ကြိမ်ခန့် အတင်း ထိုးပေးမှ လက်ခံလိုက်လေသည်။
ခြံဝင်းကျယ်ကြီးကို ဖြတ်ပြီး တိတ်ဆိတ်စွာ လျှောက်လှမ်း လာကြလေသည်။ ကျစ်ချန်နန်းဆောင် ရောက်ခါနီးမှ သူ ခေါင်းငြိမ့် လိုက်လေသည်။ “စိတ်လိုက်မာန်ပါ လုပ်တာက သူ့ကို နန်းတော်ထဲက မောင်းထုတ်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ပဲ အပုပ်နံ့ ခံရမှာ။ အကျိုးမရှိဘူး။ နောက် မလုပ်တော့ပါဘူး”
မေဝမ့်ရှူး သူ သဘောပေါက်သွားမှန်း သိသဖြင့် စိတ်အေးသွားပြီး ပြုံးလိုက်လေသည်။
“ဧကရာဇ်က အကြံဉာဏ်ကို လက်ခံတတ်လို့ ဝမ်းသာပါတယ်” သူမ ဘေးဘီဝဲယာ ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “မင်းဆရာလွီကို ဧကရာဇ်နားမှာ ဆက်ထားလို့ မဖြစ်ဘူး။ ကျွန်တော်တို့ သေချာ စီစဉ်ပြီး တစ်ချက်တည်းနဲ့ အပြတ်ဖြုတ်မှ ရမယ်”
ယွမ်ဟော်ဧကရာဇ် လန့်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။
သူ့၏ နက်မှောင်သော မျက်လုံးများ စိုက်ကြည့်နေသည့် အောက်တွင် သူမက စကားလမ်းကြောင်း လွှဲလိုက်လေသည်။ “ဒီနေ့က (၁၂) လပိုင်း (၈) ရက်နေ့ လာဘပွဲတော် ဆိုတော့ သူ့အကြောင်း မပြောတော့ပါဘူး။ ဧကရာဇ်ကို ကိစ္စသေးသေးလေး တစ်ခု ပြောပြမလို့”
“မနက်က နောက်ကျတာက နှင်းကျလို့ ဆိုပေမယ့် ရာသီဥတု ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး”
“ကျွန်တော်မျိုး အိမ်မှာ မနေ့ညကတည်းက မနက်အထိ မီးဖိုစောင့်ပြီး လာဘယာဂု ကျိုနေလို့ပါ။ ပျစ်ပျစ်နှစ်နှစ်လေး ကျိုထားတာ၊ အနံ့က မွှေးပြီး စားကောင်းတယ်။ မနက်က ချိုင့်ကြီး တစ်ချိုင့် ထည့်လာပြီး ချီကျန့်ဟန်ဆီမှာ အပ်ထားခဲ့တယ်”
154 05
“ကျွန်တော်မျိုး ကိုယ်တိုင် ကျိုထားတာမို့ အဆိပ်တွေ ဘာတွေ မပါပါဘူး။ ခဏနေ တံခါးပိတ်ပြီးရင် ကျွန်တော်တို့တွေ ဧကရာဇ်ကို စောင့်ရှောက်ရင်း ယာဂုပူပူလေး သောက်ကြမယ်။ နှစ်သစ်ကူး အကြောင်းတွေ ပြောကြမယ်။ ကျွန်တော်မျိုးက စက္ကူညှပ်တာ ကျွမ်းကျင်တယ်။ ပြတင်းပေါက်မှာ ကပ်ဖို့ စက္ကူပန်းပုံလေးတွေ ညှပ်ပေးမယ်။ ဆောင်းတွင်းမှာ ကျက်သရေ ရှိသွားအောင်လို့လေ။ နှစ်သစ်ကူးကို ကောင်းကောင်းလေး ဖြတ်သန်းကြတာပေါ့”
ဧကရာဇ်ငယ်လေး မျက်လုံးများ အရောင်တောက်လာလေသည်။
ကလေးဖြစ်သဖြင့် ပျော်ရွှင်သော မျက်နှာထားကို ဖုံးကွယ်မထားနိုင်ပေ။
စောစောက နန်းဆောင်ထဲတွင် မင်းဆရာလွီကို ကြည့်စဉ်က မှောင်မိုက်နေသော မျက်နှာထား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ ခြေလှမ်းများ မြန်ဆန်လာလေသည်။ ပိုမို မြန်ဆန်လာလေသည်။ (၇၀၀-၈၀၀) ပေခန့်သာ ရှိသော စင်္ကြံလမ်းတွင် မေဝမ့်ရှူးကို အဝေးကြီး ဖြတ်ကျော်သွားလေသည်။
လော့ထျန်သည် လမ်းချိုးတွင် ရပ်ပြီး ပြန်လှည့်ကြည့်ကာ သူမကို စောင့်ဆိုင်းနေလေသည်။
(၁၂) နှစ်အရွယ် ကောင်လေး... အရပ် အနည်းငယ် ရှည်လာပြီ ဆိုသော်လည်း သူမထက် ပုနေဆဲ ဖြစ်သည်။ စိတ်လှုပ်ရှားနေသည်ကို ဖုံးကွယ်မရသော်လည်း အသံကို တည်ငြိမ်အောင် ထိန်းပြီး မေဝမ့်ရှူးကို လှမ်းခေါ်လိုက်လေသည်။
“မေအမတ်... မြန်မြန် လာလေ။ ယာဂု သောက်ပြီးရင် ကျန်းလည်း စက္ကူပန်း ညှပ်ချင်တယ်”
******