← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

155 01

အခန်း 155 အပိုင်းပို (၄)

ဧကရာဇ်ငယ်လေးနှင့် အတူရှိခဲ့သော နေ့ရက်များ (ဒုတိယပိုင်း)

ချီကျန့်ဟန်သည် ယနေ့ ကျစ်ချန်နန်းဆောင် အပြင်ဘက်တွင် တာဝန်ကျလေသည်။

သူသည် ယခုအခါ လူ (၁၀) ဦးကို ဦးဆောင်ရသော တပ်ခွဲမှူးအဆင့် ဖြစ်နေပြီ ဖြစ်သည်။ နံနက်စောစောစီးစီး ပူပူနွေးနွေး ထမင်းချိုင့်ကြီး ဆွဲပြီး နန်းတော်ထဲ ဝင်လာခဲ့သော်လည်း ဘယ်သူ့ကိုမှ မကျွေးဘဲ ဖွက်ထားသဖြင့် လက်အောက်ငယ်သားများ၏ ဝိုင်းဝန်း စနောက်ခြင်းကို ခံခဲ့ရလေသည်။

ဧကရာဇ် ကြွလာသည်ကို အဝေးမှ လှမ်းမြင်လိုက်ရမှသာ သူသည် အကျပ်အတည်းမှ လွတ်မြောက်သွားပြီး တပ်ခွဲမှူး အရှိန်အဝါဖြင့် ဟိန်းဟောက်လိုက်လေသည်။

“ဧကရာဇ် ကြွလာပြီ! နေရာအသီးသီး သွားကြတော့”

သူသည် ပူနေသော ထမင်းချိုင့်ကို ဆွဲပြီး မေအမတ်ထံသို့ အမြန် သွားရောက် အပ်နှံလိုက်လေသည်။ ပစ္စည်းကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

သူ ကျစ်ချန်နန်းဆောင်ထဲ ဝင်ရောက်ချိန်သည် အလွန် ကိုက်ညီနေလေသည်။ မေဝမ့်ရှူးသည် နန်းဆောင်ထဲတွင် ကျန်ရှိနေသော လူဦးရေကို ရေတွက်ကြည့်ပြီးနောက် နန်းဆောင်တံခါးကို ပိတ်လိုက်လေသည်။

လူအားလုံးကို အတွင်းခန်းထဲသို့ ခေါ်လိုက်ပြီး ပူပူနွေးနွေး ထမင်းချိုင့်ကို ဖွင့်ကာ တစ်ယောက် တစ်ပန်းကန်စီ ဝေငှပေးလိုက်လေသည်။

ပထမဆုံး ပန်းကန်လုံးကို ပြတင်းပေါက်နားရှိ ကုတင်ရှည်ပေါ်တွင် ထိုင်နေသော ယွမ်ဟော်ဧကရာဇ်ကို ဆက်သလိုက်လေသည်။

ထို့နောက် အသက်အကြီးဆုံး ဖြစ်သော ဆူးဟွေ့ကျုံးမှ စတင်ပြီး လန်ရှန်ချန်း၊ ချီကျန့်ဟန် တို့ကို အစဉ်လိုက် ဝေငှပေးကာ နောက်ဆုံး တစ်ပန်းကန်ကို သူမအတွက် ချန်ထားလိုက်လေသည်။

အမတ် (၄) ဦးသည် ကုတင်ရှည်ကို ဝိုင်းရံထိုင်လိုက်ကြပြီး ဧကရာဇ်ငယ်လေးနှင့်အတူ စုစုပေါင်း (၅) ဦးသား ပူပူနွေးနွေး ဆန်ပြုတ်ကို တရှူးရှူး တရှပ်ရှပ် သောက်ကြလေသည်။

ပူနွေးသော ဆန်ပြုတ်သည် ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသောအခါ ပြတင်းပေါက် အပြင်ဘက်တွင် ကျဆင်းနေသော နှင်းပွင့်များသည် အေးစက်ခြင်း မရှိတော့သကဲ့သို့ ခံစားလိုက်ရလေသည်။

အတွင်းခန်းထဲရှိ လေထုသည်လည်း အစပိုင်းကကဲ့သို့ တင်းကျပ်မနေတော့ဘဲ သက်သောင့်သက်သာ ဖြစ်လာလေသည်။ သူတို့သည် ရယ်ရယ်မောမော စကားပြောရင်း စက္ကူညှပ်ရန် ပြင်ဆင်ကြလေသည်။

နန်းတော်ထဲတွင် ကတ်ကြေးနှင့် စက္ကူအနီများသည် အဆင်သင့် ရှိနေ၏။ မေဝမ့်ရှူးသည် ဆူးဟွေ့ကျုံးနှင့် လန်ရှန်ချန်းတို့ကို ဦးဆောင်ပြီး သစ်သားစားပွဲဝိုင်းလေးတွင် ထိုင်ကာ (ဖု-ကံကောင်းခြင်း) စာလုံးနှင့် (ချွမ်း-နွေဦး) စာလုံး ပုံစံ စက္ကူညှပ်ရန် တိုင်ပင်နေကြလေသည်။

စက္ကူညှပ်ရင်း ဆူးဟွေ့ကျုံးသည် ကတ်ကြေးကို ချလိုက်ပြီး မျက်ရည်သုတ်လိုက်လေသည်။

“အရင်တုန်းက နှစ်သစ်ကူးချိန် ရောက်ရင် ဧကရာဇ်ဘေးက အပါးတော်မြဲ (၄) ယောက် စားပွဲဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး နေခဲ့ကြတာ”

သူသည် အတွင်းခန်းထဲရှိ ဧကရာဇ် ကြားသွားမည် စိုးသဖြင့် အသံတိုးတိုးဖြင့် လန်ရှန်ချန်းကို ညည်းတွားပြောဆိုလေသည်။

“တစ်နှစ်နေတော့ တစ်ယောက် လျော့သွားတယ်... နောက်တစ်နှစ်နေတော့ နောက်တစ်ယောက် ထပ်လျော့သွားပြန်ရော... အခုတော့ ငါတို့ အဘိုးကြီးနှစ်ယောက်ပဲ ကျန်တော့တယ်”

လန်ရှန်ချန်းသည် မျက်နှာချင်းဆိုင်မှ မေဝမ့်ရှူးကို တစ်ချက် လှမ်းကြည့်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ “ကျန်တဲ့နှစ်ယောက်က သေသွားတာ ကြာပါပြီကွာ။ နှစ်သစ်ကူး နေ့ထူးနေ့မြတ်မှာ မေအမတ် ရှေ့ရောက်မှ မင်္ဂလာမရှိတာတွေ မပြောစမ်းပါနဲ့”

မေဝမ့်ရှူးသည် စားပွဲ တစ်ဖက်ခြမ်းတွင် ထိုင်ရင်း ဘာမျှ ဝင်မပြောဘဲ လက်ထဲမှ ချွမ်း စာလုံး ပုံစံ စက္ကူကိုသာ တိတ်ဆိတ်စွာ ညှပ်နေလိုက်လေသည်။

နန်းတော်ထဲက အခြေအနေကို သူမ သိထားသည်။

ဧကရာဇ်က ငယ်ရွယ်စဉ် နန်းတက်ခဲ့ရတာ။ ငယ်ငယ်ကတည်းက အတူရှိခဲ့တဲ့ အပါးတော်မြဲ (၄) ယောက်က အနာဂတ်မှာ ရာထူးကြီးတွေ ရလိမ့်မယ်လို့ လူတိုင်း ထင်ခဲ့ကြတာ။

ဒါပေမဲ့ ယခင်ဧကရာဇ်ရှေ့မှာ သစ္စာရှိသယောင် ဆောင်ခဲ့တဲ့ ချီယို့သောင်းက ယခင်ဧကရာဇ် နတ်ရွာစံပြီး အာဏာရလာတာနဲ့ ချက်ချင်း မျက်နှာဖုံး ကွာကျသွားခဲ့တယ်။

155 02

ဧကရာဇ်ငယ်လေးက သူ့ကြိုးဆွဲရာ မကလေဘူး။

ချီယို့သောင်းက ကြက်ကိုသတ်ပြီး မျောက်ကို ခြိမ်းခြောက်ရတာ ဝါသနာပါသူ။ (လူတစ်ယောက်ကို သတ်ပြပြီး ကျန်တဲ့သူတွေကို ကြောက်အောင်လုပ်တာ)

ယွမ်ဟော်ဧကရာဇ် နန်းတက်တဲ့ ပထမနှစ်မှာ ဘေးနားက အပါးတော်မြဲ တစ်ယောက် ပျောက်သွားတယ်။

ဒုတိယနှစ်မှာ နောက်တစ်ယောက် ထပ်လျော့သွားတယ်။

ဒီ ၁၂ လပိုင်း ကုန်ရင်... နန်းတက်တာ (၃) နှစ် ပြည့်ပြီ။

မေဝမ့်ရှူးသည် လက်ထဲမှ ချွမ်း စာလုံးကို ညှပ်ပြီးသွားသဖြင့် ကတ်ကြေးကို ချလိုက်ပြီးမှ စကားပြောလိုက်လေသည်။

“အရင်တုန်းက ဧကရာဇ် ဘေးမှာ အပါးတော်မြဲ (၄) ယောက် ရှိခဲ့တယ်။ ဒီနေ့လည်း ဘေးမှာ လူ (၄) ယောက် ရှိနေတုန်းပါပဲ”

သူမသည် ရွှေချည်ထိုး သစ်သားကန့်လန့်ကာ ကြားမှတဆင့် အတွင်းခန်းထဲတွင် ထိုင်နေသော ဧကရာဇ်ငယ်လေးကို လှမ်းကြည့်ပြီး တိုးတိုးလေး ဆက်ပြောလိုက်လေသည်။

“ဧကရာဇ် အရွယ် ရောက်လာပါပြီ။ နောက်နောင်ဆိုရင် ဘေးမှာ လူတွေ ပိုများလာမှာပါ”

ဆူးဟွေ့ကျုံး မျက်ရည်သုတ်ရင်း ခေါင်းငြိမ့်လိုက်လေသည်။

အတွင်းခန်း ပြတင်းပေါက်နားရှိ ကုတင်ရှည်ဘေးတွင် ချီကျန့်ဟန်သည် လက်မှုပညာ ညံ့ဖျင်းပြီး စက္ကူမညှပ်တတ်သဖြင့် ဧကရာဇ်ကို အဖော်ပြုရန် ကျန်ရစ်ခဲ့လေသည်။

သူကလည်း အားမငယ်ဘဲ စိတ်ပါလက်ပါဖြင့် သိုင်းကွက်ပုံစံ ပြသကာ ခြေသလုံး မြဲအောင် ရပ်ပြနေလေသည်။

“ဧကရာဇ်က ကျွန်တော်မျိုးနဲ့အတူ မြင်းစီးသိုင်းကွက် လေ့ကျင့်တာ တစ်လလောက် ရှိပြီဆိုတော့ အောက်ပိုင်း တော်တော် သန်မာလာပါပြီ”

သူ သိုင်းကွက် ရုပ်သိမ်းလိုက်ပြီး ရယ်မောလိုက်လေသည်။

“ဒီရက်ပိုင်း ဧကရာဇ် အရပ်ရှည်လာသလိုပဲ။ ကျွန်တော်မျိုး ပြောသားပဲ... (၃) နှစ်လောက်သာ နေ့တိုင်း နာရီဝက်လောက် လေ့ကျင့်ပေးရင် ဧကရာဇ်က သန်မာထွားကျိုင်းတဲ့ ယောက်ျားပီသသူ ဖြစ်လာမှာပါ လို့”

လော့ထျန်သည် မူလက မျက်နှာသေဖြင့် နားထောင်နေသော်လည်း နောက်ဆုံး စကားကို ကြားသောအခါ စိတ်ဝင်စားသွားလေသည်။

“သန်မာထွားကျိုင်းဖို့တော့ မလိုပါဘူး” သူ စဉ်းစားပြီး မေးလိုက်လေသည်။ “သိုင်းကျင့်ရင် တကယ် အရပ်ရှည်လာမှာလား။ ခမည်းတော်တုန်းက ၁.၇မီတာပဲ ရှိတာ။ ကျန်းလည်း အခုထိ သိပ်မရှည်သေးဘူး...”

ဧကရာဇ်ငယ်လေးသည် ခေါင်းငုံ့ပြီး ဖွံ့ဖြိုးဆဲ ဖြစ်သော သူ၏ သေးသွယ်သော ခန္ဓာကိုယ်ကို ကြည့်လိုက်လေသည်။

ထို့နောက် ကန့်လန့်ကာ ကြားမှတဆင့် အပြင်ခန်းတွင် စက္ကူညှပ်နေသော မေအမတ်ကို လှမ်းကြည့်လိုက်လေသည်။

(၁၈) နှစ်အရွယ် ယောက်ျားပျို အရာရှိလေး... ခန္ဓာကိုယ်က ဝါးပင်လို သွယ်လျတယ်။ ပိန်ပေမဲ့... သူ့ထက် အရပ်ရှည်တယ်။

လော့ထျန် စိတ်မချသဖြင့် ချီကျန့်ဟန်ကို ထပ်မေးလိုက်လေသည်။

“တကယ်လို့ ဆက်တိုက် လေ့ကျင့်သွားရင်... ကျန်း (၁၈) နှစ် ရောက်တဲ့အခါ မေအမတ်ထက် အရပ်ရှည်နိုင်မလား”

ချီကျန့်ဟန် သဘောကျသွားလေသည်။

“ဧကရာဇ်က အခုမှ အရွယ်ရောက်စလေ။ မေအမတ်က အရွယ်ရောက်ပြီးသွားပြီ။ ကျွန်တော်မျိုး ကြည့်ရတာ မေအမတ်က ဒီနှစ် အရပ် ထပ်မရှည်တော့ဘူး။ နောက်လည်း သိပ်ရှည်တော့မှာ မဟုတ်ပါဘူး။ ဧကရာဇ်က ဒီနှစ်မှ (၁၂) နှစ် ရှိသေးတာ”

ချီကျန့်ဟန်က ရင်ဘတ်ကို ပုတ်ပြီး အာမခံလိုက်လေသည်။

“ကျွန်တော်မျိုးသာ ဆက်ပြီး သင်ပေးရမယ်ဆိုရင် (၁၈) နှစ်တောင် စောင့်စရာ မလိုပါဘူး။ ဧကရာဇ် (၁၅-၁၆) နှစ်လောက် ရောက်ရင် အရပ်ထွက်လာပြီး မေအမတ်ထက် သေချာပေါက် ရှည်လာမှာပါ”

ဧကရာဇ်ငယ်လေး ခေါင်းငုံ့ပြီး လက်ဖက်ရည် ပူပူလေးကို သောက်လိုက်လေသည်။

လက်ဖက်ရည်သောက်ဟန် ပြုရင်း အသံမထွက်ဘဲ ပြုံးလိုက်လေသည်။

လက်ဖက်ရည် သောက်ပြီး၍ ခေါင်းမော့လာသောအခါ အပြုံးရိပ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

155 03

“ကောင်းတယ်” သူ တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။ “နောက်နောင် မနက်ခင်း သိုင်းကျင့်ရင် ဘာကိုမှ အားနာမနေနဲ့။ တင်းတင်းကျပ်ကျပ်သာ သင်ပေး”

ချီကျန့်ဟန် လေးလေးနက်နက် အမိန့်နာခံလိုက်လေသည်။

နန်းဆောင်ထဲတွင် စကားပြောနေကြစဉ် ပိတ်ထားသော တံခါးအပြင်ဘက်မှ မိန်းကလေးတစ်ယောက်၏ စူးရှသော အသံ ထွက်ပေါ်လာလေသည်။

“မေအမတ်က ကျစ်ချန်နန်းဆောင်ထဲမှာလား။ နေ့ခင်းကြောင်တောင်ကြီး ဘာလို့ တံခါးပိတ်ထားတာလဲ။ မေအမတ်... ထွက်ခဲ့! ကစားရအောင်!”

လေးလံသော နန်းဆောင်တံခါးကြီး ပွင့်သွားလေသည်။

ငွေရောင်ရောသော အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးငယ် တစ်ဦး ဝင်ရောက်လာလေသည်။ ခေါင်းပေါ်တွင် ပုလဲဆံထိုးများဖြင့် ဆံထုံးနှစ်ဖက် ထုံးထားပြီး၊ မြေခွေးမွေး ဝတ်ရုံပွပွကြီးကို ဝတ်ဆင်ထားသဖြင့် နှင်းလုံးလေး တစ်လုံး လှိမ့်ဝင်လာသကဲ့သို့ ဖြစ်နေလေသည်။ တံခါးခုံကို ခုန်ကျော်ပြီး ဝင်လာ၏။

အထိန်းတော်ကြီး (၄) (၅) ယောက် ခြံရံလျက် ကျစ်ချန်နန်းဆောင်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်လာလေသည်။

နန်းဆောင်ထဲရှိ လူအားလုံး လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဖိတ်မခေါ်ဘဲ ရောက်လာသော ဧည့်သည်ကို ကြည့်လိုက်ကြလေသည်။

ရောက်လာသူမှာ မယ်တော်ကြီး အချစ်ဆုံး တူမ၊ လော့ထျန်၏ ဝမ်းကွဲညီမလေး ဟယ်ကျားယွမ် ဖြစ်လေသည်။

အသက် (၉) နှစ်သာ ရှိသေးသော်လည်း နန်ဟယ် ခရိုင်မင်းသမီးဘွဲ့ ရရှိထားပြီး နန်းတော်ထဲတွင် ယခင်ဧကရာဇ်၏ သမီးရင်း မင်းသမီးများထက်ပင် မျက်နှာပွင့်လေသည်။

မယ်တော်ကြီး အလိုလိုက်ထားသဖြင့် စည်းကမ်း နားမလည်ဘဲ နန်းတော်ထဲတွင် စိတ်တိုင်းကျ သောင်းကျန်းနေသူ ဖြစ်သည်။ ဧကရာဇ်ကို တွေ့လျှင်ပင် အရိုအသေ မပေးပေ။

အတွင်းခန်းတွင် ထိုင်နေသော ယွမ်ဟော်ဧကရာဇ်ကို မြင်သောအခါ ကန့်လန့်ကာ ကြားမှတဆင့် ပြီးစလွယ် နှုတ်ဆက်လိုက်လေသည်။“အစ်ကိုတော်ခြောက် နေကောင်းလား” ထို့နောက် မေဝမ့်ရှူး ထိုင်နေသော စားပွဲဝိုင်းဆီသို့ လှည့်ထွက်သွားပြီး ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

ဆူးဟွေ့ကျုံးနှင့် လန်ရှန်ချန်း တို့မှာ လန့်ဖျပ်ပြီး နေရာဖယ်ပေးလိုက်ရလေသည်။

“ဒီမှာ ပျော်စရာ ကောင်းတာတွေ ရှိနေတာ ဘာလို့ ငါ့ကို မခေါ်ကြတာလဲ။ မေအမတ်က စက္ကူညှပ်တတ်တယ်လား။ ငါလည်း ချွမ်းစာလုံးနဲ့ ဖုစာလုံး ညှပ်ချင်တယ်။ ငါ့ကို သင်ပေး” ဟယ်ခရိုင်မင်းသမီးက ပြောရင်းဆိုရင်း စားပွဲပေါ်က ကတ်ကြေးနဲ့ စက္ကူအနီကို ယူလိုက်လေသည်။

ဘေးနားက ပါလာတဲ့ အထိန်းတော်ကြီးတွေက ပြာပြာသလဲ ပြေးလာပြီး ကတ်ကြေးကို လုယူကြတယ်။ “အို... သခင်မလေးရယ်... စက္ကူညှပ်တာက အောက်တန်းစား အလုပ်ပါ... မိန်းမစိုးတွေကို လုပ်ခိုင်းလိုက်ပါ... လက်ထိမိပါဦးမယ်”

အထိန်းတော်ကြီးများသည် ကတ်ကြေးကို လုယူပြီးမှ ကန့်လန့်ကာ နောက်က ဧကရာဇ်ကို သတိရပြီး ဦးညွှတ်နှုတ်ဆက်ကြလေသည်။ “ကျွန်တော်မျိုးမတို့ ဧကရာဇ်ကို ဂါရဝပြုပါတယ်”

လော့ထျန် အတွင်းခန်းထဲ၌ ဘာမျှ ပြန်မပြောပေ။

နက်မှောင်သော မျက်လုံးများသည် ကန့်လန့်ကာ ကြားမှတဆင့် အပြင်က ဝတ်ကောင်းစားလှများနှင့် ချစ်စရာကောင်းအောင် ပြင်ဆင်ထားသော ဝမ်းကွဲညီမလေးကို အေးစက်စက် စိုက်ကြည့်နေလေသည်။ မျက်နှာပေါ်တွင် ရွံရှာမုန်းတီးမှုများ အထင်းသား ပေါ်လွင်နေ၏။

အထိန်းတော်ကြီးများသည် ပြီးစလွယ် နှုတ်ဆက်ပြီးသည်နှင့် ပြန်ထလိုက်ကြလေသည်။ စိတ်ကောက်နေသော ဟယ်ခရိုင်မင်းသမီးကို ချော့မော့နေကြလေသည်။ “အပြင်ထွက် ကစားရအောင်”

ဟယ်ခရိုင်မင်းသမီးက လုံးဝ လက်မခံပေ။

မေဝမ့်ရှူး၏ အင်္ကျီလက်စကို ဆွဲထားပြီး ဂျီကျနေလေသည်။ “မေအမတ် လိုက်ကစားမှ အပြင်ထွက်မယ်”

မူလက တိတ်ဆိတ်ငြိမ်သက်နေသော ကျစ်ချန်နန်းဆောင်ကြီးထဲတွင် မိန်းကလေးငယ်၏ စူးရှကျယ်လောင်သော အော်သံများ ပဲ့တင်ထပ်သွားလေသည်။

မေဝမ့်ရှူးသည် လက်ထဲမှ ညှပ်လက်စ ဖုစာလုံးကို ချလိုက်လေသည်။ အနောက်ကို လှည့်ပြီး မျက်နှာမကောင်း ဖြစ်နေသော ဧကရာဇ်ငယ်လေးကို တစ်ချက် ကြည့်လိုက်လေသည်။

155 04

“အပြင်မှာ နှင်းတွေ အများကြီး ကျနေတယ်” သူမ ထရပ်လိုက်ပြီး (၉) နှစ်သမီးလေးကို ချော့မော့ လိုက်လေသည်။ “ကျွန်တော်မျိုးက ခရိုင်မင်းသမီးနဲ့အတူ အပြင်ထွက်ပြီး နှင်းလူရုပ် လုပ်ပေးမယ်။ ပြီးရင် မယ်တော်ကြီး နန်းဆောင်ကို ပြန်မယ် မဟုတ်လား”

အထိန်းတော်ကြီးများကလည်း ဝိုင်းချော့ကြလေသည်။

မနည်း ပြောဆိုပြီးမှ စိတ်ဆိုးနေသော မင်းသမီးလေး စိတ်ပြေသွားပြီး အပြင်ကို ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားလေသည်။ “မေအမတ်... ဒီမှာ နှင်းတွေ များတယ်... ဒီဘက် လာခဲ့!”

ကောင်းကင်မှ နှင်းပွင့်ကြီးများသည် တစ်ညလုံး မတိတ်သေးပေ။ ကျစ်ချန်နန်းဆောင် အပြင်ဘက် ခြံဝင်းကျယ်ကြီးသည် ဖြူဖွေးနေလေသည်။

မိန်းကလေးငယ်၏ အသံစူးစူးသည် ဖန်ပြတင်းပေါက်ကို ဖောက်ပြီး နန်းဆောင်ထဲအထိ ကြားနေရလေသည်။

“မေအမတ်နဲ့ ငါနဲ့ စိတ်ချင်း တူတာပဲ။ ငါ ဒီနေ့ လာတာ နှင်းဆော့မလို့ လာတာ”

“အပြင်မှာ နှင်းတွေ ဒီလောက်ကျနေတာကို အခန်းထဲမှာ ထိုင်ပြီး ဘာတွေ ပြောနေကြတာလဲ။ အစ်ကိုတော်ခြောက်လို သစ်သားတုံးကြီးနဲ့ နေရတာ ကြာတော့ နင်ပါ ရောပြီး မှိုတက်နေပြီလား။ လာပါ... ငါနဲ့အတူ နှင်းလူရုပ် အကြီးကြီး လုပ်ရအောင်”

မေဝမ့်ရှူး မျက်မှောင်ကြုတ်လိုက်လေသည်။

“ခရိုင်မင်းသမီးက နှစ်သစ်ကူးရင် (၁၀) နှစ် ပြည့်တော့မယ်။ ငယ်သေးတယ် ဆိုပြီး ပါးစပ်ထဲ ရှိရာတွေ လျှောက်ပြောလို့ မဖြစ်ဘူး” သူမ နှင်းလူရုပ် ခေါင်းကို လုပ်ပေးရင်း ဆုံးမလိုက်လေသည်။ “အရှင်နဲ့ ကျွန် မတူဘူးဆိုတဲ့ စကားကို စာအုပ်ထဲမှာ မသင်ဖူးဘူးလား”

ဟယ်ခရိုင်မင်းသမီးက လျှာထုတ်ပြလိုက်လေသည်။ “အစ်ကိုတော်ခြောက်က တကယ်ပဲ သစ်သားတုံးကြီးလေ။ တွေ့ရင် စကားမပြောဘဲ စိုက်ကြည့်နေတတ်တာ။ ပြီးတော့ အဲဒီစကားက ငါပြောတာ မဟုတ်ဘူး။ အဒေါ်ပြောတာ ကြားဖူးလို့ ပြောတာ”

မေဝမ့်ရှူး နောက်ထပ် မျက်မှောင်ကြုတ် လိုက်ပြန်လေသည်။ လက်မှ နှင်းများကို ခါလိုက်လေသည်။ “နှင်းလူရုပ် ပြီးပြီ။ ခရိုင်မင်းသမီး ပြန်ပါတော့”

ဟယ်ခရိုင်မင်းသမီး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ သူ့အရပ်လောက်ပင် မရှိသော နှင်းပုံလေးကို လက်ညှိုးထိုးပြပြီး မေးလေသည်။ “ဒီလောက် သေးသေးလေးကို ပြီးပြီ ခေါ်လား”

“ပြီးပါပြီ” မေဝမ့်ရှူးက အေးစက်စက် ပြောလိုက်လေသည်။

ဟယ်ခရိုင်မင်းသမီး ကြောင်နေစဉ် အထိန်းတော်ကြီးများက အခွင့်ကောင်းယူပြီး ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ပွေ့ချီပြီး ခေါ်ဆောင်သွားကြလေသည်။

ဝေးရာကို သွားရင်း တီးတိုး ပြောဆိုနေကြသည်ကို ကြားရ၏။ “ခရိုင်မင်းသမီးလို ရွှေရောင်လွှမ်းတဲ့ လူတန်းစားက ကျစ်ချန်နန်းဆောင်က လူတွေနဲ့ ဘာကိစ္စ သွားရောနေရတာလဲ။ နားခါးမယ် ဆိုပေမဲ့ ပြောရဦးမယ်... မေအမတ်က ဟိုတစ်ယောက် နောက်လိုက်နေတာ၊ နောက်နှစ် ဒီအချိန်ကျရင် အသက်ရှိပါ့ဦးမလား မသိဘူး။ နှစ်သစ်ကူး နေ့ထူးနေ့မြတ်မှာ ကျစ်ချန်နန်းဆောင်က လူတွေနဲ့ ပတ်သက်ရင် ကံဆိုးတတ်တယ်...”

ခြံဝင်းကျယ်ကြီး ပြန်လည် တိတ်ဆိတ်သွားလေသည်။

မေဝမ့်ရှူး ကိုယ်ပေါ်မှ နှင်းစများကို ခါပြီး ကျစ်ချန်နန်းဆောင်ထဲ ပြန်ဝင်လာခဲ့လေသည်။

အပြင်ထွက်သည်မှာ (၁၅) မိနစ်ပင် မကြာသေး၊ ကုတင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်သည် လဲအိပ်နေလေပြီ။

ဆူးဟွေ့ကျုံး၊ လန်ရှန်ချန်းနှင့် ချီကျန့်ဟန် (၃) ယောက်သား ကုတင်နားတွင် ဝိုင်းနေကြလေသည်။ တစ်ယောက်က နဖူးစမ်း၊ တစ်ယောက်က ဗိုက်နှိပ်၊ တစ်ယောက်က ခေါင်းကုတ်နှင့် ဗျာများနေကြလေသည်။

မေဝမ့်ရှူး လန့်ဖျပ်သွားပြီး အမြန် လျှောက်လှမ်း သွားလိုက်လေသည်။ “ဧကရာဇ် ဘာဖြစ်လို့လဲ”

ဆူးဟွေ့ကျုံးက ဖြေကြားလေသည်။ “ခုနကတင် ကောင်းနေတာ၊ ရုတ်တရက်ကြီး လဲချလိုက်တာပဲ။ ဘယ်နား နေမကောင်းလဲ မေးတော့လည်း ပြန်မဖြေဘူး”

မေဝမ့်ရှူးသည် လက်ချောင်းလေးများကို အငွေ့မှုတ်ပြီး နွေးအောင်လုပ်ကာ နဖူးကို စမ်းရန် ပြင်လိုက်လေသည်။

လော့ထျန်သည် ရုတ်တရက် အတွင်းဘက်သို့ လှည့်လိုက်ပြီး မျက်နှာကို နံရံဘက် လှည့်ကာ သူမ လက်ကို ရှောင်ဖယ်လိုက်လေသည်။

“အပြင်ထွက်ပြီး နှင်းလူရုပ် သွားလုပ်လေ” အသံပြောင်းခါစ လူပျိုပေါက်အသံက ကျောပေးလျက် အေးစက်စက် ထွက်ပေါ်လာသည်။

155 05

“ငါနဲ့ အခန်းထဲမှာ အောင်းနေရင် မေအမတ် မှိုတက်ကုန်ဦးမယ်”

မေဝမ့်ရှူး “......”

မေဝမ့်ရှူး လက်ပြန်ရုပ်လိုက်ပြီး ရယ်ချင်သွားလေသည်။

သူမ ကုတင်ဘေးတွင် ခဏ ရပ်နေပြီး စဉ်းစားလိုက်လေသည်။ ထို့နောက် ပြန်လှည့် ထွက်သွားလေသည်။

နန်းဆောင် တံခါးကြီး ပိတ်သွားလေသည်။

“အို... ဒုက္ခပါပဲ...” လန်ရှန်ချန်းသည် တားချင်သော်လည်း မတားရဲ ဖြစ်နေလေသည်။ ခြေဆောင့်ပြီး ဆူးဟွေ့ကျုံးကို တိုးတိုးလေး ပြောလေသည်။ “ဧကရာဇ်က စိတ်ဆိုးပြီး ပြောလိုက်တာကို မေအမတ်က တကယ်ကြီး ထွက်သွားတယ်”

ကောင်လေးသည် တံခါးပိတ်သံ ကြားလိုက်ရလေသည်။ ပုံမှန်ဖြစ်နေသော အသက်ရှူသံများသည် ရုတ်တရက် ပြင်းထန်လာလေသည်။ ကျောပေးထားသော ပခုံးလေးများသည် နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။ မမြင်ရသော နေရာတွင် မျက်လုံးများသည် ဒေါသကြောင့် နီရဲလာလေသည်။

လူတိုင်း သတိထားပြီး ငြိမ်သက်နေသော အခန်းထဲတွင် ဧကရာဇ်ငယ်လေး၏ အသက်ရှူသံများသည် ပိုမြန်လာလေသည်။ သူ ရုတ်တရက် ထထိုင်လိုက်ပြီး ဖန်ပြတင်းပေါက် အပြင်ဘက်ကို စိုက်ကြည့်လိုက်လေသည်။

မေအမတ်သည် ပြတင်းပေါက် အပြင်ဘက်သို့ ရောက်ရှိနေလေသည်။

အေးအေးဆေးဆေးပင် နှင်းလူရုပ် ပြုလုပ်နေလေသည်။

ဟယ်ခရိုင်မင်းသမီး၏ နှင်းလူရုပ်ထက် (၃) ဆခန့် ကြီးမားသော နှင်းလူရုပ်ကြီးကို ပြုလုပ်နေခြင်း ဖြစ်သည်။

မုန်လာဥနီကို နှာခေါင်းအဖြစ် တပ်ဆင်သော အချိန်တွင် အနောက်ကို လှည့်ကြည့်ပြီး နေရာညှိလိုက်သေးသည်။

နှင်းလူရုပ်၏ မျက်နှာသည် အိပ်ခန်း ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားစေရန် ဖြစ်သည်။

လော့ထျန် ပြတင်းပေါက်မှနေ၍ စိုက်ကြည့်နေလေသည်။

မေဝမ့်ရှူးသည် မီးသွေးခဲ နှစ်တုံး ယူလာလေသည်။ မျက်လုံးနေရာကို တိုင်းတာပြီး ဘယ်ဘက်မျက်လုံး တစ်လုံး တပ်ဆင်လိုက်လေသည်။

လက်ထဲတွင် နောက်ထပ် မီးသွေးခဲ တစ်တုံး ကျန်ရှိနေသေးသည်။ ညာဘက်မျက်လုံးကို မတပ်သေးဘဲ ပြန်လှည့် လာလေသည်။ ပြတင်းပေါက်ထဲမှနေ၍ နှုတ်ခမ်းကို စေ့ပြီး ဒေါသတကြီး ကြည့်နေသော ကောင်လေးကို ပြုံးပြလိုက်လေသည်။ လက်ဝှေ့ယမ်း ပြလိုက်လေသည်။

လော့ထျန် ပြတင်းပေါက်နားတွင် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

နောက်တစ်ခဏ၌ သူမ ဘာလုပ်ချင်သည် ဆိုတာ သဘောပေါက်သွားလေသည်။

သူ ချက်ချင်း အကြည့်လွှဲလိုက်ပြီး ပြတင်းပေါက်နားမှနေ၍ ခပ်သွက်သွက် လျှောက်သွား လိုက်လေသည်။

စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူပြီး ဟန်လုပ်ကာ သောက်လိုက်လေသည်။

လက်ဖက်ရည်သောက်ရင်း မျက်လုံးထောင့်မှနေ၍ ပြတင်းပေါက် အပြင်ဘက်ကို ခိုးကြည့်လိုက်လေသည်။

မေအမတ်သည် စိတ်ရှည်လက်ရှည်ဖြင့် နှင်းများကြားထဲတွင် ရပ်နေလေသည်။ မျက်လုံးတစ်လုံး မပါသေးသော နှင်းလူရုပ်ကြီး ဘေးတွင် ရပ်နေလေသည်။ လက်ထဲတွင် မီးသွေးခဲ ကိုင်ထားပြီး အခန်းထဲမှ သူ့ကို လက်ဝှေ့ယမ်းပြနေဆဲပင် ဖြစ်သည်။

ဂွမ်းစကဲ့သို့ နှင်းပွင့်ကြီးများသည် ကောင်းကင်မှ တဖွဲဖွဲ ကျဆင်းနေလေသည်။ မေဝမ့်ရှူး၏ ဖြူဖွေးသော ပါးပြင်များ၊ ပခုံးများပေါ် ကျရောက်နေသည်။ သူမ အပြင်ထွက်စဉ်က လက်အိတ် မဝတ်သွားသဖြင့် နှင်းထဲတွင် အေးလွန်း၍ ခြေထောက်ကို ဆောင့်နေရရှာသည်။ မကြာခဏ လက်ဝါးထဲသို့ လေပူမှုတ်ထည့်နေရလေသည်။

ခဏအကြာတွင် ဧကရာဇ် ထွက်လာလေသည်။

လက်ထဲတွင် မေဝမ့်ရှူး အခန်းထဲ ကျန်ရစ်ခဲ့သော သားမွေးဝတ်ရုံကြီးကို ကိုင်ဆောင် လာလေသည်။

“နှင်းကျနေတာကို အေးလို့ သေတော့မယ်” ကောင်လေးက ဟန်ကိုယ့်ဖို့ လုပ်ပြီး ပြောလေသည်။ ဝတ်ရုံကြီးကို သူမ လက်ထဲ ထိုးထည့်ပေးလိုက်လေသည်။ “ဝတ်လိုက်”

ပြီးတော့ သူသုံးတဲ့ လက်ကိုင်ပုဝါ အဖြူလေးကို ကမ်းပေးလေသည်။ “လက်မှာ မီးသွေးတွေ ပေနေပြီ။ ညစ်ပတ်နေတာပဲ။ သုတ်လိုက်”

155 06

မေဝမ့်ရှူးက ကျေးဇူးတင်စကား ဆိုပြီး ဝတ်ရုံနှင့် ပုဝါကို ယူလိုက်လေသည်။ လက်ထဲမှ မီးသွေးခဲကို ဧကရာဇ် လက်ထဲ ထိုးထည့်ပေးလိုက်လေသည်။

လော့ထျန် “......”

မေဝမ့်ရှူး ဝတ်ရုံဝတ်ပြီးသော အချိန်တွင် နှင်းလူရုပ်ကြီး၏ မျက်လုံးနှစ်လုံး ပြည့်စုံသွားပြီ ဖြစ်သည်။

နှင်းလူရုပ်ကြီးသည် ခေါင်းပေါ်တွင် နားအုပ်ဆောင်းထားသည်၊ ကိုယ်ပေါ်တွင် မြေခွေးမွေး ဝတ်ရုံ ခြုံထားသည်။ သစ်ကိုင်းနှစ်ချောင်းကို လက်အဖြစ် တပ်ဆင်ထားသည်။ လော့ထျန်က သူ့လက်အိတ်ကို ချွတ်ပြီး သစ်ကိုင်းများတွင် စွပ်ပေးလိုက်လေသည်။

ထို့နောက် နှင်းလူရုပ်၏ ပါးစပ်နေရာတွင် လက်ညှိုးဖြင့် ပြုံးနေသည့် ပုံစံလေး ဆွဲပေးလိုက်လေသည်။

မေဝမ့်ရှူးက ကျေနပ်အားရ ကြည့်ရှုနေလေသည်။ “ဒီနှင်းလူရုပ်က မဆိုးဘူး”

လော့ထျန် ခေါင်းငြိမ့်လေသည်။ “တကယ် မဆိုးဘူး”

အခန်းထဲမှ လူများလည်း ထွက်လာကြလေသည်။ အမိုးအောက်တွင် ရပ်ပြီး ပြုံးရွှင်စွာဖြင့် နှင်းငေးနေကြလေသည်။ အပြင်က တာဝန်ကျသော မိန်းမစိုးများသည်လည်း ခွင့်ပြုချက် ရသွားသဖြင့် ဒီလို နေ့ထူးနေ့မြတ်တွင် နှင်းလူရုပ်လေးများ လိုက်လံပြုလုပ်နေကြလေသည်။

တစ်နှစ်ပတ်လုံး တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းကြီးထဲတွင် ရယ်သံသဲ့သဲ့လေးများ ထွက်ပေါ်လာလေသည်။

ဧကရာဇ်ငယ်လေးသည် လက်နောက်ပစ်ပြီး နောက်ဆုတ်သွားလေသည်။ ခြံဝင်းထဲရှိ နှင်းလူရုပ် အသစ်များကို လိုက်လံကြည့်ရှုနေရင်း…

မတော်တဆလား၊ တမင်လား မသိပေ... ခြေထောက်သည် ဟယ်ခရိုင်မင်းသမီး လုပ်ထားသော နှင်းလူရုပ် သေးသေးလေးကို တက်နင်းမိသွားလေသည်။ ဖိနပ်အောက်တွင် နှင်းပုံကြီး ဖြစ်သွားလေသည်။

“ဒီနေ့ နှင်းကြည့်ရတာ ကျေနပ်ပြီ။ မေအမတ်... ပြန်ဝင်ရအောင်”

သူက ကျေနပ်အားရစွာဖြင့် မေဝမ့်ရှူးကို အခန်းထဲ ပြန်ခေါ်လိုက်လေသည်။

“ကျန်းကို စက္ကူညှပ်တာ သင်ပေး။ ချွမ်းစာလုံး တစ်လုံး၊ ဖုစာလုံး တစ်လုံး ညှပ်မယ်”

******

All Chapters