← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

156 01

အခန်း 156 အပိုင်းပို (၅)

ဧကရာဇ်ငယ်လေးနှင့် အတူရှိခဲ့သော နေ့ရက်များ (တတိယပိုင်း)

စက္ကူအနီများနှင့် ကတ်ကြေးများမှာ အဆင်သင့် ရှိနေပြီးသား ဖြစ်လေသည်။

မူလက စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ရှိနေခဲ့သော်လည်း ဟယ်ခရိုင်မင်းသမီး ဝင်ရောက် မွှေနှောက်သွားသဖြင့် စက္ကူအနီများ ပြန့်ကျဲကုန်ပြီး ခုနက ညှပ်လက်စ ချွမ်း (နွေဦး) စာလုံး တစ်ဝက်မှာလည်း မည်သည့်နေရာသို့ ရောက်ရှိသွားသည် မသိရတော့ချေ။

မေဝမ့်ရှူးသည် စက္ကူအသစ် တစ်ရွက်ကို ယူငင်ပြီး အစမှ ပြန်လည်စတင်ကာ ယွမ်ဟော်ဧကရာဇ်ကို ချွမ်းစာလုံး တစ်လုံး၊ ဖုစာလုံး တစ်လုံး ဖြည်းဖြည်းချင်း သင်ကြားပေးလေသည်။

စာလုံးပုံစံ မညီမညာ ဖြစ်နေခြင်း၊ ထောင့်စွန်းများ ညှပ်မှားသွားခြင်းများ ရှိသော်လည်း အဝေးမှ ကြည့်လျှင်မူ အတော်ပင် တူညီလေသည်။

ဆူးဟွေ့ကျုံးသည် ပါးစပ်စေ့မရအောင် ပြုံးရွှင်နေပြီး လန်ရှန်ချန်းကို အမြန် ခေါ်ယူကာ ထိုစက္ကူပန်းပုံ နှစ်ခုကို နဂါးခုတင်နှင့် မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်ကြီးတွင် ကပ်လိုက်ကြလေသည်။

ဆောင်းရာသီဖြစ်၍ နေဝင်စောသဖြင့် ယခုအချိန်တွင် မိုးချုပ်စပြုလာပြီ ဖြစ်သည်။

ဂွမ်းစကဲ့သို့ နှင်းပွင့်ကြီးများသည် ယခုတိုင် မတိတ်သေးဘဲ အမိုးကြွပ်များ၊ ပြတင်းပေါက်များနှင့် မြေပြင်ပေါ်သို့ တဖွဲဖွဲ ကျဆင်းနေဆဲ ဖြစ်လေသည်။

နန်းဆောင်အတွင်းရှိ လူအများသည် အသစ်ရောက်ရှိလာသော ညစာများကို ဝိုင်းဖွဲ့စစ်ဆေး နေကြလေသည်။ ကျစ်ချန်နန်းဆောင်တွင် မွေးမြူထားသော ခွေးအချို့ကို ခေါ်ယူပြီး ဟင်းပွဲတိုင်းကို အဆိပ်စမ်းသပ်ကြ၏။

အဆိပ်မရှိကြောင်း သေချာမှသာ ပျော်ရွှင်စွာ ပြေးလွှားနေသော ခွေးကြီးများကို နန်းဆောင်အပြင်သို့ မောင်းထုတ်လိုက်ကြသည်။ ထို့နောက် ဧကရာဇ်ကို ညစာ သုံးဆောင်စေပြီး မီးဖိုဘေးတွင် ဝိုင်းဖွဲ့ကာ စကားစမြည် ပြောဆိုကြလေသည်။

တံခါးပိတ် လိုက်သည်နှင့် အပြင်စည်းကမ်းများကို ဘေးဖယ်ထားပြီး တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးစွာဖြင့် နှစ်သစ်ကူး အမှတ်တရများကို ပြောပြကြလေသည်။

ဆူးဟွေ့ကျုံးက လွမ်းဆွတ်တသစွာ ပြောပြလေသည်။ “ကျွန်တော်မျိုး ငယ်ငယ်တုန်းက အိမ်က အရမ်း ဆင်းရဲတယ်။ နွေဦးပေါက်ရောက်ရင် အိမ်မှာ စားစရာ ပြတ်လပ်တတ်တယ်။ ဗိုက်ဆာလွန်းလို့ မနက်စောစောထပြီး တရုတ်စကားပင် ပေါ်တက်၊ အသီးစိမ်းလေးတွေကို ခူးရတယ်။ အိတ်အပြည့် ထည့်ပြီး အိမ်ပြန်သယ်သွား၊ ရေနွေးဖျောပြီး ဆားလေးဖြူးစားရင်... ချိုနေရာပဲ...”

ဧကရာဇ်သည် နားထောင်ရင်း နက်မှောင်သော မျက်လုံးများဖြင့် ပြတင်းပေါက် အပြင်ဘက် ခြံဝင်းထဲရှိ အရွက်ကြွေနေသော သစ်ပင်ကြီးများကို ငေးကြည့်ကာ စဉ်းစားနေလေသည်။

မေဝမ့်ရှူးသည် သူ့ကို ဖွဖွလေး ပုတ်ပြီး ရယ်မောလိုက်လေသည်။

“ဧကရာဇ် ဘာတွေ တွေးနေတာလဲ။ ကျစ်ချန်နန်းဆောင်ထဲမှာ စိုက်ထားတာတွေက တရုတ်စကားပင် မဟုတ်ပါဘူး။ နွေဦးရောက်လည်း အသီးသီးမှာ မဟုတ်ပါဘူး”

ဧကရာဇ်ငယ်လေးသည် အတွေးပေါ်သွားသဖြင့် ရှက်ရွံ့သွားပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ “မေအမတ် အိမ်မှာကျတော့ နှစ်သစ်ကူး ဘယ်လို ဖြတ်သန်းလဲ”

မေဝမ့်ရှူးသည် အလှည့်ရောက်လာပြီ ဖြစ်သည်။

“ကျွန်တော်မျိုးက ဇာတိမှာ နှစ်သစ်ကူးရင် အဖေက မီးရှူးမီးပန်း ဖောက်လေ့ရှိတယ်။ အရောင်စုံ မီးပန်းတွေကို တစ်ညလုံး ဖောက်တာ၊ တစ်မြို့လုံးနီးပါး လှမ်းမြင်ရတယ်”

ပြောရင်းနှင့် ဇာတိမှ ပျော်စရာများကို သတိရပြီး ပြုံးလိုက်မိလေသည်။

“ဒါကြောင့် နှစ်တိုင်း ကလေးတွေ အများကြီး အိမ်ရှေ့မှာ လာစုကြတယ်။ သစ်ပင်ပေါ် တက်တဲ့သူကတက်၊ ခြံစည်းရိုးပေါ် ထိုင်တဲ့သူကထိုင်နဲ့။ မိဘတွေက ထမင်းပြန်စားဖို့ ခေါ်တာတောင် မပြန်ကြဘူး။ မီးပန်းဖောက်တာ ကြည့်ချင်လို့ စောင့်နေကြတာ။ အိမ်တော်ထိန်းက တံခါးဖွင့်ပြီး မီးပန်းခြင်းတွေ ဆွဲထွက်လာပြီ ဆိုတာနဲ့ အော်ဟစ်ကြတာများ အမိုးပွင့်ထွက်မတတ်ပဲ”

ချီကျန့်ဟန်သည် အားကျစွာဖြင့် ပြောဆိုလေသည်။ “မေအမတ်အိမ်က နှစ်သစ်ကူးဆိုရင် ပွဲကြီးပွဲကောင်းပဲကိုး”

သူ့အိမ်အကြောင်း ဆက်ပြောရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ အသံတိုးတိုးလေး ကြားလိုက်ရလေသည်။ “ခေါင်းဆောင်ချီ”

သူ့လက်အောက်ငယ်သား တစ်ယောက် ခေါ်သံ ဖြစ်သဖြင့် ချီကျန့်ဟန် ထွက်ခွာသွားလိုက်လေသည်။

အခန်းထဲရှိ လူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။ ရင်ထဲတွင် ထင်ကြေးတစ်ခုစီ ဖြစ်ပေါ်လာပြီး မီးသွေးခဲ ပေါက်ကွဲသံ တဖျစ်ဖျစ်မှလွဲ၍ တိတ်ဆိတ်သွားလေသည်။ မည်သူမျှ စကားမပြောရဲကြတော့ချေ။

ခဏအကြာတွင် ချီကျန့်ဟန် ပြန်လည်ဝင်ရောက်လာလေသည်။ မျက်နှာပျက်နေ၏။

“သူ နန်းတော်ထဲ ဝင်လာပြီ”

156 02

စာလုံးရေ နည်းနည်းလေး ဖြစ်သော်လည်း ရှိနေသူ အားလုံး သူ ဆိုသည်မှာ မည်သူဖြစ်ကြောင်း သိရှိကြလေသည်။

ဆူးဟွေ့ကျုံး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ထရပ်ကာ တုန်တုန်ရီရီ မေးမြန်းလိုက်လေသည်။ “ဒီလောက် မိုးချုပ်နေပြီ၊ နန်းတော်တံခါး ပိတ်တော့မှာကို... သူ ဘယ်သွားမလို့လဲ။ တိုင်းပြည်စီမံရေးရုံးတော်မှာ အရေးကြီးကိစ္စ ရှိလို့လား”

ချီကျန့်ဟန် သက်ပြင်းချလိုက်လေသည်။ “ဆယ့်နှစ်လပိုင်း (၈) ရက်နေ့ ညကြီးမိုးချုပ် ဘာအရေးကြီးကိစ္စ ရှိမှာလဲ။ မယ်တော်ကြီး နန်းဆောင်ကို တန်းသွားတာ။ ညီအစ်ကိုတွေ ပြောတာတော့ နေ့လယ်ကတည်းက မယ်တော်ကြီး နန်းဆောင်မှာ အလုပ်ရှုပ်နေကြတာတဲ့။ ဟယ်ခရိုင်မင်းသမီးလေး ဒီနေ့ နန်းတော်ထဲ ရောက်နေတယ် မဟုတ်လား။ ဟယ်အမတ်လည်း ရှိတယ်။ မယ်တော်ကြီးက မိသားစု ညစာစားပွဲ ဆိုပြီး ဒီည ပွဲလုပ်ဦးမလို့တဲ့။ အရက်တွေ အများကြီး ပြင်ဆင်ထားတယ် တဲ့”

အခန်းထဲမှ လူများသာမက အပြင်တွင် တာဝန်ကျနေသော မိန်းမစိုးများ၊ နန်းတွင်းသူများပါ သတင်းကြားပြီး မျက်နှာပျက်ကုန်ကြလေသည်။ သတ္တိနည်းသော သူများမှာမူ တုန်ယင်နေကြလေပြီ။

အိမ်ရှေ့စံဆရာ ချီယို့သောင်း ဆိုသည်မှာ ဆွေကြီးမျိုးကြီးထဲမှ လာသူဖြစ်သည်။ ရုပ်ရည်သန့်ပြန့်သည်၊ ယဉ်ကျေးသိမ်မွေ့သည်၊ စည်းကမ်းကြီးသည်။ ယခင်ဧကရာဇ် လက်ထက်တုန်းကဆိုလျှင် မြို့တော်၏ အသန့်ရှင်းဆုံး၊ အဂုဏ်အရှိဆုံး အမတ်ကြီးဟုပင် နာမည်ကြီးခဲ့သူ ဖြစ်သည်။

မည်သူ ထင်မှတ်မည်နည်း... နေ့ခင်းဘက်တွင် လူကြီးလူကောင်း ဆန်သော်လည်း ညဘက် အရက်မူးလာလျှင် ဝံပုလွေကဲ့သို့ ရက်စက်သော မျက်နှာဖုံး ကွာကျလာလိမ့်မည် ဟူ၍။

ယခုနှစ် (၉) လပိုင်း (၉) ရက်နေ့ ပွဲတော်တွင် ချီယို့သောင်း မူးပြီး မယ်တော်ကြီး နန်းဆောင်၌ အိပ်စက်ခဲ့လေသည်။

သန်းခေါင်ယံ ရောက်သောအခါ မူးမူးရူးရူးဖြင့် ကျစ်ချန်နန်းဆောင်ထဲ ဝင်ရောက်လာပြီး ဧကရာဇ်ငယ်လေးကို ရန်ရှာခဲ့ဖူးသည်။

ကံကောင်းသည်မှာ အပြင်ခန်း၌ စောင့်နေသော မိန်းမစိုးလေး တစ်ဦးက သတိထားမိပြီး အိပ်ပျော်နေသော ဧကရာဇ်ကို နှိုးကာ ဗီရိုကြီးထဲ ထည့်ဝှက်ပေးလိုက်သောကြောင့် ဖြစ်သည်။ အဝတ်အစားများနှင့် ဖုံးအုပ်ထားလိုက်ခြင်း ဖြစ်၏။

သူကိုယ်တိုင်ကမူ ပြေးချိန် မရလိုက်ပေ။ ချီယို့သောင်းသည် အရက်နံ့ တထောင်းထောင်းဖြင့် နှင်တံကိုင်ကာ ဝင်ရောက်လာသည်နှင့် တိုးမိလေသည်။

ချီယို့သောင်းသည် ဧကရာဇ်ကို ရှာမတွေ့သဖြင့် အပြင်ထွက်ပြီး မိန်းမစိုးလေးကို မေးမြန်းခဲ့သည်။ (၁၅) နှစ်သာ ရှိသေးသော ကလေးငယ်သည် တိတ်တိတ်လေး နေပြီး ဧကရာဇ် မည်သည့်နေရာတွင် ရှိကြောင်း မပြောပြခဲ့ပေ။

ချီယို့သောင်း ဒေါသထွက်ပြီး မိန်းမစိုးလေးကို ခြံဝင်းထဲမှာပင် ရိုက်သတ် ပစ်လိုက်လေသည်။

သွေးစွန်းနေသော နှင်တံကို ပစ်ချပြီး ထွက်ခွာသွားခဲ့၏။

နောက်တစ်နေ့ နံနက်တွင် ကျစ်ချန်နန်းဆောင် ရှေ့ရှိ စကျင်ကျောက်ခင်း ခြံဝင်းကို ရေဆေး၊ အလောင်းကို ဆွဲထုတ်၊ မိန်းမစိုးချုပ် အသစ်က လူသစ်တစ်ယောက် ထပ်ပို့... ဤမျှသာ ဖြစ်သည်။ ဘာမျှ မဖြစ်ခဲ့သကဲ့သို့ ပြီးဆုံးသွားခဲ့သည်။

(၂) (၃) လခန့်သာ ကြာမြင့်သေးသည်၊ ယခုည... ထပ်မံ၍ ညစာစားပွဲ ကျင်းပပြန်ပြီ။

ယခုသော် ဧကရာဇ်ကို ကာကွယ်ပေးမည့် သစ္စာရှိသော မိန်းမစိုးလေးလည်း မရှိတော့ပေ။

လန်ရှန်ချန်း တုန်တုန်ရီရီဖြင့် ထရပ်လေသည်။ ငိုသံပါကြီးဖြင့် ဆူးဟွေ့ကျုံးကို မှာတမ်းခြွေလေသည်။ “ဒီ... ဒီည... ငါတို့ အလှည့် ရောက်ပြီ ထင်တယ်။ တကယ်လို့ ငါ... ငါ... အစ်ကိုကြီး... ငါ့ခေါင်းအုံးအောက်မှာ ငွေ (၆၀၀) လောက် စုထားတာ ရှိတယ်။ ငါ့မိသားစုဆီ ပို့ပေးပါနော်...”

ဆူးဟွေ့ကျုံးသည် စောစောက လက်များ တုန်နေသော်လည်း တကယ်တမ်း အရေးကြုံလာသောအခါ တည်ငြိမ်သွားလေသည်။ “မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်မှတော့၊ ဝါအရ ငါက ရှေ့ကပဲ။ ဒီည ငါ အပြင်မှာ စောင့်မယ်”

နှစ်ယောက်သား လုနေစဉ်မှာပင် တိတ်ဆိတ်စွာ ထိုင်နေသော ဧကရာဇ်ငယ်လေးက ဝင်ရောက်ပြောဆိုလိုက်လေသည်။

သူ့အသံမှာ အေးစက်နေ၏။

“ဒီည အပြင်မှာ ဘယ်သူမှ မစောင့်နဲ့”

“သူ လာချင်ရင် လာပါစေ”

“ငါ ဒီည မအိပ်ဘူး။ ဒီအခန်းထဲမှာပဲ ထိုင်စောင့်နေမယ်။ ဒီည သူ ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့”

156 03

ပြတင်းပေါက် အပြင်ဘက်မှ မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်ပြီး အမိန့်ပေးလိုက်လေသည်။ “နန်းတော်တံခါး ပိတ်တော့မယ်။ ဆူးဟွေ့ကျုံး... မေအမတ်ကို လိုက်ပို့လိုက်”

မေဝမ့်ရှူးသည် စားပွဲတွင် ထိုင်ရာမှ မထပေ။

“ကျွန်တော်မျိုး မပြန်ဘူး”

သူမ ကတ်ကြေးကို ယူပြီး ဖုစာလုံး အသစ်တစ်ခု ညှပ်ရင်း တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။ “ဧကရာဇ်က ဒီည သူ့ကို ထိုင်စောင့်နေမယ် ဆိုရင်၊ ကျွန်တော်မျိုးလည်း ဧကရာဇ်ကို အဖော်ပြုပြီး စောင့်နေပါ့မယ်”

ဧကရာဇ်၏ မျက်နှာထား ပြောင်းလဲသွားလေသည်။ ကုတင်လက်ရန်းကို ကိုင်ထားသော လက်များ တင်းသွားပြီး ထရပ်ရန် ပြင်လိုက်ပြီးမှ ပြန်ထိုင်လိုက်လေသည်။

“ငါက ဒီဧကရာဇ် ဝတ်စုံ ဝတ်ထားတာပဲ။ သူ ငါ့ကို ဘာမှ မလုပ်ရဲပါဘူး။ အလွန်ဆုံး ရှိလှ အဲဒီအရူးက နှင်တံနဲ့ နည်းနည်း ရိုက်ရုံပဲ။ (၂) ရက်လောက် နေရင် ပျောက်သွားမှာ။ မင်းသာ နေခဲ့ရင်... မင်း... သူ...” လော့ထျန်၏ တည်ငြိမ်သော အသံများ ထစ်အကုန်လေသည်။ “မရဘူး။ မင်း အခုချက်ချင်း ပြန်”

မေဝမ့်ရှူးက မပြန်ပေ။

“ပြီးခဲ့တဲ့ တစ်ခေါက် (၉) လပိုင်းတုန်းက ညနေစောင်းတော့ ဧကရာဇ်က ပြန်ခိုင်းလို့ ကျွန်တော်မျိုး ပြန်သွားခဲ့တယ်။ ညကျတော့ ပြဿနာကြီး တက်သွားတယ်။ အဲဒီကိစ္စကို အခုထိ နောင်တရလို့ မဆုံးဘူး”

သူမ တိုးတိုးလေးနှင့် ခိုင်မာစွာ ပြောဆိုလိုက်လေသည်။ “ကျွန်တော်မျိုးမှာ အကြံတစ်ခု ရှိတယ်။ ဒီည စမ်းကြည့်ခွင့် ပြုပါ”

*** *** ***

ယခုည မယ်တော်ကြီး နန်းဆောင်ဘက်တွင် မီးရောင်များ လင်းထိန်နေလေသည်။

မိသားစု ညစာစားပွဲသည် ညဉ့်နက်သည်အထိ ကြာမြင့်လေသည်။ တီးမှုတ်သံများ၊ ရယ်မောသံများသည် အေးစက်သော ဆောင်းညလေကို ဖြတ်သန်းပြီး ကျစ်ချန်နန်းဆောင် ဆီသို့ လွင့်ပျံလာလေသည်။

ကျစ်ချန်နန်းဆောင်မှာမူ သင်္ချိုင်းကုန်းသဖွယ် တိတ်ဆိတ်နေလေသည်။

လေးလံသော ပန်းပုထွင်း တံခါးကြီးကို ဖွင့်ထား၏။ မီးများကို ထိန်ထိန်ညီးအောင် ထွန်းညှိထားသည်။

ဧကရာဇ်သည် နဂါးပုံ ဝတ်စုံအပြည့် ဝတ်ဆင်ပြီး ခန်းမအလယ် စားပွဲနောက်တွင် ထိုင်နေလေသည်။

မေဝမ့်ရှူးသည် အောက်ဘက်တွင် ထိုင်ပြီး အဖော်ပြုနေလေသည်။

(၃) ချက်တီး ကျော်လွန်သောအခါ မယ်တော်ကြီး နန်းဆောင်ဘက်မှ အသံများ တိတ်ဆိတ်သွားလေသည်။

နန်းဆောင် အပြင်ဘက် ခြံဝင်းထဲတွင် ယိုင်နဲ့နဲ့ ခြေသံများ ကြားလာရလေသည်။

နေ့ဘက် တိုင်းပြည်စီမံရေးရုံးတော်တွင် လူကြီးလူကောင်းကဲ့သို့ နေထိုင်သော ချီယို့သောင်းသည် ညဉ့်နက်သန်းခေါင် အရက်မူးလာသော အချိန်၌ ဖုံးကွယ်ထားသော ဝံပုလွေ မျက်နှာဖုံး ကွာကျလာလေသည်။

ခြေလှမ်းများ ယိုင်နဲ့နေ၏။ အရက်နံ့ တထောင်းထောင်းဖြင့် နန်းဆောင်ရှေ့တွင် ရပ်တန့်လိုက်လေသည်။ မီးရောင်အောက်တွင် ထိုင်နေသော ဧကရာဇ်ငယ်လေးကို မျက်လုံးစောင်းပြီး ကြည့်လိုက်လေသည်။

“ဒီညတော့ ဝတ်ကောင်းစားလှတွေ ဝတ်ထားပါလား။ ကြည့်ရတာ လူပုံပေါက်သားပဲ” သူက သရော်လိုက်လေသည်။ ယိုင်နဲ့နဲ့ဖြင့် တံခါးခုံကို ကျော်ဝင်လာပြီး လှောင်ပြောင် ခေါ်ဝေါ်လိုက်လေသည်။

“ဧကရာဇ် ပေါက်စလေး”

လူကောင်ထွားသော အရိပ်မည်းကြီးသည် မီးရောင်အောက်တွင် ရှည်လျားစွာ ကျရောက်နေလေသည်။

ချီယို့သောင်း မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်ပေါက်လာ၏။

“ဧကရာဇ် ပေါက်စလေး ဒီနေ့ ရေးတဲ့ မိဘရိုသေခြင်း စာတမ်းက မဆိုးဘူးနော်။ ဘယ် သစ္စာရှိတဲ့ အမတ်က အစားထိုး ရေးပေးလိုက်တာလဲ”

မူးနေသော မျက်လုံးများသည် အောက်ဘက်တွင် တည်ငြိမ်စွာ ထိုင်နေသော မေဝမ့်ရှူးထံသို့ ရောက်ရှိသွားလေသည်။ ဟားဟား ဟု အေးစက်စက် ရယ်မောလိုက်လေသည်။ “မေအမတ် လက်ရာ ဖြစ်မယ် ထင်တယ်။ လူတွေ မသိအောင် လှည့်စားရဲတယ်ပေါ့လေ။ သတ္တိ ကောင်းလှချည်လား”

156 04

သူသည် နှင်တံကို ကိုင်ဆောင်ပြီး ဗလုံးဗထွေး ပြောဆိုလေသည်။ “ငါ... ဧကရာဇ် ကိုယ်စား... ဒီသစ္စာဖောက် အမတ်တွေကို ဆုံးမပေးမယ်”

မေဝမ့်ရှူးသည် မူးနေသူနှင့် စကားမပြောပေ။ တိတ်ဆိတ်စွာ ထရပ်ပြီး ခန်းမအလယ် စားပွဲရှည်ကြီး ရှိရာသို့ လျှောက်လှမ်းသွားလိုက်လေသည်။

ချီယို့သောင်း၏ မျက်လုံးများထဲတွင် သွေးဆာနေသော အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူမ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။

“ပြေးမလို့လား။ ဘယ်ပြေးမလို့လဲ။ ဧကရာဇ် ပေါက်စလေးက မင်းကို ကာကွယ်ပေးနိုင်မယ် ထင်လို့လား။... အေ့...” သူ လေတက်လိုက်လေသည်။ ရပ်တန့်ပြီး ခဏလောက် စဉ်းစားလိုက်၏။ ရက်စက်စွာ ပြုံးပြီး ယိုင်နဲ့နဲ့ဖြင့် ရှေ့ဆက်တိုးလာလေသည်။ “ဧကရာဇ် ပေါက်စလေး ငိုယိုအော်ဟစ်တာ မကြားရတာ ကြာပြီ။ လွမ်းနေတာ…”

မေဝမ့်ရှူး စားပွဲဘေး ရောက်ရှိနေပြီ ဖြစ်သည်။ စားပွဲနောက်တွင် ထိုင်နေသော ယွမ်ဟော်ဧကရာဇ်နှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။

လော့ထျန် ထရပ်လိုက်လေသည်။

နှစ်ယောက်သား စားပွဲပေါ်မှ ကျောက်စိမ်းရိုးတပ် ပန်းချီကားချပ်ကို ယူလိုက်ကြလေသည်။ လူတစ်ရပ်စာလောက် အမြင့်ထိ မြှောက်တင်လိုက်ပြီး မီးရောင်အောက်တွင် တပြိုင်နက် ဖြန့်ချလိုက်ကြလေသည်။

ထိုကားချပ်မှာ (၈) ပေ အရှည်၊ (၃) ပေ အကျယ် ရှိသော လူတစ်ရပ်စာ ပုံတူပန်းချီကားချပ်ကြီး ဖြစ်လေသည်။

နန်းတွင်း ပန်းချီဆရာက လနှင့်ချီ အချိန်ယူပြီး ရေးဆွဲထားခြင်းဖြစ်၍ လူအစစ်နှင့် အလွန် တူညီလှလေသည်။

ချီယို့သောင်း၏ မူးဝေနေသော မျက်လုံးထဲတွင် ယခင်ဧကရာဇ်၏ မျက်နှာကြီး ပေါ်လာလေသည်။

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး စားပွဲနောက်တွင် ရပ်နေသည်။ မျက်နှာထားက တည်ငြိမ်သော်လည်း အရှိန်အဝါ ကြီးမားလေသည်။

အလွန် ရင်းနှီးနေသော၊ စူးရှတောက်ပသော မျက်လုံးများသည် သူ့ကို တည့်တည့် စိုက်ကြည့်နေလေသည်။ မီးရောင်အောက်တွင် လူစိတ်ကို ထိုးဖောက် မြင်နေရသကဲ့သို့ ရှိလေသည်။

ချီယို့သောင်း ပခုံးများ တွန့်သွားလေသည်။ ရှေ့တိုးနေသော ခြေလှမ်းများ ရပ်တန့်သွားလေသည်။

“အရှင်... ဧကရာဇ်...” သူ တီးတိုး ရေရွတ်လိုက်လေသည်။

ရက်စက်သော မျက်နှာထား ပျောက်ကွယ်သွားပြီး ထိတ်လန့်သွားလေသည်။ မူးနေသော ဦးနှောက်က အသည်းအသန် စဉ်းစားနေ၏။ မီးရောင်အောက်တွင် မျက်နှာက ရှုံ့မဲ့သွားပြီး ယခင်ကကဲ့သို့ ရိုကျိုးသိမ်မွေ့သော ပုံစံ ဖြစ်လာအောင် အတင်း ပြောင်းယူလိုက်လေသည်။

“ဧကရာဇ်... ကျွန်တော်မျိုး ညစာစားပွဲ တက်ရင်း... မူးပြီး... လမ်းမှားလာမိတာပါ” သူ ယောင်ယမ်းပြီး ပြောဆိုလေသည်။ ကမန်းကတန်း နှုတ်ဆက်ပြီး နောက်ဆုတ် သွားလေသည်။ တံခါးခုံတွင် ခလုတ်တိုက်ပြီး လဲကျလုနီးပါး ဖြစ်သွားသေးသည်။

ခြေသံများ ယိုင်နဲ့နဲ့ဖြင့် ဝေးကွာသွားလေသည်။

ခဏအကြာတွင် လန်ရှန်ချန်း အပြင်မှ ပြေးဝင်လာလေသည်။ ချွေးများ သုတ်ရင်း လျှောက်တင်လေသည်။ “သွားပါပြီ။ ကျစ်ချန်နန်းဆောင် တံခါးကနေ ထွက်သွားတာ ကျွန်တော်မျိုး ကိုယ်တိုင် မြင်လိုက်ပါတယ်”

ဆူးဟွေ့ကျုံး စားပွဲနား သွားရောက်ပြီး ပန်းချီကားကို ယူကာ သေချာ ပြန်လည်လိပ်လိုက်လေသည်။

“ဒီည အသက်ဘေးက လွတ်တာ ယခင်ဧကရာဇ် ပုံတူကြောင့်ပဲ” သူ ကြောက်လန့်တကြား ပြောဆိုလေသည်။ “အဲဒီအရူးက ယခင်ဧကရာဇ်ကိုတော့ ကြောက်သေးတာပဲ။ မေအမတ်ရဲ့ အကြံက တကယ် ကောင်းပါတယ်”

လန်ရှန်ချန်းက အကြံပေးလေသည်။ “ဒါဆို ဒီပုံတူကို ကျစ်ချန်နန်းဆောင်မှာပဲ ထားလိုက်ရအောင်။ နောက်နောင် သူ လာတိုင်း ဒီပုံတူနဲ့ ခြောက်ထုတ်မယ်…”

မေဝမ့်ရှူး ခေါင်းခါလိုက်လေသည်။ “မရဘူး။ ဒီနည်းက မမျှော်လင့်ဘဲ လုပ်လိုက်လို့ ပထမတစ်ခါပဲ အလုပ်ဖြစ်တာ။ မနက်ဖြန် သူ အမူးပြေပြီး စဉ်းစားမိသွားရင် ဒီပုံတူက အသုံးဝင်တော့မှာ မဟုတ်ဘူး။ နောက်တစ်ခါဆို တခြားနည်း စဉ်းစားရလိမ့်မယ်”

ဆူးဟွေ့ကျုံးက တာဝန်ကျနေသော မိန်းမစိုးလေးများကို ခေါ်ယူပြီး မီးအိမ်များကို တစ်လုံးချင်း လိုက်လံငြှိမ်းသတ်ခိုင်းလိုက်လေသည်။

နန်းဆောင်ထဲမှ မီးရောင်များ တဖြည်းဖြည်း မှိန်သွားလေသည်။

နောက်ဆုံး စားပွဲနားမှ မီးအိမ်လေး တစ်လုံးသာ ကျန်ရစ်တော့သည်။

ဧကရာဇ်သည် နေရာမှာပင် ထိုင်နေဆဲ ဖြစ်သည်။ နက်မှောင်သော မျက်လုံးများသည် အလုပ်ရှုပ်နေသော လူများကို လိုက်လံကြည့်ရှုနေ၏။ ထို့နောက် စားပွဲပေါ်မှ ပန်းချီကားလိပ်ကို ငုံ့ကြည့်နေပြန်လေသည်။

156 05

“သန်းခေါင်ကျော်နေပြီ” မေဝမ့်ရှူး အနားသွားပြီး ပြောလိုက်လေသည်။ “ဧကရာဇ် အိပ်ပါတော့။ မနက်ဖြန် စောစောထပြီး စာသင်ရဦးမယ်”

ကောင်လေးက စကားမပြောပေ။ မလှုပ်မယှက် ဖြစ်နေလေသည်။ သူမ လက်လှမ်းပြီး နဂါးဝတ်စုံ လက်ကို ဖွဖွလေး ဆွဲလိုက်လေသည်။

လော့ထျန် တိတ်တဆိတ် ထရပ်ပြီး သူမနောက်မှ အိပ်ခန်းထဲ လိုက်ပါသွားလေသည်။

ဆူးဟွေ့ကျုံးနှင့် လန်ရှန်ချန်း လိုက်ပါသွားပြီး အိပ်ရာပြင်ပေးခြင်း၊ ရေနွေးအိတ် ထည့်ပေးခြင်း၊ မျက်နှာသစ်ရန် ရေယူလာပေးခြင်း၊ အဝတ်အစား လဲပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြလေသည်။

ဧကရာဇ် အဝတ်လဲနေစဉ် မေဝမ့်ရှူးက နောက်လှည့်ပြီး အခန်းပြင် ထွက်ရန် ပြင်လိုက်လေသည်။

အနောက်မှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူမ အင်္ကျီလက်စကို ဆွဲထားလိုက်လေသည်။

“ကျန်း စိတ်အခြေအနေ မကောင်းဘူး”

အသံပြောင်းခါစ ကောင်လေး၏ အသံမှာ အက်ကွဲနေလေသည်။ “မေအမတ်... ဒီည ဘေးခန်းမဆောင်မှာ သွားမအိပ်ပါနဲ့။ ဒီမှာပဲ နေပြီး ငါ့ကို စကားပြောပေးပါ”

*** *** ***

မနက် (၃) နာရီ ထိုးပြီ ဖြစ်သည်။

မှိန်ဖျဖျ အိပ်ခန်းထဲတွင် ဆီမီးခွက်လေး တစ်လုံးသာ ကျန်ရှိတော့သည်။ အလင်းရောင် မှိန်မှိန်လေး ထွက်ပေါ်နေလေသည်။

ကျယ်ဝန်းသော နဂါးခုတင်ကြီးပေါ်တွင် စောင်ပုံကြီး တစ်ပုံ ရှိနေ၏။

မေဝမ့်ရှူးသည် ဘေးခန်းမဆောင်တွင် ညဝတ်အင်္ကျီ သွားရောက်လဲလှယ်ပြီး ကိုယ့်စောင် ကိုယ်ယူကာ ပြန်လာခဲ့လေသည်။

သူမ ဘေးနားတွင် ဧကရာဇ်က စောင်ခေါင်းမြီးခြုံပြီး အိပ်ရာ အတွင်းဘက်၌ မှောက်အိပ်နေလေသည်။

“ကျွန်တော်မျိုး ရောက်ပါပြီ။ ဧကရာဇ်က ဘာလို့ ခေါင်းမြီးခြုံ အိပ်နေတာလဲ” သူမ မေးလိုက်လေသည်။ “မီးလင်းနေလို့ ဆိုရင် သွားငြှိမ်းလိုက်ပါ့မယ်”

“မငြှိမ်းနဲ့။ အဲဒီမီးခွက်လေး ထားထား”

“ဟုတ်ကဲ့” မေဝမ့်ရှူး စောင်ကို ပခုံးထိ ဆွဲတင်ပြီး ကုတင် အပြင်ဘက်နားတွင် သပ်သပ်ရပ်ရပ် လဲအိပ်လိုက်လေသည်။

“မေအမတ်”

“ရှိပါတယ်”

ခဏအကြာတွင် စောင်ပုံထဲမှ ထပ်မံခေါ်ပြန်လေသည်။ “မေအမတ်”

“ရှိပါတယ်”

ခဏစောင့်သော်လည်း ဘာမျှ ဆက်မပြောပေ။ သူမ တိုးတိုးလေး မေးလိုက်လေသည်။ “ဧကရာဇ် ဘာပြောချင်လို့လဲ။ ကျွန်တော်မျိုး နားထောင်နေပါတယ်”

“ဘာမှတော့ မဟုတ်ပါဘူး။ ဘေးနားမှာ လူရှိတယ် ဆိုတာ သိရရင် စိတ်သက်သာလို့ပါ” စောင်ပုံထဲမှ အသံက ခဏ ရပ်တန့်သွားလေသည်။ “တစ်ယောက်တည်း အိပ်ရတုန်းကလို ရင်ထဲ ဟာတာတာ မဖြစ်တော့ဘူး”

မေဝမ့်ရှူး ပြုံးလိုက်မိလေသည်။

ဧကရာဇ်က အရပ်ရှည်လာပြီ ဆိုသော်လည်း အသက်က ငယ်သေးသည်ကိုး။ အဖော် လိုချင်ရှာပေမည်။

သူမ ဖောင်းပွနေသော စောင်ပုံကြီးကို ဖွဖွလေး ပုတ်ပေးလိုက်လေသည်။ “ကျွန်တော်မျိုး ဒီမှာ ရှိပါတယ်။ အိပ်လိုက်ပါတော့”

ပက်လက်အိပ်ရသည်မှာ သက်သောင့်သက်သာ မရှိသဖြင့် သူမ ထထိုင်လိုက်လေသည်။ မှိန်ဖျဖျ မီးရောင်အောက်တွင် ဆံထိုးကို ဆွဲဖြုတ်လိုက်ပြီး တစ်နေကုန် စည်းနှောင်ထားသော ဆံပင်များကို ဖြေချလိုက်လေသည်။

နက်မှောင်သော ဆံနွယ်ရှည်ကြီးများသည် ခါးထိအောင် ဖြာကျသွားလေသည်။

သူမ ဆံပင်များကို ဘေးတစ်ဖက် သိမ်းပြီး သက်သောင့်သက်သာ ပြန်လည် လဲအိပ်လိုက်လေသည်။

156 06

လဲလိုက်သောအခါမှ ဘေးနားရှိ စောင်ပုံကြီး ပွင့်နေသည်ကို သတိထားမိလိုက်လေသည်။ စောင်ကြားထဲမှ တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းလေးများသည် သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြလေသည်။

ဤမြင်ကွင်းသည်... ဇာတိအိမ်ရှိ ကြောင်လေးကို သတိရသွားစေလေသည်။

ဆောင်းတွင်းဆိုလျှင် ကြောင်လေးက အေးသဖြင့် စောင်ထဲ ဝင်အိပ်တတ်သည်။ အမှောင်ထဲတွင် တောက်ပသော မျက်လုံးလေးများဖြင့် ကြည့်နေတတ်သဖြင့် လန့်ဖျပ်သွားတတ်လေသည်။

မေဝမ့်ရှူး ကြည့်ရင်း ကြည့်ရင်း ပိုမိုတူလာသဖြင့် ရယ်ချင်သွားလေသည်။ “ဧကရာဇ် ဘာကြည့်နေတာလဲ”

စောင်ထဲမှ မျက်လုံးများသည် လန့်သွားသကဲ့သို့ ချက်ချင်း ပြန်ဝင်သွားကြလေသည်။ စောင်ထဲမှ အသံအုပ်အုပ်လေး ထွက်ပေါ်လာလေသည်။ “ဘာမှ မဟုတ်ဘူး။ အိပ်တော့မယ်”

မေဝမ့်ရှူး အပေါ်မှ ကန့်လန့်ကာကို ချလိုက်လေသည်။ မီးရောင် ပျောက်ကွယ်သွား၏။

အမှောင်ကျသွားလေသည်။

ဧကရာဇ် ပြောဆိုသည်ကို ကြားလိုက်ရလေသည်။ “မေအမတ်... မင်း အသက်ရှည်ရှည် နေရမှာပါ”

မေဝမ့်ရှူး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

သူမ ရုတ်တရက် သဘောပေါက်လိုက်လေသည်။ ညနေက ဟယ်ခရိုင်မင်းသမီးကို ခေါ်ဆောင်သွားသော အထိန်းတော်ကြီးများ ပြောဆိုသည့် မကောင်းသော စကားများကို ဧကရာဇ် ကြားသွားခြင်း ဖြစ်ပေမည်။

လော့ထျန် အမှောင်ထဲတွင် လေးလေးနက်နက် ပြောဆိုနေလေသည်။ “အသက်ရှည်ရှည် နေရရုံတင် မဟုတ်ဘူး။ နောင်ကျရင် ငါ မင်းကို ဆုတွေ အများကြီး ချပေးဦးမှာ။ ငါက မင်းကောင်းမင်းမြတ် လုပ်မယ်။ မင်းက ရာဇဝင်တွင်မဲ့ အမတ်ကောင်း လုပ်။ ငါတို့နှစ်ယောက် ပူးပေါင်းပြီး တိုင်းပြည်ကို အေးချမ်းသာယာအောင် လုပ်ကြမယ်။ မေအမတ်... ယုံလား”

“ယုံပါတယ်” မေဝမ့်ရှူး အမှောင်ထဲတွင် ပြန်ဖြေလိုက်လေသည်။ “အဲဒီလိုနေ့ ရောက်လာမှာပါ”

သူမ အသံက ယုံကြည်မှု ရှိသော်လည်း ဧကရာဇ်ဘက်ကမူ သံသယ ဖြစ်နေဆဲပင်။

“တကယ်လား” လော့ထျန် တွန့်ဆုတ်စွာ မေးလေသည်။ “တကယ်ပဲ အဲဒီလိုနေ့ ရောက်လာမှာလား။ နန်းတော်မှာ လူယုတ်မာချီ ရှိတယ်။ မယ်တော်ကြီး ရှိတယ်။ ပြီးခဲ့တဲ့တစ်ခါ မယ်တော်ကြီး စိတ်ဆိုးတုန်းက ငါ့ကို နန်းချမယ်လို့ ပြောဖူးတယ်... ငါ့အစ်ကိုကလည်း မြို့တော်နားက ယာယီနန်းတော်မှာ ရှိနေတာ...”

မေဝမ့်ရှူး အမှောင်ထဲတွင် စမ်းသပ်ပြီး သူ့ပခုံးကို စောင်ပေါ်မှနေ၍ ပုတ်ပေးလိုက်လေသည်။

“ရောက်လာမှာပါ” သူမ တိုးတိုးလေးနှင့် ခိုင်မာစွာ ပြောဆိုလိုက်လေသည်။ “တိမ်တွေက နေကို ခဏပဲ ဖုံးနိုင်တာပါ။ ကြာကြာ မခံပါဘူး။ ဧကရာဇ်က ငယ်ပါသေးတယ်။ အခု လုပ်ရမှာက သည်းခံရမယ်၊ ပညာသင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်မယ်၊ စောင့်ဆိုင်းမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေရင် သစ္စာရှိတဲ့ အမတ်တွေ ရောက်လာမှာပါ”

လော့ထျန် တိုးတိုးလေး ထူးလိုက်လေသည်။ “အင်း”

ခဏအကြာတွင် သူ ထပ်မေးပြန်လေသည်။ “ငါ့စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ဝင်ဝင်လာတတ်တယ်။ တကယ်လို့ ငါ... ကိုယ်ကျင့်တရား မကောင်းရင်၊ ပညာလည်း မတော်ရင်...”

မေဝမ့်ရှူး မနေနိုင်တော့ဘဲ တစ်ဖက်လှည့်ပြီး အသံမထွက်အောင် အချိန်ကြာမြင့်စွာ ရယ်မောလိုက်မိလေသည်။

ယခင်ဘဝတုန်းက မင်းဆိုးမင်းညစ်ကြီးကို စစ်တုရင် သင်ပေးစဉ်က ဤလူသည် တစ်နေ့တွင် ငါ မလိမ္မာရင်၊ စာမတော်ရင် ဘယ်လိုလုပ်မလဲ ဟု ရှက်ရွံ့စွာ မေးလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့မိပေ။

ဘဝသစ် ပြန်စသောအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ လူက အတူတူပင် ဆိုသော်လည်း တကယ် ကွာခြားသွားပြီ ဖြစ်လေသည်။

သူမ ဧကရာဇ်ငယ်လေးကို ပိုမို၍ နူးညံ့သော အသံဖြင့် ပြောဆိုလိုက်လေသည်။

“ဧကရာဇ်က အရမ်း ဉာဏ်ကောင်းပါတယ်။ ဧကရာဇ်က သင်ယူချင်စိတ် ရှိတယ်၊ ကိုယ့်အပြစ်ကို ကိုယ်မြင်တယ် ဆိုရင်ပဲ တော်တော် ကောင်းနေပါပြီ”

ပြောပြီးသည်နှင့် စောင်ပုံကြီးကို ထပ်ပုတ်ပေးပြီး လက်ပြန်ရုပ်ရန် ပြင်လိုက်စဉ် အမှောင်ထဲတွင် လက်ကောက်ဝတ်ကို လှမ်းဆွဲထားခြင်း ခံလိုက်ရလေသည်။

156 07

ကောင်လေး၏ လက်ဖဝါးမှာ ပူနွေးနေလေသည်။ သွယ်လျသော လက်ကောက်ဝတ်ကို တစ်ချက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးမှ လွှတ်ပေးလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းကဲ့သို့ အေးစက်နေသော သူမ၏ လက်ချောင်းလေးများကို ချိတ်ဆွဲပြီး လှုပ်ရမ်းလိုက်လေသည်။

“ငါ့ရင်ထဲမှာ အရမ်း ပျော်နေတယ်” ကောင်လေး၏ အသံမှာ အက်ကွဲနေလေသည်။ “မေအမတ်... မင်းအိမ်က လူကြီးတွေက မင်းကို ငယ်နာမည် ပေးထားလား”

မေဝမ့်ရှူး ရုန်းကြည့်သော်လည်း ဧကရာဇ်က လက်ချောင်းကို တင်းတင်း ချိတ်ထားသဖြင့် မရုန်းနိုင်ပေ။ ဒီအတိုင်းပင် ထားလိုက်တော့သည်။

“ဇာတိမှာတုန်းက အဖေက ပေးထားပါတယ်။ ကျွန်တော်မျိုးရဲ့ ငယ်နာမည်က ရွှယ်ချင့်ပါ”

“ရွှယ်ချင့်... ရွှယ်ချင့်...” လော့ထျန် (၂) ခေါက်ခန့် ရေရွတ်လိုက်လေသည်။ “နာမည်လေးက သာယာလိုက်တာ”

သူ့အသံ တိုးသွားလေသည်။ “ခမည်းတော်က စောစောစီးစီး ဆုံးသွားတော့ ငါ ကြီးလာရင် ငါ့ကို ငယ်နာမည် ပေးမဲ့သူ ရှိပါ့မလား မသိဘူး”

မေဝမ့်ရှူး ရင်ထဲ လှုပ်ရှားသွားလေသည်။ သူ့ကို လှည့်ကြည့်လိုက်လေသည်။

လော့ထျန်က အတွင်းဘက်ကို မျက်နှာမူထားသဖြင့် အမှောင်ထဲတွင် သူ့မျက်နှာထားကို မမြင်ရပေ။

သူမ ခဏ စဉ်းစားလိုက်လေသည်။

“ထုံးစံအရ ဆိုရင် ဧကရာဇ် (၁၆) နှစ် ပြည့်ရင် အရွယ်ရောက်ပြီလို့ သတ်မှတ်ပြီး အခမ်းအနား လုပ်ရမှာပါ။ တကယ်လို့ အဲဒီနေ့ကျရင် ဧကရာဇ်ကို ငယ်နာမည် ပေးမဲ့သူ မရှိဘူးဆိုရင်...” သူမ ဖြည်းညှင်းစွာ ပြောဆိုလိုက်လေသည်။ “ကျွန်တော်မျိုး သတ္တိမွေးပြီး ဧကရာဇ်အတွက် ငယ်နာမည် ပေးပါရစေ”

လော့ထျန် ရုတ်တရက် လှည့်လာလေသည်။ စောင်ကြီးကို ဖက်ပြီး မှောက်လျက်သား မျက်လုံးတောက်တောက်ကြီးများဖြင့် ကြည့်နေလေသည်။ “တကယ်လား”

“တကယ်ပါ”

မေဝမ့်ရှူးက သူ့လက်ချောင်းလေးကို ပြန်ချိတ်ပေးလိုက်လေသည်။ ပြုံးပြီး ကတိပေးလိုက်၏။ “လူကြီးလူကောင်း ကတိပါပဲ”

ပြီးတော့ အိပ်ဖို့ တိုက်တွန်းလိုက်လေသည်။ “မနက်ဖြန် မထနိုင်ရင် မင်းဆရာအမတ်လွီရဲ့ စကားခက်ခက်ကြီးတွေနဲ့ ဆူတာ ခံရမဲ့သူက ဧကရာဇ်နော်”

တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်သန်းခေါင်... ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲ ကျဆင်းနေလေသည်။

အိပ်ခန်းထဲရှိ လူနှစ်ဦးလည်း အိပ်မက်ကမ္ဘာထဲ ရောက်ရှိသွားကြလေသည်။

******

All Chapters