အခန်း (၁၅၇)
Vol. 16 Ch. 157
157 01
အခန်း 157 အပိုင်းပို (၆)
အရှေ့မြို့တော် နေ့စဉ်ဘဝ (အပိုင်း ၁)
ညအချိန်က မိုးရွာသွန်းထားသဖြင့် ဆောင်းဦးရာသီဥတုသည် အေးစိမ့်နေလေသည်။ သစ်ရွက်ကြွေများသည် မြေပြင်ပေါ်တွင် ပြည့်နှက်နေ၏။
နံနက်ခင်း လေအေးများ တိုက်ခတ်နေချိန်တွင် မြို့တော်မြောက်ဘက် တံခါးအပြင်ဘက်၌ အဆင့် (၃) နှင့်အထက် အရာရှိကြီးများသည် စုဝေးရောက်ရှိနေကြလေသည်။
ရာဇဝတ်သား မင်းသား (၃) ပါးကို ယနေ့တွင် စစ်သည်များက ချုပ်နှောင်၍ ခေါ်ဆောင်လာကြသည်။ အကျဉ်းသားဝတ်စုံများ ဝတ်ဆင်ထားပြီး လက်ထိပ် ခြေချင်း ခတ်ထားလေသည်။ မြို့ပြင်တွင် ဆွေမျိုးမိတ်သင်္ဂဟများနှင့် နောက်ဆုံး နှုတ်ဆက်ကြခြင်း ဖြစ်သည်။
လော့ရှင်းယွမ်သည် သူတို့ကို မျက်နှာသာ ပေးသည့်အနေဖြင့် ကိုယ်တိုင် လာရောက် ပို့ဆောင်လေသည်။ နှုတ်ဆက်အရက် တိုက်ကျွေးပြီး ဆောင်းတွင်းဝတ် ဝတ်ရုံများ ပေးသနားလေသည်။
ယနေ့တွင် သူသည် အရောင်ရင့်ရင့် ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး တည်ငြိမ်အေးဆေးစွာ ရှိနေသည်။ ဧကရာဇ် အရှိန်အဝါ အပြည့်ဖြင့် ရှိနေသဖြင့် နှုတ်ဆက်ပွဲမှာ အတော်ပင် ခမ်းနားလေသည်။
အရက်ခွက် (၃) ခွက်ကို လင်ပန်းပေါ် ပြန်တင်လိုက်သည့်အချိန်တွင် ရှိနေသော အမတ်များအားလုံး မြင်တွေ့လိုက်ရသည်မှာ ဧကရာဇ်က လက်ဖြင့် မျက်ရည် သုတ်လိုက်ခြင်းပင် ဖြစ်သည်။
မျက်လုံးထောင့်တွင် မျက်ရည်စများ ဝေ့သီနေလေသည်။
အမတ်များသည် စိတ်မကောင်း ဖြစ်သွားကြလေသည်။
အရက်တိုက်ကျွေးပြီးနောက် မင်းသားကြီးအလှည့် ရောက်ရှိလာလေသည်။
မင်းသားကြီးသည် တောင်ဝှေးထောက်ပြီး ထွက်လာလေသည်။ ပုန်ကန်ရန် ကြံစည်သော တူများ မြေးများကို မျက်နှာသာ မပေးဘဲ တောင်ဝှေးဖြင့် မျက်နှာကို ထိုးကာ ဆဲဆိုလေတော့သည်။
အဘိုးကြီး၏ အသံမှာ ကျယ်လောင်လွန်းသဖြင့် မိုင်ဝက်ခန့်အထိ ကြားနိုင်လေသည်။
“...... နယ်စပ်ရောက်ရင် စိတ်သစ်လူသစ်နဲ့ နေကြ။ ကိုယ့်ကိုကိုယ် ပြုပြင်ကြ။ မင်းတို့ကြောင့် ဒုက္ခရောက်ရတဲ့ သားသမီး မြေးမြစ်တွေကို တွေးပြီး နောင်တရကြ!”
မင်းသား (၃) ပါးသည် အကျဉ်းသား လှည်းပေါ်သို့ တက်သွားကြလေသည်။ နယ်နှင်ဒဏ် ပို့ဆောင်မည့် လူတန်းကြီးသည် မြောက်ဘက်သို့ ဦးတည် ထွက်ခွာသွားကြ၏။
လမ်းဘေးရှိ အမတ်များကမူ တီးတိုး ပြောဆိုနေကြလေသည်။ အချိန်အတော်ကြာသည်အထိ မပြီးနိုင်ကြပေ။
မြို့ပြင်တွင် လေတိုက်ခတ်နေလေသည်။ စောစောက နှုတ်ဆက်ပွဲ စတင်ကာစ၌ပင် မေဝမ့်ရှူးကို ဆူးဟွေ့ကျုံးက အတင်းခေါ်ဆောင်သွားပြီး ဧကရာဇ်စီးသော ရထားပေါ်တွင် နားနေစေခဲ့သည်။ လိုက်ကာလေး ဟကာ အဝေးမှ လှမ်းကြည့်နေရလေသည်။
လော့ရှင်းယွမ် လျှောက်လှမ်းလာသောအခါ ဟန်မဆောင်တော့ပေ။ နှုတ်ခမ်းစွန်းတွင် အပြုံးရိပ်များ ပေါ်လာလေသည်။
မေဝမ့်ရှူးသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး စောင့်ဆိုင်းနေလိုက်သည်။ သူ အနားရောက်ရှိလာသောအခါ ရထားပေါ်မှ ဆင်းသက်ပြီး အသံနှိမ့်ကာ မေးမြန်းလိုက်လေသည်။ “ခုနက တကယ် ငိုတာလား”
လော့ရှင်းယွမ်က ညာဘက်လက်မကို ထောင်ပြလေသည်။ လက်မထိပ်တွင် အနီရောင် အစွန်းအထင်းလေး ရှိနေသည်။ တိုးတိုးလေး ဖြေကြားလေသည်။ “မနက်က ငရုတ်သီးအနီ တစ်တောင့် ယူလာတာ။ ခုနက အင်္ကျီလက်ထဲမှာ ချေလိုက်တာ။ စပ်လိုက်တာ လွန်ရော။ မင်း စမ်းကြည့်မလား”
မေဝမ့်ရှူး ရယ်ချင်စိတ်ကို အောင့်အီးပြီး ရှောင်ဖယ်လိုက်လေသည်။
“ဒီနေ့ နှုတ်ဆက်ပွဲက တော်တော် ပြည့်စုံသွားပြီ။ မင်းသား (၃) ပါးရဲ့ လုပ်ရပ်တွေက ကျေးဇူးကန်းရာ ရောက်သွားပြီ။ ဒီပုန်ကန်မှု ပြဿနာက ဒီမှာတင် ပြီးဆုံးသွားပြီပေါ့”
“နောက်ဆုံး ကိစ္စတစ်ခု ကျန်သေးတယ်။ အဲဒါပြီးမှ ပြီးမှာ” လော့ရှင်းယွမ်က ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။
“ခုနက အမတ်တွေ ရှေ့မှာ ပြောခဲ့ပြီးပြီ။ ခဏနေရင် ဘိုးဘွားပိုင် တော်ဝင် ဗိမ္မာန်ကို သွားပြီး နတ်ပူဇော်မယ်။ ဘိုးဘွားတွေကို တိုင်တည်မယ်။ ငါက သားသမီး တစ်ယောက် အနေနဲ့ ဦးလေးတွေ အစ်ကိုတွေကို နယ်နှင်ဒဏ် ပေးလိုက်ရလို့ စိတ်မကောင်းဘူး၊ ဘိုးဘေးဗိမ္မာန်မှာ (၃) ရက်လောက် သီလဆောက်တည်မယ် လို့ ပြောထားတယ်”
“တကယ်လား” မေဝမ့်ရှူး မယုံကြည်ပေ။
157 02
“ဘိုးဘေးဗိမ္မာန် သွားတာတော့ တကယ်ပါ။ အမိန့်ပေးပြီးပြီ။ အခု သွားတော့မှာ” လော့ရှင်းယွမ်က ဆူးဟွေ့ကျုံး ပေးသော ရေစိုဝတ်ဖြင့် ငရုတ်သီးပေနေသည့် လက်ကို သုတ်လိုက်လေသည်။ “ကျန်တာတွေကတော့... နားထောင်ကောင်းအောင် ပြောတာပါ”
နှစ်ဦးသား စကားပြောဆိုနေစဉ် ရှေ့မှ ယာဉ်တန်း စတင်ထွက်ခွာလေပြီ။ မြို့တော်ထဲ ပြန်မဝင်ဘဲ မြို့ပြင်ရှိ ဘိုးဘေးဗိမ္မာန်ဘက်သို့ ဦးတည်သွားနေကြလေသည်။
မေဝမ့်ရှူး စဉ်းစားဆင်ခြင်လိုက်လေသည်။ “ဧကရာဇ်က ဘိုးဘေးဗိမ္မာန် သွားမယ် ဆိုရင်... ကျွန်တော်မျိုးက အရှေ့မြို့တော် ပြန်လိုက်တော့မယ်...”
ပြောရင်းနှင့် ရထားအနောက်သို့ ဆုတ်ခွာလိုက်လေသည်။
လော့ရှင်းယွမ် လက်လှမ်းပြီး တားဆီးလိုက်၏။
ထူထဲသော ဝတ်ရုံလက်အောက်မှနေ၍ သူမ လက်ချောင်းလေးများကို ဖွဖွလေး ချိတ်ဆွဲလိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်လေသည်။
အခြွေအရံများကြားတွင် မေဝမ့်ရှူးနှင့် လော့ရှင်းယွမ်သည် ခြေလှမ်းဝက်ခန့် ခွာပြီး ယှဉ်လျက် လျှောက်လှမ်းလာကြလေသည်။
လော့ရှင်းယွမ် မျက်လုံးများက ရှေ့ကို တည့်တည့်ကြည့်ရှုနေသည်။ ပါးစပ်ကမူ ပြောဆိုလိုက်လေသည်။ “ရောက်မှတော့ ရောက်လာပြီပဲ။ (၃) ရက်လောက်တော့ အဖော်လုပ်ပေးပါဦး”
မေဝမ့်ရှူးလည်း ရှေ့ကို တည့်တည့်ကြည့်နေလေသည်။ အသံထဲတွင် ရယ်သံပါနေ၏။
“ဪ... ဘိုးဘေးဗိမ္မာန်မှာ သီလဆောက်တည်မယ် ဆိုတာ (၃) ရက်လောက် ညီလာခံ မတက်ချင်လို့ ဆင်ခြေပေးတာလား”
“ညီလာခံ မတက်ပေမဲ့ အလုပ်မလုပ်တာ မဟုတ်ပါဘူး” လော့ရှင်းယွမ်က တည်ငြိမ်စွာ ပြောလေသည်။ “ဒီ (၃) ရက်မှာ လုပ်စရာတွေ အများကြီး ရှိတယ်”
မေဝမ့်ရှူးက ပြုံးပြီး ကြည့်လိုက်လေသည်။ ဘာမျှ မပြောပေ။
မျက်လုံးထဲတွင်မူ ဆက်ပြောလေ... ဘာပဲပြောပြော ငါ မယုံဘူး ဆိုသည့် အဓိပ္ပာယ် ပေါက်နေလေသည်။
လော့ရှင်းယွမ် ရပ်တန့်လိုက်လေသည်။ နောက်လှည့်ပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်လေသည်။ “မေအမတ်က မြို့တော်ကို ရှားရှားပါးပါး ရောက်လာတာ၊ ကျန်းနဲ့အတူ ဘိုးဘေးဗိမ္မာန်ကို လိုက်ခဲ့ပါ။ ဘိုးဘွားတွေ၊ အာဇာနည်တွေနဲ့ တွေ့ဆုံပြီး စကားပြောရအောင်”
ဘိုးဘေးဗိမ္မာန်သို့ ဧကရာဇ်နှင့်အတူ လိုက်ပါခွင့်ရခြင်းမှာ အမတ်တစ်ဦးအတွက် အမြင့်ဆုံး ဂုဏ်ထူးပင် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ အမတ်များ၏ အားကျသော အကြည့်များအောက်တွင် မေဝမ့်ရှူး လက်ခံလိုက်ရလေသည်။
“အမိန့်တော်အတိုင်းပါ ”
ဧကရာဇ် အဆက်ဆက်ကို ပူဇော်ထားသော ဘိုးဘွားပိုင် ဘိုးဘေးဗိမ္မာန်သည် မြို့တော်ပြင် (၁၀) မိုင်ခန့် ဝေးသော တော်ဝင် ဥယျာဉ်အနီးတွင် ရှိလေသည်။
မျိုးဆက် (၅) ဆက် ရှိပြီဖြစ်၍ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်း ရှိနေပြီ ဖြစ်သည်။
ကျယ်ဝန်းခမ်းနားသော ဘိုးဘေးဗိမ္မာန်ကြီး၏ အဝါရောင် အမိုးကြွပ်များသည် မြူဆိုင်းနေသော ရာသီဥတုတွင် ထင်ရှားနေလေသည်။
မင်းသားကြီးသည် ကြိုတင်ရောက်ရှိနေသည်။ ဘိုးဘေးဗိမ္မာန် အရာရှိများနှင့်အတူ တံခါးဝတွင် စောင့်ဆိုင်းနေကြလေသည်။
မေဝမ့်ရှူး ပါလာသည်ကို တွေ့သောအခါ မည်သူမျှ မအံ့သြကြပေ။ အထဲသို့ လမ်းပြခေါ်ဆောင်သွားကြလေသည်။
ကျယ်ဝန်းတိတ်ဆိတ်သော အနောက်ဘက် ခန်းမဆောင်တွင် မီးအိမ်ပေါင်း ထောင်ချီ ထွန်းညှိထားလေသည်။ ညဘက် ကောင်းကင်မှ ကြယ်များကဲ့သို့ပင်။
အနောက်ဘက် ခန်းမဆောင်တွင် ခေတ်အဆက်ဆက်က နိုင်ငံ့အကျိုးပြု အာဇာနည်များ၏ ကမ္ပည်းပြားများ ထားရှိလေသည်။
သူတို့၏ ခြေသံများသည် ခန်းမကျယ်ကြီးထဲတွင် ပဲ့တင်ထပ်နေလေသည်။ လော့ရှင်းယွမ်သည် ရှေ့ဆုံးမှ သွားနေ၏။ မျက်လုံးများသည် အာဇာနည် ကမ္ပည်းပြားများဆီသို့ ရောက်ရှိနေလေသည်။
“ရွှယ်ချင့်” သူ ရုတ်တရက် မေးမြန်းလိုက်လေသည်။ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။ “မင်း ဘိုးဘေးဗိမ္မာန်ကို ရောက်ဖူးတယ် မဟုတ်လား”
“ရောက်ဖူးပါတယ် ”
157 03
ဘိုးဘေးဗိမ္မာန် အရာရှိများ ရှေ့တွင် မေဝမ့်ရှူးက စည်းကမ်းတကျ ဖြေကြားလိုက်လေသည်။ “ပြီးခဲ့တဲ့ တစ်ခေါက် ဧကရာဇ် နန်းတက်စတုန်းက ဘိုးဘွားတွေကို ပူဇော်ဖို့ လိုက်ပါခဲ့ဖူးပါတယ်”
လော့ရှင်းယွမ် ခေါင်းငြိမ့်လေသည်။ “ကျန်း မှတ်မိတယ်”
“အဲဒီတုန်းက ငါ မင်းကို ခေါ်ပြီး အနောက်ဘက် ခန်းမဆောင်ကို ဖြတ်လျှောက်တုန်းက စိတ်ထဲမှာ တွေးမိတယ်။ ငါတို့ သေသွားတဲ့အခါကျရင် ငါ့ကမ္ပည်းပြားကို လူတွေ သွင်းလာတဲ့အချိန် မင်းရဲ့ ကမ္ပည်းပြားကိုလည်း ငါ့ဘေးနားက နံပါတ်တစ် အာဇာနည် အနေနဲ့ သွင်းခွင့်ပြုမယ် လို့”
အနောက်မှ ပါလာသော ဘိုးဘေးဗိမ္မာန် အရာရှိများ အံ့သြပြီး အသံထွက်သွားကြလေသည်။
လော့ရှင်းယွမ် ခြေလှမ်း ရပ်တန့်သွားလေသည်။ အာဇာနည် ကမ္ပည်းပြားများကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ နှုတ်ခမ်းစွန်း တွန့်ကွေးပြီး ပြုံးလိုက်လေသည်။
“အခု ပြန်စဉ်းစားကြည့်တော့... မင်း အနောက်ဘက် ခန်းမဆောင်မှာ နေလို့ မဖြစ်ဘူး”
ဘိုးဘေးဗိမ္မာန် အရာရှိများ မျက်လုံး ပြူးသွားကြလေသည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မျက်ရိပ်ပြနေကြ၏။ ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ ထင်ကြေးများ အမျိုးမျိုး ပေါ်လာသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။
မင်းသားကြီး တစ်ယောက်တည်း မျက်နှာထား ထူးဆန်းနေလေသည်။ ချောင်းဟန့် လိုက်လေသည်။
အနောက်ဘက် ခန်းမဆောင်သည် အာဇာနည်များ ထားရှိသည့် နေရာဖြစ်၏။ ခေတ်အဆက်ဆက်က မိဖုရားခေါင်များ၏ ကမ္ပည်းပြားများ ထားရှိသည့် နေရာမှာမူ... အရှေ့ဘက် ခန်းမဆောင် ဖြစ်လေသည်။
လော့ရှင်းယွမ် ဘာမျှ ထပ်မံမပြောဆိုတော့ပေ။ အရာရှိများလည်း မပြောရဲကြပေ။ အားလုံး ပိုမိုကျယ်ဝန်းခမ်းနားသော အလယ် ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြလေသည်။
ပထမဆုံး ဧကရာဇ်မှ စတင်ပြီး ခမည်းတော် အထိ ဧကရာဇ် အဆက်ဆက်၏ အနက်ရောင် ကမ္ပည်းပြားများကို မီးရောင်အောက်တွင် အတန်းလိုက် စီထားလေသည်။ အလယ် ခန်းမဆောင်၏ အလယ်တည့်တည့်ရှိ စင်မြင့်ပေါ်တွင် တင်ထားခြင်း ဖြစ်သည်။
အပေါ်စီးမှနေ၍ မျိုးဆက်သစ်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသော မျက်လုံးမည်းကြီးများကဲ့သို့ပင်။
အလယ် ခန်းမဆောင်သည် ဘိုးဘေးဗိမ္မာန်၏ ဗဟိုချက်မ ဖြစ်သည်။ နေ့တိုင်း သန့်ရှင်းရေး လုပ်ထားသဖြင့် ဖုန်တစ်စက်မျှ မရှိပေ။
လိုက်ပါလာသော အရာရှိများသည် ဤနေရာတွင် ရပ်တန့်ကျန်ရစ်ခဲ့လေသည်။
အထဲသို့ ဝင်ခွင့်ရသည်မှာ လော့ရှင်းယွမ်၊ မင်းသားကြီးနှင့် မေဝမ့်ရှူး သုံးဦးတည်းသာ ဖြစ်လေသည်။
လော့ရှင်းယွမ် ရှေ့တိုးသွားလေသည်။ လတ်ဆတ်သော သစ်သီးများကို ကိုယ်တိုင် ဆက်သသည်။ အမွှေးတိုင် (၃) တိုင် မီးညှိပြီး မျက်ခုံးကြားတွင် တပ်ကာ ဘိုးဘွားများကို (၃) ကြိမ် ဦးခိုက်လိုက်လေသည်။
“ခမည်းတော်” သူ တိုးတိုးလေး ဆုတောင်းလိုက်လေသည်။ “သားတော် လာတွေ့တာပါ”
ခြေတစ်လှမ်း တိုးပြီး အမွှေးတိုင်များကို အမွှေးတိုင်အိုးထဲ စိုက်လိုက်လေသည်။
မင်းသားကြီးက ဘေးမှနေ၍ အမွှေးတိုင် (၃) တိုင် ယူပြီး မေဝမ့်ရှူးကို ကမ်းပေးလေသည်။
မေဝမ့်ရှူး လှမ်းယူလိုက်လေသည်။ လော့ရှင်းယွမ်ကို တစ်ချက် ကြည့်လိုက်၏။ သူ ဒီနေ့ ဘာကြောင့် ခေါ်လာလဲ ဆိုသည်ကို ရိပ်မိလိုက်လေသည်။
လော့ရှင်းယွမ်က အမွှေးတိုင် (၃) တိုင် ကိုင်ပြီး တကယ်ပင် ပြောဆိုလိုက်လေသည်။ “ခမည်းတော်... သား ဒီနေ့ ချွေးမကို ခေါ်ပြီး ခမည်းတော်ကို လာကန်တော့တာပါ”
မေဝမ့်ရှူး ပြုံးလိုက်မိလေသည်။ အမွှေးတိုင်ကို ယူပြီး မျက်နှာထား တည်ငြိမ်စွာဖြင့် ရှေ့တိုးကာ (၃) ကြိမ် ဦးခိုက်လိုက်လေသည်။
“ကျွန်တော်မျိုး မေဝမ့်ရှူး... ယခင်ဧကရာဇ်ကို ဒုတိယအကြိမ် လာရောက် ဂါရဝပြုပါတယ်”
အမွှေးတိုင် စိုက်ရန် ပြင်လိုက်စဉ် မင်းသားကြီးက အရေးကြီးကိစ္စ သတိရသွားလေသည်။ အမွှေးတိုင် (၃) တိုင် အမြန် ဆွဲထုတ်ပြီး ယခင်ဧကရာဇ် ကမ္ပည်းပြားဘက် လှည့်ကာ (၃) ကြိမ် ဦးခိုက်ပြီး ပြောဆိုလိုက်လေသည်။
“ယခင်ဧကရာဇ် စိတ်ချပါ။ မေအမတ်က ယောကျ်ားလေး ဝတ်စုံ ဝတ်ပြီး နှစ်ပေါင်းများစွာ အမတ်လုပ်ခဲ့ပေမဲ့ တကယ့် မိန်းကလေး စစ်စစ်ပါ။ ကျွန်တော်မျိုးကြီး ကိုယ်တိုင် အာမခံပါတယ်။ ယခင်ဧကရာဇ် မပူပါနဲ့။ ယခင်ဧကရာဇ် သားတော်က ယောကျ်ားချင်း ယူတာ မဟုတ်ပါဘူး”
157 04
ပြီးတော့ လော့ရှင်းယွမ်နှင့် မေဝမ့်ရှူးဘက် လှည့်ပြီး ရှင်းပြလေသည်။ “အခုလို ရှင်းရှင်းလင်းလင်း ပြောထားမှ။ မဟုတ်ရင် ယခင်ဧကရာဇ် ခေါင်းတလားထဲက ထလာမှာ စိုးလို့”
မေဝမ့်ရှူး “......”
လော့ရှင်းယွမ်က မင်းသားကြီး လက်ထဲမှ အမွှေးတိုင်ကို ယူပြီး အိုးထဲ စိုက်ပေးလိုက်လေသည်။ “ရပါပြီ။ ခမည်းတော် သေချာ သိသွားပါပြီ”
******