← Chapters

အန္တရယ်များတဲ့သူ

Vol. 11 Ch. 153

အန္တရယ်များတဲ့သူ

Vol. 11 Ch. 153

အခန်း (၁၅၃) အန္တရယ်များတဲ့သူ

ကျောက်ဟိုက မလှုပ်မယှက် မတ်တတ်ရပ်နေသော်လည်း ရန်ကျောက်ကဲက သူ့အသက်ရှူသံကို ဂရုတစိုက် နားထောင်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ကြယ်တာရာချီစွမ်းအားများမှတစ်ဆင့် သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံး သန့်စင်ပြီးသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ကျောက်ဟို၏ကြယ်တာရာချီစွမ်းအားများက ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအားဘောလုံးတစ်လုံးပမာ ဖြစ်တည်နေသည်။ တစ်နည်းဆိုရသော် ကျောက်ဟိုသည် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်းသိနိုင်သည်။ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ရောက်ရှိရန်ပင် ခြေလှမ်းအနည်းငယ်သာလိုတော့၏။

လွန်ခဲ့သည့်နှစ်ဝက်က တိမ်လွှာတောင်တွင် သူ့ကိုတွေ့ဆုံစဉ်ကထက်ဆာလျှင် ကျင့်ကြံခြင်းအဆင့်က အရှိန်အဟုန်ဖြင့် ခုန်တက်သွားခဲ့သည်။

တိမ်လွှာတောင်ရှိ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောနှင့် ပတ်သက်ပြီး ဖြစ်ခဲ့သည့်ပြဿနာကြောင့် အဆုံးမဲ့တောင်တန်းရှိ ကျောက်ဟို၏နေ့ရက်များ ခက်ခဲမည်ဟု အစက တွေးထင်ထားခဲ့သည်။

သို့သော် ယခု ကျောက်ဟိုက ဟိုရှန်းကိုပင်ကျော်လွန်ပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လိုက်ပါလာသည်ကို ကြည့်ခြင်းအားဖြင့် အဆုံးမဲ့တောင်တန်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်နေသည်မှာ ထင်ရှားသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆုံးမဲ့‌တောင်တန်းအတွက် ကျောက်ဟိုက အရေးပါနေဆဲဖြစ်ကြောင်း သိနိုင်သည်။

ကျောက်ဟိုက ဆေးပညာ ၊ အဂ္ဂိရတ်ပညာများ ကျွမ်းကျင်သည့်အပြင် ကျင့်ကြံခြင်းတွင်လည်း သက်တူရွယ်တူများထက် များစွာထူးချွန်ပြီး အံ့သြစရာကောင်းအောင် လျှင်မြန်သည်။

ထို့ကြောင့် အစောပိုင်းတွင် ကြီးလေးသည့်အမှားကြီးတစ်ခု ကျူးလွန်မိသည့်တိုင် သိုင်းစွမ်းရည်မြင့်မားသည့် လူငယ်မျိုးဆက်တစ်ယောက်ဖြစ်နေလေရာ မည်သည့်ထိပ်သီးသိုင်းဂိုဏ်းမဆို အလေးအနက်ထားမည်သာပင်။

ကျောက်ဟိုက ရန်ကျောက်ကဲဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်ကို စူးစိုက်ကြည့်လိုက်ရင်း...

“ရှန်ထျန်းအဆင့်တောင် ရောက်နေပြီပဲ”

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး မကြာသေးမီနှစ်များက တိုးတက်မှုအရှိန်အဟုန်နှင့် နှိုင်းယှဉ်ကြည့်မိသည့်အခါ ကျောက်ဟို အနည်းငယ် ထိတ်လန့်အံ့သြသွားသည်။

ရန်ကျောက်ကဲသည် ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်နှင့် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြန်လည်ပြုပြင်ခြင်းများတွင်သာ သူ့ထက်သာလွန်သည် မဟုတ်ပေ။

သိုင်းစွမ်းတွင်လည်း ထူးချွန်သူဖြစ်ပြီး မြင်သူတိုင်းကို ရင်သပ်ရှုမောအံ့သြစေကာ သက်ပြင်းအကြိမ်ကြိမ် ချစေခဲ့သူ ဖြစ်သည်။

သို့သော် ကျောက်ဟိုက အနည်းငယ် ထိတ်လန့်သွားခြင်းသာဖြစ်ပြီး ကြောက်ရွံ့ခြင်းအလျဉ်းမရှိပေ။

သူက ရန်ကျောက်ကဲထံမှ အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း...

“သိုင်းကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ တိုးတက်မှုနှုန်းနှေးကွေးလာလေပဲ ၊ ဒီတော့ ငါလည်း မင်းကို ခပ်မြန်မြန် အမီလိုက်လာနိုင်မှာပဲ”

ကျောက်ဟို စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်သည်။

“ကျင့်ကြံခြင်းအဆင့်တူသွားလို့ကတော့ မင်းကိုအနိုင်ယူရတာ ခွေးတစ်ကောင်ကို ရိုက်ရတာထက်တောင် လွယ်ဦးမယ်”

ရန်ကျောက်ကဲကတော့ ကျောက်ဟိုကို အရေးမစိုက်ဘဲ အဆုံးမဲ့တောင်တန်းမှ အခြားတပည့်များကို အကဲခတ်နေသည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့တက်ရောက်ရန် အဆုံးမဲ့တောင်တန်းမှ တပည့် (၄)ယောက် ရောက်ရှိလာသည်။ ကျောက်ဟိုအပြင် ကျိဟန်ရူလည်း ပါဝင်သည်။

ရန်ကျောက်ကဲသိသလောက် တိမ်လွှာတောင်တွင် သူ့ကိုရှုံးနိမ့်ပြီးသည့်နောက် ကျိဟန်ရူသည် ဒဏ်ရာကိုကုသရင်း တံခါးပိတ်ကျင့်ကြံခဲ့သည်။ အစက ရှန်ထျန်း ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ကျိဟန်ရူသည် တွေ့ဆုံပွဲသို့ မလာရောက်မီမှာပင် အချိန်ကြာမြင့်စွာ ကျင့်ကြံခြင်းတစ်ဆို့နေခြင်းကို အောင်မြင်စွာချိုးဖျက်နိုင်ခဲ့ပြီး ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်အဖြစ်သို့ ခြေလှမ်းစပြုလာနိုင်သည်။ အရှက်တကွဲဖြစ်ပြီးနောက်ပိုင်း ထက်ထက်သန်သန်ပင် ပိုမိုကျင့်ကြံလာခဲ့သည်။

အခြားတပည့်ငယ်တစ်ယောက်ကတော့ ကျိဟန်ရူထက် အသက်ငယ်ပြီး ကျောက်ဟိုထက် အနည်းငယ်အသက်ကြီးပုံရကာ ရန်‌ကျောက်ကဲနှင့် သက်တူရွယ်တူခန့် ဖြစ်သည်။

သူ့ပုံစံက ဉာဏ်ရည်ထက်မြက်ဟန်ရှိပြီး ဖော်ရွေသောအမူအရာြဖင့် ရန်ကျောက်ကဲနှင့် အခြားသူများကို ပြုံးပြခေါင်းညိတ်နှုတ်ဆက်သည်။

ရန်ကျောက်ကဲက သူ့ဦနှောက်ထဲမှ မှတ်ဉာဏ်ကိုဖော်ထုတ်လိုက်ပြီး ထိုလူငယ်မည်သူဖြစ်ကြောင်း စဉ်းစားလိုက်သည်။

ထိုလူငယ်၏နာမည်က ရှောင်ယွိဖြစ်ပြီး အဆုံးမဲ့တောင်တန်းမှ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။ သူက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကောလဟလများအရဆိုလျှင် အဆုံးမဲ့တောင်တန်း၏ လူငယ်မျိုးဆက်တပည့်များကြားတွင် ပါရမီရော နားလည်နိုင်စွမ်းပါ နံပါတ် (၁) ဖြစ်သည်ဟု ဆိုသည်။

သူက ကျင့်ကြံခြင်းတွင် ဝါသနာမပါသည့်တိုင် (၃)ရက်လောက်ငါးမျှားပြီးလျှင် နှစ်ရက်နှင့် ပိုက်ကွန်ပြန်ခြောက်အောင် ပြုလုပ်နိုင်သူ ဖြစ်၏။

ကျင့်ကြံခြင်းကို အာရုံစိုက်ခြင်း သိပ်မရှိသည့်တိုင် လူငယ်မျိုးဆက်များအလယ်တွင် ထိပ်တန်းတပည့်တစ်ယောက်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

ရှောင်ယွိက ဖော်ဖော်ရွေရွေပြုံးပြသည့်အခါ ရန်ကျောက်ကဲကလည်း ပြန်လည်ပြုံးပြနှုတ်ဆက်သည်။

ရှောင်ယွိက ကျိဟန်ရူကို လှည့်ကြည့်လိုက်ပြီး...

“တွေ့လား ဂိုဏ်းတူအစ်ကို’ကျိ’ ၊ အဲဒါက အရမ်းလွယ်တာပဲ မဟုတ်လား ၊ လူမှုဆက်ဆံရေးကနေတစ်ဆင့် ဖြေရှင်းမရတဲ့ ပြဿနာဆိုတာ မရှိပါဘူး ၊ အရင်ဆုံး လေထုထဲမှာ မှန်ကန်သွားရင် နောက်ပိုင်းဆက်ပြီး လွယ်ကူလာမှာပါ”

ထိုစကားကြောင့် ကျိဟန်ရူ နှုတ်ခမ်းများမဲ့သွားပြီး စကားမပြောဘဲ ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သည်။

ရန်ကျောက်ကဲမှာလည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ သို့သော် သူ့အာရုံက ရှောင်ယွိနှင့် ကျိဟန်ရူတို့ဆီတွင် အချိန်အကြာကြီး ရှိမနေခဲ့ပေ။

သူ အာရုံစိုက်သည်က အဆုံးမဲ့တောင်တန်းမှ တပည့်များထဲတွင် အသက်အကြီးဆုံးတစ်ယောက်ကို ဖြစ်သည်။ သူ့မျက်နှာက ပြုံးနေသယောင်ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် ထိုသို့မမဟုတ်ပေ။ သူက ရန်ကျောက်ကဲတို့ဘက်သို့ ရင်းနှီးဖော်ရွေခြင်းမရှိသောအကြည့်ဖြင့် လှမ်းကြည့်သည်။

ထိုသူကိုတွေ့သည့်အခါ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်မိသည်။

အနည်းငယ်ကံမကောင်းသလို ခံစားလိုက်ရချိန် သူ့ဘေးနားမှ ရဲ့ကျုန်းကျိုးက စကားဆိုလာသည်။

“အဆုံးမဲ့တောင်တန်းက အဲဒီအရူးကောင် လျိုရှန်းဖုန်းကို ဒီတစ်ကြိမ်တော့ အပြင်ထွက်ခွင့်ပေးလိုက်ပြီပေါ့”

ထိုသူက အဆုံးမဲ့တောင်တန်းမှ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး ရွှီဖေး ၊ ထန်ယုံဟောင်တို့နှင့် သက်တူရွယ်တူ ဖြစ်သည်။

အဆုံးမဲ့တောင်တန်းမှ အခြားတပည့်များနှင့်ယှဉ်လျှင် လျိုရှန်းဖန်းက ရက်စက်ကြမ်းကြုတ်သောစိတ်ထားရှိပြီး တိုက်ခိုက်မှုကလည်းလူမဆန်သဖြင့် နာမည်ဆိုးနှင့် ကျော်ကြားသူ ဖြစ်သည်။ သူက ပြိုင်ဘက်များနှင့် ကစားရသည်ကို သဘောကျပြီး အထူးသဖြင့် အားနည်းသူများကို အနိုင်ကျင့်တတ်သည်။ သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကို အကြောင်းပြချက်မရှိဘဲ ယုတ်ညံ့သည့်စိတ်ထားဖြင့် အနိုင်ကျင့်သတ်ဖြတ်ရသည်ကို သဘောကျသည်။

ထို့ကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း အဆုံးမဲ့တောင်တန်းက လျိုးရှန်းဖုန်းကို အပြင်မထွက်ရန် တားမြစ်ထားခဲ့သည်။

သို့ပေသိ သူက သိုင်းတာအိုတွင် အလွန်ပင်ပါရမီကောင်းသူဖြစ်ပြီး တိုက်ခိုက်မှု သူမတူအောင်ကျွမ်းကျင်လေရာ တကယ့်တိုက်ပွဲများရင်ဆိုင်ရသည့်အခါ အလွန်အသုံးဝင်သည်။ ထို့ကြောင့် အဆုံးမဲ့တောင်တန်းတွင် သူ၏တည်ရှိမှုက အငြင်းပွားစရာ ဖြစ်လာခဲ့သည်။

များသောအားဖြင့် အဆုံးမဲ့တောင်တန်းမှလူများက သူကို ချစ်ကြသလို မုန်းလည်းမုန်းကြသည်။ သူ့ကြောင့် ခေါင်းကိုက်ကြရသည်ကလည်း မနည်းမနောပင်။

လျိုရှန်းဖုန်း၏ အကြည့်များက ရန်ကျောက်ကဲနှင့် ရဲ့ကျုန်းကျိုးကြား ရွေ့လျားသွားသည်။ သူက အံ့ကိုကြိတ်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ထိုအချိန် သူ့ဘေးနားမှ ကျိဟန်ရူ မျက်နှာတစ်ချက်ပျက်သွားပြီး ရဲ့ကျုန်းကျိုးရှေ့သို့ ရုတ်တရက် ရောက်လာသည်။

“မင်းက ကျောက်စိမ်းပင်လယ်မြို့တော်က အစ်ကို’ရဲ့ကျုန်းကျိုး’ မဟုတ်လား ၊ မင်း နာမည်ကြားဖူးတာကြပါပြီ ၊ သိုင်းတာအိုနဲ့ပတ်သက်ပြီး ငါ့ကို ရက်ရက်ရောရောလေး လမ်းပြပေးနိုင်မလား မျှော်လင့်မိတယ်”

ပြောပြီးသည်နှင့် သူက ရဲ့ကျုန်းကျိုးကို လက်သီးဖြင့် ထိုးချလိုက်သည်။

လျိုးရှန်းဖုန်းက ကျိဟန်ရူကို အေးစက်စွာကြည့်လိုက်ပြီး သူ့အကြည့်များက ရန်ကျောက်ကဲနှင့် ရဲ့ကျုန်းကျိုးတို့ကြား နောက်တစ်ကြိမ် ရွေ့လျားသွားပြန်သည်။

ရှောင်ယွိက တစ်ချက်ရယ်မောလိုက်ရင်း ရန်ကျောက်ကဲအနား ရောက်လာသည်။

“အစ်ကိုက ’ရန်ကျောက်ကဲ’ မဟုတ်လား ၊ ငါက ရှောင်ယွိပါ ၊ အခုက ငါတို့ ပထမဆုံးအကြိမ် တွေ့ကြတာထင်တယ် ၊ မိုးကြိုးဒြပ်စင်နည်းပညာနဲ့ပတ်သက်ပြီး အစ်ကို’ရန်’ကို မေးစရာလေးတွေ ရှိပါတယ် ၊ ကျေးဇူးပြုပြီး အလင်းပြပေးပါ”

လျိုရှန်းဖုန်း၏မျက်နှာက ပြုံးနေသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် ပြုံးနေခြင်းမဟုတ်ပေ။ သူ့မျက်ဝန်းမှ အေးစက်သည့်အကြည့်များ လျော့ကျသွားပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် လက်သီးကို ဖြေလျှော့လိုက်သည်။

သို့ပေသိ သူ့မျက်လုံးများအတွင်းမှ ခြိမ်းခြောက်မှုအလင်းရောင်က အရင်ကထက်ပိုမိုများပြားလာသည်ကို ရန်ကျောက်ကဲ သတိပြုလိုက်မိ၏။

ရဲ့ကျုန်းကျိုးကို သူသာဝင်မတိုက်လျှင် လျိုရှန်းဖုန်း ပြဿနာရှာတော့မည်ကို သိရှိသောကြောင့် ကျိဟန်ရူက ဝင်ရောက်တိုက်ခိုက်ရခြင်းပင်။ ရဲ့ကျုန်းကျိုးကလည်း ထိုအချက်ကို ခံစားမိသည်။ ကျိဟန်ရူ၏ တိုက်ခိုက်မှုက အရှိန်အဟုန်ပြင်းထန်သည့်တိုင် မကောင်းသည့်ရည်ရွယ်ချက် မပါဝင်ကြောင်းကိုလည်း နားလည်လိုက်၏။

“မင်း အများကြီးကြိုးစားထားတာပဲ”

ရဲ့ကျုန်းကျိုးက ခေါင်းတစ်ချက်ခါယမ်းရင်း အသံပို့လွှတ်စနစ်ဖြင့် ကျိဟန်ရူကို စကားပြောလိက်သည်။ ထို့နောက် ကျိဟန်ရူ၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

ကျိဟန်ရူ၏မျက်နှာက လေးနက်နေပြီး...

“ငါက ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင် ဖြစ်နေပါပြီ ၊ အစ်ကို’ရဲ့ ‘ ကျွန်တော့်ကို သင်ပြပေးပါ”

သူတို့ (၂)ယောက်တိုက်ခိုက်မှုက ပြဿနာမရှိသော်လည်း ထိပ်သီးသိုင်းဂိုဏ်းကြီး (၂)ခုဖြစ်သော အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ပင်မတိုက်ရိုက်တပည့် (၂)ယောက် ရင်ဆိုင်ကြခြင်းဖြစ်သောကြောင့် ထူးခြားသည်ကတော့ အမှန်ပင်။

ဖန်ကျွင်းနှင့် အကြီးအကဲ’ချန်’တို့မှာ သူတို့ဦတည်ရာ လှိုင်းနက်ဂေဟာသို့ ရောက်ရှိလာပြီး အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများနှင့် တွေ့ဆုံနေကြသည်။ တပည့်များ၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ပြဿနာမရှိသရွေ့ မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ကြမည် မဟုတ်ပေ။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ၏ မူလရည်ရွယ်ချက်ကပင် မိုးအောက်မြေပြင်တစ်ခွင်မှ သူရဲကောင်းများနှင့် ပါရမီရှင်များ ထိပ်တိုက်ရင်ဆိုင်ကြခြင်းပင် ဖြစ်သည် မဟုတ်ပါလား။

ရှောင်ယွိမေးသမျှ မေးခွန်းများကို ဖြေဆိုနေသည့် ရန်ကျောက်ကဲက ရုတ်တရက် အမူအရာပြောင်းလဲသွားပြီး တခြားဘက်သို့ လှည့်ကြည့်လိုက်သည်။

အားဟူနှင့် လျိုရှန်းဖုန်းတို့သည်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။

သူတို့ရှိရာသို့ အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် လူငယ်တစ်ယောက် ရောက်ရှိလာသည်ကို တွေ့ရသောကြောင့်ပင်။ ထိုလူငယ်က ရန်ကျောက်ကဲ ၊ လျိုရှန်းဖုန်းနှင့် အခြားလူငယ်များကို ခေါင်းတစ်ချက်ညိတ်နှုတ်ဆက်ပြီး ရဲ့ကျုန်းကျိုးနှင့် ကျိဟန်ရူတို့ တိုက်ခိုက်နေရာနေရာသို့ ချက်ချင်း ရောက်ရှိသွားသည်။

သူက လက်နှစ်ဖက်ကို ယှက်လိုက်ပြီး လေထဲတွင် စက်ဝိုင်းပုံသဏ္ဌန် ကြယ်တာရာချီစွမ်းအားတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုစက်ဝန်းမှ စွမ်းအားလှိုင်းများ မြင့်တက်လာပြီး ချက်ချင်းပင် ရဲ့ကျုန်းကျိုးနှင့် ကျိဟန်ရူကို ဝိုင်းပတ်သွားသည်။

ကြယ်တာရာချီစွမ်းအားက လေထုထဲတွင် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရွှံ့နွံများပြည့်နက်နေသည့် ပုံရိပ်ယောင်ကမ္ဘာတစ်ခု ထွက်ပေါ်လာသည်။

ရဲ့ကျုန်းကျိုးနှင့် ကျိဟန်ရူတို့ (၂)ယောက်လုံး ရွံ့နွံများအတွင်း နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

သူတို့ (၂)ယောက်က အစကတည်းက သူသေကိုယ်သေ တိုက်ခိုက်နေကြခြင်း မဟုတ်လေရာ ချက်ချင်းပင် တိုက်ပွဲကို ရပ်တန့်လိုက်သည်။

ရောက်လာသည့် လူငယ်က ရှန်ထျန်း အလယ်ဆင့် သိုင်းပညာရှင်တစ်ယောက်မျှသာ ဖြစ်သော်လည်း တိကျသောအမြင် ၊ ရှုတ်ထွေးသောထိန်းချုပ်မှုများဖြင့် တိုက်ခိုက်နေသည့်သိုင်းသမား (၂)ယောက်ကို ချက်ချင်းခွဲထုတ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲက ထိုလူငယ်ကိုကြည့်ရင်း...

“အဲဒါ ရွမ်ပင်း မဟုတ်လား”

ရဲ့ကျုန်းကျိုးနှင့် ကျိဟန်ရူတို့ တိုက်ခိုက်မှု ရပ်တန့်သွားပြီးနောက် ရွမ်ပင်းက စကားဆိုသည်။

“အားလုံးက ငါတို့ လှိုင်းနက်ဂေဟာကို လာရောက်ကြတဲ့ ဧည့်သည်တွေပါ ၊ အခု ငါတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအောက်မှာ အေးအေးဆေးဆေး အနားယူကြရမယ့်အချိန်ပါ ၊ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ မကြာခင်မှာ တရားဝင်စတင်တော့မှာဖြစ်လို့ အလျင်လိုစရာမရှိပါဘူး ၊ တိုက်ခိုက်ချင်ရင် အဲဒီကျမှ တိုက်ခိုက်ကြတာပေါ့”

All Chapters