အခန်း (၁၅၉)
Vol. 16 Ch. 159
159 01
အခန်း 159 အပိုင်းပို (၈)
အရှေ့မြို့တော် နေ့စဉ်ဘဝ (အပိုင်း ၃)
ကောင်းကင်ယံတွင် လမင်းသည် တစ်ဝက်သာ ပြည့်နေလေသည်။
လူသူကင်းမဲ့သော ခြံဝင်းအတွင်း၌ ဝူထုန်သစ်ပင် အကိုင်းအခက်များသည် လေတိုက်၍ ယိမ်းနွဲ့နေကြပြီး တရှဲရှဲ မြည်သံများ ထွက်ပေါ်နေ၏။
ပြတင်းပေါက် အပြင်ဘက်တွင် သစ်ပင်ရိပ်များ လှုပ်ရှားနေသော်လည်း အခန်းထဲတွင်မူ မီးရောင်များ လင်းထိန်နေလေသည်။
အောက်သို့ ချထားသော ကုတင်လိုက်ကာများကြားတွင် ရစ်ပတ်ထားသော အရိပ်နှစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရလေသည်။
“မီး...” လိုက်ကာကြားမှ ဖြူဖွေးသွယ်လျသော လက်တစ်ဖက် ထွက်ပေါ်လာပြီး ကုတင်ခေါင်းရင်းရှိ လခြမ်းပုံ စားပွဲလေးပေါ်မှ ဖန်မီးအိမ်ကို စမ်းသပ်ရှာဖွေလေသည်။ “မီးငြှိမ်းလိုက်...”
လိုက်ကာထဲမှ သန်မာသော ယောက်ျားလက်တစ်ဖက် ထွက်ပေါ်လာပြီး ထို သွယ်လျသော လက်ချောင်းလေးများကို ပြန်လည်ဖမ်းယူသွားလေသည်။
“မီးဖွင့်ထား”
“မင်းအိမ်က ကုတင်ခေါင်းရင်းမှာ ထားတဲ့ ဖန်မီးအိမ်လေးက သိပ်ကောင်းတာပဲ” လိုက်ကာထဲမှ ရယ်သံစွန်းသော အသံနိမ့်နိမ့် ထွက်ပေါ်လာလေသည်။ “မင်းကို သေချာ ကြည့်ပါရစေဦး”
“ငါ စဉ်းစားမိတယ်။ ကျစ်ချန်နန်းဆောင် ထဲမှာလည်း ဖန်မီးအိမ်တွေ ရှိသားပဲ။ ပုံမှန်ဆို စာကြည့်စားပွဲနားမှာ ထားထားတာ”
ပါးပြင်ချင်း အပ်ထားစဉ် လော့ရှင်းယွမ်က တိုးတိုးလေး တိုင်ပင်လေသည်။
“နန်းတော် ပြန်ရောက်ရင် ဖန်မီးအိမ်တွေ အကုန်လုံးကို အနောက်ဆောင်ဆီ ရွှေ့ထားလိုက်မယ်။ မင်း လာအိပ်တဲ့ ညကျရင် မီးအိမ်တွေ အကုန် ထွန်းထားလိုက်မယ်…”
လိုက်ကာထဲမှ အောင့်အီးထားသော ညည်းသံတစ်ချက် ထွက်ပေါ်လာလေသည်။
မေဝမ့်ရှူး သူ့ကို ခြေထောက်ဖြင့် ကန်လိုက်ခြင်း ဖြစ်သည်။
လော့ရှင်းယွမ် ချက်ချင်း စကားပြောင်းလိုက်လေသည်။
“ဒီညက ရွှေအိမ်လေးထဲမှာ အလှလေးကို ဝှက်ထားတဲ့ ပထမဆုံးညလေ။ စုစုပေါင်း (၃) ညပဲ ရှိတာ။ မင်္ဂလာညချမ်းက တိုတောင်းလှတယ်။ အချိန်တွေ ကုန်တာ မြန်တယ်။ ရွှယ်ချင့်... ကိုယ့်ကို သနားပါဦး”
မေဝမ့်ရှူး “......”
မေဝမ့်ရှူး လက်ဖြင့် မျက်လုံးကို အုပ်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။ “ဧကရာဇ်ရဲ့ သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ။ နန်းတော်ထဲမှာပဲ ထားခဲ့ပြီလား”
လော့ရှင်းယွမ်သည် ရင်ခွင်ထဲမှ နွေးထွေးမွှေးကြိုင်နေသော အလှလေးကို ဖက်ထားပြီး လက်ချောင်းတွင် ရစ်ပတ်နေသော ဆံနွယ်နက်လေးကို ငုံ့နမ်းလိုက်လေသည်။
“သိက္ခာ ဆိုတာတွေက အရေးမကြီးပါဘူး။ ရွှယ်ချင့်ကမှ အရေးအကြီးဆုံးပါ”
နောက်တစ်ခဏ၌ မျက်လုံးကို အုပ်ထားသော လက် ဖယ်ရှားခံလိုက်ရလေသည်။ ပိတ်ထားသော မျက်တောင်ရှည်ကြီးများ ပွင့်လာ၏။
“...... ဒါ မင်းကောင်းမင်းမြတ် တစ်ပါး ပြောသင့်တဲ့ စကား မဟုတ်ဘူး”
လော့ရှင်းယွမ် အသံမထွက်ဘဲ ရယ်မောလိုက်လေသည်။ သူမ၏ သေသပ်လှပသော လက်ကို ယူပြီး လက်ချောင်းလေးများကို တစ်ချောင်းချင်း နမ်းရှိုက်လိုက်လေသည်။ ခိုင်မာစွာ ပြောကြားလိုက်၏။ “ရွှယ်ချင့်ကသာ အရေးအကြီးဆုံးပါ”
မင်္ဂလာညချမ်းသည် တိုတောင်းလှပေသည်။
အခန်းထဲမှ လှုပ်ရှားသံများသည် ညဉ့်နက်ပိုင်း ရောက်မှသာ ရပ်တန့်သွားလေသည်။
နောက်တစ်နေ့သည် သာယာသော ဆောင်းဦးနေ့တစ်နေ့ ဖြစ်လေသည်။ နံနက်ခင်း နေရောင်ခြည်သည် ခြံဝင်းထဲသို့ ဖြာကျနေပြီး တစ်ဝက်ပွင့်နေသော ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ဝင်ရောက်နေလေသည်။
159 02
မေဝမ့်ရှူး နိုးလာသောအခါ လော့ရှင်းယွမ်သည် ပြတင်းပေါက်နားတွင် ရပ်လျက် ဆောင်းဦးရာသီ နေအိမ်ခြံဝင်း၏ ရှုခင်းကို ငေးမောကြည့်ရှုနေသည်ကို တွေ့လိုက်ရလေသည်။
သူသည် နှစ်ပေါင်းများစွာ နံနက် (၄) နာရီ ထပြီး သိုင်းကျင့်လေ့ရှိသူ ဖြစ်သည်။ ယခုအချိန်တွင် ရေချိုးပြီး အဝတ်အစား လဲလှယ်ထားပြီး ဖြစ်လေသည်။ အစိမ်းရင့်ရောင် လက်ကျဉ်း မြှားပစ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကျယ်ပြန့်သော ပခုံးနှင့် ကျဉ်းမြောင်းသော ခါးပုံစံ ပေါ်လွင်နေသည်။ ဆံပင်အဖျားများမှာ ရေစိုနေပြီး စည်းနှောင်ထားရာ ရေစက်များက ပခုံးပေါ်သို့ တစက်စက် ကျဆင်းနေသည်ကို ဂရုမစိုက်ဘဲ ထားရှိလေသည်။
မေဝမ့်ရှူး မျက်လုံးဖွင့်သော်လည်း ချက်ချင်း မထသေးဘဲ စောင်ကို ဖက်လျက် တိတ်ဆိတ်စွာ ငေးကြည့်နေမိလေသည်။
လော့ရှင်းယွမ် လှည့်ကြည့်လာပြီး သူမ နိုးနေသည်ကို တွေ့သဖြင့် ကုတင်ပေါ်မှ ဆင်းရန် ချော့မော့လေသည်။
“ရှောင်ကွေ့ယွမ်က မနက်စောစောထပြီး အနီးအနားက ဈေးတွေ လိုက်ပတ် ဝယ်လာတာ။ မနက်စာ စားစရာတွေ အများကြီးပဲ။ နန်းတော်ထဲမှာ မမြင်ဖူးတဲ့ ဆန်းဆန်းပြားပြား မုန့်တွေ ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ထပြီး ပူတုန်းလေး စားရအောင်”
မေဝမ့်ရှူးသည် ပန်းကန်ခွက်ယောက်များ အပြည့်တင်ထားသော စားပွဲနီကြီး ရှေ့တွင် ထိုင်လိုက်လေသည်။ ဝင်ရောက်လာသော နံနက်ခင်း နေရောင်အောက်တွင် နံနက်စာ စားရင်း ယန်ရန်၏ နောက်ကြောင်းရာဇဝင်ကို အစအဆုံး ပြောပြလိုက်လေသည်။ ထို့ပြင် သူမ၏ ယောင်းမဖြစ်သူ အားကျစ်သခင်မလေး မိခင်၏ အရိုးပြာအိုးကို သယ်ဆောင်ပြီး မြို့တော်သို့ ပြန်လာသည့် အကြောင်းကိုပါ ပြောပြလိုက်လေသည်။
“သူက ဆရာချွေရဲ့သမီး ဖြစ်နေတာကိုး” လော့ရှင်းယွမ် စဉ်းစားလိုက်လေသည်။ “ထားလိုက်ပါတော့။ သူ့အဖေ မျက်နှာကို ထောက်ပြီး အတိတ်က ကိစ္စတွေကို အပြစ်မယူတော့ပါဘူး”
“အင်” မေဝမ့်ရှူး လှမ်းကြည့်လိုက်လေသည်။ “မူလက သူ့ကို ဘာအပြစ်ယူမလို့လဲ”
လော့ရှင်းယွမ် စကားလွှဲလိုက်လေသည်။ နှမ်းကပ်မုန့်ကို ချပြီး လက်ဆေးရန် ထလိုက်၏။
“ချွေမိသားစုရဲ့ ချွေးမကြီး မြို့တော် ပြန်ရောက်လာတဲ့ ကိစ္စကို ငါ သိပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ချွေမိသားစု ဘိုးဘွားပိုင် သင်္ချိုင်းနဲ့ ကျောင်းကို ပြန်ပြုပြင်ဖို့ အမိန့်ပေးခဲ့ပြီးပါပြီ။ ဆရာချွေရဲ့သမီးလည်း မြို့တော်မှာ ရှိနေတယ် ဆိုတော့ အိမ်တစ်လုံး ပေးသနားလိုက်မယ်”
မေဝမ့်ရှူး ရင်ထဲ လှုပ်ရှားသွားလေသည်။
“အိမ်ပေးသနားမယ် ဆိုမှ... အိမ်အသစ် ပေးမဲ့အစား မြို့အရှေ့ဘက်က ငါ့ရဲ့ မေအိမ်တော် ဆိုတာ တကယ်တော့ အရင်တုန်းက ချွေမိသားစုရဲ့ အိမ်ဟောင်းပါပဲ။ အခု ငါက ဟန်လင်ပညာရှင် ရာထူးကလည်း အနားယူလိုက်ပြီ ဆိုတော့ အဲဒီဧကရာဇ် ပေးသနားထားတဲ့ အိမ်ကို တိုင်းပြည်ကို ပြန်အပ်ရမှာလေ။ မူလပိုင်ရှင်ကို ပြန်ပေးလိုက်ရင် မကောင်းဘူးလား”
လော့ရှင်းယွမ် ခေါင်းငြိမ့် သဘောတူလိုက်လေသည်။ “အဲဒါလည်း ကောင်းတာပါပဲ”
မေဝမ့်ရှူးသည် အစာအိမ် နွေးထွေးစေသော ဆန်ပြုတ်တစ်ဝက်၊ နှမ်းကပ်မုန့် တစ်ဝက်နှင့် ဆတ်သားခြောက် အနည်းငယ် စားသောက်ပြီးနောက် တူကို ချကာ ရေနွေးသောက် ပလုတ်ကျင်းလိုက်လေသည်။
“ဒီနေ့ ရာသီဥတု ကောင်းတယ်” သူမ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်လေသည်။ “ရှားရှားပါးပါး အားလပ်ရက် ရတုန်း ရှင်းယွမ် ဘယ်သွားပြီး စိတ်အပန်းဖြေချင်လဲ”
လော့ရှင်းယွမ်သည် တစ်ဝက်ပွင့်နေသော ပြတင်းပေါက်နားတွင် ရပ်ပြီး ခြံဝင်းထဲမှ နံနက်ခင်း ရှုခင်းကို ပြုံး၍ ကြည့်နေလေသည်။ တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်၏။
“မနက်စာ စားလို့ ပြီးပြီလား”
“ပြီးပါပြီ” မေဝမ့်ရှူး ထရပ်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်လေသည်။
“မြို့အရှေ့ဘက် တံခါးအပြင်မှာ မေပယ်တော ရှိတယ်။ ဆောင်းဦးပေါက်ဆို မေပယ်ရွက်နီတွေ (၁၀) မိုင်လောက် တန်းနေတာ ရှုခင်း အရမ်းလှတယ်။ နာမည်ကြီး ကျောင်းတွေ သွားပြီး ဖူးရင်လည်း ရတယ်။ ဒါမှမဟုတ် မြို့ထဲက နာမည်ကြီး စားသောက်ဆိုင်တွေမှာ သွားစားမလား...”
လော့ရှင်းယွမ် လက်လှမ်းပြီး ပြတင်းပေါက်ကို ပိတ်လိုက်လေသည်။
မေဝမ့်ရှူး အံ့သြတကြီး ကြည့်နေစဉ်မှာပင် သူမကို ပွေ့ချီလိုက်ပြီး ပြတင်းပေါက်နားရှိ ကုတင်ရှည်ပေါ်သို့ လှိမ့်ချလိုက်လေသည်။
159 03
“ဘယ်မှ မသွားဘူး။ (၁၀) မိုင် မေပယ်တောက ရွှယ်ချင့်လောက် ဘယ်လှမလဲ”
ရှင်ယီနင်သည် ထိုနေ့နံနက်တွင် မြို့အရှေ့ဘက် မေအိမ်တော်သို့ ရောက်ရှိလာပြီး သွေးခုန်နှုန်းကို သေချာစမ်းသပ်လေသည်။ မျက်မှောင်ကြုတ်လိုက်၏။
“အအေးမိရောဂါကတော့ တော်တော် သက်သာလာပြီ။ ဒါပေမဲ့ ကျောက်ကပ်အားနည်းတဲ့ ရောဂါက ဘာလို့ မပျောက်သေးတာလဲ။ ဆိတ်ကျောက်ကပ်ဟင်းချို ဆက်သောက်ဖို့ ဆေးစာ ရေးပေးရဦးမယ်”
မေဝမ့်ရှူး မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း ဘာမှ မပြောဘဲ လက်ကို ပြန်ရုပ်ကာ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်လှန်နေလိုက်လေသည်။
ရှင်ယီနင်သည် ဆေးစာရေးရင်း ထပ်မေးလိုက်လေသည်။ “ဟိုတစ်လောက ပေးထားတဲ့ တာအို ကျန်းမာရေး စာအုပ်တွေလေ... မဖတ်တာလား၊ ဒါမှမဟုတ် လက်တွေ့ မကျင့်သုံးတာလား”
မေဝမ့်ရှူးသည် မကြားသကဲ့သို့ စာအုပ်ကိုသာ ကိုင်ထားပြီး မျက်လုံးများကို စာရွက်ပေါ်တွင် ပို့ထားလေပြီး စကားမပြောပေ။
ရှင်ယီနင် သဘောပေါက်သွားလေသည်။
“မတတ်တာ မဟုတ်ဘူး၊ မလုပ်ချင်တာပဲ” သူ သက်ပြင်းချလိုက်လေသည်။
“ကဲပါ... ငါလည်း မင်းကို ဘာမှ ပြောလို့မရပါဘူး။ တာအို အိပ်ခန်းတွင်းပညာကို မသင်ချင်ရင်တောင် နန်းတော်ထဲက ဟိုတစ်ယောက် လာရှာရင် အပြင် မောင်းထုတ်တတ်တယ် မဟုတ်လား။ မြို့တော် ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကြည့်ပါဦး အားတွေ ပြတ်နေလိုက်တာ။ အရင်တစ်ခေါက်ကလိုပဲ လိင်ကိစ္စ (၁၀) ရက် ရှောင်၊ အစားအသောက်နဲ့ ပြန်ဖြည့်”
ဆေးစာကို ခြံဝင်းတံခါးဝတွင် စောင့်နေသော ချန်ပေါ်ကို ပေးပြီး မှာကြားလိုက်လေသည်။ ဆေးသေတ္တာ သိမ်းပြီး ပြန်ရန် ပြင်ဆင်နေစဉ် ကိစ္စတစ်ခု သတိရသွားပြီး တံခါးဝ ရောက်ခါနီးမှ ပြန်လှည့်လာကာ မေးမြန်းလိုက်လေသည်။
“ဒီနှစ်ရက်အတွင်း နန်းတော်ထဲမှာ သတင်းတွေ ကြားနေရတယ်။ မင်းရဲ့ မြို့အရှေ့ဘက်က အိမ်ကို ပြန်သိမ်းတော့မယ် ဆို”
မေဝမ့်ရှူး ထိုအခါမှ စာအုပ်ကို ချလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။
“မူလကတည်းက ချွေဆရာကြီးရဲ့ အိမ်ဟောင်းလေ။ အရင်တုန်းက မတရား အသိမ်းခံရပြီး ငါ့လက်ထဲ ရောက်လာတာ။ အခု ချွေမိသားစုဝင်တွေ မြို့တော် ပြန်ရောက်လာပြီ၊ ငါကလည်း ရာထူးက အနားယူပြီးပြီ ဆိုတော့ မူလပိုင်ရှင်ကို ပြန်ပေးတာ သဘာဝကျပါတယ်”
သူမသည် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသော အိမ်စေများကို လက်ညှိုးထိုးပြလိုက်လေသည်။
“ငါ ဒီနှစ်ရက် ဒီအိမ်ကို ရောက်နေတာလည်း ပစ္စည်းတွေ သိမ်းဆည်းပြီး အိမ်ကို အမြန်ဆုံး ရှင်းပေးချင်လို့ပါ”
“မင်း ပြောတာတော့ ဟုတ်ပါတယ်။ ငါလည်း မင်းပြောတာက အမှန်တရားလို့ ထင်ပါတယ်” ရှင်ယီနင် စဉ်းစားနေလေသည်။ “ဒါပေမဲ့ ဒီရက်ပိုင်း ထွက်နေတဲ့ ကောလာဟလတွေက... နည်းနည်း ပုံစံပြောင်းနေသလိုပဲ”
အချိန်စောသေးသည်ကို မြင်သောအခါ သူ ပြန်ထိုင်လိုက်ပြီး အသံနှိမ့်ကာ မြို့တော်တွင် ပျံ့နှံ့နေသော ကောလာဟလများကို ပြောပြလေသည်။
“ဟိုတစ်လောက မင်း နန်းတော်ထဲက ဟိုတစ်ယောက်နဲ့ ဘိုးဘေးဗိမ္မာန် သွားသေးတယ် မဟုတ်လား။ ဘယ်လို ဖြစ်သွားလဲ မသိဘူး... သတင်းတွေ ထွက်လာတယ်။ မင်းကို ပေးမယ်လို့ ပြောထားတဲ့ ဘိုးဘေးဗိမ္မာန်ဝင်ခွင့် အခွင့်အရေး ပျက်သွားပြီတဲ့”
(ဘိုးဘေးဗိမ္မာန်ကိစ္စကို နားမလည်ကြမှာ စိုးလို့ နည်းနည်း ရှင်းပြပေးပါမယ်။ ဧကရာဇ်က နဂိုတည်းက မေအမတ်ကို ဘိုးဘေးဗိမ္မာန်ရဲ့ အထင်ကရနေရာမှာ နေရာတစ်ခု ပေးမယ် ပြောထားတာပါ။ နောက်ကျတော့ သူက မိ ဖြစ်သွားတော့ ဘိုးဘေးဗိမ္မာန်ရဲ့ အရှေ့ခန်းမဆောင်မှာ အလိုလို နေရာတစ်ခု ရပြီးသားဖြစ်သွားလို့ မလိုတော့ဘူးလို့ ပြောတာပါ။ အဲဒါကို နားစွန့်နားဖျား ကြားလိုက်ရတဲ့ အမတ်တချို့က ယုန်ထင်ကြောင်ထင် လျှောက်ထင်ကြတာပါ)
“မင်းက ဒီမင်းဆက်ရဲ့ အထင်ကရ အာဇာနည် ဖြစ်ဖို့ သေချာနေပြီလို့ ပြောကြပေမဲ့ နန်းတော်ထဲက ဟိုတစ်ယောက်က ရုတ်တရက် စိတ်ပြောင်းသွားတယ်တဲ့”
“နောက်ထပ် ကောလာဟလ တစ်ခုက... မင်းအသက်က (၂၇) ပဲ ရှိသေးတယ်၊ အနာဂတ် ကောင်းမဲ့အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အနားယူပြီး အရှေ့မြို့တော်ကို ပို့ခံရတာက ကျန်းမာရေး မကောင်းလို့ မဟုတ်ဘူး၊ စွမ်းဆောင်ရည် မြင့်လွန်းလို့ အရှင်သခင် စိုးရိမ်တာကြောင့် အရှေ့မြို့တော်မှာ အကျယ်ချုပ် ချထားတာတဲ့”
မေဝမ့်ရှူး မူလက ဂရုမစိုက်သော်လည်း နားထောင်ရင်း နားထောင်ရင်း စာအုပ်မှ မျက်နှာခွာပြီး ရှင်ယီနင်ကို လှမ်းကြည့်လိုက်လေသည်။
159 04
“ငါ အနားယူတာ ဘယ်လောက်မှ မကြာသေးဘူး၊ မြို့တော်မှာ ဘာလို့ ဒီလောက်ထိ ပြောဆိုနေကြတာလဲ”
ရှင်ယီနင် နှာခေါင်းရှုံ့လိုက်လေသည်။ “ယုတ္တိမရှိဘူး မဟုတ်လား။ ငါ ကြားကြားချင်း ယုတ္တိမရှိဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ ဒီကောလာဟလတွေက အစအဆုံး ပါနေတော့ လူတွေက ယုံတမ်းကနေ ယုံကြတော့မလို ဖြစ်နေကြတယ်။ ငါကတော့ မယုံပါဘူး။ ဒါပေမဲ့ ဖွင့်ပြောလို့လည်း မကောင်းဘူး။ လူတော်တော်များများက တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေကြတယ်”
သူ ထရပ်ပြီး ပြန်ရန် ပြင်လိုက်လေသည်။ ထွက်ခွာခါနီးတွင် အကြံပေးလိုက်၏။
“မင်း မြို့တော် ရောက်နေတုန်း မိတ်ဆွေဟောင်း အမတ်တွေနဲ့ များများ တွေ့လိုက်ပါဦး။ မျက်နှာချင်းဆိုင် တွေ့ပြီး ကောလာဟလတွေ ရှင်းသွားအောင် လုပ်လိုက်။ မဟုတ်ရင် နောက်ရက် နည်းနည်းနေလို့ မင်း အရှေ့မြို့တော် ပြန်သွားရင် မြို့တော်က လူတွေက မင်းကို တကယ်ပဲ အကျယ်ချုပ် ချခံရတယ်လို့ ထင်နေကြလိမ့်မယ်”
မေဝမ့်ရှူး ရယ်မောပြီး ခေါင်းခါလိုက်လေသည်။
“ကောလာဟလ ဆိုတာ ပညာရှိရှေ့ရောက်ရင် ရပ်တန့်သွားတာပါပဲ။ ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေက ကြာရင် သူ့အလိုလို ပျောက်သွားမှာပါ။ ထားလိုက်ပါစေ”
ပါးစပ်ကသာ ပြောသော်လည်း မြို့အရှေ့ဘက် အိမ်မှ သေတ္တာကြီး သေတ္တာငယ်များ သယ်ထုတ်သောနေ့တွင် တံခါးဝ၌ လာရောက်ကြည့်ရှုပြီး တီးတိုးပြောဆိုနေသူ အများအပြား ရှိနေလေသည်။
နောက်ထပ် (၂) ရက် ကြာသောအခါ မေဝမ့်ရှူးသည် အဖြူရောင် ဝတ်ရုံ၊ ကောင်းကင်ပြာရောင် ဝတ်ရုံကြီး ဝတ်ဆင်ပြီး အမိန့်တော်အရ နန်းတော်သို့ ဝင်ရောက်လေသည်။ မြောက်ပိုင်းဝေတိုင်းပြည် သံတမန်များ ရှေ့တွင် မျက်နှာပြပြီး လော့ရှင်းယွမ် မှာကြားလိုက်သော ဒုတိယကိစ္စကို ဆောင်ရွက်ရန် ဖြစ်သည်။
နန်းတော်သို့ ဝင်ရောက်လာစဉ် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်ဟောင်း အချို့နှင့် ဆုံစည်းလေသည်။
တိုင်းခြားရေးရာအမတ် ယွီကွမ်းကျုံးသည် လက်အောက်ငယ်သားများနှင့် အတူ ဧည့်သည်တော် အချို့ကို ဦးဆောင်ပြီး တစ်ဖက် လမ်းကြားမှ လျှောက်လာရာ လမ်းဆုံတွင် ပက်ပင်းတိုးမိလေသည်။
ယွီကွမ်းကျုံး ရပ်တန့်သွားပြီး ဦးညွှတ်နှုတ်ဆက်လေသည်။ “မေအမတ်”
မေဝမ့်ရှူး ပြုံးပြီး ပြန်လည်ဦးညွှတ်လိုက်လေသည်။ “အမတ် ဆိုတဲ့ အခေါ်အဝေါ်ကြီး မသုံးပါနဲ့တော့။ အခု ကျွန်တော်က ရာထူးက အနားယူပြီး သာမန်အရပ်သား ဖြစ်နေပါပြီ”
ယွီကွမ်းကျုံး၏ မျက်နှာထားမှာ ရှုပ်ထွေးနေလေသည်။ လက်အောက်ငယ်သားများနှင့် ဧည့်သည်တော်များ ရှေ့တွင် ဖြစ်၍ စကားကို ထိန်းသိမ်းပြီး ပြောဆိုလိုက်လေသည်။
“မေအမတ်ရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်အပေါ် ထားရှိတဲ့ ကျေးဇူးတရားတွေကို တစ်နိုင်ငံလုံးက သိကြပါတယ်။ တိမ်တိုက်တွေက နေကို ခဏတာ ဖုံးကွယ်ထားနိုင်ပေမဲ့ အချိန်တန်ရင် တိမ်စင်ပြီး နေမင်းကြီး ပြန်ထွက်လာမှာပါ”
မေဝမ့်ရှူး ကြောင်သွားပြီးမှ သဘောပေါက်သွားလေသည်။ ဒီလူလည်း ကောလာဟလတွေ ကြားထားပုံရသည်။
သူမ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ တစ်ဖက်လူက ဝေ့ဝိုက်ပြောနေသဖြင့် သူမလည်း တဲ့တိုး ပြော၍ မရပေ။ ကျေးဇူးတင်စကား ဆိုပြီး သွယ်ဝိုက် ရှင်းပြလိုက်ရလေသည်။ “တိမ်တိုက်တွေ ဘာတွေ မရှိပါဘူးဗျာ။ ကောလာဟလတွေကို အကုန် မယုံပါနဲ့”
ယွီကွမ်းကျုံးက မျက်ရည်သုတ်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလေသည်။ “ဟုတ်ပါတယ်။ မေအမတ် ပြောတာ မှန်ပါတယ်။ သတင်းကောင်း ကြားရမဲ့ နေ့ကို စောင့်နေပါ့မယ်။ တိမ်စင်မဲ့နေ့ကို စောင့်နေပါ့မယ်”
နှစ်ယောက်သား ရပ်ပြီး စကားပြောနေစဉ် အနောက်မှ ဧည့်သည်တော်များ လျှောက်လာကြလေသည်။
“ဒါ မေအမတ်လား” ရှေ့ဆုံးမှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်ဧည့်သည်တော်က မေးမြန်းလိုက်လေသည်။ သူ၏ စကားသံမှာ မြို့တော် လေယူလေသိမ်း လုံးဝမပါဘဲ စာအုပ်ကြီးဆန်လွန်းသဖြင့် ထူးဆန်းနေလေသည်။
မေဝမ့်ရှူး ကြည့်လိုက်ရာ မေးမြန်းသူမှာ အသက် (၂၅) (၂၆) ခန့် ရှိမည့် လူငယ်တစ်ဦး ဖြစ်သည်။ အနီရောင် ရွှေချည်ထိုး ဝတ်ရုံ၊ ရွှေကွပ် ကျောက်စိမ်းသရဖူ၊ သားရေဖိနပ်ရှည်တို့ကို ဝတ်ဆင်ထားပြီး မြို့တော်မှ အထက်တန်းလွှာ သားသမီးများနှင့် ဆင်တူသော်လည်း၊ ဝတ်ရုံ ရင်ဖုံးမှာ ဘယ်ဖက်သို့ ဖုံးထားသည် (လူရိုင်းတို့၏ ဝတ်စားဆင်ယင်ပုံ)။
သူမ တစ်ချက်ကြည့်ရုံဖြင့် ထိုသူ၏ အဆင့်အတန်းကို ခန့်မှန်းမိလိုက်လေသည်။
159 05
“ဒီလူက မြောက်ပိုင်းဝေတိုင်းပြည်က သံတမန်၊ ဟယ်လန်မင်းသား ထင်တယ်”
မြောက်ပိုင်းဝေတိုင်းပြည်သားများက ဝတ်ရုံကို ဘယ်ဖက်သို့ ဖုံးလေ့ရှိသည်။ ဤဧည့်သည်တော်သည် မြောက်ပိုင်းဝေဘုရင်၏ တတိယသား၊ ဟယ်လန်မင်းသား ဖြစ်ပြီး အချစ်ခံရဆုံး သားတော်တစ်ပါး ဟု ဆိုကြသည်။
ဟယ်လန်မင်းသားသည် စိတ်ဝင်တစားဖြင့် သူမကို အပေါ်အောက် ကြည့်ရှုပြီး ရယ်မောကာ ဦးညွှတ်လိုက်လေသည်။ “တွေ့ရတာ ဝမ်းသာပါတယ်”
“နာမည်ကြီးနေတာ ကြာပါပြီ။ နားနဲ့မဆံ့အောင် ကြားနေရတာ” ဟယ်လန်မင်းသားက ပြုံးရွှင်စွာဖြင့် (၂) လှမ်းခန့် ရှေ့တိုးလာလေသည်။ “မေအမတ်က တကယ့်ကို သစ်ခွပန်းလို ကျက်သရေ ရှိတာပဲ။ မဟုတ်ဘူး... လူချင်းတွေ့ရတာက နာမည်ကြားရတာထက် ပိုတောင် ကြည့်ကောင်းသေးတယ်။ စောစောစီးစီး မတွေ့ခဲ့ရတာ နာတာပဲ”
မေဝမ့်ရှူးသည် ဤဟယ်လန်မင်းသားမှာ ရင်းနှီးလွယ်သူ ဖြစ်ကြောင်း သတိပြုမိလေသည်။ စကားတစ်ခွန်းပြောလျှင် တစ်လှမ်းတိုးလာသည်။ စကားနည်းနည်း ပြောလိုက်သည်နှင့် သူမ ရှေ့တည့်တည့် ရောက်လာပြီး မျက်နှာချင်းဆိုင် ဖြစ်လုနီးပါး ဖြစ်နေသည်။ ဆက်ပြီး တိုးလာမည့်ပုံ ပေါက်နေသဖြင့် သူမ မသိမသာ နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်ပြီး အကွာအဝေး ယူလိုက်လေသည်။
“ဧကရာဇ်က ဒီနေ့ ကျစ်ချန်နန်းဆောင်မှာ တွေ့ဖို့ ဆင့်ခေါ်ထားပါတယ်” သူမ တည်ငြိမ်စွာ ပြန်လည်နှုတ်ဆက်လိုက်လေသည်။
“မင်းသားက အဝေးကြီးက လာတဲ့ ဧည့်သည်တော်ကြီးပါ။ ခဏနေကျရင် နိုင်ငံတော် ဧည့်ခံပွဲမှာ ပြန်တွေ့ကြတာပေါ့။ အချိန်စောပါသေးတယ်။ မင်းသားတို့ အေးအေးဆေးဆေး လမ်းလျှောက်ရင်း မြို့တော်ရဲ့ ဆောင်းဦးရာသီ ရှုခင်းတွေကို ခံစားပါဦး။ ကျွန်တော်မျိုး ကြိုသွားနှင့်ပါ့မယ်”
ပြောပြီးသည်နှင့် တိုင်းခြားရေးရာအမတ်ကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့လေသည်။
အနောက်မှ ဟယ်လန်မင်းသား၏ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ “မေအမတ်က ဘာလို့ ဒီလောက် လောနေရတာလဲ။ နောက်ကျသွားရင် ခင်ဗျားတို့ ဧကရာဇ်က အပြစ်ပေးမှာ ကြောက်လို့လား”
မေဝမ့်ရှူး ရယ်ချင်သွားသော်လည်း ပြန်မပြောတော့ဘဲ ကျစ်ချန်နန်းဆောင် ဘက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။
ယနေ့ ကျစ်ချန်နန်းဆောင်တွင် မြောက်ပိုင်းဝေတိုင်းပြည် သံတမန်များကို ဧည့်ခံပွဲ ကျင်းပလေသည်။
(၁၀) နှစ်ကြာမှ ရောက်လာသော သံတမန်များ ဖြစ်သဖြင့် စားပွဲဝိုင်းတွင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ရန် ရည်ရွယ်ထားသော်လည်း၊ စောစောက လမ်းတွင် ဟယ်လန်မင်းသားနှင့် တွေ့ဆုံစဉ် ပြောဆိုသော စကားများတွင် အရှင်နှင့် အကျွန်ကြား သွေးခွဲလိုသော သဘောပါဝင်နေသဖြင့် လော့ရှင်းယွမ် ပြောခဲ့သည်မှာ မှန်ကန်ကြောင်း သိလိုက်ရလေသည်။
မျောက်တွေလို ခုန်ပေါက်နေကြတာ၊ မလွယ်ကြောတွေ ဟူ၍။
တိုင်းပြည်မိတ်ဆက် ဧည့်ခံပွဲ စတင်သောအခါ သူမသည် နှုတ်ဆက်စကားပင် မပြောတော့ဘဲ ထိုလူကို ဘေးဖယ်ထားလိုက်လေသည်။ ဟယ်လန်မင်းသားက ထပြီး အရက်လာတိုက်မှ ပြီးစလွယ် တစ်ခွက် သောက်ပြပြီး ခွက်အောက်ခြေကို ပြကာ စကားမပြောဘဲ ပြန်ထိုင် နေလိုက်လေသည်။
သူမ စကားမပြောချင်သည်ကို လော့ရှင်းယွမ် ကြည့်လိုက်သည်နှင့် သိလေသည်။
စားပွဲပေါ်ရှိ တိုင်းခြားရေးရာဌာနမှ တင်ပြထားသော အစီအစဉ်ကို ကြည့်ပြီး အမတ်မင်းများ အစဉ်လိုက် အရက်တိုက်ခြင်း အစီအစဉ်ကို ကျော်လိုက်ကာ ကချေသည်များ ဝင်ရောက်ကပြရန် အမိန့်ပေးလိုက်လေသည်။
တီးမှုတ်သံများ ထွက်ပေါ်လာပြီး ကချေသည်များ ကပြကြသည်။ ဧကရာဇ်က နှုတ်ခွန်းဆက်စကား အနည်းငယ် ပြောကြားပြီး ရှိနေသော အမတ်များနှင့် သံတမန်များက မတ်တပ်ရပ်၍ ဆုတောင်းကြလေသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
ယနေ့သည် နိုင်ငံတော် ဧည့်ခံပွဲ ဖြစ်၍ ဧကရာဇ်သည် ဝတ်ရုံအပြည့် ဝတ်ဆင်ထားလေသည်။ (၁၂) ချောင်းပါ ပုလဲသရဖူသည် မျက်နှာရှေ့တွင် ယိမ်းနွဲ့နေပြီး ဧကရာဇ်၏ မျက်နှာကို ဖုံးကွယ်ထားလေသည်။ အမတ်များ အနေဖြင့် ဧကရာဇ်၏ မျက်နှာထားကို မမြင်ရသော်လည်း တည်ငြိမ်အေးဆေးသော စကားသံများမှတဆင့် ဧကရာဇ်သည် အသက်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တည်ငြိမ်လာသည်ကို ခံစားမိကြလေသည်။
အရက် (၃) ပတ် လည်သောအခါ လော့ရှင်းယွမ်သည် ရာဇပလ္လင်ပေါ်မှနေ၍ အောက်ဆုံးတန်း ထိပ်ဆုံးတွင် ထိုင်နေသော မေဝမ့်ရှူးကို ကြည့်ကာ မြောက်ပိုင်းဝေ သံတမန်ကို လှမ်းမေးလိုက်လေသည်။ စနောက်သလိုလို မေးခွန်းထုတ်သလိုလိုပင်။
“ဟယ်လန်မင်းသားက အမြဲတမ်း မေအမတ်ကို တွေ့ချင်နေတယ် မဟုတ်လား။ ကျန်း ပြောဖူးသားပဲ... မေအမတ်က အရှေ့မြို့တော်မှာ အနားယူနေတာ၊ မြို့တော်ကို သိပ်မလာဘူး လို့။ ဟယ်လန်မင်းသားက ကျန်းတို့ နိုင်ငံက ဧည့်ဝတ်မကျေဘူးလို့ ပြောချင်နေတာ။ အခု လူကိုယ်တိုင် တွေ့ရပြီဆိုတော့ ဟယ်လန်မင်းသား ကျေနပ်ပြီလား”
159 06
ဟယ်လန်မင်းသား ထရပ်ပြီး အရက်ခွက် မြှောက်လိုက်လေသည်။ “မေအမတ်ကို လူချင်းတွေ့ရတာ ကျွန်တော်မျိုးအတွက် ကံကောင်းခြင်းပါပဲ။ ဒါပေမဲ့ မေအမတ်က စကားနည်းလွန်းတယ်။ စားပွဲစကတည်းက အခုထိ ကျွန်တော်မျိုးကို စကား (၃) ခွန်းတောင် မပြောဘူး။ ကျွန်တော်မျိုး ရဲရဲတင်းတင်း မေးပါရစေ... ကျွန်တော်မျိုးရဲ့ အပြုအမူ ရိုင်းစိုင်းလို့ မေအမတ်က မနှစ်သက်တာများလား”
မေဝမ့်ရှူး အရက်တစ်ငုံ သောက်ပြီး ခွက်ကို ချလိုက်လေသည်။ “ဟယ်လန်မင်းသား ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကျွန်တော်က ပုံမှန်ကတည်းက စကားနည်းလို့ပါ”
ဟယ်လန်မင်းသား တဟားဟား ရယ်မောလိုက်လေသည်။ “မေအမတ်က မနှစ်သက်တာ မဟုတ်ဘူး ဆိုရင် ကျွန်တော်မျိုး ဝမ်းသာပါတယ်။ မေအမတ်ရဲ့ ဂုဏ်သတင်းက ကျော်ကြားလွန်းလို့ ကျွန်တော်မျိုးတို့ နိုင်ငံမှာကတည်းက လေးစားနေခဲ့တာပါ။ ဒီနေ့ အခွင့်အခါကောင်း ကြုံတုန်း ရင်းနှီးအောင် ပေါင်းသင်းချင်ပါတယ်။ လာပါ... ဒီနေ့ မမူးမချင်း သောက်ကြတာပေါ့”
အရက်ခွက်အကြီးကြီး တစ်ခွက်ကို အပြည့်ငှဲ့ပြီး လက်နှစ်ဖက်နဲ့ ကိုင်ကာ သွားတိုက်ဖို့ ပြင်လိုက်တယ်။
စားပွဲနောက်က ယွမ်ဟော်ဧကရာဇ်က အေးစက်စက် ကြည့်နေသည်။ ဟယ်လန်မင်းသား ထလိုက်တဲ့ အချိန်မှာပဲ သူပါ ထလိုက်ပြီး ပွဲကနေ စောစောစီးစီး ထွက်ခွာဖို့ ပြင်လိုက်လေသည်။
ထွက်ခွာခါနီး အမိန့်ပါးလိုက်သည်။ “ရွှယ်ချင့်... ကျန်းနဲ့ လိုက်ခဲ့”
မေဝမ့်ရှူး ထရပ်ပြီး လိုက်ပါသွားလေသည်။
အနောက်တွင် ကျန်ရစ်ခဲ့သော လူအများသည် အတွေးကိုယ်စီဖြင့် ကျန်ရစ်ခဲ့ကြလေသည်။
“လူသုံးယောက် ပြောရင် ကျားဖြစ်တယ် ဆိုတာ ဒါမျိုးပဲ”
နှစ်ယောက်သား ကျစ်ချန်နန်းဆောင် အနောက်ဘက် အိပ်ခန်းထဲ ဝင်လာတော့ မေဝမ့်ရှူးက ခုနက အကြည့်တွေကို သတိရပြီး ရယ်ချင်သလိုလို ဖြစ်သွားကာ ခေါင်းခါလိုက်မိလေသည်။
ဧကရာဇ်က စောစောစီးစီး ထွက်လာတယ်၊ သူမကိုလည်း ခေါ်လာတယ် ဆိုတော့... လူတွေရဲ့ မျက်လုံးထဲမှာ သူမကို အကျယ်ချုပ် ချထားတယ် ဆိုတဲ့ ကောလာဟလက ပိုပြီး ခိုင်မာသွားပြီပေါ့။
လော့ရှင်းယွမ်က အိပ်ခန်းထဲမှာ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး ဆူးဟွေ့ကျုံးကို လေးလံတဲ့ ဝတ်ရုံကြီး ချွတ်ပေးခိုင်းနေသည်။။ ခေါင်းမရှိ အမြီးမရှိ စကားကို ကြားလိုက်တော့ အံ့သြပြီး မေးသည်။
“ဘာ ကျားဖြစ်တာလဲ။ ဒီရက်ပိုင်း မကောင်းတဲ့ ကောလာဟလတွေ ကြားနေရလို့လား”
မေဝမ့်ရှူး ပိုပြီး ရယ်ချင်သွားလေသည်။ “ကောလာဟလ တချို့တော့ ကြားပါတယ်။ အရမ်း ယုတ္တိမရှိလွန်းလို့ ပြောပြစရာတောင် မလိုပါဘူး”
လေးလံတဲ့ သရဖူနဲ့ ဝတ်ရုံကြီးကို ချွတ်ပြီး ပေါ့ပါးတဲ့ နဂါးပုံ ဝတ်ရုံရှည် လဲလိုက်တယ်။ ဆူးဟွေ့ကျုံးက နေ့လယ်စာ ပြင်ဆင်ဖို့ ထွက်သွားတယ်။ လော့ရှင်းယွမ်က တခြားမိန်းမစိုးတွေကို အကုန် မောင်းထုတ်လိုက်တော့ အိပ်ခန်းထဲမှာ နှစ်ယောက်တည်း ကျန်ရစ်လေသည်။
မေဝမ့်ရှူးက ပြတင်းပေါက်နားမှာ ရပ်ပြီး ခြံဝင်းထဲက ရှားပါးတဲ့ မင်ရောင် ကျောက်ခက်ပန်းတွေကို ကြည့်နေတုန်း ဘေးက လက်တစ်ဖက် လှမ်းလာပြီး သူမခါးကို ဖက်ကာ ပွေ့ချီလိုက်လေသည်။ ပြတင်းပေါက်နားက ကုတင်ရှည်ပေါ်မှာ အတူတူ ထိုင်လိုက်ကြတယ်။
“ဟယ်လန်မင်းသား ဆိုတဲ့ မျက်နှာဖြူလေးက…” လော့ရှင်းယွမ်က သူမ ခါးကို ဖက်ထားပြီး လက်မောင်းကို တင်းကျပ်လိုက်ပြီး အသံက အန္တရာယ်ရှိတဲ့ အသံမျိုး ဖြစ်သွားသည်။ “ခေါင်းလိမ်းဆီတွေ ရွှဲနေပြီး မျက်လုံးက ကလယ် ကလယ်နဲ့။ မင်းကို စတွေ့ကတည်းက အတင်း မျက်နှာလုပ်နေတာ... ဟွန်း... ကြည့်လိုက်တာနဲ့ မရိုးသားမှန်း သိသာတယ်”
သူ သေချာ မှာကြားလိုက်လေသည်။ “မင်း မြို့တော်မှာ ရှိနေတဲ့ ရက်ပိုင်း သူက တိတ်တဆိတ် ချိန်းတွေ့ဖို့ လာခေါ်ရင် ဂရုမစိုက်နဲ့။ မြောက်ပိုင်းဝေတိုင်းပြည်ရဲ့ စာလွှာ ရောက်နေပြီ။ တိုင်းခြားရေးရာဌာနက လုပ်ထုံးလုပ်နည်းတွေ ပြီးတာနဲ့ သူတို့ကို မောင်းထုတ် လိုက်တော့မယ်”
မေဝမ့်ရှူးက ကျယ်ပြန့်တဲ့ ရင်အုပ်ကြီးကို မှီထားရင်း ရင်ခုန်သံတွေ မြန်နေတာကို ကြားနေရတယ်။ သူမ ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။
“ဟယ်လန်မင်းသားက ရင်းနှီးသလို ဟန်ဆောင်နေပေမဲ့၊ သူ့ကိုယ်သူ အရမ်း အထင်ကြီးတဲ့သူ ဆိုတာ ကြည့်လိုက်တာနဲ့ သိပါတယ်။ သူက ဒီလောက် အသည်းအသန် ပေါင်းသင်းချင်နေတာက... လူဆွဲချင်တဲ့ သဘော ရှိပုံရတယ်”
“သူက ဘာကောင် မို့လို့လဲ။ မင်းကို လူဆွဲဖို့ တန်လို့လား” လော့ရှင်းယွမ်က အေးစက်စက် ပြုံးလိုက်လေသည်။
159 07
နှစ်ယောက်သား အိပ်ခန်းထဲမှာ တိတ်ဆိတ်စွာ ဖက်ထားကြတယ်။ လော့ရှင်းယွမ်က သင်းပျံ့တဲ့ စန္ဒကူးနံ့လေးကို ရှူရှိုက်ရင်း စိတ်ဆိုးဒေါသထွက်တာတွေ ငြိမ်သက်သွားတယ်။ ဒါပေမဲ့ အသက်ရှူသံတွေက မြန်လာတယ်။
သူက ဖြူဖွေးနူးညံ့တဲ့ နားသီးလေးကို ငုံ့နမ်းလိုက်ပြီး တိုင်ပင်လေသည်။ “ဒီနေ့ နန်းတော်ထဲမှာ အိပ်မလား”
မေဝမ့်ရှူးက ကြိုတင် ပြင်ဆင်ထားတယ်။ အင်္ကျီလက်ကြားထဲက စာရွက်တစ်ရွက်ကို ဖြည်းဖြည်းချင်း ထုတ်ပြီး လော့ရှင်းယွမ်ကို ပေးလိုက်လေသည်။
လော့ရှင်းယွမ်က သူမ လှုပ်ရှားမှုကို မြင်တာနဲ့ မကောင်းတဲ့ ခံစားချက်တွေ ဝင်လာသည်။ ဆေးစာရွက်ပါးလေးကို ဖွင့်ကြည့်လိုက်တော့...
ရင်းနှီးနေတဲ့ လက်ရေးနဲ့ ပထမဆုံး စာကြောင်းမှာ ထင်ထင်ရှားရှား ရေးထားတာက … “ကျောက်ကပ် အားနည်းနေသည်။ ကိစ္စ (၁၀) ရက် ရှောင်ကြဉ်ပါ”
“သမားတော်ရှင် မနေ့က ရေးပေးလိုက်တဲ့ ဆေးစာလေ။ သမားတော် မှာတာ လိုက်နာဖို့ ခဏခဏ မှာလိုက်တယ်” မေဝမ့်ရှူးက ဆေးစာကို လက်ညှိုးထိုးပြီး အေးအေးဆေးဆေး ရှင်းပြလေသည်။
လော့ရှင်းယွမ်က လက်ထဲက စာရွက်ကို လုံးချေလိုက်ပြီး စက္ကူပုံးထဲ ပစ်ထည့်လိုက်လေသည်။ ဖျော့တော့တော့ ပြုံးလိုက်၏။
“သမားတော်ရှင်... ကျန်းနန်ကို စောစောစီးစီး သွားတာ ကောင်းမယ်။ မြို့တော်မှာ ဆက်နေရင် တစ်နေ့ကျရင် ကျန်း စိတ်မထိန်းနိုင်ဘဲ သူ့ကို ခေါင်းဖြတ်ပစ်မိလိမ့်မယ်”
******