အခန်း (၁၅၈)
Vol. 16 Ch. 158
158 01
အခန်း 158 အပိုင်းပို (၇)
အရှေ့မြို့တော် နေ့စဉ်ဘဝ (အပိုင်း ၂)
ဆောင်းဦးရာသီဖြစ်၍ နေဝင်စောလေသည်။ ညနေစောင်းချိန်တွင် ယာဉ်တန်းသည် မြို့တော်သို့ ပြန်လည်ဝင်ရောက်လာပြီး မြို့တောင်ဘက် ထျန်းရွှေလမ်းကြားသို့ ရောက်ရှိသောအခါ မိုးချုပ်စပြုနေပြီ ဖြစ်သည်။
လော့ရှင်းယွမ်သည် မလာရောက်မီကပင် ဧကရာဇ်ဝတ်စုံကို လဲလှယ်ခဲ့ပြီး မြို့တော်ရှိ အထက်တန်းလွှာ သားသမီးများ ဝတ်ဆင်လေ့ရှိသော ဝတ်ရုံရှည်နှင့် ဝတ်ရုံလွှာကို ဝတ်ဆင်ထားလေသည်။ ခေါင်းပေါ်တွင် သရဖူအငယ်စားလေး ဆောင်းထား၏။
မေဝမ့်ရှူးသည် နံနက်ပိုင်းက ဝတ်ဆင်ထားသော ခရမ်းရောင် အရာရှိဝတ်စုံကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ပခုံးပေါ်တွင် ပုံမှန် ဝတ်ဆင်နေကျ ကောင်းကင်ပြာရောင် ဝတ်ရုံကြီးကို ထပ်မံ ဝတ်ဆင်ထားလေသည်။
ရထားပေါ်မှ ဆင်းသက်စဉ် တိုးတိုးလေး မှာကြားလိုက်လေသည်။ “တံခါးဝမှာ ကြာကြာ မနေနဲ့။ အထဲရောက်မှ ပြောကြမယ်”
မေသခင်ကြီးနှင့် တွေ့ဆုံမှသာလျှင် မေဝမ့်ရှူး ဘာကြောင့် သူ့ကို အတင်း ခေါ်ဆောင်လာရသနည်း ဆိုသည်ကို လော့ရှင်းယွမ် နားလည် သဘောပေါက် သွားလေတော့သည်။
မေသခင်ကြီးသည် နေ့လယ်ကတည်းက သတင်းရရှိထားပြီး ဖြစ်သည်။ ထျန်းရွှေ လမ်းကြားသို့ ကြိုတင်ရောက်ရှိနေပြီး ပန်းပွင့်ပုံ ဝတ်ရုံသစ်ကြီးကို ဝတ်ဆင်ကာ တံခါးဝတွင် စောင့်ကြိုနေလေသည်။
မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် သံသယများ ပြည့်နှက်နေ၏။
အဝေးမှ ယာဉ်တန်း လာနေသည်ကို မြင်သောအခါ လှမ်း၍ ဒူးထောက် အရိုအသေပေးရန် ပြင်ဆင်လေသည်။
ဆူးဟွေ့ကျုံးသည် ရှောင်ကွေ့ယွမ်ကို ခေါ်ဆောင်ပြီး ရထားပေါ်မှ ခုန်ဆင်းကာ ပြေးသွားလေသည်။ အဘိုးအိုကြီး ဒူးမထောက်မီ၌ပင် ဘယ်တစ်ယောက် ညာတစ်ယောက် တွဲထူလိုက်ကြလေသည်။
မေသခင်ကြီး၏ မျက်နှာထားမှာ ရှုပ်ထွေးနေလေသည်။ သားမက်ကို အပေါ်အောက် သေချာ ကြည့်ရှုသည်။ ယဉ်ယဉ်ကျေးကျေးဖြင့် အိမ်ထဲသို့ ဖိတ်ခေါ်သည်။ သို့သော် နှုတ်ဆက်စကား ပြောဆိုရာတွင်မူ ယခင်ကကဲ့သို့ ရင်းနှီးမှု မရှိတော့ဘဲ အားနာပါးနာ ဖြစ်နေလေသည်။
လော့ရှင်းယွမ်သည် ယောက္ခမကြီး၏ ထူးခြားနေပုံကို သတိပြုမိလေသည်။ အကြောင်းရင်းကို ခန့်မှန်းမိသဖြင့် အသံကို နှိမ့်ချပြီး အလွန် ယဉ်ကျေးသိမ်မွေ့စွာ ပြောကြားလိုက်လေသည်။
“ဦးလေး... သိပ်မစဉ်းစားပါနဲ့။ နှစ်ဖက်စလုံး မင်္ဂလာကိစ္စ ဆောင်ရွက်ပြီးပြီပဲ။ ကျွန်တော်က အခု မေအိမ်တော်ထဲ ရောက်နေပြီ ဆိုတော့ မေအိမ်တော်ရဲ့ သားမက် အဖြစ်ပဲ သဘောထားလိုက်ပါ”
မေသခင်ကြီး အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် ယခင်ကကဲ့သို့ ရှင်းယွမ်ဟု နာမည်တပ်ပြီး မခေါ်ဝေါ်ရဲတော့ပေ။ အချိန်ကြာမြင့်စွာ စဉ်းစားပြီးမှ နောက်ဆုံးတွင် ခေါ်ဆိုလိုက်လေသည်။
“သားမက်... ဒီည အိမ်မှာ ညစာ စီစဉ်ထားပါတယ်။ အလျင်စလို ပြင်ဆင်လိုက်ရလို့ ရိုးရိုးဟင်းတွေပဲ ပါပါတယ်။ သားမက် များများ စားပါ”
လော့ရှင်းယွမ် ပြုံးရွှင်စွာ ခေါင်းငြိမ့်လိုက်လေသည်။
မေသခင်ကြီးသည် စကားအနည်းငယ် ပြောဆိုကြည့်ရာ လော့ရှင်းယွမ်က သဘောကောင်းပြီး မာန်မာန မရှိသည်ကို တွေ့ရှိရသဖြင့် စိတ်အနည်းငယ် အေးသွားလေသည်။ သတ္တိမွေးပြီး ဆက်လက်ပြောဆိုလေသည်။
“ပြီးခဲ့တဲ့ တစ်ခေါက် စေ့စပ်တုန်းက ဒီဦးလေးက ကောင်းကင် ဘယ်လောက်မြင့်လဲ မသိဘဲ မင်းသားကြီးနဲ့ ဆွေးနွေးခဲ့မိတာတွေ... အဲဒီ... အိမ်ခေါ်သားမက် ကိစ္စတွေ... ကလေးမွေးရင် ဘယ်သူ့မျိုးရိုး ယူမလဲ ဆိုတာတွေ... အခု ပြန်စဉ်းစားကြည့်တော့ ကြောက်လွန်းလို့ သေတော့မယ်”
လော့ရှင်းယွမ်က မေသခင်ကြီး မည်သည်ကို ဆိုလိုကြောင်း သိရှိလေသည်။ ချက်ချင်းပင် အတည်ပြုပေးလိုက်လေသည်။
“ဧကရာဇ် ကတိက တည်မြဲပါတယ်။ ပြောပြီးသား စကားကို ပြန်မရုပ်သိမ်းပါဘူး။ ကတိပေးပြီးသား ကိစ္စတွေက အတည်ပါပဲ။ ဦးလေး စိတ်ချပါ”
မေသခင်ကြီး ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည်ပေါ်ပေါက်လာ၏။
ထိုအခါမှ မိမိသမီး ဝတ်ဆင်ထားသည်မှာ ပါးလွှာလွန်းသည်ကို သတိပြုမိပြီး အခန်းထဲဝင် အဝတ်အစားလဲလှယ်ရန်၊ ရေနွေးသောက်ရန်၊ ချန်ပေါ်ကို လက်ကိုင်မီးဖို ယူခိုင်းရန် တတွတ်တွတ် မှာကြားနေလေတော့သည်။
“အခု ကျန်းမာရေး ကောင်းလာပါပြီ၊ အရင်လို အအေးမကြောက်တော့ပါဘူး” မေဝမ့်ရှူးက ပြောသော်လည်း အဘိုးအိုက မယုံကြည်ပေ။ သူ့ကိုယ်ပေါ်မှ ဝတ်ရုံကြီးကို ချွတ်ပြီး ပေးရန် ပြင်နေသဖြင့် သူမ မတတ်သာဘဲ အခန်းထဲဝင်ပြီး အဝတ်အစား လဲလှယ်ရတော့သည်။
မေဝမ့်ရှူး အခန်းထဲ ဝင်ရောက်သွားသည်ကို မြင်သောအခါ မေသခင်ကြီးသည် ခြံဝင်းထဲတွင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြန်လေသည်။ ပြောချင်သလိုလို မပြောချင်သလိုလို ဖြစ်နေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည့်ပုံဖြင့် ခေါ်လိုက်လေသည်။ “သားမက်”
လော့ရှင်းယွမ်သည် ယနေ့ အိမ်ထဲ ဝင်ရောက်ကတည်းက ယောက္ခမကြီး လန့်ဖျပ်သွားမည်ကို စိုးရိမ်သဖြင့် အသံကို အတတ်နိုင်ဆုံး နှိမ့်ချပြီး ပြောဆိုနေခြင်း ဖြစ်သည်။
158 02
“ဦးလေး ဘာပြောချင်လို့လဲ။ ပွင့်ပွင့်လင်းလင်း ပြောပါ”
မေသခင်ကြီး သတ္တိမွေးပြီး ပြောကြားလိုက်လေသည်။ “ဆွေမျိုး မျိုးရိုး အရ ပြောမယ် ဆိုရင် သားမက်က အထက်မြတ်ဆုံးပါပဲ။ ဒါပေမဲ့ မေအိမ်တော်ရဲ့ သားမက် လာလုပ်မယ် ဆိုကတည်းက... ငါတို့ မြစ်အရှေ့ဘက် ဟဲတုန်းဒေသရဲ့ ထုံးစံအရ ချွေးမ ဖြစ်ဖြစ်၊ သားမက် ဖြစ်ဖြစ် အိမ်ထဲ ဝင်မယ် ဆိုရင် မီးဖိုကို ကျော်ဖြတ်ရမယ်”
လော့ရှင်းယွမ် “... ...”
မေဝမ့်ရှူး အရှေ့ဘက် အခန်းတွင် အဝတ်အစားလဲလှယ်နေစဉ် ယန်ရန်သည် အပြင်ဘက်မှ တံခါးကို ဒုန်းဒုန်း ထုရိုက်ပြီး ရယ်သံပါပါဖြင့် လှမ်းအော်လေသည်။
“သခင်... မြန်မြန် ထွက်လာပါဦး။ အဖေက မီးဖိုတစ်ခု ပြင်ဆင်ထားတယ်။ ခုနက ခြံဝင်းတံခါးဝမှာ မီးရှို့ထားတာ၊ တို့အိမ်က အိမ်ခေါ်သားမက်ကြီး မီးဖိုကို ကျော်ဖြတ်နေရတယ် တဲ့”
မေဝမ့်ရှူး ဆံပင်ကိုပင် မဖြည်နိုင်တော့ပေ။ ဝတ်ဆင်လက်စ အင်္ကျီအထူကြီးကို ပစ်ချပြီး ပေါ့ပါးသော ဝတ်ရုံရှည်တစ်ထည် ကောက်စွပ်ကာ၊ အပေါ်ထပ် ဝတ်ရုံကြီး ခြုံလွှမ်းပြီး တံခါးဖွင့် ထွက်လာခဲ့လေသည်။
အိမ်မကြီး တံခါးဝတွင် မေသခင်ကြီးက ပြုံးဖြီးဖြီးဖြင့် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ လော့ရှင်းယွမ်ကို ရင်းရင်းနှီးနှီး အိမ်ထဲသို့ ဖိတ်ခေါ်နေ၏။ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ မီးရောင်အောက်တွင် သားမက်ကို ကြည့်လေ သဘောကျလေ ဖြစ်နေလေသည်။
“သားမက်တော်က ရုပ်ရည်သန့်ပြန့် လိုက်တာ။ ငါ့သမီးနဲ့ အရမ်း လိုက်ဖက်တယ်။ နတ်ဖက်တဲ့ စုံတွဲပါပဲ”
ယန်ရန် ပြောသော မီးဖိုမှာ ယခုအခါ မီးငြိမ်းသတ်ပြီးဖြစ်၍ တံခါးဘေးတွင် ထားရှိထားလေသည်။
ဆူးဟွေ့ကျုံးသည် ဝရန်တာအောက်တွင် ရပ်နေလေသည်။ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ခေါင်းကို တုတ်နှင့် ရိုက်ခံထားရသကဲ့သို့ ဖြစ်နေသည်။ မေဝမ့်ရှူး အပြေးအလွှား လာနေသည်ကို တွေ့မှသာ သတိပြန်ဝင်လာပြီး မေဝမ့်ရှူးကို ဘေးသို့ ဆွဲခေါ်ကာ တုန်တုန်ရီရီ ပြောဆိုလေသည်။
“မဖြစ်ဘူးလေ... ငါတို့ မြို့တော်မှာ ဒီလို ထုံးစံမှ မရှိတာ။ အဘိုးကြီးက ဘယ်လိုလုပ်... ဘယ်လိုလုပ် ဒီလို လုပ်ရဲရတာလဲ”
မေဝမ့်ရှူး ပြောစရာ စကားမရှိတော့ပေ။ ချန်ပေါ် လက်ထဲမှ လက်ဖက်ရည်ဗန်းကို ယူပြီး အိမ်မကြီးထဲ ဝင်ရောက်သွားလေသည်။ ပြုံးဖြီးဖြီး ဖြစ်နေသော မေသခင်ကြီး နားသို့ ကပ်သွားပြီး လက်ဖက်ရည် ကမ်းပေးရင်း တိုးတိုးလေး သတိပေးလိုက်လေသည်။
“အဖေရာ... မြို့တော်မှာ မီးဖိုကျော်ပြီး ကံကောင်းခြင်း ယူတယ် ဆိုတဲ့ ထုံးစံ မရှိပါဘူး။ လူကို တမင်တကာ ဒုက္ခမပေးပါနဲ့”
မေသခင်ကြီးက လက်ဝါးဖြင့် ပါးစပ်ကို ကာကွယ်ပြီး တိုးတိုးလေး ပြန်ပြောလေသည်။
“သမီးလေး... ဖေဖေ့ကို မတားနဲ့။ မီးဖိုလေးတောင် မကျော်ချင်ဘူး ဆိုရင် ဘာ အိမ်ခေါ်သားမက်လဲ။ အခုမှ အဖေ သိလိုက်ရတာ... ဒီလူက ပါးစပ်က ပြောတာ မဟုတ်ဘူး၊ တကယ်ပဲ ငါ့သမီးအတွက် အောက်ကျခံနိုင်တဲ့သူ ဆိုတာ။ ဒါမှ အဖေက သမီးကို သူ့လက်ထဲ စိတ်ချလက်ချ ထည့်ပေးနိုင်မှာပေါ့”
ကိစ္စမှာ ပြီးဆုံးသွားပြီဖြစ်၍ မေဝမ့်ရှူး နဖူးကို နှိပ်နယ်ရင်း လော့ရှင်းယွမ်ကို သွားရောက် ချော့မော့ရလေသည်။
လော့ရှင်းယွမ်ကမူ သိပ်ဂရုစိုက်ပုံ မရပေ။ “မီးဖိုကျော်တာပဲဟာ... မီးပွားတောင် မစင်ပါဘူး။ မြို့တော်မှာ သတို့သားကို တုတ်နဲ့ရိုက်ပြီး စနောက်တဲ့ ထုံးစံနဲ့ ယှဉ်ရင် အများကြီး သက်သာပါတယ်။ ကိစ္စမရှိပါဘူး”
မိသားစုများ နေရာထိုင်ပြီး ရယ်ရယ်မောမော စားသောက်ကြလေသည်။
သာမန် ညစာ ဆိုသော်လည်း နေရာအနှံ့မှ ရှာဖွေထားသော အကောင်းစား ဟင်းလျာများ ပါဝင်လေသည်။ ဇာတိမှ ခေါ်ဆောင်လာသော စားဖိုမှူးဟောင်း လက်ရာဖြစ်၍ အနံ့အရသာ ပြည့်စုံပြီး နန်းတွင်းစားပွဲနှင့် မခြားပေ။
အရက် (၃) ပတ်လည်သောအခါ မေသခင်ကြီး မူးလာပြီ ဖြစ်သည်။ မျက်ရည်စများကို သုတ်ပြီး မေဝမ့်ရှူးကို လက်ညှိုးထိုးကာ လော့ရှင်းယွမ်ကို ပြောကြားလေသည်။
“အာရှူး (၁၁) (၁၂) နှစ် အရွယ်တုန်းက အဖေ ရာထူးက အနားယူပြီး ဇာတိပြန်ခေါ်သွားတုန်းကလေ... အိမ်မှာ မိုင် (၅၀) ရှည်တဲ့ အနီရောင် ကော်ဇောတွေ၊ မိုင် (၅၀) ရှည်တဲ့ အနီရောင် ပိတ်ပါးစတွေ ပြင်ဆင်ထားခဲ့တာ။ မင်္ဂလာဆောင်ကျရင် မေအိမ်တော် တံခါးဝကနေ ခင်ပွန်းသည်အိမ်အထိ ခင်းပေးမလို့။ တခြားမြို့က လူနဲ့ ယူရင်တောင် လောက်ငှပါတယ်။ အို... သားမက်က မြို့တော်သား ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ မိုင် (၅၀) ကော်ဇောက လင်းချွမ်ကနေ မြို့တော်အထိ ဘယ်လောက်မှာလဲ”
158 03
မေဝမ့်ရှူး ထရပ်ပြီး ဖခင်ကို မျက်နှာသုတ်ပုဝါ ကမ်းပေးလိုက်လေသည်။ “သမီး ပြောပြီးသားပါ... အနီရောင် ကော်ဇောတွေ၊ ပိတ်ပါးစတွေ နှစ်ရှည်လများ သိမ်းထားစရာ မလိုပါဘူးလို့။ သမီးက အဲဒီလို ရှေးရိုးဆန်တာတွေ မကြိုက်ပါဘူး”
“ရှေးရိုးဆန်ပေမဲ့ မင်္ဂလာဆောင်ဆိုတာ ရှေးရိုးဆန်မှ ကောင်းတာပေါ့” မေသခင်ကြီးသည် မျက်နှာသုတ်ရင်း ပွစိပွစိ ပြောဆိုနေလေသည်။
လော့ရှင်းယွမ်သည် ဧည့်သည်တော် ထိုင်ခုံတွင် ထိုင်ရင်း လက်မမှ ကျောက်စိမ်းလက်စွပ်ကို လှည့်ကစားနေလေသည်။ ခဏ စဉ်းစားပြီး ပြောကြားလိုက်လေသည်။
“မိုင် (၅၀) ကော်ဇောက မေအိမ်တော်ကနေ လင်းချွမ် မြို့တံခါးဝအထိတော့ လောက်ပါတယ်။ ဦးလေး စိတ်မပူပါနဲ့။ နောက်နှစ်ကျရင် ကျွန်တော် အားတဲ့အချိန် ရွှယ်ချင့်ကို ခေါ်ပြီး လင်းချွမ်ကို လာလည်ပါ့မယ်။ အဲဒီကျရင် အိမ်က ကော်ဇောအနီတွေကို ခင်းလိုက်ရုံပါပဲ”
မေသခင်ကြီး အံ့သြဝမ်းသာ ဖြစ်သွားလေသည်။ “တကယ်လား။ ဒီဦးလေးက အတည်မှတ်မှာနော်”
“ကတိပါပဲ” လော့ရှင်းယွမ်က ပြုံးပြီး နေရာမှာတင် ကတိပေးလိုက်လေသည်။
မေသခင်ကြီး စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်မရတော့ပေ။ အရက်များ ဆက်တိုက် တိုက်ကျွေးလေသည်။ မူးလာသောအခါ ကိစ္စတစ်ခု သတိရသွားလေသည်။
“ချွေးမလေး…” ဘေးတွင် ထိုင်စားနေသော ယန်ရန်ကို လှမ်းခေါ်လိုက်လေသည်။ “ဟိုတစ်ခေါက် စေ့စပ်တုန်းက ဝယ်ထားတဲ့ မီးပန်းလှည်းကြီးလေ... နန်းတော်က အရာရှိချီ လာစစ်ဆေးတုန်းက ခြံဝင်းထဲမှာ မီးအိမ်တွေ များလွန်းလို့ မီးလောင်မှာစိုးလို့ မဖောက်ရဘူး ဆိုပြီး တားထားတာ။ မီးပန်းတွေ ဂိုဒေါင်ထဲမှာ အတိုင်းသား ရှိသေးတယ်။ ဒီည ပျော်စရာကောင်းတုန်း မီးပန်းတွေ ထုတ်ပြီး အကုန် ဖောက်လိုက်ကွာ။ အားလုံး ပျော်ကြတာပေါ့!”
ယန်ရန်က ဟုတ်ကဲ့ဟု ထူးပြီး ထထွက်သွားလေသည်။
မကြာမီ အရောင်စုံ မီးပန်းများသည် မှောင်မိုက်နေသော ကောင်းကင်ယံကို ဖြတ်သန်းပြီး ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာစေလေသည်။
ရောင်စုံ မီးပန်းများသည် ကောင်းကင်ထက်တွင် ဖြာကျနေ၏။
မြို့တော်မှ မီးထွန်းပွဲတော်ထက်ပင် ပိုမို စည်ကားနေသကဲ့သို့ ရှိလေသည်။ မေအိမ်တော်မှ အိမ်စေများသာမက နန်းတော်မှ ပါလာသော ကိုယ်ရံတော်များ၊ မိန်းမစိုးများပါ တံခါးဝထွက်ပြီး လည်ပင်းရှည်ကြီးများဖြင့် မော့ကြည့်နေကြလေသည်။
အိမ်နီးနားချင်း ကလေးများလည်း အော်ဟစ်ပြီး အိမ်ထဲမှ ပြေးထွက်လာကြလေသည်။ တံခါးဝတွင် ကလေးခေါင်းလေးများ မဲမှောင်နေတော့သည်။ ဇာတိမှာတုန်းက နှစ်တိုင်း ပွဲတော်ကျင်းပသကဲ့သို့ စည်ကားနေလေသည်။
မေဝမ့်ရှူး မြင်လိုက်ရသောအခါ အတိတ်က အမှတ်တရများကို သတိရပြီး ပြုံးလိုက်မိလေသည်။
ကောင်းကင်မှ မီးပန်းများကို ကြည့်ရင်း ဤနေရာသည် ဧကရာဇ်၏ ခြေရင်းဖြစ်ပြီး စည်းကမ်းများသည် ဇာတိထက် ပိုမိုတင်းကျပ်သည်ကို သတိရသွားလေသည်။
“မီးပန်းတွေက လှပေမဲ့ မြို့တော်အုပ်ချုပ်ရေးရုံးတော်ကို အနှောင့်အယှက် ဖြစ်မှာ စိုးရတယ်” သူမ ဖခင်ကို ပြောလိုက်လေသည်။ “အဖေ... ရပ်လိုက်ပါတော့”
“ရပ်စရာ မလိုပါဘူး။ ဆက်ဖောက်ပါ” လော့ရှင်းယွမ် ဝင်ရောက်ပြောဆိုလိုက်လေသည်။ “ချီကျန့်ဟန်က အပြင်မှာ ရှိနေတာပဲ။ မြို့တော်အုပ်ချုပ်ရေးရုံးတော်က လူလာရင် ခါးချိတ်တံဆိပ် ပြလိုက်ရင် ပြီးတာပဲ”
သူက ရှောင်ကွေ့ယွမ်ကို ခေါ်ပြီး မှာကြားလိုက်လေသည်။
ရှောင်ကွေ့ယွမ်သည် ချီကျန့်ဟန်ထံသို့ ပြေးထွက်သွားလေသည်။
မေဝမ့်ရှူးကမူ ပိုမို၍ အဝေးကြီး တွေးမိလေသည်။
“ဒီည မြို့တော်အုပ်ချုပ်ရေးရုံးတော်ကို လှုံ့ဆော်လိုက်မယ်၊ ပြီးတော့ နန်းတွင်းကိုယ်ရံတော် တံဆိပ်ပြလိုက်မယ် ဆိုရင်... ဒီအိမ်က လူသိရှင်ကြား ဖြစ်သွားပြီ။ နောက်နောင် လူမနေဘဲ အလွတ်ထားရတော့မှာ”
သူမ လော့ရှင်းယွမ်ကို မျက်စောင်းထိုးပြီး ပြုံးလိုက်လေသည်။ “မင်း ဒီအိမ်လေးကို သဘောကျရင် ဒီ (၃) ရက်အတွင်း များများ ကြည့်ထား။ ထျန်းရွှေ လမ်းကြားကို နောက်နောင် လာလို့ မရတော့ဘူး”
လော့ရှင်းယွမ် နှမြောတသ ဖြစ်သွားလေသည်။ “နှမြောစရာပဲ”
စဉ်းစားရင်း ပိုမိုနှမြောလာသဖြင့် မေဝမ့်ရှူးနှင့် တိုင်ပင်လေသည်။ “ဒီအိမ် အလွတ်ထားရမယ် ဆိုရင် နောက်ကျရင် တခြားနေရာမှာ အိမ်လေး တစ်လုံး ထပ်ဝယ်မလား”
158 04
“ငါက မြို့တော်မှာ နေတာမှ မဟုတ်တာ။ မြို့ပြင်မှာ ခြံဝင်းရှိတယ်၊ အရှေ့မြို့တော်မှာ အိမ်ရှိတယ်” မေဝမ့်ရှူးက အရက်တစ်ငုံ သောက်ပြီး ရယ်မောလိုက်လေသည်။
“မြို့တော်မှာ အိမ်တွေ အများကြီး ဝယ်ပြီး ဘာလုပ်မလို့လဲ။ ဟိုနားတစ်လုံး ဒီနားတစ်လုံးနဲ့... ရွှေအိမ်ဆောက်ပြီး…”အလှလေး ဝှက်ထားသလို…။
မကောင်းဘူးဟု တွေးမိပြီး နောက်ဆုံးစကားလုံးကို ပြန်လည်မျိုချလိုက်လေသည်။
လော့ရှင်းယွမ်က ကြားသွားပြီ ဖြစ်သည်။ အေးစက်စက် မေးမြန်းလိုက်လေသည်။ “'ရွှေအိမ်ဆောက်ပြီး… ဘာဖြစ်လဲ”
မေဝမ့်ရှူး စကားလွှဲလိုက်လေသည်။ ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။ “ကြည့်စမ်း... မီးပန်းတွေ လှလိုက်တာ”
လော့ရှင်းယွမ်က ကောင်းကင်ကို မကြည့်ပေ။
ရောင်စုံ ကောင်းကင်ကို ခဏလေးသာ ကြည့်ပြီး အကြည့်လွှဲလိုက်လေသည်။
ခဏ စဉ်းစားပြီးနောက် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသော ယန်ရန်ကို လှမ်းကြည့် လိုက်လေသည်။ “...... ချွေးမလေးလား”
မေဝမ့်ရှူး အရက်သောက်နေသော လက်ရပ်တန့်သွားလေသည်။ အတိတ်က ကိစ္စတချို့ကို သတိရသွား၏။
“ရှင်းယွမ်... ယန်ရန်ကိစ္စကို ညစာစားပြီးမှ သေချာ ပြောပြမယ်”
မေမိသားစုမှ ငွေအမြောက်အမြားပေးပြီး ဝယ်ယူထားသော မီးပန်းများကို တစ်နာရီခန့် ကြာအောင် ဖောက်လိုက်ကြလေသည်။
လမ်းဘေးမှ ကလေးများ၏ အော်ဟစ်သံများသည် မဆုံးနိုင်အောင် ရှိနေလေသည်။
အိမ်ထဲရော အိမ်ပြင်မှာပါ လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
ဒီညစာစားပွဲသည် အိမ်ရှင်ရော ဧည့်သည်ပါ ပျော်ရွှင်ကြလေသည်။ သားမက်နှင့် ယောက္ခမက အရက်တိုက်ပွဲ စနွှဲကြလေသည်။ သူတစ်ခွက် ကိုယ်သုံးခွက်နှင့် အရက်သုံးအိုး ကုန်ဆုံးသွားလေသည်။
မေသခင်ကြီး ထသည့်အချိန်တွင် ယိုင်နဲ့နဲ့ ဖြစ်နေပြီ။ အရက်မူးပြီး စိတ်ခံစားချက်များ တက်လာသဖြင့် ငိုကြွေးလေတော့သည်။
“ငါ့ မေမိသားစုမှာ အားရှူး ဆိုတဲ့ သမီးလေး တစ်ယောက်တည်း ရှိတာ။ အိမ်မှာပဲ အကြာကြီး ထားထားချင်တာ။ သူက ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ (၁၆) နှစ်မှာ မြို့တော်ကို တစ်ယောက်တည်း ထွက်သွားတယ်။ နှစ်တွေ အကြာကြီး နေပြီးလို့ ဇာတိပြန်လာမယ် ထင်နေတာ... လှည့်ပတ်ပြီးတော့ ဆွဲမထားနိုင်ပြန်ဘူး... နှမြောလိုက်တာကွာ...”
ယန်ရန်နှင့် ချန်ပေါ်က မေသခင်ကြီးကို တွဲပြီး အပြင်ခေါ်ဆောင်သွားကြလေသည်။
မေသခင်ကြီးသည် သမီးကို စိတ်ပူပြီး မူးမူးနှင့် လှည့်၍ မှာကြားနေသေးသည်။ “အရှေ့မြို့တော်ကနေ ခရီးပန်းကြီးနဲ့ လာရတာ လမ်းမှာ ပင်ပန်းရောပေါ့။ စောစော... စောစော အနားယူကြ”
လော့ရှင်းယွမ်က ပြန်ဖြေလေသည်။ “ကျွန်တော်တို့ ကြိုးစားပါ့မယ်”
မေသခင်ကြီး ရထားပေါ် တက်သွားသည်ကို ကြည့်ပြီး လော့ရှင်းယွမ်သည် ခြံဝင်းထဲမှ လူများကို အကုန် အပြင်ထွက်ခိုင်းလိုက်လေသည်။ သစ်သားတံခါးကို ဂျက်ထိုး ပိတ်လိုက်လေသည်။
မျက်လုံးများ တောက်ပနေပြီး ဘေးနားမှ မေဝမ့်ရှူးကို ကြည့်လိုက်လေသည်။
“ရွှေအိမ်ဆောက်ပြီး အလှလေး ဝှက်ထားတယ် ဟုတ်လား။ ခုနက လူများလို့ မမေးတာ။ အခု လူမရှိတော့ဘူး။ ဘယ်လို ဝှက်ထားလဲ ဆိုတာ ရွှယ်ချင့် သေချာ ပြောပြစမ်းပါ”
“... ...” မေဝမ့်ရှူး သူ့ကို မျက်စောင်းထိုးပြီး အရှေ့ဘက် အခန်းဆီသို့ လှည့်ထွက်သွားလေသည်။
လော့ရှင်းယွမ် (၂) လှမ်းခန့် လိုက်ပါသွားလေသည်။ ဧည့်ခန်းမဆောင်မှ ထွက်ပေါ်လာသော မီးရောင်အောက်တွင် သူမ၏ အင်္ကျီလက်စကို လှမ်းဆွဲလိုက်လေသည်။ အင်္ကျီလက်အောက်မှ ကျောက်စိမ်းကဲ့သို့ အေးစက်နေသော လက်ချောင်းထိပ်လေးများကို စမ်းမိပြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။
မေဝမ့်ရှူးသည် မီးရောင်အောက်တွင် အသံမထွက်ဘဲ ပြုံးလိုက်လေသည်။ လော့ရှင်းယွမ်၏ လက်ချောင်းများကို ပြန်လည်ချိတ်တွယ်ပြီး လက်ဖဝါးထဲတွင် တစ်ချက် ကုတ်လိုက်လေသည်။
“အခန်းထဲ သွားပြောရအောင်”
******