အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း။ ၁၃၉
ဘေးပတ်ဝန်းကျင်မှ စူးစမ်းလိုသော အကြည့်မျိုးစုံကို ခံစားနေရသော်လည်း လီချန်ချင်းမှာမူ တည်ငြိမ်အေးဆေးလျက် ရှိနေသည်။
သူ၏ ဟန်ပန်မှာ ဆေးဘုရင်တောင်တန်း၏ ဂိုဏ်းဝင်ခွင့် စစ်ဆေးမှုကို ခံယူနေခြင်း မဟုတ်ဘဲ သာမန် စာမေးပွဲတစ်ခုကို ဖြေဆိုနေသကဲ့သို့ပင်။
သူသည် ရှေးဦးစွာ ဆရာကြီးဟယ်လင်အား လက်အုပ်ချီ ဂါရဝပြုလိုက်ပြီးနောက် သူ၏ လက်ဝါးကို စက်ကွင်းပြားပေါ်သို့ ဖိကပ်လိုက်သည်။
ဝုန်း
နောက်တစ်ခဏ၌ပင် စက်ကွင်းပြားထံမှ စူးရှတောက်ပသော အနီရောင်အလင်းတန်းများ ရုတ်ချည်း ပေါက်ကွဲထွက်လာတော့သည်။
ထိုအနီရောင်အလင်းမှာ သွေးကဲ့သို့ ရဲရဲနီကာ စူးရှလွန်းလှရုံမျှမက ဝိညာဉ်ကိုပင် လောင်ကျွမ်းစေနိုင်လောက်သည့် ပြင်းထန်သော အပူရှိန်ကို ဆောင်ကြဉ်းလာသဖြင့် အနီးအနား၌ ရှိနေသူအချို့မှာ အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်ကြရသည်။
“ဝိညာဉ်ခန္ဓာ... ဒါက သေချာပေါက် ဝိညာဉ်ခန္ဓာပဲ”
လူအများမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။ ဤမြင်ကွင်းမှာ စောစောက ရှရှို့ရွှယ်၏ ပြသမှုထက် များစွာ ပိုမိုခမ်းနားလှပြီး ဖြစ်ပေါ်လာသော အခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ မီးဓာတ် ဝိညာဉ်ခန္ဓာတစ်မျိုး ဖြစ်နေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဆရာကြီးဟယ်လင်မှာမူ ဝမ်းသာခြင်း သို့မဟုတ် အံ့သြခြင်း အရိပ်အယောင်မျှ မပြဘဲ တည်ငြိမ်မြဲ တည်ငြိမ်နေသဖြင့် သူ မည်သို့ တွေးတောနေသည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။
စက်ကွင်းပြား၏ ပြောင်းလဲမှုများမှာ ရပ်တန့်မသွားသေးပေ။ အနီရောင်အလင်းတန်းများသည် လေပြင်းတိုက်ခတ်ခံရသော မြူခိုးများ သို့မဟုတ် ပွက်ပွက်ဆူနေသော ရေနွေးအိုးကဲ့သို့ လှုပ်ခတ်နေသည်။
မကြာမီမှာပင် ထိုအလင်းတန်းများသည် စုစည်းသွားပြီး ပုံသဏ္ဌာန် ထူးခြားဆန်းပြားကာ လေဝင်ပေါက် ကိုးပေါက်ပါဝင်သော ကြက်သွေးရောင် ဆေးမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဆေးမီးဖိုအတွင်း၌ စစ်မှန်သော မီးလျှံများ တောက်လောင်နေပြီး အရာခပ်သိမ်းကို ပြာချနိုင်လောက်သည့် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်နေ၏။
လူအများ၏ မျက်နှာထားများမှာ ပြောင်းလဲကုန်ကြသည်။ ဤဆန်းကြယ်သော ဆေးမီးဖိုမှာ လီချန်ချင်း၏ ပါရမီကို စက်ကွင်းပြားက ပုံဖော်ပြသလိုက်ခြင်းပင်။ သူ၏ ပါရမီမှာ အဘယ်အရာ ဖြစ်သည်ကို အတိအကျ မသိရသေးသော်လည်း ထူးခြားလွန်းသည်မှာမူ သံသယဖြစ်ဖွယ် မရှိပေ။
“ကြက်သွေးရောင် ဆေးမီးဖို... ဒါက ဘယ်လိုမျိုး ပါရမီပါလိမ့်”
ကုယွမ်က ကိုယ့်ကိုကိုယ် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ အစောပိုင်းကပင် သူသည် ဓားနှလုံးသားကို မျက်စိအဖြစ် အသုံးပြုကာ လီချန်ချင်း၏ ခန္ဓာကိုယ်သည် စစ်မှန်သော မီးလျှံများကို ပိတ်လှောင်ထားသည့် ဆေးမီးဖိုကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မြင်ခဲ့ဖူးရာ ယခု မြင်ကွင်းမှာ သူ၏ အမြင် မမှားကြောင်း သက်သေပြနေခြင်းပင်။
ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း ဆရာကြီးဟယ်လင်၏ မျက်နှာထက်၌ အားရကျေနပ်သည့် အရိပ်အယောင်မျှ မရှိပေ။
ဤသည်ကို မြင်လိုက်ရသည့်အခါ ဆရာကြီးပေါင်ချန်းသည် ဆေးဘုရင်တောင်တန်း၏ အတွင်းရေး ပဋိပက္ခများကို သိရှိထားသူဖြစ်ရာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောနေမိသည်။
မကြာသေးမီ နှစ်များအတွင်း ဆေးဘုရင်တောင်တန်း၌ မိသားစု အုပ်စုမှာ ဂိုဏ်းအုပ်စုထက် ပိုမိုဩဇာကြီးမားလာပြီး ဂိုဏ်းတစ်ခုလုံးကို ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းပိုက်ရန် ကြိုးပမ်းလာကြသည်။
လီချန်ချင်းမှာ ထိုမိသားစုအုပ်စုမှ ဂိုဏ်းအုပ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် စေလွှတ်လိုက်သော နယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။
ဂိုဏ်းအုပ်စု၏ အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဆရာကြီးဟယ်လင်သည် ဤအကြံအစည်ကို ကောင်းစွာ သိရှိသော်လည်း ဘာမျှ လုပ်ပိုင်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူမြင်ကွင်း၌ပင် အတိအလင်း လုပ်ဆောင်နေခြင်းကြောင့်ပင်။
လီချန်ချင်းကို ဂိုဏ်းအုပ်စုအတွင်းသို့ ထည့်သွင်းခြင်းမှာလည်း ဂိုဏ်း၏ စည်းမျဉ်းများနှင့်အညီ တရားဝင် ဆောင်ရွက်နေခြင်းပင်။ အကယ်၍ ဆရာကြီးဟယ်လင်သာ ဂိုဏ်းစည်းမျဉ်းများကို ချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက်မည်ဆိုပါက တစ်ဖက်လူများ၏ အကွက်ထဲသို့ ရောက်သွားပေလိမ့်မည်။
ဆရာကြီးပေါင်ချန်းသည် မသိနားလည်ဟန်ဖြင့် ဘေးရှိ ရှန်းယွင်ကျီအား မေးလိုက်သည်။
“ကျွန်တော့်ရဲ့ အတွေ့အကြုံက နည်းပါးလွန်းလို့ပါ ကျင့်ကြံဖော် ရှန်းယွင်ကျီ... ဒါက ဘယ်လို ပါရမီမျိုးလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ”
“အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ် ဆေးမီးဖိုတစ်ခုနဲ့ တူပြီး အတွင်းမှာ စစ်မှန်တဲ့ မီးလျှံတွေ တောက်လောင်နေတာပဲ”
ရှန်းယွင်ကျီသည်လည်း ဆရာကြီးပေါင်ချန်း၏ အကြံအစည်ကို သိရှိသော်လည်း ဝင်ရောက်ပတ်သက်ခြင်း မပြုဘဲ ရှင်းပြလိုက်သည်။
“ဒါက ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာပဲ။ မီးဓာတ် ဝိညာဉ်ခန္ဓာရဲ့ အထူးအမျိုးအစားတစ်ခုဖြစ်ပြီး မီးဓာတ်ကျင့်စဉ်တွေ ကျင့်ကြံဖို့အတွက် မွေးရာပါ သင့်တော်သူပေါ့။ ဆေးဘုရင်တောင်တန်းကတော့ ဒီတစ်ခေါက် ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိလိုက်ပြီပဲ”
သူက ဆက်လက်၍ “အရင်ကလည်း လီမိသားစုက မူလဝိညာဉ်မျိုးစေ့ပါရမီရှင် လီချန်စန်းကို မွေးထုတ်ပေးခဲ့ဖူးသလို အခုလည်း လီချန်ချင်းကို မွေးထုတ်လိုက်ပြန်ပြီ။ ငါ့အမြင်မှာတော့ လီမိသားစုဟာ တစ်မျိုးဆက်တည်းမှာတင် ထူးချွန်တဲ့ ပါရမီရှင် နှစ်ဦးတောင် ပိုင်ဆိုင်ထားတာပဲ...”
ဆရာကြီးပေါင်ချန်းသည်လည်း ထိုစကားကို အသာအယာ ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။
သူသည် ဆေးဘုရင်တောင်တန်းနှင့် မသင့်မြတ်သော ကုနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်သော်လည်း လီချန်စန်းမှာ အလွန်အမင်း ပါရမီထူးချွန်ပြီး မူလဝိညာဉ်မျိုးစေ့ဟုပင် တင်စားခံရသည့် တာအိုလမ်းစဉ်၏ ရတနာတစ်ပါး ဖြစ်ကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ ကုနတ်ဘုရားဂိုဏ်း၏ တပည့်ရင်းထဲတွင်ပင် လီချန်စန်းနှင့် ယှဉ်နိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်သည်။
ယခုအခါ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားသော လီချန်ချင်းပါ ထပ်မံရောက်ရှိလာခြင်းမှာ ဆေးဘုရင်တောင်တန်းအတွက် အကျိုးရှိစေမည်မှာ အမှန်ပင်။ သို့သော်လည်း ဆရာကြီးဟယ်လင်နှင့် ကုနတ်ဘုရားဂိုဏ်းအတွက်မူ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
ဆရာကြီးဟယ်လင်သည် ဆရာကြီးပေါင်ချန်း၏ ရန်တိုက်ပေးသော စကားများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိဘဲ လီချန်ချင်းကို ကြည့်ကာ
“မင်းမှာ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာ ရှိနေတာပဲ။ ဒါဟာ ဝိညာဉ်ခန္ဓာ အမျိုးအစားတွေထဲမှာ အဆင့်မြင့်တဲ့ ပါရမီတစ်ခုပဲ။ ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ မင်းရဲ့ ပါရမီက တပည့်ရင်းအဆင့်ကို ရရှိဖို့ လုံလောက်တယ်”
“ဒါပေမဲ့ ဆေးဘုရင်တောင်တန်းရဲ့ တပည့်ရင်း နေရာက တစ်မျိုးဆက်မှာ ဆယ့်နှစ်ယောက်ပဲလို့ ကန့်သတ်ထားတယ်။ တပည့်ရင်းတစ်ဦး ဖြစ်လာဖို့ဆိုရင် နတ်လူသားအဆင့်ကို ရောက်တဲ့အခါ တခြားသူတွေနဲ့ ယှဉ်ပြိုင်ရမယ် ဒါမှမဟုတ် အထက်တန်းအကြီးအကဲ နှစ်ဦးရဲ့ ထောက်ခံမှုကို ရယူရမယ်။ ဒါကြောင့် အခုလောလောဆယ် မင်းကို အတွင်းစည်းတပည့်အဖြစ် သတ်မှတ်ပေးလိုက်မယ်။ တပည့်ရင်း ဖြစ်ခွင့်ကတော့ မင်းရဲ့ နောင်လာမယ့် ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်”
လီချန်ချင်းက ဦးညွှတ်ဂါရဝပြုရင်း “နားလည်ပါပြီ ဆရာကြီး... ကျေးဇူးတင်ပါတယ်ခင်ဗျာ”
လီချန်ချင်းသည် အရိုအသေပြုပြီး နောက်သို့ဆုတ်လိုက်ရာ ဘေးပတ်ဝန်းကျင်မှ မနာလိုဝန်တိုမှု၊ ငြူစူမှု အကြည့်များစွာကို မြင်တွေ့လိုက်ရသဖြင့် ဆရာကြီးဟယ်လင်မှာ စိတ်ထဲ၌ အနည်းငယ် အကျပ်ရိုက်သွားမိသည်။
လီချန်ချင်းမှာ ယုံကြည်ရသူမဟုတ်မှန်း သိသော်လည်း သူ့ကို ဂိုဏ်းအုပ်စုအတွင်းသို့ ထည့်သွင်းရန်မှတစ်ပါး အခြားမရှိပေ။ အကယ်၍ သူ့ကို ငြင်းပယ်လိုက်မည် သို့မဟုတ် အခြားမရိုးသားသော နည်းလမ်းများဖြင့် ဖယ်ထုတ်မည်ဆိုပါက မိသားစုအုပ်စု၏ တုံ့ပြန်မှုကို ထားဦး သူ၏ ကျင့်ကြံဖော်များနှင့် မိတ်ဆွေများကပင် လက်ခံကြမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ပါရမီရှင်တစ်ဦးကို ရှာဖွေရန်မှာ အလွန်ပင် ခဲယဉ်းလှသောကြောင့်ပင်။ လွန်ခဲ့သော နှစ်များအတွင်း ဂိုဏ်းအုပ်စုသည် ပါရမီထူးချွန်သော တပည့်သစ်များကို မစုဆောင်းနိုင်ခဲ့သည်မှာ ကြာပြီဖြစ်ရာ ကျန်ရှိနေသော သာမန်တပည့်များမှာ ဂိုဏ်းကို ပြန်လည်ဦးမော့လာအောင် မစွမ်းဆောင်နိုင်ကြပေ။
ယခုကဲ့သို့ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာဆိုသည့် ကျင့်ကြံရေးမျိုးစေ့ကောင်းတစ်ခု ပေါ်ထွက်လာသည့်အခါ ဆက်ခံမည့်သူကို ငတ်မွတ်နေကြသော သူ၏ ကျင့်ကြံဖော်များသည် မိသားစုအုပ်စု၏ မရိုးသားမှုကိုပင် လျစ်လျူရှုပြီး ဤငါးစာကို လောဘတကြီး ဟပ်မိကြပေလိမ့်မည်။
ဆရာကြီးဟယ်လင် ကိုယ်တိုင်ပင်လျှင် လီချန်ချင်း၏ နောက်ခံပြဿနာသာ မရှိပါက သူ့ကို တပည့်အဖြစ် လက်ခံရန် စဉ်းစားမိမည် ဖြစ်သည်။ သူသည် အခြားအကြီးအကဲတစ်ဦးဖြစ်သော ကျိရှောင် ဆရာကြီးနှင့် နှစ်ပေါင်း ၃၀၀ ကျော်ကြာ လူသိရှင်ကြားရော တိတ်တဆိတ်ပါ ပြိုင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။
ထိုရာစုနှစ်များအတွင်း တာအိုလမ်းစဉ်နှင့် ကျင့်ကြံမှုများ၌ တစ်ဦးတစ်လှည့်စီ အနိုင်ရခဲ့ကြသော်လည်း မကြာသေးမီက ကျိရှောင် ဆရာကြီးသည် မိုးကြိုးငါးသွယ် ဝိညာဉ်ခန္ဓာပိုင်ဆိုင်သော စန်းကျန့်ကို တပည့်အဖြစ် လက်ခံလိုက်ရာ သူ့ထက် သာလွန်သွားခဲ့သည်။
နောင်လာမည့် နှစ်များတွင် ထိုစန်းကျန့်သာ အရွယ်ရောက်လာပါက ကျိရှောင် ဆရာကြီးမှာ ယခုထက်ပင် ပိုမိုမောက်မာလာပေလိမ့်မည်။ ဓားကျင့်ကြံသူများသည် မွေးရာပါ မာနကြီးကြသူများဖြစ်ရာ ဤသို့အောက်ကျနောက်ကျ ခံလိုစိတ် မရှိကြပေ။
စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ရာ လုမင်နှင့် ယွီကျန့်မောင်တို့မှာလည်း ထူးချွန်သော အခြေခံပါရမီများကြောင့် ပြင်ပတပည့်များအဖြစ် အရွေးချယ်ခံလိုက်ရသည်။
စမ်းသပ်ခံရန် လူအနည်းငယ်သာ ကျန်တော့သည့်အခါ ဆရာကြီးဟယ်လင်မှာလည်း မျှော်လင့်ချက် သိပ်မရှိတော့ပေ။ သူ့အဖို့မူ ရှရှို့ရွှယ်၏ ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာမှာသာ အနည်းငယ် ထူးခြားမှုရှိသည်ဟု ယူဆထား၏။
ထိုစဉ် အရပ်အမောင်း မြင့်မားကာ ကျောပြင်ကျယ်ပြီး မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် လူငယ်တစ်ဦး ရှေ့သို့ လှမ်းတက်လာကာ ထိုသူမှာ နွီယိုတပင်။ ကုယွမ်သည်လည်း နွီယိုတ၌ မည်သည့်ပါရမီ ရှိနေမည်ကို သိလိုသဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။
“အို...”
နွီယိုတကို မြင်လိုက်ရသည့်အခါ ဆရာကြီးဟယ်လင်၏ မျက်မှောင်များ ကျုံ့သွားပြီး သံသယအနည်းငယ် ဖြစ်သွားသည်။
အစောပိုင်းက လူအုပ်ထဲတွင် ရှိနေစဉ်က သူ သတိမထားမိခဲ့သော်လည်း ယခုအခါ၌ နွီယိုတထံမှ ကျောက်တောင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်လှုပ်ခတ်မှုမရှိသော ထူးခြားသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရခြင်းပင်။
ဤသည်မှာ သူ့အား မျှော်လင့်ချက်အသစ်များ ပေးစွမ်းလိုက်သကဲ့သို့ပင်။
သူသည် စက်ကွင်းပြားကို ညွှန်ပြကာ “မင်းရဲ့ လက်ကို အဲဒီပေါ်မှာ တင်လိုက်ပါ” ဟု ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာကြီး”
နွီယိုတသည် ရိုသေစွာ ဦးညွှတ်ပြီးနောက် သူ၏ လက်ဝါးကို စက်ကွင်းပြားပေါ်သို့ ဖိကပ်လိုက်သည်။ လက်ဝါးနှင့် စက်ကွင်းပြား ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စက်ကွင်းပြားပေါ်မှ ဝါဝင်းသော အလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ထိုအလင်းမှာ မြေကြီးကဲ့သို့ ထုထည်ကြီးမားပြီး လေးလံနက်ရှိုင်းသော အရှိန်အဝါကို ဆောင်ကြဉ်းလာ၏။
ဝါဝင်းသော အလင်းတန်းများသည် တစ်ဖြည်းဖြည်း စုစည်းသွားပြီး မြေသားရောင် တောင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတောင်ငယ်လေး၏ အရှိန်အဝါမှာ လီချန်ချင်း၏ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာနှင့် အဆင့်အတန်း တူညီလောက်အောင်ပင် နက်နဲသည်။
“တကယ်ပဲကိုး...”
ကုယွမ်၏ မျက်လုံးများ တောက်ပသွားတော့သည်။ နောက်ထပ် ဝိညာဉ်ခန္ဓာတစ်ခုပင်။ ထိုပါရမီမှာ မြေဓာတ် ဝိညာဉ်ခန္ဓာ ဖြစ်နေသည်မှာ အထင်အရှားပင်။
အခန်း။ ၁၄၀
“ဒါက ဝိညာဉ်ခန္ဓာလား...”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လီချန်ချင်းကတော့ ထားပါဦး။ အခု ဒီလူကလည်း ဘယ်လိုလုပ်ပြီး ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားရတာလဲ...”
လူအုပ်ကြီးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ဆူညံပွက်လောရိုက်ကုန်ကြသည်။ လီချန်ချင်း၌ ဝိညာဉ်ခန္ဓာပါရမီ ရှိနေခြင်းကိုမူ သူတို့ လက်ခံနိုင်ကြသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဝိညာဉ်ခန္ဓာ ရှိနေသည်ဟူသော ကောလာဟလများမှာ အစဉ်တစိုက် ရှိခဲ့ဖူးပြီး သူ၏ အစ်ကိုဖြစ်သူ လီချန်စန်း၏ ကျော်ကြားမှုနှင့် ယှဉ်လျှင်လည်း ဆန်းကြယ်သည်ဟု မထင်ရသောကြောင့်ပင်။
သို့သော်လည်း စုတ်ပြတ်သတ်သော အဝတ်အစားများဖြင့် ရိုးအေသစ္စာရှိပုံရသည့် တောင်သူ့သားတစ်ဦးဖြစ်သော နွီယိုတမှာလည်း ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသည်ဆိုသည်မှာမူ လူအများအဖို့ လက်ခံနိုင်ရန် ခက်ခဲလွန်းသည်။
“ခြေလှမ်းတွေက မြေပြင်ပေါ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီး မြေဓာတ်ချီစွမ်းအင်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတယ်။ အပြင်ပန်းမှာ တောင်တန်းတစ်ခုအဖြစ် ပုံပေါ်လာတာကို ကြည့်ရင် ဒါဟာ မြေဓာတ် ဝိညာဉ်ခန္ဓာ တစ်မျိုးဖြစ်တဲ့ တောင်စဉ်ခုနစ်ထပ် ဝိညာဉ်ခန္ဓာပဲ ဖြစ်ရမယ်”
ဆရာကြီးဟယ်လင်သည် ဤသည်ကို မြင်လိုက်ရသည့်အခါ သူ၏ အမြဲတမ်း တည်ငြိမ်အေးစက်နေသော မျက်နှာထားမှာ နူးညံ့သွားပြီး နွီယိုတကို အနည်းငယ် ပြုံး၍ ကြည့်လိုက်ကာ “မင်းနာမည် ဘယ်သူလဲ...” ဟု မေးလိုက်သည်။
နွီယိုတက ရိုးရိုးသားသားပင် “တပည့် နာမည်က နွီယိုတပါ” ဟု ဖြေကြားလိုက်၏။
“နွီယိုတ...”
ဆရာကြီးဟယ်လင်က ခေါင်းငြိမ့်လိုက်ရင်း “မင်းရဲ့ ပါရမီအရဆိုရင် ငါတို့ ဆေးဘုရင်တောင်တန်းမှာ အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်ဖို့ အပြည့်အဝ အရည်အချင်းရှိပါတယ်။ အကယ်၍ မင်းသာ ထူးကဲတဲ့ ကျင့်ကြံခြင်းအခြေခံကို တည်ဆောက်နိုင်ပြီး အံ့မခန်း ကျင့်စဉ်တော်တွေကို ကျင့်ကြံနိုင်မယ်ဆိုရင် တပည့်ရင်းတစ်ဦး ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး”
လီချန်ချင်းမှတစ်ပါး မြေဓာတ်ဝိညာဉ်ခန္ဓာတစ်ခုနှင့် သစ်သားဓာတ်ဝိညာဉ်ခန္ဓာတစ်ဝက်ကိုပါ သူ စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။ ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ မည်သူကမှ သူ၏စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နိုင်တော့မည်မဟုတ်ပေ။
ပြန်ရောက်လျှင် သူသည် ကျေနပ်အားရစွာဖြင့် အစီရင်ခံနိုင်တော့မည်ဖြစ်သည်။
တစ်ခုတည်းသော နောင်တရစရာမှာ နွီယိုတ၏ ဝိညာဉ်ခန္ဓာမှာ မြေဓာတ်ဖြစ်နေသဖြင့် သူ၏ဓားလမ်းစဉ်နှင့် သဟဇာတမဖြစ်ဘဲ ဆရာတပည့်ရေစက် မပါနိုင်ခြင်းပင်။
ရှရှို့ရွှယ်သည်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။
သူမ၏ ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာမှာပင် အလွန်ရှားပါးလှသည်ဟု ထင်ခဲ့သော်လည်း ဦးစွာ လီချန်ချင်း၏ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာက သူမကို လွှမ်းမိုးသွားခဲ့ပြီး ယခုလည်း နောက်ထပ် မြေဓာတ်ဝိညာဉ်ခန္ဓာတစ်ခု ထပ်မံပေါ်ထွက်လာပြန်ပြီဖြစ်သည်။
"နေပါဦး... ဒီဘက်ခေတ်မှာ ဝိညာဉ်ခန္ဓာပိုင်ရှင်တွေက ဒီလောက်တောင် ပေါများနေပြီလား"
“တောင်စဉ်ခုနစ်ထပ် ဝိညာဉ်ခန္ဓာ ဟုတ်လား...”
ဘေးပတ်ဝန်းကျင်မှ မနာလိုဝန်တိုမှုနှင့် ငြူစူမှုများ ရောယှက်နေသော အကြည့်မျိုးစုံကို ခံစားလိုက်ရသဖြင့် နွီယိုတမှာ အလွန်ပင် စိတ်ရှုပ်ထွေးကာ တုန်လှုပ်ချောက်ချားသွားပြီး လက်ကိုပင် မည်သည့်နေရာ၌ ထားရမှန်း မသိဖြစ်နေတော့သည်။
သူသည် အကျွမ်းတဝင်ရှိလှသော ကုယွမ်ကို အလိုအလျောက် လှမ်းကြည့်လိုက်ရာ ကုယွမ်က သူ့အား ခေါင်းငြိမ့်ပြလိုက်သဖြင့် အနည်းငယ် စိတ်အေးသွားရသည်။
ဆရာကြီးဟယ်လင်၏ စကားများကို ကြားရသည့်အခါမှသာ သူသည် ဝိညာဉ်ခန္ဓာရှိနေကြောင်းနှင့် ဆေးဘုရင်တောင်တန်းတွင် အတွင်းစည်းတပည့်အဖြစ် ဝင်ရောက်ခွင့်ရပြီဖြစ်ကြောင်းကို ကောင်းစွာ နားလည်သွားတော့သည်။
“တပည့် နွီယိုတ... ဆရာကြီးကို ကျေးဇူးအထူး တင်ပါတယ်”
သူသည် ရိုသေစွာ ဦးညွှတ်ပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်သည်။ သူ၏ ညာဘက်မှ လီချန်ချင်း၏ ရန်လိုသော စူးစိုက်ကြည့်မှုကို လျစ်လျူရှုကာ ကုယွမ်နှင့် စကားစမြည် စပြောတော့သည်။
ဆရာကြီးဟယ်လင်သည် သူ၏အကြည့်ကို ကျေနပ်စွာ ပြန်လည်ရုပ်သိမ်းလိုက်စဉ် ဘေးမှ ဆရာကြီးပေါင်ချန်း၏ ငြူစူသော စကားသံကို ကြားလိုက်ရသည်။
“ဟယ်လင်... ငါ့ညီလေးကတော့ တကယ်ကို ကံကောင်းတာပဲ တောင်စဉ်ခုနစ်ထပ် ဝိညာဉ်ခန္ဓာတစ်ယောက်တောင် ထပ်ရလိုက်ပြန်ပြီ...”
"စစချင်းက ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာ၊ အဲဒီနောက်တော့ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာ၊ အခုကျတော့ တောင်စဉ်ခုနစ်ထပ် ဝိညာဉ်ခန္ဓာတောင် ပါလာပြန်ပြီလား"
"ဟယ်လင်ရဲ့ ကံတရားကတော့ တကယ်ကို အားကျစရာပဲ... ငါကိုယ်တိုင်တောင် နည်းနည်း မနာလိုဖြစ်မိတယ်တောင် ပြောရမလားပဲ။ ဒီလောက်ကောင်းတဲ့ ပါရမီရှင် မျိုးစေ့တွေ ရထားမှတော့... ဒီမျိုးဆက်မှာ ဆေးဘုရင်တောင်တန်းအင်အားကြီးလာမှာကတော့ သေချာနေပြီ။ ဒါပေမဲ့... ဒါက ငါတို့ ကုနတ်ဘုရားဂိုဏ်းအတွက်တော့ သတင်းကောင်း လုံးဝမဟုတ်ဘူး" ဆရာကြီးဟယ်လင်မှာ ထိုဖားပြုတ်ကြီး၏ ရန်တိုက်စကားကို ဂရုမစိုက်ဘဲ ကုယွမ်ကို ကြည့်ကာ “စတော့” ဟု မိန့်လိုက်သည်။
သူ၏ရှေ့တွင်ရှိသော လူငယ်လေးမှာ စင်ကြယ်သော အရှိန်အဝါရှိပြီး ဓားပညာ၌လည်း ကောင်းစွာ လေ့ကျင့်ထားပုံပင်။ နွီယိုတ၏ ဖြစ်ရပ်ကြောင့် သူသည်လည်း ဤလူငယ်အပေါ် မျှော်လင့်ချက် အနည်းငယ် ထားရှိနေမိသည်။
“အမိန့်အတိုင်းပါ ဆရာကြီး”
ကုယွမ်သည် စက်ကွင်းပြားအနီးသို့ ချဉ်းကပ်သွားကာ ဆရာကြီးဟယ်လင်အား ဦးညွှတ်လိုက်ပြီးနောက် သူ၏လက်ကို ဆန့်ထုတ်ကာ စက်ကွင်းပြားပေါ်သို့ တင်လိုက်သည်။
ထိုအခါ စက်ကွင်းပြားထံမှ ထူးခြားသော လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကုယွမ်၏ တစ်ကိုယ်လုံးနှင့် ဝိညာဉ်ကိုပင် ဖြတ်သန်းသွားသည်ကို သူ ချက်ချင်း ခံစားလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် စက်ကွင်းပြားထံမှ ကြည်လင်သော ရေပြင်ကဲ့သို့ အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထိုအလင်းမှာ စူးရှခြင်းမရှိသော်လည်း အလွန်ပင် စင်ကြယ်လှပြီး အေးမြညင်သာသော ယင်ချီစွမ်းအင်များနှင့် ရေစီးသံတိုးတိုးကိုပါ ဆောင်ကြဉ်းလာ၏။
“ဒါ... နောက်ထပ် ဝိညာဉ်ခန္ဓာတစ်ခုလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တစ်စုံတစ်ဦး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။ သူသည် သရဲသပက်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြား အံ့သြစွာဖြင့် ကုယွမ်ကို စိုက်ကြည့်နေမိတော့သည်။
"အရင်ဆုံး ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာ၊ အဲဒီနောက်တော့ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာ၊ ပြီးတော့ တောင်စဉ်ခုနစ်ထပ် ဝိညာဉ်ခန္ဓာတဲ့လား။ ဒီနေ့အတွက် ဒါတွေနဲ့တင် မလုံလောက်သေးဘူးဆိုပြီး... အခု နောက်ထပ် တစ်ယောက်တောင် ထပ်ပေါ်လာပြန်ပြီ"
အခြားသူများလည်း မယုံကြည်နိုင် ဖြစ်နေကြသည်။
"ဒီနေ့မှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ပုံမှန်ဆိုရင် မြင်ဖူးဖို့တောင် ခဲယဉ်းတဲ့ ဝိညာဉ်ခန္ဓာပိုင်ရှင်တွေက အခုတော့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို ပေါ်လာနေကြပါလား"
“ဒီကောင်က တကယ်ပဲ ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတာလား။ သူ့မှာက သံမဏိအရိုးနဲ့ ပျော့ပျောင်းတဲ့ အကြောပါရမီပဲ ရှိတာ မဟုတ်ဘူးလား”
အနီးအနားတွင် ရှိနေသော ရှမင်ယန်မှာ မှင်တက်နေမိသည်။
"နေပါဦး... စောစောပိုင်းကတင် ကုယွမ်ကို ပါရမီညံ့တဲ့သူလို့ အားလုံးက သတ်မှတ်ထားကြတာ မဟုတ်ဘူးလား။ ဒါဆို အခုလို အချိန်တိုလေးအတွင်းမှာ သူက ဘယ်လိုလုပ်ပြီး ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားနိုင်ရတာလဲ"
“ဒါက ဖုံးကွယ်ထားတဲ့ ပါရမီများလား”
ရှမင်ယန်သည် အတန်ကြာ စဉ်းစားပြီးမှသာ ဤဖြစ်နိုင်ခြေကို တွေးမိတော့သည်။ ရှမင်ယန်နှင့် ယှဉ်လျှင် ရှရှို့ရွှယ်မှာမူ အံ့သြသွားသော်လည်း လျင်မြန်စွာပင် လက်ခံလိုက်နိုင်သည်။
“ဒါကြောင့်ကိုး ကုယွမ်ရဲ့ ကျင့်ကြံမှုနှုန်းက ဒီလောက် မြန်နေတာ အကြောင်းမဲ့ မဟုတ်ဘူးပဲ”
လုမင်၊ ယွီကျန့်မောင်နှင့် အခြားသူများ၏ မျက်နှာထားမှာလည်း ရှုပ်ထွေးနေပြီး စိတ်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေတော့သည်။ ကုယွမ်၏ ပါရမီမှာ သူတို့၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
“ဝိညာဉ်ခန္ဓာပဲ။ ပြီးတော့ ရေဓာတ် ဝိညာဉ်ခန္ဓာတဲ့လား...”
လီချန်ချင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားပြီး အလွန်အမင်း အံ့အားသင့်သွားကာ ကုယွမ်ကို ပိုမို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လီမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး လီချန်စန်း၏ ညီဖြစ်သူ ဆေးမီးဖိုနီ ဝိညာဉ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ရာ ဆေးဘုရင်တောင်တန်းသို့ ဝင်ရောက်ရန်မှာ သူ့အတွက် မခက်ခဲပေ။
သူ ဂိုဏ်းအကြီးအကဲ၏ စမ်းသပ်မှုကို ခံယူခြင်းမှာ သူ၏ ကိုယ်ပိုင်ဆန္ဒကြောင့်သာမက မိသားစုအုပ်စု၏ ကြိုတင်စီစဉ်ထားသော အကွက်တစ်ခုလည်း ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်မှာ ဂိုဏ်းအုပ်စုအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်ရန်၊ သူကိုယ်တိုင် အဓိကနေရာတစ်ခု ရရှိရန်နှင့် ထိုမှတစ်ဆင့် ဂိုဏ်း၏ အာဏာကို တဖြည်းဖြည်း သိမ်းပိုက်ကာ မိသားစုအုပ်စုနှင့် ပူးပေါင်းရန် ဖြစ်သည်။
သို့သော်လည်း ယခုအခါ နွီယိုတနှင့် ကုယွမ်တို့ကဲ့သို့ ဝိညာဉ်ခန္ဓာပိုင်ရှင်များ ပေါ်ထွက်လာခြင်းမှာ သူနှင့် သူ၏ နောက်ကွယ်မှလူများ၏ အစီအစဉ်ကို တမင်တကာဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ဖျက်ဆီးလိုက်သကဲ့သို့ပင်။
သူတို့နှစ်ဦးသာ မရှိပါက ရှရှို့ရွှယ်မှာ စိုးရိမ်စရာမဟုတ်ဘဲ သူ၏ အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အချို့သူများက သူ့ကို သံသယရှိလျှင်ပင် အခြေအနေကို များစွာ ပြောင်းလဲနိုင်မည်မဟုတ်ပေ။
သို့သော် နွီယိုတနှင့် ကုယွမ်တို့မှာ နောက်ခံသမိုင်းကြောင်း စင်ကြယ်သည့် ပါရမီရှင်များ ဖြစ်ကြသည်။
"ငါက မိသားစုအုပ်စုဘက်က လွှတ်လိုက်တဲ့သူဆိုတာကို ဂိုဏ်းအုပ်စုကလည်း သိပြီးသားပဲလေ။ ဒါကို ဘယ်သူကများ ငါ့ကို ဂရုစိုက်နေတော့မှာလဲ"
"ဒါပေမဲ့ အဆိုးဆုံးက... ကုယွမ်မှာရှိတဲ့ ရေဓာတ် ဝိညာဉ်ခန္ဓာက ငါ့ရဲ့ မီးဓာတ် ဝိညာဉ်ခန္ဓာကို အနိုင်ယူနိုင်တဲ့ အမျိုးအစား ဖြစ်နေတာပဲ။ ဒီလူကတော့... နောင်တစ်ချိန်မှာ ငါ့အတွက် အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာမှာ သေချာတယ်"
...
“ကောင်းတယ်... တကယ်ကို ကောင်းတယ်”
ဆရာကြီးဟယ်လင်သည် လက်ခုပ်တီး၍ အားရပါးရ ရယ်မောလိုက်တော့သည်။ သူ၏ စိတ်အခြေအနေမှာ အလွန်ပင် တက်ကြွနေ၏။
သဲထဲက ပတ္တမြားကို ရှာဖွေရသကဲ့သို့ အစပိုင်းတွင် ဘာမျှ ထူးထူးခြားခြား တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ယခုမူ ရွှေတုံးကြီးများကို တစ်ခုပြီးတစ်ခု တူးဖော်တွေ့ရှိလိုက်ရသကဲ့သို့ပင်။
သူ့အဖို့မူ ဤသည်မှာ ဝမ်းသာစရာ အံ့အားသင့်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းပင်။
စက်ကွင်းပြား၏ ပြောင်းလဲမှုများမှာ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
ကြည်လင်သော အလင်းတန်းများ လှည့်ပတ်စီးဆင်းနေပြီးနောက် နက်ရှိုင်းလှသော ရေပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုရေပြင်၏ နက်ရှိုင်းရာ တစ်နေရာ၌ တစ်စုံတစ်ခု ဖုံးကွယ်နေသကဲ့သို့ ရှိနေပြီး သမုဒ္ဒရာကြီးကဲ့သို့ အရာခပ်သိမ်းကို လွှမ်းခြုံလက်ခံနိုင်သော အရှိန်အဝါမျိုး သိမ်သိမ်မွေ့မွေ့ ထွက်ပေါ်နေတော့သည်။