← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း။ ၁၃၅

"ဒီတစ်ခါ လီမိသားစုက တကယ့်ကို အထင်အရှားနဲ့ ခမ်းနားပြလိုက်တာပဲ။ တော်တော်လေးကို ခမ်းနားတယ်"

ရောက်လာသည့်သူမှာ နှိမ့်ချပြီး နူးညံ့သည့်သူမျိုးတော့ ဖြစ်ဟန်မတူပေ။

အနားတွင်ရှိနေသော လုမင်၊ ယွီကျန့်မောင်းနှင့် တခြားသူများကလည်း ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ သိပ်မကောင်းတော့ပေ။

သူတို့သည် မြင့်မြတ်သော မျိုးရိုးမှ လာသူများဖြစ်ပြီး သူတို့ဒေသ၏ လူငယ်မျိုးဆက်ထဲတွင် ခေါင်းဆောင်ပိုင်းများ ဖြစ်ကြသည့်အတွက် အခြွေအရံ အစောင့်အရှောက်များနှင့် ခမ်းခမ်းနားနား သွားလာလေ့ရှိကြသူများ ဖြစ်သည်။

ဒါပေမဲ့ အဆိုပါ မြင်းရထားထဲမှ လီမိသားစုတပည့်များနှင့် ယှဉ်လိုက်လျှင်မူ သူတို့မှာ သိသိသာသာ နိမ့်ကျနေသဖြင့် စိတ်ထဲတွင် သိပ်ပြီး မပျော်မရွှင် ဖြစ်နေကြခြင်းပင်။

“သွားကြရအောင် ဆရာကြီးဟယ်လင် ရောက်တော့မှာ။ သူ့ကို စောင့်ခိုင်းထားလို့ မကောင်းဘူး”

ရှရှို့ရွှယ်က လူတိုင်းကို ခေါ်ယူလိုက်သည်။ ဘယ်သူကမှ မကန့်ကွက်ကြဘဲ သူမပြောသည့်အတိုင်း အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ကုယွမ်က လူအုပ်နောက်မှ လိုက်လာချိန်မှာပင် လှပသော မိန်းကလေးတစ်ယောက်က သူ၏အနားသို့ တိုးကပ်လာပြီး “အစ်ကိုကုက ဓားပညာမှာ ကျွမ်းကျင်တယ်လို့ ကြားတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလည်း ယန်မင်ဓားနည်းစနစ်ထဲက တစ်ခုကို သင်ထားဖူးတယ်...”

ဤမိန်းကလေး၏ မျိုးရိုးမှာ ရှဲ့ဖြစ်ပြီး နာမည်မှာ ရှဲ့ယောင်းဖြစ်သည်။ သူမသည် ရှရှို့ရွှယ်၏ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး နာမည်ကြီး မိသားစုမှ လာသူဖြစ်သည်။

သာမန်အချိန်များတွင်မူ သူမ၏နောက်သို့ လိုက်နေသည့် အမျိုးသားများစွာ ရှိတတ်သော်လည်း ယခုအခါ သူမ၏ သိက္ခာကိုပင် မငဲ့ဘဲ ကုယွမ့်ကို အရင် စကားစမြည် ပြောနေသည်ကို မြင်သောအခါ ဘေးမှလူများမှာ မမြင်ချင်ယောင်ဆောင်နေကြရသည်။

ကုယွမ်သည် သုံးလအတွင်းမှာပင် မွေးရာပါ ကိုယ်ခံပညာရှင် ဖြစ်လာခဲ့သူမို့ သူ၏ ထူးခြားသော ပါရမီကို သက်သေပြပြီးသားဖြစ်ရာ ဘယ်သူကမှ သူ့ကို လွယ်လွယ်နှင့် သွားမစရဲကြပေ။

သို့သော် ရှရှို့ရွှယ်ကမူ ဤမြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေမိသည်။

အရည်အချင်းစစ်ပွဲက လက်တစ်ကမ်းမှာတင် ရှိနေသည်ကို သူမ၏သူငယ်ချင်းက ယောက်ျားလေးများနှင့် ပရောပရည် လုပ်နေနိုင်သေးသည်မှာ တကယ်ကို အံဩဖို့ကောင်းသည်။

ကျောက်စိမ်းအိုးမျှော်စင်၏ နောက်ဘက်ရှိ ဝင်းကျယ်ကြီးထဲသို့ ရောက်သွားသည့်အခါတွင်မူ လူများ တော်တော်လေး စုဝေးနေကြပြီဖြစ်ရာ အနည်းဆုံး သုံးလေးရာခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူအုပ်ကြီးနှင့် ပြည့်နှက်နေသည်။

“လူတွေ ဒီလောက်တောင် အများကြီးလား...”

ရှဲ့ယောင်းက အံ့ဩတုန်လှုပ်သွားသည်။ လုမင်နှင့် တခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖိအားများ ခံစားလာရကာ နည်းနည်းတော့ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။

သူတို့မှာ ပါရမီကောင်းသည်ဟု ကိုယ့်ကိုကိုယ် ဂုဏ်ယူနေကြသော်လည်း သူတို့ရှေ့မှ လူများမှာလည်း နည်းလှသည်မဟုတ်ဘဲ စီရင်စုအသီးသီးမှ လာကြသည့် ထိပ်တန်း ပါရမီရှင်များ ဖြစ်နေကြသောကြောင့်ပင်။

အကယ်၍သာ ပြုတ်သွားခဲ့လျှင် အရှက်ကွဲရုံတင်မကဘဲ ရွှေရောင်အခွင့်အရေးကြီးကိုလည်း လက်လွတ်ရမည်ဖြစ်ကာ ဆေးဘုရင်တောင်တန်းနှင့်လည်း ဘာပတ်သက်မှုမှ ရှိတော့မည် မဟုတ်ပေ။

ကုယွမ်၊ ရှမင်ယန်၊ လုမင်နှင့် တခြားသူများ ရောက်လာသည်ကိုမူ ဘယ်သူကမှ သိပ်ပြီး သတိမထားမိကြပေ။ စီရင်စုအသီးသီးမှ လာသော ထူးချွန်ထက်မြက်သူ ရာနှင့်ချီ ရှိနေသဖြင့် ကုယွမ်တို့အဖွဲ့မှာ သိပ်ပြီး ထူးခြားမနေသည်မှာ သဘာဝပင်။

ကုယွမ်ကိုယ်တိုင်လည်း လူများ ဤမျှများပြားနေသည်ကို မြင်သောအခါ အံ့ဩသွားမိသည်။ သို့သော် ပြန်လည်စဉ်းစားကြည့်လျှင်မူ ဒါက အံ့ဩစရာ မဟုတ်တော့ပေ။

" ဆေးဘုရင်တောင်တန်းထဲကို ဝင်ခွင့်ရဖို့ဆိုတာ တကယ်တော့ ကြီးမားတဲ့ အခွင့်အရေးမျိုးပဲဟာ။

ဆေးဘုရင်တောင်တန်းဆိုတာ ချင်ကျိုးနယ်မြေမှာ နှစ်ပေါင်းထောင်ချီပြီး အမြစ်တွယ်ခဲ့တဲ့ ရှေးဟောင်းဂိုဏ်းကြီးတစ်ခုဖြစ်ပြီး အဲဒီနေရာမှာဆိုရင် အဆင့်မြင့် ကိုယ်ခံပညာတွေ၊ ဝိညာဉ်ဆေးလုံးတွေ၊ တာအိုကျမ်းစာတွေနဲ့ မှော်ဝင်ပစ္စည်းတွေက အပြည့်အစုံ ရှိနေတာ။

အထူးသဖြင့် မူလဝိညာဉ်တရားလမ်းစဉ်ဆီကို တိုက်ရိုက်ဦးတည်နေတဲ့ ကျမ်းစာတွေတင်မကဘူး... တောင်တွေကို ဖြိုခွဲပြီး ကျောက်ဆောင်တွေကို ပိုင်းဖြတ်နိုင်တဲ့ မှော်ဝင်ရတနာတွေပါ ရှိနေတာ….."

အမှန်တကယ်ပင် ချင်ကျိုးနယ်မြေ၌ ဆေးဘုရင်တောင်တန်းသည် သရဖူမဆောင်းသော ဘုရင်တစ်ပါးပင်။

ဆေးဘုရင်တောင်တန်းသို့သာ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါက ကိုယ့်ကိုကိုယ် ကာကွယ်ပေးမည့် အစွမ်းထက် အဆောင်လက်ဖွဲ့တစ်ခု ရရှိလိုက်သလို ဖြစ်ရုံသာမက ကိုယ့်မိသားစုပါ အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။

ဆေးဘုရင်တောင်တန်း၏ သာမန် အပြင်စည်းတပည့်တစ်ဦး ဖြစ်လာလျှင်ပင် ဤလောကအနှံ့ လှည့်လည်သွားလာရာတွင် လူအများ၏ လေးစားမှုကို ရရှိပေလိမ့်မည်။

ထို့အပြင် ဂိုဏ်းသို့ဝင်ပြီးနောက် ရရှိမည့် အခွင့်အရေးများနှင့် မမြင်ကွယ်ရာမှ ရရှိမည့် အကျိုးကျေးဇူးများမှာ သာမန် လေလွင့်ကျင့်ကြံသူများ မနာလိုဖြစ်ရလောက်အောင်ပင် လုံလောက်လှသည်။

"တကယ်လို့သာ... ကံကောင်းပြီး မသေမျိုးလမ်းစဉ်ကို လှမ်းမျှော်ကြည့်နိုင်မယ့် အခွင့်အရေးမျိုး ရခဲ့မယ်ဆိုရင် ဒီလောက်ကြီးမားတဲ့ ကံကြမ္မာကောင်းကို မက်မောခြင်းမရှိဘဲ ဘယ်သူက နေနိုင်မှာလဲ"

အစပိုင်းတွင် ခြံဝင်းကျယ်ကြီးအတွင်း၌ လူအများ၏ စကားပြောသံများဖြင့် ဆူညံနေခဲ့သော်လည်း လူငယ်တစ်ဦး ရှေ့သို့ လှမ်းတက်လာချိန်တွင်မူ လူအုပ်ကြီးမှာ လှည့်ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြတော့သည်။

ရောက်လာသူမှာ အပြာရင့်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ကိုယ်ဟန်တည်ကြည်သူ ဖြစ်သည်။ သူ၏ ရုပ်ရည်မှာ အလွန်ပင် ချောမောလှပပြီး ခါးတွင်မူ ရတနာများ စီခြယ်ထားသည့် နက်မှောင်သော အိမ်ဖြင့် ရှေးဟောင်းဓားတစ်လက်ကို လွယ်ထားရာ မြင့်မြတ်သော အရှိန်အဝါများဖြင့် ဖမ်းစားထားသလိုပင်။

သူ၏ နောက်တွင်မူ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး လိုက်ပါလာသည်။

ထိုအဘိုးအိုမှာ မီးခိုးရောင်ဝတ်စုံနှင့် သာမန်ကာလျှံကာဟု ထင်ရသော်လည်း လူအချို့က စူးစိုက်ကြည့်လိုက်သည့်အခါတွင်မူ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ခန့်မှန်းရခက်သည့် အရှိန်အဝါကို ခံစားလိုက်ကြရသည်။

ဤအဘိုးအိုမှာ သေချာပေါက် ကောင်းကင်လူသားနယ်ပယ်ကျင့်ကြံသူတစ်ဦး ဖြစ်ပေလိမ့်မည်။

"ကောင်းကင်လူသားနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် အစောင့်အဖြစ် အသုံးပြုထားတာလား။ တကယ့်ကို ခမ်းနားလှချည်လား။ ဒီလူက ဘယ်သူလဲ"

တစ်စုံတစ်ယောက်က အံ့သြတုန်လှုပ်စွာဖြင့် တိုးတိုးလေး မေးလိုက်သည်။

ဘေးရှိ လူအချို့ကလည်း ပြန်ဖြေလိုက်ကြသည်။

"ငါ မမှားဘူးဆိုရင် ဒီလူက လီမိသားစု အကြီးအကဲရဲ့ ခုနစ်ယောက်မြောက် သားတော် လီချန်ချင်းပဲ ဖြစ်ရမယ်။ ဆေးဘုရင်တောင်တန်းရဲ့ နံပါတ်တစ် အမာခံတပည့် လီချန်ရှန်းရဲ့ ညီလေးပေါ့"

"လီချန်ချင်း... သူပါလား ကြားဖူးတာကတော့ သူဟာ ဝိညာဉ်အမြုတေ အခြေခံကောင်းဖို့အတွက် အမိဝမ်းထဲကတည်းက ထိပ်တန်းအဆင့် ရတနာဆေးလုံးတွေနဲ့ ပြုစုပျိုးထောင်ခံခဲ့ရတာတဲ့။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပါရမီက အလွန်ထူးခြားပြီး လီချန်ရှန်းထက် အနည်းငယ်ပဲ နိမ့်ကျတာ တကယ်တော့ သိပ်မကွာဘူး။ ဆေးဘုရင်တောင်တန်းကို ဝင်ဖို့အတွက် သူ၏ ကျင့်ကြံမှုကို တမင်နှိမ်ထားလို့သာပေါ့။ မဟုတ်ရင် သူက အခုလောက်ဆို ကောင်းကင်လူသားနယ်ပယ်ကို ရောက်နေလောက်ပြီ။ သူတကယ်ပဲ ရောက်လာတာပဲ"

"တောက်... သူပါ ရှိနေမှတော့ ငါတို့အတွက် နောက်ထပ် အင်အားကြီးတဲ့ ပြိုင်ဘက်တစ်ယောက် တိုးလာပြန်ပြီပေါ့"

...

ကုယွမ်သည်လည်း လူအများ၏ တိုးတိုးတိတ်တိတ် ဆွေးနွေးသံများကို ကြားပြီးနောက် လီချန်ချင်းကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်မိသည်။

သူ၏ အမြင်အရ ဤလူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကောင်းမွန်လှသည်။

အဓိကအချက်မှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပူပြင်းလှသည့် အရှိန်အဝါပင်။

ထာဝရ မငြိမ်းသတ်နိုင်သော နတ်ဘုရား မီးဖိုကြီးတစ်ခုကဲ့သို့ အဆက်မပြတ် အပူရှိန်များ ထွက်ပေါ်နေခြင်းမှာ ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုခုကြောင့်ပင်။

ချင်ကျိုးရှိ လီမိသားစုမှာ အမှန်တကယ်ပင် ကံတရား ကောင်းမွန်လှပုံပင်။

ပထမဆုံးအနေဖြင့် လီချန်ရှန်းကဲ့သို့သော စစ်မှန်သော ယန်ဓာတ် ခန္ဓာပိုင်ရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းမှာ ကံကောင်းခြင်းဟု ဆိုနိုင်သည်။

ထို့နောက်တွင်မှ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် လီချန်ချင်း ပေါ်ထွက်လာခြင်းပင်။

ဤအခြင်းအရာကို ကံကောင်းခြင်းသက်သက်ဟု ဆိုရပါက အနည်းငယ် အတင်းအကျပ် တွေးတောရာ ရောက်ပေလိမ့်မည်။

လီချန်ချင်းမှာ ၎င်းကို သတိပြုမိသွားပုံရပြီး သူ၏အကြည့်မှာ လွှင့်ပျက်လာရာမှ ကုယွမ်နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

ကုယွမ်က ပြုံးပြလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

လီချန်ချင်း၏ အမူအရာမှာမူ တည်ငြိမ်အေးစက်နေဆဲပင်။ ကုယွမ်ကို အကဲခတ်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် မည်သည့်တုံ့ပြန်မှုမျှ မပေးဘဲ သူ၏အကြည့်ကို ပြန်လည်လွှဲဖယ်သွားတော့သည်။

"ဒီလူကတော့ တကယ့်ကို မာနကြီးတာပဲ။ ဒါပေမဲ့ သူ့မာနနဲ့သူတော့ အကြောင်းရှိမှာပေါ့လေ"

ကုယွမ်မှာ စိတ်ထဲမထားဘဲ တိတ်တဆိတ် တွေးလိုက်မိသည်။

ရေ၏ သဘောသဘာဝမှာ မွန်မြတ်ပြီး နူးညံ့ကာ အရာအားလုံးကို အကျိုးပြုသော်လည်း အငြင်းအခုန် ပြုလေ့မရှိပေ။

မူလရေစင် ကျင့်စဉ်သည် ဤအနှစ်သာရကို ဖော်ဆောင်ထားခြင်းပင်။ ၎င်း၏ သဘောမှာ ဟိတ်ဟန်ထုတ်ခြင်းမရှိဘဲ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားကာ အေးချမ်းစွာ ပျိုးထောင်ပေးခြင်းပင်။

လိပ်အသက်ရှူ ပါရမီဖြစ်စေ၊ ဝိညာဉ်လိပ်၏ နက်နဲသော ပါရမီဖြစ်စေ နှစ်ခုစလုံးမှာ သူ၏ ထက်မြက်မှုများကို ဖုံးကွယ်ထားပြီး အတွင်း၌ စွမ်းအားများကို သိုလှောင်ထားခြင်းတွင် ထူးချွန်ကြသည်။

ထို့ကြောင့် ကုယွမ်သည် ယခုအချိန်တွင် သူ၏ အရှိန်အဝါကို အစွမ်းကုန် ထိန်းချုပ်ထားရာ တစ်စုံတစ်ဦး၏ ကျင့်ကြံမှုမှာ သူ့ထက် အဆင့်များစွာ သာလွန်မနေပါက သူ၏ စစ်မှန်သော စွမ်းဆောင်ရည်ကို သိရှိနိုင်ရန် ခဲယဉ်းလှသည်။

လီချန်ချင်းတွင် ထူးခြားသော အစွမ်းများ ရှိနိုင်သော်လည်း ကုယွမ်ကို ထိုးဖောက်မြင်နိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

"အစ်ကိုကု... အစ်ကိုလည်း ရောက်လာတာပဲ"

ထိုအချိန်တွင် မျက်ခုံးထူထူ၊ မျက်လုံးအိမ်ကြီးကြီးနှင့် ရိုးသားပုံရသော လူငယ်တစ်ဦးမှာ ကုယွမ်ကို ဝမ်းသာအားရ နှုတ်ဆက်ရန် တိုးဝှေ့ဝင်ရောက်လာသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ နွီယိုတပင်။

"ယိုတ... မင်းပါလား"

ကုယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူနှင့် စကားစမြည် ပြောဆို လိုက်သည်။

ယခင်က နွီယိုတ ပေးခဲ့သည့် တောင်စောင့်နတ်မင်း၏ ရတနာပုလဲအနှစ်သာရမှာ အလွန်ပင် ထိရောက်မှုရှိခဲ့ရာ ရှောင်ချင်းလေးမှာ ယခုထက်တိုင် အနှစ်သာရများကို ချေဖျက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။

သို့သော် ရှောင်ချင်းလေး၏ ကြီးထွားမှုအဆင့်မှာ ယခုအခါ ၂၆ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

ဤမျှကြီးမားသော အကျိုးကျေးဇူးကို ရရှိခဲ့သည့်အတွက် ကုယွမ်အနေဖြင့် နွီယိုတအပေါ် ကောင်းသော အမြင်ရှိသည်မှာ သဘာဝပင်။

ရှရှို့ရွှယ်၊ လုမင်၊ ရှဲ့ယောင်းနှင့် အခြားသူများမှာ နွီယိုတကို တစ်ချက်လှမ်းကြည့်လိုက်ကြသည်။ သူ၏ ဟောင်းနွမ်းနွမ်း ဝတ်စုံများကို မြင်သောအခါ မည်သူမျှ စိတ်မဝင်စားကြသလို စကားပြောရန်လည်း ဆန္ဒမရှိဘဲ အရည်အချင်းစစ်ပွဲ စတင်ရန်သာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် ရှမင်ယန်နှင့် အဘိုးအိုမိုတို့လည်း ရောက်ရှိလာကြသည်။ သို့သော် သူတို့မှာ ကုယွမ်နှင့် ရှရှို့ရွှယ်တို့ကို နှောင့်ယှက်ခြင်းမပြုဘဲ အဝေးမှသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

အရည်အချင်းစစ်ပွဲကို ရင်ဆိုင်ရတော့မည့် သူများအားလုံးမှာ စိတ်မရှည် ဖြစ်နေကြသော်လည်း အပြင်ပန်းတွင်မူ အားလုံးက ရိုးရိုးသားသားပင် စောင့်ဆိုင်းနေကြရသည်။

နေမင်းမှာ အထက်သို့ မြင့်တက်လာပြီး ရွှေရောင်နေခြည်များ ဖြာကျလာချိန်တွင် မွန်းတည့်အချိန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဂြိမ်း"

နောက်ဆုံးတွင် ဖီးနစ်ငှက်တစ်ကောင်၏ စူးရှသော အော်ဟစ်သံနှင့်အတူ ပေအနည်းငယ် မြင့်မားပြီး တစ်ကိုယ်လုံး ဖြူဖွေးနေကာ ဓားကဲ့သို့ ထက်မြက်သော အတောင်ပံများနှင့် မီးတောက်ကဲ့သို့ နီရဲသော ဦးခေါင်းရှိသည့် မွန်မြတ်သော ဝိညာဉ်ဖီးနစ်ငှက်ကြီးမှာ ဝေးကွာသော ကောင်းကင်ယံမှ ပျံသန်းလာပြီး လူတိုင်း၏ရှေ့တွင် ဆင်းသက်လိုက်သည်။

တည်ငြိမ်အေးစက်သော အမူအရာ၊ မျက်ခုံးနှစ်ခုကြားတွင် ပြတ်သားသော အရှိန်အဝါများ ရှိနေသည့် ဆရာကြီးဟယ်လင်မှာ ထိုဖီးနစ်ငှက်ပေါ်မှ ဆင်းလာတော့သည်။

အခန်း။ ၁၃၆

ကောင်းကင်ယံမှ ပျံသန်း၍ ဆင်းသက်လာသော အလွန်ပင် ခန့်ညားထည်ဝါလှသည့် ဝိညာဉ်ဖီးနစ်ငှက်ကြီးနှင့် ၎င်း၏ကျောပေါ်တွင် ပါလာသော ပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ လူအပေါင်းမှာ မှင်တက်မိသွားကြကုန်၏။

ထို့နောက် လူတိုင်းသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ရိုသေသမှုပြုလိုက်ကြသည်။

"ဆရာကြီးဟယ်လင်ကို ဂါရဝပြုပါတယ်ခင်ဗျာ"

"အခမ်းအနားတွေ မလိုပါဘူး"

ဆရာကြီးဟယ်လင်က အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏အကြည့်မှာ လူအုပ်ကြီးကို ဝေ့ကြည့်သွားပြီးနောက် လီချန်ချင်းကို မြင်လိုက်ရသည့်အခါတွင်မူ မူလကပင် တည်ငြိမ်အေးစက်နေသော သူ၏အမူအရာမှာ ပို၍ပင် ခပ်စိမ်းစိမ်း ဖြစ်သွားသည်။

လီချန်ချင်းကလည်း ရှေ့သို့လှမ်းကာ အရိုအသေပေးလိုက်၏။

"မျိုးဆက်သစ် လီချန်ချင်းက ကိုးယောက်မြောက် အကြီးအကဲကို ဂါရဝပြုပါတယ်"

"အင်း"

ဆရာကြီးဟယ်လင်က အေးစက်စွာသာ တုံ့ပြန်လိုက်ပြီး သူ့ကို ထပ်မံကြည့်ရှုခြင်းမပြုတော့ဘဲ လူအုပ်ကြီးဘက်သို့ မျက်နှာမူလိုက်သည်။

"လူစုံပြီလား။ ကောင်းပြီ ဒါဆိုရင်တော့ အရည်အချင်းစစ်ပွဲကို စတင်ကြတာပေါ့"

"ဟုတ်ကဲ့ပါ"

လီချန်ချင်းသည် အနည်းငယ်မျှ မကျေမနပ်ဖြစ်ဟန်မပြဘဲ လေးစားစွာဖြင့် နောက်သို့ အသာအယာ ဆုတ်ပေးလိုက်သည်။

ဤမြင်ကွင်းကို ကြည့်ရှုနေကြသော အချို့သူများ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားကြပြီး တစ်ဦးနှင့်တစ်ဦး အတွေးကိုယ်စီ ရှိနေကြကုန်၏။

ထိုစဉ် ဆရာကြီးဟယ်လင်က သူ၏လက်ဝါးကို လှန်လိုက်ရာ မှန်တစ်ချပ် ထွက်ပေါ်လာသည်။

၎င်းမှန်မှာ တစ်ခုလုံး ပြာလဲ့နေပြီး ကျောဘက်တွင် ဆန်းကြယ်သော အဆင်တန်ဆာများ ပါရှိသော်လည်း မှန်မျက်နှာပြင်မှာမူ ဝေဝါးသောအဖြူရောင်သန်းနေ၏။

ကုယွမ်သည် ၎င်းကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်ပင် ဦးခေါင်းအတွင်း၌ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။

ဆရာကြီးဟယ်လင်က ထပ်မံရှင်းပြရန် အစီအစဉ်မရှိဘဲ လက်ညှိုးဖြင့် ညွှန်လိုက်ရာ ထိုမှန်မှာ လေထုထဲ၌ ပေါ်လာတော့သည်။

မှန်မျက်နှာပြင်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ထိုအလင်းမှာ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် စုပ်ယူနိုင်စွမ်းရှိလောက်အောင် စူးရှသည်။

ကုယွမ်သည် သူ့မျက်စိရှေ့တွင် မြင်ကွင်းများ ဝေဝါးသွားသည်ဟုသာ ခံစားလိုက်ရပြီး ပြန်လည်ကြည်လင်လာချိန်တွင်မူ သူ့ကိုယ်သူ အိမ်တစ်အိမ်အတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် ဆွဲဆောင်မှုရှိပြီး လှပတင့်တယ်သော အမျိုးသမီးတစ်ဦးမှာ မြွေတစ်ကောင်ကဲ့သို့ သွယ်လျသော ခါးလေးကို လှုပ်ခါကာ ကျော့ရှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

"မင်းက ဘယ်သူလဲ"

ကုယွမ်သည် သူ့ရှေ့မှ အမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤအမျိုးသမီးကို အကျွမ်းတဝင်ရှိနေသလို ခံစားရပြီး တစ်နေရာရာတွင် တွေ့ဖူးသလိုလိုပင်။

ထိုအမျိုးသမီးက ကုယွမ်အနားသို့ တိုးကပ်လာကာ သူ၏နားနား၌ ကပ်၍ ပန်းတစ်ပွင့်လို လှပစွာ ပြုံးလိုက်ပြီး သစ်ခွပန်းကဲ့သို့ မွှေးပျံ့သော အသက်ရှူသံများနှင့်အတူ ပြောလိုက်သည်။

"ယောကျာ်းရယ်... ကျွန်မကို မေ့သွားပြီလား... ကျွန်မက ရှင့်ရဲ့ ဇနီးလေ"

ဟုတ်သားပဲ... သူမက ငါ့ဇနီးပဲ...

ကုယွမ်သည် ရုတ်တရက် သတိဝင်လာသလို ဖြစ်သွားသည်။ သူမကို ကြည့်လေလေ ပို၍ ရင်းနှီးနွေးထွေးလာလေဖြစ်ပြီး သူမနှင့် ပတ်သက်သည့် မှတ်ဉာဏ်များမှာလည်း သူ၏စိတ်အစဉ်တွင် ပေါ်ပေါက်လာရာ မည်သည့်အရာကိုမျှ သံသယမဖြစ်မိတော့ပေ။

ထို့ပြင် ကုယွမ်သည် သူ့ကိုယ်သူ ဆရာကြီးဟယ်လင်၏ အရည်အချင်းစစ်ပွဲကို ရင်ဆိုင်နေရသည်ကိုပင် မေ့လျော့နေပုံပင်။

သို့သော် သူ၏စိတ်ထဲတွင် ဗီဇအရ အတွေးတစ်ခုက အလိုအလျောက် ပေါ်လာပြန်သည်။

"ဒါကတော့ မဟုတ်သေးပါဘူး... ဒီမိန်းကလေးက ပြင်ဆင်ခြယ်သထားတာလည်း များလွန်းသလို အမူအရာတွေကလည်း မြှူဆွယ်လွန်းနေတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်လာမယ့်ပုံမျိုး လုံးဝမပေါက်ဘူး။ ငါ မိန်းမယူမယ်ဆိုရင်တောင် ဒီလိုမိန်းမမျိုးကိုတော့ လုံးဝ ရွေးမှာမဟုတ်ဘူး"

"ဒါ့အပြင်... အမျိုးသမီးတစ်ယောက်က ဘယ်လောက်ပဲ ကောင်းနေပါစေဦးတော့ ဓားပညာလေ့ကျင့်တာနဲ့ ကျင့်ကြံအားထုတ်တာထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာ ဘာရှိဦးမှာလဲ"

"ယောကျာ်း... ဘာတွေ တွေးနေတာလဲ"

ကုယွမ်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက သူမ၏ နူးညံ့သော လက်ချောင်းလေးများဖြင့် ကုယွမ်၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံလေးများ ဆွဲကာ မြှူဆွယ်သော အသံဖြင့် မေးလိုက်ပြန်သည်။

"ဒီည ဘာစားရင် ကောင်းမလဲလို့ တွေးနေတာ..."

မြှူဆွယ်သော အမွှေးနံ့တစ်ခုမှာ ကုယွမ်၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ၏ ဝမ်းဗိုက်အတွင်း၌ အပူရှိန်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။

ထိုအမျိုးသမီး၏ အပြုံးမှာ ပို၍ ဆွဲဆောင်မှုရှိလာပြီး သူမ၏ မျက်ဝန်းများမှာလည်း နွေဦးရေစင်ကဲ့သို့ပင် တောက်ပရွှန်းလဲ့နေကာ "ယောကျာ်းကတော့ တကယ့်ကို နောက်ပြောင်တတ်တာပဲ။ ယောကျာ်းအတွက် ဟင်းလေးတွေ နွှေးပေးရမလား"

သူမ၏ စကားလုံးများမှာ မြှူဆွယ်နေသော်လည်း ကုယွမ် မမြင်နိုင်သည့်ဘက်မှမူ သူမ၏ အခြားတစ်ဖက်သော လက်မှ လက်သည်းများမှာ ဓားတိုများကဲ့သို့ ရှည်ထွက်လာပြီး အေးစက်သော အလင်းများဖြင့် တောက်ပနေတော့သည်။

ထိုအမျိုးသမီးက ကုယွမ်၏ နှလုံးသားကို ဖောက်ထုတ်ရန် သူမ၏ မျက်ဝန်းများမှာ ကြမ်းတမ်းလာချိန်တွင်မူ ကုယွမ်၏ မျက်ဝန်းထဲမှ ဝေဝါးမှုများမှာ ပျောက်ကွယ်သွားပြီး လှောင်ပြောင်သော အကြည့်များဖြင့် အစားထိုးလိုက်ကာ "ဒါပဲလား။ မင်းက တကယ်ပဲ ငါ့ကို မြှူဆွယ်ချင်နေတာလား"

သူက အရင်ဆုံး လှုပ်ရှားလိုက်ပြီး လက်ချောင်းများကို ဓားသဏ္ဌာန်ပြုကာ အသာအယာ မြှောက်လိုက်ရာ ဓားချီစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ဗုန်းခနဲ ပေါက်ထွက်သွားကာ ခေါင်းမပါသော ကိုယ်လုံးကြီးမှာ မြေပြင်ပေါ်သို့ ယိုင်ထိုးလဲကျသွားတော့သည်။

"ဗီဒီယိုအတိုလေးတွေတောင် မင်းထက် ပိုပြီး ကြည့်လို့ကောင်းသေးတယ်။ ဘယ်သူ့ကို လာမြှူဆွယ်နေတာလဲ"

ကုယွမ်က စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်ရင်း သူ့မှာ အရည်အချင်းစစ်ပွဲ ရင်ဆိုင်နေရသည်ကို ပြန်လည် သတိရလိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဒါပေမဲ့ ငါ အခု ဘယ်ရောက်နေတာလဲ။ ဒါက စိတ်ကူးယဉ် နယ်ပယ်လား။ တကယ့်ကို အစစ်အတိုင်းပဲ..."

သူ စကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှာ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။

ဝူး…ဝူး…

ကောင်းကင်ယံထက်တွင် အုံ့မှိုင်းကာ မည်းမှောင်နေပြီး အေးစက်လှသော လေပြင်းများမှာ ဖုန်မှုန့်များကို လွင့်ပျက်စေလျက် တဝူးဝူးမြည်ဟီးကာ တိုက်ခတ်နေ၏။

ပတ်ဝန်းကျင်၌ အရွယ်အစား အမျိုးမျိုးရှိသော သင်္ချိုင်းဟောင်းများမှာ စနစ်တကျမရှိဘဲ ဟိုတစ်စု သည်တစ်စု ပြန့်ကျဲနေပြီး မြေပြင်ပေါ်တွင်မူ ဖြူလျော့နေသော ဦးခေါင်းခွံများနှင့် ကျိုးပဲ့နေသည့် ခေါင်းတလား ပျဉ်ချပ်များမှာ ပြန့်ကျဲနေသည်။

သင်္ချိုင်းဂူများ၏ ဘေးတွင်မူ အခေါက်များ ကွာကျနေသည့် သစ်ပင်အိုကြီး အနည်းငယ်မှာ လေထဲတွင် တုန်ရီနေပြီး သူတို့၏ သစ်ကိုင်းခြောက်များမှာ သရဲသဘက်တို့၏ လက်သည်းများနှယ် ကောင်းကင်ယံသို့ ရက်စက်စွာ ထိုးထွက်နေကြကုန်၏။

အနီးအနားရှိ မြေပုံတစ်ခုအတွင်းမှ ဒုတ်... ဒုတ်... ဟူသော ထူးဆန်းသည့် အသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ ခေါင်းတလားပျဉ်ချပ်ကို တစ်စုံတစ်ခုက အတွင်းမှ ခေါက်နေသည့်အလား ခံစားရပြီး တစ်ချက်တစ်ချက်တွင်မူ မည်သည့်ငှက်မှန်းမသိရသော သတ္တဝါတို့၏ စူးရှသော အော်ဟစ်သံများကြောင့် ကျောရိုးထဲတိုင်အောင် စိမ့်တက်သွားရသည်။

"ဒါက သင်္ချိုင်းကုန်းပဲ..."

ကုယွမ်က ဝေ့ကြည့်လိုက်ရင်း သဘောပေါက်သွားကာ "ဒါက ယုတ်မာညစ်ထရက်တဲ့ ဝိညာဉ်ဆိုးတွေကို သုံးပြီး စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဇွဲသတ္တိကို စမ်းသပ်တာပဲ..."

သူ၏ စကားမဆုံးမီမှာပင် သူ၏ဘယ်ဘက်ရှိ သင်္ချိုင်းဟောင်းတစ်ခုမှာ ဝုန်းခနဲ မြည်ဟီးကာ ပြိုကျသွားပြီး ဖုန်မှုန့်များ ထလာသည်။

ထို့နောက်တွင်မူ ထိုအတွင်းမှ လူတစ်ယောက် ထွက်ပေါ်လာ၏။

ထိုလူ၏ ဝတ်စုံမှာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်ပေါ်ရှိ အသားအများစုမှာ ပုပ်ပွနေကာ ရင်ဘတ်နှင့် ဝမ်းဗိုက်နေရာများတွင်လည်း အပေါက်ကြီးများ ဖြစ်နေသည်။

မည်းနီနေသော ကလီစာများမှာ မြေပြင်ပေါ်သို့ အပြင်သို့ လျှံကျနေပြီး ပုပ်စပ်နံစော်သော အနံ့ဆိုးများမှာ ပျံ့လွင့်နေ၏။

ရှုပ်ပွနေသော ဆံနွယ်များအောက်တွင်မူ စိမ်းဖန့်ဖန့် တောက်ပနေသော မျက်လုံးတစ်စုံက ကုယွမ်ကို စိုက်ကြည့်နေပြီး ထိုပုပ်ပွနေသော မျက်နှာဆိုးပေါ်တွင်မူ မကောင်းဆိုးဝါးတို့၏ အပြုံးမျိုး ရှိနေတော့သည်။

ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်လှသော ဤမြင်ကွင်းမှာ သတ္တိနည်းသူတစ်ဦးဆိုပါက အသက်ပျောက်သွားနိုင်လောက်သည်အထိပင်။

ကုယွမ်သည် မျက်မှောင်ကြုတ်လိုက်ကာ နောက်သို့ ခြေအနည်းငယ် ဆုတ်လိုက်မိ၏။ သူသည် အလွန်အမင်း ထိတ်လန့်နေခြင်းမျိုး မဟုတ်ဘဲ ရွံရှာဖွယ်ကောင်းသည်ဟုသာ ခံစားနေရသည်။

ထိုစဉ်မှာပင် ပတ်ဝန်းကျင်ရှိ သင်္ချိုင်းများမှာ တစ်ပြိုင်နက်တည်း ပြိုကျသွားတော့၏။

ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင်ရှိသူ၊ မရှိသူ၊ တောင့်တင်းနေသူ၊ နှေးကွေးသူ၊ လျင်မြန်သူ စသည့် သရဲသဘက် အပေါင်းတို့မှာ ဂူများအတွင်းမှ ထွက်ပေါ်လာပြီး ကုယွမ်ထံသို့ အုပ်စုလိုက် တိုးဝှေ့လာကြကုန်၏။

ဤသို့သော ကြောက်မက်ဖွယ်မြင်ကွင်းမှာ သာမန် စစ်သူရဲကောင်းများကိုပင် ခြေမခိုင် ဖြစ်သွားစေနိုင်သော်လည်း ကုယွမ်ကမူ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

သူသည် ဤမြင်ကွင်းမှာ အတုအယောင်မှန်း သိနေသော်လည်း မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့နိုင်လောက်အောင် အစစ်အမှန်နှင့် တူလွန်းနေသကဲ့သို့ အလွန်ပင် အန္တရာယ်ကြီးသည်။

သူ၏ စိတ်ထဲတွင်လည်း စိုးရိမ်ထိတ်လန့်မှု အနည်းငယ် ကိန်းဝပ်လာ၏။

ကုယွမ်သည် သူ၏လက်ထဲတွင် ဓားမရှိသဖြင့် မြေပြင်ပေါ်မှ ဖြောင့်တန်းသော သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်ပြီး ၎င်းကို ဓားတစ်လက်ကဲ့သို့ ကိုင်စွဲကာ ပုပ်ပွနေသော အလောင်းများနှင့် ဇွန်ဘီများကို သတ်ဖြတ်ရန် မကြောက်မရွံ့ ရှေ့သို့ လှမ်းတက်လိုက်တော့သည်။

ရှီး... ရှီး... ရှီး...

သစ်ကိုင်းခြောက်တစ်ခုမျှသာ ဖြစ်သော်လည်း ကုယွမ်၏ လက်ထဲတွင်မူ မည်သည့် နတ်ဘုရားလက်နက်ထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းနေ၏။

စစ်မှန်သော အတွင်းအားထည့်သွင်းလိုက်သည့်အခါ ထိုသစ်ကိုင်းမှ သုံးပေမျှရှိသော စူးရှသည့် ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ရွံရှာဖွယ်ကောင်းသော ဝိညာဉ်ဆိုးများကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်ရာ ပြတ်တောက်နေသော ခြေလက်များနှင့် အသားစများမှာ အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားတော့သည်။

ထိုအလောင်းများအကြားတွင်မူ ကြေးနီရောင် တောက်ပနေသည့် အလွန်မာကျောသော ကြေးနီချပ်ဝတ် အလောင်းကောင်များရှိသကဲ့သို့ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေကာ လူကို မူးဝေစေပြီး အရိုးအကြောများ နာကျင်စေသည့် စူးရှသော အော်ဟစ်သံများကို ပေးစွမ်းသည့် ဝိညာဉ်ဆိုးများလည်း ပါဝင်နေ၏။

သို့သော် ကုယွမ်သည် သူတို့ကို လုံးဝဂရုမစိုက်ဘဲ သူ၏ အာရုံကို စုစည်းကာ လက်ရှိ ကိုင်စွဲထားသော သစ်သားဓားမှ အေးစက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများကိုသာ ထုတ်ဖော်နေသည်။

သူ၏ ဓားအလင်းတန်းအောက်တွင်မူ မည်မျှပင် မာကျောသော အလောင်းကောင်ဖြစ်စေ၊ ပုံသဏ္ဌာန်မရှိသော ဝိညာဉ်ဆိုးဖြစ်စေ အားလုံးမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြရကုန်၏။

သူသည် သူ့ရှေ့သို့ ရောက်လာသမျှသော အရာအားလုံးကို လူဖြစ်စေ၊ သရဲဖြစ်စေ၊ အစစ်ဖြစ်စေ၊ အတုဖြစ်စေ ဓားတစ်ချက်တည်းဖြင့် အကုန်အစင် ချေမှုန်းနိုင်စွမ်းရှိသည့် ခန့်ညားသော အရှိန်အဝါကို ထုတ်ဖော်နေတော့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း နောက်ဆုံးသော ဝိညာဉ်ဆိုး၏ ဦးခေါင်းကို ကုယွမ် ဖြတ်တောက်လိုက်သည့်အခါတွင်မူ သင်္ချိုင်းကုန်းကြီး၏ မြင်ကွင်းမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။

ကုယွမ်သည် စစ်မှန်သော ကမ္ဘာလောကဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

All Chapters