← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း။ ၁၃၇

ထိုစဉ် ကုယွမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အရည်အချင်းစစ်ပွဲဝင်နေကြသူ အများစုမှာ မြေပြင်ပေါ်၌ ဖရိုဖရဲ လဲကျနေကြသည်ကို တွေ့လိုက်ရ၏။

အချို့မှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာများ ပျက်ယွင်းကာ အော်ဟစ်နေကြသလို အချို့မှာလည်း တစ်စုံတစ်ခုကို နာကျည်းနေသည့်အလား အံကြိတ်ကာ မျက်မှောင်ကြုတ်နေကြသည်။

အချို့မှာမူ လောဘဇောတိုက်ကာ မျက်နှာများ နီမြန်းလျက် ရူးသွပ်စွာ ရယ်မောနေကြပြီး အချို့ကမူ ပါးပြင်ပေါ်သို့ မျက်ရည်များ တဖြိုင်ဖြိုင်စီးကျလျက် ဝမ်းနည်းပူဆွေးစွာ တစ်ဦးတည်း ရေရွတ်နေကြပြန်သည်။

ဝမ်းမြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ ပူဆွေးခြင်း၊ ပျော်ရွှင်ခြင်း၊ အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းနှင့် သနားစဖွယ်ဖြစ်ခြင်းဟူသော လောကဓံတရားတို့သည် ထိုသူတို့၏ မျက်နှာထက်၌ အထင်အရှား အရိပ်ထင်နေကြတော့သည်။

"ငါ ဒီတစ်ခါ တောင်ပေါ်က ဆင်းလာတာဟာ တပည့်သစ်တွေ လက်ခံဖို့ဆိုပေမဲ့ ဘယ်သူ့ကိုမဆို လက်ခံမှာမဟုတ်ဘူး။ ငါ့မျက်လုံးထဲမှာတော့ ပါရမီက အရေးကြီးသလို စိတ်နေစိတ်ထားနဲ့ ဇွဲလုံ့လကလည်း အရေးကြီးတယ်"

ဆရာကြီးဟယ်လင်က ရေပြင်နှယ် တည်ငြိမ်လှသော မျက်နှာထားဖြင့် ကုယွမ်၊ နွီယိုတနှင့် အခြားအနည်းငယ်သော သူများကို တစ်ချက်မျှ အကဲခတ်လိုက်ပြီးနောက် အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ

"ဒါကြောင့်... စိတ်ဓာတ်ညံ့ဖျင်းပြီး ဇွဲမရှိတဲ့သူတွေ အားလုံး... ခုချက်ချင်း ထွက်သွားကြတော့"

ထိုစကားအဆုံးတွင် လူအုပ်ကြီး၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်မှာ ဖရုံသီးများ လိမ့်ဆင်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ အရှက်တကွဲ လဲကျကုန်ကြ၏။

ထိုသူတို့သည် နောင်တရကာ မကျေမနပ် ဖြစ်နေကြသော်လည်း ဆရာကြီးဟယ်လင်၏ ရှေ့မှောက်တွင်မူ မည်သည့်စကားမျှ ထပ်မံမပြောဝံ့ကြသလို မကျေနပ်မှုကို ပြသရန်လည်း သတ္တိမရှိကြဘဲ စိတ်ပျက်လက်ပျက်ဖြင့်သာ ဆုတ်ခွာသွားကြတော့သည်။

ယခုအခါ ဝင်းကျယ်ကြီးအတွင်း၌ လူလေးဆယ်ကျော်သာ ကျန်ရှိတော့သဖြင့် ဆေးဘုရင်တောင်တန်း၏ တံခါးဝမှာ မည်မျှ ကျဉ်းမြောင်းကြောင်း ထင်ရှားသည်။ ကျန်ရှိနေသူ အများစုမှာလည်း ပထမအဆင့် စမ်းသပ်ချက်မှာတင် လူထက်ဝက်ကျော် ပြုတ်သွားသည်ကို ကြည့်ကာ စိတ်ထဲ၌ စိမ့်တက်သွားကြရသည်။

ကုယွမ်သည် သူနှင့် ရင်းနှီးသူများဖြစ်သည့် ရှရှို့ရွှယ်၊ နွီယိုတ၊ လုမင်နှင့် ယွီကျန့်မောင်းတို့ ကျန်ရှိနေသည်ကို တွေ့လိုက်ရသော်လည်း လီချန်ချင်းမှာမူ မည်သည့်ထိခိုက်မှုမျှ မရှိဘဲ ကျောက်ရုပ်တစ်ရုပ်နှယ် တည်ငြိမ်စွာ ရပ်နေဆဲပင်။

မည်သည့်အရာကိုမျှ ပူပန်ခြင်းမရှိသော နွီယိုတမှလွဲ၍ ကျန်သူများမှာမူ စိတ်နေစိတ်ထား စမ်းသပ်ချက်တွင် ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ကြသဖြင့် ကိုယ့်ကိုကိုယ် ကံကောင်းသည်ဟု မှတ်ယူနေကြရသည်။

ဆရာကြီးဟယ်လင်သည် ရတနာမှန်ကို သိမ်းဆည်းလိုက်ပြီးနောက် ကြည်လင်တောက်ပသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ ထိုကျောက်စိမ်းပြားမှာ ဖြူစင်သော ကျောက်စိမ်းတုံးကို ထွင်းထုထားသည့်အလား ပြိုးပြိုးပြက်ပြက် ရှိနေပြီး အတွင်း၌ ဆန်းကြယ်သော အဆင်တန်ဆာများဖြင့် ပြည့်နှက်နေ၏။

ဆရာကြီးဟယ်လင်က ကျောက်စိမ်းပြားကို လေထဲသို့ မြှောက်လိုက်ရာ မျက်နှာပြင်ပေါ်ရှိ တားမြစ်ချက် စာလုံးများ လှုပ်ခတ်သွားပြီး ခုနစ်ရောင်ခြယ် အလင်းတန်းများ ဖြာထွက်လာတော့သည်။

အလင်းများ မှိန်သွားသည့်အခါ ထိုကျောက်စိမ်းပြားမှာ လူအုပ်ကြီး၏ ရှေ့မှောက်၌ အသာအယာ လွင့်မျောနေ၏။

"မင်းတို့တွေဟာ စိတ်ဓာတ်စစ်ဆေးမှုကို မနည်းကျော်ဖြတ်ခဲ့ကြပြီ။ အခုတော့ မင်းတို့ရဲ့ ပါရမီကို ဆက်စမ်းသပ်ရမယ့် အချိန်ပဲ"

ဆရာကြီးဟယ်လင်က အေးစက်စွာ ပြောနေစဉ်မှာပင် တစ်စုံတစ်ခုကို အာရုံရသွားသဖြင့် မျက်ခုံးကို ပင့်လိုက်ကာ အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်ပြီး "ကျင့်ကြံဖော် နှစ်ဦးလည်း ရောက်နေမှတော့... ကိုယ်ထင်မပြဘဲ ဘာလို့ ပုန်းနေကြတာလဲ"

"ကျင့်ကြံဖော် ဟယ်လင်ကတော့ တကယ့်ကို အမြင်စူးရှတာပဲ။ ဒီနေ့လို တပည့်သစ် ရွေးချယ်တဲ့ နေ့ထူးနေ့မြတ်မှာ ဒီအဖိုးကြီးကလည်း လာပြီး အားပေးတာပါ။ ကျင့်ကြံဖော် ဟယ်လင်အနေနဲ့ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"

စူးရှနူးညံ့သော အသံနှင့်အတူ အလင်းတန်းနှစ်ခုမှာ ကောင်းကင်ယံမှ ပျံသန်းဆင်းသက်လာတော့သည်။ အလင်းများ ပျောက်ကွယ်သွားသည့်အခါ လူရိပ်နှစ်ခု ပေါ်ထွက်လာ၏။

တစ်ဦးမှာ ပုကွကွနှင့် ဝဖြိုးသော်လည်း နီမြန်းသော မျက်နှာထားနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး သူသည် အစိမ်းရင့်ရောင် ပိုးထည်ဝတ်ရုံကို ခန့်ညားစွာ ဆင်မြန်းထားကာ လက်၌လည်း ကျောက်စိမ်းလက်စွပ်ကို ဝတ်ဆင်ထားရာ ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကုနတ်ဘုရားဂိုဏ်းမှ ဆရာကြီးပေါင်ချန်းပင်။

အခြားတစ်ဦးမှာမူ အံ့သြစရာကောင်းလောက်အောင်ပင် လေးပေခန့်သာ မြင့်သော်လည်း နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် တကယ့်ကို ကျောက်စိမ်းရုပ်လေးအလား ချစ်စဖွယ် ထွင်းထုထားသည့် ဝဖြိုးစိုပြည်သော ကလေးငယ်တစ်ဦးပင်။

ဤကလေးငယ်သည် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး နုနယ်ပျိုမြစ်သော ရုပ်သွင်ရှိသော်လည်း သူ၏ ကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါမှာမူ ဆရာကြီးပေါင်ချန်းထက်ပင် ပိုမိုနက်ရှိုင်းသည်။

သူ၏ မျက်ဝန်းအစုံ၌ ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်မှုနှင့် ဘဝလောကဓံကို ကျေညက်စွာ ဖြတ်သန်းခဲ့ဖူးသူ၏ တည်ငြိမ်မှုတို့ ဒွန်တွဲနေ၏။ သူ၏ ကျောပြင်ထက်တွင်မူ တစ်ပေကျော်ခန့်ရှိသော ရတနာဓားငယ်လေးတစ်လက်ကို လွယ်ထားသည်။

ထိုသူကို မြင်လိုက်ရသည့်အခါ ဆရာကြီးဟယ်လင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး အမြဲတစေ အေးစက်နေတတ်သော သူ၏ မျက်နှာထက်၌ အံ့သြစရာကောင်းလောက်အောင်ပင် အပြုံးရိပ်တစ်ခု ပေါ်လွင်သွားကာ လက်အုပ်ချီလျက် နှုတ်ခွန်ဆက်လိုက်တော့သည်။

"ကျင့်ကြံဖော် ရှန်းယွင်ကျီ... မင်း ရောက်လာတာကို ငါ တကယ်ပဲ ဝမ်းသာမိပါတယ်"

"အစ်ကို ဟယ်လင်... ရှန်းယွင်ကျီကိုပဲ နှုတ်ဆက်ပြီး ငါ့ကိုကျတော့ လျစ်လျူရှုထားတာလား။ ငါ့ကို မကြိုဆိုဘူးလို့တော့ မပြောနဲ့နော်"

ဆရာကြီးပေါင်ချန်းက ပြုံးဖြဲဖြဲနှင့် ကြားဖြတ်ပြောလိုက်၏။

"ကျင့်ကြံဖော် ရှန်းယွင်ကျီအတွက်ဆိုရင်တော့ ငါက နွေးနွေးထွေးထွေး ကြိုဆိုမှာပေါ့"

ဆရာကြီးဟယ်လင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "မင်းအတွက်ကတော့ ငါ့ဓားကို မဆွဲထုတ်မိတာကိုပဲ ကျေးဇူးတင်လှပြီ"

"ဒါဆိုရင်တော့ ငါ့မျက်နှာကို ထောက်ထားတဲ့အတွက် ကျေးဇူးတင်ရမှာပေါ့ အစ်ကိုရာ"

ဆရာကြီးပေါင်ချန်းသည် ထိုစကားကို ကြားသော်လည်း စိတ်မဆိုးသည့်အပြင် ရယ်မောလျက်သာ ပြန်ဖြေလိုက်သည်။

သူသည် ယနေ့တွင် တိုက်ခိုက်ရန် ရောက်လာခြင်းမဟုတ်ဘဲ ပျော်ပွဲရွှင်ပွဲကို လာရောက်အားပေးခြင်းသာ ဖြစ်သည်။ ထို့ပြင် ဆရာကြီးဟယ်လင်မှာ ဓားပညာ၌ ထူးချွန်သကဲ့သို့ ပြောစကား တည်ကြည်ဖြောင့်မတ်သူ၊ စိတ်ရင်းခံ ရှင်းလင်းပြီး မာန်မာန ပြင်းထန်သူတစ်ဦးဖြစ်ရာ ဤမျှလောက်သော ကိစ္စဖြင့် အငြင်းပွားနေရန် မလိုအပ်ပေ။

"မင်းတို့နှစ်ယောက် ဒီလိုမျိုး ငြင်းခုံနေတာက မျိုးဆက်သစ်တွေရှေ့မှာ အကျည်းတန်လွန်းတယ်။ ဘာထူးမှာလဲ"

စကားလုံးများကြား၌ တင်းမာမှုများ ရှိနေသည်ကို မြင်သောအခါ ရှန်းယွင်ကျီက ကြားဝင်၍ ဖျန်ဖြေပေးလိုက်သည်။

"ပဋိပက္ခတွေ မဖြစ်အောင် ငါ့မျက်နှာကို ထောက်ထားပြီး နှစ်ဦးစလုံး တစ်လှမ်းစီ ဆုတ်ပေးကြရင် မကောင်းဘူးလား"

ရှန်းယွင်ကျီ၏ စကားကြောင့် ဆရာကြီးဟယ်လင်နှင့် ဆရာကြီးပေါင်ချန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ အံ့သြစရာကောင်းသည်မှာ ဆရာကြီးဟယ်လင်သည် ထပ်မံ၍ မချေပတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

"ကျင့်ကြံဖော် ရှန်းယွင်ကျီက ပြောမှတော့ ငါ မင်းကို မျက်နှာသာ ပေးလိုက်ပါ့မယ်"

ဤမြင်ကွင်းကို ကြည့်ရင်း ကုယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေမိသည်။ ဆရာကြီးဟယ်လင်နှင့် ဆရာကြီးပေါင်ချန်းတို့မှာ ဆေးဘုရင်တောင်တန်းနှင့် ကုနတ်ဘုရားဂိုဏ်းတို့၏ အသီးသီးသော အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြပြီး ရွှေအမြုတေအဆင့်အင်အားကြီး ကျင့်ကြံသူများလည်း ဖြစ်ကြသည်။

သူတို့၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းမှာ ချင်ကျိုးတစ်ခွင်၌ ယှဉ်နိုင်သူ ရှားပါးသည်။ အမြဲတစေ မာနထောင်လွှားနေတတ်သော လီချန်ချင်းပင်လျှင် ယခုအချိန်၌ သတိကြီးစွာဖြင့် နှုတ်ဆိတ်နေသည်က သက်သေပင်။

သို့သော် ဤသို့သော ရွှေအမြုတေအဆင့်ကျင့်ကြံသူကြီး နှစ်ဦးစလုံးမှာ ရှန်းယွင်ကျီအပေါ် အနည်းငယ် ကြောက်နေပုံရပြီး မာနကြီးလှသော ဆရာကြီးဟယ်လင်ပင်လျှင် သိသိသာသာ ထိန်းထိန်းသိမ်းသိမ်း ရှိနေခဲ့သည်။ ရှန်းယွင်ကျီ၏ နောက်ခံမှာ သေချာပေါက် ထူးခြားလှပေလိမ့်မည်။

သူ၏ ကလေးငယ်တစ်ဦးကဲ့သို့ ရုပ်သွင်မှာမူ အံ့သြစရာမဟုတ်ပေ။ ကျင့်ကြံသူများသည် ဆန်းကြယ်လှသော နတ်ဘုရားနည်းစနစ်များကို ကျင့်ကြံကြရာတွင် အဆင့်တစ်ခုသို့ ရောက်ရှိပြီး အသက်ရှည်လာသည့်အခါ ငယ်ရုပ်ပြန်ရလာခြင်း သို့မဟုတ် ထာဝရ နုပျိုခြင်းတို့ကို ပိုင်ဆိုင်နိုင်ကြသည်။

ထို့ကြောင့် လူတစ်ဦး၏ အသက်အရွယ်ကို ရုပ်ရည်ဖြင့်သာ ဆုံးဖြတ်၍ မရနိုင်ပေ။ တာအိုလမ်းစဉ်၏ ထိပ်သီးပုဂ္ဂိုလ်များအကြား၌ ကလေးငယ်တစ်ဦးကဲ့သို့ ပုံဖော်ကာ လောကအနှံ့ လှည့်လည်လျက် ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုကို နားလည်အောင် အားထုတ်တတ်ကြသူများလည်း ရှိသည်။ ရှန်းယွင်ကျီမှာလည်း ထူးခြားသော နည်းစနစ်တစ်ခုခုကို ကျင့်ကြံထားသဖြင့် ဤသို့ ရုပ်ရည်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

ရှန်းယွင်ကျီသည် ကုယွမ်နှင့် အခြားသူများကို ဝေ့ကြည့်လိုက်ပြီးနောက် နွီယိုတနှင့် လီချန်ချင်းတို့ထံတွင် အကြည့်မှာ အနည်းငယ် ရပ်တန့်သွားသည်။

သူက ပြုံးလျက် "ငါက မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်၊ နှောင့်ယှက်သူတစ်ဦးပါပဲ။ ဒါကြောင့် ကျင့်ကြံဖော်ကို ထပ်ပြီး အလုပ်မရှုပ်စေချင်တော့ဘူး။ မင်း စီစဉ်တဲ့အတိုင်းပဲ ဆက်လုပ်ပါဦး"

"ကျင့်ကြံဖော်က အားနာတတ်လိုက်တာ"

ဆရာကြီးဟယ်လင်က အသာအယာ ခေါင်းငြိမ့်ပြပြီးနောက် ကုယွမ်တို့ဘက်သို့ လှည့်ကာ "မင်းတို့ တစ်ယောက်ချင်းစီ ရှေ့ကို လာကြ"

"မင်း... မင်း အရင်လာခဲ့"

ဆရာကြီးဟယ်လင်က လူငယ်တစ်ဦးကို ကျပန်းညွှန်ပြကာ ရိုးရှင်းစွာ ရှင်းပြလိုက်သည်။

"ဒါက ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ အခြေခံပါရမီကို စမ်းသပ်တဲ့ ရတနာဖြစ်ပြီး စက်ကွင်းပြားလို့ ခေါ်တယ်။ မင်းရဲ့လက်ကို အဲဒီပေါ်မှာ တင်လိုက်ရုံနဲ့ မင်းရဲ့ ပါရမီကို အလိုအလျောက် ပြသပေးလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

လူငယ်က နားလည်သည့်အနေဖြင့် ခေါင်းငြိမ့်ကာ ဂါရဝပြုပြီးနောက် ရှေ့သို့လှမ်း၍ စက်ကွင်းပြားပေါ်သို့ လက်တင်လိုက်သည်။

ကုယွမ်နှင့် အခြားသူများမှာမူ တိတ်ဆိတ်စွာဖြင့် ထိုလူငယ်ကို စူးစိုက်ကြည့်နေကြကုန်၏။ မကြာမီမှာပင် စက်ကွင်းပြားထံမှ ဝေဝါးသော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ထိုအလင်းတန်းများသည် သန်မာထွားကျိုင်းသော ကျားတစ်ကောင်၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။

"ကျားကျောကုန်း ပါရမီ... အလယ်အလတ်အဆင့်ပဲ"

ဆရာကြီးဟယ်လင်က ၎င်းကို မြင်လိုက်ရသည့်အခါ အနည်းငယ် ခေါင်းခါလိုက်ပြီး "ဒီပါရမီကတော့ နည်းနည်းလေး လိုနေသေးတယ်။ အကယ်၍ မင်း ဆန္ဒရှိတယ်ဆိုရင်တော့ အစေခံတပည့်အဖြစ် ဝင်နိုင်တယ်။ မရှိဘူးဆိုရင်တော့ မင်းသဘောပဲ"

"အစေခံတပည့် ဟုတ်လား... ဒါက..."

ထိုစကားကို ကြားလိုက်ရသည့်အခါ စမ်းသပ်ခံလူငယ်၏ မျက်နှာတင်မကဘဲ ရောက်ရှိနေသူ အများအပြားမှာလည်း မျက်နှာမကောင်း ဖြစ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်ရှိနေသူ အတော်များများမှာလည်း အလယ်အလတ်အဆင့် ပါရမီရှင်များ ဖြစ်ကြသောကြောင့်ပင်။

အကယ်၍ ဤလူငယ်၏ ကျားကျောကုန်း ပါရမီပင်လျှင် မလုံလောက်ပါက သူတို့အတွက်လည်း ရလဒ်မှာ တူတူပင်။

အခန်း။ ၁၃၈

"ဟိုးအရင်က ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လား... နန်းရင်းဝန်အိမ်က တံခါးစောင့်တောင် သတ္တမတန်းစား အရာရှိနဲ့ ဂုဏ်ပုဒ်ချင်း တူတယ်တဲ့။ ဒါက ဘာကိုပြောတာလဲဆိုတော့... ဩဇာအာဏာကြီးတဲ့ အင်အားစုတွေနဲ့ ပတ်သက်နေတဲ့သူဆိုရင် ဘယ်သူ့ကိုမှ လျှော့မတွက်သင့်ဘူး သတိနဲ့ ဆက်ဆံရမယ်လို့ သတိပေးနေတာပဲ"

ရှမင်ယန်က အခြေအနေကို သုံးသပ်ပြရင်း ဆက်ပြောလိုက်သည်။

"အခု ဆေးဘုရင်တောင်တန်းမှာလည်း ဒီအတိုင်းပဲ။ သူတို့ကို အစေခံတပည့်လို့သာ နာမည်တပ်ထားတာ... တကယ်တော့ သူတို့က ဆေးဘုရင်တောင်တန်းရဲ့ တရားဝင် တပည့်တွေပဲလေ။ ဒါကြောင့် အပြင်လူတွေအနေနဲ့ သူတို့ကို လွယ်လွယ်နဲ့ စော်ကားလို့မရတဲ့ အရှိန်အဝါမျိုး ရှိနေတာပေါ့။

တကယ်တော့ ဆေးဘုရင်တောင်တန်းရဲ့ အစေခံဖြစ်ရတာလည်း မဆိုးပါဘူး။ အဆင့်အတန်းနိမ့်ပြီး အလုပ်မျိုးစုံ ပင်ပင်ပန်းပန်း လုပ်ရမှာမှန်ပေမဲ့ တက်လမ်းအတွက် အခွင့်အရေးကတော့ အမြဲရှိနေတာပဲ။ ကိုယ့်ရဲ့ ပါရမီကို ထုတ်ပြနိုင်ရင်ဖြစ်ဖြစ် လူကြီးတစ်ယောက်ယောက်က မျက်စိကျသွားရင်ဖြစ်ဖြစ် တစ်နေ့ကျရင် ပြင်ပတပည့်ဒါမှမဟုတ် အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးဖို့ဆိုတာ ဖြစ်နိုင်တာပဲဟာ"

သို့သော်လည်း လူတိုင်း၏ မူလရည်မှန်းချက်မှာ ပြင်ပတပည့်မှတစ်ဆင့် အတွင်းစည်းတပည့် ဖြစ်ရန်သာ ဖြစ်သည်။ ကြီးကျယ်သော အိပ်မက်များကိုယ်စီနှင့် လာခဲ့ကြသော်လည်း ယခုမူ အစေခံတပည့်အဆင့်နှင့်သာ ကျေနပ်ရမည်ဆိုသည့် အရှိန်အဝါ ကွာခြားချက်မှာ လက်ခံနိုင်ရန် ခက်ခဲလွန်းသည်။

အချို့မှာ ဖုံးကွယ်ထားသော ပါရမီများ ရှိနေနိုင်ပြီး တစ်ရှိန်ထိုး အောင်မြင်သွားနိုင်သည်ဟု ဆိုနိုင်သော်လည်း ထိုသို့သော အခွင့်အရေးမှာ အပ်တစ်စင်းကို သမုဒ္ဒရာထဲ ရှာရသကဲ့သို့ ခဲယဉ်းလှရာ ကိုယ့်ကိုကိုယ် ထိုမျှအထိ ကံကောင်းလိမ့်မည်ဟု ထင်မှတ်သူ ရှားပါးသည်။

ပထမဆုံး စမ်းသပ်ခံလူငယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားပြီးနောက် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်မှုကို ခံယူကြတော့သည်။

သူတို့အနက် ထက်ဝက်နီးပါးမှာ ညံ့ဖျင်းသော အခြေခံပါရမီကြောင့် ပယ်ထုတ်ခြင်း ခံကြရ၏။ ကျန်ရှိသူ အများစုမှာလည်း ပျမ်းမျှအဆင့် ပါရမီသာ ရှိကြသဖြင့် ဆရာကြီးဟယ်လင်က သူတို့အား ဆေးဘုရင်တောင်တန်း၌ အစေခံတပည့်အဖြစ် ဝင်ရောက်ရန်သာ ကတိပေးခဲ့သည်။

ရံဖန်ရံခါတွင် ထူးချွန်သော ပါရမီရှင်အချို့ ထွက်ပေါ်လာတတ်သော်လည်း ဆရာကြီးဟယ်လင်မှာမူ တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ထိုသူတို့ကို ပြင်ပတပည့်အဖြစ် သတ်မှတ်ပေးလိုက်သည်။

စမ်းသပ်ခံရသူ ပိုမိုများပြားလာသည်နှင့်အမျှ အများစုမှာ ညံ့ဖျင်းသော သို့မဟုတ် ပျမ်းမျှအဆင့် ပါရမီများသာ ဖြစ်နေသဖြင့် ဆရာကြီးဟယ်လင်၏ မျက်နှာထားမှာ တစ်ဖြည်းဖြည်း တင်းမာလာတော့သည်။

ထိုစဉ် ရှရှို့ရွှယ်၏ အလှည့်သို့ ရောက်ရှိလာ၏။

မနီးမဝေးတွင်ရှိသော ရှမင်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်၍ ကြည့်လိုက်သလို ကုယွမ်သည်လည်း ရှရှို့ရွှယ်ကို စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေမိသည်။

ရှရှို့ရွှယ်၏ အခြေခံပါရမီမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ရှမင်ယန်သည် သမီးဖြစ်သူအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိနေသည်ကို ကုယွမ် သတိပြုမိသည်။ ပျမ်းမျှပါရမီရှိသူများမှာ အစေခံတပည့်သာ ဖြစ်နိုင်သည်ဟု သိလိုက်ရသော်လည်း ဤသားအဖနှစ်ဦးမှာမူ စိတ်ပျက်ခြင်း အလျဉ်းမရှိကြပေ။

ရှင်းလင်းလှသည်မှာ ဤသားအဖနှစ်ဦးသည် စမ်းသပ်မှုကို ကျရှုံးမည်ဟု စိုးစဉ်းမျှ မတွေးထားလောက်အောင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိနေကြခြင်းပင်။

ရှရှို့ရွှယ်သည် သူမ၏ ဖြူနုသော လက်ကလေးကို စက်ကွင်းပြားပေါ်သို့ တင်လိုက်သည့်အခါ အခြားသူများကဲ့သို့ အဖြူရောင်အလင်းတန်း မဟုတ်ဘဲ ဝေဝါးသော စိမ်းပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။

“စိမ်းပြာရောင်... ဒါက... ဝိညာဉ်ခန္ဓာတစ်မျိုးမျိုးများလား...”

ဤသည်ကို မြင်လိုက်ရသည့်အခါ လူအများမှာ အံ့အားသင့်သွားကြရသည်။ သာမန်ပါရမီရှိသူများဆိုပါက စက်ကွင်းပြားမှ အဖြူရောင်အလင်းသာ ထွက်ပေါ်လေ့ရှိပြီး အမျိုးမျိုးသော ဝိညာဉ်ဖြစ်ရပ်များကို ပုံဖော်လေ့ရှိသည်ဟု သူတို့ သိထားကြသည်။

ယခုကဲ့သို့ အခြားအရောင်များ ထွက်ပေါ်လာခြင်းမှာ ရှရှို့ရွှယ်တွင် ထူးခြားသော ပါရမီတစ်ခုခု ရှိနေကြောင်း သေချာနေတော့သည်။

ကုယွမ်သည် စိတ်ထဲမှ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဤရှမိသားစု၏ တတိယသခင်မလေးမှာ အမှန်တကယ်ပင် ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားခြင်းပင်။

“ကောင်းတယ်... တကယ့်ကို ကောင်းတယ်ဗျာ”

ရှမင်ယန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ ဝမ်းသာအားရဖြင့် အဆက်မပြတ် ရေရွတ်နေတော့သည်။

"သူ့ကိုယ်ပိုင် ပါရမီကလည်း ထူးချွန်တဲ့အဆင့်မှာ ရှိနေပေမဲ့ အခုတော့ သမီးဖြစ်သူက သူ့ထက်တောင် သာလွန်သွားတာကို မြင်လိုက်ရတော့ သူ ဘယ်လိုလုပ်ပြီး ဝမ်းမသာဘဲ နေနိုင်မှာလဲ"

ဆရာကြီးဟယ်လင်သည်လည်း ဤမြင်ကွင်းကြောင့် စိတ်အားထက်သန်သွားကာ စူးစိုက်ကြည့်နေမိ၏။ စက်ကွင်းပြား၏ ပြောင်းလဲမှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။ စိမ်းပြာရောင် အလင်းတန်းများသည် အနိမ့်အမြင့် အတက်အကျ အမျိုးမျိုးဖြင့် လှုပ်ခတ်နေပြီး ဆန်းကြယ်လှသော ပန်းမန်များနှင့် သစ်ပင်အပင်ငယ်လေးများ၏ ပုံသဏ္ဌာန်များအဖြစ် အစီအရီ ပေါ်ထွက်လာကာ ရှင်သန်ခြင်း အရှိန်အဝါများ ဝေဖြာလျက်ရှိသည်။

အချို့သော သူများမှာ လေထုထဲ၌ သင်းပျံ့သော ဆေးနံ့လေးများကိုပင် ရရှိလိုက်ကြသလို ခံစားရ၏။

အလင်းတန်းများ တဖြည်းဖြည်း မှိန်သွားသည့်အခါ ရှရှို့ရွှယ်သည် လက်ကလေးနှစ်ဖက်ကို ယှက်ကာ ဆရာကြီးဟယ်လင်ထံသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ဆရာကြီးဟယ်လင်၏ မျက်နှာထားမှာ သိသိသာသာ နူးညံ့သွားပြီးနောက်

“မင်းမှာ ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာရှိနေတာပဲ။ ဒီလို ခန္ဓာကိုယ်မျိုးက ဆန်းပြားတဲ့ ပန်းမန်တွေ၊ ဆေးပင်တွေနဲ့ အလိုအလျောက် သဟဇာတဖြစ်ပြီး ဝိညာဉ်ဆေးပင်တွေကို ပြုစုပျိုးထောင်ဖို့အတွက် သင့်တော်တယ်။ ဒါကို သစ်သားဓာတ် ဝိညာဉ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် သတ်မှတ်နိုင်တယ်”

သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်လက်၍

“မင်းရဲ့ ပါရမီအရဆိုရင် ဆေးဘုရင်တောင်တန်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ဖြစ်ဖို့ အပြည့်အဝ အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ ဆေးဘုရင်တောင်တန်းမှာတော့ ပြင်ပတပည့်

ဖြစ်စေ အတွင်းစည်းတပည့်ဖြစ်စေ အရည်အချင်းရှိသူက တက်လှမ်းပြီး အစွမ်းမရှိသူက နိမ့်ကျသွားစမြဲပဲ။ အကယ်၍ မင်းမှာ အတွင်းစည်းတပည့် ဂုဏ်ပုဒ်ကို ထိန်းထားနိုင်တဲ့ စွမ်းဆောင်ရည်ရှိရင်တော့ ဘယ်သူမှ ကန့်ကွက်မှာမဟုတ်ဘူး။ အဲဒီလိုမှ မဟုတ်ရင်တော့ ကံကြမ္မာကို အပြစ်မတင်ပါနဲ့ဦး”

အတွင်းစည်းတပည့်လား….

ဤစကားကြောင့် လူအုပ်ကြီးအတွင်း၌ ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ အထူးသဖြင့် ပြင်ပတပည့်အဖြစ် အရည်အချင်း ပြည့်မီထားသူများမှာ ရှရှို့ရွှယ်ကို မနာလိုဝန်တိုစိတ်များဖြင့် ကြည့်နေကြ၏။

ပြင်ပတပည့်တစ်ဦး၏ ခံစားခွင့်များမှာလည်း မဆိုးလှသော်လည်း အတွင်းစည်းတပည့်နှင့် ယှဉ်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်။

အတွင်းစည်းတပည့်များသည် လစဉ် လုံလောက်သော ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးအချို့ကို ရရှိမည့်အပြင် ဂိုဏ်းသို့ စတင်ဝင်ရောက်သည်နှင့် စစ်မှန်သော ကျင့်စဉ်တော်များကို သင်ယူခွင့် ရရှိမည်ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ပြင်ပတပည့်များမှာမူ ကိုယ်ခံပညာကျင့်စဉ်များဖြင့်သာ အစပြုရမည်ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကို ကိုယ့်ဘာသာ နည်းလမ်းရှာဖွေ စုဆောင်းကြရသည်။

မွေးရာပါ ကိုယ်ခံပညာရှင် အဆင့်သို့ ရောက်ရှိပြီးနောက် နတ်လူသားအဆင့်သို့ တက်လှမ်းလိုပါကလည်း ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ကာ အမှတ်များစုဆောင်းပြီးမှသာ စစ်မှန်သော ကျင့်စဉ်တော်များနှင့် လဲလှယ်ယူကြရခြင်းပင်။

အကယ်၍ ရှရှို့ရွှယ်သာ စနစ်တကျ ကျင့်ကြံအားထုတ်သွားမည်ဆိုလျှင် ကံဆိုးမိုးမှောင်ကျခြင်း မရှိသရွေ့ နောင်တစ်ချိန်တွင် သူမသည် နတ်လူသားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် သေချာသလောက်ပင်။

ကောင်းမွန်စွာ လေ့ကျင့်နိုင်ပါက ရွှေအမြုတေအဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်မှာလည်း မဖြစ်နိုင်သည်မဟုတ်ပေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး သက်တမ်း ငါးရာခန့် နေထိုင်နိုင်ရာ မိသားစုကို ရာစုနှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်နိုင်မည့် ကျင့်ကြံရေးမျိုးနွယ်စုတစ်ခုကိုပင် တည်ထောင်နိုင်သည်။

တစ်ခဏအတွင်းမှာပင် လူအများ၏ မျက်လုံးများမှာ မနာလိုစိတ်ကြောင့် နီမြန်းလာကြတော့သည်။

“ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာ... ဆန်းပြားတဲ့ ပန်းမန်တွေနဲ့ အလိုအလျောက် သဟဇာတဖြစ်တာလား...”

ကုယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်မိသည်။

“ရှရှို့ရွှယ်ရဲ့ ကံတရားက တကယ်ကို မဆိုးဘူးပဲ”

ဆေးဘုရင်တောင်တန်းသည် ဆေးဖော်စပ်ခြင်းနှင့် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းကို အဓိကဦးစားပေးသည့် ဂိုဏ်းဖြစ်ရာ သူတို့၏ သင်ကြားပြသမှု အများစုမှာ မီးဓာတ် သို့မဟုတ် သစ်သားဓာတ်နှင့်သာ သက်ဆိုင်သည်။

ထို့ကြောင့်ပင် ဆေးဘုရင်တောင်တန်းသည် သစ်သားဓာတ် ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူများကို အထူးတလည် မျက်နှာသာပေးလေ့ရှိ၏။

ဆေးဖော်စပ်ခြင်းနှင့် ဆေးပင်စိုက်ပျိုးခြင်း လုပ်ငန်းစဉ် နှစ်ရပ်စလုံးတွင် မီးနှင့် သစ်သားဓာတ် ကျင့်ကြံသူများသည် အခြားသူများထက် သာလွန်သော အားသာချက်များကို ပိုင်ဆိုင်ထားကြသည်။

ဤ ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာမှာ သစ်သားဓာတ် ဝိညာဉ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း သာမန် ထူးချွန်သော အခြေခံပါရမီထက်မူ များစွာ သာလွန်မြင့်မားသည်။ ဝိညာဉ်ခန္ဓာနှင့် သာမန်လူသားခန္ဓာတို့အကြားရှိ ခြားနားချက်မှာ အလွန်ပင် ကြီးမားလွန်းသည်။

ထို့ကြောင့်ပင် ရှရှို့ရွှယ်သည် ဆေးဘုရင်တောင်တန်းသို့ ဝင်ရောက်သည့်အခါ အထူးဂရုစိုက် စောင့်ရှောက်မှုကို ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“တကယ်လို့ ဒီဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာကိုသာ ကောင်းကောင်း လေ့ကျင့်ပေးနိုင်မယ်ဆိုရင် ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာစစ်စစ်အဖြစ် အဆင့်မြှင့်တင်နိုင်တဲ့ အခွင့်အရေးတောင် ရှိနိုင်

တယ်။ ဒီလို ပါရမီရှင်မျိုးကို တပည့်အဖြစ် ရရှိတာဟာ ဟယ်လင်ရဲ့ ကံထူးမှုပဲ”

ရှန်းယွင်ကျီက ချီးကျူးစကား ပြောလိုက်သည်။

“သူ့ရဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်နိုင်မလား ဆိုတာကတော့ သူရဲ့ နောင်လာမယ့် ကံတရားပေါ်မှာပဲ မူတည်ပါတယ်”

ဆရာကြီးဟယ်လင်က နှိမ့်ချစွာ ပြန်လည်ဖြေကြားရင်း သက်ပြင်းတစ်ချက် ချလိုက်ကာ “လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းရခဲ့တဲ့ တပည့်ကမှ မူလဓားရိုး ပါရမီပိုင်ဆိုင်ထားတာလေ။ မင်းတို့ ကြယ်စင်မြစ် ဓားဂိုဏ်းရဲ့ ကျင့်စဉ်တော်တွေနဲ့ တကယ်ကို အံကိုက်ပဲ။ တကယ့် ကံထူးရှင်က မင်းပါဗျာ”

မူလဓားရိုး ပါရမီသည် မွေးရာပါ ကြယ်တာရာများ၏ ချီစွမ်းအင်ကို အာရုံခံနိုင်စွမ်းရှိပြီး ၎င်း၏ ဓားလမ်းစဉ် ပါရမီမှာလည်း အထူးပင် ထူးချွန်လှပေရာ ကြယ်စင်မြစ် ဓားဂိုဏ်း၏ ကျင့်စဉ်များနှင့် ဓားသိုင်းများ ကျင့်ကြံရန် အသင့်တော်ဆုံး ဖြစ်သည်။

ထိုသို့သော ပါရမီရှင်တစ်ဦး၏ တန်ဖိုးမှာ ဂိုဏ်းတစ်ခုလုံးအတွက် မည်မျှအရေးပါမည်ကို မေးနေရန်ပင် မလိုတော့ပေ။

“မင်းကလည်း မြှောက်ပင့်နေပြန်ပါပြီ”

ဆရာကြီးဟယ်လင်၏ စကားကြောင့် ရှန်းယွင်ကျီသည် လက်ကို ခါယမ်းကာ ငြင်းဆန်နေသော်လည်း သူ၏ မျက်နှာထက်မှ အပြုံးကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။

ဆရာကြီးပေါင်ချန်းကမူ မည်သည့်စကားမျှ မဆိုပေ။ ဆေးပင်တစ်ရာ ဝိညာဉ်ခန္ဓာမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း သာမန်မျှသာ ဖြစ်ပြီး ဝိညာဉ်ခန္ဓာစစ်စစ် ဖြစ်လာရန်မှာမူ မလွယ်ကူလှကြောင်း သူ ကောင်းစွာ သိရှိထားသည်။

စမ်းသပ်မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

မကြာမီမှာပင် လီချန်ချင်း၏ အလှည့်သို့ ရောက်ရှိလာတော့သည်။ လီချန်ချင်း ရှေ့သို့ လှမ်းတက်လိုက်သည့်အခါ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

မည်သူမျှ စကားမပြောဘဲ သူ၌ မည်သည့်ပါရမီများ ရှိနေမည်ကို သိလိုစိတ်ဖြင့် စူးစိုက်ကြည့်နေကြသည်။ ဆရာကြီးဟယ်လင်ကမူ မည်သည့်စကားမျှ မဆိုဘဲ တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေသည်။

All Chapters