အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း(219)
ကျင်းယန်၏အဖွဲ့က အင်အားကြီးမားပြီး လက်နက်ကလည်းအပြည့်အစုံ ပါရှိပေ၏။ ထို့ကြောင့် ယင်ရိလျိုတို့က စခန်းငယ်များကို လေ့လာနေချိန်တွင် စခန်းငယ်များ၏ ပတ်ဝန်းကျင်ရှိ ကင်းထောက်များကလည်း စစ်စခန်းကို အဝေးမှ စောင့်ကြည့်နေခဲ့ကြသည်။
“ခင်ဗျားတို့က သုခဘုံဂိုဏ်းရဲ့အကြောင်းကို စုံစမ်းချင်တယ်ဆိုရင် ဒီမှာတော့ ဘာကိုမှ တွေ့ရမှာ မဟုတ်ဘူး၊
ဟိုဘက်ကစခန်းလေးတွေကို သွားကြည့်ကြရမယ်၊ အဲဒီစခန်းတွေကို အုပ်ချုပ်နေတဲ့သူတွေက သုခဘုံဂိုဏ်းရဲ့ နောက်ကွယ်က လူတွေနဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆက်သွယ်မှု ရှိနေကြတာ”
ဖန့်ကျိုးက ပင်လယ်ဝါတပ်ရင်း၏ ခေါင်းဆောင်ဖြစ်သော်လည်း ယိုယွင်းသူများအကြောင်းကို သိရှိခွင့် မရှိသေးသောကြောင့် သုခဘုံဂိုဏ်းဆိုသည်မှာ လူသားတို့က ဖန်တီးထားခြင်းဖြစ်သည်ဟု ယုံကြည်နေဆဲ ဖြစ်၏။
ကျင်းယန်က ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။
“ဗိုလ်ချုပ်ဖန့်၊ ကျွန်တော်တို့အတွက် အနီးအနားက စခန်းတွေရဲ့ အချက်အလက်တွေကို မိတ္တူတစ်စုံလောက်ကို လုပ်ပေးပါဦး”
ဖန့်ကျိုးက လက်ကို ခါယမ်းပြလိုက်ရင်း ပြောလိုက်လေသည်။
“ဒါက အလုပ်မရှုပ်ပါဘူး၊ ခင်ဗျားတို့ အရင်ဆုံး အနားယူကြဦး၊
ခင်ဗျားတို့ကို ကြိုဆိုတဲ့အနေနဲ့ စခန်းက ပူပူနွေးနွေးအစားအသောက်တွေ ကျွေးပါလိမ့်မယ်၊
အသေးစိတ် အချက်အလက်တွေကိုတော့ ဒီညမတိုင်ခင်မှာ ခင်ဗျားတို့ သုံးယောက်ဆီ ပေးပို့ပါ့မယ်”
ဖန့်ကျိုးနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက်တွင် ကျင်းယန်၊ ကျိယိုအန်း၊ကျောက်စိမ်းအဖွဲ့၏ ခေါင်းဆောင် လီချန်းနန်နှင့် ဖန့်ကျိုးတို့က စခန်းထဲသို့ ဝင်ခဲ့ကြ၏။
အချိန်က အတော်လေး နောက်ကျနေပြီ ဖြစ်သကဲ့သို့ တစ်နေ့လုံး ခရီးနှင်ခဲ့ရသောကြောင့် လူတိုင်းက အအေးဒဏ်နှင့် ပင်ပန်းနွမ်းနယ်မှုများကြောင့် နွမ်းလျနေကြရလေသည်။
ရှူးယန်အဖွဲ့က အိပ်ဆောင်နှင့်တူသော ကျယ်ဝန်းသည့် အခန်းတစ်ခုကို ရရှိခဲ့သည်။ တစ်ခန်းတည်သာဖြစ်သော်လည်း ခုတင်များကတော့ တစ်ဦးချင်းစီအတွက် တစ်လုံးစီရရှိကာ အလှဆင်မှုများကတော့ မပါရှိပေ။
ရှူးယန်အဖွဲ့ဝင်များက အချိန်ဖြုန်းတတ်သူများ မဟုတ်သောကြောင့် ခုတင်များကို ရှာဖွေပြီးနောက်တွင် သူတို့၏ ပစ္စည်းများကို ခုတင်၏ ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်ကြသည်။
ဖန့်ကျိုး ပြင်ဆင်ပေးထားသော အစားအစာများကို မြင်သည့်အချိန်တွင် ယင်ရိလျို၏ မျက်လုံးများက ချက်ချင်းပင်တောက်ပသွားခဲ့လေသည်။
စားပွဲ၏ အလယ်တည့်တည့်တွင် လက်ဖြင့် ပြုလုပ်ထားသော ဧရာမ သစ်သားပြားကြီးတစ်ခု ရှိနေပြီး ထိုအပေါ်၌ ဧရာမသန္ဓေပြောင်း ဂဏန်းကြီးတစ်ကောင် ရှိနေ၏။
ထိုဂဏန်း၏ ခန္ဓာကိုယ်က နီရဲနေခဲ်ကာ အငွေ့တထောင်းထောင်းထနေလေ၏။ အရွယ်အစားက လူအရပ်တစ်ဝက်ခန့်ပင် ရှိသည်။
ယင်ရိလျိုအနေဖြင့် တစ်နှစ်ပတ်လုံး ပင်လယ်စာကို မမြည်းစမ်းရသေးပါချေ။ အဆုံးတွင် ငါးကိုပင် မစားခဲ့ရပေ။
ထို့ကြောင့် ယခုအချိန်တွင် မွှေးကြိုင်သော ရနံ့များကို ရလိုက်သောကြောင့် တံတွေးပင်ကျလာခဲ့ရသည်။
ကျင်းယန်ကတော့ ထုံးစံအတိုင်း အရင်ဆုံး မစားခဲ့ဘဲ ဘေးဘက်မှ ယုန်လေးအတွက်ကို အစားအစာကို အရင်ဆုံး ပြင်ဆင်ပေးနေခဲ့လေသည်။
သူက ဧရာမဂဏန်းကို ဓားဖြင့် ခုတ်လိုက်လျှင် မာကျောသော အခွံက ချက်ချင်းပင် ကွဲအက်သွားပြီး အက်ကြောင်းများ၏ ကြားမှ ရွှေရောင် ဂဏန်းဥများက စီးကျလာသည်။
ထိုမြင်ကွင်းကြောင့် ယင်ရိလျို၏တံရည်များပင် စီးကျချင်လာခဲ့ရ၏။
ထမင်းစားပြီးသည်နှင့် ဖန့်ကျိုးက ပတ်ဝန်းကျင်ရှိ စခန်းများမှ အချက်အလက်များကို လူလွှတ်၍ ပေးပို့ခဲ့သည်။
ကျင်းယန်က ကျေးဇူးတင်စကား ပြောလိုက်ကာ တံခါးကို ပိတ်လိုက်ပြီး အဖွဲ့ဝင်များနှင့်အတူ အချက်အလက်များကို ဖတ်ရှုခဲ့၏။
ပင်လယ်ဝါကမ်းရိုးတန်းတွင် ယခင်က မြို့တစ်မြို့က ရှိခဲ့ဖူးသည်။
ကမ္ဘာပျက်ပြီးနောက်တွင် ထိုမြို့က ဆိုးရွားစွာ ပျက်စီးခဲ့ရလေ၏။
မြို့ထဲတွင်ရှိနေသော လူများက ထွက်ပြေးခဲ့ကြရသည်။ တချို့ကလည်း သေကြေသွားခဲ့ကြရသည်။
မြို့ထဲ၌ ဆက်လက်၍ နေထိုင်ရန်အတွက် ရွေးချယ်ခဲ့သော ကျန်ရှိနေသည့် ဆင့်ကဲပြောင်းလဲသူများမှာတေော့ တဖြည်းဖြည်းနှင့် ရာဇဝတ်ဂိုဏ်းပေါင်းများစွာကို ဖွဲ့စည်း၍ ဆက်လက်၍ ကြီးထွားလာခဲ့ကြ၏။
နောက်ဆုံးတွင်တော့ အင်အားစုလေးခုက အပြည့်အဝ ကြီးထွားလာခဲ့လေ၏။ ထိုအချိန်တွင် အခြေအနေက ခဏမျှ အေးချမ်းသွားခဲ့သည်။
ထို့ကြောင့် ထိုအင်အားစုလေးခုမှ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြပြီး သူတို့၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်များကို အသုံးပြုကာ မြို့ကို နယ်မြေလေးခုအဖြစ် ခွဲဝေလိုက်ကြ၏။
ယင်ရိလျိုအနေဖြင့် ထိုစခန်းငယ်များ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေသည်ဟု ခံစားရခြင်းမှာ တကယ်တမ်းတွင် မြို့တစ်မြို့တည်းကို လေးပိုင်းခွဲထားခြင်း ဖြစ်နေသောကြောင့်ပင် ဖြစ်ပေ၏။
မြို့လယ်ခေါင်ကိုတော့ ပြန်လည်အသုံးချရေးစခန်းဟု ခေါ်တွင်သည်။ ဤနေရာက မြို့တော် B ရှိ ကျို့လုံဂူ နှင့် ဆင်တူကာ မည်သည့်ဂိာဏ်းဘက်တွင်မှ မပါဝင်လိုသော လူများ၏ နေထိုင်ရာ နေရာဖြစ်လေ၏။
ပြီးခဲ့သော သုံးလအတွင်း ဖန့်ကျိုးက ပြောပြခဲ့သည့် အသစ်ထွက်ပေါ်လာခဲ့သော အင်အားစုက ထိုပြန်လည်အသုံးချရေး စခန်းမှ ထွက်ပေါ်လာသော လူတစ်စုပင်ဖြစ်သည်။
“ဒီလူက အတော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ”
ကျောက်ချီယန်က ဖိုင်ထဲမှ ပိုင်ကျင်းရှန်းဟု နာမည်ရသောသူကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
“သူက သုံးလအတွင်းမှာတင် ပတ်ဝန်းကျင်က အင်အားစုလေးခုလုံး သတိထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်၊ သူက ထူးခြားတဲ့ တစ်ခုခုကိုကြုံခဲ့ရတာ ဖြစ်ရမယ်”
ကျောင်းချီယန်၏ စကားက အဓိပ္ပာယ်ရှိလေသည်။
ကမ္ဘာပျက်ချိန်၏ အစောပိုင်းတွင် အသွင်ပြောင်းလဲသွားသူများမှလွဲ၍ ကမ္ဘာပျက်ပြီးနောက်တွင် ထိုသို့အသွင်ပြောင်းလဲရန်က မဖြစ်နိုင်သလောက်ပင်။
သို့သော် ကင်းလွတ်ခွင့်တစ်ခုရှိသည်။ သူတို့ကတော့ ခြားနားသော မျိုးစိတ်များပင်ဖြစ်ပေသည်။
စခန်းတိုင်းတွင် အရှက်ခွဲခြင်း သို့မဟုတ် ငတ်မွတ်ခြင်းများကို ခံခဲ့ရဖူးသော သာမန်လူများက အစွမ်းထက်သော သန္ဓေပြောင်းသတ္တဝါများနှင့် တွေ့ဆုံပြီးနောက်တွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည့် ဥပမာများစွာ ရှိကြ၏။
ဤကဲ့သို့သော ဘဝကို သည်းမခံနိုင်တော့ဘဲ သူတို့၏ ကံကြမ္မာကို ပြောင်းလဲလိုသူများက သန္ဓေပြောင်းသတ္တဝါများနှင့်အတူ သန္ဓေပြောင်းလဲနိုင်ရန်အတွက် တက်ကြွစွာ ကြိုးစားခဲ့ကြသည်။
သို့သော် အောင်မြင်သည့်လူက အလွန်ပင် နည်းပါးပြီး အများစုမှာ သန္ဓေပြောင်းသတ္တဝါတို့၏ အစာသာ ဖြစ်သွားကြကြောင်းကို ယင်ရိလျို တာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့ဝင်များထံမှ ကြားသိခဲ့ဖူး၏။
ပိုင်ကျင်းရှန်းကတော့ ကံကောင်းခဲ့ပုံရသည်။
သူက ကမ်းခြေတွင် ပင်လယ်စာများကို စုဆောင်းနေချိန်၌ ကုန်းပေါ်သို့ တက်လာခဲ့သော သန္ဓေပြောင်း ပင်လယ်သားရဲတစ်ကောင်နှင့် တွေ့ဆုံခဲ့ရ၏။
သူက ထိုပင်လယ်သားရဲမျိုးစိတ်နှင့် မျိုးစပ်သွားခဲ့ကာ ရုတ်တရက်ပင် တခြားသော အင်အားစုများ ကြောက်ရွံ့ရသည့် အင်အားစုတစ်ခုကို ဖြစ်လာခဲ့သည်။
သူတို့ ဆွေးနွေးနေကြချိန်တွင် အပြင်မှ တံခါးခေါက်သံကို ကြားလိုက်ရပြီး နူးညံ့သော အမျိုးသားတစ်ဦေောက်၏ အသံ ထွက်ပေါ်လာခဲ့၏။
သူက တံခါးမှတစ်ဆင့်လှမ်းပြောလေသည်။
“ကျင်းကော ရှိလား၊ ကျွန်တော် ကောနဲ့ ဆွေးနွေးစရာ ရှိလို့ပါ”
ထိုအသံကို ကြားချိန်တွင် ယင်ရိလျိုက သူမ၏ မျက်နှာလေးကို မော့လိုက်ပြီး ဘေးမှ ကျင်းယန်ကို ကြည့်ကာ ပြောလိုက်လေ၏။
“ ကျိယိုအန်းပဲ”
ကျင်းယန်က သူ့အတွက်ကို တံခါးကို ဖွင့်မပေးလိုသော်လည်း အဆုံးတွင်တော့ သွားဖွင့်ပေးလိုက်ရလေသည်။
တံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်၌ သူတစ်ဦးတည်းသာ ရှိနေခြင်း မဟုတ်ဘဲ လီချန်းနန်လည်း ရှိနေခဲ့၏။
ထိုသူနှစ်ဦးက သုခဘုံဂိုဏ်း၏ ကိစ္စကို အမြန်ဆုံး ဖြေရှင်းချင်နေခဲ့ကြသည်။
ထို့ကြောင့် မနက်ဖြန်တွင် အဖွဲ့ခွဲကာ အချက်အလက်များကို စုဆောင်းနိုင်ရန်အတွက် ကျင်းယန်နှင့် လာရောက်၍ ဆွေးနွေးကြခြင်းပင် ဖြစ်၏။
“ကျွန်တော်တို့ရဲ့ လူတွေက အများကြီးဆိုတော့ ဆူညံသံတွေက ကျယ်လွန်းတယ်၊
ပတ်ဝန်းကျင်က စခန်းတွေကို အုပ်ချုပ်နေတဲ့သူတွေက ကျွန်တော်တို့ ရောက်လာတာကို သိနေလောက်ပြီ၊
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုတော့ သူတို့က မသိကြသေးဘူး၊ အချိန်ဆွဲနေရင် သုခဘုံဂိုဏ်းရဲ့ သာသနာပြုတွေကလည်း သူတို့ရဲ့ ခြေရာတွေကို ဖျောက်သွားကြမှာသေချာတယ်”
ကျိယိုအန်းက သူ၏ မျက်လုံးများကို မှေးလျက် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။
“ကျွန်တော်ဆိုလိုတာကတော့ မနက်ဖြန်မှာ အဖွဲ့ခွဲပြီးတော့ အင်အားစု ငါးခုလုံးဆီကို သွားကြရအောင်၊
သုခဘုံဂိုဏ်းရဲ့ အချက်အလက်တွေကို စုဆောင်းပြီးတော့ သူတို့ရဲ့ စခန်းကို အမြန်ဆုံး ရှာဖွေမယ်၊ ပြီးရင် တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် သုတ်သင်ပစ်ရအောင်၊ ကျင်းကောရော ဘယ်လို ထင်လဲ”
ကျင်းယန်က ခေါင်းညိတ်ပြလိုက်ပြီးပြောလိုက်လေသည်။
“ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး”
ရှူးယန်အဖွဲ့တွင် လူဦးရေ နည်းပါးသောကြောင့် အဖွဲ့ခွဲရန်မလိုပေ။
တခြားအဖွဲ့များကတော့ အုပ်စုနှစ်စုစီ ခွဲ၍ အမျိုးမျိုးသော အင်အားစုများဆီသို့ သွားရောက်၍ စုံစမ်းကြလိမ့်မည်။
နောက်တစ်နေ့ မနက်တွင် ရှူးယန်အဖွဲ့ဝင်များက သာမန်အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။
ထို့နောက်တွင် ပင်လယ်ဝါ နယ်စပ်ဒေသတွင် ဆင့်ကဲပြောင်းလဲသူများအကြား အကျော်ကြားဆုံးဖြစ်သော နယ်မြေသို့ သွားရောက်၍ လေ့လာရန်အတွက်ပြင်ဆင်ခဲ့ကြလေ၏။
ပေထင်မှာ နယ်မြေလေးခုအနက် အကြီးဆုံးစခန်းဖြစ်ပြီး ခေါင်းဆောင်က ရှုဟူဟု အမည်ရသည်။
ဒေသခံများနှင့် ရောနှော၍ နေထိုင်နိုင်ရန်အတွက် ယင်ရိလျိုနှင့် တခြားသူများက ခေတ်ဟောင်း သားမွေးဝတ်ရုံများကို အထူးတလည် လဲလှယ်၍ ဝတ်ဆင်ခဲ့ကြလေ၏။
ယင်ရိလျိုက ထူထဲသော မြင်းသားရေစကတ်နှင့် ထိပ်ကော့ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။
ထို့အပြင် သူမ၏ ထင်ရှားသော ယုန်နားရွက်များကို ဖုံးကွယ်ရန်အတွက် ဦးထုပ်တစ်လုံးကိုလည်း ဆောင်းထားခဲ့ရ၏။
သူမ၏ဘေးမှ ကျင်းယန်နှင့်တခြားသူများကလည်း ထိုအတိုင်းပင် ဝတ်ဆင်ထားလိုက်ကြလေသည်။
ထို့ကြောင့် သူတို့က တိုက်ပွဲဝင်ရန်အတွက် အသင့်ဖြစ်နေသော စစ်သည်တော်များအသွင်မှ အနည်းငယ် ကျေးတောသားဆန်သော ကုန်သည်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ကျောင်းချီယန်က လှည်းတစ်စီးကို တွန်းနေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။
ထို့အပြင် လှည်းပေါ်တွင်လည်း စခန်းထဲရှိ ကင်းထောက်များကို လှည့်ဖြားရန်အတွက် ယင်ရိလျို၏ နေရာလွတ်ထဲမှ ထုတ်ယူထားသော ကောက်ပဲသီးနှံများနှင့် ဂျုံမှုန့်များကို တင်ထားလေ၏။
အဖွဲ့သားများက ပေထင်စခန်း၏တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
စစ်ဆေးရေးဂိတ်မှ ဝန်ထမ်းများက သူတို့ကို လှည့်ပင်မကြည့်ဘဲ ဝင်ခွင့်ပြုလိုက်ကြလေ၏။
လှည်းကို စည်ကားလွန်းသော ဈေးတစ်ခုနှယ်ဖြစ်နေသည့် ပေထင်စခန်းထဲသို့ တွန်းပြီးနောက်တွင်ပင် ကျောင်းချီယန်တစ်ယောက် အနည်းငယ်လောက် ကြောင်အနေဆဲပင်။
“ငါတို့ကို ဒီအတိုင်းပဲ ပေးဝင်လိုက်တာလား၊ ဒါက အတော်လေးကို ပေါ့ဆလွန်းတာပဲ”
သူတို့မှာ မြို့တော် B တွင်ရှိနေစဥ်က ခရမ်းလွန်ရောင်ခြည်များဖြင့် သုံးကြိမ်စစ်ဆေးသည့် အလေ့အထရှိခဲ့သည်။
သို့သော် ဤနေရာရှိ စခန်းက သူတို့ကို လှည့်၍ပင် မကြည့်ဘဲနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
*
အခန်း(220)
ယင်ရိလျိုတစ်ယောက် စခန်းထဲသို့ အဝင်အထွက် ပြုလုပ်နေကြသော လမ်းသွားလမ်းလာများကို လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင်လည်း စပ်စုလိုစိတ်များ ပြည့်နှက်နေခဲ့လေ၏။
ပေထင်စခန်းမှာ သူမ သိထားသော ကမ္ဘာပျက်ပြီးသည့်နောက်ပိုင်း စခန်းများနှင့် အလွန်ပင် ကွဲပြားခြားနားသည်။
ဤစခန်းမှာ ရှုပ်ထွေးလွန်းသော လူနေအိမ်တန်းလျားများနှင့် ပြည့်နေခဲ့ကာ လူတချို့မှာတော့ ညအိပ်ဝတ်စုံများဖြင့်ပင် အိပ်ပျော်နေကြလေ၏။
ထိုအချိန်တွင် အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ဟောင်းနွမ်းနေသောအိမ်ထဲမှထွက်လာကာ မိလ္လာများကို ရေမြောင်းထဲသို့ သွန်ချနေခဲ့သည်။ တခြားနေရာတိုင်းတွင်လည်း ဆူညံသံများဖြင့် ပြည့်နှက်နေလေသည်။
ဤမြင်ကွင်းမျိုးကို မြို့တော် B တွင် မည်သည့်အချိန်တွင်မျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
မြို့တော် Bရှိ ပတ်ဝန်းကျင်က ပိုမို၍ကောင်းမွန်ပြီး အေးချမ်းနေခဲ့ကာ ရေနှင့် လျှပ်စစ်မီးများကိုလည်း ရရှိနေသည်။
သို့သော် ပေထင်ကဲ့သို့သော စခန်းငယ်လေးက မြို့တော် Bနှင့်စာလျှင် အသက်ဝင်လှုပ်ရှားနေခဲ့သည်။
သူတို့က အစောပိုင်းတွင်ရောက်ရှိလာခဲ့ကြသောကြောင့် အဝတ်အစားလဲနေရငရးတန်းလန်းဖြင့် အိမ်ငယ်လေးများထဲမှထွက်လာသော အမျိုးသားတချို့ကို မြင်တွေ့နိုင်သည်။
အိမ်တွင်းဘက်တွင် နွမ်းလျနေသော အမျိုးသမီးငယ်များက အပြုံးများကို ဆင်မြန်းထားကြ၏။
သို့သော်လည်း သူတို့ကအနောက်သို့ပြန်လှည့်လိုက်သောအချိန်တွင်တော့ အေးစက်သော ဂရုမစိုက်မှုနှင့် စိတ်မရှည်မှုများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
သူတို့မှာ သူတို့၏ ခန္ဓာကိုယ်ဖြင့် အသက်မွေးဝမ်းကျောင်းကို ပြုလုပ်နေကြသော မိန်းကလေးများပင် ဖြစ်ကြ၏။
သို့သော် ပေထင်စခန်းတွင် သူတို့က အနှိမ်ခံရသော လူတန်းစားမျိုး မဟုတ်ကြောင်း သိသာလွန်းသည်။
ပို၍ အံ့သြစရာကောင်းစွာဖြင့် ဤစခန်းငယ်လေးထဲ၌ ယင်ရိလျိုအနေဖြင့် ရင်ခွင်ပိုက်ကလေးများကို ကျောပိုးထားသော အမျိုးသမီးနှစ်ဦး ၊သုံးဦးခန့်ကို တွေ့ရှိခဲ့ရလေ၏။
ထိုမွေးကင်းစကလေး အများစုက ခေါင်းကြီး၍ ကိုယ်လုံးသေးလွန်းနေကာ အာဟာရချို့တဲ့နေသည့်အသွင်အပြင်များရှိနေသည်။
သွားမပေါက်သေးသော ကလေးငယ်တစ်ဦးက ယင်ရိလျို၏ ဆံပင်ကို သူ၏လက်လေးများဖြင့် လှမ်းဆွဲကိုင်ကာ ပလုံးပထွေးစကားများကို ပြောနေလေ၏။
သူက ဤလောက၏ ရက်စက်မှုကိုလည်း မသိရှိသကဲ့သို့ သူ့ကိုမွေးဖွားလာသော နောက်ခံအခြေအနေကိုလည်း နားမလည်ရှာပေ။
မိခင်ဖြစ်သူက ယင်ရိလျိုကို လှည့်ပင် မကြည့်ဘဲ ကလေး၏လက်လေးကို ဆွဲယူဖယ်ရှားကာ အဝတ်လျှော်ခြင်း၌သာ အာရုံစိုက်နေခဲ့၏။
ဤစခန်းရှိ လူများက အသက်ရှင်သန်ရန်အတွက် ကြိုးစားနေကြပြီး ယင်ရိလျိုမှတ်မိသော သာမန်လူများထက်ပင် ပို၍ သက်ဝင်လှုပ်ရှားနေကြသည်။
ဤသူတို့က မြို့တော် B ရှိ အသက်ရှင်ကျန်ရစ်သူများနှင့် လုံးဝကို ကွဲပြားခြားနားသော လူသားတစ်စုဖြစ်ကြောင်းကို သူမက ရုတ်တရက် သတိပြုမိသွား၏။
ယင်ရိလျိုနှင့်အဖွဲ့သားများမှာ သူတို့က ပေထင်စခန်းထဲသို့ ခြေချလိုက်သည့်အချိန်မှစ၍ မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေခဲ့သည်ကိုတော့ လုံးဝမသိခဲ့ကြပါချေ။
ပေထင်စခန်း၏ အပေါ်ယံတွင် သန္ဓေပြောင်းငှက်များစွာ ပျံသန်းနေကြပြီး လူနေအဆောက်အဦးများပေါ်တွင် အသိုက်လုပ်နေကြ၏။
ထိုငှက်များက ကြောက်လန့်ဖွယ်ကောင်းလောက်အောင် မကြီးမားသော်လည်း မည်သူကမျှ မနှောင့်ယှက်ရဲကြပေ။
ဤငှက်များက လူကိုမကြောက်သည့်အပြင် အလွန်လက်စားချေတတ်ကြ၏။
အတိတ်ကာလတွင် ငတ်မွတ်နေသော လူတချို့က ဤသန္ဓေပြောင်းငှက်များကို စားသောက်ရန်အတွက် ကြိုးစားခဲ့ကြဖူး၏။
ကျောက်ခဲများနှင့် ပိုက်ကွန်များကို အသုံးပြု၍ ငှက်တချို့ကို ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြသည်။
သို့သော် ထိုညတွင်ပင် သူတို့က ငှက်အုပ်စု၏ ထိုးဆိတ်ခြင်းကို ခံရကာ သွေးအိုင်ထဲ၌ သားကောင်ဖြစ်ခဲ့ရလေ၏။
အပျော်သဘောဖြင့် ငှက်များကို ခဲနှင့်ပေါက်သော ကလေးများကိုပင် ထိုငှက်များက မှတ်မိနေပြီး ပြန်လည်၍ လက်စားချေခဲ့ကြ
သည်။
အချိန်ကြာလာသည်နှင့်အမျှ မည်သူကမျှ ထိုငှက်တို့ကို မနှောင့်ယှက်ရဲကြတော့ပေ။
ငှက်များက လူများကို အရင်ေုံး စတင်၍ တိုက်ခိုက်ခြင်းမရှိသော်လည်း လူသားများ၏ အခြေစိုက်စခန်းများတွင်သာ ခိုအောင်းနေတတ်ပြီး ထွက်ခွာသွားခြင်းလည်း မရှိကြပေ။
ဆိုရလျှင် ဤငှက်အုပ်ထဲတွင် ထူးဆန်းသော သတ္တဝါများ ပါဝင်နေလိမ့်မည်ဟု မည်သူကမျှ သံသယမဝင်ခဲ့ကြပေ။
စခန်း၏ အပေါ်ယံ ကောင်းကင်ယံတွင် ငှက်များစွာ ပျံသန်းနေကြ၏။
ဤအုပ်စုထဲမှ တစ်ကောင်က တခြားငှက်များနှင့် ကွဲပြားနေလေသည်။
အကယ်၍ တစ်စုံတစ်ဦးကသာ ထိုငှက်ကို သတိပြုမိပြီး ဖမ်းဆီးကာ အနီးကပ်စစ်ဆေးကြည့်မည်ဆိုပါက ၎င်း၏နဖူးတွင်တတိယမျက်လုံးကဲ့သို့သော အမည်းရောင်ပုံစံတစ်ခုရှိနေသည်ကို တွေ့ရလိမ့်မည်။
ထိုမျက်ဆန်များက ဝိုင်းစက်နေပြီး ယင်ရိလျိုတို့၏အဖွဲ့သားများ ပေထင်လမ်းမပေါ်တွင် လမ်းလျှောက်နေသည်ကို ခေါင်းစောင်း၍ ကြည့်နေခဲ့သည်။
ရုတ်တရက် ထိုငှက်က ပျံတက်သွားခဲ့ကာ ပတ်ဝန်းကျင်ရှိ ငှက်များကို လန့်ဖျန့်သွားစေခဲ့၏။
ငှက်သံများက လေထုထဲတွင် ပျံ့လွင့်သွားသည်။
ထိုငှက်မှာ အတောင်ပံများကို ခတ်၍ ပင်လယ်ဝါအစွန်းရှိ တောအုပ်နှင့် ချုံနွယ်များထဲသို့ ပျံသန်းသွားလေတော့၏။
တောနက်ထဲတွင် လူလုပ်ဂူတစ်ခု ရှိနေခဲ့ပြီး တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားကာ နွယ်ပင်ကဲ့သို့သော သတ္တဝါများက ဂူဝကို ဝန်းရံထားခဲ့သည်။
ငှက်က သူ၏ အတောင်ပံများကို ခါယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်လေ၏။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ရှည်လျားလာခဲ့၏။
၎င်း၏ အမွေးအတောင်များက အရေပြား၏ အောက်ဘက်သို့ ပုန်းကွယ်သွားပြီးနောက် အနက်ရောင်ဆံပင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူမ၏ မျက်လုံးများက နက်ရှိုင်းနေပြီး မျက်နှာကတော့ အမူအရာကင်းမဲ့နေခဲ့သည်။
သူမ ဂူပေါက်ဝသို့ ရောက်ရှိသည့်အချိန်တွင် နွယ်ပင်များက ဂနာမငြိမ် လှုပ်ရှားလာပြီး ဆူးများ ခါယမ်းလျှက်ထွက်ပေါ်လာခဲ့သည်။
သို့သော် သူမကို မှတ်မိသွားပြီးနောက်တွင် နွယ်များကို ညင်သာစွာ ပြန်လည်၍ ရုပ်သိမ်းသွားကြ၏။
သူမ ဂူထဲသို့ ဝင်လိုက်သည့်အချိန်တွင် အမှောင်ထုက သူမကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ပြီး အချိန်အတော်ကြာမှသာ အလင်းရောင်အနည်းငယ်ကို ထွက်ပေါ်လာခဲ့လေသည်။
ထိုဂူမှာ လျှို့ဝှက်ကမ္ဘာတစ်ခုပင် ဖြစ်လေ၏။ မြေအောက်အနက်တွင် အသိုက်ကြီးတစ်ခုနှင့်တူသော နေရာတစ်ခုရှိနေပြီး ထိုနေရာ၌ လူသားများစွာကို အကျဉ်းချထား၏။
သူတို့ထဲမှအများစုမှာ ပိန်ကပ်ပြီး ဖြူဖျော့နေသော သာမန်လူများသာ ဖြစ်ကြပြီး သူတို့၏မျက်နှာများတွင်တော့ နာကျင်မှု ၊ သို့မဟုတ် စိတ်ဝင်စားမှုအရိပ်အယောင်များကို မြင်တွေ့ရသည်။ သူတို့က အာရုံချောက်ခြားမှုထဲတွင် ပိတ်မိနေကြပုံရ၏။
တခြားတစ်ဖက်တွင်တော့ ဖန်သားပြင်အမိုးခုံးများထဲတွင် ထူးဆန်းပြီးဆိုးသွမ်းပုံရသော လူသားသဏ္ဌာန် သတ္တဝါတချို့ ရှိနေလေသည်။
၎င်းတို့ကို သတ္တဝါဟု ခေါ်ဆိုရန်ကလည်း သိပ်ပြီးမှန်ကန်ခြင်းမရှိပေ။
အကြောင်းမှာ ထိုအထဲမှအများစုသည်ကား ခန္ဓာကိုယ်တစ်ဝက်က လူသားဖြစ်ပြီး ၊ကျန်တစ်ဝက်က သားရဲများ၊ သို့မဟုတ်အပင်အမျိုးမျိုးဖြစ်နေသောကြောင့်ပင်။
သူတို့က ပန်းရောင်ဖျော့ဖျော့အရည်များထဲတွင် လုံးလုံးလျားလျားနှစ်မြုပ်နေကြ၏။
ကိုယ်ခန္ဓာရှိ ဒွာရခုနစ်ပေါက်လုံးတွင် အရည်များဖြင့် ပြည့်နေသော်လည်း ရေနစ်သေဆုံးခြင်းလည်း မရှိကြပေ။
သူတို့၏ မျက်နှာပေါ်ရှိ နာကျင်သောအမူအရာနှင့် သေးငယ်သောရုန်းကန်မှုများကို ကြည့်ခြင်းဖြင့် သူတို့အနေဖြင့် နာကျင်မှုဝေဒနာကို ခံစားနေရကြောင်း သိရှိနိုင်လေ၏။
ရုတ်တရက် လူငယ်တစ်ဦးက နွယ်ပင်များဖြင့် ပြုလုပ်ထားသော အပေါက်တစ်ခုမှ ထွက်ပေါ်လာခဲ့သည်။
သူက အမျိုးသမီးဆန်သော ရုပ်ရည်ရှိပြီး ရေမှော်များကဲ့သို့ ရှည်လျားသော ဆံပင်ကကောက်များနှင့် နက်မှောင်သော အစိမ်းရောင်မျက်လုံးများ ရှိနေခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော အလှတရားမျိုးကို ပိုင်ဆိုင်ထား၏။
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးကို မြင်သည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့ပြီး မျက်ခုံးများလည်း အနည်းငယ် တွန့်ကွေးသွားသည်။
“မင်း ရောက်လာခဲ့ပြီပဲ”
အမျိုးသမီး၏အသံမှာတော့ အေးစက်နေပြီး မည်သည့်ခံစားချက်မျှ မပါဝင်ခဲ့ပေ။
“ငါ့ကို အဲဒီလိုမျိုး ရွံစရာကောင်းတဲ့ အမူအရာနဲ့ မကြည့်စမ်းနဲ့”
“အဲဒီလိုမျိုး မလုပ်ပါနဲ့၊ လူသားတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ခံစားချက်တွေလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ အများကြီး ရှိသေးတယ်၊
မင်း သူတို့ကို နားလည်အောင်လို့ သင်ယူသင့်တယ်၊ ဒါမှ မင်းလည်း ဒီကမ္ဘာကြီးထဲမှာ သူတို့နဲ့ ရောနှောပြီးနေထိုင်နိုင်မှာ၊ အခုလိုမျိုးပေါ့”
ထိုအမျိုးသားက မျက်လုံးမှေးလျက် အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
သူက သာမန်လူတစ်ယောက်နှင့် လုံးဝ မခြားနားပါချေ
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက ဤကိစ္စနှင့် ပတ်သက်၍ သူနှင့် ငြင်းခုံလိုစိတ်မရှိဘဲ အေးစက်သောအသံဖြင့်သာ ပြောလိုက်လေ၏။
“မင်းကငါ့ကို စောင့်ကြည့်ခိုင်းထားတဲ့ အရာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတချို့ ရှိနေတယ်”
“ဘယ်လိုမျိုးလဲ”
ထိုအမျိုးသားက စိတ်ဝင်စားသွားပြီး သူ၏နက်မှောင်လောက်သည်အထိ စိမ်းညို့နေသောမျက်လုံးများထဲတွင် လူသားတို့၏ စပ်စုသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ဖန်အိုးများထဲမှ လူတစ်ယောက်က ရုတ်တရက် အပြင်းအထန် ရုန်းကန်လာခဲ့ပြီး သူ၏မျက်နှာကလည်း ရှုံ့တွလာခဲ့ကာ ခန္ဓာကိုယ်မှာ အားပြင်းပြင်းဖြင့် တွန့်လိန်ကောက်ကွေးသွားလေ၏။
ထိုအမျိုးသားက အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးကို ခဏရပ်ရန် အချက်ပြလိုက်ပြီးနောက်တွင် ပန်းရောင်ရေကန်ထဲတွင် နှစ်မြှုပ်နေသော လူကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်လေသည်။
ဤသူမှာ သာမန်လူတစ်ဦးသာဖြစ်ပြီး သုခဘုံဗုဒ္ဓမှ သူ့ကို ဒုက္ခကင်းဝေးရာ ကမ္ဘာသို့ ပို့ဆောင်ပေးလိမ့်မည်ဟု အခိုင်အမာယုံကြည်ခဲ့သူပင်ဖြစ်၏။
သို့သော် ယခုအချိန်တွင်တော့ သူက မိစ္ဆာသတ္တဝါတစ်ကောင်ကဲ့သို့ ပြောင်းလဲနေခဲ့လေပြီ။
သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းကို လူသားဟု ပြောနိုင်သော်လည်း ရင်ဘတ်နှင့် ပုခုံးများတွင် အနီရောင်ချည်မျှင်များဖြင့် ခပ်စိပ်စိပ်ဖုံးလွှမ်းနေပြီး မျက်နှာနှင့် ဦးခေါင်းအထိ ပြန့်နှံ့နေလေ၏။
သို့သော် ရင်ဘတ်၏ အောက်ပိုင်းမှစကာ တွန့်လိမ်ကောက်ကွေးနေသော သားရဲခန္ဓာကိုယ်ဖြစ်နေပြီး ခါးသေးကာ သန်မာသော နောက်ခြေနှစ်ဖက် ရှိသည်။
သူက ဖန်သားပြင်ကို အသည်းအသန် ကန်ကျောက်နေပြီး အပြင်ဘက်မှ ပြုံးနေသော ဆံပင်အရှည်နှင့် အမျိုးသားကို နာကျင်ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေသည်။
အကယ်၍သာ သူ့ကို နောက်တစ်ကြိမ်ရွေးချယ်ခွင့် ထပ်ပေးမည်ဆိုပါက ဤသုခဘုံဂိုဏ်းအပေါ်တွင် မည်သည့်အချိန်တွင်မျှ မျှော်လင့်ချက် ထားတော့မည် မဟုတ်ပေ။
စခန်းထဲရှိ လူများနှင့်အတူ ငတ်မွတ်ခေါင်းပါးစွာ နေထိုင်ရသည်ကမှ ပို၍ကောင်းပေဦးမည်။
အနည်းဆုံးတော့ သူ အသက်ရှင်နေသည်ဟု ခံစားရမည် မဟုတ်ပါလား။
သူက သုခဘုံဗုဒ္ဓ၏ တန်ခိုးတော် များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အမာခံယုံကြည်သူတစ်ဦးဖြစ်၍ နောက်လိုက်ရာပေါင်းများစွာထဲမှ ရွေးချယ်ခံရသူတစ်ဦးဖြစ်ခဲ့၏။
သူ အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်ခဲ့ကာ ခမ်းနားသော ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ဒဏ္ဍာရီလာ သုခဘုံဗုဒ္ဓဖြစ်သော သူ၏ရှေ့တွင် ရှိနေသည့် ဤအမျိုးသားနှင့် တွေ့ဆုံခဲ့သည်။
သူ့အနေဖြင့် ထိုအချိန်မှစ၍ ကောင်းမွန်သော ဘဝကို ရလိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်။
သို့သော် ပြန်နိုးလာသည့်အချိန်တွင် မှောင်မည်းနေသော ဂူကိုသာ မြင်တွေ့ခဲ့ရလေ၏။
*