အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း(215)
လျို့ယွီ၏ မျက်လုံးများက ပြူးကျယ်သွားရပြီး အော်ဟစ်ရန် ကြိုးစားလိုက်သော်လည်း သေးငယ်ပြီး ကြမ်းတမ်းသော လက်တစ်ဖက်က သူ၏ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။
ထို့နောက် သူ၏ ပါးရိုးများကို ကြေမွသွားမတတ် အားဖြင့်ညှစ်ထားလေတော့၏။
သူမထံမှ သင်းပျံ့နေသော ရနံ့လေးတစ်ခုကိုသာ သူ ခံစားလိုက်ရပြီးနောက် သူ၏ရှေ့မှ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။
သူမက အရပ်သိပ်မရှည်ဘဲ ခေါင်းပေါ်တွင် ယုန်နားရွက်တစ်စုံ ရှိနေကာ အလွန်ချောမောလှပ၏။
သူမ၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး ရှိနေခဲ့သော်လည်း သူမ၏ ဖျော့တော့သော မျက်လုံးများကတော့ ကျင်းယန်ဆိုသည့် အမျိုးသား၏ မျက်လုံးများကဲ့သို့ မည်သည့်နွေးထွေးမှုမျှ မရှိဘဲ အေးစက်နေခဲ့သည်။
သူ့အနေဖြင့် အမျိုးသမီး၏ မျက်နှာပေါ်မှ သွေးစက်တချို့ကို သတိထားမိလိုက်ပြီးနောက်မှသာ နာကျင်မှုကို နောက်ကျစွာ ခံစားလိုက်ရလေ၏။
သူ၏ လည်ချောင်းထဲမှ သွေးများ ပန်းထွက်လာခဲ့သော်လည်း သူ့ထံတွင် အော်ဟစ်နိုင်စွမ်း မရှိတော့ပေ။
အမျိုးသမီးက လက်ထဲတွင် ပါးလွှာပြီး ရှည်လျားထက်မြက်သော ဓားတစ်လက်ကို ကိုင်ထားခဲ့ကာ ဓားသွား၏ တစ်ဖက်တွင်တော့ သွေးများက စွန်းထင်နေခဲ့လေ၏။
နောက်တစ်စက္ကန့်တွင် သူ၏ နှလုံးသားကလည်း အလွန် တိကျစွာ အထိုးခံလိုက်ရတော့သည်။
နှင်းများ၏ကြားတွင် အရိုးပေါ် အရေတင်ဖြစ်နေသော အမျိုးသားတစ်ဦးက မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားခဲ့၏။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာနှစ်ခုက အလွန်သေးငယ်လွန်းသောကြောင့် သူက လဲကျနေချိန်တွင် သွေးများပင် အပြင်သို့ စိမ့်ထွက်မလာဘဲ ကွေးကွေးလေး အိပ်ပျော်နေသကဲ့သို့သာ ထင်မှတ်ရသည်။
ယုန်နားရွက်နှင့် မိန်းကလေးက သူမ၏ နှုတ်ခမ်းထောင့်ရှိ နွေးထွေးသော သွေးစက်ကို လက်ဖျားဖြင့် တို့ကြည့်လိုက်ပြီး ချီထူဓားပေါ်သို့ စီးကျနေသော သွေးများကိုလည်း ညင်သာစွာ သုတ်ဖယ်လိုက်လေသည်။
သူမက တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ ရုတ်တရက်မလှမ်းမကမ်းရှိ နံရံပေါ်သို့ ခေါင်းကို မော့ကြည့်လိုက်လေ၏။
တိုက်ခတ်နေသောလေကြောင့် ဝတ်ရုံရှည် တလွင့်လွင့်ဖြစ်နေသော အမျိုးသားတစ်ဦးက နံရံပေါ်တွင် ရပ်နေခဲ့သည်။
သူ၏မျက်နှာကို သဲကွဲစွာ မမြင်ရသော်လည်း သူ၏မျက်လုံးများကအနည်းငယ် ရှုပ်ထွေးနေပုံရကာ မှောင်မည်းနေသော ညထဲတွင် တောက်ပနေခဲ့သည်။
ယုန်နားရွက်နှင့် မိန်းကလေးက ချီထူး ဓားကို ကျွမ်းကျင်စွာဖြင့် ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး နှင်းကျနေသော ညအရိပ်အောက်မှ ထိုအမျိုးသားကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။
*
စစ်ဆေးမေးမြန်းခြင်းကို ခံရသည့်အချိန်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အချက်များမှ တစ်ဖက်လူထက် ပို၍ သနားစရာကောင်းအောင်၊ သို့မဟုတ် ပို၍ မှန်ကန်ကြောင်းကို ပြသနိုင်ရန်နှင့် ပို၍ အသံကျယ်ကျယ်အော်နိုင်ခြင်းတို့သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် သင်၏ တည်ရှိမှုဖြင့် သူတို့ကို လွှမ်းမိုးနိုင်ပေလိမ့်မည်။
ခြံဝင်းသို့ ပြန်ရောက်သည့်အချိန်တွင် ရှူးယန်အသင်း၏ တခြားအဖွဲ့ဝင်များက သူတို့နှစ်ဦးက တစ်ဦး၏ အနောက်မှတစ်ဦးက ဝင်လာသည်ကို မြင်တွေ့ရပြီးနောက် သူတို့၏ ကိုယ်ပိုင်အခန်းများထဲသို့ ပြန်ဝင်သွားကြ၏။
ယင်ရိလျိုက ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ နှင်းကျသောညတွင် လိုက်လံ၍ တိုက်ခိုက်ခဲ့ချိန်က ပြသခဲ့သော ရဲရင့်သည့် အမူအရာများကတော့ လုံးဝကို ပျောက်ကွယ်နေခဲ့လေပြီ။
သူမက အမူအရာကသ်းမဲ့နေသော ကျင်းယန်ကို အနည်းငယ် ထိတ်လန့်စွာဖြင့် ကြည့်လိုက်ပြီး ပထမဆုံး ပြောဆိုရန်အတွက် ဆုံးဖြတ်လိုက်လေ၏။
သူမက ချောင်းအနည်းငယ်ကို ဆိုးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“ကောက ကျွန်မကို အရင် ဖုံးကွယ်ထားတာလေ၊ ကောနဲ့ လင်းကျားကျဲက ကျွန်မရဲ့ကွယ်ရာမှာ လုပ်နေတာတွေကို ကျွန်မ အကုန်မြင်ပါတယ်”
သူမက ပြောနေရင်းနှင့် ယုံကြည်မှုများက လျော့နည်းလာကာ အသံကလည်း တဖြည်းဖြည်း တိုးသွားခဲ့၏။
အကယ်၍ သူမသာ ကျင်းယန်၏ အပြောင်းအလဲများကို အာရုံမခံနိုင်ခဲ့ပါက သူ၏ အမူအရာမဲ့နေသော မျက်နှာကို ကြည့်ရုံဖြင့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားချင်နေကြောင်းကို သူမက သိနိုင်မည် မဟုတ်ပေ။
ယင်ရိလျို အနည်းငယ် စိတ်ပျက်နေမိသည်။
ကျင်းယန်၏ စိတ်ထဲတွင် သူမက အမြဲတစေ ကာကွယ်ပေးရန်အတွက် လိုအပ်နေသော ကလေးတစ်ဦးအဖြစ်သာ ရှိနေခဲ့၏။
သူက မသိစိတ်ဖြင့် သူမကို အရာအားလုံးမှ အကာအကွယ်ပေးထားချင်နေခဲ့သည်။
ထို့ကြောင့်ပင် သူမက ဓားရှည်ကို ကိုင်စွဲခဲ့ခြင်း ဖြစ်လေ၏။
သူမက အလွန်ပင် ပင်ပန်းနေချိန်နှင့် ဓားကြောင့်ပင် ခန္ဓာကိုယ်တွင် ဒဏ်ရာများက ရရှိခဲ့ချိန်၌ပင် အံကို တင်းတင်းကြိတ်၍ အရာအားလုံးကို အောင့်အည်း သည်းခံခဲ့သည်။
သူမက အရွယ်ရောက်လာပြီဖြစ်၍ ကျင်းယန်၏ အကာအကွယ်အောက်မှ ကပ်ပါးနွယ်ပင်တစ်ပင်အဖြစ် ဆက်လက်၍ မရှင်သန်လိုတော့ပေ။
သူမက ဤရက်စက်လွန်းသော ကမ္ဘာပျက်ကပ်အတွင်း သန်မာသူတစ်ဦး ဖြစ်လာချင်ပြီး အဖွဲ့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးကာ အန္တရာယ်ရှိသော အချိန်များတွင် ကျင်းယန်၏အတွက် အားကိုးရာ ဖြစ်ချင်၏။
ယခုတစ်ကြိမ်တွင် ကျင်းယန်ကို သူမက အရွယ်ရောက်ပြီဖြစ်ကြောင်းကို ပြသရန်အတွက်ကို အလွန် စိတ်အားထက်သန်နေခဲ့သောကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိခဲ့သည်။
သူမ၏ ထင်ရာစိုင်းမှုကြောင့် ကျင်းယန်က စိတ်ဆိုးမည်လားကိုတော့ သူမက မသိပေ။
သူမ၏ ခေါင်းပေါ်မှ နူးညံ့၍ ပန်းရောင်သန်းနေသည့် ယုန်နားရွက်လေးများက ပါးပြင်နှစ်ဖက်တွင် တွဲကျသွားခဲ့ကာ ရေအေးဖြင့် အပက်ခံလိုက်ရသောကြောင့် ညှိုးနွမ်းသွားသော ပန်းကလေးတစ်ပွင့်နှင့် တူနေလေ၏။
ကျင်းယန်၏ အမူအရာက ပျော့ပြောင်းသွားခဲ့ရသည်။
သူက သူရှေ့မှ မိန်းကလေး၏ နူးညံ့သော ယုန်နားရွက်လေးများကို လက်လှမ်း၍ ပွတ်သပ်ပေးချင်နေမိသည်။
သို့သော် သူမက ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခံရသည်ကို မနှစ်သက်ကြောင်း သတိရသွားသောကြောင့် လက်ချောင်းများသာ လှုပ်ရှားသွားပြီး လက်ကို မဆန့်တန်းခဲ့ပေ။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး ပြောလိုက်လေသည်။
“ကိုယ်က ထုထုကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး၊ ဒီလိုကလေးမလေးက အခုလိုမျိုး အစွမ်းထက်လာတာကို အံ့သြသွားလို့ပါ”
သူက ယင်ရိလျို၏ ငယ်ရွယ်နုပျိုသော ထက်မြက်မှုနှင့် အပြောင်းအလဲများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်၍ သူမက မည်သို့ပင် ဖြစ်လာသည်ဖြစ်စေ သူ အမြဲတစေ ချစ်မြတ်နိုးနေမည် ဖြစ်၏။
ချီးကျူးစကားကို ရရှိလိုက်သည်နှင့် ယင်ရိလျို၏ စိတ်ပျက်နေသော မျက်ဝန်းများက ချက်ချင်းပင် တောက်ပလာခဲ့သည်။
သူမ၏ ခေါင်းပေါ်မှ နားရွက်လေးများကလည်း လျှပ်စစ်သွင်းထားသော အရုပ်လေးများကဲ့သို့ ထောင်မတ်သွားတော့၏။
သူမက အနည်းငယ် ရှက်သွားရပြီး နှာခေါင်းလေးကို ရှုံ့လိုက်လေ၏။
ရုတ်တရက် ကျင်းယန်၏ လက်တစ်ဖက်က လှမ်းလာခဲ့ပြီး သူမ၏ မေးစေ့ပေါ်မှ မသုတ်ရသေးဘဲ ကျန်နေသော သွေးစွန်းရာတစ်ခုကို သုတ်ပေးလိုက်လေသည်။
တကယ်တမ်းတွင် ကျင်းယန်က ယုန်လေး၏ တိုက်ပွဲဝင်ခြင်းကို ကန့်ကွက်သူ မဟုတ်ပေ။
ယင်ရိလျိုက အံကို တင်းတင်းကြိတ်ကာ မျက်ရည်များကို ထိန်းလျက် ဓားကျင့်စဉ်ကို ကျင့်နေရသည်ကို မြင်ရသည့် အချိန်တိုင်း သူ ပို၍ပင် ကျေနပ်မိသည်။
သူမအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ဤသည်က ယင်ရိလျိုကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းဖြစ်သကဲ့သို့ ဤကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်မည့် လမ်းလည်းဖြစ်နေသောကြောင့်ပင်။
“မျက်နှာသွားသစ်လိုက်တော့၊ ပြီးရင် အိပ်တော့နော်”
သူက ခပ်တိုးတိုး ပြောလိုက်လေ၏။ သူမက ချစ်စရာကောင်းသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့ မနက်တွင်တော့ မည်သူကက မျှ ယမန်နေ့ညက ဖြစ်ရပ်ကို ထုတ်မပြောကြပေ။
အခြေစိုက်စခန်းထဲရှိ ကျို့လုံဂူမှ လောင်ပါး၏ သေဆုံးသွားခြင်းကလည်း မည်သည့်ဂယက်မျှ မထွက်ခဲ့ဘဲ နှင်းထူထပ်မှုအောက်တွင် အရာအားလုံးက ဖုံးကွယ်သွားခဲ့သည်။
ကျန်းဟောင်ရှန့် သူ၏ ယိုင်နဲ့နဲ့ အိမ်လေးထဲမှ ထွက်လာခဲ့လေ၏။
သူ၏မျက်နှာက ဒဏ်ရာများနှင့် သွေးများက စွန်းထင်နေဆဲပင်။
ယမန်နေ့ညက သူ သေရတော့မည်ဟု ထင်မှတ်ခဲ့ပြီး လောင်ပါး၏ ရက်စက်ပြီး အသုံးချတတ်သော အမူအရာကြောင့်လည်း စိတ်နှလုံး ထိခိုက်ခဲ့ရသည်။
သို့သော် ထိုအမျိုးသားက သူ့ကို နှင်းထဲတွင် ဖိချထားပြီး မလှုပ်နိုင်လောက်အောင် ရိုက်နှက်ရုံသာ လုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့၏။
မနက်ခင်းတွင် နှင်းကျမှုက ရပ်တန့်သွားသော်လည်း မြေပြင်ပေါ်ရှိ နှင်းများက အရည်မပျော်သေးပေ။
လမ်းပေါ်တွင် အမှိုက်များကို ရှင်းလင်းနေသော အလုပ်သမားများကို မြင်လိုက်ရ၏။
ကျန်းဟောင်ရှန့်တစ်ယောက် လှည်းပေါ်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် အုပ်ထားသော အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။
ထိုအလောင်း၏ ခြေရင်းမှ စုတ်ပြတ်နေသော ဝတ်ရုံစက သူ့အတွက် အလွန်ရင်းနှီးနေခဲ့၏။
သူ အကြည့်ကို လွှဲလိုက်ပြီး နေရောင်၏ အောက်တွင် ကိုယ်လက်ဆန့်ထုတ်ကာ စိတ်မကောင်းဖြစ်မှုများနှင့်အတူ သက်ပြင်းချလိုက်မိသည်။
ဤအချိန်တွင်တော့ ရှူးယန်အသင်းက အထူးတပ်ဖွဲ့၏ အစည်းအဝေးခန်းမထဲသို့ ရောက်ရှိနေလေပြီ။
အခန်းကျယ်ကြီးထဲတွင် လူများဖြင့် ပြည့်နှက်နေခဲ့လေ၏။ ဆင့်ကဲပြောင်းလဲသူ အဖွဲ့သုံးဖွဲ့လုံး ရောက်ရှိနေခဲ့ခဲ့သည်။
ရှူးယန်အသင်းက အဖွဲ့ဝင် အနည်းဆုံးဖြစ်သော်လည်း လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေခဲ့လေသည်။
ဖန်သားပြင်ပေါ်တွင် ဗီဒီယိုတစ်ခုက ပေါ်လာခဲ့၏။
ဗီဒီယိုက လျှို့ဝှက် ရိုက်ကူးထားပုံရသောကြောင့် ဝေဝါးနေခဲ့သည်။
ဗီဒီယိုထဲတွင် လူပေါင်း ရာနီးပါးကို မြင်တွေ့လိုက်ရပြီး သူတို့၏ ပုံပန်းသဏ္ဌာန်နှင့် စုတ်ပြတ်နေသော အဝတ်အစားများအရ သူတို့အားလုံးက သာမန်လူများဖြစ်ပုံရ၏။
သူတို့က မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ရှေ့ဆုံးတွင်ရှိနေသော ဝတ်ရုံဖြူဝတ်ကို အမျိုးသားနှစ်ဦးကို လေးစားစွာဖြင့် ကြည့်နေကြ၏။
ဗီဒီယိုကို ရိုက်ကူးသူက ပွင့်ပွင့်လင်းလင်းမရိုက်ရဲသောကြောင့် ဝတ်ရုံဖြူဝတ် အမျိုးသားနှစ်ဦးကို အကြာကြီး မမြင်ရပေ။
သူတို့က လမ်းလျှောက်နေရင်း သူတို့၏ နတ်ဘုရား အကြောင်းနှင့် သူ၏ စွမ်းဆောင်နိုင်ရည်များကို ဝါဒဖြန့် ပြောဆိုနေကြခြင်း ဖြစ်၏။
ယင်ရိလျိုက စစ်ရောင်စုံ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျင်းယန်၏ ဘေးတွင် ထိုင်ကာ တည်ကြည်သော အမူအရာဖြင့် ဖန်သားပြင်ကို ကြည့်နေသော်လည်း သူမ၏ စိတ်ထဲတွင် ဝေဖန်နေမိသည်။
ဗီဒီယိုထဲမှ အမျိုးသားနှစ်ဦးက ပိရမစ်စနစ်ဖြင့် လိမ်လည်နေသူများနှင့် တူပြီး ကမ္ဘာပျက်ကပ်ကြောင့် စိတ်ဓာတ်ကျဆင်းနေသော သာမန်လူများကို ဦးနှောက်ဆေးနေခြင်းသာ ဖြစ်သည်။
သုခဘုံဗုဒ္ဓက ဗုဒ္ဓနှင့် ဆက်သွယ်နိုင်ပြီး ဆင်းရဲဒုက္ခရောက်နေသူများ အတွက် နွေးထွေးသော အဝတ်အစားနှင့် အစားအစာများကို ယူဆောင်လာပေးနိုင်သည်ဟူ၏
ထိုစကားများက အဓိပ္ပာယ်မရှိလွန်းပေ။
အကယ်၍ ဤဂိုဏ်းမှ နတ်ဘုရားနှင့် ဗုဒ္ဓများကသာ အမှန်တကယ်ပင် အစွမ်းထက်ပါက အဘယ်ကြောင့် ကမ္ဘာပျက်ကပ်ကို မရပ်တန့်ပေးပါသနည်း။ နှင်းကျမှုကို မတားဆီးပေးနိုင်ရသနည်း။
ဗီဒီယိုထဲမှ လူအုပ်ကြီးက အော်ဟစ်၍ ဒူးထောက် တောင်းပန်နေကြသည်။
“ကျွန်တော့်ကို ရွေးပေးပါ!”
“ ကျွန်မကို ရွေးပေးပါ!”
တချို့က အစားမစားရသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ တချို့က အေးလွန်းသောကြောင့် အင်္ကျီတစ်ထည်လောက်လိုချင်ကြောင်းကို ငိုယို၍ ပြောဆိုနေကြ၏။
ဤမြင်ကွင်းကို ကြည့်နေသော အစည်းအဝေးခန်းမထဲရှိ လူများကလည်း စိတ်မကောင်းဖြစ်ကာ တိတ်ဆိတ်သွားကြသည်။
ဗီဒီယိုထဲတွင် ဝတ်ရုံဖြူဝတ် အမျိုးသားနှစ်ဦးက လူနှစ်ဦးကို ရွေးချယ်လိုက်လေသည်။
ထိုလူနှစ်ဦးက ဝမ်းသာအားရဖြင့် ရေရွတ်နေခဲ့ကြ၏။
“ငါ့ကို ရွေးလိုက်ပြီ!”
“ငါ အရွေးခံလိုက်ရပြီ!”
*
အခန်း(216)
ယင်ရိလျိုက ဝတ်ရုံဖြူဝတ် အမျိုးသားနှစ်ဦးကို သေသေချာချာ ကြည့်လိုက်လျှင် သူတို့က သာမန် အသက်လတ်ပိုင်း အမျိုးသားများသာဖြစ်သော်လည်း တစ်စုံတစ်ခုက ထူးဆန်းနေသည်ကို သတိထားမိလိုက်လေ၏။
သူတို့က စိတ်လှုပ်ရှားမှု မရှိဘဲ စက်ရုပ်များကဲ့သို့ အေးစက်စွာသာ စကားပြောနေခဲ့ကြသည်။
တစ်နည်းအားဖြင့် သူတို့က လူသားနှင့် မတူတော့ပေ။
ဝတ်ရုံဖြူဝတ် အမျိုးသားများက ရွေးချယ်ခံရသူ နှစ်ဦးကို တစ်စုံတစ်ခု ကျွေးလိုက်လေ၏။
ဗီဒီယိုရိုက်ကူးသူက အဝေးမှဖြစ်သောကြောင့် မည်သည့်အရာကိုကျွေးလိုက်ခြင်းဖြစ်ကြောင်း မသိရပေ။
သို့သော် ထိုပစ္စည်းကို စားပြီးနောက်တွင် ထိုလူနှစ်ဦး၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။
တစ်ဦးက မည်သည်အရာမှမရှိသော လေကို ဝါးစားနေပြီး အလွန် အရသာရှိသော ကြက်ကင်များကို စားနေရသကဲ့သို့ လောဘတကြီး ပြုမူနေသည်။
တခြားတစ်ဦးက အံ့သြစရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ မျက်ရည်များက စီးကျလာပြီး သူ၏ သေဆုံးသွားခဲ့သော မိသားစုဝင်များကို မြင်တွေ့နေရပုံရ၏။
ခန်းမထဲရှိ လူများက အံ့သြသွားကြ၏။
“ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
ရှန်ကျစ်ဟူက စတင်၍ ပြောဆိုသည်။
“ဒီဗီဒီယိုကို ပင်လယ်ဝါဒေသက သုခဘုံဂိုဏ်းထဲကို လျှို့ဝှက်ဝင်ရောက် စုံစမ်းနေတဲ့ ငါတို့ရဲ့ ရဲဘော်တွေက ပေးပို့လာတာ၊
အဲဒီမှာက ရွေးချယ်ခံရတဲ့ လူတွေက နတ်ဘုရားကို တွေ့ရတယ်လို့ ယုံကြည်သွားကြတယ်၊
တစ်ယောက်ကတော့ ဘုရားကျောင်းက သန့်ရှင်းရေးသမားအဖြစ် အလုပ်ရသွားပြီး အဲဒီနောက်ပိုင်း သူ့ကို ဘယ်သူကမှ မတွေ့ရတော့ဘူး”
ယင်ရိလျိုက ထိုလူနှစ်ဦး၏ အခြေအနေကို စဉ်းစားကြည့်ကာ တစ်စုံတစ်ခုကို ရိပ်မိလိုက်လေသည်။
ရှန်ကျစ်ဟူက ဆက်ပြောလာလေသည်။
“စုံစမ်းစစ်ဆေးမှုတွေရဲ့အရတော့ အဲဒီသုခဘုံဗုဒ္ဓ ဆိုတာက အတုအယောင်သက်သက်ပဲဖြစ်ပြီးတော့ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေက တကယ်မရှိပါဘူး၊
အရာ အားလုံးက လူသားတွေ ဖန်တီးထားတာဖြစ်ပြီးတော့ သန္ဓေပြောင်း လူသားနှင့်တူတဲ့ သတ္တဝါတစ်ကောင်ရဲ့ လက်ချက်ပဲ “
ယင်ရိလျိုက အလွန်ပင် ထိတ်လန့်သွားခဲ့ရလေ၏။ သို့သော်လည်း ချက်ချင်း စိတ်ကို ထိန်းချုပ်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ကျင်းယန်ကို လှမ်းကြည့်လိုက်သည်။
“ကျွန်တော်ပြောတော့မယ့်အရာကို လျှို့ဝှက်ထားရမယ်၊ ခင်ဗျားတို့အားလုံးက အထူးတပ်ဖွဲ့တွေရဲ့ တက်ကြွတဲ့အဖွဲ့ဝင်တွေဖြစ်ပြီး ဒီမစ်ရှင်ကို ထမ်းဆောင်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် အဓိကလျှို့ဝှက်ချက်တချို့ကို သိဖို့ အရည်အချင်းပြည့်မီတယ်
အခြေစိုက်စခန်းရဲ့ သုတေသနဌာနကတစ်ချိန်က အထူးဆင့်ကဲပြောင်းလဲလာတဲ့လူသားတွေကို ဖမ်းဆည်းထားခဲ့ဖူးတယ်၊ အဲဒီထဲမှာ အစွမ်းထက်ဆုံးနဲ့ အန္တရာယ်အရှိဆုံးကတော့ လုံးဝရူးသွပ်သွားတဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ လူသားတစ်ယောက်ပဲ...”
သုခဘုံဂိုဏ်း၏နောက်ကွယ်မှ ကြိုးကိုင်သူများမှာ အခြေစိုက်စခန်း၏ သုတေသနဌာနမှ ထွက်ပြေးလွတ်မြောက်လာသော နံပါတ်(6) ဆင့်ကဲပြောင်းလဲလူသား ဝူဝေ့ရုံနှင့် နံပါတ်(9) ဆင့်ကဲပြောင်းလဲလူသားဗြမ္မာတို့ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ပေသည်။
“…”
ယင်ရိလျိုတစ်ယောက် ရှန်ကျစ်ဟူ ပြောသည့်စကားကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ဘဲ လုံးဝ ကြောင်အသွားရသည်။
သူမအနေဖြင့် ရှန်ကျစ်ဟူ စနောက်ခြင်းလားဟုတွေးခဲ့သော်လည်း သူမ၏ ဆင်ခြင်တုံတရားက မှန်ကန်ကြောင်းပြေနေခဲ့သည်။
အကယ်၍သာ ထျန်းထျန်းကသာ ထိုဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်နေခဲ့လျှင် ယခင်က ထိုလူနှစ်ဦး၏ ထူးဆန်းသော အမူအရာများကို နားလည်နိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဝတ်ရုံဖြူဝတ် အမျိုးသားများက ထိုလူတို့ကို ထျန်းထျန်း၏ အာရုံချောက်ခြားစေသော ပိုးမွှားများကို ကျွေးလိုက်ခြင်းကြောင့်ပင်။
ထိုပိုးမွှားက သူတို့ကို ပြင်းထန်သော စိတ်ကူးယဉ်အာရုံချောက်ခြားမှုများထဲသို့ ရောက်ရှိသွားစေခဲ့လိမ့်မည်။
လူတစ်ယောက်က စားသောက်ဆိုင်တစ်ခုတွင် ကြက်ကင်ပွဲကြီးကို အားပါးတရ စားနေရသည်ဟု ခံစားနေရသည်။
နောက်တစ်ယောက်က သေဆုံးသွားပြီဖြစ်သော သူ၏ဇနီး၊ ကလေးများနှင့် မိဘများ၏ အသံနှင့် အပြုံးများကို အစစ်အမှန်ကဲ့သို့ မြင်တွေ့ကြားနေရသည်။
သူတို့၏ အာရုံချောက်ခြားမှုထဲတွင် မြင်တွေ့နေခဲ့ရသော မြင်ကွင်းများက အလွန်ပင် စစ်မှန်လွန်းသောကြောင့် အစစ်အမှန်နှင့် အိမ်မက်ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
ယင်ရိလျိုကိုယ်တိုင်ကလည်း ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသူဖြစ်၏။
ဆင့်ကဲပြောင်းလဲသူများပင် တောင့်ခံရန်အတွက် ခဲယဉ်းသော ထိုအခြေအနေမျိုးကို စိတ်ဓာတ်ပျော့ညံ့သော သာမန်လူနှစ်ဦးက ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
သို့သော် သူမက ပတ်ဝန်းကျင်ရှိ ဆင့်ကဲပြောင်းလဲသူများ၏ ဆွေးနွေးမှုများကို အမူအရာမဲ့စွာဖြင့်သာ နားထောင်နေခဲ့၏။
ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့က မည်သည့်ခံစားချက်ကိုမျှ မပြသင့်ပေ။
မည်သည့်အရာကိုမှမသိသကဲ့သို့၊ နားမလည်သကဲ့သို့သာ ဟန်ဆောင်နေရလိမ့်မည်။
သူမ၏ ဘေးနားမှ တစ်ဦးက ခပ်တိုးတိုးပြောနေသည်ကို ကြားလိုက်ရ၏။
“သူတို့ ပြောတဲ့စကားကတော့ အထက်တန်းဆန်လိုက်တာ၊ လောင်ရှန်ကလည်း အဲဒီလူတွေအတွက် ဖုံးကွယ်ပေးဖို့ ကြိုးစားနေသေးတယ်၊
ဒါက လူသားတွေကို စမ်းသပ်တာ မဟုတ်ဘူးလား၊ အခုတော့ စမ်းသပ်ခံရတဲ့သူတွေက ထွက်ပြေးသွားပြီးတော့ လူ့အဖွဲ့အစည်းကို ကလဲ့စားချေဖို့ ကြိုးစားနေပြီ၊ အခုကျမှ ငါတို့ကို သွားဖမ်းခိုင်းနေတာလား”
“အသံကို တိုးတိုးပြောစမ်းပါ၊ လောင်ရှန်က ကြောက်နေတာ မဟုတ်ဘူး၊ ဟိုဘက်ကို ကြည့်လိုက်ဦး.. သုတေသနဌာနက တစ္ဆေအိုကြီးတချို့က အမှောင်ရိပ်ထဲကနေ စောင့်ကြည့်နေကြတာ”
*
ဟယ်လီကော်ပတာများက မြေပြင်မှ ဝုန်းဒိုင်းကြဲ၍ ပျံတက်သွားကြချိန်တွင် မြို့တော် B အခြေစိုက်စခန်းရှိ အိုးမဲ့အိမ်မဲ့များက အေးစိမ့်သော လေထဲတွင် ညစ်ပတ်လွန်းသော သူတို့၏ မျက်နှာများကို မော့ကြည့်လိုက်ကြ၏။
သူတို့က အမည်းရောင် အစက်အပြောက်များက တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ဆောင်းတွင်း၏ သေဆုံးခြင်းနေ့ရက်များကို တိတ်တဆိတ် ရေတွက်နေကြသည်။
စခန်း၏ အပြင်ဘက်ရှိ နှင်းများက ဆောင်းတွင်းမှာပင် စိမ်းလန်းနေသော တောအုပ်ကို ဖုံးလွှမ်းထားလေ၏။
တချို့သော သစ်ပင်များက ထိန်းမနိုင်သိမ်းမရ ကြီးထွားနေကြပြီး အမြင့်ဆုံးမှ သစ်ကိုင်းများကတေား လေနှင့်နှင်းဒဏ်ကို မခံနိုင်သောကြောင့် အရွက်များက ကြွေလွင့်ကာ တစ်ပင်တည်း ထီးထီးကြီး ရှိနေကြသည်။
ထိုသစ်ကိုင်းတစ်ခုပေါ်ရှိ သေးငယ်သော ပိုးကောင်လေးတစ်ကောင်မှာ ရုတ်တရက် ပျံသန်းလာသော သန္ဓေပြောင်းဧရာမငှက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။
ဆောင်းတွင်း၏ အေးစိမ့်မှုအကြားတွင် စိမ်းလန်းသော အရောင်နှင့် နှင်းဖြူဖြူများက ရောယှက်နေခြင်းက ပတ်ဝန်းကျင်ကို ပျင်းရိငြီးငွေ့စရာ မကောင်းအောင် ပြုလုပ်ပေးထားသည်။
ပျံသန်းနေသော ဟယ်လီကော်ပတာများထဲတွင် ရှူးယန်အသင်း ရှိနေသော တစ်စင်းကလည်း ပါဝင်နေ၏။
ဤဟယ်လီကော်ပတာက ပြန်လည်၍ ပြုပြင်မွမ်းမံထားသောကြောင့် အလွန်ပင် ကျယ်ဝန်း၏။
သူတို့အဖွဲ့နှင့်အတူ အနက်ရောင်ဝံပုလွေပါဝင်သော်လည်း အထဲတွင် နေရာလွတ်များစွာ ကျန်ရှိနေသေးသည်။ ထိုအချိန်တွင် မည်သူကမျှ စကားမပြောကြပေ။
ကျောက်ချီယန်က မျက်နှာကို အမည်းရောင် အဝတ်တစ်ခုဖြင့် ဖုံးအုပ်ကာအိပ်ပျော်နေ၏။
ကျောက်စီဟွေးနှင့် လင်းကျားတို့က တစ်ဦးကိုတစ်ဦး မှီလျက် တစ်စုံတစ်ခုကို ခပ်တိုးတိုး ပြောနေကြသည်။
အနက်ရောင်ဝံပုလွေက အမြင့်ကြောက်တတ်သေးသော်လည်း ယခုအချိန်တွင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်နေပြီဖြစ်ကာ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို နောက်ဘက်တွင် ကွေးထားလေ၏။
ယင်ရိလျိုက ပြတင်းပေါက်၏ဘေးတွင် ထိုင်ကာ နှင်းများက ဖုံးလွှမ်းနေသော သစ်ပင်ကြီးများနှင့် သစ်ပင်ထိပ်ဖျားများ၏ ကြားမှ တစ်ချက်တစ်ချက် မြင်နေရသော ယိုင်နဲ့နဲ့ အဆောက်အဦးများကို ငုံ့ကြည့်နေခဲ့သည်။
ယခုအချိန်တွင် သူတို့က မြို့တော် B နှင့် အတော်လေး ဝေးကွာနေပြီဖြစ်သော်လည်း သူတို့၏ ဦးတည်ရာဖြစ်သော ပင်လယ်ဝါ နယ်စပ်ဒေသသို့ ရောက်ရန်လည်း ဝေးနေသေး၏။
ရုတ်တရက် နွေးထွေးပြီး ကြီးမားသော လက်တစ်ဖက်က သူမ၏ဘေးမှ ဆန့်ထွက်လာကာ သူမ၏ အမြင်အာရုံကို ညင်သာစွာ ပိတ်ဆို့လိုက်လေသည်။
သူမ၏ မျက်စိအရှေ့မှ မပြောင်းလဲသော မြင်ကွင်းက ချက်ချင်းပင် မှောင်မည်းသွားလေ၏။
သူမက ထိုအမျိုးသား၏ လက်ဖဝါးမှ ထွက်ပေါ်လာသော အနံ့သင်းသင်းလေးကို ရရှိလိုက်ကာ စိတ်သက်သာရာရသွားခဲ့သည်။
တိုးညင်းပြီး နူးညံ့သော အသံလေးတစ်ခုက သူမ၏ နားအနီးတွင် တိုးကပ်၍ ပြောလိုက်လေ၏။
“မကြည့်နဲ့တော့၊ မျက်စိကိုမှိတ်ပြီးတော့ ခဏနားလိုက်ဦး၊ ရောက်ရင် ပြန်နှိုးပေးမယ်”
သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျင်းယန်၏ အနည်းငယ် နှိမ့်ထားသော မျက်ဝန်းများကို မြင်လိုက်ရသည်။
သူမ၏ နေရာလွတ်သိုလှောင်ရုံထဲမှ ထုတ်ပေးထားသော မာဖလာက သူ၏ လည်ပင်းတွင် ပတ်ထားဆဲပင်။
နီညိုရောင်က သူ၏ ဖြူဖွေးသော မျက်နှာနှင့် လိုက်ဖက်ပြီး အလွန်ပင် နူးညံ့နေပုံရသည်။
သူမ၏ စိတ်နှလုံးက နူးညံ့သွားရပြီး ခပ်တိုးတိုး ပြန်ဖြေကာ ထိုင်ခုံကို မှီလျက် မျက်စိကိုမှိတ်လိုက်လေ၏။
သူမက စိတ်ရှုပ်ထွေးနေသောကြောင့် အိပ်ပျော်လိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ခေါင်းအုံးကို မှီလိုက်ပြီး ခဏအကြာတွင် ငိုက်မြည်းလာခဲ့သည်။
ယင်ရိလျို၏ ခေါင်းက တဖြည်းဖြည်းဘေးဘက်သို့ စောင်းသွားပြီး ဘေးဘက်ရှိ မာကျောသော မှန်ပြတင်းပေါက်နှင့် တိုက်မိတော့မည့်အချိန်တွင် လက်တစ်ဖက်က သူမ၏ခေါင်းကို တိကျစွာ ကာကွယ်ပေးလိုက်ပြီး နူးညံ့သော လက်ဖဝါးကို ခေါင်းအုံးအဖြစ် အသုံးပြုစေလိုက်လေသည်။
ငိုက်မြည်းနေသော ယင်ရိလျိုက သူမ၏ ခေါင်းအောက်မှ နူးညံ့သော ခေါင်းအုံးက အလွန် သက်သောင့်သက်သာ ရှိလွန်းသည်ဟုသာ ခံစားနေရ၏။
သူမ အိပ်ပျော်သွားခဲ့လေသည်။
ကျင်းယန်က မျက်စိကို မှိတ်ထားသော မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး သူ၏အကြည့်က သူမ၏ နူးညံ့ပြီး ပန်းရောင်သန်းနေသော ပါးပြင်လေးများပေါ်တွင် ရပ်တန့်နေခဲ့၏။
သူ၏ နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်များကို သတိပြုမိကတည်းက သူ ယင်ရိလျို၏ မျက်နှာကို တည့်တည့်မကြည့်ရဲခဲ့တော့ပေ။
ဤအခိုက်အတန့်တွင်တော့ သူမ အိပ်ပျော်နေချိန်တွင် ကျင်းယန်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
သူက မိန်းကလေး၏ မျက်နှာကို သူ၏ ပုခုံးပေါ်သို့ ညင်သာစွာ တင်ပေးလိုက်လေ၏။
သူ၏ ပုခုံးပေါ်သို့ ကျရောက်လာသော ပေါ့ပါးသည့် အလေးချိန်ကြောင့် သူ ချက်ချင်းပင် တောင့်တင်းသွားရပြန်၏။
ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူက ပထမဆုံးအကြိမ် လုပ်ဆောင်မိခြင်း ဖြစ်၍ သူ့အနေဖြင့် တစ်စုံတစ်ခုက အမှားလုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားမိသည်။
သို့သော် မကြာမီမှာပင် မိန်းကလေးက အိပ်မက်ဆိုးမက်နေပုံရပြီး သူမ၏ မျက်တခုံးတွန့်များက အနည်းငယ် ကြုတ်သွားခဲ့လေ၏။
သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး ယင်ရိလျိုကို သက်သောင့်သက်သာရှိစေရန်အတွက် သူ၏ ပုခုံးမှ အနူးညံ့ဆုံးအပိုင်းပေါ်သို့ မှီစေလိုက်လေသည်။
*