← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း

(217)

အိပ်မက်ထဲတွင် ယင်ရိလျိုက သူမ၏ မိဘများကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့ရပြန်သည်။

သူတို့က အလင်းတန်းတစ်ခု၏ ဘေးတွင် ရပ်နေကာ သူမကို လက်ယမ်းပြနေကြ၏။

သူမအနေဖြင့် သူတို့၏ အနောက်သို့ ပြေးလိုက်သော်လည်း မှီအောင် မလိုက်နိုင်သောကြောင့် စိုးရိမ်ဝမ်းနည်းနေခဲ့ရသည်။

ထို့နောက်တွင် မြင်ကွင်းက ပြောင်းလဲသွားခဲ့ပြီး ထျန်းထျန်းက အမှောင်ထု၏ တစ်ဖက်ခြမ်းမှနေ၍ သူမကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြန်၏။

ထိုအချိန်၌ သူမ၏ နားထဲတွင် နူးညံ့သော ခေါ်သံတစ်ခုကို ကြားလိုက်ရပြီး နိုးလာခဲ့သည်။

သူမ မြင်လိုက်ရသည်မှာ ကျင်းယန်၏ အနီးကပ်မျက်နှာဖြစ်ပြီး သူက အနည်းငယ် စိုးရိမ်နေပုံရ၏။

သူက သူမနှင့် အလွန်နီးကပ်နေသောကြောင့် တုန်ယင်နေသော သူ၏ မျက်တောင်ရှည်ကြီးများကြားမှ သူ၏ မျက်ဝန်းထဲရှိ နက်ရှိုင်းသော ရွှေနီရောင်များကို မြင်နေရသည်။

သူမ၏ ပါးပြင်များက နီရဲသွားရပြီး အနောက်ဘက်သို့ ဆတ်ခနဲ ဆုတ်လိုက်လျှင် သူမ၏ခေါင်းက မှန်ပြတင်းပေါက်နှင့် ဒေါက်ခနဲ ရိုက်မိသွားလေတော့သည်။

“ကျွန်မ ဘာမှမဖြစ်ဘူး!”

ကျင်းယန်ဘက်မှ တစ်စုံတစ်ခုကို မမေးမီမှာပင် ယင်ရိလျိုက လက်ကိုယမ်းပြလျက် ပြောလိုက်လေသည်။

သူမက နိုးလာသည့်အချိန်တွင် သူမ၏ အားကိုးရာဖြစ်သော ရွှေပေါင်လုံး၏ ချောမောသောမျက်နှာကို အနီးကပ် မြင်လိုက်ရခြင်းက မည်မျှအထိ ထိတ်လန့်စရာ ကောင်းသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

ကျင်းယန် သူ၏လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်လေ၏။

“မင်း ခုနက အိပ်မက်ဆိုးကို မက်နေတာလား၊ မကောင်းတာတွေ မြင်မက်လို့လား”

ထိုအကြောင်းကို ပြောလိုက်သည့်အချိန်တွင် ယင်ရိလျိုတစ်ယောက် အိပ်မက်ထဲမှ ထျန်းထျန်း၏ အမူအရာမဲ့သော မျက်နှာလေးကို သတိရသွားပြီး စိတ်ထဲတွင် အနည်းငယ် လေးလံသွားရ၏။

မထွက်ခွာမီ ရှန်ကျစ်ဟူက အကြိမ်ကြိမ် မှာခဲ့သည်။

အကယ်၍ သုခဘုံဂိုဏ်းဝင်များမှ တစ်စုံတစ်ရာ ပြဿနာရှာလာခဲ့ပါက ထိုနေရာသို့ သွားသော အဖွဲ့ငယ်များနှင့် ဒေသခံ တပ်ဖွဲ့များက သူတို့ကို အမြစ်ပြတ် နှိမ်နင်းရမည် ဟူ၍ပင်။

“သူတို့တွေက လူသားတွေ မဟုတ်တော့ဘူး၊ လူ့ရဲ့အရေခွံကိုခြုံထားတဲ့ သန္ဓေပြောင်းသတ္တဝါတွေပဲ၊

ဒီဂိုဏ်းကို ဒီအတိုင်းပဲ လွှတ်ထားမယ်ဆိုရင်တော့ အနှေးနဲ့အမြန် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုကို ဖြစ်လာလိမ့်မယ်”

နောက်လိုက်အင်အားကို တိုးချဲ့ရန်အတွက် နံပါတ် (၆) က သာမန်လူများကို သုခဘုံဂိုဏ်းတွင် အမှန်တကယ်ပင် နတ်ဘုရားနှင့် ဗုဒ္ဓများ ရှိသည်ဟု ယုံကြည်လာအောင် လုပ်ဆောင်ရန် လိုအပ်သည်။

ထို့ကြောင့် နေ့စဉ်နေ့တိုင်းအာရုံချောက်ခြားစေသော ပိုးမွှားများကို ကျွေးခြင်းဖြင့်သာ လုပ်ဆောင်နိုင်၏။

လူသားများက ပိုမို များပြားလာကာ သုခဘုံဂိုဏ်းသို့ ဝင်ရောက်ခြင်းက လောကီဒုက္ခများမှ လွတ်မြောက်စေမည်ဟု ယုံကြည်သွားကြမှသာ သူတို့က လူသားအခြေစိုက်စခန်းမှ တွန့်ဆုတ်မှုမရှိဘဲ ထွက်ခွာသွားကြလိမ့်မည်။

သို့သော် နံပါတ် (၆) က အဘယ်ကြောင့် ဤမျှများပြားသော လူသားများကို လိုအပ်နေရသနည်း။

သူက မည်သည့်အရာကို လုပ်ဆောင်နေပါသနည်း။

ဤလူသားများကို နေ့စဉ် မူးယစ်စေပြီးနောက်တွင် သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၏ ရည်ရွယ်ချက်ကိုလည်း မသိရသေးပေ။

နံပါတ် (၆)က ထိုလူများ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ သူကိုယ်တိုင် သုတေသနဌာနတွင် ခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို လူသားများ၏ အပေါ်တွင် ပြန်လည်၍ အသုံးပြုလိမ့်မည်လားဆိုသည်ကိုလည်းမသိနိုင်ပေ။

ဤကိစ္စရပ်များနှင့် ပတ်သက်၍ မည်သူကမျှ တပ်အပ်မပြောနိုင်တော့ပေ။

သို့သော် ဗဟိုအစိုးရက နံပါတ် (၆) နှင့် ထျန်းထျန်းကဲ့သို့သော ယိုယွင်းသူများကို လူသားမျိုးနွယ်၏ ဆန့်ကျင်ဘက်အဖြစ် သတ်မှတ်ထားပြီး အန္တရာယ်ရှိသော သတ္တဝါများအဖြစ် သတ်မှတ်ထားသည်က ရှင်းလင်းလွန်းနေ၏။

နံပါတ် (၆) က နေရာအနှံ့အပြားတွင် ကျဆုံးသူများကို လိုက်လံရှာဖွေကာ စုစည်းနေဆဲဖြစ်သည်ဟု ပြောကြသည်။ ဤလုပ်ရပ်များမှတဆင့် အထက်လူကြီးများကို အန္တရာယ်အရိပ်အငွေ့ကို အာရုံခံမိစေခဲ့သည်။

သို့သော် ယင်ရိလျိုက ထျန်းထျန်းကို ထိုကဲ့သို့သော ကလေးမျိုး မဟုတ်ဟု အမြဲ ခံစားမိနေခဲ့၏။

ထိုကလေးငယ်က သူမကို သူ၏ကြည်လင်သော မျက်လုံးအစုံဖြင့် ကြည့်နေခဲ့သည်။ သူ၏ပြုံးရွှင်နေသော မျက်နှာလေးကလည်း အလွန်ပင် ချစ်စရာကောင်းလွန်းသည်ကို သူမ မှတ်မိနေဆဲပင်။

“ဝါး၊ ငါတို့ ရောက်တော့မှာလားပဲ၊ ဟိုမှာကြည့်ဦး၊ ပင်လယ်ကြီးကို မြင်နေရပြီ!”

ကျောက်ချီယန် နိုးလာခဲ့ပြီးနောက် သူ၏ခေါင်းပေါ်ရှိ အနက်ရောင်အဝတ်ကို ဖယ်ရှား၍ ပြတင်းပေါက်၏ အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်လေသည်။

ဤစကားကို ကြားလိုက်ရချိန်တွင် ယင်ရိလျို၏ နှလုံးခုန်သံက မြန်လာခဲ့၏။

သူမက အဝေးသို့ လှမ်းကြည့်လိုက်လေ၏။ သူမ၏အမြင်အာရုံ၏ တစ်ဖက်ခြမ်းတွင် ဝေဝါးနေသော စိမ်းပြာရောင် အနားသတ်ကြီးကို မြင်လိုက်ရသည်။

ဟယ်လီကော်ပတာက ပိုမို၍ နီးကပ်လာသည်နှင့်အမျှ လှိုင်းထနေသော ပင်လယ်ဝါကြီးက နောက်ဆုံးတွင် သူတို့၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

“ဒါက တကယ်ပဲ ပင်လယ်ကြီးပဲ၊ ဒါပေမဲ့ ဘာလို့ ရေခဲမနေတာလဲ”

လင်းကျားက ပင်လယ်ကြီးကို အလွန်စိတ်ဝင်တစားဖြင့် ကြည့်နေမိ၏။

ဤနေရာမှ ကြည့်လျှင် အဆုံးမရှိသော ပင်လယ်ပြာကြီးကို မြင်တွေ့နိုင်သည်။

အရှေ့မှ လေယာဉ်မှူးက ရယ်မော၍ ပြောလိုက်လေသည်။

“ကုန်းတွင်းပိုင်းတင် ပြောင်းလဲနေတာ မဟုတ်ပါဘူး၊ မြစ်တွေနဲ့ ပင်လယ်တွေကလည်း ပြောင်းလဲနေတာလေ၊

ဒီဘက်က ပင်လယ်ရေက သဘာဝအတိုင်း ခဲဖို့ ခဲယဉ်းသလို၊ ကမ္ဘာပျက်ပြီးနောက်မှာဆိုရင် ပိုပြီးတော့တောင် ခဲဖို့က မလွယ်ကူတော့ပါဘူး၊

အရင်တုန်းက အရမ်း နှင်းကျပြီး အပူချိန်က အနှုတ် (၆၀) ဒီဂရီ စဲလ်စီးယပ်စ်အောက်ကို ရောက်သွားတဲ့ အချိန်ကလွဲရင်ပေါ့”

စကားမဆုံးမီမှာပင် ကျောက်ချီယန်က အံ့သြတကြီးဖြင့် အော်ဟစ်လိုက်လေ၏။

“အနှုတ် (၆၀) ဒီဂရီ ဟုတ်လား၊ အဲဒီလောက်တောင် အေးတာကို ဘယ်သူက တောင့်ခံနိုင်မှာလဲ!”

လေယာဉ်မှူး၏ အပြုံးက အနည်းငယ် မှေးမှိန်သွားရပြီး မည်သည့်စကားမျှ မပြောဘဲ သက်ပြင်းကိုသာ ချလိုက်လေသည်။

ကမ်းရိုးတန်းရှိ အပင်များက ကုန်းတွင်းပိုင်းရှိ အပင်များကဲ့သို့ မမြင့်မားသကဲ့သို့ ဆီဒါပင်များကလည်း သိပ်သည်းခြင်း မရှိပေ။

ကီလိုမီတာ အနည်းငယ်စီ ခြားသော နေရာများတွင် စက်ဝိုင်းပုံစံအဖြစ် ဝန်းရံထားသည့် အစုအဖွဲ့ငယ် အမျိုးမျိုးကို မြင်တွေ့နိုင်၏။

ဟယ်လီကော်ပတာများက တစ်စင်းပြီးတစ်စင်း မြေကွက်လပ်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင် ရှူးယန်အဖွဲ့ဝင်တိုင်းကလည်း အပြင်သို့ ခုန်ဆင်းလိုက်ကြသည်။

လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အေးစက်သော လေပြင်းက သူမ၏လည်ပင်းထဲသို့ တိုးဝင်လာ၏။

ယင်ရိလျိုမှာ အပူချိန်ပြောင်းလဲမှုကို ခံနိုင်ရည်ရှိသလောက် ဖြစ်နေသော်လည်း သူမ၏နှာခေါင်းက ယားယံလာသောကြောင့် တုန်ယင်စွာနှင့် နှာချေလိုက်မိသည်။

ကျောက်ချီယန်က ပို၍ပင် အပိုများလုပ်နေသေး၏။ သူက သွားများပင်ရိုက်နေရင်းပြောလိုက်လေသည်။

“ဒီနတ်ဆိုးလိုနေရာက အတော်လေးအေးတာပဲ၊ အရိုးထဲထိတောင် စိမ့်နေတာ”

သူတို့၏ အနောက်မှ ဆင့်ကဲပြောင်းလဲသူ အဖွဲ့နှစ်ဖွဲ့ကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြ၏။

ထိုအဖွဲ့သုံးဖွဲ့က ပူးပေါင်းကြမည်ဖြစ်ပြီး ကျန်အဖွဲ့နှစ်ဖွဲ့က ရှူးယန်အဖွဲ့ထက် အဖွဲ့ဝင်ပိုမို၍ များပြားကြသည်။

ကျင်းယန်က အဖွဲ့ခေါင်းဆောင်နှစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် အဖွဲ့တိုင်းက သူတို့၏ ဦးတည်ရာဆီသို့ ဦးတည်ရန်ပြင်ဆင်ခဲ့ကြ၏။

အဖွဲ့တစ်ဖွဲ့က မြို့တော် B မှ ဖြစ်ပြီး ယွီးရှန်အဖွဲ့ဟု နာမည်ပေးထားလေ၏။

အဖွဲ့၏ ခေါင်းဆောင်မှာ အသက် လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်ရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး မီးခိုးရောင်သန်းနေသော ဆံပင်တိုတို့ရှိသည်။

သူမ၏ လက်များက အလွန်သန်မာလွန်း၏။ သူမတွင် မည်သို့သော ဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိသည်ကို ရှင်းလင်းစွာ မသိရသေးပေ။

နောက်ထပ် အဖွဲ့တစ်ဖွဲ့က ရှူးယန်အဖွဲ့ကဲ့သို့ပင် လျှို့ဝှက်တာဝန်တစ်ခုကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက်တွင် အထူးတပ်ဖွဲ့ထဲသို့ ခေါ်ယူခံခဲ့ရသည့် အဖွဲ့ဖြစ်ပြီး ရွှဲ့ရှီ*အဖွဲ့ ဟု ခေါ်တွင်သည်။

(T/n : ယွီးရှန်: ကျောက်စိမ်းတောင်၊ ရွှဲ့ရှီ : သွေးဖြင့်ရေချိုးခြင်း]

နာမည်က ကြမ်းတမ်းလွန်းသော်လည်း တကယ်တမ်းတွင် အဖွဲ့ခေါင်းဆောင်၏ စွမ်းရည်ကို ထင်ဟပ်နေခြင်းသာဖြစ်ပေသည်။

ရွှဲ့ရှီအဖွဲ့၏ ခေါင်းဆောင်က ကျိယိုအန်းဖြစ်လေ၏။ သူက မျက်မှန်တပ်ထားကာ အသားဖြူပြီး အနည်းငယ် နုနယ်သောပုံစံရှိသည့် လူငယ်တစ်ဦးပင် ဖြစ်၏။

ယင်ရိလျို သူ့ကို ပထမဆုံး တွေ့လိုက်ရသည့်အချိန်တွင် သူက သူမကို ပြုံးပြခဲ့၏။

သူက မျက်ခုံးနှင့် မျက်လုံးများက ကွေးညွှတ်နေခဲ့ကာ အတော်လေးချောမောသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

သူက အိတ်ကပ်ထဲမှ ချောကလက်တစ်ခုကို ထုတ်ယူ၍ ယင်ရိလျို၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ရင်းပြောလိုက်လေသည်။

“မင်းအတွက်”

သူက အလွန် စွမ်းအားကြီးသောသူတစ်ဦးဟု မထင်ရသော်လည်း ယင်ရိလျိုအနေဖြင့် သူ၏စွမ်းရည်များ၏ အကြောင်းကို သိလိုက်ရသည့်အချိန်တွင် အနည်းငယ်တုန်လှုပ်သွားမိ၏။

ဤမျှအထိ နူးညံ့သိမ်မွေ့သော လူငယ်တစ်ဦးတွင် ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲမှု စွမ်းရည်များက ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူက သူ၏သွေးသိပ်သည်းဆကို ထိန်းချုပ်နိုင်သော သွေး ဆင့်ကဲပြောင်းလဲသူတစ်ဦးပင် ဖြစ်သည်။

သို့သော် အံ့သြစရာ အကောင်းဆုံးအချက်က သူက သူ၏သွေးကို ပုံစံမျိုးစုံ ပြောင်းလဲရန်အတွက် ထိန်းချုပ်နိုင်ရုံသာမက ပတ်ဝန်းကျင်ရှိ သတ္တဝါများ၏ သွေးများကိုပါ ဆွဲဆောင်နိုင်၏။

ရွှဲ့ရှီအဖွဲ့က လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေချိန်တွင် အလွန် ကြမ်းတမ်းသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် တွေ့ဆုံခဲ့ဖူးသည်ဟု ပြောကြလေသည်။

အားနည်းပုံရသော ဤလူငယ်က ထိုသန္ဓေပြောင်းသတ္တဝါအတွင်းရှိ သွေးအားလုံးကို စုပ်ထုတ်လိုက်သောကြောင့် တစ်ဖက်မှသတ္တဝါက ပေါက်ကွဲ၍ သေဆုံးသွားခဲ့ရ၏။

ပေါက်ကွဲပြီးသည့်နောက် တောအုပ်တစ်ခုလုံးတွင် သွေးစများနှင့် အသားစများက နေရာအနှံ့သို့ပျံနှံ့သွားခဲ့ပြီး အလွန်ပင် သွေးပျက်ခြောက်ခြားဖွယ်ကောင်းလွန်းခဲ့သည်။

ဤအဖွဲ့သုံးဖွဲ့နှင့်အတူ ပင်လယ်ဝါတွင် အခြေစိုက်ထားသော တပ်ဖွဲ့များက ပူးပေါင်းလိုက်လျှင် ယိုယွင်းသူ အနည်းငယ်ကို ကိုင်တွယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေလေတော့၏။

“ဒီက ဗိသုကာလက်ရာတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ကျိယိုအန်းက အပြုံးတစ်ခုနှင့် ပြောလိုက်ပြီးနောက်တွင် သူ၏အိတ်ကပ်ထဲမှ ဦးထုပ်တစ်လုံးကို မှော်ဆန်စွာ ထုတ်ယူကာ ငေးကြောင်နေသော ယင်ရိလျိုကို လှမ်းပေးလိုက်လေသည်။

ယင်ရိလျိုက အားနာသွားရပြီး နူးညံ့သော ဦးထုပ်လေးကို လက်ထဲသို့ ယူလိုက်ကာ ကျေးဇူးတင်ကြောင်းကို ပြောလိုက်လေသည်။

ကျင်းယန်က မျက်ခုံးကိုအနည်းငယ် တွန့်ချိုးလိုက်မိပြီး ထိုပြုံးနေသော မြေခွေးမျက်နှာကို ကြည့်လိုက်သည်။

ဤအမျိုးသားတွင် မရိုးသားသော ရည်ရွယ်ချက်များက ရှိနေသည်ဟု ခံစားလိုက်ရ၏။

ပင်လယ်ဝါ ကမ်းရိုးတန်းရှိ အဆောက်အဦးများက ကုန်းတွင်းပိုင်းနှင့် အမှန်တကယ်ပင် ကွဲပြားခြားနားသည်။

၎င်းတို့က နံရံများကို အလွှာလိုက် ဖုံးအုပ်ရန်အတွက်ကို ရွှံ့မြေအုတ်များကို အဓိက အသုံးပြုထားကြလေ၏။ လေများလုံပြီး အတော်လေးလည်း ခိုင်ခံ့ပုံရ၏။

*

အခန်း(218)

အိမ်အများအပြားတွင် ဧရာမ ငါးခြောက်များနှင့် ပင်လယ်စာများကို တံခါးဝများ၌ ချိတ်ဆွဲထားကြသည်။

ယင်ရိလျိုအနေဖြင့် ပင်လယ်စာကို မစားရသည်မှာ ကြာပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားသွားမိလဆ၏။

ထိုအခိုက်တွင် နေအိမ်အဆောက်အဦးတစ်ခုမှ တံခါးပေါက်တစ်ခု ပွင့်လာခဲ့ပြီး သားရေဂျာကင်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။

သူ၏ပါးပြင်များက အေးစက်သော ပင်လယ်လေကြောင့် နီရဲ၍ ကွဲအက်နေလဆ၏။

သူက အပြင်ဘက်ရှိ ကောင်းမွန်စွာ တပ်ဆင်ထားသော ယူနီဖောင်းဝတ် စစ်သည်များကို သတိကြီးစွာဖြင့် ကြည့်ရင်း ထူးခြားသော လေယူလေသိမ်းဖြင့် အော်ဟစ်လိုက်လေသည်။

“မလာနဲ့!”

“ဒီလအတွက် ပေးစရာရှိတာတွေကို ပေးပြီးပြီလေ၊ ဘာလို့ ငါတို့ဆီကို ထပ်ပြီးတော့လာကြတာလဲ”

ထိုဆူညံသံကို ကြားလိုက်ရသောကြောင့် တခြားသော ရွှံ့အုတ်အိမ်များရှိ လူတချို့ကလည်း အပြင်သို့ ချောင်းကြည့်ကြလေသည်။

သူတို့က ကျင်းယန်နှင့် သူ၏အဖွဲ့ကို သတိကြီးစွာဖြင့် ကြည့်နေကြပြီး အလွန်ပင် ရွံရှာမုန်းတီးနေပုံရ၏။

အဖွဲ့ထဲရှိ လူတစ်ဦးက အနည်းငယ် အသုံးမဝင်သော ဆင့်ကဲပြောင်းလဲမှု စွမ်းရည်တစ်ခုရှိသည်။

ထိုစွမ်းရည်မှာက သူတို့၏ ဦးနှောက်ထဲရှိ ဘာသာစကားဆိုင်ရာ အစိတ်အပိုင်း ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်ကာ ဘာသာစကားများကို သင်ယူနိုင်စွမ်းက အလွန် အားကောင်းလွန်း၏။

သူတို့က ဒေသခံစကားကို ရက်အနည်းငယ်အတွင်း သင်ယူခဲ့ကြပြီး ယခုအချိန်တွင် အဖွဲ့သုံးဖွဲ့ကို ကိုယ်စားပြု၍ ကမ်းခြေရှိ လူများကို ရှင်းပြနေလေသည်။

တစ်ဖက်လူများက သူတို့မှာ တာဝန်တစ်ခုဖြင့် မြို့တော် B မှ လာခြင်းဖြစ်ကြောင်းကို သိလိုက်ရသောအချိန်တွင် သတိထားနေသော အမူအရာများက အနည်းငယ် လျော့ပါးသွားကြလေ၏။

ယင်ရိလျိုက အမျိုးသားတချို့မှ ဓားမကြီးများကို ကိုင်ထားကြပြီး ဓားကို ပြန်ချရန်အတွက် ဝန်လေးနေကြသည်ကိုပင် တွေ့လိုက်ရသည်။

စုံစမ်းမေးမြန်းကြည့်ပြီးနောက်တွင် ဤလူများက စစ်ဝတ်စုံကို ဝတ်ဆင်ထားသူများကို အဘယ်ကြောင့် ဤမျှ ခုခံနေကြသည်ကို သူတို့ သိရှိခဲ့ရ၏။

သူတို့၏ အမြင်တွင် ထိုသူအားလုံးမှာ တူညီကြပေသည်။

ပင်လယ်ဝါ ကမ်းရိုးတန်းတွင် သန္ဓေပြောင်းသတ္တဝါ အများအပြားက မရှိပေ။

အများစုက သန္ဓေပြောင်း အင်းဆက်များနှင့် တိရစ္ဆာန်လေးများသာ ဖြစ်ကြပြီး ၎င်းတို့က ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းစွမ်းရည်ရှိသော မိသားစုများအတွက်တော့ အန္တရာယ် မရှိကြပါချေ။

မိသားစုတစ်ခုတွင် ဆင့်ကဲပြောင်းလဲစွမ်းရည်ရှိသူ တစ်ဦးလောက် ရှိနေသရွေ့တော့ ဤသန္ဓေပြောင်းသတ္တဝါလေးများကို ကာကွယ်နိုင်သည်။

ထို့အတွက်ကြောင့် ဆင့်ကဲပြောင်းလဲစွမ်းရည်ရှိနေသော ဤသာမန်လူများက ထိုစခန်းများတွင် နေထိုင်လိုစိတ် မရှိကြပေ။

ထို့ကြောင့် သူတို့အနေဖြင့် ပင်လယ်နှင့် ဝေးရာအရပ်၌ ခိုင်ခံ့သော မြေအုတ်အိမ်များကို ဆောက်လုပ်ကာ မိသားစုနှင့်အတူ တိတ်ဆိတ်စွာသာ နေထိုင်ကြလေ၏။

သို့သော် ထိုစခန်းများတွင်ရှိနေသော အဖွဲ့များက သူတို့ကို အလွယ်တကူနှင့် လက်လွှတ်မပေးကြပေ။

သူတို့က ပတ်ဝန်းကျင်ကို ကာကွယ်ပေးရသည့်အတွက် ပင်ပန်းသည်ဟူ၍ အကြောင်းပြကာ လစဉ် ပုံမှန် လာရောက်ပြီး ဆက်ကြေး တောင်းခံလေ့ရှိကြ၏။

ထိုလူများက သူတို့၏ ဇနီးမယားနှင့် သားသမီးများတွင် စွမ်းအားမရှိသည့်အတွက်ဖြစ်စေ၊ သို့မဟုတ် ထိုဆင့်ကဲပြောင်းလဲသူ အုပ်စုများနှင့် ထိပ်တိုက်မတွေ့လိုခြင်းကြောင့်ဖြစ်စေ လစဉ် ပင်လယ်စာများ၊ အမဲလိုက်၍ ရရှိသော သန္ဓေပြောင်းသတ္တဝါများကိုသာ ပေးအပ်ကြရသည်။

ထို့ကြောင့်ပင် သူတို့ကဆင့်ကဲပြောင်းလဲသူ အုပ်စုများကို မြင်ရတိုင်း အန္တရာယ်ရှိသူများဟုသာ ထင်မှတ်ကာ သတိကြီးကြီးဖြင့် ရှိနေကြရလေသည်။

ကျိယိုအန်းက လူမှုဆက်ဆံရေး၌ အလွန်ပင် ကျွမ်းကျင်သူဖြစ်၏။

သူက နူးညံ့သိမ်မွေ့ပြီး သူ၏ မျက်နှာတွင် အမြဲတစေအပြုံးများ ရှိနေတတ်ပေသည်။

သူက သူ၏အဖွဲ့ဝင်များကို မြို့တော် B မှ ယူဆောင်လာခဲ့သော အစာခြောက်များနှင့် မုန့်အမျိုးမျိုးကို ထုတ်ယူခိုင်းကာ ပတ်ဝန်းကျင်ရှိ ဒေသခံများကို ဝေငှပေးစေခဲ့၏။

ယခုအချိန်တွင်တော့ ထိုအမျိုးသားများအနေဖြင့် တင်းမာသော မျက်နှာအမူအရာများကို ဆက်လက်၍ မထားနိုင်ကြတော့ပေ။

သူတို့က အမူအရာများပြန်လည်ပျော့ပြောင်းသွားကာ အနည်းငယ်လောက် ရှက်ကိုရွံ့စွာဖြင့် ပစ္စည်းများကို လက်ခံလိုက်ကြသည်။

ကျင်းယန်က ထိုမြင်ကွင်းကို အေးစက်စွာဖြင့် ကြည့်နေခဲ့လေ၏။ ကျိယိုအန်းအပေါ်တွင်ရှိနေသော သူ၏ ထင်မြင်ချက်က ကောက်ကျစ်ပြီး လူအများ၏ စိတ်နှလုံးကို သိမ်းသွင်းရာ၌ ကျွမ်းကျင်သူဟူ၍ ပြောင်းလဲသွားလေ၏။

ပင်လယ်ဝါ ကမ်းရိုးတန်းရှိ ထိုသာမန်လူများမှတစ်ဆင့် သူတို့က ပတ်ဝန်းကျင်ရှိ ဒေသအကြောင်းများကို ယေဘုယျအားဖြင့် နားလည်လာခဲ့ကြသည်။

ကမ်းရိုးတန်းရှိ သန္ဓေပြောင်းသတ္တဝါများက ကုန်းတွင်းပိုင်းမှ သတ္တဝါများနှင့် ကွဲပြားကြ၏။

သတ္တဝါငယ်လေးများက သူတို့၏ ရှင်သန်မှုအတွက် အဓိက ခြိမ်းခြောက်မှု မဟုတ်ပေ။

အဓိကအန္တရာယ်မှာ ပင်လယ်ထဲရှိ သန္ဓေပြောင်းသတ္တဝါတချို့ထံမှ ရောက်လာခြင်းသာ ဖြစ်လေသည်။

တချို့သော သန္ဓေပြောင်း သတ္တဝါများက ကုန်းသတ္တဝါတို့၏ မျိုးဗီဇများရောနှောလျက် သန္ဓေပြောင်းလဲသွားကြ၏။

ထို့ကြောင့် ပင်လယ်ပြင်၏ အပြင်ဘက် ကုန်းမြေပေါ်တွင် ခေတ္တမျှ လမ်းလျှောက်လာနိုင်ပြီး လူသားများနှင့် တခြားသတ္တဝါများကို တိုက်ခိုက်လာနိုင်ကြသည်။

ဤအခြေအနေက သူတို့ မမျှော်လင့်ထားသော အချက်ပင် ဖြစ်၏။

“အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တို့ဒေသက အရင်တုန်းက တိတ်တိတ်ဆိတ်ဆိတ်ရီုပြီး နေလို့ကောင်းပါတယ်၊

ဒါပေမဲ့ အခုနောက်ပိုင်းတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး၊ လူပေါင်းစုံက ဒီကို ရောက်လာကြသလို ကျွန်တော်တို့ဘက်ကနေ ကမ်းခြေကို ခိုးဝင်ဖို့ကို ကြိုးစားတဲ့ နိုင်ငံခြားသားတွေတောင် ရှိနေပြီ၊ အတော်လေးကို ရှုပ်ထွေးနေတာပဲ”

ဒေသခံတိုင်းရင်းသား အများစုက ပင်လယ်ဝါ ကမ်းရိုးတန်းတွင် အခြေစိုက်ထားသော စစ်တပ်နှင့် ဆင့်ကဲပြောင်းလဲသူ အဖွဲ့အစည်းများကို မနှစ်သက်ကြပေ။

ပုံမှန်တပ်စွဲထားသော တပ်ရင်းကတော့ သူတို့၏ဘဝကို မနှောင့်ယှက်သည့်အပြင် တစ်ခါတစ်ရံတွင် သန္ဓေပြောင်း ပင်လယ်မွန်းစတားများကိုပင် ခုခံပေးကြသည်။

သို့သော် ထိုတပ်ရင်းများ ရောက်ရှိလာခြင်းက ဆင့်ကဲပြောင်းလဲသူ အုပ်စုများကို တဖြည်းဖြည်း ပိုမို၍ ဆွဲဆောင်သကဲ့သို့ ဖြစ်စေခဲ့၏။

ပင်လယ်ဝါကမ်းရိုးတန်းတွင် တစ်စုံတစ်ရာသော ရတနာများ ရှိနေသည်ဟု သူတို့က အခိုင်အမာ ယုံကြည်နေကြပုံရသည်။

ရလဒ်အနေဖြင့် မူလက အေးချမ်းနေခဲ့သော ကမ်းခြေကျေးရွာများနှင့် မြို့ငယ်လေးများက ဆူညံပွက်လောရိုက်လာခဲ့၏။

သုခဘုံဂိုဏ်း၏ အကြောင်းကို မေးမြန်းသောအချိန်တွင် နေရာတွင် ရှိနေသော ဒေသခံတိုင်း၏ အမူအရာက လေးနက်သွားကြသည်။

သူတို့ထဲမှ နီညိုရောင်မျက်နှာရှိသော အမျိုးသားတစ်ဦးက ရွာတွင် သြဇာအရှိဆုံးသူ ဖြစ်ပုံရ၏။

သူက သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်နှင့် နဖူးရှေ့တွင် အကြိမ်အနည်းငယ် စုယှက်လိုက်ပြီး ခပ်တိုးတိုး ရွတ်ဆိုနေခဲ့လေသည်။

ဘာသာစကား ဆင့်ကဲပြောင်းလဲသူက ဘေးမှ ဘာသာပြန်ပေးခဲ့လေသည်။

“သုခဘုံဗုဒ္ဓက သင့်ကို ကောင်းချီးပေးပါစေ”

ဤအခြေအနေကို မြင်ချိန်တွင် သုခဘုံဂိုဏ်းက နယ်စပ်ရှိ သာမန် သာမန်မိသားစုများကြားတွင်လည်း မြင့်မားသော ကျော်ကြားမှုကို ရရှိထားပြီးဖြစ်ကြောင်းကို လူတိုင်း နားလည်သွားကြ၏။

“သွားကြရအောင်၊ နောက်ထပ်မေးစရာ မရှိတော့ဘူး”

ကျင်းယန်က ထလိုက်ပြီးနောက် အဖွဲ့ကို သူတို့၏ ဦးတည်ရာဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ဤနေရာ၏ အပူချိန်က ကုန်းတွင်းပိုင်းထက် အနည်းငယ် ပို၍ နိမ့်ပုံရ၏။

ပင်လယ်မှ တိုက်ခတ်လာသော အေးစက်သောလေက လူအများ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ချမ်းစိမ့်သွားစေသည်။

သူတို့၏ ဦးတည်ရာမှာ ပင်လယ်ဝါ ကမ်းရိုးတန်းရှိ တစ်ခုတည်းသော တပ်စခန်းဖြစ်သည်။

ထိုနေရာတွင် ပတ်ဝန်းကျင်ရှိ တပ်ဖွဲ့တိုင်းက အခြေစိုက်ထားကြလေ၏။ သူတို့၏ အဓိကတာဝန်မှာတော့ ကမ်းရိုးတန်း ကာကွယ်ရေးသာ ဖြစ်ပေသည်။

တပ်စွဲထားသော စစ်တပ်ထဲတွင် အာဏာအရှိဆုံးသူက ဗိုလ်ချုပ်ဖန်ကျိုးဟု အမည်ရသောသူ ဖြစ်လေ၏။

သူက အဖွဲ့သုံးဖွဲ့ကို စခန်းတံခါးဝတွင် လက်ခံတွေ့ဆုံပြီးနောက်တွင် ပထမဦးစွာ သူတို့အတွက် တည်းခိုရန် နေရာများကို စီစဉ်ပေးခဲ့သည်။

ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ အာဏာလွှမ်းမိုးရာ နယ်ပယ်များ၏ အကြောင်းကို လူတိုင်းထံသို့ ဖြည်းဖြည်းချင်း ရှင်းပြခဲ့၏။

“အဲဒီဂိုဏ်းက စပြီးတော့ ပေါ်လာခဲ့တုန်းကတော့ ကျွန်တော်တို့အနေနဲ့ ဒါကို လုံးဝကိုအမြစ်ပြတ် သုတ်သင်ဖို့အတွက် စဉ်းစားခဲ့ပါတယ်၊

ဒါပေမဲ့ ခင်ဗျားတို့ နားလည်ထားရမှာက ပင်လယ်ဝါဒေသမှာရှိနေတဲ့ စစ်တပ်က အရာအားလုံးကို လုပ်နိုင်တာ မဟုတ်ဘူး၊

ပတ်ဝန်းကျင်မှာ အစွမ်းထက်တဲ့ အုပ်စုတွေ အများကြီး ရှိသလို သူတို့မှာကလည်း ကိုယ်ပိုင် အဆက်အသွယ်တွေနဲ့ တရားမဝင် လုပ်ငန်းတချို့လည်း ရှိကြတယ်”

ဖန်ကျိုးက သက်ပြင်းချရင်း ပြောလေသည်။

“အဲဒီဆင့်ကဲပြောင်းလဲသူ အုပ်စုတွေက ကျွန်တော်တို့ရဲ့ စစ်တပ်ကို အပြင်ပန်းမှာတော့ လေးစားမှုကြသလိုထင်ရတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က အပြင်လူတွေကို အတော်လေးကို ဖယ်ကြဉ်တတ်ကြတာ၊

ဒါကြောင့် ကျွန်တော်တို့ရဲ့ စခန်းပတ်ဝန်းကျင်မှာ သုခဘုံဂိုဏ်းအတွက် သာသနာပြုတွေ မရှိတော့ပေမဲ့ တခြားစခန်းတွေမှာတော့ အများကြီး ရှိနေတုန်းပဲ”

ပင်လယ်ဝါ ကမ်းရိုးတန်းမှာ မူလက အုပ်ချုပ်သူမဲ့ဒေသဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူ အုပ်စုတချို့က အခြေချ ဖွံ့ဖြိုးလာခဲ့ပြီးနောက် စခန်းငယ်များစွာကို တည်ထောင်ခဲ့ကြသည်။

အချင်းချင်း တိုက်ခိုက်ခြင်းနှင့် ပြင်းထန်သော ယှဉ်ပြိုင်မှုများ ဖြစ်ပွားပြီးသည့်နောက်တွင် စခန်းငါးခုသာ ကျန်ရှိတော့သည်။

၎င်းတို့အနက် လေးခုက အင်အားကြီးအုပ်စုဟောင်းများဖြစ်ကြလေ၏။

ကျန်ရှိသောတစ်ခုမှာတော့ မကြာသေးမီကမှ ထွက်ပေါ်လာသော အင်အားစုဖြစ်သည်။

ထိုအဖွဲ့၏ခေါင်းဆောင်က အလွန် အစွမ်းထက်သောကြောင့် တခြားအဖွဲ့လေးခုက သတိထားနေကြရသည်။

ယင်ရိလျိုအနေဖြင့် ကမ္ဘာပျက်ကတည်းက သူမ၏အဖွဲ့နှင့်အတူ လမ်းမကြီးအတိုင်း မြောက်ဘက်သို့ ခရီးနှင်ခဲ့၏။

သူမက မြင်တွေ့ခဲ့ရသော စခန်းများမှာ တင်းကျပ်သော စီမံခန့်ခွဲမှု၏ အောက်တွင် ရှိနေခဲ့ကြလေသည်။

ထို့အပြင် ဆင့်ကဲပြောင်းလဲသူများက အင်အားကြီးမားလာချိန်တွင် ဒေသအတွင်း အာဏာရှင်များအဖြစ်သို့ မဖြစ်လာစေရန်အတွက် မြို့တော် B ရှိ တပ်ရင်းများက ထိန်းချုပ်ထားလေ့ ရှိ၏။

သို့သော် မြို့တစ်မြို့က မြို့တော် B နှင့် ဝေးကွာလေလေ၊ ရာဇဝတ်ဂိုဏ်းများက ပို၍ သောင်းကျန်းလေလေ ဖြစ်ပေသည်။

အကယ်၍ ဗဟိုအစိုးရကသာ ဤနေရာ၌ မူလကျောက်တုံး ရှိနေခြင်းကို ရှာမတွေ့ခဲ့ပါက ဤနေရာတွင် မည်သည့် တပ်ဖွဲ့ကမှ ရှိနေလိမ့်မည် မဟုတ်ဘဲ အခြေအနေကလည်း ပို၍ပင် ရှုပ်ထွေးနေပေလိမ့်မည်။

ပင်လယ်ဝါကဲ့သို့သော နေရာများစွာ ရှိသော်လည်း ယင်ရိလျိုအတွက်တော့ ဤကဲ့သို့သော ပေါင်းစပ်စခန်းမျိုးကို မြင်ဖူးခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သောကြောင့် သူမအတွက် အလွန်ပင် ထူးဆန်းနေခဲ့ရသည်။

စစ်စခန်း၏ မြင့်မားသော နေရာမှ လှမ်းကြည့်လျှင် အဝေးမှ ပင်လယ်ပြင်ကိုသာမက တခြားသော စခန်းများကိုလည်း မြင်တွေ့နိုင်သည်။

ယင်ရိလျို မျှော်လင့်ထားသည်နှင့် မတူညီစွာ ထိုစခန်းများမှာ ကီလိုမီတာ ဆယ်ဂဏန်းမျှ ကွာဝေးနေခြင်းမျိုး မရှိသကဲ့သို့ အဆက်အသွယ်မရှိခြင်းမျိုးလည်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် စခန်းငယ် တစ်ခုနှင့်တစ်ခုက အလွန် နီးကပ်စွာ တည်ရှိနေကြသည်။

ထို့အပြင် စခန်းများကြား၌ အကြမ်းထည်ဆန်သော ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ထားကာ အရွယ်အစား အမျိုးမျိုးရှိသော စစ်ဆေးရေးဂိတ်များကိုလည်း တည်ဆောက်ထားလေ၏။

*

All Chapters