အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) တင်းအန်မြို့ နှင့် နောက်ထပ်အခွင့်အရေးကို အရယူခြင်း
တာဝန်ခန်းမ မှ ပါရမီစစ်ဆေးရန် လိုအပ်သည့် ကိရိယာတန်ဆာပလာ အမျိုးမျိုးကို သိမ်းဆည်းပြီးနောက် တိုက်ရိုက်တပည့် ရှုချွမ်းက တင်းအန်မြို့ ဆီသို့ တစ်ယောက် တည်း ထွက်လာခဲ့သည်။
သို့သော်လည်း သူက အပေါ်ယံတွင် တစ်ယောက် တည်းသွားနေသည်ဟု ထင်ရသော်လည်း သူ့နောက်ကွယ်တွင် သူ၏ ဘေးကင်းလုံခြုံရေးကို စောင့်ရှောက်ပေးမည့် တာအိုစောင့်ရှောက်သူ တစ်ဦး သေချာပေါက် ပါလာလိမ့်မည်ကို တိုက်ရိုက်တပည့် ရှုချွမ်း သိနေသည်။
ဤသည်မှာ တိုက်ရိုက်တပည့်တိုင်း ရရှိပိုင်ဆိုင်သည့် လျှို့ဝှက်အကျိုးခံစားခွင့်တစ်ခုပင် ဖြစ်သည်။
တိုက်ရိုက်တပည့်တိုင်းက မြင့်မြတ်နယ်မြေ ၏ ရတနာများ ဖြစ်ကြသည်။
မြင့်မြတ်နယ်မြေအနေဖြင့် သူတို့ကို ဆုံးရှုံးမခံနိုင်သလို ဆုံးရှုံးရမည့် အဖြစ်မျိုးကိုလည်း ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် တာဝန်ဖြင့် အပြင်ထွက်သည့် တိုက်ရိုက်တပည့်တိုင်းအတွက် သူတို့၏ ဘေးကင်းမှုကို လျှို့ဝှက်သေချာစေရန် တာအိုစောင့်ရှောက်သူ တစ်ဦး ပါလာလေ့ရှိသည်။
သို့သော်လည်း ထိုတာအိုစောင့်ရှောက်သူက အရာအားလုံးကို သူ၏ကိုယ်စား ဖြေရှင်းပေးမည်မဟုတ်ပေ။
အသက်အန္တရာယ်နှင့် ကြုံရသည့် အရေးကြီးသော အခြေအနေမျိုးတွင်သာ ထိုတာအိုစောင့်ရှောက်သူ က ကြားဝင်စွက်ဖက်မည်ဖြစ်သည်။
ကျန်ရှိသည့် အချိန်များတွင်မူ အရာအားလုံးကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြင့်မြတ်နယ်မြေက သူတစ်ပါးအပေါ်တွင်သာ အမြဲအားကိုးနေသည့် အသုံးမကျသူမျိုးကို ပျိုးထောင် လိုခြင်း မရှိသောကြောင့်ပင်။
ထိုကဲ့သို့လူမျိုးဆိုလျှင် အပြင်ဘက်တွင် သေသွားသည်ကပင် ပို၍ကောင်းပေလိမ့်မည်။
သို့သော်လည်း တိုက်ရိုက်တပည့် ရှုချွမ်းက ဤအချက်ကို သိပ်ပြီး ဂရုမစိုက်လှပေ။
ဆရာဖြစ်သူ ပေးထားသည့် အကာအကွယ်အဆောင်နှင့် ဆေးလုံးများအပြင် သူ၏ လက်ရှိ ချီစုစည်းခြင်းနယ်ပယ် အဆင့် ၉ ကျင့်ကြံခြင်းနှင့်ဆိုလျှင် သူ အနိုင်မရလျှင်တောင် လွတ်အောင် ပြေးနိုင်စွမ်း ရှိနေသေးသည်။
အကယ်၍ သူ၏ဆရာဖြစ်သူ အစွမ်းကုန် ထုတ်သုံးထားသည့် တိုက်ကွက်ကိုပင် ခံနိုင်ရည်ရှိသည့် ရန်သူနှင့် ကြုံတွေ့ရလျှင်မူ တာအိုစောင့်ရှောက်သူ ရှိနေခြင်းမှာလည်း အဓိပ္ပာယ် သိပ်မရှိတော့ပေ။
ထို့ပြင် ထိုတင်းအန်မြို့မှာ မြင့်မြတ်နယ်မြေနှင့် လီပေါင်း တစ်သန်းခန့် အလွန်ဝေးကွာလှသော အရပ်တွင် တည်ရှိသည်။
အကယ်၍ ရှုချွမ်းသာ ထိုနေရာသို့ ကိုယ်တိုင် ခရီးနှင်ရမည်ဆိုပါက အနည်းဆုံး တစ်လခန့် ကြာမြင့်မည်ဖြစ်သည်။
ကံကောင်းသည်မှာ အရှေ့ပိုင်းဒေသ တစ်ခုလုံးရှိ လူသားမြို့များ တည်ရှိရာ အရပ်တိုင်းတွင် တည်နေရာကူးပြောင်း အစီအရင် များ တည်ဆောက်ထားပြီးဖြစ်ရာ ယွမ်ကျောက်တုံး အချို့ပေးရုံဖြင့် ၎င်းတို့ကို အသုံးပြုနိုင်သည်။
၎င်းက ရှုချွမ်းအတွက် အချိန်များစွာကို သက်သာစေခဲ့သည်။
နောက်ဆုံးတွင် မြို့ကြီးများစွာကို ငါးရက်တိုင်တိုင် ဖြတ်သန်းလာခဲ့ပြီးနောက် ရှုချွမ်းက တင်းအန်မြို့သို့ ရောက်ရှိလာခဲ့သည်။
တင်းအန်မြို့မှာ တကယ်ပင် ဝေးလံခေါင်ဖျားလှသည်ဟု ဆိုရမည်။
အနည်းငယ်မျှ ဆက်သွားလိုက်ရုံနှင့် အရှေ့ပိုင်းဒေသမှ တိုက်ရိုက် ထွက်သွားနိုင်သည့် အနေအထားတွင် ရှိသည်။
သူ အရွယ်ရောက်လာကတည်းက ဤမျှ ဝေးလံသော အရပ်သို့ ရောက်ဖူးခြင်းမှာ ရှုချွမ်းအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
အကယ်၍ သူ အရေးတကြီး လိုအပ်နေသော ကျင့်စဉ်မှာ ဤနေရာတွင်သာ မရှိခဲ့လျှင် သူက တစ်သက်လုံး ဤနေရာသို့ ရောက်လာဖြစ်မည် မဟုတ်ပေ။
...
တင်းအန်မြို့ ဂိုဏ်းခွဲ ။
ဤနေရာက ထိုက်ယိ မြင့်မြတ်နယ်မြေ ၏ မျက်နှာစာဖြစ်သည့်အတိုင်း အလွန်ပင် ခန့်ညားထည်ဝါစွာ တည်ဆောက်ထားရာ ဤနေရာမှာ ထူးခြားသည့် နေရာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
လက်ရှိတွင် ဂိုဏ်းခွဲ အတွင်း၌ လူတိုင်းမှာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြသကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြသည်။
ကလေးငယ်များသာလျှင် စိုးရိမ်စိတ်နှင့် စူးစမ်းစိတ်များဖြင့် အဝေးသို့ အဆက်မပြတ် မျှော်ကြည့်နေကြသည်။
လွန်ခဲ့သော ငါးရက်က မြင့်မြတ်နယ်မြေမှ တပည့်တစ်ဦး ရောက်လာပြီး သူတို့ကလေးများ၏ ပါရမီ ကို စစ်ဆေးပေးမည်ဟူသော သတင်းကို သူတို့ ရရှိခဲ့ကြသည်။
ဤသည်မှာ ငါးနှစ်မှ တစ်ကြိမ်သာ ရရှိနိုင်သည့် အခွင့်အရေး ဖြစ်သဖြင့် ဂိုဏ်းခွဲ အတွင်းရှိ လူများမှာ သူတို့၏ ကလေးများကို စောစောစီးစီး ခေါ်ဆောင်လာပြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ၎င်းမှာ သူတို့ကလေးများ မြင့်မြတ်နယ်မြေသို့ ဝင်ခွင့်ရမရ ဆုံးဖြတ်ပေးမည့် ကိစ္စဖြစ်ရာ လူတိုင်းမှာ အလွန် အလေးအနက်ထားနေကြသည်။
ထို့ပြင် ယခုတစ်ခေါက် ရောက်လာမည့်သူမှာ အသစ်တက်လာသော တိုက်ရိုက်တပည့် တစ်ဦး ဖြစ်သည်ဟုလည်း ကြားသိရသည်။
၎င်းက အခြေအနေအရပ်ရပ်ကို သေချာစွာ စီစဉ်ထားရန် ပို၍ပင် အရေးကြီးစေခဲ့သည်။
အတိတ်ကာလများတွင် ပါရမီလာစစ်ဆေးသူများက 'အတွင်းစည်းတပည့်'များသာ ဖြစ်ခဲ့သည်။
'တိုက်ရိုက်တပည့်' တစ်ဦးက ဤအလုပ်ကို လာလုပ်ရသည်ကို သူတို့ တစ်ခါမျှ မကြားဖူးပေ။
ဤနေရာရှိ လူအချို့မှာ သူတို့တစ်သက်တွင် တိုက်ရိုက်တပည့်တစ်ဦးကို တစ်ကြိမ်မျှပင် မြင်ဖူးချင်မှ မြင်ဖူးကြလိမ့်မည်။
တိုက်ရိုက်တပည့်များက မြင့်မြတ်သော အဆင့်အတန်း ရှိကြပြီး ဦးခေါင်းသာမြင်ရပြီး အမြီးကို မမြင်ရသည့် နဂါးတစ်ကောင်ကဲ့သို့ တွေ့ရခဲလှသူများ ဖြစ်သည်။
၎င်းတို့မှာ ဤသာမန်လူတန်းစားများ ဆက်ဆံခွင့်ရမည့်သူများ မဟုတ်ပေ။
ထို့ကြောင့် သူတို့က တိုက်ရိုက်တပည့် ရှုချွမ်း ရောက်လာမည့်ကိစ္စကို ပို၍ပင် သတိထားနေကြသည်။
မတော်တဆ စော်ကားမိမည်ကိုလည်း စိုးရိမ်နေကြသည်။
သူတို့ အကြာကြီး စောင့်စရာမလိုဘဲ တိုက်ရိုက်တပည့် ရှုချွမ်းက ဂိုဏ်းခွဲ အတွင်းသို့ ပေါ်လာခဲ့သည်။
"တိုက်ရိုက်တပည့် ရှုချွမ်းကို ကြိုဆိုပါတယ်"
"တိုက်ရိုက်တပည့် ရှုချွမ်းကို ဂါရဝပြုပါတယ်"
သူ ဂိုဏ်းခွဲ တံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လူတိုင်းက သူ့ကို ရိုသေ လေးစားစွာဖြင့် ဂါရဝပြု ကြိုဆိုကြသည်။
"ဒီလို အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး၊ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ"
တိုက်ရိုက်တပည့် ရှုချွမ်းက လက်ကို ဝေ့ယမ်းကာ ညင်သာစွာ ပြောလိုက်သည်။
ယခုအချိန်တွင် သူက သိသိသာသာ ပြောင်းလဲသွားသော သူ၏ အဆင့်အတန်းနှင့် လုံးဝ အသားကျနေပြီ ဖြစ်ရာ လက်ရှိ အခြေအနေမျိုးကို သာမန်ကဲ့သို့ပင် သဘောထားနိုင်သည်။
ရှုချွမ်း၏ ကြင်နာသော အမူအရာကြောင့် ဂိုဏ်းခွဲ ရှိ ကလေးငယ်များမှာ ခေါင်းမော့ကာ ရှုချွမ်းကို စူးစမ်းစွာ ကြည့်နေကြပြီး သူက အခြားသူများနှင့် ဘာများ ကွာခြားနေသလဲဆိုသည်ကို သိချင်နေကြသည်။
ထိုအပြုအမူကို တုံ့ပြန်သည့်အနေဖြင့် ရှုချွမ်းကလည်း ပြုံးပြလိုက်သည်။
ထို့နောက် ဂိုဏ်းခွဲ တာဝန်ခံ ရောက်လာပြီး ရှုချွမ်းကို ခန်းမ ကြီးအတွင်းသို့ ခေါ်ဆောင်သွားသည်။
"တိုက်ရိုက်တပည့် ရှုချွမ်း ရောက်လာတာဟာ ကျွန်တော်တို့ ဂိုဏ်းခွဲ အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ... တိုက်ရိုက်တပည့်ကို ကြိုဆိုဖို့အတွက် စားသောက်ပွဲနဲ့ ဝိုင်တွေကို ကျွန်တော် ပြင်ဆင်ထားပါတယ်"
တာဝန်ခံက စိတ်လှုပ်ရှားစွာဖြင့်ရော ရိုသေစွာဖြင့်ပါ ပြောလိုက်သည်။
"တာဝန်ခံ လီက အရမ်း အားနာစရာ ကောင်းနေပါပြီ"
မရောက်လာခင်ကတည်းက ရှုချွမ်းသည် ဂိုဏ်းခွဲ အတွင်းရှိ အခြေအနေများကို အသေးစိတ် သိရှိထားပြီးဖြစ်သည်။
ရှေ့တွင်ရှိနေသည့် ဝဝဖြိုးဖြိုး အသက်လတ်ပိုင်း လူကြီးမှာ တင်းအန်ဂိုဏ်းခွဲ ၏ တာဝန်ခံ 'လီကန်း' ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းမှာ 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' အဆင့် ၈ ခန့် ရှိပုံရသည်။
ဤလူမှာ အကြီးအကဲ 'လီဟုန်' ၏ မျိုးနွယ်စုဝင် တစ်ဦးဖြစ်ပြီး သူ၏ မိသားစုနှင့် ဝေးကွာသော ဆွေမျိုးတော်စပ်သူ ဖြစ်သည်။
ထိုကဲ့သို့သော ပတ်သက်မှုကြောင့်သာ သူက သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် ကျင့်ကြံခြင်းဖြင့် ဤမျှ အကျိုးအမြတ်များသော ရာထူးကို ရရှိထားခြင်း ဖြစ်သည်။
ဤတာဝန်ခံ ရာထူးမှာ တိုးတက်ရန် မျှော်လင့်ချက်မရှိတော့သော သာမန် 'ဂိုဏ်းခွဲ' များနှင့် နှိုင်းယှဉ်၍မရပေ။
ဤရာထူးကို အသုံးချကာ တစ်နှစ်လျှင် ရရှိသည့် ယွမ်ကျောက်တုံး ဝင်ငွေမှာ မနည်းလှပေ။
၎င်းကို သူ၏ ကိုယ်ခန္ဓာ ဝဖြိုးနေပုံက သက်သေပြနေသည်။
တကယ်တော့ ဤအရာအားလုံးကို မြင့်မြတ်နယ်မြေကလည်း မသိချင်ယောင်ဆောင်ကာ ခွင့်ပြုထားပြီးသား ဖြစ်သည်။
"ငါ က ဒီဂိုဏ်းခွဲ က ကလေးတွေရဲ့ ပါရမီကို စစ်ဆေးဖို့ တာဝန် အရ လာခဲ့တာပါ။ စားသောက်ပွဲကတော့ ငါ က အမြဲတမ်း တိတ်ဆိတ်တာကိုပဲ ကြိုက်တာကြောင့် မပါဝင်တော့ပါဘူး။ တာဝန်ခံ လီအနေနဲ့ ငါ တည်းခိုဖို့ အေးချမ်းတဲ့ နေရာလေးတစ်ခုပဲ ရှာပေးပါ"
တိုက်ရိုက်တပည့် ရှုချွမ်းက ခေါင်းခါကာ လီကန်း၏ ဖိတ်ကြားမှုကို ငြင်းပယ်လိုက်သည်။
သူ့တွင် လုပ်စရာ အရေးကြီးကိစ္စများ ရှိနေသေးသဖြင့် အချိန်မဆွဲလိုပေ။
အချိန်တွက်ချက်ကြည့်လျှင်လည်း အခွင့်အရေး ပေါ်လာမည့်အချိန်နှင့် နီးကပ်နေပြီ ဖြစ်သည်။
ကျင့်စဉ်ကို ရောင်းချမည့် ကလေးငယ်ကို သူ အမြန်ရှာရမည်ဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်က လက်ဦးသွားလျှင် ရှုချွမ်းအနေဖြင့် ဘယ်မှာ သွားငိုရမှန်းတောင် သိလိမ့်မည် မဟုတ်ပေ။
"ဒါဆိုရင်လည်း တိုက်ရိုက်တပည့်ရဲ့ ဆန္ဒအတိုင်းပါပဲ။ တိုက်ရိုက်တပည့် အနားယူပြီးမှ ဒီကလေးတွေကို စစ်ဆေးပေးလည်း မနောက်ကျပါဘူး"
"ဘာပဲဖြစ်ဖြစ် ရက်နည်းနည်းလောက်ကတော့ မလောပါဘူး။ ပြောရရင် တိုက်ရိုက်တပည့် ကိုယ်တိုင် ပါရမီစစ်ပေးတာကို ခံရတာ ဒီကလေးတွေအတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ"
ထိုစကားကို ကြားသောအခါ လီကန်းက ထပ်မံ မဖိတ်ကြားတော့ပေ။
ရှုချွမ်းက သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ပြောပြထားပြီးဖြစ်ရာ ထပ်ပြီး နားပူနားဆာ လုပ်နေလျှင် ရှုချွမ်းကို ဒေါသထွက်စေနိုင်သည်။
ထိုအဖြစ်မျိုးကို သူ မခံနိုင်ပေ။
"ကျွန်တော် တိုက်ရိုက်တပည့်အတွက် တည်းခိုဖို့ ပြင်ဆင်ထားပြီးပါပြီ။ တင်းအန်မြို့ထဲမှာပဲ ဖြစ်ပြီး ဒီနေရာက လူစည်ကားတဲ့ နေရာမှာ ရှိပေမဲ့ အလွန် အေးချမ်းတဲ့ နေရာပါ။ တိုက်ရိုက်တပည့်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိ ဖြစ်မှာပါ"
ပြောပြီးနောက် သူက ရှုချွမ်းကို နားနေဆောင် သို့ လိုက်ပို့ရန် လူတစ်ဦးကို ခိုင်းစေလိုက်သည်။
"သခင်၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
အစေခံက ပြောသည်။
"ဒုက္ခပေးမိပြီ"
ရှုချွမ်းက ခေါင်းငြိမ့်ပြကာ နောက်မှ လိုက်သွားသည်။
မကြာမီမှာပင် ရှုချွမ်း လီကန်း စီစဉ်ပေးထားသော အိမ်သို့ ရောက်ရှိလာသည်။
ဤသည်မှာ စည်ကားလှသော ဈေးကြီးတစ်ခုအတွင်းရှိ ခြံဝင်းတစ်ခုဖြစ်ပြီး ဈေးနှင့် ကပ်လျက်တွင်ရှိကာ လူအသွားအလာ များပြားလှသည်။
သို့သော်လည်း ဤခြံဝင်းအတွင်းမှာမူ ကျောက်ဆောင်ငယ်များ၊ ရေစီးသံများ နှင့် ထူးခြားသော ပန်းပင်များဖြင့် အလွန်တိတ်ဆိတ်ပြီး လှပလှသည်။
ခြံဝင်းအတွင်းရှိ နားနေဆောင် လေးတွင် ထိုင်လိုက်ရုံနှင့် အပြင်ဘက် ဈေးအတွင်း ဖြစ်ပျက်နေသမျှကို မြင်တွေ့နိုင်သည်။
ဤခြံဝင်းကို 'အစီအရင်'တစ်ခုဖြင့် ကာကွယ်ထားသဖြင့် လီကန်း ပြောခဲ့သကဲ့သို့ပင် စည်ကားသော နေရာတွင် ရှိသော်လည်း အလွန်အေးချမ်းလှရာ ရှုချွမ်း၏ ဆန္ဒနှင့် ကွက်တိပင်။
လီကန်းက သူ့ကို မျက်နှာသာရရန် တကယ်ပင် အားထုတ်ထားကြောင်း သိသာသည်။
ရှုချွမ်းက သူ၏ ကျေနပ်မှုကို ဖော်ပြလိုက်သည်။
"ပြန်သွားပြီး တာဝန်ခံ လီကို ပြောလိုက်ပါ၊ ငါ ရှုချွမ်းက ဒီနေရာကို အရမ်း ကျေနပ်တယ်လို့"
"ဟုတ်ကဲ့ပါ"
"အကယ်၍ တခြား လိုအပ်တာရှိရင်လည်း သခင် ကျွန်တော့်ကို အချိန်မရွေး ခေါ် နိုင်ပါတယ်"
အစေခံက ရိုသေစွာ ပြန်ပြောပြီးနောက် ထိုနေရာမှ ထွက်ခွာသွားသည်။
ရှုချွမ်းက ခေါင်းငြိမ့်ပြကာ နားလည်ကြောင်း ပြလိုက်သည်။
အစေခံ ထွက်သွားပြီးနောက် ကျယ်ဝန်းလှသော ခြံဝင်းကြီးထဲတွင် ရှုချွမ်း တစ်ဦးတည်းသာ ကျန်ရစ်ပြီး ပို၍ပင် တိတ်ဆိတ်သွားတော့သည်။
ရှုချွမ်းက ပတ်ဝန်းကျင်ကို ရင်းနှီးသွားအောင် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေခဲ့သည်။