အခန်း ၁၆၃၁
Vol. 117 Ch. 1631
အခန်း (၁၆၃၁) စကြာဝဠာတစ်ခွင်ကိုလွှမ်းခြုံသွားသည့် စိတ်ဝိညာဉ်သရဖူ
ဖန်းယွင်ရှန်းက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်ကပင် တိုက်ခိုက်မှုစွမ်းရည်ထက်မြက်ရာတွင် နာမည်ကျော်ကြားသူ ဖြစ်သည်။
ငရဲကိုးထပ်သို့မသွားခင်က သူမ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်နှုန်းက ပုံမှန်သာဖြစ်သည်။ သို့တိုင် သူမ၏ ထူးခြားသောပါရမီနှင့် တိုက်ခိုက်စွမ်းရည်ကြောင့် တိုက်ပွဲများတွင် ထင်ရှားခဲ့သည်။
ငရဲကိုးထပ်မှပြန်လာပြီးနောက် အခြားသောအကြောင်းအရာများကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်တက်နှုန်းက အလွန်အမင်း မြန်ဆန်လာခဲ့သည်။
တကယ်တော့ ကျင့်ကြံခြင်းအဆင့် အလွန်မြန်ဆန်နေသည်ကို စိုးရိမ်သဖြင့် သူမကိုယ်တိုင်သည်ပင် အမြဲလိုလို အရှိန်ထိန်းထားခဲ့ရသည်။
တိုက်ခိုက်ရာမှာတော့ သူမက ပိုပြီး ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာခဲ့သည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့် သို့မဟုတ် ကောင်းကင်နတ်ဘုရားအဆင့်တွင်ပင် သူမအား ရင်ဆိုင်ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။
သူမက တိုက်ခိုက်စွမ်းရည်ကို ရပ်တန့်မနေစေပဲ ပိုမိုမြင့်မားလာစေရန် အစဉ်တစိုက် ကြိုးစားအားထုတ်နေခဲ့သည်။
ကိစ္စရပ်များက အငြင်းပွားစရာရှိသည့်တိုင် သူမအား လမ်းမှန်တာအိုဝါဒ၏ အန္တရယ်အများဆုံး ကောင်းကင်နတ်ဘုရားများထဲမှတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။
သူမ လက်တစ်ချက် လှုပ်ရှားလိုက်တိုင်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက် သူမ၏ဓားချက်အောက်တွင် အသက်ပျောက်လေ့ ရှိသည်။
အချို့သူများက အလစ်ချောင်းတိုက်ခိုက်ခြင်းကို သဘောမကျသော်လည်း အချို့ကတော့ ထိုသို့လုပ်ဆောင်ရန် ဝန်မလေးကြပေ။
ထိုသို့သော တိုက်ခိုက်မှုမျိုးက ကျင့်ကြံထားသည့် ထိပ်တန်းသိုင်းပညာရပ် သို့မဟုတ် တန်ခိုးစွမ်းအားနှင့် ကိုက်ညီခြင်းမရှိပေ။
အချို့က ထိုသို့တိုက်ခိုက်နိုင်စွမ်းရှိသည့်တိုင် အောက်တန်းကျသည့်လုပ်ရပ်ဟုယူဆကာ မလုပ်ဆောင်ဘဲ တားမြစ်ထားကြသည်။
ဖန်းယွင်ရှန်းကတော့ အလစ်ချောင်းလုပ်ကြံတိုက်ခိုက်သည့်နည်းလမ်းကို ကျွမ်းကျင်သူဖြစ်ပြီး ထိုသို့ပြုလုပ်ရန်လည်း ဝန်လေးသူမဟုတ်ပေ။
ဤအချက်ကပင် သူမ၏ မူလကတည်းက ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်စွမ်းရည်ကို ပိုမိုထင်ရှားစေပြီး ရန်သူအပေါ် ထိခိုက်စေနိုင်မှု အဆပေါင်းများစွာ မြင့်တက်လာစေသည်။
အနောက်ဘက်သူတော်စင်ဘုံ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် အခြားသောအင်အားစုများမှ ကျွမ်းကျင်သူများ၏အမြင်မှာတော့ နတ်ဘုရားသုတ်သင်အစီအရင်ကိုထည့်မတွက်ပါက ဖန်းယွင်ရှန်းက လမ်းမှန်တာအိုဝါဒ၏ အန္တရယ်အရှိဆုံး ကောင်းကင်နတ်ဘုရား ဖြစ်ပေသည်။
သူမ၏ ခြိမ်းခြောက်နိုင်စွမ်းက ဝူတန့်မယ်တော် ၊ ယွင်ရှောင်းနတ်သမီး ၊ တောင်ပိုင်းချန်စန်းဧကရာဇ်တို့ထက်ပင် သာလွန်သည်။
သို့သော် ကွမ်းယွိလော်ကတော့ ဤအကြောင်းကိုတွေးမိတိုင်း စိတ်မကောင်း ဖြစ်ရသည်။
ယခင်ကဆိုလျှင် ဖန်းယွင်ရှန်း၏ ဓားဆန္ဒက အစဉ်အမြဲ ဖြောင့်မတ်မှန်ကန်ပြီး ပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်ကာ ထင်ထင်ပေါ်ပေါ် အနိုင်ယူလေ့ရှိသည်။
သူမ၏ စိတ်နေစိတ်ထားသည်လည်း ရာဟုကြယ်စင်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ နှင့် သိသိသာသာ ကွဲပြားသည်။
ဘဝ၏ ပြင်းထန်သော အပြောင်းအလဲများက ဖန်းယွင်ရှန်း၏အနာဂတ်နှင့် ဓားသိုင်းအသုံးပြုပုံ ၊ စိတ်နေစိတ်ထားများကို လွှမ်းမိုးသွားမည်ကို ကွမ်းယွိလော်က စိုးရိမ်နေသည်။
ဖန်းယွင်ရှန်းက သူမလက်ကိုအသာပုတ်လိုက်ရင်း...
“ငါ့အတွက် စိတ်ပူမနေနဲ့”
သူမက ဆက်ပြောလိုက်သည်။
"အခု ငါ့ရဲ့ ဓားလမ်းစဉ်က အရင်နဲ့မတူတော့ဘူးဆိုပေမယ့်... ဒါက အလင်းနဲ့အမှောင် ၊ ယင်နဲ့ယန် အတူယှဉ်တွဲနေသလိုမျိုးပါပဲ ၊ ဒီအပြောင်းအလဲက ငါ့ရဲ့ ကျင့်စဉ်လမ်းအပေါ်ထားတဲ့ယုံကြည်ချက်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး ၊ ပိုပြီးတောင် တိုးတက်လာစေနိုင်တယ်”
“ပြီးတော့ ဒါက ငါကြိုတင်ပြင်ဆင်ထားတဲ့လမ်းဖြစ်လို့ စိတ်အေးအေးသာထားပါ”
ကွမ်းယွိလော်က တစ်ချက်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
မန်ဝမ်ကတော့ ကွမ်းယွိလော်နှင့် မတူပေ။
သူမက နတ်ဘုရားတံခါးကိုတွန်းဖွင့်ထားပြီးဖြစ်ရာ လောက၏ သဘောတရားများကို ပိုမိုနက်ရှိုင်းစွာ နားလည်ထားသည်။
သူမက ဖန်းယွင်ရှန်းကိုကြည့်ရင်း တိတ်ဆိတ်နေပြီးမှ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“အစ်မပြောသလိုပဲ ဒီလမ်းကို ဆက်လျှောက်သွားနိုင်ကောင်း သွားနိုင်လိမ့်မယ် ၊ ဒါပေမဲ့ ဒါက အစ်မအတွက် တစ်ခုတည်းသော ရွေးချယ်မှုလား ၊ တကယ်လို့ လျှောက်နိုင်ခဲ့ရင်တောင် ဒီလမ်းက အန္တရာယ်တွေ အရမ်းများလွန်းပြီး တခြားသူတွေနဲ့ယှဉ်ရင် ချောမွေ့မှာ မဟုတ်ဘူး ၊ တခြားလမ်းကို လျှောက်မယ်ဆိုရင်တောင် အစ်မအတွက် ပိုလွယ်ကူမှာ မဟုတ်ဘူးလား”
မန်ဝမ် စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီခေတ်ကာလရဲ့ တောက်ပခြင်းတွေဟာ အဆုံးမရှိတဲ့ မှောင်မိုက်ခြင်းတွေနဲ့ ခွဲခြားလို့မရနိုင်ဘူးလေ”
သူမ၏စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားသော်လည်း တစ်ခုမှ ထုတ်မပြောဖြစ်ခဲ့ပေ။
မန်ဝမ်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ ပြုံးရင်းဖြင့်သာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
သူမတို့ စကားပြောနေစဉ်မှာပင် ဖန်းယွင်ရှန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
“အိုး... ကျောက်ကဲ ကျင့်ကြံရာကနေ ထွက်လာပြီပဲ"
ရန်ကျောက်ကဲ ချီစွမ်းအားငါးခုပေါင်းစည်းပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းစဉ်ကကဲ့သို့ပင် မည်သည့် လှုပ်ခတ်မှုမှ မရှိခဲ့ပေ။
မန်ဝမ်နှင့် ကွမ်းယွိလော်တို့က ဘာမှ မခံစားမိသော်လည်း ဖန်းယွင်ရှန်း၏အာရုံခံစားမှုကို ယုံကြည်ကြသည်ပင်။
သူမတို့နှစ်ယောက်လုံး အလိုက်တသိပင် မတ်တတ်ထရပ်လိုက်ကြပြီး ဖန်းယွင်ရှန်းကို နှုတ်ဆက်ကာ ပြန်ရန်ပြင်ဆင်လိုက်ကြသည်။
မန်ဝမ်နှင့် ကွမ်းယွိလော်က အားနာရမည့်သူများမဟုတ်သဖြင့် ဖန်းယွင်ရှန်းကလည်း အထူးတလည် အားနာမနေတော့ပေ။
“ဒါဖြင့် နောက်မှတွေ့ကြမယ်နော် ညီမလေးတို့...”
နှုတ်ဆက်စကားဆိုပြီးနောက် သူမက ဝါဒတောင်အနောက်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။
ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံနေသည့် ကျောက်ဂူအိမ်တော်သို့ ရောက်ရှိသည်နှင့် ကြီးမားသောတံခါးကြီးများက အလိုလျောက်ပွင့်သွားသည်။
ကျောက်ဂူအိမ်တော် အတွင်းပိုင်းအပြင်အဆင်က ရိုးရှင်းပြီး ထိုင်ခုံအခင်းအနည်းငယ်သာ ပြင်ဆင်ထားသည်။
ဖန်းယွင်ရှန်း အထဲသို့ဝင်လိုက်သည်နှင့် ထိုင်ခုံအခင်းတစ်ခုထက်တွင် တင်ပျဉ်ခွေထိုင်နေသည့် ရန်ကျောက်ကဲကို တွေ့လိုက်ရ၏။
သူ၏ဦးခေါင်းထက်တွင် တောက်ပသော အလင်းရောင်စက်ဝန်းတစ်ခု ဖြာထွက်နေသည်။
“စိတ်ဝိညာဉ်အထွတ်ထိပ်သရဖူ” ပင် ဖြစ်၏။
ချီစွမ်းအားငါးခုပေါင်းစည်းခြင်း ၊ ပန်းသုံးပွင့်ပေါင်းစည်းခြင်း သရဖူ။
ရန်ကျောက်ကဲအနေဖြင့် ရှေ့သို့ ခြေတစ်လှမ်း ထမ်မံတက်လှမ်းနိုင်ခဲ့ပေပြီ။
သူ၏ဦးခေါင်းထက်တွင် တောက်ပနေသော စိတ်ဝိညာဉ်သရဖူမှထွက်ပေါ်နေသည့် အလင်းရောင်က အဆုံးမရှိသော နက်နဲမှုများကို ဆောင်ကြဉ်းထားပုံရပြီး တစ်လောကလုံးကို သူအလိုရှိရာသို့ ဆွဲခေါ်သွားနိုင်စွမ်း ရှိပုံရသည်။
သို့သော်လည်း လူအများသတိထားမိလောက်အောင် ဆွဲဆောင်နေခြင်းမျိုးမဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေသည်။
ထို နက်နဲဆန်းကြယ်သည့် အလင်းရောင်က သဏ္ဌန်မဲ့ပန်းပွင့်တစ်ပွင့်အလား အပြင်ဘက်သို့ လွင့်ပျံကျလျှက် ရှိသည်။
ထိုအလင်းရောင်က ကျောက်ဂူအိမ်တော်အပြင်ဘက် ၊ ဝါဒတောင်အပြင်ဘက် ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာနှင့် ကျူတောပင်လယ်ကောင်းကင်ဘုံသာမက အဆုံးမရှိသော ပြင်ပဗလာနယ်ထဲထိတိုင် လွင့်မျောသွားလေသည်။
“သဏ္ဌန်မဲ့တန်ခိုးပြသခြင်းနဲ့ အသံမဲ့ကျုံးဝါးခြင်းပဲ့တင်သံပဲ....”
ဖန်းယွင်ရှန်းက ချီးကျူစကားဆိုလိုက်သည်။
"ကျောက်ကဲ... ရှင်ကတော့ တာအိုရဲ့ နက်နဲတဲ့ အနှစ်သာရကို တကယ့်ကို ပိုင်ပိုင်နိုင်နိုင် နားလည်သွားပြီပဲ"
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး သူ၏စိတ်ဝိညာဉ်သရဖူအလင်းရောင်ကို ဗဟိုချက်ဆီသို့ ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး ဖန်းယွင်ရှန်း၏လက်လေးများကို အသာအယာ ဆုပ်ကိုင်လိုက်လေသည်။
“ငါ့စိတ်ကူးအသစ်တွေကို စမ်းသပ်နေတာနဲ့ အချိန်နည်းနည်းကြာသွားတယ် ၊ ကံကောင်းတာက... ရလဒ်တွေကတော့ အတော်လေး အားရစရာကောင်းပါတယ်”
ထို့နောက် သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ကျောက်ဂူအိမ်တော်အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
ရန်ကျောက်ကဲက လမ်းလျှောက်ရင်း မေးမြန်းလိုက်သည်။
“ဒါနဲ့ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း ရှိနိုင်မယ့်နေရာကို စုံစမ်းလို့ရပြီလား”
ယွီယဲ့ကိုဆေးကုသရန်အတွက် သွေးကျောက်ခြင်ဆီ ၊ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းနှင့် ပင်လယ်ထက်သန်အမြုတေတို့ လိုအပ်သည်။
ထိုပစ္စည်း (၃)မျိုးတွင် (၂)မျိုးမှာ ရှာဖွေတွေ့ရှိထားပြီး ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းသာလျှင် လိုအပ်တော့သည်။
ရန်ကျောက်ကဲက ယခုနှစ်များအတွင်း တံခါးပိတ်ကျင့်ကြံနေသည်ဆိုသော်လည်း ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝဖြတ်တောက်မထားခဲ့ပေ။
ဝါဒတောင်မှ အရေးကြီးသည့်သတင်းအချက်အလက်များကိုစုစည်းပြီး သူ၏ကျောက်ဂူအိမ်တော်သို့ အခါအားလျော်စွာ ပို့ပေးရလေ့ရှိသည်။
သို့သော် လိုအပ်သည့်ရတနာပစ္စည်းများအနက် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းနှင့် ပတ်သက်သည့် သတင်းကိုတော့ မရရှိခဲ့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဤအကြောင်းကို ချက်ချင်း မေးမြန်းခြင်းဖြစ်၏။
ဖန်းယွင်ရှန်းက...
"အခုထိတော့ ဘာသတင်းမှ မရသေးဘူး ၊ အကြီးအကဲ’ကောင်း’ ကတော့ ခဏလောက် ထပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတယ် ၊ တကယ်လို့ အချိန်တစ်ခုအထိ စောင့်ကြည့်ပြီးမှ ဘာသတင်းမှမရရင်တော့ သူတို့ ထပ်မစောင့်တော့ဘူးတဲ့”
ရန်ကျောက်ကဲ တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။
ခဏနေမှ သူက ဆက်မေးလိုက်၏။
"ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် အခြေအနေကရော ဘယ်လိုရှိလဲ"
သူ့ထံ ပေးပို့လာသော သတင်းအချက်အလက်များထဲတွင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် ပတ်သက်သည့် ကိစ္စရပ်များလည်း ပါဝင်နေသည်။
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
"အခုထိတော့ အတည်ပြုလို့ရတဲ့ သဲလွန်စ မရသေးဘူး"
သူမက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်း’ယန်’ နဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တို့လည်း လူအင်အားသုံးပြီး အဲဒီပစ္စည်းကို ရှာနေကြတယ်”
ယန်ကျန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့က ယွိချင်အဆက်အနွယ်များဖြစ်သဖြင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေခြင်းအား အရေးကြီးဆုံးဦးစားပေးကိစ္စအဖြစ် သတ်မှတ်ထားကြသည်။
သို့သော် အဆုံးမဲ့ဗလာနယ်ထဲတွင် ထိုအလံကို ရှာဖွေရသည်မှာ သမုဒ္ဒရာထဲ အပ်ပျောက်ရှာရသလို ခက်ခဲလွန်းသည်။ သဲလွန်စတစ်ခုရရှိရန်ပင် မဖြစ်နိုင်လောက်အောင် ခက်ခဲ၏။
ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့ အတူတူလမ်းလျှောက်လာရင်း ပြင်ပလောကအခြေအနေများ ၊ တာအိုကျင့်ကြံခြင်းအကြောင်းများသာမက ဖန်းယွင်ရှန်း ကြုံတွေ့ရသည့် သေးငယ်သည့် လူမှုရေးကိစ္စလေးများကိုပါ စကားစမြည် ပြောဆိုဖြစ်ကြသည်။
နောက်ဆုံးတော့ ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
"ငါတို့လက်ထဲမှာ ကျန်နေတဲ့ ပင်လယ်ငြိမ်သက်ပုလဲကို အခုတော့ သုံးလို့ရပြီ"
ဖန်းယွင်ရှန်းက မျက်ခုံးပင့်လိုက်ရင်း...
“ဘာလဲ... ရှင် အဲဒါကိုသုံးဖို့ နည်းလမ်းရှာတွေ့သွားပြီလား”
ရန်ကျောက်ကဲက...
“အစီအစဉ်မူကြမ်းတော့ ဆွဲထားပြီးပြီ ၊ နောက်ပိုင်း လိုအပ်သလို ဆက်လုပ်ရမှာပေါ့”
ထို့နောက် သူတို့နှစ်ယောက် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှ ထွက်ခွာလာခဲ့ပြီး ကျူတောပင်လယ် ကောင်းကင်ဘုံအပြင်ဘက်သို့ပါ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက ကျူတောပင်လယ်ကောင်းကင်ဘုံကို တည်ဆောက်ခဲ့စဉ်က နည်းလမ်းအတိုင်းပင် ကျန်ရှိသည့် ပင်လယ်ငြိမ်သက်ပုလဲတစ်လုံးကို အသုံးပြုကာ စကြာဝဠာအသစ်တစ်ခု ထပ်မံဖန်တီးလိုက်သည်။
ထိုစကြာဝဠာက ကျူတောပင်လယ်ကောင်းကင်ဘုံအပါအဝင် အခြားသော တာအိုစကြာဝဠာများအားလုံးနှင့် အဆင့်အတန်းတူညီသည်။
လှုပ်ရှားမှုက ကြီးမားသည်ဖြစ်ရာ လူအများ၏အမြင်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
တာအိုဝါဒ စကြာဝဠာများကို စောင့်ကြည့်နေကြသည့် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူတိုင်း ဤကိစ္စကို သတိပြုမိကြသည်။
ပြင်ပဗလာနယ်ထဲတွင် စောင့်ကြည့်နေကြသည့် အခြားအင်အားစုများမှ သူလျှိုများအားလုံး ရန်ကျောက်ကဲ အသစ်ဖန်ဆင်းလိုက်သည့် စကြာဝဠာကို အာရုံစိုက်လာကြသည်။
ရန်ကျောက်ကဲကလည်း သူ၏ လုပ်ရပ်များကို ဖုံးကွယ်ရန် မကြိုးစားဘဲ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်။
အခြားသူများကလည်း သူ့ကို လာရောက် မနှောင့်ယှက်ဘဲ စကြာဝဠာသစ်တစ်ခု ပေါ်ပေါက်လာသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ဖန်းယွင်ရှန်းက...
“ဒီနေရာမှာ လူတွေအခြေချနေထိုင်ဖို့အတွက် ဂိုဏ်းတူမောင်လေး’လန်’ ကို တာဝန်ပေးလိုက်ရမလား”
ရန်ကျောက်ကဲက...
“လောလောဆယ်တော့ အောက်ဘုံကမ္ဘာနဲ့ တခြားကမ္ဘာတွေမှာနေထိုင်တဲ့ သေမျိုးလူသားတွေကိုပဲ ဒီဘက်ကို ရွှေ့ထားလိုက်ပါ...”
သူက ဆက်ပြောလိုက်သည်။
“တခြားသိုင်းဂိုဏ်းတွေအတွက်တော့ စိတ်ပူစရာမလိုဘူး ၊ ဒီစကြာဝဠာအတွက် ငါ့မှာ ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ ရှိပြီးသားပါ"