← Chapters

အခန်း ၁၆၃၂

Vol. 117 Ch. 1632

အခန်း ၁၆၃၂

Vol. 117 Ch. 1632

အခန်း (၁၆၃၂) ပျောက်ဆုံးသွားသူ

ဖန်းယွင်ရှန်းက အသစ်ဖန်ဆင်းလိုက်သည့် စကြာဝဠာကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။

“ဘာလဲ... ဒီစကြာဝဠာက နင့်စိတ်ကြိုက်ဆေးခြယ်လို့ရအောင် ပြင်ဆင်ထားတဲ့ စက္ကူဖြူတစ်ချပ်လိုမျိုးလား ၊ ဒီလိုလုပ်ဖို့ တကယ်ရော လိုအပ်လို့လား”

ရန်ကျောက်ကဲက ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း သူ၏လက်ရှိအဆင့်အတန်းက ကောင်းကင်နတ်ဘုရားများနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။

ထို့ပြင် ဤစကြာဝဠာအသစ်သာမက ကျူတောပင်လယ်ကောင်းကင်ဘုံသည်လည်း ရန်ကျောက်ကဲ ဖန်တီးတည်ဆောက်ထားသည့်လက်ရာပင် မဟုတ်လား။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ရယ်မောလျှက် စကားဆိုလိုက်သည်။

"မရှိမဖြစ် လိုအပ်တာမျိုးတော့ မဟုတ်ပေမယ့် ဒီစကြာဝဠာက ငါ့ရဲ့ကနဦးသုတေသနစမ်းသပ်မှုတွေကို အများကြီး အထောက်အကူပြုမှာပါ ၊ နောက်ပိုင်း လိုအပ်တာတွေပြုပြင်ပြီး စီစဉ်စရာတွေစီစဉ်ဖို့လည်း ပိုပြီးအဆင်ပြေတာပေါ့”

ဖန်းယွင်ရှန်းက သူ၏ အကြံအစည်ကို ကန့်ကွက်ခြင်း မရှိပေ။

“ဟုတ်ပါပြီ... ရှင့်သဘောအတိုင်းပါပဲ”

သူတို့နှစ်ယောက် စကားပြောနေကြစဉ် ကျူတောပင်လယ် ကောင်းကင်ဘုံမှ သတင်းစကားတစ်ခု ရောက်ရှိလာသည်။ ထိုသတင်းစကားက သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံမှ ပေးပို့လိုက်သော သတင်းစကား ဖြစ်၏။

နှစ်ပေါင်းတစ်ရာအတွင်း ဝူတန့်မယ်တော်သည်လည်း ပင်လယ်ငြိမ်သက်ပုလဲကိုအသုံးပြုကာ စကြာဝဠာအသစ်တစ်ခု ဖန်ဆင်းတည်ဆောက်ခဲ့သည်။

ထိုစကြာဝဠာကို မဟာကပ်ဘေးကြီးမတိုင်ခင် တာအိုဝါဒ၏ ကောင်းကင်ဘုံ(၃၆)ခုအနက် တစ်ခုဖြစ်သည့် “သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံ” ဟု အမည်ပေးခဲ့၏။

ယခင်က ထျန်းစူးစကြာဝဠာထဲတွင် တည်ရှိပြီး နောက်ပိုင်း ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ပြောင်းရွှေ့ခဲ့သော “အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ” မှာ ယခုတော့ ဝူတန့်မယ်တော်၏ သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံ စကြာဝဠာသို့ ရွှေ့ပြောင်းအခြေချခဲ့ပြီ ဖြစ်သည်။

သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံက ယွိချင်နှင့် ထိုက်ချင်အဆက်အနွယ်များ လာရောက်ခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း ထိုနေရာတွင် နေထိုင်သူအများစုက စန့်ချင်အဆက်အနွယ်များသာ ဖြစ်ကြသည်။

ဝူတန့်မယ်တော်က ဒဏ်ရာများပြန်လည်သက်သာလာပြီးနောက် စကြာဝဠာအသစ်တစ်ခုဖန်ဆင်းကာ သူမကိုယ်ပိုင် ကျောက်ဂူအိမ်တော်တစ်ခု တည်ဆောက်ခဲ့ရုံသာမက စန့်ချင်အဆက်အနွယ်များ ပိုမိုပြန့်ပွားထွန်းကားလာစေရန်အတွက် နယ်မြေတစ်ခုလည်း ဖန်တီးပေးခဲ့သည်။

လက်ရှိမှာတော့ ဝူတန့်မယ်တော်က ယွင်ရှောင်းနတ်သမီးကိုယ်စား နတ်ဘုရားသုတ်သင်အစီအရင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်လွှဲပြောင်းယူထားသဖြင့် ပြင်ပဗလာနယ်ထဲတွင် လွင့်မျောလျှက် ရှိသည်။

ထို့ကြောင့် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံ စကြာဝဠာကို လက်ရှိအုပ်ချုပ်နေသူက ‘ကောင်းချင်းရွှမ်’ ပင် ဖြစ်၏။

ယခု ကောင်းချင်းရွှမ် ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ပေးပို့လာသော သတင်းက ဝါဒတောင်နှင့် သက်ဆိုင်နေသည်။

ဝါဒတောင်၏တပည့်တစ်ယောက်လည်းဖြစ် ၊ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏ ဂိုဏ်းတူတပည့်ငယ်လည်းဖြစ်သော ‘ယင်လုန်ထူ’ က ပြင်ပလောကသို့ထွက်ခွာလာစဉ် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့သည်။

သူက စန့်ချင်အဆက်အနွယ်များနှင့်တွေ့ဆုံပြီး ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို အတူတကွ သွားရောက်ရှာဖွေခဲ့သည်။

သို့သော် ရှာဖွေရေးခရီးစဉ်အတွင်းမှာပင် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို မတွေ့ရှိဘဲ ယင်လုန်ထူနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

ယင်လုန်ထူက ရန်ကျောက်ကဲနှင့် အရင်းနှီးဆုံးသောညီအစ်ကိုတစ်ယောက်ဖြစ်ရာ သူပျောက်ဆုံးသွားခြင်းက သေးငယ်သောကိစ္စ မဟုတ်ပေ။

စန့်ချင်အဆက်အနွယ်များက နေရာအနှံ့ ရှာဖွေခဲ့ကြသော်လည်း ရှာမတွေ့သဖြင့် ဤကိစ္စကို လျစ်လျူမရှုရဲဘဲ ကောင်းချင်းရွှမ်က ကျူတောပင်လယ်ကောင်းကင်ဘုံသို့ အမြန်ဆုံး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

သတင်းရရချင်းပင် လုန်ရှင်းချွမ်သည်လည်း ယင်လုန်ထူကိုရှာဖွေရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ထိုသတင်းကြားတော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

"ဟန်လုန်အာနဲ့ အဆက်အသွယ် ပြတ်သွားတာလား"

သူတို့နှစ်ယောက်လုံးက ယင်လုန်ထူ၏ငယ်နာမည်ဖြစ်သော ‘ဟန်လုန်အာ’ ကိုသာ ခေါ်ဝေါ်လေ့ရှိကြသည်။

သို့သော် ယခုအချိန်တွင် ယင်လုန်ထူက ငယ်စဉ်ကကဲ့သို့ ဘာမှမသိနားမလည်သည့် ကလေးငယ်တစ်ယောက် မဟုတ်‌‌တော့ပေ။

ယင်လုန်ထူက စိတ်နေစိတ်ထားရိုးသားဖြောင့်မတ်ပြီး စကားပြောရာတွင် ပွင့်လင်းနေသေးသည့်တိုင် အတွေ့အကြုံရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေပြီ။

ယခင်လို တုံးတုံးအအ ပုံစံမျိုး မဟုတ်တော့ဘဲ တစ်ကိုယ်တည်း လှည့်လည်ခရီးသွားနိုင်နေပြီ ဖြစ်၏။

သို့ဖြစ်ရာ သူနှင့် ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားသည်ဆိုခြင်းက ယင်လုန်ထူ အမှန်တကယ် ဒုက္ခတစ်ခုခုနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်သည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ချက်ချင်းပင် ကျူတောပင်လယ်ကောင်းကင်ဘုံသို့ပြန်လာပြီး ဝါဒတောင်သို့ ရောက်ရှိလာကြသည်။

ဝါဒတောင်ဂိုဏ်း၏ တာဝန်ခန်းမ ပထမအဆင့်ထိပ်တန်းအကြီးအကဲ’လန်ဝမ်ယန်’ က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် သူတို့ကို စောင့်မျှော်နေလေသည်။

ရန်ကျောက်ကဲတို့ ရောက်လာသည်ကိုတွေ့သည်နှင့် လန်ဝမ်ယန်က...

“ဂိုဏ်းတူညီလေး’ယင်’ က ကျွန်တော့်ကို မဆက်သွယ်တာလည်း အတော်လေးကြာနေပါပြီ”

ကျယ်ပြောလှသော ပြင်ပဗလာနယ်ထဲတွင် အချင်းချင်းဆက်သွယ်ရန် ခက်ခဲသည်ဖြစ်ရာ ခဏမျှ အဆက်အသွယ် ပြတ်တောက်သွားခြင်းက ပုံမှန်အားဖြင့် အရေးကြီးကိစ္စ မဟုတ်ပေ။

ယေဘူယျဆိုလျှင် ပြင်ပသို့ ခရီးထွက်နေသူများက အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီးနောက် ဂိုဏ်းသို့ ပြန်လည်ဆက်သွယ်လေ့ ရှိကြသည်။

သို့သော် ယင်လုန်ထူ၏ လက်ရှိအခြေအနေက အမှန်တကယ်ပင် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေပြီဖြစ်၏။

ရန်ကျောက်ကဲက ငြိမ်သက်စွာမတ်တတ်ရပ်နေပြီး သူ၏မျက်ဝန်းများထဲတွင် စိမ်းပြာရောင်အလင်းတန်းများတောက်ပလာသည်။

သူက 'မူလကောင်းကင်ကျမ်းစာ' ကို အသုံးပြုပြီး အတိတ်နှင့်ပစ္စုပ္ပန် ကံကြမ္မာဆက်နွယ်မှုလမ်းကြောင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးနေခြင်း ဖြစ်၏။

သို့သော် ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် စိမ်းပြာရောင်အလင်းတန်းများအပြင် မြူခိုးများပါ ထပ်မံထွက်ပေါ်လာသည်။

"သူနဲ့ အဆက်အသွယ် ပြတ်သွားတာ မဆန်းပါဘူး... ဟန်လုန်အာ ရောက်နေတဲ့ နေရာက အတော်လေး ထူးဆန်းတယ် ၊ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင် ဒါမှမဟုတ် ကြယ်စင်မြစ်လက်တက်နဲ့ ဆင်တူတဲ့ နေရာမျိုးပဲ"

ထို့နောက် ရန်ကျောက်ကဲက မျက်ဝန်းများကို မှေးမှိတ်လိုက်ပြီး...

“ဒါပေမဲ့... သူ အခုလောလောဆယ်တော့ အန္တရာယ်ကင်းနေဦးမှာပါ"

ထိုစကားကို ကြားမှ ဖန်းယွင်ရှန်းနှင့် လန်ဝမ်ယန်တို့ သက်ပြင်းချလိုက်ကြသည်။

ရန်ကျောက်ကဲက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းရင်း...

“ပြီးတော့ အဲဒီနားပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာကျွမ်းကျင်သူတချို့လည်း ရှိနေပုံရတယ် ၊ သူတို့က ငါကြည့်တဲ့ကံကြမ္မာသဲလွန်စ လမ်းကြောင်းထဲကိုတောင် ဝင်ပြီးနှောက်ယှက်နေကြတယ် ၊ ဒါကြောင့် သိပ်ပြီးသေသေချာချာ မမြင်နိုင်ဘူးဖြစ်နေတာ”

ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး

"အနောက်ဘက်သူတော်စင်ဘုံက လူတွေလား"

ရန်ကျောက်ကဲက နားထင်ကိုလက်ချောင်းများဖြင့် ထောက်လိုက်ရင်း...

"ပိုပြီး ခိုင်မာတဲ့ သဲလွန်စတွေရဖို့ ငါကိုယ်တိုင် သွားကြည့်ရမယ်ထင်တယ် ၊ အဲဒီကျမှ ထပ်ပြီးတော့ တွက်ချက်ကြည့်လို့ရမှာ"

လက်ရှိတွင် ရန်တိက ကျူတောပင်လယ်ကောင်းကင်ဘုံတွင် ရှိမနေသလို ရွှီဖေးကလည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။

အကယ်၍ ရန်ကျောက်ကဲသာ ကျင့်ကြံနေဆဲဆိုလျှင် ဤတာဝန်ကို ဖန်းယွင်ရှန်းကသာ လုပ်ဆောင်ရပေမည်။

ယခုတော့ ရန်ကျောက်ကဲရှိနေသဖြင့် ဖန်းယွင်ရှန်းက ကျူတောပင်လယ်ကောင်းကင်ဘုံကို တာဝန်ယူစောင့်ကြပ်ပြီး ရန်ကျောက်ကဲက အပြင်ထွက်လှုပ်ရှားမည် ဖြစ်သည်။

ဖန်းယွင်ရှန်းက...

“ရန်သူတွေရဲ့ ထောင်ချောက်ထဲကျမသွားအောင် သတိထားဦးနော်...”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

"ငါတို့အခြေအနေက အရင်နဲ့ မတူတော့ပါဘူး။ ၊ သူတို့ မင်းကို ခြေရာမခံနိုင်သရွေ့ ငါလည်း ဘေးကင်းနေမှာပါ ၊ ဘာလို့လဲဆိုတော့ ရန်သူတွေက မင်းပစ်မှတ်ထားခံရမှာကြောက်လို့ ငါ့ကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး”

ဖန်းယွင်ရှန်းက သူမ၏စွမ်းအားရောင်ဝါကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

သူမက ကျူတောပင်လယ်ကောင်းကင်ဘုံတွင် ရှိနေသည်ဆိုသော်လည်း အပြင်လောကမှလူများအနေဖြင့် သူမ မည်သည့်နေရာတွင်ရှိနေကြောင်း အတိအကျ မသိနိုင်ပေ။

ဖန်းယွင်ရှန်းက...

“ဘာပဲဖြစ်ဖြစ် သတိထားတာတော့ အကောင်းဆုံးပေါ့... ကျောက်ကဲ”

သူမက ဆက်ပြောလိုက်သည်။

“သူတို့က ကျူတောပင်လယ်ကောင်းကင်ဘုံကို အရင်ဆုံးလာပြီး စမ်းသပ်ကြည့်နိုင်တယ် ၊ တကယ်လို့ ကျွန်မ လူလုံးထွက်မပြဘူးဆိုရင် သူတို့က အဲဒီအခွင့်အရေးကို အသုံးချသွားမှာပဲ ၊ ကျွန်မရှေ့ထွက်ပြီး သူတို့ဘက်က ကောင်းကင်နတ်ဘုရားတွေနဲ့ ရင်ဆိုင်မယ်ဆိုရင်... ကျွန်မအနေနဲ့ ရှင့်ကိုလာပြီး ကူညီပေးနိုင်မှာ မဟုတ်တော့ဘူးလေ”

ရန်ကျောက်ကဲက...

"စိတ်မပူပါနဲ့... မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ ပန်ပန်ကိုလည်း ငါနဲ့အတူ ခေါ်သွားမှာပါ”

ဖန်းယွင်ရှန်းက ပြတ်သားသည့်လေသံဖြင့်...

“ကျွန်မ ရှင့်ရဲ့အခြေအနေကို အပြတ်စောင့်ကြည့်နေပါ့မယ် ၊ တကယ်လို့ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်တာနဲ့ ချက်ချင်းလိုက်လာခဲ့မယ်”

သူမက ဆက်ပြောလိုက်သည်။

“ကျူတောပင်လယ်ကောင်းကင်ဘုံ တစ်ခုခုဖြစ်မယ်ဆိုရင်တောင် တာအိုရောင်းရင်း‌’စော’ နဲ့ ယွင်ရှောင်းနတ်သမီးတို့ ရှိနေတာပဲ ၊ သူတို့ ကိုင်တွယ်ပေးနိုင်မှာပါ”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“မင်းစကားကြီးက ငါ့မာနကို ထိခိုက်တယ်နော်”

ဖန်းယွင်ရှန်းက အရေးမစိုက်ဟန်ဖြင့်...

“ရှင်က အရေထူပြီးသားပဲ ၊ ဘာမှမဖြစ်ပါဘူး”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“ဒီစကားကတော့ ဒဏ်ရာကိုပိုနက်အောင်ထိုးလိုက်တာပဲ”

ထို့နောက် သူက မျက်နှာကိုပြန်တည်လိုက်ပြီး...

“စိတ်အေးအေးထားပါ ၊ အကုန်အဆင်ပြေသွားမှာပါ ၊ ငါ့စိတ်ထဲတော့ အန္တရယ်အငွေ့အသက်မခံစားရတဲ့အပြင် နိမိတ်ကောင်းတစ်ခုကိုတောင် အာရုံရနေသလိုပဲ”

ဖန်းယွင်ရှန်းက စဉ်းစားဟန်ဖြင့်...

"နိမိတ်ကောင်း... ဟုတ်လား”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး ဖန်းယွင်ရှန်းနှင့် လန်ဝမ်ယန်ကို နှုတ်ဆက်စကားဆိုကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်ကိုခေါ်ဆောင်ပြီး ကျူတောပင်လယ်ကောင်းကင်ဘုံမှ ထွက်ခွာသွားလေသည်။

လက်ရှိတွင် ရွှီဖေးက ကျင့်ကြံနေဆဲ ဖြစ်သည်။

'ချီထျန်းမဟာသူတော်စင်' ၏ ရွှေခန္ဓာ (၃)ခုကို သီးခြားစီ အသုံးပြုနိုင်သော်လည်း ၎င်းတို့ကို ပေါင်းစပ်ပြီး မဟာသူတော်စင်၏ အစစ်အမှန်ပုံရိပ်ကိုထုတ်ဖော်ရန်မှာတော့ အချိန်အတိုင်းအတာတစ်ခု လိုအပ်နေသေးသည်။

နတ်ဘုရားသုတ်သင်အစီအရင် တိုက်ပွဲအပြီးတွင် သူတို့၏တန်ခိုးစွမ်းအားများ အတော်လေး ကုန်ခမ်းသွားခဲ့ရသည် မဟုတ်ပါလား။

ထို့ကြောင့် ဤတစ်ခေါက်တွင် ရန်ကျောက်ကဲက ရွှီဖေးကို အနှောင့်အယှက်မပေးတော့ဘဲ သူ့ဟာသူ ထွက်ခွာသွားခြင်း ဖြစ်၏။

သူက အရင်ဆုံး သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံသို့သွားရောက်ကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းရွှယ်ပေါ်နှင့် တွေ့ဆုံခဲ့သည်။

ကောင်းရွှယ်ပေါ်ထံမှ လမ်းညွှန်ချက်အချို့ ရရှိပြီးနောက် ပြင်ပဗလာနယ်ထဲသို့ ပြန်လည်ထွက်ခွာကာ ယင်လုန်ထူနှင့် တွေ့ဆုံခဲ့သည့် စန့်ချင်အဆက်အနွယ်များကို ဆက်သွယ်ခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် ရန်ကျောက်ကဲက 'မူလကောင်းကင်ကျမ်းစာ' ကို ဆက်တိုက်အသုံးပြုလာခဲ့သည်။

ယင်လုန်ထူနှင့် အဆက်အသွယ်ပြတ်တောက်သါားသည့် နေရာသို့ နီးကပ်လာလေ သူ၏သိမြင်နိုင်စွမ်းက ပိုမိုရှင်းလင်းလာပြီး သဲလွန်စများ ပိုမိုရရှိလာလေ ဖြစ်၏။

ရန်ကျောက်ကဲက ဘာတွေဖြစ်ပျက်ခဲ့သည်ကို တဖြည်းဖြည်းနားလည်လာသော်လည်း စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခဲ့ပေ။

သူက လုန်ရှင်းချွမ်နှင့်တွေ့ဆုံရန် ချိန်းထားသည့်နေရာသို့သာ ဆက်လက်ထွက်ခွာလာခဲ့သည်။

All Chapters