အခန်း ၁၆၃၃
Vol. 117 Ch. 1633
အခန်း (၁၆၃၃) တိချင်းလျန်၏အဆက်အနွယ် လူငယ်ပါရမီရှင်
"ကျောက်ကဲ... ရောက်လာပြီလား"
လုန်ရှင်းချွမ်က ရန်ကျောက်ကဲကို မြင်သည်နှင့် အားနာစွာဖြင့် စကားဆိုလိုက်သည်။
“ကျောက်ကဲ... ငါ တကယ်ပဲ ရှက်ရွံ့မိပါတယ် ၊ ယွီယဲ့ကိစ္စကို အာရုံစိုက်နေတာနဲ့ပဲ မိတ်ဆွေလေး’ယင်’ နဲ့ အဆက်အသွယ်ပြတ်သွားရတယ်”
ရန်ကျောက်ကဲက...
“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ ဆရာဘိုးဘိုး’လုန်’”
သူက ဆက်ပြောလိုက်သည်။
"ကျွန်တော် အခြေအနေ အသေးစိတ်ကို မသိရသေးပေမဲ့ လုန်ထူ အခုထိ ဘေးကင်းနေတဲ့ပုံပါပဲ”
လုန်ရှင်းချွမ်က ခေါင်းညိတ်ရင်း...
"ဒါဆိုရင်တော့ ဝမ်းသာစရာပဲ"
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“အရင်ကရထားတဲ့ သတင်းတွေအရဆိုရင်တော့ ဒီနားတစ်ဝိုက်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေ ကျက်စားလေ့ရှိတယ် ၊ ဒါပေမဲ့ သူတို့က အနောက်ဘက်သူတော်စင်ဘုံကလား ၊ အဖြူရောင်ကြာပန်းသုခဘုံကလား ဆိုတာတော့ အခုထိ အတည်မပြုနိုင်သေးဘူး"
ရန်ကျောက်ကဲက ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။
ရန်ကျောက်ကဲ ကိုယ်တိုင် ဤနေရာသို့ ရောက်လာရခြင်းမှာ ယင်လုန်ထူအား သူများထောင်ချောက်ဆင်သည်ကို ခံရမည်စိုးသောကြောင့် ဖြစ်သည်။
လုန်ရှင်းချွမ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာလာရခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်၏။
ရာစုနှစ်တစ်ခုကြာမြင့်ပြီးနောက် ယင်လုန်ထူသည်လည်း နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာရှိ အရှေ့တောင်တန်းမှ ပါရမီရှင်(၄)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သော ခုနစ်စဉ်ကြယ်ဧကရာဇ်’ယင်လုန်ထူ’ သည် တာအိုဝါဒတွင် အတော်အတန် အရှိန်အဝါကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေပြီ။
“ခုနစ်စဉ်ကြယ်ဧကရာဇ်” ဆိုသော သူ၏ဘွဲ့အမည်ကပင် အစစ်အမှန်နတ်ဘုရားများကြားတွင် အရှိန်အဝါတစ်ခုကို ရရှိထားပြီးဖြစ်သည်။
ဤသို့သောဘွဲ့အမည်မျိုးက မည်သူမဆို ခံယူနိုင်သည့် ဘွဲ့အမည်မျိုး မဟုတ်ပေ။
တာအိုဝါဒ သိုင်းဂိုဏ်းအသီးသီးတွင် အစစ်အမှန်နတ်ဘုရားများစွာ ရှိကြသော်လည်း ယင်လုန်ထူကတော့ သူတို့အားလုံးထက်ပိုပြီး အစွမ်းထက်သူ ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူက နတ်ဘုရားတံခါးတွန်းဖွင့်ပြီးနောက်ပိုင်း “နတ်သက်ကြွေဓားသိုင်း” ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ရန်ကျောက်ကဲပြီးလျှင် ထိုဓားသိုင်းကို အောင်မြင်စွာကျင့်ကြံနိုင်သည့် ဒုတိယမြောက်လူ ဖြစ်လာခဲ့သည်။
ထိုဓားသိုင်းအောင်မြင်ထားသောကြောင့် လမ်းမှန်ဗုဒ္ဓဘာသာ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် ငရဲကိုးထပ်မှ နက်ရှိုင်းနတ်ဘုရားများနှင့် ရင်ဆိုင်ရလျှင် တိုက်ပွဲရလဒ်ကို မပြောနိုင်သော်လည်း ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများဆိုလျှင်တော့ ယင်လုန်ထူလက်ချက်ဖြင့် အသက်ပျောက်သွားနိုင်သည်။
ထို့ကြောင့် သူ ပျောက်ဆုံးသွားခြင်းနောက်ကွယ်တွင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ကြိုးကိုင်နေခြင်း ဖြစ်နိုင်သည်။
ဤအချက်ကြောင့်ပင် လုန်ရှင်းချွမ်သည်လည်း သတင်းရရချင်း ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်ပြီး ရန်ကျောက်ကဲကလည်း ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ခြင်း ဖြစ်သည်။
ယင်လုန်ထူကို ငါးစာအဖြစ် အသုံးပြုပြီး တာအိုကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲဆောင်ကာ သုတ်သင်ရန် ကြံစည်နေသည်လားဟု မည်သူမှတပ်အပ်မပြောနိုင်ပေ။
လက်ရှိတွင် လမ်းမှန်တာအိုဝါဒအခြေအနေက ယခင်ကလို ဆိုးရွားခြင်းမရှိတော့ဘဲ အခြားသော အင်အားစုကြီးများနှင့် ရင်ပေါင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း မည်သူမျှ မထိရဲ၊ မစိန်ခေါ်ရဲလောက်အောင် စွမ်းအားကြီးမားခဲ့သည့် ရှေးခေတ်ကာလ အခြေအနေမျိုးသို့ ပြန်မရောက်သေးပေ။
နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် တာအိုအဓိပတိများ လှုပ်ရှားကြမည် မဟုတ်သော်လည်း တာအိုအဆင့်အောက်ကျင့်ကြံသူများကြား ပွတ်တိုက်မှုများကတော့ ရှောင်လွှဲမရသည့်အချက်သာပင်။
နိယာမအရဆိုရလျှင် အမတခုံရုံးနှင့် အဖြူရော်ငကြာပန်းသုခဘုံတို့က စစ်ဖြစ်နေသဖြင့် လမ်းမှန်တာအိုဝါဒနှင့် ပြဿနာမတက်အောင် ရှောင်ရှားမည် ဖြစ်သည်။
သို့သော် အနာဂတ်တွင် ကောင်းကင်နတ်ဘုရားတစ်ပါး တာအိုအဆင့်သို့တက်လှမ်းနိုင်မည့် ငရဲကိုးထပ် အခွင့်အရေးကြီးက သူတို့ကို စောင့်ကြိုနေသည်။
ထိုမျှအရေးပါသော အခွင့်အရေးအတွက်ဆိုလျှင် မည်သူမဆို မျှော်လင့်မထားသည့်အရာများကိုလည်း လုပ်ဆောင်လာနိုင်ခြေ ရှိ၏။
ဖြစ်နိုင်ခြေမများသည့်တိုင် ရန်ကျောက်ကဲတို့ကတော့ ထိုအချက်ကို သတိကြီးစွာ ထားကြရသည်ပင်။
ရန်ကျောက်ကဲနှင့် လုန်ရှင်းချွမ် ရှေ့သို့ ခရီးဆက်ခဲ့ကြသည်။
လမ်းတွင် ရန်ကျောက်ကဲက 'မူလကောင်းကင်ကျမ်းစာ' မှတစ်ဆင့် သူရရှိထားသည့် သတင်းအချက်အလက်များကို လုန်ရှင်းချွမ်အား ပြောပြခဲ့သည်။
လုန်ရှင်းချွမ်က သက်ပြင်းချရင်း...
“အဆုံးမရှိ ဗလာနယ်ထဲမှာ တာအိုရောင်းရင်း’ရှောက်’ ကွယ်လွန်သွားခဲ့တဲ့ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်လို နေရာမျိုးတွေက တဖြည်းဖြည်း ရှားပါးလာပြီပဲ"
ရန်ကျောက်ကဲကလည်း သဘောတူလိုက်သည်။
“အမှန်ပဲ ၊ ဒီဘက်ခေတ်မှာ အဲဒီလို လျှို့ဝှက်နေရာတွေက လောကကြီးနဲ့ လုံးဝ အဆက်အသွယ်ပြတ်နေတာ ၊ ဒါမှမဟုတ်လည်း အရင်က ထျန်းစူးစကြာဝဠာလိုမျိုး ခန့်မှန်းရခက်တဲ့ ပတ်လမ်းတွေအတိုင်း ရွေ့လျားနေတာပေါ့ ၊ အဲဒီလိုနေရာတွေက တကယ့်ကို လက်ချိုးရေတွက်လို့ရပါတယ်”
ခရီးနှင်နေရင်း လုန်ရှင်းချွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏အရှိန်ကို လျှော့ချလိုက်သည်။ ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲကလည်း ရပ်တန့်လိုက်သည်။
လုန်ရှင်းချွမ်က လက်ချောင်းများအသုံးပြုပြီး လေထုထဲတွင် တစ်စုံတစ်ခု ရေးဆွဲလိုက်၏။
ခဏအကြာမှာတော့ တောက်ပသည့်မြူခိုးအစုအဝေးတစ်ခု ထွက်ပေါ်လာပြီး ထိုမြူခိုးများထဲတွင် ဓားချက်အချို့ကို တွေ့မြင်ရသည်။
ထိုဓားရာများကိုတွေ့မြင်သည်နှင့် လုန်ရှင်းချွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်ဝန်းများထဲမှ ဓားအလင်းန်းများထွက်ပေါ်လာကာ ဗလာနယ်ကိုဖြတ်သန်းပြီး အဝေးသို့ ပျံသန်းသွားလေသည်။
ဤသည်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ မကြာခင်ကမှ အသစ်တီထွင်ထားသည့် ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။
မကြာမီ ရန်ကျောက်ကဲစိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက် အနားသို့ရောက်လာဟန်ရှိ၏။
ရန်ကျောက်ကဲ၏ စိတ်အာရုံက စကြာဝဠာအနှံ့သို့ဖြန့်ကျက်သွားပြီး သူ့စိတ်ထဲတွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းအတွင်းမှ အစိမ်းရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ ထိုသူကို သိရှိလေသည်။
ထိုသူက လွန်ခဲ့သော ရာစုနှစ်အတွင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အသစ်ထွက်ပေါ်လာသည့် စန့်ချင်အဆက်အနွယ် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
သူ၏အမည်က တာအိုဆရာ’ဖြန့်ထျန်း’ ဖြစ်၏။
လက်ရှိ လမ်းမှန်တာအိုဝါဒ၏ စည်ပင်ထွန်းကားလာမှုမှာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ တစ်ခုတည်းတွင်သာ မဟုတ်ပေ။
ကျူတောပင်လယ် ကောင်းကင်ဘုံနှင့် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံတို့မှ တာအိုဆက်ခံသူများထဲတွင် ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သည်။
တာအိုဆရာ’ဖြန့်ထျန်း’ က ကောင်းချင်းရွှမ်၏ တိုက်ရိုက်အဆက်အနွယ် မဟုတ်သော်လည်း အတော်လေး ရင်းနှီးကြသည်။
သူက ကောင်းချင်းရွှမ်နှင့် လုန်ရွှယ်ကျီးတို့ထံမှ လမ်းညွှန်ပြသမှုများကိုလည်း များစွာရရှိထားသူ ဖြစ်၏။ ထို့ကြောင့် ယခုခရီးစဉ်တွင် သူသည်လည်း ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို ရှာဖွေရန် အဓိက အာရုံစိုက်ခဲ့ခြင်းဖြစ်သည်။
တာအိုဆရာ’ဖြန့်ထျန်း’ က ယင်လုန်ထူနှင့် အထူးတလည် ရင်းနှီးခြင်းမရှိသော်လည်း အချင်းချင်းကြား မည်သည့်ပဋိပက္ခမှ မရှိကြပေ။
နှစ်ယောက်လုံးက တာအိုကျင့်ကြံသူများဖြစ်ကြသည့်အတွက် အတူတူခရီးထွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဤနေရာသို့ရောက်ချိန် သူတို့နှစ်ယောက် လူခွဲပြီး ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို ရှာဖွေခဲ့ကြပြီး မည်သည့်ထူးခြားမှုကိုမှ အာရုံခံမိခြင်း မရှိကြပေ။
သို့သော် ပြန်လည်တွေ့ဆုံရန် ချိန်းဆိုထားသည့်နေရာသို့ ယင်လုန်ထူတစ်ယောက် ရောက်မလာခဲ့ပေ။
အစပိုင်းတွင် တာအိုဆရာ’ဖြန့်ထျန်း’ က ဤကိစ္စကို အထွေအထူး မတွေးမိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ယခုခရီးစဉ်က တိကျသော ရည်မှန်းချက်တစ်ခု မရှိသေးသောကြောင့် ဖြစ်သည်။
ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း ရှိနိုင်မည့်နေရာနှင့်ပတ်သက်၍ ခိုင်မာသောသဲလွန်စ မရှိသေးသဖြင့် အခြေအနေအရသာ လုပ်ဆောင်ရန် သဘောတူထားခဲ့ကြသည်။
ယင်လုန်ထူက ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းရှာဖွေရင်း တစ်စုံတစ်ခုကို စိတ်ဝင်စားသွားပြီး ထိုအရာနောက် လိုက်သွားခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လား။
သို့သော် မကြာမီ သူတို့ရောက်ရှိနေသည့်နေရာတွင် ဗုဒ္ဓဘာသာကျွမ်းကျင်သူများရောက်နေကြောင်း တာအိုဆရာ’ဖြန့်ထျန်း’ သတိပြုမိသွားသည်။
သူတို့က အရေအတွက်လည်း မနည်းလှပေ။
ထို့ကြောင့် တာအိုဆရာ’ဖြန့်ထျန်း’ က သူ၏ခြေရာလက်ရာများကို ဂရုတစိုက်ဖုံးကွယ်ပြီး ထိုသူများနှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ကြဉ်လိုက်သည်။
ပုန်းအောင်းရင်း သေချာစွောအကဲခတ်ကြည့်လိုက်တော့ ရောက်ရှိနေသူများထဲတွင် အဆင့်မြင့်ကျွမ်းကျင်သူ များစွာရှိနေပြီး ၊ သူတို့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို ကြံစည်နေကြောင်း ထင်ရှားသည်။
ဤသည်ကိုသတိပြုမိသည်နှင့် ယင်လုန်ထူပျောက်ဆုံးသွားသည်မှာ ရိုးရှင်းမှုမရှိကြောင်း သဘောပေါက်သွားပြီး တာအိုဆရာ’ဖြန့်ထျန်း’ က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ အမြန်ဆုံး သတင်းပို့ခဲ့ခြင်း ဖြစ်၏။
သတင်းကြားကြားချင်းပင် လုန်ရှင်းချွမ်က ဤနေရာသို့ ချက်ချင်းလိုက်လာခဲ့သည်။
လုန်ရှင်းချွမ်က ယွိချင်အဆက်အနွယ်မှ ဖြစ်သည်။
သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အကြီးအကဲတစ်ယောက်အဖြစ် ခိုင်မာသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့် စန့်ချင်အဆက်အနွယ်များက သူ့ကို ရိုသေလေးစားစွာပင် ဆက်ဆံကြလေသည်။
တာအိုဆရာ’ဖြန့်ထျန်း’ က လုန်ရှင်းချွမ်ကို ရိုသေစွာပင် ဂါရဝပြုလိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်၏။
“အကြီးအကဲ’လုန်’ နဲ့ လူငယ်ကောင်းကင်ဘုံအရှင်ကို ဂါရဝပြုပါတယ်”
သူ၏အကြည့်က လုန်ရှင်းချွမ်ထက် ရန်ကျောက်ကဲထံတွင် အနည်းငယ် ပိုမိုကြာမြင့်စွာ တည်ရှိနေခဲ့သည်။
တာအိုဆရာ’ဖြန့်ထျန်း’ က ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံတို့ တည်ထောင်ပြီးမှ နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်လျှင် တာအိုဆရာ’ဖြန့်ထျန်း’ က လူငယ်တစ်ယောက်ဟု ဆိုနိုင်၏။
အသက်အရွယ်အရဆိုလျှင် တာအိုဆရာ’ဖြန့်ထျန်း’ က ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှ ဓားဧကရာဇ်၏တပည့် “ပိုင်တောင်း” နှင့် သက်တူရွယ်တူ ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာနေရာများတွင် အသက်အငယ်ဆုံး လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်များ ဖြစ်ခဲ့ကြသည်။
ဟုတ်ပေ၏။
တာအိုဆရာ’ဖြန့်ထျန်း’ က တစိုက်မတ်မတ် ကြိုးစားကျင့်ကြံပြီး နတ်ဘုရားတံခါးကို အောင်မြင်စွာ တွန်းဖွင့်နိုင်ခဲ့သည်ဖြစ်ရာ သံသယဖြစ်ဖွယ်မရှိ တက်သစ်စပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။
သို့သော် သူက ရန်ကျောက်ကဲထက် အသက်ပိုကြီးလေသည်။
ယခင်အချိန်က လုန်ရွှယ်ကျီးနှင့် ယွီယဲ့တို့က သူ့ထက်သာလွန်ခဲ့သော်လည်း နတ်ဘုရားအဆင့်သို့တက်ရောက်ပြီးနောက် ကျင့်ကြံခြင်းမြန်နှုန်း နှေးကွေးသွားတတ်သည်။
ယခု တာအိုဆရာ’ဖြန့်ထျန်း’ က သူတို့ကို အမီလိုက်လာနိုင်ပြီဖြစ်ရာ အရင်ကလို စိတ်လောကြီးခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက အသက်ငယ်ငယ်ဖြင့် ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်ကို ရရှိထားသည်ဖြစ်ရာ အလွန်ပင် အံ့သြစရာဖြစ်ပြီး လိုက်မီနိုင်သူတစ်ယောက်မဟုတ်ကြောင်း တာအိုဆရာ’ဖြန့်ထျန်း’ နားလည်လိုက်သည်။
ထို့ကြောင့် သူ့စိတ်ထဲ ယှဉ်ပြိုင်လိုစိတ် အနည်းငယ်ပင် မဖြစ်မိပေ။
မည်သို့ပင်ဖြစ်စေ တိချင်းလျန်၏ အဆက်အနွယ်ဖြစ်သော ဤလူငယ်ပါရမီရှင်ကို တွေ့မြင်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
တာအိုဆရာ’ဖြန့်ထျန်း’ က စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး တည်ကြည်သောမျက်နှာထားဖြင့် စကားဆိုလိုက်သည်။
“ဒီနေရာကိုရောက်နေတဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက အနောက်ဘက်သူတော်စင်ဘုံကလူတွေပါ ၊ အဖြူရောင်ကြာပန်းသုခဘုံက ပြင်ပကျင့်ကြံသူတွေကိုတော့ တစ်ယောက်မှမတွေ့ရဘူး"