← Chapters

အခန်း ၁၆၃၄

Vol. 117 Ch. 1634

အခန်း ၁၆၃၄

Vol. 117 Ch. 1634

အခန်း (၁၆၃၄) ဘယ်သူကျုပ်ကိုလမ်းပြပေးချင်သလဲ

ရန်ကျောက်ကဲနှင့် လုန်ရှင်းချွမ်တို့က တာအိုဆရာ’ဖြန့်ထျန်း’ကို ခေါင်းညိတ်ပြလိုက်ကြသည်။

သူတို့၏ရန်သူများမှာလည်း ကံကြမ္မာလမ်းကြောင်းများကြားတွင် မြှုပ်နှံထားသည့် သဲလွန်စများကို ရှာဖွေတွက်ချက်နေကြခြင်း ဖြစ်သည်။

လမ်းမှန်ဗုဒ္ဓဘာသာဝင်များသာလျှင် ဤသို့သော ပြင်းထန်သည့် နှောင့်ယှက်မှုမျိုးကို ပြုလုပ်နိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲက...

"တာအိုဆရာ’ဖြန့်ထျန်း’... ခင်ဗျားက ကျွန်တော့်ညီလေးနဲ့အတူ ခရီးသွားခဲ့တာဆိုတော့ ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို ပြောပြပေးပါဦး"

"ကောင်းပါပြီ"

တာအိုဆရာ’ဖြန့်ထျန်း’က ချက်ချင်းပင် စတင်ရှင်းပြသည်။

ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်၏ 'မူလကောင်းကင်ကျမ်းစာ' ကို ကျင့်ကြံထားသူဖြစ်ကြောင်းသူ သိရှိထားသည်။

ထိုတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် အသေးစိတ်သဲလွန်စများ ပိုမိုရရှိလေ ယင်လုန်ထူ၏ လက်ရှိတည်နေရာကို ပိုမိုတိကျစွာ တွက်ချက်နိုင်လေ ဖြစ်ပေမည်။

ရန်ကျောက်ကဲက တာအိုဆရာ’ဖြန့်ထျန်း’၏ အသေးစိတ်ကျလှသော ရှင်းပြချက်များကို စိတ်ရှည်လက်ရှည်ပင် နားထောင်ခဲ့သည်။

သူက တိတ်ဆိတ်စွာပင်နားထောင်ပြီး လိုအပ်သည့်နေရာများရောက်မှ မှတ်ချက်စကားအချို့ ဝင်ပြောတတ်၏။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် စိမ်းပြာရောင်အလင်းတန်းများ တောက်ပနေပြီး တစ်စုံတစ်ခုကို ပုံဖော်တွက်ချက်ရန် အစဉ်တစိုက် ကြိုးစားလျှက် ရှိသည်။

တာအိုဆရာ’ဖြန့်ထျန်း’၏ စကားများ အဆုံးသတ်သွားသည်နှင့် ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်လိုက်သည်။

အတန်ကြာမှ သူက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး...

"အတည်ပြုလို့ရတဲ့ သဲလွန်စတော့ မရသေးဘူး၊ ဒါပေမဲ့ အခြေအနေကိုတော့ အတော်လေး နားလည်သွားပြီ။ ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ"

ရန်ကျောက်ကဲက ရှေ့ဆက်လျှောက်လှမ်းသွားရာ လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’တို့က နောက်မှ လိုက်လာကြသည်။

သူတို့အားလုံး ယင်လုန်ထူ ပျောက်ဆုံးသွားသည့်ဘက်သို့ဦးတည်ပြီး ဗလာနယ်ကိုဖြတ်သန်းခရီးနှင်ခဲ့ကြသည်။

ရန်ကျောက်ကဲ၏ မျက်ဝန်းထဲမှာတော့ စိမ်းပြာရောင်အလင်းတန်းများက အဆက်မပြတ် လင်းလက်နေ၏။

ဘယ်သူမှမမြင်နိုင်သည့်လမ်းကြောင်းတစ်ခု ရှေ့တွင်ရှိနေသည့်အလား ရန်ကျောက်ကဲက မရပ်မနား ရှေ့ဆက်သွားနေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ။

ရန်ကျောက်ကဲ၏အရှိန်က တဖြည်းဖြည်းနှေးကွေးသွားသည်။

လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’တို့က ရန်ကျောက်ကဲကို ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ဖြင့်...

"သူ ဒီနားမှာပဲ ရှိရမယ်"

ပြောရင်း သူက မှောင်မိုက်သည့်ဗလာနယ်ထဲသို့ တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။

လုန်ရှင်းချွမ်က ချက်ချင်းပင် ရိပ်မိသွားသည်။

"မင်းခန့်မှန်းထားသလိုပဲ ၊ မိတ်ဆွေလေး’ယင်’ က ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင် ဒါမှမဟုတ် ကြယ်စင်မြစ်လက်တက်နဲ့ ဆင်တူတဲ့ နေရာတစ်ခုခုထဲကို ဝင်သွားတာ ဖြစ်ရမယ်"

ထိုသို့သောနေရာမျိုးက ထူးခြားဆန်းပြားသည်ဖြစ်ရာ ရန်ကျောက်ကဲအတွက် ခန့်မှန်းတွက်ချက်ရန် ပိုမိုခက်ခဲလာသည်။ တစ်ဖက်မှကြည့်လျှင်လည်း ဤသည်က သူတို့ရှာဖွေနေသည့်နေရာနှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

သူတို့ နီးကပ်လာလေ ထိုထူးဆန်းသောနေရာမှ ထွက်ပေါ်လာသည့် နှောက်ယှက်မှုများက ပိုမိုပြင်းထန်လာလေ ဖြစ်ရာ ရန်ကျောက်ကဲအတွက် ပို၍ပင် စိတ်အာရုံ ရှုတ်ထွေးစရာ ဖြစ်လာသည်။

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း...

"အဲဒီထူးဆန်းတဲ့နေရာက ပျောက်ကွယ်သွားတော့မယ့်ပုံပဲ”

သူက ဆက်ပြောလိုက်သည်။

"အရင်က ထျန်းစူးစကြာဝဠာလိုပဲ... အဲဒီနေရာက သူ့အလိုအလျောက် ရွေ့လျားနိုင်ပုံရတယ်"

ထူးဆန်းသည့်ထိုနေရာက သူတို့နှင့် ပိုမိုဝေးကွာသွားသဖြင့် ထူးခြားသည့် အနှောက်အယှက်စွမ်းအင်များလည်း တဖြည်းဖြည်း လျော့ပါးသွားသည်။

အကယ်၍ ထိုနေရာက တစ်နေရာတည်း အတည်တကျမရှိဘဲ ရွေ့လျားနေမည်ဆိုပါက ရန်ကျောက်ကဲအတွက် ရှာဖွေရသည်မှာ ပို၍ခက်ခဲသွားပေမည်။

ထူးခြားသော အနှောက်အယှက်စွမ်းအင်များ၏သိပ်သည်းမှုက သူတို့နှင့် ထိုနေရာကြားရှိ အကွာအဝေးကို ပြသနိုင်သည်။

သို့သော် လမ်းကြောင်းရှာဖွေရသည်မှာ ခက်ခဲလှသည့် အဆုံးမရှိသော ဗလာနယ်ထဲတွင် ဤအချက်တစ်ခုတည်းဖြင့် မည်သည့်ဘက်သို့ ဆက်လိုက်ရမည်ကို ရန်ကျောက်ကဲ မဆုံးဖြတ်နိုင်ပေ။

မရေရာသောခံစားချက်မျိုးသာ ပေးစွမ်းပေသည်။

သို့သော် ထိုနေရာ၏ ရွေ့လျားနှုန်းက ထျန်းစူးကြာဝဠာလောက် မမြန်ဆန်ဘဲ နေရာရွေ့ပြောင်းရာတွင် အနည်းငယ်နှေးကွေးကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

“အဲဒီနေရာသာ ထျန်းစူးစကြာဝဠာလောက် မြန်မြန်ရွေ့နိုင်ရင် ငါတို့ ဒီနေရာမှာတောင် ရှာတွေ့တော့မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲ ခဏမျှစဉ်းစားပြီးနောက် ကျန်နှစ်ယောက်အား စကားဆိုလိုက်သည်။

“ကျွန်တော်တို့ လူစုခွဲပြီး ရှာရအောင်”

လုန်ရှင်းချွမ်က...

“ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို ခြေရာခံကြည့်ရင်ရော... သူတို့တွေက ငါတို့ကို လမ်းပြကောင်းပြပေးနိုင်လိမ့်မယ်”

"ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားပါတယ်"

ထို့နောက် ရန်ကျောက်ကဲက လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’တို့ကို နှုတ်ဆက်ပြီး တစ်ယောက်တည်း ဗလာနယ်ထဲသို့ ခရီးဆက်ခဲ့သည်။

သူက အင်္ကျီလက်ကိုအသာခါယမ်းလိုက်ရာ အတွင်းမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ပန်ပန်လက်ညှိုးထိုးလိုက်ပြီး...

“မင်းက ငါ့နောက်ကလိုက်ခဲ့...”

ပန်ပန်က မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ရန်ကျောက်ကဲနောက်မှ လိမ္မာပါးနပ်စွာ လိုက်ပါသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လမ်းကြောင်းရှာဖွေရန်အတွက် အခြားနေရာတစ်ခုသို့ ဦးတည်ထွက်ခွာသွားသည်။

ရန်ကျောက်ကဲက ပန်ပန်ကိုခေါ်ကာ ခဏမျှခရီးဆက်ပြီးနောက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။

သူ၏စိတ်အာရုံထဲတွင် အစိမ်းရောင်ကြာပန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုကြာပန်းများက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး ပွင့်အာလုဆဲဆဲ အနေအထားတွင် ရှိနေသည်။

"တွေ့ပြီ..."

ရန်ကျောက်ကဲ နှုတ်ခမ်းအစုံကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

သူက စွမ်းအားရောင်ဝါကို ဖုံးကွယ်လိုက်ပြီး တိတ်တဆိတ်ပင် ရှေ့ဆက်ထွက်ခွာသွားသည်။

အဝေးတစ်နေရာရှိ မှောင်မိုက်နေသော ဗလာနယ်ထဲတွင် ကြည်လင်တောက်ပသည့် အလင်းတန်းများ ဖြာထွက်နေသည်။

ထိုအလင်းတန်းများက အသိဉာဏ်ရှိသည့်အလား အေးချမ်းငြိမ်သက်နေပြီး ထူးခြားသည့်စွမ်းအားများ ကိန်းအောင်းနေပုံရသည်။

ဤသို့သော စင်ကြယ်သည့် အလင်းတန်းမျိုးက လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများထံမှသာ ထွက်ပေါ်လာနိုင်ပေသည်။

ရန်ကျောက်ကဲ ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်လိုက်၏။

သူက အနားသို့တိုးကပ်သွားခြင်းမပြုဘဲ စိတ်စွမ်းအားဖြင့်သာ အာရုံခံကြည့်လိုက်သည်။

“သူတို့ထဲက တစ်ယောက်ကို ငါ အတော်လေး ရင်းနှီးနေသလိုပဲ... အရင်က ဆုံဖူးတယ်ထင်တယ်”

ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်သည်။

ပြီးမှ...

“အိုး... မှတ်မိပြီ ၊ ဟွေ့အန်းခရီးသည်ပဲ... တကယ့်လူရင်းတွေပါလား”

အဝေးမှ ဗလာနယ်ထဲတွင် ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ စုဝေးနေကြသည်။

သူတို့ထဲတွင် တစ်ချိန်က ရန်ကျောက်ကဲနှင့် ထိပ်တိုက်တွေ့ဖူးသည့် ဟွေ့အန်းခရီးသည် 'မုကျား' လည်း ပါဝင်နေသည်။

"ဒီမဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှာ စန်းချင်း(၃)ပါး အဆက်အနွယ်က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ပုန်းအောင်းနေတာ ဖြစ်နိုင်တယ် ၊ သူက လောကနဲ့အဆက်အသွယ်ဖြတ်ပြီး နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ ၊ ပြင်ပ သတင်းအချက်အလက်တွေကို ဘာမှမသိတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နိုင်တယ်”

ဗောဓိသတ္တတစ်ပါးက စကားဆိုလိုက်သည်။

“ဒါပေမဲ့ အခု သူက ယင်လုန်ထူကို ကယ်လိုက်ပြီဆိုတော့... အခုလောက်ဆိုရင် အပြင်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာ သိသွားလောက်ပြီ”

မုကျားက...

"အဲဒါကတော့ ပြဿနာမရှိပါဘူး။ သူက ဒဏ်ရာရထားတာ ဒါမှမဟုတ် တစ်ခုခုက သူ့ကို ဆွဲထားတာမျိုး ဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဒီနေရာကနေ ထွက်သွားလို့ မရတာပေါ့"

သူက ကျန်လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“သူ အပြင်လောကအကြောင်းသိသွားရင်တောင် အပြင်ကလူတွေကတော့ ဒီမဟာပျက်သုဉ်းခြင်းမူလနန်းတော်ရဲ့ တည်နေရာကို သိမှာမဟုတ်သေးဘူး။ တာအိုဝါဒဘက်မှာ အရည်အချင်းရှိသူတွေ အများကြီးရှိပေမဲ့ မကြာခင် ငါ့အဖေလည်း ရောက်လာတော့မယ် ၊ ဒီတော့ ငါတို့ဘက်မှာ အခွင့်အရေး ရှိပါသေးတယ်”

ကျန်လူများက ခေါင်းညိတ်လိုက်ကြသည်။

ဗောဓိသတ္တတစ်ပါးက...

"သူတို့သာ အချိန်မီရောက်လာရင် ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်လို့ရတာပေါ့"

သူက ဆက်ပြောလိုက်သည်။

"မဟာပျက်သုဉ်းခြင်းမူလနန်းတော်က ဗလာနယ်ထဲမှာ လွင့်မျောနေတာဆိုတော့ မျက်ခြေမပြတ်အောင် သေချာလေး လိုက်ထားဖို့ပဲ လိုတယ်"

မုကျား စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်နှာပျက်သွားသည်။

ထို့နောက် သူ့နားထဲတွင် အသံတစ်သံ ဟိန်းထွက်လာသည်။

“သြော်... လက်စသတ်တော့ ဒီနေရာက မဟာပျက်သုဉ်းခြင်းမူလနန်းတော်ကိုး ၊ ဒီဘက်ခေတ်မှာ ဒီလိုနေရာမျိုး ရှိနေသေးတာ အံ့သြစရာပါပဲ”

အသံနှင့်အတူ မှောင်မိုက်သည့်ဗလာနယ်ထဲတွင် ရန်ကျောက်ကဲ၏ပုံရိပ် ထွက်ပေါ်လာလေသည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး ခပ်အေးအေးပင် စကားဆိုလိုက်သည်။

“အင်း... ကြည့်ရတာ... အလစ်တိုက်ခိုက်မှာတွေ ထောင်ချောက်တွေတော့ မရှိလောက်ဘူးထင်တယ်”

မုကျားကမူ ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း မျက်နှာက တည်ကြည်လေးနက်သွားသည်။

သူ၏ဦးခေါင်းထက်မှ ပန်းတစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ထုတ်ဖော်လိုက်သော်လည်း တစ်စုံတစ်ခုက ထိုသရဖူကို ပိတ်ဆို့တားဆီးထားသလို ခံစားလိုက်ရ၏။

အဆုံးမဲ့ဗလာနယ်ထဲတွင် လျှပ်စီးတစ်ချက်လင်းလက်သွားပြီး မမြင်နိုင်သော အတားအဆီးတစ်ခုက အားလုံးကို နေရာမှာပင် ပိတ်ဆို့ထားလိုက်သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူအုပ်စု မျက်မှောင်ကြုတ်သွားကြပြီး...

"ဒါ... ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးပဲ...”

ဟု ရေရွတ်လိုက်ကြသည်။

သဏ္ဌန်မဲ့လျှပ်စီးအလင်းတန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်ထားရုံသာမက အတွင်းပိုင်းမှ အမှောင်ထုအလွှာသည်လည်း စိမ့်ထွက်လာကာ အလင်း ၊ အသံ ၊ စွမ်းအားနှင့် ရောင်ဝါများအားလုံးကို ဝါးမျိုပစ်နေသည်။

ရန်ကျောက်ကဲ၏ အမူအရာကတော့ ထုံးစံအတိုင်း တည်ငြိမ်နေဆဲပင်။

ထို့နောက် သူက ဗုဒ္ဓဘာသာကျင့်ကြံသူတို့လမ်းစဉ်အတိုင်း မုကျားကို လက်အုပ်ချီလျှက် နှုတ်ဆက်လိုက်၏။

"မတွေ့တာ ကြာပြီနော်... ဟွေ့အန်းခရီးသည်... နေကောင်းပါရဲ့လား”

မုကျားက ကူရာကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်ပြီး...

“စောစောကတော့ နေကောင်းပါတယ် ၊ ဒါပေမဲ့ မင်းကိုတွေ့တော့ နေမကောင်းတော့ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“စောစောက ကျုပ်က အဝေးရောက်နေတော့ မင်းတို့ပြောတာတွေ သေချာမကြားလိုက်ရဘူး ၊ ဒါပေမဲ့ 'မဟာပျက်သုဉ်းခြင်းမူလနန်းတော်' ဆိုတဲ့ စကားလုံး ကြားလိုက်သလိုပဲ ၊ အဲဒီထဲမှာ ကျုပ်ညီလေးအပြင် တခြား ဘယ်သူရှိသေးလဲ မင်းတို့သိလား”

မုကျားက ခေါင်းခါယမ်းရင်း...

"ငါတို့လည်း မသိဘူး"

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ကိစ္စမရှိပါဘူး ၊ သူ့ကိုရှာတွေ့ရင် ဘယ်သူလဲဆိုတာ သိရမှာပဲလေ”

ထို့နောက် သူက အခြားဗုဒ္ဓဘာသာကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“ဆိုတော့... မင်းတို့ထဲက ဘယ်သူတွေများ ကျုပ်ကိုလမ်းပြပေးချင်သလဲ”

All Chapters