အခန်း ၁၆၃၅
Vol. 117 Ch. 1635
အခန်း (၁၆၃၅) အားလုံးကိုအနိုင်ယူ
ရန်ကျောက်ကဲ၏လေသံက ပေါ့ပါးနေသလောက် ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ ရင်ထဲလေးလံလျှက် ရှိကြသည်။
“ခွင့်လွှတ်ပါ ၊ ငါတို့ မင်းရဲ့တောင်းဆိုချက်ကို မလိုက်လျောနိုင်ဘူး”
ပြောပြီးသည်နှင့် မုကျားက ကျောတွင်လွယ်ထားသည့် လခြမ်းကွေးဓားနှစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ဓားနှစ်လက်က ဓားအလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲအား ခုတ်ပိုင်းပစ်ရန် ဝင်ရောက်လာသည်။
ကျန်ရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများကလည်း ချက်ချင်းပင် တိုက်ကွက်များထုတ်ဖော်လိုက်ကြ၏။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိသူများကတော့ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးဖြင့် ဖန်တီးထားသော အရံအတားကိုချိုးဖျက်ရန် အရပ်မျက်နှာအနှံ့သို့ ထွက်ခွာသွားကြသည်။
အခြားသော ဗောဓိသတ္တနှစ်ပါးကလည်း သူတို့၏စွမ်းအားကိုထုတ်ဖော်ကာ ရန်ကျောက်ကဲအား တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် မတ်တတ်ရပ်နေပြီး အေးဆေးစွာ စကားဆိုလိုက်သည်။
“မင်းတို့က ဘာလို့ အသားနာချင်ရတာလဲ”
သူ့စကားသံနှင့်အတူ မဟာတာအို၏စူးရှတေးသံသည်လည်း တစ်ချိန်တည်း လိုက်ပါလာသည်။
ထိုအသံက ကျယ်လောင်လွန်းခြင်း မရှိသော်လည်း နက်နဲသည့် တာအိုတေးသွား အဓိပ္ပါယ်များနှင့် ပြည့်နက်နေ၏။
မဟာတာအို၏ စူးရှတေးသံထွက်ပေါ်လာသည်နှင့် 'ထိုက်ရွှီးမူလနတ်ဘုရားအဆင့်' အောက်ရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ စိတ်အာရုံများ တဖြည်းဖြည်းနှေးကွေးသွားကြသည်။
ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့် ရှိသူများကတော့ ချက်ချင်းပင် အိပ်မက်ကမ္ဘာထဲ ကျဆင်းသွားတော့သည်။
မည်သည့်အတွေးမှမရှိ ၊ မည်သည့် မှတ်ဉာဏ်မှမရှိ။
သူတို့စိတ်အာရုံများက မဟာတာအို၏ စူးရှတေးသံနှင့် တသားတည်းကျသွားပြီး ဗလာသက်သက်ဖြစ်သွားကြသည်။
ငြိမ်သက်ခြင်းအဆင့်ရှိသော နက်ရှိုင်းနတ်ဘုရားများကတော့ ထိုမျှအခြေအနေမဆိုးသော်လည်း တုံ့ပြန်မှုများနှေးကွေးလာပြီး အိပ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
“အော်မီတော်ဖော်...”
ကျန်ရှိသော ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများက အလျှင်အမြန်ပင် ဗုဒ္ဓကျမ်းစာများ စတင်ရွတ်ဖတ်လိုက်ကြသည်။
ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံက မဟာတာအို၏ စူးရှတေးသံနှင့် မတူကွဲပြားသော်လည်း ကိုယ်ပိုင်နက်နဲမှုများ ရှိနေသည်။
ကျမ်းစာရွတ်ဖတ်သံက ရန်ကျောက်ကဲ၏ မဟာတာအို စူးရှတေးသံကို ပယ်ဖျက်လိုက်သဖြင့် ထိုက်ရွှီးနတ်ဘုရားအဆင့်အောက်ရှိသော ကျင့်ကြံသူများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သို့သော် ထိုအချိန်မှာပင် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“သူက နှစ်ပေါင်းတစ်ရာအတွင်းမှာ ပန်းတစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ရရှိသွားတာလား”
မုကျားတို့အုပ်စုစိတ်ထဲ လေးလံသွားကြသည်။
“ဒါက အတော်မြန်လွန်းတာပဲ”
သို့သော် မကြာမီပင် သူတို့မျက်စိရှေ့၌ နောက်ထပ် တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပြန်သည်။
ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် စိတ်ဝိညာဉ်သရဖူထွက်ပေါ်လာသည်နှင့် မဟာတာအိုစူးရှတေးသံက ထပ်မံအစွမ်းပြလာခြင်း ဖြစ်၏။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ချက်ချင်းပင် စိတ်အာရုံများ ဗလာကျင်းသွားပြီး မျက်လုံးများ အသက်ကင်းမဲ့သွားကြသည်။
ရွတ်ဆိုနေသည့် ဗုဒ္ဓကျမ်းစာများသည်လည်း ရန်ကျောက်ကဲ၏ မဟာတာအို စူးရှတေးသံကို ပယ်ဖျက်နိုင်ခြင်း မရှိတော့ပေ။
ပုံမှန်ဆိုလျှင် 'ထိုက်ရွှီးမူလနတ်ဘုရားအဆင့်' ကျွမ်းကျင်သူအချင်းချင်းတိုက်ခိုက်ရာတွင် တစ်ဖက်က အပြတ်အသတ် သာလွန်နေစေကာမူ အားနည်းသူဘက်မှလည်း ပြိုင်ဘက်၏မဟာတာအိုစူးရှတေးသံကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်း ရှိကြသည်။
ယခုတော့ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံက ရန်ကျောက်ကဲ၏ မဟာတာအိုစူးရှတေးသံကို ခုခံနိုင်ခြင်းမရှိခဲ့ပေ။
ဤသည်က တစ်ခါမှမကြားဖူးသည့် ထူးခြားဖြစ်စဉ်သာ ဖြစ်သည်။
အထူးသဖြင့် မုကျား၏ လက်ရှိကျင့်ကြံခြင်းအဆင့်က “ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ” အဆင့်နှင့် တူညီနေပြီ ဖြစ်ရာ ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည်ဟု ဆိုနိုင်သည်။
သို့ပေသိ ရန်ကျောက်ကဲ၏ မဟာတာအို စူးရှတေးသံက စကြာဝဠာတစ်ခွင် ပျံ့လွင့်သွားလေရာ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးဖြင့် ဖန်တီးထားသည့် အလုံပိတ်နယ်မြေတစ်ခုလုံးအား ဂယက်ထသွားစေသည်။
ထိုအထဲတွင် ပိတ်မိနေကြသည့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ တစ်ချက်ပင် မလှုပ်ရှားနိုင်တော့ဘဲ ထုံထိုင်းအေးခဲသွားကြသည်။
ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည်ပင် အတွေးမဲ့သည့်အခြေအနေသို့ ကျဆင်းသွားပြီး စိတ်အာရုံ ဗလာကျင်းကာ လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။
ရန်ကျောက်ကဲ၏ မဟာတာအိုစူးရှတေးသံက အစစ်အမှန်နတ်ဘုရားများကိုသာမက နက်ရှိုင်းနတ်ဘုရားများကိုပါ ဖိနှိပ်ထားလိုက်ပေပြီ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲ၏လုပ်ဆောင်ချက်က သာမန်ထက်ကျော်လွန်နေသည်ကို သိရှိနိုင်သည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ခိုင်မာလှသော ရွှေခန္ဓာများမှာ ယခုတော့ ရွှံ့စေးများကဲ့သို့ ဖြစ်လာသည်။
သူတို့၏စွမ်းအားရောင်ဝါများ ပျောက်ကွယ်သွားပြီး ဆွေ့မြေ့ပျက်ဆီးခြင်း အငွေ့အသက်များ အစားထိုးဝင်ရောက်လာသည်။
“မင်းတို့က ဘာလို့ အသားနာချင်ရတာလဲ”
ရန်ကျောက်ကဲ၏စကားသံက အလွန်တရာ ကျယ်လောင်ခြင်းမရှိသော်လည်း ထိုစကားသံနှင့်အတူ မဟာတာအို၏ စူးရှတေးသံက မိုးခြိမ်းသံသဖွယ် ထပ်မံထွက်ပေါ်လာပြန်သည်။
ပြင်းထန်သော မိုးခြိမ်းသံပမာ မဟာတာအို စူးရှတေးသံ ထွက်ပေါ်လာသည်နှင့် အေးခဲငြိမ်သက်နေသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ခန္ဓာကိုယ်များ အနည်းငယ် တုန်ခါသွားကြသည်။
ထို့နောက် အစစ်အမှန်နတ်ဘုရားအဆင့်ရှိသူများ၏ ခန္ဓာကိုယ်များက ကြွေထည်များပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ချက်ချင်းပင် ဗလာနယ်ထဲတွင် လွင့်စင်ပျက်ဆီးသွားတော့သည်။
နက်ရှိုင်းနတ်ဘုရားများကတော့ အတွေးမဲ့ကာ စိတ်အာရုံဗလာကျင်းနေသည့် အခြေအနေမှ လန့်နိုးလာကြသည်။ သို့သော် သူတို့ပါးစပ်များမှ သွေးများစီးကျလာပြီး ရွှေခန္ဓာများထက်တွင်လည်း အက်ကြောင်းများ ထင်ဟပ်လာ၏။
သူတို့ မခုခံနိုင်ခင်မှာပင် ရန်ကျောက်ကဲ၏ မဟာတာအို စူးရှတေးသံ ထပ်မံထွက်ပေါ်လာပြီး သူတို့၏စိတ်အာရုံများကို ဆက်လက်ဖိနှိပ်ထားလိုက်ပြန်သည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ မရေမရာဖြစ်နေသည့် အခြေအနေနှင့် နာကျင်ခြင်းဝေဒနာခံစားရသည့် အခြေအနေများကြားတွင် တစ်လှည့်စီခံစားနေရပြီး ထိုညှဉ်းပန်းနှိပ်စက်မှုထဲမှ မည်သို့မျှ ရုန်းမထွက်နိုင်ကြပေ။
ဤသည်ကိုမြင်တော့ ဗောဓိသတ္တ (၃)ပါးလုံး၏မျက်နှာများ အလွန်ပင် တည်ကြည်လေးနက်သွားကြသည်။
ထို့နောက် သူတို့က တိုက်ကွက်များထုတ်ဖော်လိုက်ရာ ကောင်းကင်ကိုပင် လွှမ်းခြုံသွားမည့် စွမ်းအားလှိုင်းလုံးကြီးများက ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ၏ပါးစပ်မှ မဟာတာအို စူးရှတေးသံက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး သူက လက်ချောင်းများကို အသာပင့်မြှောက်ကာ ဝင်ရောက်လာသည့် စွမ်းအားလှိုင်းလုံးများကို တောက်ထုတ်လိုက်သည်။
“ချွင်... ချွင်...”
သူ့ထံသို့ဝင်ရောက်လာသည့် မုကျား၏ လခြမ်းကွေးဓားနှစ်လက်မှာ ရန်ကျောက်ကဲ၏လက်ချောင်းဖြင့် ထိမိသည်နှင့် ချက်ချင်းပင် လွင့်စင်ထွက်သွားသည်။
ရန်ကျောက်ကဲက နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့သာ ထပ်မံတိုးဝင်လာရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဗောဓိသတ္တ(၂)ပါးရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။
သူတို့နှစ်ယောက်ထဲမှတစ်ယောက်က မိစ္ဆာနိုင်အဆောင်ကို ကိုင်စွဲထားပြီး ကျန်တစ်ယောက်ကတော့ ပန်းညွှန်လက်ချောင်းသိုင်းကွက်ကို အသုံးပြုထားသည်။
နှစ်ယောက်လုံးက အထွတ်ထိပ်အဆင့် ဗုဒ္ဓဘာသာ သိုင်းပညာရပ်များကိုအသုံးပြုပြီး ရန်ကျောက်ကဲအား ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
ရန်ကျောက်ကဲက ဘယ်လက်ဖြင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်ပြီး မိစ္ဆာနိုင်အဆောင်ကို ဖျက်ဆိးပစ်လိုက်ပြီး ၊ ညာလက်ဖြင့် ကောင်းကင်ခွင်းလှံရှည်ကို ကိုင်ဆောင်ကာ ရန်သူ၏လက်ချောင်းများကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ဗောဓိသတ္တ (၂)ပါး၏ ဦးခေါင်းများကို ဖမ်းချုပ်ကာ ခေါင်းနှစ်လုံးကို အချင်းချင်းတိုက်မိအောင် ကိုင်ဆောင့်ပစ်လိုက်လေ၏။
ရိုက်ခတ်မှုက ပြင်းထန်သည်ဖြစ်ရာ ဗောဓိသတ္တနှစ်ပါးမှာ ခံနိုင်ရည်မရှိဘဲ ရွှေခန္ဓာများအက်ကွဲလျှက် အတွင်းမှ သွေးများယိုစီးထွက်လာသည်။
ထိုအချိန် ရန်ကျောက်ကဲထံသို့ မုကျား၏ လက်ဝါးရိုက်ချက် ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ရှောင်တိမ်းခြင်း မပြုပေ။
သူက အတိုင်းအဆမဲ့ထိုက်စုခန္ဓာနှင့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာတို့ကို တပြိုင်တည်းဖော်ထုတ်ကာ မပျက်ဆီးနိုင်သော ခံစစ်စွမ်းအားဖြင့် မုကျား၏လက်ဝါးရိုက်ချက်ကို ခံယူလိုက်သည်။
ရန်ကျောက်ကဲက တစ်ချက်ပင် တုန်လှုပ်ခြင်းမရှိဘဲ သူ၏လက်များထဲသို့ အားပိုလည့်လိုက်ရာ ဗောဓိသတ္တနှစ်ပါး၏ရုပ်ခန္ဓာများမှာ အပိုင်းပိုင်းဖြစ်သွားတော့သည်။
ရန်ကျောက်ကဲက လက်ထဲမှအလောင်းနှစ်လောင်းကို ဘေးသို့လွှင့်ပစ်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ် အသုံးပြုကာ ဓားဝိညာဉ်တစ်ခု ထုတ််ဖော်လိုက်သည်။
ထူးဆန်းသော အစိမ်းရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြန်လည်ရောက်ရှိလာသော လခြမ်းကွေးဓားနှစ်လက်ကို ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်ရှိသောလက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ မုကျားကိုလှမ်းပြီး ဖမ်းဆွဲလိုက်သည်။
မုကျား ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
သူက ရန်ကျောက်ကဲ၏တိုက်ကွက်ကို မရှောင်တိမ်းဘဲ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ရန်ကျောက်ကဲ၏ရင်ဝနေရာသို့ လက်ညှိုးလက်ခလယ်ဖြင့် ထိုးစိုက်ချလိုက်သည်။
သူ၏လက်ချောင်းသိုင်းက ဉာဏ်ပညာအလင်းပွင့်မှုများ ကိန်းအောင်းနေသည့် ‘ပန်းညွှန်လက်ချောင်းသိုင်း’ နှင့်မတူဘဲ သေးငယ်သည့်အရာထဲတွင် ကြီးမားခမ်းနားသော တန်ခိုးစွမ်းအားကို ဖိသိပ်ဖြည့်စွမ်းထားသည့် သဘောကိုဆောင်နေသည်။
သူ၏လက်ချောင်းထိပ်တွင် ‘ဝမ့်စကြာ’ သင်္ကေတထွက်ပေါ်လာပြီး ၊ မုကျားက စွမ်းအားများကို လက်ချောင်းဆီပို့လွှတ်လိုက်သည်နှင့် ထိုဝမ့်စကြာက လျှင်မြန်စွာလည်ပတ်ရင်း ပိုမိုကြီးမားလာသည်။
ဝမ့်စကြာသင်္ကေတ လည်ပတ်နေသည်နှင့်အမျှ ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ပတ်လည်ရှိ ‘ထိုက်စုခန္ဓာ’ စွမ်းအားရောင်ဝါက ပျက်ပြယ်စပြုလာသည်။
သို့တိုင် ရန်ကျောက်ကဲက ရှောင်တိမ်းခြင်းမပြုဘဲ ပြုံးလျှက်သာ ကြည့်နေ၏။
ထို့နာက် ယင်နှင့်ယန် ၊ အချိန်နှင့်နေရာ ၊ သက်ရှိသက်မဲ့ ၊ စိတ်ဝိညာဉ်နှင့် စွမ်းအားအနှစ်သာရများက သူ၏ခန္ဓာကိုယ်ထက် ပုံရိပ်ထင်လာသည်။
လောကအား ပြန်လည်နုပျိုလန်းဆန်းလာစေသည့် တက်ကြွသော စွမ်းအားများ ၊ စီးဆင်းနေသောအချိန်ရေစီးကြောင်း ၊ ဗလာနယ်၏ရှုပ်ထွေးသောအပြောင်းအလဲ ၊ ဒြပ်ဝတ္ထုအမျိုးမျိုး၏ ဖြစ်တည်လာမှုများ၊ ယင်နှင့်ယန်၏ ဟန်ချက်ညီသော လည်ပတ်မှုများနှင့် စိတ်ဝိညာဉ်၏ အစဉ်မပြတ်ပြောင်းလဲနေသော ဂယက်လှိုင်းများ...။
ယွိချင်အဆက်အနွယ်၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ(၆)စောင်မှ နက်နဲမှုများ အတူတကွ ပေါင်းစည်းသွားသည့်အခါ ကနဦးကာလ၏ ကမ္ဘာဦးဖန်ဆင်းခြင်း အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားကာ ရွှေရောင်ဝမ့်စကြာသင်္ကေတကို တွန်းလှန်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ညာဘက်လက်က မုကျား၏ပခုံးကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ခမ်းနားနက်ရှိုင်းသော နတ်ဘုရားအလင်းတန်းများ အရှိန်အဟုန်ဖြင့် အောက်ဘက်သို့ ကျဆင်းလာပြီး ၊ ထိုအလင်းတန်းများ၏ မရပ်မနားတုန်ခါမှုကြောင့် မုကျား၏ကိုယ်တွင်းမှ ဗုဒ္ဓဘာသာကျင့်ကြံခြင်းစွမ်းအားများ တဖြည်းဖြည်း ပျက်ပြယ်သွားရသည်။
မုကျားက တိုက်စစ်တွင် အားကုန်ထည့်ထားသည်ဖြစ်ရာ မိမိကိုယ်ကိုကာကွယ်ရန်အတွက် စွမ်းအားတစ်စက်ပင် မကျန်တော့ပေ။
ရန်ကျောက်ကဲ၏ ဖမ်းချုပ်မှုကို ခံလိုက်ရသည်နှင့် သူစုဆောင်းထားသမျှ စွမ်းအားများမှာ ချက်ချင်းပင် ပြိုကွဲသွားသည်။
သူ့အနေဖြင့် ရန်ကျောက်ကဲလက်ထဲ ငြိမ်သက်စွာအဖမ်းခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“အစကတော့ အားလုံးကို ရှင်းပစ်မလို့ပဲ ၊ ဒါပေမဲ့ လမ်းပြတစ်ယောက်ချန်ထားတာ ပိုကောင်းမလားလို့...”
ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး...
“ကဲ... ဒီတော့... လမ်းပြဖို့ ရှေ့ကနေ ကြွပါဦး...”
***
(မှတ်ချက် - ဝမ့်စကြာဆိုတာ "卍" ဒီလိုသင်္ကေတလေးကို ပြောတာပါ)
(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)