အခန်း ၁၆၃၆
Vol. 117 Ch. 1636
အခန်း (၁၆၃၆) မင်းတို့ကို သတ်လို့မရဘူးလား
မုကျားက ရန်ကျောက်ကဲအား ကူရာကယ်ရာမဲ့စွာဖြင့် စူးစိုက်ကြည့်ရင်း...
“မင်းကတော့ တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ ၊ စန်းချင်းသုံးပါးအဆက်အနွယ်တွေက မင်းကို လူငယ်ကောင်းကင်ဘုံအရှင်လို့ခေါ်ကြတော့ အရင်တုန်းက ငါလှောင်ရယ်မိသေးတယ် ၊ အခု ကိုယ်တိုင်ကြုံရတော့မှာ ဒီဘွဲ့အမည်က မင်းနဲ့ ဘယ်လောက်လိုက်ဖက်တယ်ဆိုတာ သိလိုက်ရပြီ”
ရန်ကျောက်ကဲက အော်ဟစ်ရယ်မောလိုက်ရင်း...
“ကျုပ်လည်း ဒီဘွဲ့အမည်ကို တကယ်သဘောကျတာ ၊ ဒါပေမဲ့ နည်းနည်းရှည်နေလို့ ခပ်တိုတိုပဲလိုချင်တာ ၊ နာမည်တိုတော့ ပိုအေးစက်ပြီး အရှိန်အဝါကြီးတာပေါ့ ၊ မဟုတ်ဘူးလား...”
မုကျားက ရန်ကျောက်ကဲစကားကို ရယ်စရာဟု မသတ်မှတ်တော့ပေ။
သူက ခေါင်းခါယမ်းရင်း...
“မင်းရဲ့အစွမ်းအစနဲ့ဆိုရင် ဘယ်လိုဘွဲ့နာမည်မျိုးမဆို ခံယူထိုက်ပါတယ်”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ကဲ... အပိုတွေ နားလိုက်ရအောင် ၊ ကျုပ်ကို မဟာပျက်သုဉ်းခြင်းမူလနန်းတော်ဆီ လမ်းပြပေးပါဦး ဟွေ့အန်းခရီးသည်”
ထို့နောက် ဗလာနယ်ထဲတွင် ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဗလာနယ်ထဲတွင် လွင့်မျောနေသည့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဗောဓိသတ္တနှစ်ပါး၏ ရုပ်အလောင်းများမှာ ချက်ချင်းပင် ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။
ထိုဖြစ်ရပ်ကိုမြင်တော့ မုကျား၏လုံးများ လှုပ်ခတ်သွားသည်။
“ငါ မင်းကိုမေးစရာရှိတယ် ၊ ဒီလောက် အသေးအဖွဲကိစ္စလေးအတွက် ဘာလို့ လူတွေသတ်နေရတာလဲ ၊ မင်းက တန်ခိုးစွမ်းအား ဒီလောက်ကြီးမားတာ ၊ ဘာလို့ အမြဲတမ်း ရက်စက်ကြမ်းတမ်းတဲ့အလုပ်တွေ လုပ်နေရတာလဲ”
ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“မဟာကပ်ဘေးကာလတုန်းက အနောက်ဘက်သူတော်စင်ဘုံရဲ့ လက်ချက်ကြောင့် တာအိုကျင့်ကြံသူတွေ ဘယ်လောက်များများ သေခဲ့ရလဲဆိုတာ သိချင်မိသေးတယ် ၊ အဲဒါကို ခဏထားလိုက်... မင်းတို့အားလုံး ကျုပ်ညီလေးကို အကျပ်ရိုက်အောင် လုပ်ခဲ့ကြတယ် မဟုတ်လား ၊ မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲက တန်ခိုးစွမ်းအားရှင်သာ ဝင်မပါခဲ့ရင် သူ ဒီနေရာမှာတင် သေသွားနိုင်တယ် ၊ အခုမှလာပြီး ဟန်ဆောင်ကောင်းပြမနေနဲ့”
ရန်ကျောက်ကဲက ရုတ်တရက်ပြုံးလိုက်ပြီး...
“ပြီးတော့... အဲဒီအကြောင်းပြချက်တွေ မရှိရင်တောင်မှ ကျုပ် မင်းတို့ကို သတ်လို့မရဘူးလား”
မုကျားက ခေါင်းခါယမ်းလိုက်ပြီး...
“အားနည်းသူက အားကြီးသူလက်အောက်ကို ရောက်ရစမြဲပါ ၊ ငါ့အနေနဲ့ ညည်းညူနေစရာ မရှိပါဘူး ၊ ဒါပေမဲ့ လူငယ်ကောင်းကင်ဘုံအရှင်... မင်းတစ်ခုတော့ မမေ့နဲ့ ၊ မင်းတို့မှာ နတ်ဘုရားသုတ်သင်အစီအရင်ရှိနေပေမယ့် အဲဒါက ဘိုးဘေးဗုဒ္ဓရဲ့တိုက်ခိုက်မှုကနေ ကာကွယ်မပေးနိုင်ဘူး ၊ မင်းက စွမ်းအားကြီးတယ်ဆိုပေမယ့် ပြိုင်ဘက်ကင်း မဟုတ်သေးဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အားကြီးသူက အားနည်းသူကိုသတ်မှာပဲ ၊ အားနည်းသူက အားကြီးသူသတ်တာကို ခံရမှာပဲ ၊ ဒါက ရိုးရှင်းတဲ့နိယာမပဲဖြစ်လို့ မင်း ကျုပ်ကို လာပြီး သတိပေးနေစရာ မလိုပါဘူး”
သူက ဆက်ပြောလိုက်သည်။
“မင်းကို အသက်ချမ်းသာပေးပြီး လမ်းပြလုပ်ခိုင်းတာက... မင်းက အရင်တုန်းက တာအိုဝါဒကလူ ဖြစ်ခဲ့ဖူးလို့ပဲ ၊ အဲဒီပတ်သက်မှုကိုထောက်ထားပြီး သတ်မပစ်ဘဲ အခွင့်အရေးပေးလိုက်တာ ၊ တကယ်လို့ ကျုပ်သာ မင်းကို ကျုပ်ညီကို ဒုက္ခပေးတဲ့ကိစ္စနဲ့ လက်စားချေမယ်ဆိုရင် ဖူရှန်ဗောဓိသတ္တနဲ့ ကွမ်ယင်ဗောဓိသတ္တတို့တောင် ဘာမှဝင်ပြောနိုင်မှာ မဟုတ်ဘူး”
မုကျားက သက်ပြင်းချလိုက်သည်။
သူက စကားထပ်ပြောရန် ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲက ဖြတ်ပြောလိုက်၏။
“သောက်ပိုတွေပြောပြီး အချိန်ဆွဲမနေနဲ့ ၊ ကျုပ်ညီကိုရှာချင်တာမှန်ပေမယ့် သူက အခု မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှာ တာအိုဝါဒ အကြီးအကဲတစ်ယောက်နဲ့အတူ ရှိနေတယ်ဆိုတော့ သိပ်တော့ မစိုးရိမ်တော့ပါဘူး ၊ မင်းလမ်းပြမပေးရင်လည်း ကျုပ်ညီကိုရှာတွေ့ဖို့ နည်းနည်းလောက် နောက်ကျတာကလွဲရင် သိပ်မခက်လှပါဘူး”
သူက အေးဆေးစွာဖြင့်...
“ပြီးတော့ မင်းတို့အားလုံး အသက်ပျောက်သွားရင် အနောက်ဘက်သူတော်စင်ဘုံက စစ်ကူတွေရောက်လာရင်တောင် ဒီနေရာကို ရှာတွေ့နိုင်မှာတဲ့လား”
မုကျား ခဏမျှတိတ်ဆိတ်သွားပြီးနောက် မချိပြုံးတစ်ချက်ပြုံးလိုက်သည်။
"လူငယ်ကောင်းကင်ဘုံအရှင်... မင်းက တကယ့်ကို သနားညှာတာမှု ကင်းမဲ့တာပဲ ၊ ဟုတ်ပါပြီ... ငါ့နောက်က လိုက်ခဲ့ပါ ၊ မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှာ ဘယ်သူရှိနေသလဲဆိုတာကို ငါလည်း သိချင်နေတာ"
ထို့နာက် မုကျားက အနက်ရောင်သပိတ်တစ်လုံးကို ထုတ်လိုက်သည်။
မုကျားလုပ်ရပ်ကိုမြင်တော့ ရန်ကျောက်ကဲက...
“ဟမ်... ကြည့်ရတာ အထဲမှာ ဘယ်သူရှိနေလဲဆိုတာ မင်းက သိနေသလိုပဲ”
မုကျားက သပိတ်ကိုခေါက်လိုက်ရာ အတွင်းမှ ကြည်လင်သောရေများ ထွက်ပေါ်လာသည်။ ထို့နောက် ရေမျက်နှာပြင်မှ အလင်းပြန်လာပြီး လမ်းညွှန်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မုကျားက...
“ငါတို့လည်း အရင်က မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြသေးတယ်၊ ဒါပေမဲ့ အထဲကလူကြောင့် နောက်ဆုတ်ခဲ့ကြရတာ"
သူက ဆက်ပြောလိုက်သည်။
“သူ့ဆီကရတဲ့ခံစားချက်က တစ်မျိုးပဲ ၊ ငါနဲ့ အတော်လေးကို ရင်းနှီးနေသလိုပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်နှာအမူအရာ ပြောင်းလဲသွားသည်။
မုကျားက ရှေးခေတ်ကာလတုန်းက ယွိချင်အဆက်အနွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
နောက်ပိုင်းမှ သူ၏ဆရာဖြစ်သူ ဖူရှန်ကျန်းရန်နှင့်အတူ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ပြီး ဖူရှန်ဗောဓိသတ္တနှင့် ကွမ်ယင်ဗောဓိသတ္တတို့လက်အောက်တွင် ပညာသင်ကြားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် တာအိုဝါဒကျင့်ကြံသူတစ်ယောက်အပေါ် သူ၏အကဲဖြတ်မှုက အမှားအယွင်းရှိနိုင်ခဲလှသည်။
မုကျားက စကားပင်မပြောရသေးဘဲ ရင်းနှီးသလိုခံစားရသည်ဆိုလျှင် မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှပုဂ္ဂိုလ်မှာ ဖြစ်နိုင်ခြေရှိသူ အနည်းငယ်သာရှိသည်။
ရန်ကျောက်ကဲက ထူးဆန်းသောအမူအရာဖြင့်...
“နေဦး... မင်းပြောပုံအရဆိုရင်... အဲဒီလူက ကြာပန်းပင်လယ်သုံးစင်းအရှင်များ ဖြစ်နေမလား”
“ကြာပန်းပင်လယ်သုံးစင်းအရှင်” ဆိုသည်မှာ လူသိများလှသည့် တတိယမင်းသား’နီကျား’ ပင် ဖြစ်သည်။
သူက တာအိုဝါဒသမိုင်းတွင် အလွန်ထင်ရှားကျော်ကြားရုံမျှမက ယွိချင်အဆက်အနွယ်တွင် ယန်ကျန်းပြီးလျှင် စွမ်းအားအကြီးမားဆုံး ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်၏။
နီကျားက ရှေးခေတ်ကာလ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်ရှိနေစဉ်မှာပင် နာမည်ကျော်ကြားမှုက အထွတ်ထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
နောက်ပိုင်း ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ပြီး အလယ်ခေတ်တွင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ နန်းတော်၏ စောင့်ရှောက်သူနတ်ဘုရား ဖြစ်လာခဲ့သည်။
သူ၏အရည်အချင်းက သူ၏ဆရာများကိုပင် ကျော်လွန်သွားခဲ့ပေသည်။
တန်ခိုးစွမ်းအားကို ကြည့်မည်ဆိုလျှင်လည်း သူ၏အစွမ်းက ကောင်းကင်ဘုံနန်းတော်တစ်ခုလုံးတွင် လက်ချိုးရေတွက်ရလောက်သည့် အစွမ်းထက်ဆုံး ကျွမ်းကျင်သူများထဲတွင်ပါဝင်သည်။
ထို့ပြင် သူ၏ခေါင်းမာမှုနှင့် ဒေါသကြီးမှုတို့ကလည်း ဒဏ္ဍာရီပုံပြင်များတွင် မှတ်တမ်းတင်ရသည်အထိ ကျော်ကြားလှသည်။
ရန်ကျောက်ကဲ ရရှိထားသည့်သတင်းများအရ နီကျား မည်သည့်နေရာသို့ရောက်နေသည်လဲ ယခုချိန်ထိ သိရှိရခြင်း မရှိသေးပေ။
အများစုက မဟာကပ်ဘေးကြီးအတွင်း သေဆုံးသွားသည်ဟု ယူဆကြသော်လည်း ခိုင်မာသည့်အထောက်အထား မတွေ့ရပေ။
ယခု မုကျား၏စကားကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ သံသယများ ထွက်ပေါ်လာသည်။
သို့သော် မုကျားကတော့ အဖြေတစ်ခုပေးလိုက်၏။
“ငါလည်း သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ အဲဒီလူက ကြာပန်းပင်လယ်သုံးစင်းအရှင်ဆိုတာထက်... သူ့ရဲ့ကျေးဇူးရှင် ဆရာဦးလေး’ထိုက်ယီ’ နဲ့ ပိုတူနေသလိုပဲ”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...
“ထိုက်ယီကျန်းရန်နတ်ဘုရားလား...”
ထိုက်ယီကျန်းရန်ဆိုသည်က ယွိချင်အဆက်အနွယ်တို့၏ တည်ထောင်သူဆရာဘိုးဘိုး’ယွမ်စီထျန်းကျွင်း’ ထံမှ တိုက်ရိုက်ပညာသင်ယူခဲ့သည့် အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
အတိတ်တစ်ချိန်တုန်းက သူက ကွမ်းချန်ထျန်းကျွင်း ၊ ချိကျင်းကျီ ၊ ဖူရှန်ကျန်းရန်တို့နှင့်အတူ နာမည်ကျော်ကြားသည့် ကျောက်စိမ်းဝိညာဉ်နတ်ဘုရား(၁၂)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။
တကယ်တော့ ထိုက်ယီကျန်းရန်မှာ နီကျား၏ ဆရာရင်းပင် ဖြစ်၏။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သူ၏သတင်းမှာလည်း လုံးဝအစပျောက်သွားခဲ့သည်။ နီကျားနှင့်ယှဉ်လျှင် သူနှင့်ပတ်သက်သော သတင်းအချက်အလက်က ပို၍ပင် နည်းပါးသေးသည်။
မုကျားက အနက်ရောင်သပိတ်အသုံးပြုလိုက်သောအခါ ရန်ကျောက်ကဲအတွက် ဗလာနယ်ထဲတွင်လွင့်မျောနေသော မဟာပျက်သုဉ်းခြင်းမူလနန်းတော်ကို ရှာဖွေရသည်မှာ ပို၍လွယ်ကူသွားသည်။
မုကျားတို့အုပ်စုက နန်းတော်ထဲမှ မောင်းထုတ်ခံရဖူးသော်လည်း အထဲသို့ တစ်ကြိမ်ရောက်ရှိဖူးခဲ့ကြသည်။
နန်းတော်ပိုင်ရှင် တစ်စုံတစ်ခုကို အာရုံစိုက်နေချိန် မုကျားတို့အုပ်စုက လျှို့ဝှက်အစီအရင်ပညာကိုအသုံးပြုကာ ထိုနန်းတော်နှင့်ပတ်သက်သည့် သဲလွန်စတစ်ခုကို တိတ်တဆိတ် ရယူနိုင်ခဲ့ကြသည်။
အစပိုင်းတွင် သူတို့က အနောက်ဘက်သူတော်စင်ဘုံမှ စစ်ကူများကို စောင့်ဆိုင်းရန် ရည်ရွယ်ခဲ့ကြသော်လည်း ယခုတော့ ထိုအခွင့်အရေးကို ရန်ကျောက်ကဲက ရယူသွားခဲ့ပေပြီ။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်လိုက်သည်။
အနီးပတ်ဝန်းကျင်တွင် ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများမရှိကြောင်း အတည်ပြုပြီးမှ သူလည်း စိတ်သက်သာရာရသွားသည်။
ပုံမှန်ဆိုလျှင် မုကျား၏သတင်းပေးပို့မှုကို ရရှိပြီးနောက် ဗုဒ္ဓဘာသာဘက်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဤနေရာသို့ အလျှင်အမြန် ရောက်ရှိလာသင့်သည်။
သို့သော် သူတို့က အနောက်ဘက်သူတော်စင်ဘုံ၏ အခြားအရေးကြီးကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေပုံရပြီး ဤနေရာသို့ သင့်လျော်သူတစ်ယောက်အား ချက်ချင်း မစေလွှတ်နိုင်သဖြင့် ကြန့်ကြာနေခြင်း ဖြစ်ဟန်တူသည်။
ရန်ကျောက်ကဲက သူတို့ထက်အရင် ရောက်လာပြီး မုကျားတို့အုပ်စုအား အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
ထို့နောက် အခြားသူများကိုသတ်ဖြတ်ကာ မုကျားတစ်ယောက်တည်းကိုသာ အသက်ချမ်းသာပေးခဲ့သည်။
သို့ဖြစ်ရာ အနောက်ဘက်သူတော်စင်ဘုံမှ ကျွမ်းကျင်သူများ ရောက်ရှိလာလျှင်ပင် ဤနေရာကို ရှာဖွေတွေ့ရှိရန် လွယ်ကူတော့မည်မဟုတ်ပေ။
ဟုတ်ပေ၏။
ရန်ကျောက်ကဲ စိတ်သက်သာရာရသွားသော်လည်း သတိတစ်ချက်မလျော့ခဲ့ပေ။
“ဘာဖြစ်လို့ အနောက်ဘက်သူတော်စင်ဘုံကလူတွေ ဒီလောက်အများကြီး စုဝေးနေကြတာလဲ၊ သူတို့ ဘာတွေကြံစည်နေကြတာလဲ”
ရန်ကျောက်ကဲ တွေးတောရင်း ပြင်ပဗလာနယ်၏ အဆုံးမရှိသောနယ်နိမိတ်များကိုဖြတ်သန်းလာခဲ့ပြီး ၊ အချိန်သိပ်မကြာခင်မှာပင် ပစ်မှတ်ကို ရှာတွေ့သွားခဲ့သည်။
မှောင်မိုက်ပြီး အဆုံးမရှိကျယ်ပြန့်သော ဗလာနယ်ထဲတွင် တိမ်တိုက်ပင်လယ်ပြင်ကြီးတစ်ခုနှင့်ဆင်တူသည့် မြူခိုးထုကြီးတစ်ခု တွဲလဲခိုလျှက် ရှိသည်။
ထိုမြူခိုးထုအတွင်းမှ ရှေးကျဟောင်းနွမ်းသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေ၏။
ဤနေရာသည်ကား ရန်ကျောက်ကဲ အသည်းအသန် ရှာဖွေနေသည့် “မဟာပျက်သုဉ်းခြင်းမူလနန်းတော်” ပင် ဖြစ်လေသည်။
“မဟာပျက်သုဉ်းခြင်းမူလနန်းတော်” ဆိုသည်က ကနဦးကောင်းကင်ကာလမှ ရှေးခေတ်ကာလသို့ ကူးပြောင်းချိန်တွင် ကျန်ရစ်ခဲ့သည့်အသွင်ပြောင်းလဲမှု အပိုင်းအစတစ်ခု ဖြစ်သည်။
ထို့ကြောင့် “မဟာပျက်သုဉ်းခြင်း” ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။
“မဟာပျက်သုဉ်းခြင်း” အပိုင်းအစများထဲတွင် ကိန်းအောင်းနေသောစွမ်းအားက အလွန်ပင် ထူးဆန်းနက်နဲသည်။
ထို့ကြောင့်ပင် ကနဦးကောင်းကင်ကာလတွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက ကျင့်ကြံခြင်းပြုလုပ်ရန်အတွက် ထိုအပိုင်းအစများကိုစုဆောင်းကာ ကျောက်ဂူအိမ်တော်များတည်ဆောက်ခဲ့ကြသည်။
ရှေးခေတ်ကာလသို့ ရောက်ရှိချိန်မှာတော့ ထိုအပိုင်းအစများ အလွန်တရာ ရှားပါးသွားခဲ့သည်။ ယနေ့ခေတ်မှာတော့ ထိုအရာများက ဒဏ္ဍာရီပုံပြင်များနှင့် သမိုင်းမှတ်တမ်းများထဲတွင်သာ ကျန်ရစ်တော့သည်။
ရန်ကျောက်ကဲအနေဖြင့်လည်း ဤကဲ့သို့သော အပိုင်းအစတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့သော် ဤကဲ့သို့ ထူးခြားသည့်တည်ရှိမှုတစ်ခုကြောင့်ပင် ဤနေရာက တစ်စုံတစ်ယောက်နေထိုင်ရာ ကျောက်ဂူအိမ်တော်ဖြစ်နေသည်မှာသေချာကြောင်း သက်သေပြနေသည်။