← Chapters

အခန်း ၁၆၃၇

Vol. 117 Ch. 1637

အခန်း ၁၆၃၇

Vol. 117 Ch. 1637

အခန်း (၁၆၃၇) မဟာပျက်သုဉ်းခြင်းမူလနန်းတော်

ရန်ကျောက်ကဲ မြူခိုးတိမ်တိုက်ပင်လယ်ကြီးကိုကြည့်လိုက်ပြီး မဆိုင်းမတွပင် အတွင်းသို့လှမ်းဝင်လိုက်သည်။

မြူခိုးတိမ်တိုက်များက အပြင်ပန်းကြည့်လျှင် အဆုံးမရှိကျယ်ပြန့်သည်ဟု ထင်ရသော်လည်း အတွင်းပိုင်းမှာတော့ ပြိုကွဲပျက်ဆီးနေပြီး လမ်းကြောင်းများသည်လည်း ရှုပ်ထွေးလျှက် ရှိသည်။

သေချာဂရုမစိုက်မိပါက လမ်းပျောက်သွားနိုင်ပြီး မူလသတ်မှတ်ထားသည့်တည်နေရာကို ပြန်ရှာတွေ့ရန် အလွန်အားစိုက်ထုတ်ရပေမည်။

မုကျားကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ခိုင်မာသော သဲလွန်စများ ရရှိထားသည့်တိုင် ရန်ကျောက်ကဲက အချိန်မဖြုန်းလိုခဲ့ပေ။

မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှပုဂ္ဂိုလ်မှာ တာအိုဝါဒမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည့်တိုင် ယင်လုန်ထူ ဘေးကင်းလုံခြုံရေးအတွက် အပြည့်အဝ စိတ်မချနိုင်သေးပေ။

အတိတ်တုန်းက တာအိုဝါဒထဲတွင်လည်း အချင်းချင်းပဋိပက္ခဖြစ်ပွားမှုများ မကြာခဏ ရှိခဲ့ဖူးသည်။

မဟာကပ်ဘေးကြီး ကျရောက်ပြီးနောက်ပိုင်းတွင်မှသာ အသက်ရှင်ကျန်ရစ်သူများက အခြေအနေသစ်များကို ရင်ဆိုင်ရန်အတွက် အတူတကွ လက်တွဲခဲ့ကြခြင်း ဖြစ်၏။

အကယ်၍ သူနှင့် မုကျားတို့၏ခန့်မှန်းချက်များ လွဲချော်ခဲ့မည်ဆိုလျှင် ဤမဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲတွင် နေထိုင်သူမှာ မည်သူဖြစ်နိုင်ပါသနည်း။

မြူခိုးတိမ်တိုက်ပင်လယ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရန်ကျောက်ကဲ၏ အာရုံခံစားနိုင်စွမ်းက သိသိသာသာပင် ထိန်းချုပ်ခံလိုက်ရသည်။

ရှေးကျဟောင်းနွမ်းသော အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခွင်တွင် ပျံ့နှံ့နေပြီး လူတစ်ယောက်၏ အာရုံခံစားမှုနှင့် ဆုံးဖြတ်နိုင်စွမ်းကို အဓိကထား နှောင့်ယှက်နေသည်။

ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်အတွင်းမှ ဝဲဂယက်များနှင့်နှိုင်းယှဉ်လျှင် ဤနေရာရှိ လမ်းကြောင်းအပြောင်းအလဲများက သိသိသာသာ ထူးခြားခြင်း မရှိပေ။

သို့သော် ရှေးကျဟောင်းနွမ်းသည့် အငွေ့အသက်များက အထဲတွင်ပုန်းအောင်းနေသူအတွက် အလွန်ပင် အကျိုးကျေးဇူးများလှသည်။

ရန်ကျောက်ကဲ မြူခိုးတိမ်တိုက်ပင်လယ်ထဲတွင် လိုက်လံရှာဖွေနေစဉ် သူ့အား တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေကြောင်း မရေမရာ အာရုံခံလိုက်မိသည်။

“ကျွန်တော်က တာအိုဝါဒအဆက်အနွယ် ရန်ကျောက်ကဲပါ ၊ ကျွန်‌တော့်ရဲ့ဂိုဏ်းတူညီလေး ယင်လုန်ထူကို လာရှာတာပါ ၊ အကြီးအကဲရဲ့အမည်ကို မသိရသေးပေမယ့်... လက်ခံတွေ့ဆုံပေးဖို့ မေတ္တာရပ်ခံပါတယ်”

ရန်ကျောက်ကဲ၏တည်ငြိမ်သောအသံက ဟင်းလင်းပြင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့သလို ထူးခြားမှု တစ်စုံတစ်ရာလည်း ဖြစ်မလာခဲ့ပေ။

ရန်ကျောက်ကဲ သိထားသလောက်ဆိုလျှင် ဤနေရာတွင်ရှိနေသော ရှေးကျသည့်တိမ်တိုက်များက မုကျားတို့အုပ်စုအား တွန်းထုတ်ပစ်ခဲ့သည်။

ယခု သူ့ကိုတွန်းမထုတ်ဘူးဆိုတော့ ဆက်ဆံရေးက များစွာပိုမိုကောင်းမွန်သည်ဟု ဆိုရမည်။

သို့ပေသိ ရန်ကျောက်ကဲ နည်းနည်းတော့ စိတ်ပျက်သွားမိသည်။

အကယ်၍ တစ်ဖက်လူက တုံ့ပြန်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် တစ်ဖက်လူ၏တည်နေရာကို လွယ်ကူစွာရှာဖွေနိုင်မည် ဖြစ်သည်။

ယခုတော့ သူ့အနေဖြင့် ဖြည်းဖြည်းချင်းသာ ရှာဖွေရပေတော့မည်။

“သူက ငါ့ကို တိတ်တဆိတ် စောင့်ကြည့်နေတာလား...”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါမှမဟုတ် သူ့မှာလည်း တစ်ခုခုကြောင့် အကျပ်ရိုက်နေတာများလား ၊ မုကျားတို့အုပ်စုကို ဒီနေရာကနှင်ထုတ်တုန်းက စွမ်းအားတွေအများကြီးသုံးလိုက်ရလို့ အခုထပ်တိုက်ဖို့ အင်အားမရှိတော့တာများလား”

မဟာပျက်သုဉ်းခြင်းမူလနန်းတော်၏ ဖုံးကွယ်နိုင်စွမ်းက အလွန်အားကောင်းသော်လည်း ရန်ကျောက်ကဲက မူလကောင်းကင်ကျမ်းစာ၏ တန်ခိုးစွမ်းအားကိုအသုံးပြုလိုက်သည့်အခါ အရာအားလုံးက ပိုမိုလွယ်ကူသွားသည်။

မုကျားတို့အုပ်စု၏ စကားအရဆိုလျှင် ယင်လုန်ထူက ဤနေရာ၏ပိုင်ရှင်နှင့်အတူ ရှိနေရပေမည်။

“တွေ့ပြီ...”

ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် စိမ်းပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး သူက အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားလိုက်သည်။

ရှေ့သို့ခြေလှမ်းလိုက်သည်နှင့် မြူခိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီး တောက်ပသော နေရောင်ခြည်အောက်သို့ ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။

သူ၏အမြင်အာရုံက ဝေဝါးနေပြီး မြူခိုးများနှင့်ပြည့်နက်နေဆဲဖြစ်သည့်တိုင် ခန္ဓာကိုယ်ကတော့ ပူနွေးမှုကို စတင်ခံစားလာရသည်။

ရန်ကျောက်ကဲ ရှေ့ဆက်တိုးဝင်လေ အပူရှိန်က ပိုမိုပြင်းထန်လာလေ ဖြစ်သည်။

နောက်ထပ် ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်မှာတော့ မြူခိုးပင်လယ်ထဲမှ တောက်ပသောအလင်းတန်းများ ဖြာထွက်လာပြီး အသားများလောင်မြိုက်မတတ် အပူရှိန် ပြင်းထန်လာသည်။

ရန်ကျောက်ကဲက ရှေ့သို့ဆက်သွားရင်း...

“အကြီးအကဲကို ဂါရဝပြုပါတယ်”

ထိုအချိန်မှာပင် မြူခိုးတိမ်တိုက်များပျောက်ကွယ်သွားပြီး မြင်ကွင်းအသစ်တစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲမျက်လုံးထဲ ပထမဆုံးဝင်ရောက်လာသည်က ဟင်းလင်းပြင်ထဲတွင် တွဲလဲခိုနေသည့် အလွန်ကြီးမားပြီး ဖောက်ထွင်းမြင်နိုင်သောအုပ်ဆောင်းကြီးတစ်ခု ဖြစ်သည်။

အုပ်ဆောင်းထက်တွင် မီးနဂါးကိုးကောင်ရှိနေပြီး သူတို့၏ပါးစပ်များက မီးတောက်မီးလျှံများကို မနားတမ်းမှုတ်ထုတ်နေသည်။

အုပ်ဆောင်းကြီးက ဖန်သားပမာ ကြည်လင်လွန်းသည်။

သို့သော် အုပ်ဆောင်းအောက်ခြေကို မီးတောက်မီးလျှံများဖြင့် ပိတ်ဆို့ထားပြီး အုပ်ဆောင်းထဲတွင်လည်း မီးလျှံများ တဟုန်းဟုန်းတောက်လောင်နေသည်။

ထို့ကြောင့် အတွင်းပိုင်းသို့ ရှင်းလင်းစွာ တွေ့မြင်ရခြင်း မရှိဘဲ မီးတောက်မီးလျှံများကြား ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည့် ပုံရိပ်တစ်ခုကိုသာ တွေ့မြင်ရသည်။

“နဂါးကိုးကောင် ငရဲအုပ်ဆောင်း...”

ရန်ကျောက်ကဲနှင့် မုကျားတို့ တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။

ဖောက်ထွင်းမြင်နိုင်သည့် အုပ်ဆောင်းကြီးထိပ်ဖျားကိုကြည့်လိုက်တော့ အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့ရ၏။

အဘိုးအိုဘေးမှာတော့ ရန်ကျောက်ကဲ၏ညီငယ်လေး ယင်လုန်ထူ မတ်တတ်ရပ်နေသည်။

ယင်လုန်ထူက ရန်ကျောက်ကဲကိုတွေ့သည်နှင့် ဝမ်းသာအားရခေါ်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ရန်ကျောက်ကဲက ယင်လုန်ထူကို သေချာစွာအကဲခတ်လိုက်ပြီး ဒဏ်ရာရထားခြင်းမရှိကြောင်းတွေ့ရတော့မှ ပူပန်နေသောစိတ်များ ပြေလျော့သွားရသည်။

သူက ယင်လုန်ထူကို ခေါင်းညိတ်ပြပြီး ဘေးမှအဘိုးအိုကို ကြည့်လိုက်သည်။

အဘိုးအိုက ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှမဆိုပေ။

အဘိုးအိုက မာန်တက်ပြီး စကားမပြောခြင်း မဟုတ်ပေ။

သူ၏စိတ်အာရုံအားလုံးကို အောက်ဘက်ရှိ “နဂါးကိုးကောင်ငရဲအုပ်ဆောင်း” ဆီသို့ အပြည့်အဝ အာရုံစိုက်ထားရသောကြောင့် ဖြစ်၏။

အုပ်ဆောင်းအတွင်းရှိမီးပင်လယ်ထဲတွင် ပုံရိပ်တစ်ခုက ဟိုပြေးဒီလွှားဖြင့် ပရမ်းပတာ တိုက်ခိုက်လျှက် ရှိသည်။

ကြီးမားလှသော နဂါးကိုးကောင်ငရဲအုပ်ဆောင်းကြီးမှာလည်း အချိန်မရွေး မှောက်ခုံလန်တော့မည့်အလား မရပ်မနား တုန်ခါလို့နေသည်။

အုပ်ဆောင်းအောက်ခြေကိုပိတ်ဆို့ထားသော မီးတောက်မီးလျှံများက လှိုင်းထနေပြီး အချိန်မရွေး ပြိုကွဲပျက်ဆီးတော့မည့် အနေအထားတွင် ရှိနေသည်။

မီးနဂါးကိုးကောင်က မီးတောက်များကို မပြတ်တမ်း မှုတ်ထုတ်နေသောကြောင့်သာ ထိုပိတ်ဆို့မှုကို ထိန်းထားနိုင်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက အဘိုးအိုအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ပြီး...

“အကြီးအကဲက ဆရာဘိုးဘိုး’ထိုက်ယီ’ လား...”

အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူ၏အာရုံစိုက်မှုကိုလွှဲဖယ်မရဘဲ အောက်ဘက်မှ နဂါးကိုးကောင် ငရဲအုပ်ဆောင်းကို အစွမ်းကုန်အာရုံစိုက်နေရသဖြင့် စကားဆိုနိုင်ခြင်း မရှိပေ။

အဘိုးအိုက ရန်ကျောက်ကဲကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏အကြည့်က ရန်ကျောက်ကဲဖမ်းဆီးလာသည့် မုကျားထံသို့ ခဏမျှကျရောက်သွားသည်။

ရန်ကျောက်ကဲ၏ လက်ထဲတွင် အဖမ်းခံထားရသော မုကျား၏မျက်နှာကတော့ စိတ်ခံစားချက်များဖြင့် ရှုပ်ထွေးနေသည်။

“ဆရာဦးလေး’ထိုက်ယီ’”

မုကျားက ခပ်တိုးတိုးရေရွတ်လိုက်သည်။

ယင်လုန်ထူက အလျှင်အမြန်ပင် စကားဆိုလိုက်သည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ဒီဘိုးဘိုးက ကျွန်တော့်ကိုကယ်ခဲ့တဲ့ ဆရာဘိုးဘိုး’ထိုက်ယီ’ ပါ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ငါ သိတယ်”

သူက မုကျားထံမှ ကိစ္စရပ်များကို ကြားသိထားပြီးသားပင်။

ယင်လုန်ထူ ပြင်ပလောကသို့ထွက်လာရင်း ဗလာနယ်ထဲတွင်လွင့်မျောနေသော မဟာပျက်သုဉ်းခြင်းမူလနန်းတော်အား တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့သွားသည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့်လည်း တည့်တည့်တိုးခဲ့သည်။

ယင်လုန်ထူက အစစ်အမှန်နတ်ဘုရားအဆင့်ရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများကို အနိုင်ယူနိုင်ခဲ့သော်လည်း နက်ရှိုင်းနတ်ဘုရားများ ဝိုင်းဝန်းတိုက်ခိုက်ချိန်မှာတော့ ရင်ဆိုင်နိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် ယင်လုန်ထူက ခံစစ်ဖြင့်ဆုတ်ခွာရင်း ဤနေရာတွင် မုကျားကဲ့သို့သော ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသည့် ဗောဓိသတ္တများလည်း ‌ရောက်ရှိနေကြောင်း သိခဲ့ရသည်။

ယင်လုန်ထူက ရိုးဖြောင့်ပြီး စိတ်ထားပွင့်လင်းသူဖြစ်သည့်တိုင် ဉာဏ်ရည်ထက်မြက်သဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကို ရှောင်ရှားနိုင်မည့်နည်းလမ်းကို စဉ်းစားနိုင်ခဲ့သည်။

သူက မုကျားတို့အုပ်စု ရောက်မလာခင်မှာပင် မဟာပျက်သုဉ်းခြင်းမူလနန်းတော်အတွင်းသို့ အမြန်ဆုံး ဝင်ရောက်ပုန်းအောင်းလိုက်သည်။

သူ၏ ဆုံးဖြတ်ချက် မှန်ကန်သွားခဲ့သည်။

အကယ်၍ စက္ကန့်ပိုင်းမျှ နောက်ကျမည်ဆိုလျှင် သူ့အား မုကျားတို့အုပ်စု ဖမ်းဆီးခြင်းကို ခံရပေမည်။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော ဗောဓိသတ္တတစ်ပါး၏ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံမှာ ယင်လုန်ထူ ခံနိုင်ရည်ရှိသည့်အရာမျိုး မဟုတ်ပေ။

ယင်လုန်ထူက ဝါဒတောင်မှ တက်သစ်စ လူငယ်ပါရမီရှင်ဖြစ်သလို ရန်ကျောက်ကဲနှင့်လည်း အလွန်ရင်းနှီးသူ ဖြစ်သည်။

ထို့ကြောင့် သူ၏အမည်က လမ်းမှန်တာအိုဝါဒအတွင်း၌သာမက အခြားသော အင်အားစုများကြားတွင်လည်း ပျံ့နှံ့နေခဲ့သည်။

ယင်လုန်ထူက မဟာပျက်သုဉ်းခြင်းမူလနန်းတော်အတွင်း ဝင်ရောက်ပုန်းအောင်းသည်နှင့် မုကျားတို့အုပ်စုကလည်း လက်မလျှော့ဘဲ အတွင်းသို့ လိုက်လံဝင်ရောက်ခဲ့ကြသည်။

သို့သော် အထဲတွင်ရှိနေသည့် ထိုက်ယီကျန်းရန်က သူတို့ကို မောင်းထုတ်ပစ်လိုက်၏။

ထိုသို့ဖြင့် မုကျားတို့အုပ်စုမှာ လွင့်မျောနေသည့် မဟာပျက်သုဉ်းခြင်းမူလနန်းတော်နောက်သို့ လိုက်ပါသွားပြီး အနောက်ဘက်သူတော်စင်ဘုံသို့ စစ်ကူတောင်းရန်ကြိုးစားနေချိန် ရန်ကျောက်ကဲ ရောက်ရှိလာခြင်း ဖြစ်သည်။

မုကျားက ထိုက်ယီကျန်းရန်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ့အကြည့်က ချက်ချင်းပင် နဂါးကိုးကောင်ငရဲအုပ်ဆောင်းဆီသို့ ရောက်ရှိသွားသည်။

ပို၍အတိအကျဆိုရလျှင် အုပ်ဆောင်းထဲတွင် ပိတ်မိနေသူဆီသို့ ဖြစ်သည်။

မုကျားက အုပ်ဆောင်းကိုစိုက်ကြည့်နေရင်း မျက်နှာထက် မရေရာသည့်အမူအရာများဖြင့် ပြည့်နက်နေသည်။ ရန်ကျောက်ကဲကလည်း မျက်လုံးများကိုမှေးစင်းရင်း နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို လှမ်းကြည့်လိုက်၏။

All Chapters