← Chapters

အခန်း ၁၆၃၈

Vol. 117 Ch. 1638

အခန်း ၁၆၃၈

Vol. 117 Ch. 1638

အခန်း (၁၆၃၈) ရတနာကြာပန်းနတ်ဘုရားခန္ဓာ

ကြည့်ရသည်မှာ ထိုက်ယီကျန်းရန်က မုကျားတို့အုပ်စုကို နှင်ထုတ်လိုက်ရသဖြင့် အုပ်ဆောင်းအပေါ် ထိန်းချုပ်နိုင်စွမ်း အားနည်းသွားပုံရသည်။

မူလက ထိုက်ယီကျန်းရန်က နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို တစိုက်မတ်မတ် ထိန်းချုပ်ထားနိုင်ခဲ့ပုံရသည်။

သို့သော် မုကျားတို့အုပ်စု၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် အခြေအနေက ဆိုးရွားသွားခဲ့ပြီး အုပ်ဆောင်းထဲ ပိတ်မိနေသူမှာ အချိန်မရွေး ရုန်းထွက်လာတော့မည့်အလား မရပ်မနား သောင်းကျန်းနေတော့၏။

ထိုက်ယီကျန်းရန်က ယွိချင်အဆက်အနွယ်မှ ဝါရင့် 'ကောင်းကင်နတ်ဘုရား' တစ်ပါး ဖြစ်သည့်အလျောက် သူ၏စွမ်းဆောင်ရည်က အထူးပြောစရာမလိုအောင် ခိုင်မာလှသည်။

သို့သော် ယခုတော့ အောက်ဘက်ရှိအုပ်ဆောင်းထဲမှပုဂ္ဂိုလ်အား ဆက်လက်ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ပုံရသည်။

ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်ကိုတစ်လှည့် မုကျားကိုတစ်လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ မျက်နှာအမူအရာများကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးများ ဖြတ်သန်းသွားသည်။ သို့သော် လက်ရှိအခြေအနေတွင် အချိန်ယူစဉ်းစားနေရန် အခွင့်မသာသေးပေ။

ထိုအချိန် နဂါးကိုးကောင်ငရဲအုပ်ဆောင်းအတွင်းမှ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် မီးတောက်မီးလျှံများမှာလည်း ကြီးမားသောစွမ်းအားတစ်ခု၏ ဖိနှိပ်မှုကိုခံရသည့်ပမာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

မီးလျှံများပျောက်ကွယ်သွားသည်နှင့် အတွင်းမှပုံရိပ်က ပိုမိုထင်ရှားလာသည်။

ဦးခေါင်းထက်တွင် ယင်ယန်စက်ဝန်းရှိနေပြီး လက်ထဲတွင် မီးတောက်လှံရှည်ကိုကိုင်ဆောင်ကာ ခြေထောက်များအောက်တွင် လေမီးလျှံဘီးများကိုစီးနင်းလျှက် လက်မောင်းတွင် ကောင်းကင်ရက်ထည်ကို ရစ်ပတ်ထားသည်။

ထိုသူကိုမြင်သည်နှင့် ရန်ကျောက်ကဲရော မုကျားပါ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြသည်။

ထိုသူမှာ နှောင်းပိုင်းကောင်းကင်ကာလတွင် ထွက်ပေါ်ခဲ့သော တာအိုဝါဒ၏ပါရမီရှင် ကြပန်းပင်လယ်သုံးစင်းအရှင် ၊ ကြီးမြတ်သောမဟာတန်ခိုးရှင် ၊ အလယ်စင်မြင့်စစ်သူကြီး’နာကျား’ ပင် ဖြစ်သည်။

“သေစမ်း...”

ရန်ကျောက်ကဲ လျှာတစ်ချက်သပ်ရင်း ရေရွတ်လိုက်သည်။

“တကယ်ကြီး မင်းဖြစ်နေတာကိုး...”

အစကတည်းက ခန့်မှန်းထားသော်လည်း တကယ်တမ်းတွေ့မြင်လိုက်ရသည့်အခါ ရန်ကျောက်ကဲမှာ အံ့အားသင့်သွားရသည်။

သို့သော် လက်ရှိ နီကျား၏ပုံစံက တစ်စုံတစ်ခု ထူးဆန်းနေသည်။

သူက လူငယ်တစ်ယောက်၏ရုပ်သွင်အတိုင်း ရှိနေသော်လည်း သူ၏မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်များတောက်ပနေပြီး မိစ္ဆာဆန်သည့်ရောင်ဝါများ ထွက်ပေါ်နေသည်။

နီကျားက သူ၏ကြီးမားသောတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် နဂါးကိုးကောင်ငရဲအုပ်ဆောင်းမှာ ပြိုလဲပျက်စီးလုနီးပါး ဖြစ်သွားသည်။

ပြင်းထန်သောငရဲမီးများကို အုပ်ဆိုင်းပိတ်လှောင်ထားသည့် ငရဲအုပ်ဆောင်းမှ စတင်အက်ကွဲလာသည်။

မီးနဂါးကိုးကောင်မှာ ပျက်စီးသွားသော နေရာများကို အသည်းအသန် ပြန်လည်ပြုပြင်ရန် ကြိုးစားကြသော်လည်း အချည်းနှီးသသာဖြစ်ပြီး ၊ အုပ်ဆောင်းကို မပြုပြင်နိုင်သည့်အပြင် နဂါးများ၏မျက်လုံးများမှ သွေးစီးကြောင်းများပင် ကျဆင်းလာ၏။

နဂါးအကြေးခွံများသည်လည်း စတင်အက်ကွဲလာပြီး အတွင်းမှသွေးများပန်းထွက်လာလေရာ ထိခိုက်ခံစားရသည့်ပြင်းအားက မည်မျှပြင်းထန်ကြောင်း သက်သေပြနေသည်။

ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲပင် အလွန်အံ့အားသင့်သွားရသည်။

ထို့နောက် နဂါးကိုးကောင်ငရဲအုပ်ဆောင်းအားထိန်းချုပ်နေသည့် ထိုက်ယီကျန်းရန်ကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်မိ၏။

နီကျားက ထိုက်ယီကျန်းရန်၏ တပည့်ရင်းဖြစ်သော်လည်း ယန်ကျန်းကဲ့သို့ပင် ထူးချွန်ထက်မြက်သူဖြစ်လေရာ နောက်ပိုင်းတွင် ဆရာကိုပင် ကျော်တက်သွားခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ထာဝရမသေနိုင်သော နတ်ဘုရားခန္ဓာကိုရရှိပြီးနောက် သူက ထိုက်ယီကျန်းရန်ထက် တဖြည်းဖြည်းသာလွန်သွားခဲ့သည်။

သို့သော် ထိုက်ယီကျန်းရန်က နီကျားကို နားအလည်ဆုံးသူဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကိုနှိမ်နင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ခဲ့သည်။

ယခုအချိန်မှာတော့ မုကျားတို့အုပ်စု၏ ကြားဖြတ်နှောက်ယှက်မှုကြောင့် ထိုက်ယီကျန်းရန်ကြိုးစားထားသမျှ အလကား ဖြစ်သွားရပေပြီ။

ရန်ကျောက်ကဲအနေဖြင့် မည်သူက မှန်သည်၊ မည်သူက မှားသည်ကို မဝေခွဲနိုင်သေးပေ။

သို့ပေသိ နီကျား၏ နီရဲတောက်ပနေသောမျက်ဝန်းများနှင့် ရက်စက်ကြမ်းကြုတ်သည့်အမူအရာများကိုကြည့်ရင်း ပုံမှန်မဟုတ်ကြောင်း သတိထးလိုက်မိသည်။

ခဏမျှစဉ်းစားပြီးနောက် သူက ထိုက်ယီကျန်းရန်ကို ကူညီရန်ဆုံးဖြတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော ထိုက်ယီကျန်းရန်က ယင်လုန်ထူကို ကူညီပေးထားသည်သာမက အားနည်းသည့်ဘက်တွင် ရှိနေပုံရသောကြောင့် ဖြစ်၏။

အားနည်းသူများကိုကူညီပြီး အားကြီးသူကိုခုခံခြင်းက ကိစ္စရပ်များကို ပိုမိုကိုင်တွယ်ရ လွယ်ကူစေပေမည်။ အကယ်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မှားယွင်းခဲ့လျှင်ပင် ပြန်လည်ပြင်ဆင်ရန် ပို၍လွယ်ကူသည်။

ရန်ကျောက်ကဲ ဆုံးဖြတ်လိုက်သည်နှင့် ပန်ပန်က ပျံသန်းထွက်ခွာလာပြီး သူ၏နောက်ကျောဘက် ပခုံးနေရာမှ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။

ထိုရွှေရောင်အလင်းတန်းက မျောက်မင်းအသွင်ပြောင်းလဲသွားပြီး မိစ္ဆာချီများထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။

ထိုက်ယီကျန်းရန် အံ့အားသင့်သွားချိန်မှာပင် ကြီးမားသောမျောက်ဝံကြီးက သူ၏နားထဲမှ ရူယိရွှေတုတ်ကို ထုတ်ယူလိုက်လေသည်။

သံမဏိရွှေတုတ်က ချက်ချင်းပင် ကြီးမားလာပြီး ကောင်းကင်တစ်ခွင်လုံး လွှမ်းမိုးသွားကာ နတ်ဘုရားဖိနှိပ် ကောင်းကင်ထောက်တိုင်အဖြစ် ပြောင်းလဲသွားသည်။

မျောက်ဝံကြီးက နတ်ဘုရားဖိနှိပ် ကောင်းကင်ထောက်တိုင် သံမဏိတုတ်ဖြင့် နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ဖိနှိပ်လိုက်ရာ အုပ်ဆောင်းကြီး ပြန်လည်တည်ငြိမ်သွားသည်။

ရူယိရွှေတုတ်က လူသတ်လက်နက်အဖြစ်ကျော်ကြားသော်လည်း မူလက ထျန်းဟယ်မြစ်ကို ထိန်းသိမ်းဖိနှိပ်ရန် အသုံးပြုခဲ့ခြင်းဖြစ်ပြီး သူတစ်ပါးကို ထိခိုက်နာကျင်စေသည့် လက်နက်တစ်ခု မဟုတ်ခဲ့ပေ။

ထို့ကြောင့်ပင် တစ်စုံတစ်ခုကို ဖိနှိပ်ရန် အသုံးပြုရာတွင် အလွန်ပင် ထိရောက်လှသည်။

နီကျားမှာ အုပ်ဆောင်းထဲတွင် ဒေါသတကြီးရုန်းကန်နေသော်လည်း မည်သို့မှ မတတ်နိုင်တော့ပေ။ မီးတောက်မီးလျှံများက သူ့ကို တဖန်ပြန်လည်ဝန်းရံလာပြီး ဝါးမျိုသွားသည်။

နဂါးကိုးကောင် ငရဲအုပ်ဆောင်း အောက်ခြေမှ ငရဲမီးစည်းတံဆိပ်သည်လည်း ပိုမိုသိပ်သည်းလာကာ ပြန်လည်ခိုင်မာသွားခဲ့၏။

ထိုအခါမှ ရန်ကျောက်ကဲလည်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။

အုပ်ဆောင်းထဲတွင်ရှိနေသည့် နီကျားက ယန်ကျန်းလောက် မသန်မာသော်လည်း လျှော့တွက်၍ရသူ မဟုတ်ပေ။ သာမန် ကောင်းကင်နတ်ဘုရားများသည်ပင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည် မဟုတ်ပေ။

ရန်ကျောက်ကဲမှာ အရင်ဘဝက ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်၏ ခန်းမဝိညာဉ်ဖြစ်ခဲ့သဖြင့် ဤအချက်ကို အလွန်ပင် ရှင်းရှင်းလင်းလင်း သိရှိထားသည်။

ကောင်းကင်ဘုံနန်းတော်တွင် နီကျား၏ရာထူးက အနည်းငယ် နိမ့်ပါးကောင်း နိမ့်ပါးနိုင်သော်လည်း စွမ်းအားအရာတွင်တော့ သူနှင့်ယှဉ်နိုင်သူ အနည်းငယ်သာ ရှိ၏။

ယန်ကျန်းက မည်သူ့အမိန့်ကိုမှ မနာခံတတ်ပေ။

ကောင်းကင်ဘုံနန်းတော်ကိုပင် ရောက်လာခဲတတ်သည်။

ထို့ကြောင့် ကော်းကင်ဘုံနန်းတော်၏ စစ်မှုရေးရာအားလုံးမှာ နီကျား၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။

အကယ်၍ ချီထျန်းမဟာသူတော်စင်သာ ဤနေရာတွင်ရှိနေပါက နီကျားအနေဖြင့် မျောက်မင်း၏ ရူယိရွှေတုတ်ကို ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

သို့သော် ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပိုင်ဆိုင်သည့် ရွှေခန္ဓာက ရူယိရွှေတုတ်ကို ကိုင်ဆွဲထားရုံမျှဖြင့် မည်သည့်နည်းနှင့်မှ နီကျား၏ တန်ခိုးစွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ပေ။

ယခုတော့ နဂါးကိုးကောင် ငရဲအုပ်ဆောင်း၏စည်းတံဆိပ် ပြန်လည်အသက်ဝင်လာပြီ ဖြစ်သည်။

ထိုက်ယိကျန်းရန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သော်လည်း သူက နဂါးကိုးကောင်းအုပ်ဆောင်းထက်တွင် ဆက်လက်ထိုင်နေဆဲပင်။

သူက မျောက်ဝံကြီးကို စူးစမ်းလိုက်စိတ်ဖြင့်ကြည့်လိုက်ပြီး...

“ဒါက...”

ရန်ကျောက်ကဲက...

“အကြောင်းစုံကို နောက်မှ ကျွန်တော် ရှင်းပြပါ့မယ် ၊ အခု ကြာပန်းပင်လယ်သုံးစင်းအရှင် ဘာဖြစ်တာလဲဆိုတာ အကြီးအကဲ ရှင်းပြပေးနိုင်မလား”

ထိုက်ယီကျန်းရန်က သက်ပြင်းချရင်း...

"ငါတော့ လူရယ်စရာ ဖြစ်ခဲ့ရပြီထင်တယ်"

ထို့နောက် သူက မုကျားကို တစ်ချက်လှမ်းကြည့်လိုက်သည်။

မုကျားက အံ့အားသင့်နေဟန်ရှိသော်လည်း ထိုက်ယီကျန်းရန်၏အကြည့်ကိုရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ထွေးသွားဟန် ရှိသည်။

ထိုက်ယီကျန်းရန်က လေးလံသည့်အသံဖြင့်...

"မဟာကပ်ဘေးကြီးအတွင်းမှာ သူက သေလုနီးပါး ဖြစ်ခဲ့ရတယ်၊ အဲဒီအချိန်မှာ ငါက သူ့ကို ကယ်ခဲ့တာ။ ဒါပေမဲ့ သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ ငါလည်း ဘာမှမတတ်နိုင်ခဲ့ဘူး ၊ အဲဒါကြောင့် ဖြည်းဖြည်းချင်းဆေးကုသဖို့အတွက် သူ့ကိုခေါ်ပြီး ဒီနေရာမှာလာပုန်းနေတာ”

ရန်ကျောက်ကဲက ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

အတိတ်တစ်ချိန်တုန်းက နီကျားက ထူးခြားဆန်းပြားသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရပြီး ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ရရှိခဲ့သည်။

ထိုရုပ်ခန္ဓာကြောင့်ပင် သူက မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့သည်။

ထိုရုပ်ခန္ဓာက ချီထျန်းမဟာသူတော်စင်၏ မပျက်ဆီးနိုင်သော နတ်မိစ္ဆာခန္ဓာနှင့် ယန်ကျန်း၏ ယင်ယန်နက်ရှိုင်းပညာရပ်ကို မယှဉ်နိုင်သော်လည်း အကောင်းဆုံးခံစစ်စွမ်းအားများထဲမှ တစ်ခုဖြစ်ခဲ့သည်။

သို့ရာတွင် မဟာကပ်ဘေးကြီးတွင် ပါဝင်ပတ်သက်သူများက ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များဖြစ်ပြီး တိုက်ပွဲကလည်း ရှုပ်ထွေးလှသည်ဖြစ်ရာ နီကျားသည်လည်း မည်မျှအစွမ်းထက်ပါစေ ထိုကပ်ဘေးကြီးမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် ထိုက်ယီကျန်းရန် အချိန်မီ လှုပ်ရှားနိုင်ခဲ့သောကြောင့်သာ နီကျားကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နီကျား၏အခြေအနေက သေလုနီးပါးဖြစ်နေပြီး စိုးရိမ်ရသည့် အနေအထား ဖြစ်သည်။

ထိုက်ယီကျန်းရန်က နီကျားကိုကယ်တင်ပြီးနောက် ထပ်မံအန္တရယ်ကျရောက်ခြင်းမရှိစေရန် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာလာခဲ့သည်။

တိုက်ဆိုင်စွာပင် မဟာပျက်သုဉ်းခြင်းမူလနန်းတော်ကို တွေ့ရှိခဲ့ပြီး အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

နီကျားကို ဆေးကုသပေးရန်အတွက် ထိုက်ယီကျန်းရန်က 'ရတနာကြာပန်းနတ်ဘုရားခန္ဓာ' ကို ပြန်လည်ဖန်တီးရန် ကြိုးပမ်းခဲ့သည်။

ကာလှရှည်ကြာ စမ်းသပ်မှုများနှင့် အမှားအယွင်းများစွာကို ဖြတ်ကျော်ပြီးမှ သူက တိုးတက်မှုအချို့ကို စတင်တွေ့မြင်လာရခြင်း ဖြစ်၏။

ထိုက်ယီကျန်းရန်၏စကားများကို နားထောင်ပြီးနောက် ရန်ကျောက်ကဲက နဂါးကိုးကောင်ငရဲအုပ်ဆောင်းဆီသို့ လက်ညှိုးညွှန်ပြလိုက်ပြီး သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည်။

“ဒါဖြင့် အခုဖြစ်နေတဲ့အခြေအနေက... ဘယ်လိုဖြစ်တာလဲ”

“အိမ်း....”

ထိုက်ယီကျန်းရန် သက်ပြင်းရှည်တစ်ချက်ချရင်း မချိပြုံးပြုံးလိုက်သည်။

“မဟာကပ်ဘေးကြီးအတွင်းမှ နီကျားက အသက်သေတဲ့အထိ တိုက်ပွဲဝင်ခဲ့တာ ၊ အဲဒီအချိန်တုန်းက သူ့စိတ်ထဲမှာ မခံမရပ်နိုင်မှုတွေနဲ့ မကုန်ဆုံးနိုင်တဲ့အမုန်းတရားတွေ ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နေခဲ့တာ ၊ အဲဒီတော့ သူ ပြန်သတိရလာတဲ့အချိန်မှာ သူ့စိတ်က အဲဒီညစ်နွမ်းမှုတွေ လွှမ်းမိုးခံရပြီး အတွင်းစိတ်သဏ္ဌန်ပြောင်းလဲသွားခဲ့တာပဲ”

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း...

“သူ နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားတာလား”

ထိုက်ယီကျန်းရန်က ခေါင်းခါယမ်းလိုက်ပြီး...

“မဟုတ်ဘူး... သူ့အခြေအနေက အတော်လေးထူးခြားတယ် ၊ ရတနာကြာပန်းနတ်ဘုရားခန္ဓာက လူတစ်ယောက်ကို နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်မသွားအောင် တားဆီးပေးနိုင်စွမ်း ရှိတယ်လေ”

ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်ပြီး -

“ဒါတော့ ဟုတ်ပါတယ် ၊ သူသာ နတ်ဆိုးလမ်းစဉ်ထဲရောက်သွားမယ်ဆိုရင် မူလစိတ်ဝိညာဉ်နတ်ဆိုးလည်း သိသွားမှာပဲ ၊ မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲမှာ ပုန်းအောင်းနေရုံနဲ့ သူက နီကျားရဲ့တည်နေရာကို ရှာမတွေ့ဘဲ နေမှာမဟုတ်ဘူး ၊ ကျွန်တော် အရင်က သူနဲ့တစ်ခါ ဆုံဖူးတယ် ၊ အဲဒီတုန်းကလည်း သူက အဲဒီလိုစကားမျိုး ပြောခဲ့ဖူးတယ် ၊ ဒါဖြင့် အခုဖြစ်နေတဲ့ အခြေအနေက ဘာများလဲ”

All Chapters