← Chapters

အခန်း ၁၆၃၉

Vol. 117 Ch. 1639

အခန်း ၁၆၃၉

Vol. 117 Ch. 1639

အခန်း (၁၆၃၉) အဆိုးအကောင်း ဒွန်တွဲနေတာပဲ

မူလစိတ်ဝိညာဉ်နတ်ဆိုး ဆိုသည်က လောကတွင်ရှိသော သက်ရှိအားလုံး၏စိတ်ထဲတွင် ကိန်းအောင်းနေသော နတ်ဆိုးအပေါင်းတို့၏ မြစ်ဖျားခံရာ ဖြစ်သည်။

ထို့ကြောင့် လောကတွင် သက်ရှိများ ရှိနေသရွေ့ ထိုစိတ်ဝိညာဉ်နတ်ဆိုးသည်လည်း ဘယ်သောအခါမှ သေဆုံးသွားမည် မဟုတ်ပေ။

အသိဉာဏ်ရှိသော သတ္တဝါများ ရှိနေသရွေ့ စိတ်ဝိညာဉ်နတ်ဆိုးလည်း တည်ရှိနေမည်ဖြစ်ပြီး ပျက်ဆီးသွားလျှင်ပင် တစ်ဖန်ပြန်လည် မွေးဖွားလာနိုင်စွမ်း ရှိနေပေမည်။

နိယာမအရဆိုရလျှင် ဤလောကတွင်ရှိသော သက်ရှိမှန်သမျှ မည်သူပင်ဖြစ်စေ၊ ကျင့်ကြံခြင်းအဆင့် မည်မျှပင် မြင့်မားစေကာမူ သူတို့၏စိတ်ဝိညာဉ်ထဲတွင် နတ်ဆိုးအတားအဆီးဆိုသည်က ရှိစမြဲဖြစ်သည်။

ထိုနတ်ဆိုးအတားအဆီးက လူတစ်ယောက်စိတ်ထဲတွင် ကိုယ်တွင်းမိစ္ဆာကို မွေးဖွားပေးနိုင်သည်။

ကိုယ်တွင်းမိစ္ဆာမွေးဖွားလာပါက ငရဲကိုးထပ်၏ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မူလစိတ်ဝိညာဉ်နတ်ဆိုးက အာရုံခံမိပေမည်။

ကိုယ်တွင်းမိစ္ဆာပြင်းထန်လေ မူလစိတ်ဝိညာဉ်နတ်ဆိုးအနေဖြင့် ဤလောကသို့ ဆင်းသက်ရန် ပို၍လွယ်ကူလေ ဖြစ်သည်။

သို့ပေသိ ဤသည်က နိယာမသက်သက်သာ ဖြစ်သည်။

လက်တွေ့မှာတော့ အခြားသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ၏ ကြားဖြတ်နှောင့်ယှက်မှုများကြောင့် မူလစိတ်ဝိညာဉ်နတ်ဆိုးမှာ ထိုမျှအထိ အစွမ်းမပြနိုင်ပေ။

အတိတ်တစ်ချိန်က အနောက်သို့ခရီးသွားမှတ်တမ်းတွင် စွန်းဝူခုန်းတဖြစ်လဲ စွန်းရှင်ကျေ၏စိတ်ထဲတွင် ကိုယ်တွင်းမိစ္ဆာ ထွက်ပေါ်လာပြီး နားရွက်ခြောက်ဖက်ပါသောမျောက် ဖြစ်သွားခြင်းမှာလည်း ဤဖြစ်ရပ်မျိုးပင် ဖြစ်၏။

စွန်းဝူခုန်း သို့မဟုတ် နီကျားတို့ကဲ့သို့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူမျး၏စိတ်ထဲတွင် ကိုယ်တွင်းမိစ္ဆာထွက်ပေါ်လာပါက ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက မူလစိတ်ဝိညာဉ်နတ်ဆိုး အာရုံမခံနိုင်စေရန် ပိတ်ဆို့ထားနိုင်ကြသည်။

သို့ပေသိ စွဲလန်းမှုတစ်ခုမှ မိစ္ဆာစိတ်အဖြစ်ပြောင်းလဲသွားပြီး လူကိုယ်တိုင် နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားလျှင်တော့ မူလစိတ်ဝိညာဉ်နတ်ဆိုးထံမှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။

ရန်ကျောက်ကဲက မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် တစ်ကြိမ်မက ရင်ဆိုင်ဖူးသည်ဖြစ်ရာ ထိုနတ်ဆိုး အင်မတန် ကောက်ကျစ်စဉ်းလဲကြောင်း ကောင်းကောင်းသိထားသည်။

မဟုတ်ပါက သတ္တုပလ္လင်နတ်ဆိုးကိစ္စတွင် လမ်းမှန်တာအိုဝါဒအနေဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရမည် မဟုတ်ပေ။

သို့သော် ထိုစဉ်က ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးတို့ကြောင့် စိတ်အာရုံလွဲသွားစဉ် သတ္တုပလ္လင်နတ်ဆိုးနှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးက အခွင့်ကောင်းယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

နီကျားနှင့် ပတ်သက်၍မူ တာအိုဝါဒမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များရော ငရဲကိုးထပ်မှ နတ်ဆိုးများပါ မည်သည့်သတင်းမှ မထုတ်ပြန်ခဲ့ပေ။

ထို့ကြောင့် သူတို့ရှေ့တွင်ရှိနေသည့် ကြာပန်းပင်လယ်သုံးစင်းအရှင်’နီကျား’ မှာ ထူးဆန်းသောအခြေအနေတစ်ခု ရှိနေသည့်တိုင် နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားပုံမျိုး မဟုတ်သေးပေ။

နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာမှာ နတ်ဆိုးမဝင်နိုင်ကြောင်း ထိုက်ယီကျန်းရန်က ပြောခဲ့သည်။

ရန်ကျောက်ကဲ အသေအချာ ပြန်စဉ်းစားကြည့်သောအခါ ၎င်းမှာ ဖြစ်နိုင်ခြေရှိသည်ကို တွေ့ရ၏။

နီကျားနှင့် ပတ်သက်သည့် ကောလာဟလများအရ 'ရတနာကြာပန်းနတ်ဘုရားခန္ဓာ' ၏ အထင်ရှားဆုံးသော ကာကွယ်ရေးစွမ်းရည်မှာ နတ်ဆိုးလမ်းစဉ် အများအပြားကို တားဆီးနိုင်ပြီး ကင်းလွတ်ခွင့်ပေးနိုင်ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် နတ်ဆိုးများ၏ ဘေးအန္တရာယ်များကို အံ့သြဖွယ် ခုခံနိုင်စွမ်း ရှိသည်။

ထိုက်ယီကျန်းရန်က မချိပြုံးပြုံးလိုက်ရင်း...

"ဒါပေမဲ့ အဲဒါကြောင့်ပဲ ဒီကလေးမှာ တခြားအပြောင်းအလဲတွေ ဖြစ်သွားတာပေါ့"

"ရှေးလူကြီးတွေ ပြောသလိုပဲ၊ လမ်းစဉ်တစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးပစ်တာထက်စာရင် မှန်ကန်တဲ့လမ်းဘက်ကို လွှဲပြောင်းပေးတာက ပိုကောင်းတာပေါ့။ ဒီကလေးက နတ်ဆိုးလမ်းစဉ်ထဲ ကျမသွားပေမဲ့ သူ့ရဲ့ မကောင်းတဲ့အတွေးတွေနဲ့ အာဃာတတွေက တဖြည်းဖြည်း စုပုံလာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ 'ရတနာကြာပန်းနတ်ဘုရားခန္ဓာ' က မွေးရာပါပါလာတာ မဟုတ်ဘဲ နောက်မှ ကြိုးစားအားထုတ်ပြီး ရရှိခဲ့တာဆိုတော့..."

ရန်ကျောက်ကဲက နားလည်သလို ခေါင်းညိတ်လိုက်သည်။

"ဒါက သတိမထားမိနိုင်တဲ့ အားနည်းချက်တစ်ခုပါပဲ ၊ ဒီတော့ တစ်ခုခုပုံပျက်ပြီး အမှားအယွင်းတွေဖြစ်သွားတာပေါ့ ဟုတ်တယ်မလား”

သူက နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို စဉ်းစားဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

“အဆိုးအကောင်း ဒွန်တွဲနေတာပဲ...”

“ကြာပန်းပင်လယ်သုံးစင်းအရှင်က ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးတဲ့နောက် သူ့စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ် ၊ ဒါပေမဲ့ ရတနာကြာပန်းနတ်ဘုရားခန္ဓာက စက္ကူဖြူတစ်ချပ်လိုပဲ ၊ မကောင်းတဲ့အတွေးတွေနဲ့ ညစ်နွမ်းသွားပြီဆိုရင် ပင်လယ်သုံးစင်းအရှင်အပေါ်မှာ သက်ရောက်မှုတွေ ရှိလာမှာပဲ”

နီကျားက ရတနာကြာပန်းနတ်ဘုရားခန္ဓာကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ဖူးသော်လည်း ယခုမူ ထိုအရာကြောင့်ပင် ဤသို့သော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရပေပြီ။

ထိုက်ယီကျန်းရန်က သက်ပြင်းတစ်ချက်ချရင်း...

"ဒါတွေအားလုံးက သေမင်းတံခါးဝကနေ သီသီလေးလွတ်မြောက်လာပြီး ဝိညာဉ်ကို ပြန်လည်ကုစားခဲ့ရလို့ ဖြစ်လာတာပဲ ၊ သေခြင်းကနေ ပြန်ရှင်လာတဲ့ အခိုက်အတန့်မှာ နီကျားရဲ့စိတ်အာရုံက အစင်ကြယ်ဆုံး အခြေအနေမှာ ရှိနေခဲ့တာ။ အဲဒီအချိန်မှာ ခြေတစ်လှမ်း မှားသွားတာနဲ့ ပြန်ပြင်ဖို့က အင်မတန် ခက်ခဲသွားပြီ"

နီကျားက တစ်ဖန်ပြန်လည် မွေးဖွားလာခဲ့သော်လည်း နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားခြင်းမျိုး မဟုတ်ပေ။

သို့သော် သူ၏စင်ကြယ်သောစိတ်ဝိညာဉ်တွင် ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းသွားပြီး အချိန်တိုင်း သတ်ချင်ဖြတ်ချင်နေသည့် စက်ရုပ်တစ်ရုပ်ပမာ ပြောင်းလဲသွားခဲ့သည်။

ယခုဆိုလျှင် ကောင်းကင်နတ်ဘုရားတစ်ပါးဟု မဆိုနိုင်တော့ဘဲ ရတနာကြာပန်းနတ်ဘုရားခန္ဓာကြောင့် သွေးဆာပြီး ကြမ်းကြုတ်လှသော 'မဟာကြာပန်းမိစ္ဆာ' အဖြစ် အသွင်ပြောင်းသွားသည်ဟု ဆိုလျှင် ပိုမှန်ပေမည်။

ထို့ပြင် သူက ရွှေအတောင်မဟာဂဠုန်နှင့် ခေါင်းကိုးလုံးပိုးကောင်တို့ကဲ့သို့ မဟာနတ်မိစ္ဆာကြီးများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ကာ သောင်းကျန်းလှသည်။

သူက ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးများကဲ့သို့ ရက်စက်ယုတ်မာခြင်းမရှိသော်လည်း သန့်စင်သည့် သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသည်။

ထိုအရာက ဓားဗုဒ္ဓ၏ သံသရာဓားကျမ်းမှ ငရဲဘုံနှင့်ပင် ဆင်တူလေသည်။

သို့ပေသိ နီကျား၏တန်ခိုးစွမ်းအားက ဓားဗုဒ္ဓထက် များစွာသာလွန်သည်။

နီကျားကို ကုသပေးနေစဉ်အတွင်းမှာပင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ထိုက်ယီကျန်းရန် ဝေဝေဝါးဝါး ခံစားခဲ့ရသည်။

သူက တပည့်ဖြစ်သူကို အသက်မဆုံးရှုံးစေလိုသဖြင့် အစွမ်းကုန် သတိထားကာ နီကျား၏ ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။

သို့သော် နောက်ဆုံးမှာတော့ သူ ကျရှုံးခဲ့ရလေသည်။

နီကျား ပြန်လည်နိုးထာလာခဲ့ပြီး ကနဦးအဆင့် တွေဝေငေးငိုင်ခြင်းအခြေအနေကို ကျော်လွန်သည့်အခါ လူသတ်ယန္တရားကြီးတစ်ခု လောကထဲရောက်ရှိလာသလို ပြောင်းလဲသွားခဲ့သည်။

ထိုကပ်ဘေးကို အရင်ဆုံးရင်ဆိုင်ရသူမှာ သူနှင့်အတူရှိနေသည့် ထိုက်ယီကျန်းရန် ဖြစ်လေသည်။

အခြားနည်းလမ်းမရှိသဖြင့် ထိုက်ယီကျန်းရန်က ကြိုတင်ပြင်ဆင်ထားခဲ့သော အစီအမံများကိုအသုံးပြုကာ နီကျားကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားရတော့၏။

ထိုက်ယီကျန်းရန်မှာ နီကျား၏ ဆရာဖြစ်ရုံမျှမက သေလုမျောပါး ဒဏ်ရာရနေသော နီကျားကိုလည်း ကုသပေးခဲ့သူ ဖြစ်သည်။

သူ၏ကြိုတင်ပြင်ဆင်ထားမှုများကြောင့် နီကျား မတိုက်ခိုက်နိုင်ခင်မှာပင် နဂါးကိုးကောင်ငရဲအုပ်ဆောင်းအတွင်း ဖိနှိပ်ခံလိုက်ရသည်။

သို့သော်လည်း ဆရာထက် တပည့်လက်စောင်းထက်သော 'ကြာပန်းပင်လယ်သုံးစင်းအရှင်' ၏ တန်ခိုးစွမ်းအားမှာ ထိုက်ယီကျန်းရန်ထက် များစွာသာလွန်နေခဲ့လေသည်။

ထိုက်ယီကျန်းရန်သည် နီကျားကို ဖိနှိပ်ထားရန်အတွက် အလွန်ခက်ခဲစွာ ကြိုးပမ်းခဲ့ရသည်။

ယင်လုန်ထူကို ကူညီပြီး မုကျားတို့အုပ်စုကို နှင်ထုတ်လိုက်ပြီးနောက် စိတ်အာရုံလွင့်သွားခဲ့သဖြင့် ထိုက်ယီကျန်းရန်မှာ နီကျားကို ဆက်လက်ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ပေ။

ရန်ကျောက်ကဲအချိန်မီရောက်လာသောကြောင့်သာ စည်းတံဆိပ်က ယာယီ ပြန်လည်တည်ငြိမ်သွားခြင်း ဖြစ်သည်။

"ဒါပေမဲ့ ဒါက အတော်အံ့သြစရာကောင်းတာပဲ ၊ ကောင်းကင်နတ်ဘုရားတစ်ပါးကို ဒီလောက်အထိ ညစ်နွမ်းသွားအောင် လုပ်နိုင်တယ်ဆိုတာက မလွန်လွန်းဘူးလား"

ရန်ကျောက်ကဲက နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကိုယ်တိုင်မြင်ရတာသာမဟုတ်ရင် ကျွန်တော်တောင် ယုံနိုင်မှာ မဟုတ်ဘူး”

လူတစ်ယောက်သေဆုံးသွားပြီးနောက် အာဃာတ ၊ အစွဲအလန်းနှင့် မကောင်းသောစိတ်များကြောင့် သရဲတစ္ဆေ ၊ နာနာဘာဝများအဖြစ် ပြောင်းလဲသွားတတ်ကြသည်။

သို့သော် 'ကြာပန်းပင်လယ်သုံးစင်းအရှင်' ဆိုသည်မှာ သာမန်လူတစ်ယောက် မဟုတ်ပေ။

ဒဏ္ဍာရီများအရ ဤထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်က လူငယ်တစ်ယောက်၏မာနကို ထိန်းထားရသူဖြစ်သဖြင့် အမြဲတမ်း စိတ်ဂဏာမငြိမ် ဖြစ်နေတတ်သည်။

မည်သို့ပင်ဖြစ်စေ သူက ကနဦးကောင်းကင်ကာလကတည်းက နာမည်ကျော်ကြားခဲ့သော တာအိုဝါဒ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။

ပြင်ပမှ ကြားဖြတ်နှောက်ယှက်မှုတစ်ခုမရှိဘဲ နီကျား ဤအခြေအနေသို့ ရောက်မသွားနိုင်ပေ။

ရန်ကျောက်ကဲမှာ ယုံရခက်ခက် ဖြစ်နေတော့၏။

ရန်ကျောက်ကဲက သံသယအပြည့်ဖြင့် ထိုက်ယီကျန်းရန်ကို ကြည့်လိုက်သည်။

"မဟာကပ်ဘေးကြီးတုန်းက ပင်လယ်သုံးစင်းအရှင်ဟာ တိုက်ပွဲထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ အဲဒီအတွက် သူ နာကျည်းမုန်းတီးနေတာကို လက်ခံနိုင်ပေမယ့် ဘာလို့ ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဖြစ်သွားရတာလဲ”

ထိုက်ယီကျန်းရန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မုကျားကို တစ်ချက်လှမ်းကြည့်လိုက်သည်။

မုကျားက မည်သည့်စကားမှ မဆိုပေ။

အစောပိုင်းက စိတ်ရှုပ်ထွေးနေဟန်ရှိသော်လည်း ယခု တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်၏။

"အင်း..."

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်မိသည်။

သူက အခြားသူများ၏ မကောင်းသောအတွေးအကြံများကို အမြဲသတိထားနေသူဖြစ်ရာ ယခု သူ့စိတ်ထဲ မကောင်းသည့်ခန့်မှန်းချက်အချို့ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ဖြည်းညင်းသည့်လေသံဖြင့်...

“ကျွန်တော် သိသလောက်ဆိုရင်... ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ဖြစ်သွားတဲ့ ဟွေ့အန်းခရီးသည်က မဟာကပ်ဘေးကြီးအတွင်းမှာ လမ်းမှန်တာအိုဝါဒကို ဘာပြဿနာမှ မပေးခဲ့ဘူး။ ဖူရှန်ဗောဓိသတ္တနဲ့ ကွမ်ယင်ဗောဓိသတ္တတို့ကလည်း ဘာမှလှုပ်ရှားခဲ့ပုံမပေါ်ဘူး”

မုကျားက တိတ်ဆိတ်နေဆဲပင်။

ထိုက်ယီကျန်းရန်က ခေါင်းညိတ်လိုက်ပြီး...

“ဖူရှန်ဗောဓိသတ္တနဲ့ ကွမ်ယင်ဗောဓိသတ္တတို့ကတော့ ဝင်မပါခဲ့ကြပါဘူး”

ရန်ကျောက်ကဲက...

"ကျွန်တော် ကြားမိတာတော့ ဟွေ့အန်းခရီးသည်တင်မဟုတ်ဘူး ၊ နတ်မင်း’လီ’ လည်း အနောက်ဘက်သူတော်စင်ဘုံကို ဝင်သွားတယ်ဆိုပဲ”

နတ်မင်း’လီ’ ဆိုသည်က အခြားသူ မဟုတ် ၊ စေတီရှင်’လီကျင်း’ ကို ပြောခြင်း ဖြစ်သည်။

သူက မုကျားနှင့် နီကျား ညီအစ်ကိုနှစ်ယောက်၏ ဖခင်ရင်း ဖြစ်၏။

ရှေးခေတ်ကာလ ကုန်လွန်ပြီးနောက် သူနှင့် နီကျားတို့ မိုးကော်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ အတူဝင်ရောက်ခဲ့ကြသည်။

“နတ်မင်း’လီ’ က ကောင်းကင်ဘုံနန်းတော်က ဆိုပေမယ့်... သူက မငြိမ်းသောမီးအိမ်ရှေး‌ဟောင်းဗုဒ္ဓရဲ့ တပည့်တစ်ယောက်ဆိုတော့... ဒီလိုရွေးချယ်မှုမျိုးလုပ်တာ အံ့သြစရာ မရှိပါဘူး”

ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်နှင့် မုကျားတို့ကို တစ်လှည့်စီကြည့်လိုက်သည်။

“မဟာကပ်ဘေးကြီးထဲမှာ နတ်မင်း’လီ’ ကတော့ မတိုက်ခိုက်ဘဲ လက်ပိုက်ကြည့်နေမှာ မဟုတ်လောက်ဘူး... ဟုတ်တယ်မလား”

All Chapters