အခန်း ၁၆၄၀
Vol. 117 Ch. 1640
အခန်း (၁၆၄၀) အမုန်းမီးလျှံ
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော် အတွင်းပိုင်းမတည်ငြိမ်မှုများမှ စတင်ပြီး မဟာကပ်ဘေးကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ “အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ထွက်ပေါ်လာမှုအပေါ် ဗဟိုပြု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်၏။
နောက်ပိုင်းမှာတော့ ထိုပရမ်းပတာ အခြေအနေက တစ်လောကလုံးသို့ပျံ့နှံ့သွားပြီး လူပေါင်းများစွာက အုပ်စုလိုက်ဖြစ်စေ ၊ ပုဂ္ဂိုလ်ရေး အာဃာတကြောင့်ဖြစ်စေ ပါဝင်ပတ်သက်လာကြရာမှ လူတိုင်းကိုဝါးမျိုသွားသည့် ကပ်ဘေးကြီးအသွင် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဘုံနန်းတော်နှင့် တစ်လောကလုံးတွင် ပျံ့နှံ့နေသော စန်းချင်းသုံးပါး အဆက်အနွယ်များမှာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ကြရသည်။
မရေမတွက်နိုင်သော ပါရမီရှင်များ သေဆုံးခဲ့ရပြီး သိုင်းပညာရပ်များစွာလည်း ဆုတ်ယုတ်ပျက်ဆီးခဲ့ရသည်။
ထိုစဉ်က ဘုရားလောင်းကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့သလို အခြားသော တာအိုအဆင့် ပုဂ္ဂိုလ်ကြီးများလည်း သွယ်ဝိုက်ပတ်သက်ခဲ့ကြသည်။
အနောက်ဘက်သူတော်စင်ဘုံ ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် ငရဲကိုးထပ်လည်း ပါဝင်ပတ်သက်ခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲသိထားသလောက် တာအိုဝါဒမှ ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းသွားကြသော ကွမ်ယင်ဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တတို့က တာအိုအဆက်အနွယ်များကို ရန်မူခြင်း မရှိခဲ့ကြပေ။
ယခု ရန်ကျောက်ကဲဖမ်းဆီးထားသည့် မုကျားသည်လည်း အတူတူပင် ဖြစ်၏။
ထို့ကြောင့် ရန်ကျောက်ကဲ ၊ ကောင်းဟန်နှင့် အခြားသော တာအိုအဆက်အနွယ်များက သူတို့နှင့်တိုက်ခိုက်သည့်အခါ မျက်နှာထောက်ထားပြီး အစွမ်းကုန်တိုက်ခိုက်လေ့မရှိခြင်း ဖြစ်သည်။
ယွင်ရှောင်းနတ်သမီး၏အစ်ကိုဖြစ်သူ ကျောက်ကုန်းမင်နှင့် ညီမများဖြစ်ကြသော ချုန်ရှောင်းနှင့် ပိရှောင်းတို့သည်လည်း မဟာကပ်ဘေးကြီးအတွင်း သေဆုံးခဲ့ရသည်။
ယန်ကျန်း၏ဆရာ တာအိုဆရာ’ယွိတင်’ နှင့် ဝူတန့်မယ်တော်၏ တပည့်များသည်လည်း ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။
သူတို့ခံစားရသည့် ထိခိုက်နာကျင်မှုများက အခြားသူများထက် ပိုမိုပြင်းထန်လှသည်။ သူတို့စိတ်ထဲ အာဃာတများဖြင့် ပြည့်နက်နေသည့်တိုင် နီကျားကဲ့သို့ ရူးသွပ်သွားခြင်း ၊ သို့မဟုတ် အသိတရားမဲ့သွားခြင်းမျိုး မဖြစ်ခဲ့ကြပေ။
နီကျားကတော့ အခြေအနေဆိုးသည်ဟု ပြောရမည်။
သူ၏ အာဃာတနှင့် မကောင်းသောအတွေးများက ဤမျှနက်ရှိုင်းနေသည်မှာ အလွန်ပင် အံ့သြစရာကောင်းသည်။ ထို့ကြောင့် ရန်ကျောက်ကဲက အခြားအကြောင်းပြချက်တစ်ခုရှိရမည်ဟု သံသယမဝင်ဘဲ မနေနိုင်ခဲ့ပေ။
သူက ထိုက်ယီကျန်းရန်နှင့် မုကျားကို တစ်လှည့်စီကြည့်လိုက်ပြီး တည့်ထိုးပင် မေးမြန်းလိုက်သည်။
“နတ်မင်း’လီ’ က ကောင်းကင်ဘုံနန်းတော်က ထိပ်တန်းပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပဲ ၊ သူက မဟာကပ်ဘေးကြီးအတွင်းမှာ ဘာဘေးအန္တရယ်မှ မကြုံခဲ့ရဘဲ အနောက်ဘက်သူတော်စင်ဘုံကို ရောက်သွားခဲ့တယ် ၊ အဲဒါအပြင်... သူ တခြား ဘာတွေများလုပ်ခဲ့သေးလဲ”
ရန်ကျောက်ကဲက အခြားသူများကို အမြဲတမ်း မကောင်းစိတ်ဖြင့် သံသယဝင်နေတတ်သူ မဟုတ်ပေ။
သို့သော် နီကျားနှင့် မုကျား၏ဖခင် စေတီရှင်’လီကျင်း’ ဆိုသည်က အတိတ်ကာလကတည်းက မှတ်တမ်းဆိုး ရှိခဲ့ဖူးသူ ဖြစ်၏။
စွန်းဝူခုန်းနှင့် ယန်ကျန်းတို့၏ဒဏ္ဍာရီများကဲ့သို့ပင် နီကျား ပင်လယ်ထဲတွင် မွှေနှောက်ခဲ့သည့်ဒဏ္ဍာရီသည်လည်း မျိုးစုံကွဲပြားလျှက်ရှိကြောင်း ရန်ကျောက်ကဲ ကြားဖူးသည်။
အချို့ပုံပြင်များတွင် နီကျားက ဘာမှမသိနားမလည်သည့် ကလေးငယ်တစ်ယောက်ပမာ ပင်လယ်ထဲတွင် ပြဿနာရှာခဲ့သည်ဟု ဆိုကြသည်။
အချို့ကတော့ သူက မတရားမှုကိုတွေ့ရှိသဖြင့် အများပြည်သူအတွက် တရားမျှတမှုရှာဖွေပေးရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြပြန်သည်။
ထို့ပြင် နီကျားက နဂါးမင်း၏ သားနှင့်မြေးတို့ကို ဒဏ်ရာရစေခဲ့သဖြင့် နဂါးမင်းက လက်စားချေရန် ရောက်လာသည်ဆိုသော ဒဏ္ဍာရီမူကွဲများလည်း ရှိသေး၏။
အချို့သောဇာတ်လမ်းများတွင် နီကျားက မိသားစုနှင့် ဒေသခံနေထိုင်သူများ ဘေးမသင့်စေရန် မိမိကိုယ်ကိုယ် စတေးကာ မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
သူက အရိုးကိုပိုင်းဖြတ် ၊ အသွေးကိုဖောက်ထုတ်ပြီး မိဘများနှင့် ပတ်သက်မှုမရှိတော့ကြောင်း ပြသကာ နဂါးမျိုးနွယ်တို့၏ပြဿနာကို ဖြေရှင်းခဲ့သည်။
သို့သော် အချို့ဒဏ္ဍာရီများတွင် ဖခင်ဖြစ်သူ လီကျင်းကိုယ်တိုင်က သားဖြစ်သူကို သတ်ဖြတ်ပစ်လိုသဖြင့် နီကျားကိုယ်တိုင် အသွေးအသားများကိုဖဲ့ခြွေကာ ပတ်သက်မှုဖြတ်တောက်ပစ်ခဲ့သည်ဟု ဆိုပြန်သည်။
ရန်ကျောက်ကဲ သိရှိထားသလောက် ဤလောကရှိ လီမိသားစု သားအဖဆက်ဆံရေးက နောက်ဆုံးမူကွဲဒဏ္ဍာရီနှင့် ပိုတူညီနေသည်။
ဤသည်က နီကျား၏ ပထမဆုံး သေဆုံးမှုလည်း ဖြစ်သည်။
နောက်ပိုင်းတွင် သူက ရတနာကြာပန်းနတ်ဘုရားခန္ဓာဖြင့် ပြန်လည်ရှင်သန်လာပြီး အခွင့်အရေးကောင်းများ ရရှိခဲ့သည့်တိုင် ဖခင်ဖြစ်သူ လီကျင်း၏ အကြိမ်ကြိမ်နှောက်ယှက်ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် နီကျား ပြန်လည်ရှင်သန်လာပြီးနောက် လက်စားချေရန် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် လီကျင်းမှာ နေရာအနှံ့ ထွက်ပြေးခဲ့ရဖူးသည်။
သားကြီးဖြစ်သူ ကျင်းကျားနှင့် ဒုတိယသား မုကျားတို့သည်ပင် နီကျားကို မတားဆီးနိုင်ခဲ့ကြပေ။
နောက်ဆုံး လီကျင်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံခိုလှုံကာ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို တန်ပြန်နိုင်သည့် ရူယိရွှေစေတီကို ရရှိမှသာ နီကျားကို ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူအများက ကြားဝင်စေ့စပ်ပေးခဲ့ကြသဖြင့် နှစ်ဖက်စလုံးမှာ မကျေမနပ်ဖြင့်ပင် ကျေအေးခဲ့ကြပြီး နတ်ဘုရားများအပ်နှင်းခြင်းခေတ်တွင် ကောင်းကင်ဘုံနန်းတော်သို့ အတူတူဝင်ရောက်ခဲ့ကြသည်။
သို့တိုင် သူတို့၏ဆက်ဆံရေးက အမြဲဆိုးရွားနေခဲ့ပြီး အလုပ်ကိစ္စများတွင်လည်း ပဋိပက္ခများဖြစ်လေ့ရှိသည်။
ထို့ကြောင့် ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးအတွင်း နီကျားကြုံတွေ့ခဲ့သည်များကို သံသယဝင်မိခြင်း ဖြစ်၏။
ဤကိစ္စက ရိုးရှင်းမည် မဟုတ်ပေ။
ကောင်းကင်ဘုံနန်းတော် ပြိုလဲချိန်တွင် နတ်မင်း’လီ’ က ဤအတိုင်း အနောက်ဘက်သူတော်စင်ဘုံသို့ သွားရောက်ခိုလှုံခြင်း မဖြစ်နိုင်ပေ။
ယန်ကျန်းနှင့် အခြားသူများ၏ ပြောပြချက်အရ အနောက်ဘက်သူတော်စင်ဘုံက မဟာကပ်ဘေးကြီးနောက်ကွယ်တွင် ထင်သလောက် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့်ပင် လီကျင်းနှင့် နီကျားတို့ကြားတွင် ကိစ္စတစ်ခုဖြစ်ခဲ့မည်ဟု ရန်ကျောက်ကဲ တွေးတောမိခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ နီကျား ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ရရှိခဲ့ခြင်းနှင့် လီကျင်းက မငြိမ်းသောမီးအိမ်ဗုဒ္ဓထံမှ ရူယိရွှေစေတီကို ရရှိခဲ့ခြင်း နောက်ကွယ်တွင် အခြားသော ဇာတ်ကြောင်းများရှိနေနိုင်သည်ဟု ရန်ကျောက်ကဲ မရေမရာ ခံစားနေရသည်။
နီကျား၏ဇာစ်မြစ်က နွီဝါးဧကရီနန်းတော်မှ ဖြစ်သည်ဆိုသော ကောလဟလများလည်း ရှိနေသည် မဟုတ်လား။
သူက အထူးခြားဆုံး ဖြစ်တည်မှုတစ်ခုအဖြစ် လီမိသားစုတွင် လာရောက်မွေးဖွားခဲ့ခြင်း ဖြစ်သော်လည်း ၊ လီကျင်းကတော့ သူမွေးမွေးချင်းမှာပင် သတ်ပစ်ရန် ကြိုးစားခဲ့သည်။
ဤသို့နှယ် ရှုပ်ထွေးလှသည့် အဖြစ်အပျက်များ၏ အလှည့်အပြောင်းများကို ရန်ကျောက်ကဲ ဆက်စပ်တွေးတောနေမိသည်။
မည်သို့ပင်ဖြစ်စေ ငယ်ရွယ်ပြီး ပွင့်လင်းဖြောင့်မတ်သော နီကျားအတွက်တော့ အဆုံးအဖြတ်ပေးသည့်အချက်မှာ လီကျင်း၏ လုပ်ဆောင်ချက်သာ ဖြစ်ပေလိမ့်မည်။
“တစ်ဖက်ကတွေးကြည့်တော့လည်း နီကျားက ချီထျန်းမဟာသူတော်စင်နဲ့ အတော်လေး ဆင်တူတာပဲ”
ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းချရင်း တွေးလိုက်သည်။
ထိုက်ယီကျန်းရန်က မုကျားကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"အဲဒီနေ့က ဒီကလေး ကပ်ဘေးသင့်ခဲ့ရတာဟာ တာအိုရောင်းရင်း’လီ’ ကျေးဇူးကြောင့်ပေါ့”
ရန်ကျောက်ကဲ နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး မည်သည့်စကားမှမဆိုပေ။
လီကျင်းအတွက် နီကျားက အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ၏ အကူအညီမပါဘဲ ၊ လက်ထဲတွင် ‘ရူယိရွှေစေတီ’ မရှိဘဲ လီကျင်းက နီကျားရှေ့တွင် မျက်နှာပြရဲသူ မဟုတ်ပေ။
မည်သူမှားသည် မည်သူမှန်သည်ကို ငြင်းခုန်နေခြင်းက အဓိပ္ပါယ် မရှိပေ။
လီကျင်း၏စိတ်ထဲတွင် သူနှင့် နီကျား၏ သားအဖဆက်ဆံရေး ပြတ်တောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် သူက နီကျားကို အန္တရယ်ရှိသော ရန်သူတစ်ယောက်ပမာ နေ့ညမပြတ် သတိထားစောင့်ကြည့်နေခဲ့သည်။
နီကျား၏တည်ရှိမှုက သူ့အတွက် ရတတ်မအေးနိုင်စရာ ဖြစ်နေလေရာ ၊ စေတီရှင်နတ်မင်းအနေဖြင့် အခွင့်အရေးရသည်နှင့် ဤဆူးခလုတ်ကိုဖယ်ရှားပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဇာတ်လမ်းက ဤသို့ဖြစ်ပေသည်။
မဟာကပ်ဘေးကြီးကာလတွင် လမ်းမှန်တာအိုဝါဒ ပျက်သုဉ်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ကြာပန်းပင်လယ်သုံးစင်းအရှင်က ရန်သူများကို အစွမ်းကုန်ခုခံတိုက်ခိုက်ရင်း တာအိုဝါဒကို ကာကွယ်စောင့်ရှောက်ခဲ့သည်။
သူ တိုက်ပွဲဝင်နေစဉ်မှာပင် အဝေးတစ်နေရာမှ ရူယိရွှေစေတီ ပျံသန်းလာပြီး နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ချုပ်နှောင်လိုက်ရာ နီကျားမှာ ရန်သူများ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရပြီး နေရာမှာပင် သေလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုက်ယီကျန်းရန်သာ အချိန်မီမကယ်တင်နိုင်ပါက ရန်ကျောက်ကဲသည်ပင် နီကျားကို တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် လီကျင်းအပေါ်ထားရှိသည့် နီကျား၏ မကျေနပ်ချက်များ ပြေလျော့သွားပြီလား မသေချာသော်လည်း ယခု အာဃာတအသစ်ကတော့ မီးလောင်ရာလေပင့်ဖြစ်ကာ ယခင် အမုန်းတရားဟောင်းများကိုပါ ပြန်လည်တောက်လောင်လာစေခဲ့သည်။
အမုန်းတရားသစ်နှင့် အဟောင်းတို့ ရောယှက်သွားသည့်အခါ ကြာပန်းပင်လယ်သုံးစင်းအရှင်၏ စိတ်ထဲမှ နာကျည်းမှုနှင့် အာဃာတများမှာ မိုးကောင်းကင်တိုင်အောင် မြင့်တက်သွားတော့၏။
မုကျားက တည်ငြိမ်သည့်လေသံဖြင့်...
“မိဘဆိုတာ လောကမှာ အမြင့်မြတ်ဆုံးပါပဲ ၊ တတိယညီလေးက အမြဲတမ်း ပုန်ကန်တတ်တဲ့သူဖြစ်ပြီး အဖေ့ရဲ့ဂုဏ်သိက္ခာကိုလည်း အကြိမ်ကြိမ်စော်ကားခဲ့တယ် ၊ သူ ဒီလိုမျိုးဖြစ်ရတာ သူ့ကံကြမ္မာပါပဲ ၊ အဖေက ငါတို့မိသားစုထဲက အဖျက်ပိုးကို ရှင်းထုတ်လိုက်ရုံပဲ ရှိတာပါ”
ထိုက်ယီကျန်းရန်က အေးစက်စွာဖြင့်...
"မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်စမ်း ၊ ဒီလို အကျိုးမရှိတဲ့ကိစ္စအတွက် ငါ ငြင်းခုံမနေချင်ဘူး ၊ ငါ့တပည့်ကို ငါဖိနှိပ်ထားတာ သူကောင်းဖို့အတွက်ပဲ ၊ သူ လက်စားချေတဲ့လမ်းကြောင်းထဲ ပြန်လမ်းမရှိအောင် ကျမသွားဖို့ ငါလုပ်နေရတာ ၊ တကယ်လို့ ငါသာ သူ့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် အရင်ဆုံးသေရမယ့်သူက မင်းဖြစ်နေလိမ့်မယ်”
ထိုက်ယီကျန်းရန်က လှောင်ပြောင်ရယ်မောလိုက်ပြီး...
“မင်း ဒီကပ်ဘေးကလွတ်နေတာက မင်းက အဓိကလူ မဟုတ်လို့ပဲ ၊ ဒါပေမဲ့ မင်းက ငါးစာကောင်းကောင်းတစ်ခုတော့ ဖြစ်နိုင်တယ်”
ထိုက်ယီကျန်းရန်၏စကားကို ကြားတော့ ရန်ကျောက်ကဲစိတ်ထဲ လှုပ်ခတ်သွားပြီး ထိုအဘိုးအိုနှင့်ပတ်သက်သည့် ကောလဟလအချို့ကို သတိရသွားမိသည်။