← Chapters

အခန်း ၁၆၄၁

Vol. 117 Ch. 1641

အခန်း ၁၆၄၁

Vol. 117 Ch. 1641

အခန်း (၁၆၄၁) ပြဿနာကို စတဲ့သူကပဲ အဆုံးသတ်ပေးရမှာပေါ့

ရန်ကျောက်ကဲ ထိုက်ယီကျန်းရန်ကို ကြည့်နေရင်း စိတ်အာရုံတို့က လွင့်ပျံသွားသည်။

သူက ယွိချင်အဆက်အနွယ်မှ ထင်ရှားကျော်ကြားသော တန်ခိုးစွမ်းအားရှင်များအကြောင်း ပြန်လည်စဉ်းစားနေမိခြင်း ဖြစ်၏။

အသိပညာနှင့်ပြည့်စုံပြီး သနားကြင်နာတတ်သော ကွမ်ယင်ဗောဓိသတ္တက ဗုဒ္ဓဘာသာသို့မဝင်ရောက်မီ ကွမ်ယင်ဗောဓိသတ္တအဖြစ် ရှိခဲ့စဉ်ကပင် ကောင်းမြတ်သည့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့သည်။

ကွမ်းချန်ထျန်းကျွင်းသည်လည်း အလွန်ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်သည်။

သို့သော် ထိုသူများထဲတွင် အထူးခြားဆုံးက ထိုက်ယီကျန်းရန် ဖြစ်၏။

သူက ရက်စက်ကြမ်းကြုတ်ရုံသာမက ရည်မှန်းချက်ကြီးမားသူဖြစ်ကာ တာအိုဝါဒ၏ အ‌ရေးပါသော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ခဲ့သည်။

ထိုက်ယီကျန်းရန်က နောင်မျိုးဆက်သစ်များအတွက် စံပြုပုဂ္ဂိုလ်တစ်ယောက်ဟုပင် တခါတရံ ရန်ကျောက်ကဲစိတ်ထဲ ခံစားရမိသည်။

ထိုက်ယီကျန်းရန်၏စရိုက်ကို ပြန်လည်တွေးတောမိပြီးနောက် ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်၏စကားများကို ပိုမိုလေးနက်စွာ ဆင်ခြင်ကြည့်မိသည်။

ထို့နောက် သူက ထိုက်ယီကျန်းရန်ကို လှမ်းကြည့်လိုက်ပြီး...

“ဒါဆို နီကျားကိုကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းက စေတီရှင်ကို စတေးမှဖြစ်မှာပေါ့”

ထိုစကားကိုကြားသည်နှင့် မုကျား၏မျက်နှာက ချက်ချင်းပြာနှမ်းသွားသည်။

ထိုက်ယီကျန်းရန်က အသာအယာပြုံးလိုက်ပြီး...

“ဒီပြဿနာကို စတဲ့သူကပဲ အဆုံးသတ်ပေးရမှာပေါ့”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

နီးကျားက ရတနာကြာပန်းနတ်ဘုရားခန္ဓာကြောင့် အာဃာတနှင့် နာကျည်းမှုများ စွဲကပ်ခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပြန်လည်ရှင်သန်လာသည့်တိုင် စိတ်အာရုံထိခိုက်သွားခြင်း ဖြစ်သည်။

နီကျားကိုသာ ထိန်းချုပ်မထားဘဲ လွှတ်ပေးလိုက်ပါက သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ လူသတ်လမ်းစဉ်သို့ကျရောက်သွားကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီများ အတိုင်းအဆမရှိ စုစည်းလာပေမည်။

ထိုသို့ဖြစ်လာခဲ့လျှင် မည်သည့်အရာနှင့်မှမတူသော လူသတ်ယန္တရားတစ်ခု မွေးဖွားလာပေလိမ့်မည်။

ထိုအရာက နတ်ဆိုးလည်းမဟုတ် ၊ နတ်မိစ္ဆာလည်းမဟုတ်။

သွေးဆာနေသည့်အတ္တဆန်သော ထူးဆန်းသည့်သတ္တဝါတစ်ကောင်သာ ဖြစ်လာပေမည်။

သို့သော် ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြွင်းချက်တစ်ခုရှိသည်။

ထိုခြွင်းချက်မှာ နီကျားကို ဤသို့ဖြစ်သွားစေရန် ပြဿနာများအားလုံးကို စတင်ခဲ့သည့် စေတီရှင်’လီကျင်း’ ပင် ဖြစ်၏။

အရင်ဆုံး နီကျားက သွေးဆာနေသည့် လူသတ်ယန္တရားတစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။

ထို့နောက် သူက လက်စားချေရန်အတွက် လီကျင်းကို လိုက်လံရှာဖွေမည် ဖြစ်သည်။

ထိုအချိန် မိစ္ဆာချီများ ပိုမိုပြင်းထန်လာပြီး လက်စားချေမှုပြီးမြောက်သွားချိန်မှာတော့ မိစ္ဆာချီများ အထွတ်ထိပ်သို့ ရောက်ရှိသွားပေမည်။

သို့ဖြစ်ရာ နီကျားအနေဖြင့် လီကျင်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားပြီး နားကျည်းမှုများအားလုံး ဖောက်ထုတ်ပစ်လိုက်မည်ဆိုပါက ထူးခြားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်သည်။

သွေးဆာနေသော သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်ချင်းတူသော်လည်း လီကျင်းကို စတေးခံလိုက်ပါက နီကျားအနေဖြင့် ခဏမျှ စိတ်အာရုံလွတ်လပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ဤသည်က သူ၏စိတ်အာရုံ ပြန်လည်ကြည်လင်ရှင်းလင်းလာစေရန်အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်၏။

သို့သော် ထိုသို့ဖြစ်လာရန် အဓိကလိုအပ်ချက်မှာ လီကျင်းမှလွဲပြီး အခြားသူများကိုမသတ်မိစေရန် နီကျားကို တားဆီးထားရန်လိုအပ်သည်။

ဤသည်က ရန်ကျောက်ကဲ၏ခန့်မှန်းချက်များသာဖြစ်ပြီး ဤနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ပါမည်လား သူကိုယ်တိုင်လည်း သေချာခြင်း မရှိပေ။

သို့ပေသိ ဤနည်းလမ်းသာလျှင် လက်ရှိစဉ်းစားရသမျှနည်းလမ်းများထဲတွင် သက်ရောက်မှုအရှိနိုင်ဆုံး ဖြစ်နေသည်။

ထိုက်ယီကျန်းရန်ကဲ့သို့ စရိုက်ရှိသူသည်လည်း ဤအတိုင်းပင် ကြိုတင်ခန့်မှန်းပြီးသား ဖြစ်ရမည်ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရန်လည်း တွန့်ဆုတ်နေမည် မဟုတ်ပေ။

ဟုတ်ပေ၏။

ဤသည်က နီကျား၏ပြဿနာကိုဖြေရှင်းရန်အတွက် ရည်ရွယ်စဉ်းစားခြင်း ဖြစ်သည်။

လက်တွေ့မှာတော့ နီကျားလွတ်မြောက်သွားလျှင် ပထမဆုံးသတ်ဖြတ်သည့်သူက လီကျင်းဖြစ်နေစေရန် သေချာအောင်လုပ်ရမည့်ကိစ္စက လွယ်ကူသည် မဟုတ်ပေ။

အခက်အခဲများစွာ ရှိနေပေသည်။

ထိုက်ယီကျန်းရန်က ပြုံးလိုက်ပြီး...

"ဗုဒ္ဓဘာသာ မှာ စကားတစ်ခွန်းရှိတယ်... ‘ငါမှငရဲကိုမဆင်းရင် ဘယ်သူဆင်းမလဲ’ တဲ့”

သူက ဆက်ပြောလိုက်သည်။

“လီကျင်းက ဗုဒ္ဓဘာသာထဲရောက်နေတာ နှစ်ပေါင်းများစွာကြာပါပြီ ၊ သူ ဒီသဘောတရားကို ကောင်းကောင်းသိမှာပါ ၊ ဒီတော့ သူ့အသက်ကိုစတေးဖို့ ဝမ်းသာအားရ လက်ခံမယ်ထင်တာပဲ”

ထိုစကားကြားတော့ မုကျား ပို၍မျက်နှာပျက်သွားသည်။

“အဲဒီလိုဖြစ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့”

သူက အော်ဟစ်လိုက်၏။

ထိုက်ယီကျန်းရန်က...

“ငါပြောချင်တာ ပြောပြီးပြီ ၊ မင်းနဲ့ ငြင်းခုံနေဖို့ စိတ်မဝင်စားဘူး ၊ ငါလုပ်ချင်တဲ့ကိစ္စမှာ မင်းဝင်ပြောပိုင်ခွင့် မရှိဘူး”

ရန်ကျောက်ကဲကတော့ မတ်တတ်ရပ် လက်ပိုက်လျှက်ပင် ထိုက်ယီကျန်းရန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ထိုက်ယီကျန်းရန်အနေဖြင့် နီကျားကို ယာယီချိတ်ပိတ်ထားနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နီကျားက ပြန်လည်ရုန်းကန်ထွက်လာပေမည်။

ထိုအချိန်ရောက်လျှင် ပထမဆုံးဒုက္ခရောက်မည့်သူက ထိုက်ယီကျန်းရန်ပင် ဖြစ်သည်။

သူက နီကျားကို ချိတ်ပိတ်ထားရန် အာရုံစိုက်နေရသဖြင့် အခြားသူများနှင့်ဆက်သွယ်ရန်လည်း မတတ်နိုင်ခဲ့ပေ။

မုကျားတို့အုပ်စု ယင်လုန်ထူကို လိုက်လံဖမ်းဆီးရင်း ဤနေရာသို့ရောက်လာခြင်းက ထိုက်ယီကျန်းရန်အတွက် သတင်းကောင်း ဖြစ်သွားခဲ့သည်။

မုကျားက အထဲတွင်မည်သူရှိမှန်း မသိသော်လည်း ထိုက်ယီကျန်းရန်ကတော့ မုကျားကို အလွယ်တကူပင် မှတ်မိသိရှိနိုင်သည်။

မုကျားက စေတီရှင်နတ်မင်းကို ဤနေရာသို့ ခေါ်လာပေးနိုင်မည်လား မသေချာသော်လည်း သူက အခြားသူများထက်ဆာလျှင်တော့ ပို၍အသုံးဝင်သည်ပင်။

အဆိုးဆုံးအနေဖြင့် လီကျင်းရောက်မလာလျှင်တောင်မှ ဗုဒ္ဓဘာသာဘက်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ရောက်လာပေမည်။

ထိုသို့ဆိုလျှင် ချိတ်ပိတ်မှုပေါက်ကွဲသွားပြီး နီကျား၏သတ်ဖြတ်မှု စတင်လျှင်တောင်မှ အနောက်ဘက်သူတော်စင်ဘုံသာ အထိနာပေလိမ့်မည်။

ထိုက်ယီကျန်းရန်အတွက် အန္တရယ်ရှိနိုင်သည်မှန်‌သော်လည်း ဤအခြေအနေက နီကျားနှင့်အတူပိတ်မိနေပြီး ဘာမှလုပ်မရသည်ထက်ဆာလျှင် ပိုမိုကောင်းမွန်ပေသည်။

အခြေအနေ မည်မျှဆိုးရွားသည်ဖြစ်ပါစေ ဒီထက်တော့ ပိုမဆိုးနိုင်တော့ပေ။

ယင်လုန်ထူကို ကယ်တင်ပြီး မုကျားကိုမောင်းထုတ်လိုက်သည့်အတွက် ထိုက်ယီကျန်းရန်၏ချိတ်ပိတ်မှုက ပျက်ဆီးလုနီးပါးဖြစ်သွားသော်လည်း အခြေအနေ အလွန်ဆိုးရွားခြင်း မရှိသေးပေ။

မုကျားက ထိုက်ယီကျန်းရန်နှင့် နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်ကို ရန်ကျောက်ကဲထံသို့ ဖြည်းညင်းစွာ ရွှေ့ပြောင်းလိုက်သည်။

ထို့နောက် ရူးသွပ်သူတစ်ယောက်ပမာ အော်ဟစ်ရယ်မောလိုက်၏။

သူက ဖခင်ဖြစ်သူ’လီကျင်း’ နှင့် အခြားသော ဗုဒ္ဓဘာသာအကြီးအကဲများထံ ဆက်သွယ်ပြီး အကူအညီတောင်းထားပြီးသား ဖြစ်သည်။

သို့သော် အနောက်ဘက်သူတော်စင်ဘုံဘက်မှ ကိစ္စတစ်ခုခုကြောင့် ကြန့်ကြာနေခဲ့ပြီး ထိုအချိန်အတွင်းမှာပင် ရန်ကျောက်ကဲက လက်ဦးမှုရယူသွားခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မုကျားကိုဖမ်းဆီးပြီး အခြားသူများကိုသတ်ဖြတ်လိုက်သဖြင့် လီကျင်းတို့ကို လမ်းပြပေးမည့်သူ မရှိတော့ပေ။

ထို့ကြောင့် လီကျင်းတို့အုပ်စုအနေဖြင့် ဤနေရာကိုရှာတွေ့ရန် ခက်ခဲသွားမည်ဖြစ်ပြီး ထိုက်ယီကျန်းရန်၏အစီအစဉ်သည်လည်း အောင်မြင်မည် မဟုတ်တော့ပေ။

သို့သော် ရန်ကျောက်ကဲသာ ရောက်မလာပါက ထိုက်ယီကျန်းရန်သည်လည်း မုကျားတို့အုပ်စု၏ နှောက်ယှက်မှုကြောင့် နီကျားကို ဆက်လက်ဖိနှိပ်ထားနိုင်ရန် ခဲယဉ်းသွားပေမည်။

နီကျားသာ လွတ်မြောက်သွားပါက အရင်ဆုံး ဒုက္ခရောက်မည့်သူက ထိုက်ယီကျန်းရန် ဖြစ်၏။

ထို့ပြင် ဤနေရာသို့ လိုက်လာကြသူများမှာလည်း လူသတ်ယန္တရားအဖြစ်ပြောင်းလဲသွားသော နီကျားနှင့် ရင်ဆိုင်ရပေမည်။

ယခုတော့ ရန်ကျောက်ကဲ၏ အကူအညီကြောင့် ထိုက်ယီကျန်းရန်က နီကျားကို အချိန်အတော်ကြာအောင် ဆက်လက်ချိတ်ပိတ်ထားနိုင်ပြီ ဖြစ်သည်။

ထို့ပြင် သူတို့က ဤနေရာမှထွက်ခွာသွားပြီး စေတီရှင်နတ်မင်းကိုအသုံးချကာ နီကျားကိုကယ်တင်ရန်ပင် အစီအစဉ်ဆွဲနိုင်ကြပေတော့မည်။

ဤအခြေအနေက ထိုက်ယီကျန်းရန် မူလကရရှိထားသော အခွင့်အရေးထက်ပင် အများကြီးပိုမိုကောင်းမွန်နေသည်။

ထိုက်ယီကျန်းရန်က သူ့ကို အဘယ့်ကြောင့် “ငါးစာ” ဟု ခေါ်ခဲ့ကြောင်း ယခု မုကျား သဘောပေါက်သွားပေပြီ။

သို့သော် သူက ဖခင်ဖြစ်သူ’လီကျင်း’ ဤနေရာသို့ရောက်လာအောင် ထိုက်ယီကျန်းရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်မရှိပေ။

ယခုအချိန်မှာတော့ ရန်ကျောက်ကဲက သူ့ကိုဖမ်းဆီးထားသည့်အတွက်ပင် မုကျား ကျေးဇူးတင်လိုက်မိသည်။

သူအဖမ်းခံထားရသဖြင့် လီကျင်းတို့အုပ်စု ဤနေရာကိုရှာတွေ့ရန် ခက်ခဲသွားမည် မဟုတ်ပါလား။

ထိုက်ယီကျန်းရန်က မုကျား၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး သူ ဘာတွေးနေကြောင်း ခန့်မှန်းလိုက်မိသည်။

“မင်းက အလိုက်အထိုက်မလုပ်ချင်ဘူးပဲ ၊ ကိစ္စမရှိပါဘူး”

သူက ဆက်ပြောလိုက်သည်။

“ငါက မိတ်ဆွေလေး’ရန်’ ရဲ့အကူအညီနဲ့ နီကျားကိုခေါ်ပြီး ဒီနေရာကထွက်သွားလို့ရတယ် ၊ ရန်ကျောက်ကဲ မင်းတို့အုပ်စုကို သတ်ခဲ့တဲ့နေရာကိုသွားပြီး စောင့်နေလိုက်ရုံပေါ့”

ထိုနေရာက မုကျား အနောက်ဘက်သူတော်စင်ဘုံမှ ကျွမ်းကျင်သူများနှင့် အဆက်အသွယ်မပြတ်မီ နောက်ဆုံးရှိခဲ့သောနေရာ ဖြစ်သည်။

လီကျင်း နှင့် အခြားသူများ လာရောက်ရှာဖွေပါက ထိုနေရာသို့ အရင်ဆုံးရောက်လာကြပေမည်။

မုကျားက...

“ဆရာဦးလေး’ထိုက်ယီ’... ကျွန်တော့်အဖေနဲ့ ဆရာက အဲဒီလောက် ပေါ့ဆမယ့်သူတွေ မဟုတ်ဘူးဆိုတာ သိသင့်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အပြင်လောကမှာ နတ်ဘုရားသုတ်သင်အစီအရင် ထွက်ပေါ်လာတဲ့အကြောင်းကို ယင်လုန်ထူဆီကနေ ဆရာဦးလေး သိပြီးလောက်ပါပြီ ၊ စန်းချင်း(၃)ပါး အဆက်အနွယ်တွေက အရင်လို မဟုတ်တော့ဘူး ၊ ဒါကြောင့် ကျွန်တော့်အဖေက ပိုပြီးတောင် သတိထားနေလိမ့်မယ် ၊ ထောင်ချောက်ထဲကို အလွယ်တကူ ဝင်လာမှာ မဟုတ်ဘူး”

ပြောသာပြောလိုက်ရသည် မုကျားလည်း သိပ်မသေချာပေ။

ဤသည်က အမှန်တကယ်ပဲ အခွင့်အရေးလား ကပ်ဘေးလားဆိုသည်ကို သူကိုယ်တိုင်လည်း ခန့်မှန်းရခက်နေသည်။

မုကျားက နှာတစ်ချက်မှုတ်လိုက်ရင်း...

“သူတို့ ကျွန်တော့်ကိုရှာမတွေ့သရွေ့ ဆရာဦးလေးတို့လည်း အဖေ့ကိုရှာတွေ့ဖို့ စိတ်တောင်မကူးနဲ့”

ထိုက်ယီကျန်းရန်က မုကျားနှင့် အငြင်းမပွားတော့ဘဲ ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“မိတ်ဆွေလေး’ရန်’ ... လူငယ်လေး’ယင်’ ပြောတာတော့... သူ ဒီကိုရောက်မလာခင် မိတ်ဆွေတစ်ယောက်နဲ့ အတူလာခဲ့တာလို့ပြောတယ် ၊ မင်း အဲဒီလူနဲ့ ဆက်သွယ်လို့ရနိုင်မလား”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဂိုဏ်းတူညီလေး’ယင်’ ပျောက်သွားတာကို အဲဒီမိတ်ဆွေဆီက သတင်းရလို့ ကျွန်‌တော်လည်း လိုက်လာခဲ့တာပါ”

သူက ဆက်ပြောလိုက်သည်။

“နောက်မှ ဂိုဏ်းတူညီလေး’ယင်’ ကို လူစုခွဲပြီးရှာဖို့ လမ်းခွဲခဲ့ကြတာ ၊ အချိန်နည်းနည်းကြာနိုင်ပေမယ့် သူတို့ကို သေချာပေါက် ဆက်သွယ်လို့ရနိုင်ပါတယ်”

ထိုက်ယီကျန်းရန် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့”

သူတို့နှစ်ယောက် စကားပြောနေသည်ကိုကြည့်ရင်း မုကျားမှာတော့ စိတ်ဓာတ်များ အောက်ဆုံးအထိ ထိုးကျသွားရလေသည်။

All Chapters