အခန်း ၁၆၄၂
Vol. 117 Ch. 1642
အခန်း (၁၆၄၂) ငါးက ငါးစာကို ဟပ်လိုက်ပြီ
ရန်ကျာက်ကဲနှင့် ထိုက်ယီကျန်းရန်၏စကားများကို နားထောင်ပြီးနောက် မုကျားအနေဖြင့် သူတို့အကြံကို မရိပ်မိဘဲ မနေခဲ့ပေ။
သူတို့က ယခင်က ယင်လုန်ထူနှင့် အတူရှိခဲ့သော သိုင်းကျင့်ကြံသူကိုဆက်သွယ်ပြီး ထိုသူကို ငါးစာအဖြစ်အသုံးချကာ လီကျင်းတို့အုပ်စုကို ဖမ်းဆီးရန် ကြံစည်နေခြင်း မဟုတ်ပါလား။
ရန်ကျောက်ကဲစကားအရဆိုလျှင် ထိုသိုင်းကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်က ယင်လုန်ထူနှင့် မတိမ်းမယိမ်းဖြစ်ရမည်ဟု မုကျားခန့်မှန်းမိသည်။
ထိုသူ၏အအဆင့်က နက်ရှိုင်းနတ်ဘုရားအဆင့်ထက် ကျော်လွန်နိုင်ခြေမရှိသေးဘဲ အများဆုံးရှိမှ အစစ်အမှန်နတ်ဘုရားသာလျှင် ဖြစ်ပေမည်။
လီကျင်းတို့အုပ်စုအနေဖြင့် မုကျားတို့ကိုရှာမတွေ့သည့်အခါ တာအိုဝါဒမှ ကျင့်ကြံသူများ သူတို့ကို ထောင်ချောက်ဆင်မည်ကို ချက်ချင်း သဘောပေါက်သွားကြပေမည်။
သို့သော် ဘာဖြစ်သည်ကိုသိရှိရန် လူစုခွဲကာ စုံစမ်းကြမည်သာ ဖြစ်၏။
လီကျင်းတို့အုပ်စုအတွက် အစစ်အမှန်နတ်ဘုရားတစ်ပါး သို့မဟုတ် နက်ရှိုင်းနတ်ဘုရားတစ်ပါးက ခြိမ်းခြောက်မှု အလွန်နည်းပါးသည်ဖြစ်ရာ ထိုသူကိုဖမ်းဆီးစစ်ဆေးရန် ကြိုးစားနိုင်သည်။
လူတိုင်းက ရန်ကျောက်ကဲကဲ့သို့ တစ်မူထူးခြားနေသူများ မဟုတ်ကြပေ။
ထိုသိုင်းကျင့်ကြံသူက ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်းရှိမရှိ မသေချာသည့်တိုင် ထိုသူ ပတ်ဝန်းကျင်တွင်ထွက်ပေါ်လာသည်နှင့် သတင်းအချက်အလက်ရရှိရန် စစ်ဆေးရမည် မဟုတ်ပါလား။
လီကျင်းတို့အုပ်စုက ကံစမ်းကြည့်ရုံသက်သက်ဖြင့်ပင် ထိုသိုင်းကျင့်ကြံသူကို လျစ်လျူရှုထားမည်မဟုတ်ပေ။ လက်သည်တရားခံကို ရှာဖွေတွေ့ရှိရန် အပြစ်မဲ့သူတစ်ယောက်ကို သတ်ဖြတ်ရန်လည်း ဝန်လေးနေမည် မဟုတ်ပေ။
ဤအချက်သည်ပင် ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာစေသည်။
မုကျားမှာ ဘာမှမတတ်နိုင်သည့်အဆုံး သက်ပြင်းသာချလိုက်မိသည်။
သူကိုယ်တိုင်ကပင် ဤကပ်ဘေး၏ ခလုတ်တစ်ချက်ဖြစ်နေခဲ့ပေပြီ။
ယခုအချိန်တွင် သူ အရှုံးမပေးဘဲ တောင့်ခံနေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းတို့က ဘာမှထူးခြားမလာတော့ပေ။
သူ ဖခင်ဖြစ်သူနှင့် အဆက်အသွယ်ပြတ်တောက်သွားကတည်းက ဤဖြစ်ရပ်တစ်ခုလုံး၏ အစပျိုးမှု ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
ဘာမှမတတ်နိုင်တော့သည့်အဆုံး ဟွေ့အန်းခရီးသည်အနေဖြင့် သူ့လူများ သတိကြီးကြီးထားနိုင်ပြီး ရန်ကျောက်ကဲတို့၏ ထောင်ချောက်ထဲသို့ မသက်ဆင်းမိစေရန်သာ ဆုတောင်းနေမိတော့သည်။
မီးတောက်မီးလျှံများဖြင့် ပြည့်နက်နေသည့် နဂါးကိုးကောင်ငရဲအုပ်ဆောင်းကိုကြည့်ရင်း မုကျား၏စိတ်အစဉ် မှောင်မှိုင်းလျှက် ရှိသည်။
ရန်ကျောက်ကဲက ပန်ပန်မှ ဖန်ဆင်းထားသော နတ်မိစ္ဆာမျောက်ဝံကြီးကို ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ မျောက်ဝံကြီးက ရူယိရွှေတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ခန္ဓာကိုယ်ကို အနည်းငယ် ကျုံ့လိုက်သည်။ ထို့နောက် နဂါးကိုးကောင်ငရဲအုပ်ဆောင်းထက်သို့ တက်ရပ်လိုက်ပြီး ထုက်ယီကျန်းရန်ဘေးတွင် နေရာယူလိုက်သည်။
ထိုက်ယီကျန်းရန်က လက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး လေထုထဲသို့ ထိုးညွှန်လိုက်သည်။
ထိုအခါ မဟာပျက်သုဉ်းခြင်းမူလနန်းတော်ထဲတွင် ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
နန်းတော်ထဲမှ ရှေးကျဟောင်းနွမ်းသော စွမ်းအားရောင်ဝါများက ထိုက်ယီကျန်းရန်နှင့် နဂါးကိုးကောင်ငရဲအုပ်ဆောင်း ဆီသို့ တရိပ်ရိပ် စုစည်းလာကြသည်။
ထိုက်ယီကျန်းရန်က နန်းတော်၏စွမ်းအားကိုအသုံးချကာ နီကျားကို ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်တွင် အင်းသင်္ကေတများထွက်ပေါ်လာပြီး သံကြိုးများပမာ အသွင်ပြောင်းလဲကာ နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ရစ်ပတ်သွားသည်။
ထိုက်ယီကျန်းရန် လုပ်ဆောင်ပြီးသည်နှင့် ရှေးကျဟောင်းနွမ်းသည့် စွမ်းအားများဖြင့်ဖွဲ့စည်းထားသော သံကြိုးများက တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားပြီး နဂါးကိုးကောင်ငရဲအုပ်ဆောင်းသည်လည်း တစ်ဖန်ပြန်လည် မတည်မငြိမ် ဖြစ်လာသည်။
သို့သော် ထိုက်ယီကျန်းရန်နှင့် မျောက်ဝံကြီးက ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အတူပူးပေါင်းကာ ရူယိရွှေတုတ်၏စွမ်းအားဖြင့် ကြည်လင်သောအုပ်ဆောင်းကို ထပ်မံဖိနှိပ်ထားလိုက်၏။
"ကြွစမ်း..."
ထိုက်ယီကျန်းရန်က တိုးလျသည့်အသံဖြင့် အမိန့်ပေးလိုက်ရာ နဂါးကိုးကောင်ငရဲအုပ်ဆောင်းက အထက်သို့ ပျံတက်သွားပြီး နန်းတော်အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။
ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြည်လင်ပါးလွှာသော မိုးကြိုးအလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများက ဆပ်ပြာပူဖောင်းများပမာ ပေါ့ပါးပြီး ကျိုးပဲ့လွယ်သောလည်း တကယ်တမ်းမှာတော့ အချိန်နှင့်နေရာများ တစ်ခုပေါ်တစ်ခု ထပ်ပြီးတည်ဆောက်ထားသည့်နှယ် အလွန်အမင်း လေးလံလှသည်။
ထိုမိုးကြိုးအလင်းတန်းများက အပြင်ဘက်သို့ ပြန့်ကားသွားပြီး သီးခြားကမ္ဘာတစ်ခုအဖြစ် ပုံပေါ်လာသည်။
ထိုသီးခြားကမ္ဘာထဲတွင် ရန်ကျောက်ကဲ ၊ ထိုက်ယီကျန်းရန် ၊ မျောက်ဝံကြီးနှင့် နဂါးကိုးကောင်ငရဲအုပ်ဆောင်း တို့ အတူတကွ ရှိနေကြသည်။
ထိုက်ယီကျန်းရန်က...
"သွားကြစို့... ဒီနန်းတော်ကိုတော့ နောက်မှပဲ အေးအေးဆေးဆေး ပြန်ကြည့်ကြတာပေါ့၊ အခုလောလောဆယ်တော့ လက်ထဲကအလုပ်ကိုပဲ အာရုံစိုက်ရအောင်"
ရန်ကျောက်ကဲက မုကျားကို ဆက်လက်ဖမ်းဆီးထားရင်းဖြင့်ပင်...
“ကောင်းပါပြီ အကြီးကဲ’ထိုက်ယိ’ ... ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါ”
ထိုက်ယီကျန်းရန်က...
"မင်းက ယွိချင်အဆက်အနွယ်က ဖြစ်ပေမယ့်... ငါ့ကို အကြီးအကဲလို့ မခေါ်ပါနဲ့ဦး ၊ ငါက အဲဒီလိုခေါ်ဖို့ မထိုက်တန်သေးပါဘူး”
ထို့နောက် သူက ခေါင်းကိုလှည့်ပြီး ရန်ကျောက်ကဲ ဖန်တီးထားသည့် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကမ္ဘာကို ကြည့်ရှုအကဲခတ်လိုက်သည်။
ဤလူငယ်က အရွယ်နှင့်မလိုက်အောင်ပင် မိုးကြိုးပညာရပ်၏လျှို့ဝှက်ချက်များကို အံ့မခန်းကျွမ်းကျင်လှသည်။
“မင်းလိုပါရမီရှင်မျိုး ရှိနေမှတော့ ငါတို့တာအိုဝါဒ ပြန်လည်ထွန်းကားလာတာ မအံ့သြတော့ပါဘူး”
“အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီ”
ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့ နန်းတော်ထဲမှထွက်ခွာလာပြီး အဆုံးမရှိ ပြင်ပဗလာနယ်ထဲသို့ ရောကရှိလာကြသည်။
ခရီးဆက်ရင်းဖြင့်ပင် သူတို့က လုန်ရှင်းချွမ်တို့အုပ်စုကို လိုက်လံရှာဖွေကြသည်။
ပြင်ပဗလာနယ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ရန် မလွယ်ကူသော်လည်း အားလုံးက ယင်လုန်ထူကို လိုက်ရှာနေကြခြင်းဖြစ်လေရာ သူတို့သာ လူစုကွဲပြီး လမ်းပျောက်သွားပါက ရယ်စရာဖြစ်သွားပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲ ၊ လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’ တို့က ပြန်လည်ဆုံတွေ့ရန် နေရာတစ်ခု သတ်မှတ်ထားခဲ့ကြပြီး သူတို့ ပြန်လည်ဆုံတွေ့ရန် ချိန်းဆိုထားသည့် အချိန်အပိုင်းအခြားသည်လည်း အလွန်တိုတောင်းသည်။
ရန်ကျောက်ကဲ သတ်မှတ်နေရာသို့ရောက်လာပြီး သိပ်မကြာမီမှာပင် လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’ တို့လည်း ရောက်လာကြသည်။
သူတို့ဘေးကင်းသည်ဆိုတော့မှ ရန်ကျောက်ကဲလည်း စိတ်အေးသွးရ၏။
လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’ က ယင်လုန်ထူကို ဘေးကင်းစွာ ပြန်တွေ့ရသဖြင့် ဝမ်းသာသွားကြသော်လည်း ထိုက်ယီကျန်းရန်ကိုမြင်တော့ အံ့အားသင့်သွားကြသည်။
သို့သော် သူတို့အားလုံး ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သွားကြသည်။
စန်းချင်းသုံးပါးအဆက်အနွယ်များတွင် အသက်ရှင်ကျန်ရစ်သည့် တန်ခိုးစွမ်းအားရှင်များ ပိုများလေကောင်းလေပင် မဟုတ်ပါလား။
ရန်ကျောက်ကဲ၏ အစီအစဉ်များကို နားထောင်ပြီးနောက် လုန်ရှင်းချွမ်က ခေါင်းညိတ်လိုက်ပြီး...
“တကယ်တော့ ဒီနားတဝိုက်မှ ထူးဆန်းတဲ့လှုပ်ရှားမှုတွေရှိနေတာ ငါတို့ သတိထားမိတယ် ၊ အဲဒါကြောင့် ခဏရှောင်နေခဲ့တာ ၊ ကြည့်ရတာ... အနောက်ဘက်သူတော်စင်ဘုံက စစ်ကူတွေ ရောက်နေပြီထင်တယ် ၊ သူတို့က ဟွေ့အန်းခရီးသည်တို့အဖွဲ့ကို လိုက်ရှာနေတာ ဖြစ်ရမယ်"
တာအိုဆရာ’ဖြန့်ထျန်း’ ကလည်း...
"လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ အစီအစဉ်ကို ကျွန်တော် သဘောမတူစရာ မရှိပါဘူး၊ အချိန်မရွေး စတင်နိုင်ပါတယ်"
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဆိုရင်တော့ တာအိုရောင်းရင်း’ဖြန့်ထျန်း’ ကိုပဲ အကူအညီတောင်းရတော့မယ် ၊ စိတ်ချပါ... မင်းဘေးကင်းဖို့အတွက် ငါတို့အားလုံး အနားပတ်ဝန်းကျင်မှာ စောင့်ကြည့်ပေးနေမှာပါ”
"လူငယ်ကောင်းကင်ဘုံအရှင်က အားနာနေပြန်ပါပြီ”
ထို့နောက် တာအိုဆရာ’ဖြန့်ထျန်း’ က ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်ကို ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။
ရန်ကျောက်ကဲတို့ကလည်း ခဏမျှစောင့်ဆိုင်းပြီးနောက် နောက်မှလိုက်ပါသွားကြသည်။
လုန်ရှင်းချွမ်က နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ကြည့်လိုက်ပြီး...
"နီကျား အသက်ရှင်နေသေးတယ်ဆိုတာ ကြားရတာ တကယ်ကို ဝမ်းသာစရာပဲ"
သူက ဆက်ပြောလိုက်သည်။
ရန်ကျောက်ကဲက...
“နတ်မင်း’လီ’ သာ ရောက်လာရင် ဒီကပ်ဘေးက ဖြေရှင်းရတာ မခက်ပါဘူး"
သူက ဆက်ပြောလိုက်သည်။
“တကယ်လို့ ဒီနေ့ လီကျင်းရောက်မလာရင်လည်း နီကျားကို ခဏလောက်ထပ်ပြီး သည်းခံခိုင်းရမှာပေါ့ ၊ အဲဒီအချိန်အတွင်း ကျွန်တော်တို့ တခြားနည်းလမ်းရှာလို့ရတယ်လေ”
ထိုစကားများကိုနားထောင်ရင်း မုကျားက အလွန်တရာဒေါသထွက်နေသော်လည်း ရန်ကျောက်ကဲ၏ချုပ်နှေင်ခြင်းခံထားရသဖြင့် မည်သို့မှ မတတ်နိုင်ခဲ့ပေ။
ရန်ကျောက်ကဲက မုကျားကိုလှမ်းကြည့်ပြီး နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“အင်း... သူ့အဖေကို ထောင်ချောက်ဆင်ဖို့ သူ့ရှေ့မှာတိုင်ပင်နေရတာ ကျွန်တော်တို့ နည်းနည်းများလွန်သွားသလား”
ထိုသို့ဆိုလိုက်သည့်တိုင် ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်ပင် အရေးစိုက်ခြင်း မရှိပေ။
အနောက်ဘက်သူတော်စင်ဘုံမှ လီကျင်းကို သတ်ဖြတ်ခြင်းမှာ တာအိုဝါဒ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော နီကျားကို ပြန်လည်နေကောင်းလာစေရန်အတွက်သာ ဖြစ်သည်။
ရန်ကျောက်ကဲ အချိန်ယူစဉ်းစားနေခြင်းမှာ အကောင်းဆုံးရလဒ်ထွက်ပေါ်အောင် မည်သို့လုပ်ဆောင်ရမည်ဆိုသောအချက်သာ ဖြစ်၏။
မကြာမီ ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
တာအိုဆရာ’ဖြန့်ထျန်း’ ဘက်မှ တစ်စုံတစ်ခုထူးခြားပြီဖြစ်ကြောင်း အာရုံခံလိုက်မိသည် မဟုတ်ပါလား။
"ငါးက ငါးစာကို ဟပ်လိုက်ပြီ"
ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းပင် ပြင်ဆင်မှုများ စတင်လိုက်ကြ၏။
ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကမ္ဘာက ကျယ်ပြန့်သော်လည်း မှောင်မိုက်အုံ့ဆိုင်းလျှက် ရှိသည်။ ဤနေရာရှ ချီစွမ်းအားများသည်လည်း တိတ်ဆိတ်စွာ နစ်မြုပ်လို့နေသည်။
ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်က သူတို့၏စွမ်းအားရောင်ဝါနှင့် စိတ်ဝိညာဉ်အာရုံကို ဖုံးကွယ်ကာ ပုန်းအောင်းလိုက်ကြသည်။
လုန်ရှင်းချွမ်တစ်ယောက်သာလျှင် ပုန်းကွယ်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ရှေ့ဆက်ထွက်ခွာသွားသည်။
မကြာမီ အဝေးတစ်နေရာမှ ဗုဒ္ဓဘာသာကျွမ်းကျင်သူများ၏ လှုပ်ရှားမှု အရိပ်အယောင်များကို လုန်ရှင်းချွမ် အာရုံခံလိုက်မိသည်။
သူက ရပ်တန့်ခြင်းမရှိဘဲ ပိုမိုနီးကပ်အောင် ဆက်လက်တိုးဝင်သွားသည်။
အတန်ကြာ ရှေ့ဆက်သွားပြီးမှ သူက ရုတ်တရက်ရပ်တန့်လိုက်ပြီး နောက်သို့ လျှင်မြန်စွာ လှည့်ကြည့်လိုက်သည်။ ထိုသို့လှည့်ကြည့်လိုက်ချိန်မှာပင် တစ်ဖက်ရန်သူသည်လည်း သူရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။
ဗုဒ္ဓရောင်ခြည်အလင်းတန်းများ လက်ခနဲတောက်ပသွားပြီး တစ်ခဏအတွင်းမှာပင် လုန်ရှင်းချွမ်ရှေ့တွင် အစိမ်းရောင်ကြာပန်းများ ထွက်ပေါ်လာသည်။