အခန်း ၁၆၄၃
Vol. 117 Ch. 1643
အခန်း (၁၆၄၃) ကံကြမ္မာတစ်ပတ်လည်
အစိမ်းရောင်ကြာပန်းများ ထွက်ပေါ်လာသည်။
ကြာပန်းပွင့်လွှာများထက်တွင် တောက်ပနေသော ဖယောင်းတိုင်အလင်းများက လေထုထဲတွင် တုန်ခါလျှက် ရှိ၏။
ခမ်းနားထည်ဝါသည့် စွမ်းအားရောင်ဝါများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လုန်ရှင်းချွမ်၏စိတ်အာရုံကို ဖိနှိပ်ထားလိုက်သည်။
ရောက်ရှိလာသူများက ဗုဒ္ဓဘာသာကျင့်ကြံသူ အုပ်စုတစ်စု ဖြစ်၏။
ထိုအုပ်စုထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ များစွာပါဝင်နေလေသည်။
သာယာနာပျော်ဖွယ် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သင်းပျံ့သည့်မွှေးရနံ့များက ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ကြည့်လင်သော ဗုဒ္ဓရောင်ခြည်အလင်းတန်းများကြားတွင် ဘုံကျောင်းများနှင့် ဗောဓိပင်များ၏ပုံရိပ် ရေးရေးထွက်ပေါ်လာပြီး ဗုဒ္ဓနယ်မြေ သုခဘုံတစ်ခု ဤလောကသို့ ဆင်းသက်လာသည့်နှယ် ထင်မှတ်ရသည်။
သို့သော် ထိုသို့ သာယာကြည်နူးဖွယ် သုခဘုံမြင်ကွင်းများကက တစ်ခဏအတွင်း အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်။
ပြင်းထန်သော စွမ်းအားရောင်ဝါနှစ်ခု အဝေးဆီမှ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။
ထိုစွမ်းအားများ၏နှောက်ယှက်မှုကြောင့် ဗုဒ္ဓရောင်ခြည် အလင်းတန်းများနှင့် သုခဘုံ၏ မြင့်မြတ်သန့်စင်မှုများ ပျက်ဆီးသွားကာ ဘုံကျောင်းများနှင့် ဗောဓိပင်များသည်လည်း တစ်စစီ ကြေမွပျက်ဆီးသွားရသည်။
ထိုနေရာတွင် ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့ ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်းများကို တည်ငြိမ်စွာ စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်၏စွမ်းအားရောင်ဝါကြောင့် အစိမ်းရောင်ကြာပန်းများထက်တွင် ပုံရိပ်များ ထင်ရှားထွက်ပေါ်လာတော့သည်။
အဖွဲ့ကိုဦးဆောင်လာသူက ဖူရှန်ဗောဓိသတ္တ ဖြစ်၏။
ရှေးခေတ်အချိန်က ဖူရှန်ဗောဓိသတ္တက တာအိုဝါဒမှဖြစ်ပြီး ဖူရှန်ကျန်းရန်ဆိုသောအမည် ခံယူခဲ့သည်။
ထိုစဉ်က ထိုက်ယီကျန်းရန်နှင့် ဖူရှန်ကျန်းရန်တို့က ဆရာတစ်ပါးတည်းအောက်တွင် ပညာသင်ကြားခဲ့သော ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည်။
ဖူရှန်ဗောဓိသတ္တက ဝါရင့် ကောင်းကင်နတ်ဘုရားများထဲမှ တစ်ပါးလည်း ဖြစ်ပေ၏။
ရှေးခေတ်ကာလ နောက်ပိုင်းတွင် သူသည် တာအိုဝါဒကို စွန့်ခွာကာ ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့သည်။ ဗုဒ္ဓဘာသာ ဉာဏ်အလင်းပွင့်ပြီးနောက် ဖူရှန်ဗောဓိသတ္တ ဖြစ်လာခဲ့သည်။
စကြာမုနိဗုဒ္ဓ လောကကိုမကျော်လွန်ခင်က ဖူရှန်ဗောဓိသတ္တနှင့် ဝန်စူးဗောဓိသတ္တတို့က အလယ်ပိုင်းသုခဘုံကို ကြီးကြပ်ကွပ်ကဲခဲ့ကြသည်။
စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်ပြီးနောက် ဘုရားလောင်းဖြစ်သည့် မီလဲ့ကိုယ်တော် ထွက်ပေါ်လာချိန်တွင် အလယ်ပိုင်းသုခဘုံတွင် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
ထိုအချိန် ဖူရှန်ဗောဓိသတ္တက ထိုနေရာမှထွက်ခွာပြီး အနောက်ဘက်သူတော်စင်ဘုံသို့ ဝင်ရောက်ခဲ့သည်။
မဟာကပ်ဘေးကြီး ကာလတစ်လျှောက်တွင် ဖူရှန်ဗောဓိသတ္တသည် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲလှသည်။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်က အနောက်ဘက်သူတော်စင်ဘုံ လောကအလယ် ပြန်လည်ပေါ်ထွက်လာမှသာ ဖူရှန်ဗောဓိသတ္တလည်း ထွက်ပေါ်လာခြင်း ဖြစ်၏။
ယခု မုကျား၏ သတင်းပို့ချက်ကိုရရှိပြီး အနောက်ဘက်သူတော်စင်ဘုံမှ အဖွဲ့သားများကို ဖူရှန်ဗောဓိသတ္တကိုယ်တိုင် ဦးဆောင်၍ရောက်ရှိလာခြင်း ဖြစ်သည်။
ဖူရှန်ဗောဓိသတ္တနှင့်အတူ အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များစွာလည်း ပါရှိကြသည်။
သူတို့အုပ်စုထဲတွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ‘နာရာယနဗုဒ္ဓ’ ကဲ့သို့ ကျွမ်းကျင်သူများလည်း ပါဝင်လာသည်။
သို့သော် ရန်ကျောက်ကဲ ၊ ထိုက်ယီကျန်းရန်နှင့် လုန်ရှင်းချွမ်တို့၏အကြည့်ကိုဆွဲဆောင်သွားသူမှာ အုပ်စုထဲရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။
ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သန့်စင်သော ဗုဒ္ဓအလင်းတန်းများ ဝန်းရံနေသော်လည်း သူက ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားခြင်း မရှိပေ။
ထိုအစား သူက သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး ရွှေအတောင်ပံပုံစံပါရှိသည့် အနက်ရောင်သရဖူကို ဆောင်းနှင်းထားသည်။
သူ၏ ဘယ်ဘက်လက်တွင် ဘုံခုနစ်ဆင့်ပါရှိသော စေတီတစ်ဆူကိုင်ဆောင်ထားပြီး ညာဘက်လက်မှာတော့ ဓားတစ်လက် ဆုပ်ကိုင်ထားသည်။
ထိုသူသည်ကား အတိတ်တစ်ချိန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ စေတီရှင်နတ်မင်း’လီကျင်း’ ပင် ဖြစ်သည်။
ထိုသူကိုမြင်တော့ ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့ ဝမ်းသာသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ဖူရှန်ဗောဓိသတ္တ၊ နာရာယဏဗုဒ္ဓနှင့် လီကျင်းတို့က သူတို့၏တုံ့ပြန်မှုအပေါ် နားမလည်နိုင်ဖြစ်သွားကြသည်။
သို့သော် ထိုခဏမှာပင် ဗုဒ္ဓဘာသာကိုယ်တော်များ၏အာရုံကို ဆွဲဆောင်သွားသော အခြားအရာတစ်ခု ရှိနေပြန်သည်။
သူတို့အားလုံး၏ အကြည့်များက နဂါးကိုးကောင်ငရဲအုပ်ဆောင်းဆီသို့ ကျရောက်သွားကြ၏။
ထိုက်ယီကျန်းရန်က နဂါးကိုးကောင်ငရဲအုပ်ဆောင်းထက်တွင် ထိုင်နေသော်လည်း ထိုအုပ်ဆောင်းက တုန်ခါလျှက် မငြိမ်မသက် ဖြစ်နေသည်။
ထို့ပြင် အုပ်ဆောင်းထက်တွင် မဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခုရှိနေပြီး ၊ ထိုရွှေခန္ဓာက ရူယိရွှေတုတ်ကိုအသုံးပြုကာ အုပ်ဆောင်းကို ဖိနှိပ်ထားသည်။
ကြည့်ရသည်မှာ ထိုအုပ်ဆောင်းထဲတွင် တစ်စုံတစ်ခုကို ဖိနှိပ်ထိန်းချုပ်ထားပုံရ၏။
နေရာတွင်ရှိနေသူများမှာ နဂါးကိုးကောင်ငရဲအုပ်ဆောင်းအောက်တွင် မည်သည့်အရာရှိနေကြောင်း အလွန်ပင် သိချင်စိတ်ဖြစ်နေကြသည်။
အချို့ကတော့ မြင်ကွင်းကိုကြည့်ရင်း အတွေးနက်နဲလျှက် အကြောင်းအရာများကို ဆက်စပ်စဉ်းစားကြည့်နေကြသည်။
“အရင်တုန်းက အဲဒီအယုတ်တမာလေးကို ထိုက်ယီကျန်းရန် ကယ်သွားတာပဲ”
နတ်မင်း’လီ’ ထိတ်လန့်စွာဖြင့် တွေးလိုက်မိသည်။
“အဲဒီအယုတ်တမာလေး ဒဏ်ရာအပြင်းအထန်ရသွားတယ်ဆိုပေမယ့် နှစ်တွေကြာသွားပြီဆိုတော့ တခြားဖြစ်နိုင်ခြေလည်း ရှိနိုင်ပါတယ်”
ရန်ကျောက်ကဲက မုကျားကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ကိုမြင်တော့ လီကျင်းစိတ်ထဲ ပို၍ပင် စိုးရိမ်ပူပန်လာသည်။
“ညီလေး’ထိုက်ယီ’...”
ဖူရှန်ဗောဓိသတ္တက စကားစရန် ပြင်လိုက်သော်လည်း ထိုက်ယီကျန်းရန် က ပြုံးလျက်ပင် စကားဖြတ်ပြောလိုက်သည်။
“တာအိုရောင်းရင်း’ဖူရှန်’... မလောပါနဲ့ ၊ နောက်မှစကားပြောကြတာပေါ့ ၊ လောလောဆယ် ကိစ္စတစ်ခု အရင်ဖြေရှင်းရမယ်”
ပြောပြီးသည်နှင့် ထိုက်ယီကျန်းရန်က ချိတ်ပိတ်ထားသည့် နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ဖွင့်ပေးလိုက်ပြီး အောက်သို့ဆင်းသက်လာသည်။
ပန်ပန်မှ ဖန်ဆင်းထားသည့် နတ်မိစ္ဆာမျောက်ဝံကြီးကလည်း ရူယိရွှေတုတ်ကို ပြန်လည်ရုပ်သိမ်းကာ အဝေးသို့ ခုန်ထွက်သွားသည်။
နဂါးကိုးကောင်ငရဲအုပ်ဆောင်းက ချက်ချင်းပင် ဝုန်းကနဲပွင့်ထွက်သွားပြီး မီးတောက်မီးလျှံများကြားမှ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ငရဲမှပြန်လာသည့် အသူရာနတ်ဆိုးတစ်ပါးကဲ့သို့ပင်။
ဖူရှန်ဗောဓိသတ္တနှင့် အခြားသူများက ထိုပုံရိပ်ကို အသေအချာ အကဲခတ်လိုက်ကြသည်။
ထိုပုံရိပ်က အခြားသူမဟုတ် ၊ တတိယမင်းသား ‘နီကျား’ ပင် ဖြစ်၏။
သို့သော် ယခုမြင်တွေ့နေရသော နီကျားမှာ အတိတ်ကနှင့် လုံးဝမတူတော့ပေ။
မူလက ကြာပန်းကဲ့သို့ ဖြူစင်ဝင်းပသော အသားအရေမှာ ယခု သွေးရောင်ကဲ့သို့ ရဲရဲနီနေပြီး သူ၏မျက်နှာထက်တွင်လည်း နာကျည်းမှုနှင့် အာဃာတအရိပ်အငွေ့များ ဖုံးလွှမ်းလျှက် ရှိသည်။
နီကျားက ငယ်ရွယ်သော အသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။
သူက လေမီးလျှံဘီးကိုစီးနင်းလျှက် တောက်ပသည့်မျက်ဝန်းများဖြင့် စေတီရှင်နတ်မင်း’လီကျင်း’ ကို စူးစိုက်ကြည့်နေသည်။
ဤသည်ကိုမြင်တော့ အခြေအနေမဟန်မှန်း လီကျင်း ရိပ်မိလိုက်သည်။
လီကျင်းဘက်မှ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်ခင်မှာပင် နီကျားက ကြုံးဝါးဟိန်းဟောက်လိုက်ပြီး မီးတောက်လှံရှည်ကို ဝှေ့ယမ်းကာ လီကျင်း၏ရင်ဝသို့ ထိုးစိုက်ချလိုက်တော့၏။
ဖူရှန်ဗောဓိသတ္တက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ဝင်ရောက်ကူညီနိုင်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုက်ယီကျန်းရန်က နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို ပြန်လည်သိမ်းဆည်းပြီးသည်နှင့် ဖူရှန်ဗောဓိသတ္တထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
ထိုက်ယီကျန်းရန်က ပြုံးလိုက်ရင်း...
“တာအိုရောင်းရင်း’ဖူရှန်’... အခု ငါတို့ အေးအေးဆေးဆေး စကားပြောလို့ရပါပြီ”
အခြားတစ်ဖက်တွင်လည်း နတ်မိစ္ဆာမျောက်ဝံကြီးက ရူယိရွှေတုတ်ကို ဝှေ့ယမ်းလျှက် ဗုဒ္ဓဘာသာကျင့်ကြံသူများအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ထို့ကြောင့် မည်သူမှ လီကျင်းအား ကူညီနိုင်ခြင်း မရှိတော့ပေ။
တိုက်ပွဲစသည်နှင့် ရန်ကျောက်ကဲက အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ဗောဓိသတ္တတစ်ပါး၏ ဖမ်းဆီးခြင်းကိုခံထားရသော တာအိုဆရာ’ဖြန့်ထျန်း’ ကို ကယ်တင်လိုက်သည်။
နီကျားက ဆာလောင်နေသော ကျားတစ်ကောင်ပမာ ရူးသွပ်လျှက်ရှိသည်။
လီကျင်းကိုပစ်မှတ်ထားတိုက်ခိုက်နေသော သူ၏ မီးတောက်လှံရှည်ထိုးနှက်ချက်တိုင်းက အသက်သေစေလောက်အောင် ပြင်းထန်သည်။
လီကျင်းက ရူယိရွှေစေတီကို အလျှင်အမြန်အသုံးပြု ခုခံလိုက်သည်။
ဤရတနာက နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ကောင်းစွာတန်ပြန်နိုင်စွမ်းရှိသော်လည်း နီကျားက ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိခဲ့ပြီဖြစ်ရာ ရှေးခေတ်ကာလအချိန်များနှင့် လုံးဝတူညီခြင်း မရှိတော့ပေ။
ရူယိရွှေစေတီက အလွန်အစွမ်းထက်သည်ဆိုသော်လည်း အခြားသောတန်ခိုးစွမ်းအားရှင်များက နီကျားအား ဝိုင်းဝန်းတိုက်ခိုက်ပေးမှသာ အဆုံးအဖြတ်ပေးသည့်ကဏ္ဍမှ ပါဝင်နိုင်ခြင်း ဖြစ်၏။
ယခုကဲ့သို့ နီကျားနှင့် တစ်ယောက်ချင်းရင်ဆိုင်ရသည့်အခါ လီကျင်းအနေဖြင့် နီကျားကို မနှိမ်နင်းနိုင်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခဲယဉ်းနေရသည်။
ရှေးခေတ်ကာလက ပထမဆုံးအကြိမ် အသတ်ခံရပြီးနောက် ကြာပန်းခန္ဓာဖြင့် ပြန်လည်ရှင်သန်လာပြီးနောက် လီကျင်းကို လိုက်လံသတ်ဖြတ်သကဲ့သို့ပင် ဖြစ်သည်။
ဆန်းကြယ်သောကံကြမ္မာ တစ်ပတ်လည်သည်ဟုပင် ဆိုရမလား မပြောတတ်ပေ။
ဖူရှန်ဗောဓိသတ္တက ဘာမှမတတ်နိုင်ဟန်ဖြင့် ကူရာကယ်ရာမဲ့စွာ မုကျားကို လှမ်းကြည့်လိုက်သည်။
သူတို့အနေဖြင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များနှင့် ပူးပေါင်းကာ ရန်ကျောက်ကဲ နှင့် ထိုက်ယီကျန်းရန်ကို အရင်ဆုံး အနိုင်တိုက်ခိုက်ရန် အစွမ်းကုန်ကြိုးစားရပေမည်။
သို့မှသာ နီကျားကို တားဆီးနိုင်မည် မဟုတ်လား။
ထိုအချိန် အဝေးတစ်နေရာမှ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပျံ့လွင့်လာပြီး မှောင်မိုက်သော စကြာဝဠာဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။
အစိမ်းရောင်ကြာပလ္လင်ထက်တွင် အပြာရောင်ခန္ဓာကိုယ်ရှိသော ဗုဒ္ဓတစ်ပါး တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ညာဘက်လက်တွင် ရတနာတံခွန်တစ်ခုကိုင်ဆောင်ထားပြီး ထိုတံခွန်ကို ဘယ်ဘက်ပခုံးထက်သို့တင်ထားသည်။ ဘယ်ဘက်လက်ကတော့ လက်ဟန်မုဒြာတစ်ခု ပြုလုပ်ထားသည်။
ရောက်ရှိလာသူက ယခင်က ရန်ကျောက်ကဲနှင့်ရင်ဆိုင်ဖူးသည့် ပတ္တမြားတံခွန်ဗုဒ္ဓပင် ဖြစ်သည်။ သူရောက်ရှိလာသည်နှင့် ဖူရှန်ဗောဓိသတ္တတို့အုပ်စုနှင့် အတူပူးပေါင်းတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ယခုတစ်ကြိမ်တွင် အနောက်ဘက်သူတော်စင်ဘုံက အလွန်သတိထားပုံရပြီး ထောင်ချောက်ဆင်တိုက်ခိုက်မှုမှန်သမျှကို တန်ပြန်ရန် အစီအစဉ်များစွာ ပြုလုပ်ထားဟန် ရှိသည်။
လက်ရှိတွင် ရန်ကျောက်ကဲတို့အုပ်စုက အသာစီးရနေသော်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများဘက်မှလည်း အရန်အစီအစဉ်များစွာ ရှိနေသည်။
သို့ပေသိ သူတို့၏ပြင်ဆင်မှုများအားလုံး အလကား ဖြစ်သွားရသည်။
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ရက်စက်ကြမ်းကြုတ်လှသော ရွှေရောင်မျောက်ဝံကြီးတစ်ကောင် ခုန်ထွက်လာသောကြောင့် ဖြစ်လေ၏။
ရန်ကျောက်ကဲ မဟာပျက်သုဉ်းခြင်းမူလနန်းတော်မှ ထွက်လာစဉ်က လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’ တို့ကို ဆက်သွယ်ခဲ့ရုံသာမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုလည်း မေ့ထားခဲ့ခြင်း မရှိပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မဟာသူတော်စင်၏ရွှေခန္ဓာကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မိစ္ဆာချီများ လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲတို့အုပ်စု ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လိုက်ကြသဖြင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူ အဖွဲ့တစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။
***
(မှတ်ချက် - စေတီရှင်’လီကျင်း’ ကိုင်ဆောင်တဲ့ စေတီဆိုတာက ထေရဝါဒဗုဒ္ဓစေတီပုထိုးတော်များ မဟုတ်ပါဘူး ၊ တရုတ်ရိုးရာ ဘုံကိုးဆင့် ဘုံခုနစ်ဆင့် စသည်ဖြင့် တည်ဆောက်ထားတဲ့ အဆောင်တွေ အထပ်တွေပါဝင်တဲ့ ဘုံကျောင်းလိုစေတီတွေကို ဆိုလိုတာဖြစ်ပါတယ် __ ဘာသာပြန်သူ)
(မှတ်ချက် - ဤ ရှန်းရှစာစဉ်တွင်ဖော်ပြထားသော ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာ ၊ စေတီ စသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)