← Chapters

အခန်း ၁၀၄၂

Vol. 103 Ch. 1042

အခန်း ၁၀၄၂

Vol. 103 Ch. 1042

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"သိပ်ကို ရိုးရှင်းပါတယ်...။" အိမ်ရှေ့စံမင်းသားက မောက်မာသည့် အပြုံးဖြင့် ဆိုသည်။ "မင်းသာ ငါ့မိန်းမလုပ်မယ်ဆိုရင် တုပိုင်ကို ငါကယ်ပေးမယ်... ပြီးတော့ သူ့အတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးမယ်။ မလုပ်ဘူးဆိုရင်တော့ သူ့ခန္ဓာကိုယ်ထဲက ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်မှတ်ဉာဏ်တွေကို ငါ ဆွဲထုတ်ပြီး သူ့ကို အစအနမကျန်အောင် ဖျက်ဆီးပစ်မယ်..."

ရန်ယဲ့ရှောင်မှာ သွားကို တင်းတင်းကြိတ်ထားလိုက်သဖြင့် သွေးများပင် စိမ့်ထွက်လာခဲ့ကာ ပုလဲလုံးများပမာ မျက်ရည်များ ကျဆင်းလာတော့သည်။

"မင်း သေချာ စဉ်းစားပါ...။" အိမ်ရှေ့စံမင်းသားက မောက်မာစွာ ဆက်ပြောသည်။ "မိန်းမတွေကို အတင်းအကျပ် အကျပ်ကိုင်တာမျိုး ငါ ဘယ်တော့မှ မလုပ်ဘူး..."

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်က ခေါင်းမော့ကာ ပြတ်သားစွာ ပြောလိုက်သည်။ "အလှမွေးထားတဲ့ လှောင်ချိုင့်ထဲက ငှက်ကလေးတစ်ကောင်လို ကျွန်မ နေပေးနိုင်ပါတယ်။ အိမ်ရှေ့စံမင်းသားအတွက် စန္ဒရားတီးပြမယ်။ ကပြဖျော်ဖြေမယ်။ ဧည့်သည်တွေကိုလည်း ဧည့်ခံပေးနိုင်တယ်။ ဒါပေမဲ့... အိမ်ရှေ့စံမင်းသားနဲ့တော့ အတူမအိပ်နိုင်ဘူး..."

အိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။

သူ၏အမြင်တွင် မိန်းမဆိုသည်မှာ သိမ်းပိုက်ခံရန်နှင့် အတူအိပ်ရန်အတွက်သာ ဖြစ်သည်။ ယောကျ်ားများက မိန်းမများ၌ အနုပညာခံစားမှု ရှိသည်ကို သဘောကျတတ်ကြ၏။ ပန်းချီဆွဲတတ်သည်ဖြစ်စေ ၊ စန္ဒရားတီးတတ်သည်ဖြစ်စေ ၊ ကတတ်သည်ဖြစ်စေ အမှန်တကယ်တော့ ထိုအရာများမှာ အပေါ်ယံသာဖြစ်ပြီး အဓိကမှာ အိပ်ရန်သာ ဖြစ်သည်။ (ရွံစရာ မအေလိုး 🙄)

သေချာသည်မှာ အိမ်ရှေ့စံမင်းသားက ထိုသို့ ပြောမည် မဟုတ်ပေ။

သူ၏ အမြင်တွင် ရန်ယဲ့ရှောင် ဤမျှမြန်မြန် အရှုံးပေးလာခြင်းကပင် အလွန် လျင်မြန်နေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မိန်းမများမှာ အမြဲတမ်း ဣန္ဒြေကြီးဟန်ဆောင်တတ်ကြပြီး သူတို့၏ နောက်ဆုံးခံတပ်မှာ အချိန်ယူကာ တဖြည်းဖြည်းချင်း ချိုးဖျက်ခံရစမြဲ ဖြစ်သောကြောင့်ပင်။

မကြာမီ အချိန်အတွင်း ဤမိန်းမက သူ၏အိပ်ရာပေါ်သို့ ကိုယ်တိုင် တက်လာလိမ့်မည်ဟု သူ ယုံကြည်နေ၏။

"ကပြမယ် ဟုတ်လား...။" အိမ်ရှေ့စံမင်းသားက မောက်မာသည့် မျက်လုံးတို့ဖြင့် ပြောသည်။ "ငါ သဘောကျတယ်။ ကပြလေ။ မင်းတို့ ကမ္ဘာမြေရဲ့ ထူးခြားတဲ့ အကတစ်ခုလောက် ကပြစမ်းပါ..."

"ကောင်းပါပြီ...။" ရန်ယဲ့ရှောင်က တည်ငြိမ်စွာ ပြောသည်။

ထို့နောက် သူမ မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်လိုက်ပြီး ခန်းမကြီးထဲတွင် စတင် ကပြသည်။

သူမ ကပြသည့် အကမှာ အလွန်တရာ အံ့မခန်းဖွယ်ကောင်းလှသော ဒေါင်းအကပင်။ ရန်ယဲ့ရှောင်သည် အနုပညာကို လေ့လာသင်ယူခဲ့သူ ဖြစ်သည်။ ဂီတကို အဓိက သင်ယူခဲ့သော်ငြား သူမမှာ ဘက်စုံထူးချွန်သူတစ်ဦး ဖြစ်သည်။ အကပညာ၌လည်း အလွန် ကျွမ်းကျင်လှရာ ဒေါင်းအကကို အချိန်အတော်ကြာ စွဲလမ်းခဲ့ဖူးသည်။

သို့သော်လည်း တုပိုင်နှင့် ချစ်ကြိုက်သွားပြီးနောက်ပိုင်းတွင်မူ သူမ သိပ်မကဖြစ်တော့ချေ။ သူမ၏ စကားအရဆိုရလျှင် တုပိုင်က သူမအား အလွန် ကောင်းမွန်စွာ ပြုစုယုယထားသဖြင့် ယခင်ကလောက် ပိန်သွယ်မနေတော့ဘဲ ပျံသန်းမထွက်နိုင်သည့် ဒေါင်းတစ်ကောင်လို ခံစားနေရသောကြောင့် ဖြစ်၏။ ဝနေသော ဒေါင်းမလေးတစ်ကောင်ပမာပင်။

အမှန်တကယ်တွင် တုပိုင်နှင့် ချစ်သူဖြစ်နေချိန်၌ ရန်ယဲ့ရှောင်မှာ လုံးဝ မဝနေခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ အချိုးအစားကျနပြီး ပြည့်ဖြိုးလှပနေခဲ့၏။ ထိုပုံစံမှာ တုပိုင် အနှစ်သက်ဆုံး ပုံစံမျိုး ဖြစ်သော်လည်း ဒေါင်းအက ကပြရန်အတွက်မူ အနည်းငယ် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ ယန်လီဖိန်ကို သူမ မမြင်ဖူးသော်လည်း သူမက လျှပ်စီးကြောင်းတစ်ခုလို ပိန်သွယ်နေသည် မဟုတ်ပါလော။

ယခုအချိန်တွင်မူ ရန်ယဲ့ရှောင်၏ ခန္ဓာကိုယ် အချိုးအစားမှာ ယခင်ကထက် ပို၍ပင် ဆွဲဆောင်မှု ရှိနေလေပြီ။ အရပ်ပိုရှည်လာပြီး အလွန်ရှည်လျားသော ခြေတံရှည်ကြီးနှစ်ချောင်း ၊ သွယ်လျကျစ်လျစ်သော ခါးသိမ်သိမ်လေးနှင့် ရှေ့နောက် ကောက်ကြောင်းများမှာ အထင်းသား ပေါ်လွင်နေကာ သွေးနတ်သူငယ် တစ်ပါးနှင့် လုံးဝ တူညီနေတော့၏။

ညို့ငင်နိုင်စွမ်း အလွန် ပြင်းထန်လှသည်။ ငွေရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်၍ ကပြနေသော သူမ၏ ဒေါင်းအကမှာ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြည့်စုံလွန်းလှ၏။

တေးသွားတစ်ပုဒ် ပြီးဆုံးသွားချိန်တွင် ရန်ယဲ့ရှောင်၏ ဒေါင်းအကလည်း ပြီးဆုံးသွားလေပြီ။

"ဒီနေ့ကစပြီး...။" အိမ်ရှေ့စံမင်းသားက မိန့်ဆိုလိုက်၏။ "မင်းရဲ့ ဒေါင်းအကဟာ ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်..."

"အိမ်ရှေ့စံမင်းသား...။" ရန်ယဲ့ရှောင်က အရိုအသေပေးကာ ပြောသည်။ "ကျေးဇူးပြုပြီး တုပိုင်ကို ကယ်ပေးပါ..."

"ဟားဟားဟား...။" အိမ်ရှေ့စံမင်းသားက ရယ်မောလိုက်သည်။ "သူ့ကို စွမ်းအင်ခန္ဓာတစ်ခု ပေးလိုက်ပါ့မယ်..."

ထို့နောက် နေရာမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။ ဆက်လက်၍ သူသည် မြင့်မြတ်နယ်မြေကို ကိုယ်စားပြုကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ဂါရဝပြုမှုကို သွားရောက် လက်ခံရယူမည် ဖြစ်သည်။

အိမ်ရှေ့စံမင်းသား ထွက်ခွာသွားပြီးနောက် ရန်ယဲ့ရှောင်သည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ခွေကျသွားလေပြီး ဒူးနှစ်ဖက်ကို ပိုက်ကာ သူမ၏ လှပသော မေးစေ့လေးကို ဒူးပေါ်တွင် တင်ထားလိုက်၏။

လက်ရှိအချိန်၌ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်များ လုံးဝ ခမ်းခြောက်သွားလေပြီ။

မော်စကိုမြို့တော်က မျက်ရည်များကို မယုံသလို ၊ မြင့်မြတ်နယ်မြေသည်လည်း မျက်ရည်များကို မယုံချေ။

သေချာသည်မှာ ရန်ယဲ့ရှောင်က မျက်ရည်များကို ပို၍ပင် မယုံခြင်း ဖြစ်၏။

အတိတ်ကာလတုန်းက သူမသည် သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရသလို သတိလစ်မေ့မြောနေသည့် ခင်ပွန်းဖြစ်သူ တုပိုင်ကိုလည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ နေ့စဉ်ရက်ဆက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ရသော်လည်း သူမ တစ်ကြိမ်တစ်ခါမျှ မငိုကြွေးခဲ့ဖူးချေ။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမ မည်သို့များ ငိုကြွေးနိုင်မည်နည်း။

မျက်ရည်ဆိုသည်မှာ မိန်းမတစ်ယောက်၏ လက်နက်တစ်ခု သက်သက်သာ ဖြစ်သည်။ ထို့အပြင် တောင်းပန်ခြင်းက အသုံးဝင်မည်ဟု ရန်ယဲ့ရှောင် ဘယ်သောအခါကမှ မယုံကြည်ခဲ့ပေ။

ယခင်က သူမ အိမ်တွင် မရှိခိုက် သူမ၏ မိခင်က တုပိုင်ကို ခေါ်ထုတ်သွားခဲ့ဖူးသည်။ ထိုစဉ်က ရန်ယဲ့ရှောင်သည် လုံးဝ မတောင်းပန်ခဲ့ဘဲ ရှီးဟူရေကန်ဘေးရှိ အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက်တက်သွားကာ မိခင်ဖြစ်သူကို ခြိမ်းခြောက်ခဲ့၏။ 'တုပိုင်ကို ပြန်ပေးမလား... ဒါမှမဟုတ် သမီး အောက်ကို ခုန်ချရမလား' ဟူ၍ပင်။

ဤမျှ ခေါင်းမာတတ်သော သူမကဲ့သို့ မိန်းမတစ်ယောက်က တောင်းပန်ခြင်းသည် အသုံးဝင်မည်ဟု မည်သို့များ ယုံကြည်နိုင်မည်နည်း။

လွန်ခဲ့သော ခုနစ်နှစ်ခန့်က မွေးစားဖခင် အိပ်မက်ဆိုးဧကရာဇ်က ရန်ယဲ့ရှောင်ကို မြင့်မြတ်နယ်မြေဆီသို့ စေလွှတ်ခဲ့၏။

ထိုမတိုင်မီက ရန်ယဲ့ရှောင်တွင် မြင့်မြတ်နယ်မြေနှင့် ပတ်သက်၍ စိတ်ကူးယဉ် အိပ်မက်လေးတစ်ခု ရှိခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေကာမူ အမည်က မြင့်မြတ်နယ်မြေ မဟုတ်ပါလော။ ဤနေရာတွင် မိစ္ဆာများ မရှိချေ။ ဤသည်မှာ လူသားယဉ်ကျေးမှု၏ နောက်ဆုံး မျှော်လင့်ချက်ပင်။

သို့သော် မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင်မူ ရန်ယဲ့ရှောင် အလွန်အမင်း စိတ်ပျက်သွားခဲ့ရ၏။

အသက်ရှင်ကျန်ရစ်သူ လူသားများကို ကယ်တင်ရန် ကမ္ဘာမြေသို့ တပ်များ စေလွှတ်ပေးရန် မြင့်မြတ်နယ်မြေကို သူမ တောင်းဆိုခဲ့သည်။ သို့သော် တုံ့ပြန်မှုကို မရရှိခဲ့သည့်အပြင် လူတိုင်း၏ လှောင်ပြောင်သရော်မှုကိုပါ ခံခဲ့ရသည်။ သူမက အလွန် ရယ်စရာကောင်းပြီး မိုက်မဲလှသည့် ဟာသတစ်ခုကို ပြောလိုက်သကဲ့သို့ပင်။

ထို့နောက် သူမ ကမ္ဘာမြေသို့ ပြန်သွားချင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသားက သူမကို သဘောကျသွားပြီး သူ၏ ကိုယ်လုပ်တော် တစ်ဦးအဖြစ် သိမ်းပိုက်လိုသောကြောင့် ဖြစ်၏။

မြင့်မြတ်နယ်မြေသည် မျိုးဗီဇလိုက်ဖက်မှုအပေါ် အမှန်တကယ် အခြေခံထားခြင်း ဖြစ်၏။ သူတို့၏ မျိုးဗီဇများ လုံလောက်စွာ ကောင်းမွန်မှသာလျှင် ပေါင်းဖက်ခွင့် ရှိလေပြီး ကိုယ်တိုင် အိမ်ထောင်ဖက် ရွေးချယ်ခွင့် မရှိချေ။

သို့သော် ထိုအရာက မြင့်မြတ်နယ်မြေ၏ သာမန်အထက်တန်းလွှာများအတွက်သာ ဖြစ်သည်။

ထိပ်တန်း၌ရှိနေသူများမှာမူ လူ့သဘာဝ ခံစားချက်နှင့် ရမ္မက်များ ရှိနေဆဲဖြစ်ပြီး သူတို့ သဘောကျသော အမျိုးသမီးကို ရွေးချယ်ခွင့် ရှိသည်။ သို့သော် တရားဝင်သော နည်းလမ်းဖြင့် ရယူကြခြင်း ဖြစ်၏။

လုံလောက်သည့် အကျိုးပြုမှုများ ရှိလာသောအခါနှင့် အလွန်ထူးချွန်သောအခါ အိမ်ထောင်ဖက်များစွာအား ယူထားခြင်းမှာ ပုံမှန်သာ ဖြစ်သည်။

ထို့ကြောင့် ရန်ယဲ့ရှောင်၏ မျိုးဗီဇက အိမ်ရှေ့စံမင်းသားနှင့် ကိုက်ညီနေခဲ့ပြီး သူ၏ ပဉ္စမမြောက် ကိုယ်လုပ်တော် ဖြစ်လာရန် အကြောင်းဖန်လာခဲ့၏။

ဤသည်မှာ နဂါးသွေးနွယ်ဖွား ယဉ်ကျေးမှု၏ အနာဂတ်အတွက် သတ်မှတ်ထားသော မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သော ဥပဒေတစ်ခု ဖြစ်လေရာ မည်သူကမျှ ငြင်းဆန်ပိုင်ခွင့် မရှိချေ။

အကယ်၍ ငြင်းဆန်ခဲ့ပါက နဂါးကျောင်းတော်၌ ငါးနှစ်တိတိ အကျဉ်းချခံရမည် ဖြစ်၏။ ထို့အတွက်ကြောင့်ပင် ရန်ယဲ့ရှောင်သည် နဂါးကျောင်းတော်၌ အကျဉ်းချခံရရင်း ငါးနှစ်တာ အချိန်ကုန်ဆုံးခဲ့ရသည်။ ငါးနှစ်တာ အကျဉ်းကျနေစဉ်အတွင်း ရန်ယဲ့ရှောင်သည် အချိန်ကို အလဟဿ မဖြုန်းတီးခဲ့ဘဲ မိနစ်တိုင်း စက္ကန့်တိုင်းကို အသုံးပြု၍ ကျင့်ကြံအားထုတ်ခဲ့၏။

သူမ လွတ်မြောက်လာပြီး မကြာမီမှာပင် ဆိုးရွားလှသော သတင်းဆိုးတစ်ခုကို ကြားလိုက်ရသည်။ အိပ်မက်ဆိုးအင်ပါယာကြီး ပျက်သုဉ်းသွားခဲ့လေပြီ။ သူမ၏ မွေးစားဖခင် အိပ်မက်ဆိုးဧကရာဇ်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။

မကြာမီမှာပင် တုပိုင်နှင့် ကျောက်ယန်ဖိန်တို့အကြားမှ အဆုံးအဖြတ် တိုက်ပွဲကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက်ကြောင့် တုပိုင် ပြာကျသွားသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် လက်ရှိ သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် သူမ လုံးဝ ပြိုလဲသွားတော့မည်ဟု ခံစားခဲ့ရ၏။

သို့သော် သူမ စိတ်ကို တည်ငြိမ်အောင် ခိုင်ခိုင်မာမာ ထိန်းချုပ်လိုက်ပြီးနောက် မြင့်မြတ်နယ်မြေ၏ ဘုရင်မကြီးထံ သွားရောက်တွေ့ဆုံကာ နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းကို ပြန်လည်စတင်ရန် အကြံပြုခဲ့သည်။

နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းဆိုသည်မှာ မြင့်မြတ်နယ်မြေတွင် ထိပ်တန်း လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ဤစီမံကိန်းကို အနည်းဆုံး အကြိမ်တစ်ရာခန့် အဆိုပြုခဲ့ကြပြီး စမ်းသပ်မှုပေါင်း ဒါဇင်နှင့်ချီ၍ ပြုလုပ်ခဲ့သော်လည်း ချွင်းချက်မရှိ ကျရှုံးခဲ့ရသောကြောင့်ပင်။

ယခုတစ်ကြိမ်တွင် မြင့်မြတ်နယ်မြေမှ ပညာရှင်များသည် အသစ်သော သီအိုရီတစ်ခုကို အသုံးပြုခဲ့ကြသော်လည်း စမ်းသပ်မှုများ မပြုလုပ်ရသေးချေ။

သို့သော် မြင့်မြတ်နယ်မြေ၏ ဘုရင်မကြီးက ထိုစီမံကိန်းကို အတည်ပြုပေးခဲ့သောကြောင့် ရန်ယဲ့ရှောင်နှင့် အခြားသော နဂါးသွေးနွယ်ဖွား အမျိုးသားတစ်ဦးတို့က တုပိုင်၏ ဝိညာဉ်ကို သွားရောက် ယူလာခဲ့ကြခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားက တုပိုင်၏ ရှင်ခြင်းနှင့် သေခြင်းကို အသုံးချကာ သူမ၏ နောက်ဆုံးခံတပ်ကို တဖြည်းဖြည်းချင်း ချိုးဖျက်ရန် ကြိုးပမ်းခဲ့ပြီး အဆုံးတွင် ရန်ယဲ့ရှောင်အား သူ၏ အိပ်ရာပေါ်သို့ ကိုယ်တိုင် တက်လာစေရန် အလိုရှိနေခဲ့၏။

သို့သော် ရန်ယဲ့ရှောင်က အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်နေထိုင်ရင်း သူမ၏ အစီအစဉ်ကို ခက်ခက်ခဲခဲ ရှေ့ဆက်ခဲ့ရသည်။

တုပိုင်နှင့် သူမ တွေ့ဆုံခဲ့သည့် တိုတောင်းလှသော မိနစ်အနည်းငယ်အတွင်း၌ သူမ ပြောခဲ့သည့် စကားလုံးတိုင်းမှာ စောင့်ကြည့်ခံနေခဲ့ရ၏။ ထို့ပြင် တုပိုင်ကို ကယ်တင်သင့် ၊ မကယ်တင်သင့်ဆိုသည်ကို မြင့်မြတ်နယ်မြေက မစဉ်းစားမီ တုပိုင်နှင့် လုံးဝ လမ်းခွဲပြတ်စဲပါမည်ဟု အိမ်ရှေ့စံမင်းသားထံ သူမ ကတိပေးခဲ့ရသည်။

ထို့အတွက်ကြောင့် သူမနှင့် တုပိုင် တွေ့ဆုံခဲ့သည့် မိနစ်အနည်းငယ်အတွင်း၌ ပြောဆိုခဲ့သော စကားများ၏ ၇၀ ရာခိုင်နှုန်းမှာ တုပိုင်နှင့် လမ်းခွဲမည့် စကားများသာ ဖြစ်နေခဲ့ရာ ထိုအရာက အိမ်ရှေ့စံမင်းသားကို စိတ်သက်သာရာ ရသွားစေခဲ့၏။

သို့သော်လည်း သူမနှင့် တုပိုင် ပြောဆိုခဲ့သည့် စကားများအနက် အများစုမှာ အချည်းနှီးသာ ဖြစ်ပြီး စကားတစ်ခွန်းတည်းကသာ အသက်ဝင်ခဲ့သည်။

"ရှင် တကယ်လို့ မိန်းမ လိုနေတယ်ဆိုရင်... မိုဟန်ကို ရွေးချယ်လို့ရတယ်လေ..."

ထိုစကားက ဒေါသထွက်နေပုံ ပေါက်နေသကဲ့သို့ လှောင်ပြောင်သရော်နေပုံလည်း ပေါက်နေ၏။ သို့သော် ထိုစကားတစ်ခွန်းတည်းကသာ အဓိက သော့ချက်ကျသည့် သတင်းစကား ဖြစ်သည်။

တုပိုင် နားလည်သဘောပေါက်မည်ဆိုသည်ကို ရန်ယဲ့ရှောင် အသေအချာ ယုံကြည်ထားသည်။

လမ်းခွဲစကားများနှင့် သူတို့နှစ်ဦးကြား အဆုံးသတ်သွားပြီ ဆိုသည့် ခံစားချက်မဲ့ စကားလုံးများမှာ သူတို့ကြားရှိ မျက်လုံးချင်း စကားပြောသည်ကို မယှဥ်နိုင်ပေ။

သူတို့အားလုံးမှာ လူကြီးများ ဖြစ်ကြလေရာ ဟာသလုပ်ပြောရမည်ကို မကြောက်ကြချေ။ တုပိုင်ကို တွေ့လိုက်ရသည့်အချိန်တွင် ရန်ယဲ့ရှောင်၏ ပထမဆုံးသော အလိုအလျောက် တုံ့ပြန်မှုမှာ ရူးသွပ်လွန်းသော ခံစားချက်များကြောင့် သူမ၏ ခြေထောက်များကို တင်းတင်းစေ့ထားမိခြင်းပင်။ (ဘာလား 🤔)

တုပိုင်နှင့် ရန်ယဲ့ရှောင်တို့မှာ ခေတ္တခဏ ခွဲခွာခဲ့ရခြင်းမျိုး မဟုတ်ဘဲ ဆယ်နှစ်ကျော်ကြာ ကွဲကွာနေခဲ့ကြခြင်း ဖြစ်ကြသည်။ သို့သော် မတတ်နိုင်စွာဖြင့်ပင်... သူတို့နှစ်ဦး တွေ့တွေ့ချင်း၌ ရန်ယဲ့ရှောင်က တုပိုင်ကို အခြားအမျိုးသမီးတစ်ဦးအား သိမ်းပိုက်ရန် ဖျောင်းဖျပြောဆိုခဲ့ရသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters