အခန်း ၁၀၄၅
Vol. 103 Ch. 1045
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၅)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ယခုအခါ အထီးကျန်ဆန်မှုဆိုသည်မှာ သူမ နှစ်ခြိုက်နိုင်သည့် အရာတစ်ခု မဟုတ်တော့ပေ။ ကျပ်မပြည့်သည့် ဘုရင်မဟု ဆိုကြသည့် သူမပင်လျှင် တုပိုင်၏ အဖော်ပြုမှုကို အသည်းအသန် တောင့်တနေရလေပြီ။
“အားလုံး ဆုတ်ခွာကြ…”
ရုတ်တရက် မှော်ဆရာ ရာပေါင်းများစွာတို့က ဓာတ်ခွဲခန်းထဲမှ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ မကြာမီ ဖြစ်ပေါ်လာမည့် တိုက်မိမှုကို ဓာတ်ခွဲခန်း ဟင်းလင်းပြင်၏ အပြင်ဘက်မှနေ၍ စောင့်ကြည့်ကြမည် ဖြစ်သည်။
အကယ်၍ စမ်းသပ်မှုသာ ကျရှုံးပြီး ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပါက ထိုပေါက်ကွဲမှုသည် နျူကလီးယားဗုံး မရေမတွက်နိုင်အောင် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသည်နှင့် ညီမျှပေလိမ့်မည်။ ဓာတ်ခွဲခန်းတစ်ခုလုံး ပြာကျသွားမည်ဖြစ်ပြီး ဤမှော်ဆရာ ရာပေါင်းများစွာသည်လည်း ချက်ချင်းပင် အငွေ့ပျံသွားကြလေမည်။
ကံကောင်းထောက်မစွာဖြင့် ပင်မဓာတ်ခွဲခန်းကို လုံးဝ သီးခြားခွဲထုတ်ထားသည့် သီးသန့် ဟင်းလင်းပြင်တစ်ခုအတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ ပေါက်ကွဲမှု မည်မျှပင် ကြီးမားစေကာမူ အပြင်သို့ စိမ့်ထွက်လာမည် မဟုတ်။ သို့မဟုတ်ပါက မိုင်ရာနှင့်ချီသော ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားပေလိမ့်မည်။
ပင်မဓာတ်ခွဲခန်း ဟင်းလင်းပြင်၏ အပြင်ဘက်မှနေ၍ မှော်ဆရာ ရာပေါင်းများစွာက လုပ်ငန်းစဉ်ကို အဝေးမှနေ၍ စတင် ကွပ်ကဲလိုက်ကြသည်။
မှော်ဆရာခေါင်းဆောင်မှာ အသက်ကိုပင် အောင့်ထားလိုက်မိ၏။ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ဤနောက်ဆုံး ရိုက်ခတ်မှုအပေါ်တွင် အပြည့်အဝ မူတည်နေသည်။ ဤအခိုက်အတန့်က မဟာရိုက်ခတ်မှု သီအိုရီပြီး အမှန်တကယ် ဖြစ်နိုင်ခြေ ရှိမရှိကို အတိအကျ ဆုံးဖြတ်ပေးမည် ဖြစ်သည်။
အကယ်၍ သူတို့သာ အောင်မြင်ခဲ့ပါက နဂါးမျိုးနွယ်သစ်တစ်ခုကို ပြန်လည်နိုးထစေနိုင်မည် ဖြစ်သည်။ အကယ်၍ ကျရှုံးခဲ့ပါက ကောင်းကင်နှင့်တမျှ ကုန်ကျစရိတ် ကြီးမားလှသော ဤပင်မဓာတ်ခွဲခန်း ဟင်းလင်းပြင်ကြီးသည် လုံးဝ ဖျက်ဆီးခံလိုက်ရလေမည်။
သူ၏ စိတ်ကို တည်ငြိမ်စေရန် မျက်လုံးများကို စက္ကန့်အနည်းငယ်ခန့် ပိတ်ထားလိုက်ပြီးနောက် မြင့်မြတ်နယ်မြေ၏ မှော်စစ်သေနာပတိက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
“အရှိန်တင်တာကို စတင်လိုက်…”
“တိုက်ချလိုက်…”
ချက်ချင်းဆိုသလိုပင်။ ပင်မဓာတ်ခွဲခန်း တစ်ခုလုံး၏ စွမ်းအင် ထုတ်လွှတ်မှုမှာ အမြင့်ဆုံး ကန့်သတ်ချက်အထိ တွန်းပို့ခံလိုက်ရသည်။
မိုင်ရာနှင့်ချီသော ပတ်ဝန်းကျင်ရှိ ကျောက်သလင်း မီးလုံးများအားလုံးမှာ တစ်စက္ကန့်တိတိ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့၏။ ကောင်းကင်ယံတွင် ပျံသန်းနေကြသည့် အာကာသယာဉ်များပင်လျှင် ခေတ္တမျှ ရပ်တန့်သွားခဲ့ကြရသည်။
ဖိသိပ်ထားသည့် စွမ်းအင်အမှတ်နှစ်ခုမှာ သူတို့၏ အမြင့်ဆုံး ကန့်သတ်ချက်များအထိ အရှိန်မြှင့်တင်ခံလိုက်ရ၏။
တစ်စက္ကန့်လျှင် မီတာ တစ်သောင်း ၊ တစ်စက္ကန့်လျှင် မီတာ တစ်သိန်း ၊ တစ်စက္ကန့်လျှင် မီတာ တစ်သန်း… နောက်ဆုံး၌မူ စွမ်းအင်အမှတ်နှစ်ခုသည် အလင်းအလျင်၏ ဆယ်ပုံတစ်ပုံ ဟူသော အံ့မခန်း အမြန်နှုန်းအထိပင် ရောက်လာသည်။
ကမ္ဘာမြေမှ လူတစ်ယောက်အတွက် ဤအမြန်နှုန်းက သိပ်ပြီး အံ့သြစရာကောင်းမည်ဟု မထင်ရပေ။ အဘယ်ကြောင့်ဆိုသော် ဟက်ဒရွန် အမှုန်တိုက်စက်သည် အမှုန်များကို အလင်းအလျင်နီးပါးအထိ တွန်းပို့ပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ကမ္ဘာမြေပေါ်တွင် တိုက်မိကြသော အမှုန်များ၌ အလွန်တရာ သေးငယ်လှသော စွမ်းအင်ပမာဏများသာ ပါဝင်သည်။
မြင့်မြတ်နယ်မြေတွင်မူ ဤအလွန်အမင်း ဖိသိပ်ထားသော အမှတ်နှစ်ခုထဲ၌ ဖျက်သင်္ဘောဆယ်စင်း၏ ပေါင်းစပ်ထားသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေ၏။ ထိုမျှ ကြီးမားလှသော စွမ်းအားနှစ်ခု တိုက်မိသွားသောအခါ ဖြစ်ပေါ်လာသည့် စွမ်းအင်ထုတ်လွှတ်မှုမှာ ကောင်းကင်ကိုပင် အန်တုနိုင်လောက်ပြီး လုံးဝကို ခန့်မှန်း၍ ရနိုင်မည် မဟုတ်ပေ။
“ဘုန်းးးးးးး”
စက္ကန့်တစ်စိတ်စာမျှ အချိန်အတွင်းမှာပင် ကြီးမားလှသည့် စွမ်းအားများပါဝင်သည့် စွမ်းအင်အမှတ်နှစ်ခုသည် သူတို့၏ သက်ဆိုင်ရာ မီတာ ၁၅၀ အကွာအဝေးကို ဖြတ်သန်းသွားကာ အချင်းချင်း ပြင်းထန်စွာ ဝင်တိုက်မိသွားကြသည်။
ကပ်ဘေးကဲ့သို့သော စွမ်းအင်များသည် ဘုရင်မမိုဟန်၏ ခန္ဓာကိုယ်အတွင်း၌ တိုက်ရိုက် ဧရာမ ရိုက်ခတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေ၏။ ထိုသည်က နေမင်းထက်ပင် အဆပေါင်း တစ်သန်းမျှ ပိုမိုတောက်ပသည့် မျက်စိကျိန်းမတတ် အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ခေတ်တစ်ခေတ်ကို ဖန်တီးပေးမည့် တိုက်မိမှုကြီး ပြီးဆုံးသွားလေပြီ။
မဟာနဂါးမျိုးနွယ် ပြန်လည်နိုးထရေး စီမံကိန်းသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ ဤရိုက်ခတ်မှု တစ်ခုတည်းကပင် မြင့်မြတ်နယ်မြေ၏ တစ်နှစ်စာ စုစုပေါင်း စွမ်းအင်ထုတ်လုပ်မှု၏ ၃၅ ရာခိုင်နှုန်းကို ကုန်ဆုံးသွားစေခဲ့သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် အေးခဲနေသော ရေခဲပြင်များပေါ်တွင် မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားနှင့် အိပ်မက်ဆိုးမိစ္ဆာဘုရင်တို့ တွေ့ဆုံနေကြသည်။
ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း မဟုတ်ပေ။ အပြစ်အနာအဆာကင်းသော အဖြူရောင် ရေခဲပြင်က သူတို့၏ ကမ္ဘာနှစ်ခုကြားရှိ နယ်နိမိတ်ကို ကိုယ်စားပြုနေ၏။ အုပ်စုနှစ်ခု၏ ခေါင်းဆောင်များသည် တူညီသော ခြေလှမ်းအမြန်နှုန်းဖြင့် တစ်ဦးနှင့်တစ်ဦး ချဉ်းကပ်လာခဲ့ကြသည်။
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ အရပ် ခြောက်မီတာ အမြင့်ရှိ၏။ သူနှင့် ဆန့်ကျင်ဘက်အနေဖြင့် အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ အရပ် ငါးမီတာသာ ရှိသည်။
ထိုအရွယ်အစား ကွာခြားမှုမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားခြင်းဖြစ်ပြီး သူ၏ ကျိုးနွံသော သဘောထားကို ပြသခြင်းနှင့် အိမ်ရှေ့စံမင်းသား၏ အောက်တွင် ရှိနေကြောင်းကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။
ချိန်ဆထားသော ခြေလှမ်းများဖြင့် သူတို့နှစ်ဦးသည် အတိအကျ မီတာ ၁၅၀ စီ လျှောက်လှမ်းလာခဲ့ကြပြီး အလယ်ဗဟိုတည့်တည့်တွင် တွေ့ဆုံခဲ့ကြ၏။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ရှေးဦးစွာ လက်ကမ်းပေးလိုက်ပြီး အိမ်ရှေ့စံမင်းသားကလည်း တုံ့ပြန်လိုက်ရာ သူတို့၏ ဧရာမ လက်ကြီးနှစ်ဖက်မှာ တင်းကျပ်စွာ ဆုပ်ကိုင်မိသွားကြသည်။ အိပ်မက်ဆိုးမိစ္ဆာဘုရင်က တစ်လှမ်းပိုတိုးကာ သူ၏ အခြားလက်တစ်ဖက်ကိုပါ ထပ်မံအုပ်ကိုင်လိုက်ပြီး အနည်းငယ် အရိုအသေပေးလိုက်၏။
လွန်ကဲသော ယဉ်ကျေးပျူငှာမှုက အိမ်ရှေ့စံမင်းသားကို အလွန်အမင်း ကျေနပ်သွားစေပြီး တည်ငြိမ်၍ မောက်မာသောဟန်ဖြင့် မေးစေ့ကို မော့ထားလိုက်သည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က နှုတ်ဆက်သည်။ “အိမ်ရှေ့စံမင်းသား… အလုပ်များတဲ့ကြားက အခုလို အချိန်ပေးပြီး လာရောက်တွေ့ဆုံတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက တိုက်ရိုက်ပင် မေးလိုက်၏။ “တုရှောင် ဘယ်မှာလဲ…”
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ပြန်ဖြေသည်။ “မင်းသမီးတုရှောင်ကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့နဲ့ မြင့်မြတ်နယ်မြေကို လွှဲပြောင်းပေးဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူက ပြတ်ပြတ်သားသားပဲ ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်က အရမ်းကို ခိုင်မာပါတယ်။ ဒါကြောင့် အိမ်ရှေ့စံမင်းသားဆီက အမိန့်မရဘဲ ကျွန်တော် အလျင်စလို မလုပ်ရဲခဲ့ပါဘူး။”
“အိမ်ရှေ့စံမင်းသားဆီက စကားတစ်ခွန်းရတာနဲ့တစ်ပြိုင်နက် မင်းသမီးတုရှောင်ကို ဖမ်းဆီးပြီး မြင့်မြတ်နယ်မြေကို ပြန်လည်ခေါ်ဆောင်လာဖို့ ကျွန်တော့်ရဲ့ တပ်ဖွဲ့တွေကို ချက်ချင်း စေလွှတ်လိုက်ပါ့မယ်…”
အိမ်ရှေ့စံမင်းသားက ပြန်ပြော၏။ “မလိုတော့ပါဘူး…”
အမှန်တကယ်တော့ သူအနေဖြင့် တုရှောင်ကို လုံးဝ မတွေ့ချင်ပေ။ သူမကို မြင်တွေ့လိုက်ရခြင်းက ရန်ယဲ့ရှောင် တစ်ယောက် အခြားယောက်ျားတစ်ယောက်နှင့် အတူအိပ်ခဲ့ပြီး သမီးတစ်ယောက်ပင် မွေးဖွားခဲ့သည်ဆိုသည့်အချက်ကို အမြဲတမ်း ပြန်လည်အမှတ်ရစေမည် ဖြစ်သောကြောင့်ပင်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ပြုံးလိုက်၏။ “ဒါဆိုရင် အိမ်ရှေ့စံမင်းသားအနေနဲ့ လှပတဲ့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပြီးတော့ တုပိုင်ရဲ့ ခေါင်းပေါ်မှာ အစိမ်းရောင်ဦးထုပ်ကို အောင်အောင်မြင်မြင် ဆောင်းပေးနိုင်ပါစေဗျာ…”
အိမ်ရှေ့စံမင်းသား မျက်မှောင်ကြုတ်သွား၏။ မည်မျှပင် ရိုင်းစိုင်းလှသည့် စကားများဖြစ်သည်နည်း။
အိမ်ရှေ့စံမင်းသားက ပြောသည်။ “ရွှေရောင်နဂါးတောင်ဝှေး ဘယ်မှာလဲ…”
ချက်ချင်းပင် အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ ပို၍ပင် နိမ့်ကျစွာ အရိုအသေပေးလိုက်ပြီး နဂါးဝိညာဉ် ကျောက်သလင်းများ မြှုပ်နှံထားသည့် ရွှေရောင်တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ ရိုသေစွာဖြင့် ဆက်သလိုက်၏။
အိမ်ရှေ့စံမင်းသားက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လုံးဝ ဂရုမစိုက်သည့် အမူအရာဖြင့် ရွှေရောင်တောင်ဝှေးကို ပေါ့ပေါ့ပါးပါးပင် ဆွဲယူလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ အတွေးများက မသိနားမလည်သော တုပိုင်ထံသို့ လွင့်မျောသွား၏။ ရေတွင်းအောက်ခြေတွင်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေသည့် ထိုမောက်မာသော အရူးက မြင့်မြတ်နယ်မြေ၏ အစစ်အမှန် စွမ်းအားကို လုံးဝ နားမလည်ပေ။
ထိုအကောင်က အိပ်မက်ဆိုးမိစ္ဆာဘုရင်သည် ဤရွှေရောင်တောင်ဝှေးကို အသုံးပြုကာ နဂါးစွမ်းအင် အကာအကွယ်ကို အတင်းအကျပ် ဆွဲဖြဲပြီး သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကို မြင့်မြတ်နယ်မြေထဲသို့ ဦးဆောင်ဝင်ရောက်လာလိမ့်မည်ဟုပင် ဆိုခဲ့သေးသည် မဟုတ်ပါလော။
သို့သော် ယခုတော့ အိပ်မက်ဆိုးမိစ္ဆာဘုရင်က ရွှေရောင်တောင်ဝှေးကို နာခံမှုရှိရှိဖြင့် လွှဲပြောင်းပေးအပ်နေလေပြီ။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ဤတောင်ဝှေးကို လက်နက်တစ်ခုအနေဖြင့် အသုံးပြုမည်ဆိုသည့် အဆိုမှာ လုံးဝ အဓိပ္ပာယ်မရှိသည့် စကားသာ ဖြစ်သည်။
သို့သော် အိမ်ရှေ့စံမင်းသားမှာ တုပိုင်၏ မျက်နှာပေါ်သို့ ပစ်ပေါက်ကာ လှောင်ပြောင်ရန် ရည်ရွယ်ချက်တော့ မရှိပေ။ ထိုမျှ သနားစရာကောင်းသော ပုရွက်ဆိတ်တစ်ကောင်ကို အရှက်ခွဲနေရခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။ သူ၏ ကိုယ်ပိုင် အဆင့်အတန်းကိုသာ နိမ့်ကျသွားစေမည် ဖြစ်၏။
ကြီးမားလှသည့် အစွမ်းရှိသည့် ရှေးဟောင်းပစ္စည်းကို တန်ဖိုးပေါများသော မီးထိုးချောင်းတစ်ချောင်းကဲ့သို့ ဆုပ်ကိုင်ထားရင်း အိမ်ရှေ့စံမင်းသားက ရွှေရောင်တောင်ဝှေးဖြင့် ရေခဲပြင်ကို ပုတ်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “အိပ်မက်နယ်မြေရဲ့ မင်းသား… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သွားတော့မယ်…”
ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ထွက်ခွာသွားသည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ပြောရင်း နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။ “အိမ်ရှေ့စံမင်းသားကို ရိုသေစွာဖြင့် ပို့ဆောင်ပေးလိုက်ပါတယ်…”
အိမ်ရှေ့စံမင်းသားက သူ့ကို လုံးဝ လျစ်လျူရှုကာ ဇိမ်ခံ အာကာသယာဉ်တစ်စင်းဖြင့် ထွက်ခွာသွားသည်။ လုပ်ငန်းစဉ် တစ်ခုလုံးတွင် အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ လှုပ်ရှားမှုမရှိဘဲ ကိုင်းညွတ်လျက်သားပင် ရှိနေခဲ့၏။
ဤကမ္ဘာလောကရှိ လူများမှာ အလွန်တရာ ကောက်ကျစ်စဉ်းလဲကြပြီး ရိုးရှင်းသော ကျိုးနွံမှု ဟန်ဆောင်ခြင်းတစ်ခုက မည်သူ့ကိုမျှ လှည့်စားရန် မလုံလောက်ပေ။ သို့သော်… ထိုဟန်ဆောင်မှုကို ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်ခဲ့မည်ဆိုပါက မည်သူ့ကိုမဆို လှည့်စားနိုင်မည် ဖြစ်သည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်သည် ဤနှိမ့်ချသော လက်အောက်ငယ်သားတစ်ဦး၏ ဇာတ်ရုပ်ကို သရုပ်ဆောင်လာခဲ့သည်မှာ တစ်ဆယ့်သုံးနှစ်တိုင်တိုင် ရှိခဲ့လေပြီ။
အိမ်ရှေ့စံမင်းသား၏ အာကာသယာဉ် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အိပ်မက်ဆိုးမိစ္ဆာဘုရင်က နောက်ဆုံးတွင် ခါးကို မတ်လိုက်ကာ သူ၏ မျက်နှာအထက်၌လည်း လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာ၏။
“အချိန်နီးလာပြီပဲ။ မြင့်မြတ်နယ်မြေရဲ့ နိဂုံးချုပ်ချိန်က နီးကပ်လာနေပြီ… ကျောက်ယန်ဖိန်… မင်းက ရုပ်ရှင်ရိုက်ရတာကို အဲဒီလောက်တောင် နှစ်သက်တာကို ငါ့ကို ဇာတ်လိုက်မင်းသားအဖြစ် သရုပ်ဆောင်ခိုင်းဖို့ လုံးဝ မေ့သွားခဲ့တာပဲ။ နှမြောစရာပဲကွာ…”
**--**--**--**--**--**--**--**
မြင့်မြတ်နယ်မြေသို့ ပြန်ရောက်သောအခါ အိမ်ရှေ့စံမင်းသားသည် ရွှေရောင်တောင်ဝှေးကို သူ၏ အဓိပတိထံသို့ လွှဲပြောင်းပေးအပ်ရန် မစောင့်နိုင်တော့ပေ။
ထို့နောက်တွင်တော့ တောင်ဝှေးသည် နန်းတော်၏ ပင်မစွမ်းအင်အစီအရင်အတွင်း နက်ရှိုင်းစွာ ချိတ်ပိတ်ခံရမည်ဖြစ်ပြီး ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုတိုင်အောင် နေရောင်ကို မြင်တွေ့ရမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်နယ်မြေမှ နဂါးသွေးနွယ်ဖွားများသည် နဂါးမျိုးနွယ်အပေါ် ယုံကြည်မှုနှင့် ရိုသေကိုင်းရှိုင်းမှုများကို ဆုံးရှုံးခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ သေချာသည်မှာ အနာဂတ်တွင် အခြားသော စမ်းသပ်မှုတစ်ခုအတွက် လိုအပ်လာပါက ထိုတောင်ဝှေးကို ပြန်လည်ထုတ်ယူလာနိုင်သည် မဟုတ်လော။
ရှေးဟောင်းပစ္စည်းကို လျစ်လျူရှုကာ အိမ်ရှေ့စံမင်းသားသည် ပင်မဓာတ်ခွဲခန်း အပြင်ဘက်ရှိ စောင့်ကြည့်ရေးကုန်းပတ်ဆီသို့ အလျင်အမြန် သွားရောက်လိုက်ပြီး အလောတကြီး မေးလိုက်၏။ “ရလဒ်က ဘယ်လိုလဲ…”
နဂါးမျိုးနွယ် ပြန်လည်နိုးထရေး စမ်းသပ်မှုမှာ သူ အမှန်တကယ် ဂရုစိုက်သည့် အရာပင် ဖြစ်၏။
သူ စိတ်လှုပ်ရှားနေရခြင်းမှာ နဂါးများကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ အကယ်၍ နဂါးတစ်ကောင်ကို အောင်မြင်စွာ ပြန်လည်နိုးထစေနိုင်ခဲ့ပါက စီးနင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ စီးနင်းသည် ဆိုရာတွင် မြင်းတစ်ကောင်ကဲ့သို့ စီးတော်ယာဉ်အဖြစ် အသုံးပြုရန် သက်သက်ကို ဆိုလိုခြင်း မဟုတ်။ မိန်းမတစ်ယောက်အနေဖြင့် သူမကို စီးနင်းရန် ဆိုလိုခြင်း ဖြစ်၏။
နဂါးသွေးနွယ်ဖွားများ၏ အကြီးမြတ်ဆုံးသော ဘုရင်တစ်ပါး၏ အန္တိမ ပန်းတိုင်မှာ မည်သည်နည်း။ နဂါးမျိုးနွယ်၏ အကြွင်းမဲ့ အရှင်သခင်အဖြစ် ခံယူပြီး သူမကို သူ၏ အိပ်ရာပေါ်တွင် အောင်နိုင်ရန်ပင်။
ရုတ်တရက် မှော်ဆရာခေါင်းဆောင်သည် မှော်ဆရာ ရာပေါင်းများစွာကို ဦးဆောင်ကာ အားလုံး တစ်ပြေးညီ ဒူးထောက်ချလိုက်ပြီး ခေါင်းများ ကိုင်းညွတ်လိုက်ကြသည်။
မကြုံစဖူးသော စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်စွာဖြင့် မှော်ဆရာခေါင်းဆောင်က အော်ဟစ်လိုက်၏။ “အိမ်ရှေ့စံမင်းသား… ကျွန်တော်တို့ အောင်မြင်ပါပြီ။ ကျွန်တော်တို့ အောင်မြင်သွားပါပြီ…”
အိမ်ရှေ့စံမင်းသား၏ မျက်လုံးများမှာ အလင်းတန်းများဖြင့် တောက်ပသွား၏။ “တကယ်လား… နဂါးမျိုးနွယ်က တကယ်ပဲ ပြန်လည်နိုးထလာတာလား…”
မှော်ဆရာခေါင်းဆောင်က ဝမ်းသာအားရ အော်ပြောလိုက်၏။ “ဟုတ်ပါတယ်… ပြီးပြည့်စုံတဲ့ နဂါးတစ်ကောင်ပါပဲ…”
“မိုဟန်လား…”
“ဟုတ်ပါတယ်။ လှပတဲ့ နဂါးမလေးတစ်ကောင်ပါ။ ပြီးတော့ သူက နဂါးပုံစံနဲ့ လူသားပုံစံကို စိတ်ကြိုက် ပြောင်းလဲနိုင်စွမ်း ရှိနေပါတယ်…”
အိမ်ရှေ့စံမင်းသား၏ အသက်ရှူသံမှာ ပြင်းလာပြီး သူ၏ အသံမှာ မျှော်လင့်ချက်များကြောင့် တုန်ယင်နေ၏။ “သူက လုံးဝ အဖြူထည်လေးလား…” (အပျိုစင်လား)
မှော်ဆရာခေါင်းဆောင်က ခေါင်းညိတ်သည်။
“ဟားဟားဟား” အိမ်ရှေ့စံမင်းသားက ခေါင်းကို မော့ကာ ရယ်မောလိုက်သည်။ “အရမ်းကောင်းတယ်။ ငါ သူနဲ့ စိတ်ပိုင်းဆိုင်ရာ ယှက်နွယ်မှုကို စတင်လုပ်ဆောင်မယ်။ ငါ သူ့ကို စီးနင်းပစ်မယ်။ ငါက နဂါးမျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်လာရုံတင် မကဘူး… သူ့ရဲ့ ယောက်ျားပါ ဖြစ်လာစေရမယ်။ ဟားဟားဟားဟား…”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၄၅) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(အပိုင်း ၂၀ မှ တစ်ခါဆိုရင် အရမ်းကြာမှာဆိုးလို့ တစ်ရက် ၅ ပိုင်းလောက် မှန်မှန် တင်ပေးသွားမယ်နော်။ အပိုင်း ၂၀ ကို တစ်ထောင်ပါဗျ။ မနက်ဖြန် ၅ ပိုင်း အသစ်ရပါမယ်။)