← Chapters

Chapter 1415 - 1416

Vol. 95 Ch. 1415 - 1416

Chapter 1415 - 1416

Vol. 95 Ch. 1415 - 1416

Chapter 1415 နတ်ဆိုး ရောက်လာပြီ

“ငါ့ကိုလွှတ် မလုပ်နဲ့”

“မိစ္ဆာတွေ၊ မင်းတို့က မိစ္ဆာတွေ”

“ကူညီပါဦး တစ်ယောက်ယောက် ကူညီပါဦး”

ချက်ချင်းဆိုသလိုပင် နာကျင်စွာ ငိုကြွေးမြည်တမ်းသံများနှင့် ပြည့်နှက် လာသည်။ သူတို့ ဆောက်တည်ရာမရ ဖြစ်နေကြသည်။

ဤနတ်ဆိုးများက သူတို့ကို ကစားနေသကဲ့သို့ အလွယ်တကူ သတ်နိုင်နေသည်။ လူတစ်ယောက်သည် ဤမိစ္ဆာများကြောင့် တစ်စစီ ဖြစ်သွားပြီး တဖြည်းဖြည်း အစားခံနေရသည်။ အားလုံး အော်ဟစ်ရင်း အစားခံလိုက်ရသည်။

သို့သော် နတ်ဆိုးများသည် ဆာလောင်နေသူများ မဟုတ်ပေ။ လူ့ခန္ဓာကိုယ်ကို ဝါးပြီးသည်နှင့် သူတို့က ထပ်ထွေးထုတ် လိုက်ကြသည်။ အရာအားလုံးက ကစားရုံမျှသာ ဖြစ်သည်။ ဤသို့ ကစားခြင်းက အလွန် ပျော်စရာ ကောင်းသည်ဟု သူတို့ သတ်မှတ်ထားသည်။

ထိုသစ္စာဖောက်များသည် သူတို့၏ အပေါင်းအပါများက ဤမကောင်းဆိုးဝါး များ၏ အရေခွံစုတ်ခံရပြီး နင်းချေခံနေရသည်ကို ကြည့်နေရသည်။ မကောင်းဆိုးဝါး တစ်ကောင်က လူတစ်ယောက်၏ ခေါင်းကိုဖောက်၍ ဦးနှောက်ကို စုပ်ကာ စားလိုက်သည်။

“အရသာ ရှိတယ်၊ အရသာ ရှိတယ်၊ အကောင်းဆုံးပဲ”

ထို့နောက် နတ်ဆိုးတစ်ကောင်က လူတစ်ယောက်၏ အရေပြားကို ခွာပီး နောက် သွေးများ ပေကျံနေသော ထိုအရေခွံအား မျက်နှာတွင် ကပ်၍ လူတိုင်းကို လှည့်မေးလိုက်သည်။

“ငါ လှလား”

ထို့အပြင် နတ်ဆိုး စစ်သူကြီးတစ်ကောင်က လူအများ၏ ဦးခေါင်းကိုဖြတ်ကာ ကြိုးဖြင့် ခေါင်းများကို သွယ်၍ ဆွဲကြိုးသဖွယ် လည်ပင်း၌ ဆွဲထားလေသည်။

ဤနတ်ဆိုးများသည် လူသတ်ရသည်ကို နှစ်ခြိုက်ပြီး ပျော်ပျော်ကြီး ကစားနေ ကြသည်။ လူတိုင်း ချောက်ချားကာ အလွန်အမင်း ကြောက်လန့်သွားသည်။

သူတို့သည် လူသားသာ ဖြစ်သည်။ လူသည် လူနှင့်သာ တိုက်ခိုက်သင့်ပြီး ငရဲမှ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်နေရမည် မဟုတ်ပါ။

သတ်ဖြတ်ခြင်းကျောင်းတော်မှ သူတော်စင်သခင်အဆင့်များပင် ကြက်သေ သေကာ ခေါင်းမွေးထောင် သွားကြသည်။

*မယုံနိုင်စရာပဲ*

*အရမ်း လန့်စရာကောင်းတယ်*

သူတို့သည် နှစ်ပေါင်းများစွာ လူများစွာကို လူမဆန်စွာ သတ်ခဲ့သော်လည်း ဤမျှ ရက်စက်၍ ကြောက်စရာ ကောင်းသော သူများကို တစ်ခါမှ မမြင်ဖူး ခဲ့ပါ။

ဤနတ်ဆိုးမိစ္ဆာများသည် ဖျက်ဆီးရန် တည်ရှိနေသော အရာများ ဖြစ်လေသည်။ သူတို့သည် တူညီသော ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်း ထားသော သက်ရှိများသဖွယ် အပျော်သက်သက် ဆက်တိုက် လူသတ် နေကြသည်။

ဤမကောင်းဆိုးများထံမှ သူတို့ ကြောက်စိတ်ဟူသော ခံစားချက်ကို ရရှိလာကြသည်။

*ယဲ့ဖန်က ဘယ်သူလဲ၊ ဘာလို့ သူက ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ဆင့်ခေါ်နိုင်ရတာလဲ*

“အရှင်မင်းမြတ် ကျွန်မ ရှင့်ကို သိပ်သတိရနေတာ”

ထိုသို့သောအချိန်၌ နတ်ဆိုးမလေးတစ်ယောက်က ချက်ချင်း ယဲ့ဖန်၏ ကျောပြင်ကို ဖက်တွယ်လာပြီး သူမမျက်နှာက တဖြည်းဖြည်း ညှို့ဓာတ် ပြင်းလာသည်။

“ထွက်သွားစမ်း”

ယဲ့ဖန် အော်ငေါက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ဝုန်းခနဲ ထွက်လာသောကြောင့် ထိုနတ်ဆိုးမလေး လွင့်ထုတ်လုနီးပါး ဖြစ်သွား ရသည်။

“အိ”

ထိုနတ်ဆိုးမလေးသည် လျှာထုတ်၍ ယဲ့ဖန်ကို ပြုံးပြကာ ကြောက်လန့်၍ ခပ်နိမ့်နိမ့်အော်လိုက်ပြီး ရှေ့တိုးရဲသည့် သတ္တိ မရှိတော့ပေ။

*ကြောက်နေတာလား*

*ဘယ်လို လူသတ်ရမလဲပဲ သိတဲ့ ဒီမကောင်းဆိုးဝါးတွေက ကြောက်တတ် တယ်လား*

*ငါတို့အရှေ့ကလူကို ကြောက်နေတာလား*

လူတိုင်း အံ့အားသင့်သွားကြသည်။

*ဒါက မဖြစ်နိုင်ဘူးလေ*

ငရဲမှ ဤနတ်ဆိုးမိစ္ဆာများက မသေနိုင်သော သတ္တဝါများဖြစ်ကာ လူ့သဘာဝစိတ် ပျောက်နေသူများ ဖြစ်သည်။ ထိုသို့သော သတ္တဝါများက ဘယ်လိုလုပ် ကြောက်စိတ်ကို သိနေကြသနည်း။ အဘယ်ကြောင့် သူတို့က ယဲ့ဖန်ကို ကြောက်နေကြသနည်း။ ဤသည်က ယုတ္တိမတန်ချေ။ ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။

“အရှင်ယဲ့ဘုရင် ကျုပ် မှားမှန်း သိပါပြီ၊ ကျုပ် သစ္စာမဖောက်ခဲ့သင့်ပါဘူး၊ ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့”

အကြီးအကဲတစ်ယောက်က ယဲ့ဖန်ရှေ့၌ မျက်ရည်လည်ရွဲဖြင့် ဒူးထောက် တောင်းပန်လေသည်။ သူ နောင်တရနေ၏။ သူ နတ်ဆိုးကို ဒေါသထွက်အောင် လုပ်ခဲ့မိသဖြင့် သေတွင်းတူးလိုက်မိလေပြီ။

သို့သော် ထိုအခိုက်တွင် သူသည် နတ်ဆိုးတစ်ကောင်၏ ဝါးမျိုခြင်း ခံရကာ သွေးများ ပန်းထွက်လာသည်။ ထိုအခါ လူတိုင်း ကြောက်လန့်သွားကြသည်။

သူတို့ သေရမည်ကို ကြောက်သည်။ သူတို့သည် သေသည်ထက်ဆိုးသော ဘဝမျိုး ရောက်ကာ အစားအသောက် သဖွယ် အစားခံရမည်ကို ပိုကြောက်ပါသည်။

လက်ရှိမြင်ကွင်းက အခြေအနေ ပရမ်းပတာ ဖြစ်နေပြီး အော်ဟစ်သံများနှင့် နာကျင်စွာ ညည်းညူသံများနှင့် ပြည့်နှက်နေ၏။ သစ္စာဖောက်များ တစ်ယောက်ပြီး တစ်ယောက် မကောင်းဆိုးဝါးများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ဤသည်ကိုမြင်သော် ထန်မင်လီနှင့် အခြားသူများလည်း ကြက်သေ သေနေကြသည်။ ယဲ့ဖန်၌ ငရဲမှ မိစ္ဆာများကို လောကထဲသို့ ဆင့်ခေါ်နိုင်သည့် နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ထို့အပြင် ထိုနတ်ဆိုး မိစ္ဆာများက ယဲ့ဖန်ကို အရှင်မင်းမြတ်ဟုပင် ခေါ်လိုက်သေးသည်။

*ဘာတွေဖြစ်နေတာလဲ*

“ဒုန်း”

အကြီးအကဲတစ်ယောက် မြေကြီးပေါ် ပစ်လဲကျသွားပြီး ပေါင်ခြံမှ ဝါကျင့်ကျင့် အရည်တစ်ခု စီးကျလာသည်။

“ငါ မှားသွားပြီ၊ ငါ မှားမှန်း သိလိုက်ပြီ”

အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။ နတ်ဆိုးအား သစ္စာဖောက် မိလျင် ဤသို့ အဆုံးသတ်ရပေမည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားသည်။

သစ္စာဖောက်များအားလုံး သေဆုံးသွားသည်။ ကြမ်းပြင်ပေါ်မှ သွေးအိုင်များက လက်ရှိ ကြောက်စရာ ကောင်းသော အခြေအနေကို ဖော်ပြနေလေသည်။

လူတိုင်း၏ မျက်နှာတွင် ကြောက်လန့်စိတ်များဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန် တစ်ချက်ကလေးမှပင် မလှုပ်ရ သော်လည်း ဒါဇင်ချီသော လူများကို သတ်ခဲ့သည်။ ကြမ်းပြင်ပေါ်မှ သွေးများကို ကြည့်ပြီး သူတို့၏ မျက်နှာတွင် နေရခက်သော အမူအရာများ ပေါ်လွင်လာသည်။

ထို့အပြင် လူအချို့ဆိုလျင် သူတို့ အမြင်မှားလေသလားဟုပင် တွေးနေ ကြသည်။ ဤနတ်ဆိုးမိစ္ဆာများက သူတို့၏ မိတ်ဆွေအားလုံးကို သတ်လိုက် သည်တဲ့လား။

“နတ်ဆိုး ဒီကောင်က လုံးဝ လူမဟုတ်ဘူး”

ထန်ဟောင်ကျုံး တုန်လှုပ်ကာ ကြက်သီးမွေးညင်း ထလာသည်။ မူလက သူ အေးအေးဆေးဆေး နိုင်နိုင်မည်ဟု ထင်ခဲ့ပြီး ဤတစ္ဆေအဆင့် လုပ်ကြံရေး သမားများ၏ ခွန်အားနှင့်ဆိုလျင် ယဲ့ဖန်ကို အကြိမ်ထောင်ချီ၍ သတ်နိုင် သည်ဟု ယုံကြည်ခဲ့သည်။

သို့သော် ယဲ့ဖန်၏ ထူးဆန်းသော နည်းလမ်းကိုမြင်ပြီးနောက် သူ အတွေးလွန် သွားခဲ့ကြောင်း သတိပြု လိုက်မိသည်။

သူ ဆင့်ခေါ်လိုက်သော နတ်ဆိုးအစေခံတိုင်းက ရက်စက်ကြမ်းကြုတ်ကာ လူအများအား ကျောချမ်းစေသည်။ ထိုစဉ် သူတို့အားလုံးက နောက်လှည့် လာပြီး လုပ်ကြံရေးသမားများကို စိုက်ကြည့်လာပြီး စိတ်လှုပ်ရှားသလို အော်ရယ် လေသည်။

တစ္ဆေအဆင့် လုပ်ကြံရေးသမားများ ကြက်သီးထသွားပြီး မကောင်းသော ခံစားချက်မျိုး ရလာသည်။

“အရှင်မင်းမြတ်”

“သတ်လုက်”

ယဲ့ဖန် အမိန့်ပေးလိုက်သည်။ သူ၏ ရက်စက်မှုက အထင်းသားပင်။ ထိုအခါ နတ်ဆိုးများသည် အော်ဟစ်၍ ပြေးတက်လာကာ တစ္အေအဆင့် လုပ်ကြံရေး သမားများကို သတ်လေတော့သည်။

“မျိုးမစစ်ကောင် ငါ အနိုင်ကျင့်ခံမယ် ထင်နေလား၊ သေကြစမ်း”

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွက်ကြမ်းရေကျို ရုပ်ရည်ရှိသော အမျိုးသမီး တစ်ယောက်က ဒေါသတကြီး ထအော်လေသည်။ လက်ရှိတွင် သူ ဖျတ်ခနဲ လှုပ်ရှားလာသည်။ ထို့နောက် ထောင်ချီသော လက်နက်ပုန်းများကို ပြိုင်တူ ထုတ်လာသည်။ ၎င်းတို့ဖြင့် သူမရှေ့မှ နတ်ဆိုးကို တိုက်ခိုက် လေသည်။

“ရွှစ် ရွှစ်”

နတ်ဆိုး၏ ခန္ဓာကိုယ်မှ အစိမ်းရင့်ရင့် သွေးများ ပန်းထွက်လာသည်။ ထို့နောက် ထိုနတ်ဆိုးက ကြမ်းပြင်ပေါ် ရုတ်တရက် လဲကျသွားပြီး မလှုပ်တော့ချေ။

ဤသည်ကိုမြင်သော် ထိုအမျိုးသမီးက စိတ်အေးသလို သက်ပြင်းချ လိုက်ပြီးနောက် စဉ်းလဲစွာ ပြုံးလိုက်သည်။

“ဒီတော့ ဒါတွေက အပြင်ပန်းအရပဲ ကြောက်စရာ ကောင်းတာကိုး၊ တကယ်တမ်း တိုက်မှမတိုက်နိုင်တာ၊ စိတ်ပျက်စရာကောင်းတဲ့ ကျေးကျွန် တွေပဲ”

ထိုစကားကိုကြားသော် တစ္ဆေသတ်ဖြတ်သူများအားလုံး စိတ်အေးသွား ကြသည်။ သို့သော် တစ်ခဏအတွင်း ထိုအမျိုးသမီး၏ အပြုံးက အေးခဲ သွားသည်။

အဘယ်ကြောင့်ဆိုသော် သူမခန္ဓာကိုယ်က ဆက်တိုက် ဖောင်းကားလာသည်။ ပြည်နှင့် သွေးများ စိမ့်ထွက် လာလေသည်။ သူမ၏ ခန္ဓာကိုယ်က ပြည်တည် သကဲ့သို့ ကြီးထွားလာသည်။ ဤပုံစံက အင်းဆက်များ တိုက်စားလိုက် သလိုပင်။

“အား…”

ချက်ချင်းဆိုသလိုပင် သူမ နာကျင်စွာ အော်ဟစ်လိုက်မိသည်။ နာကျင်မှုက သူမ၏ အဆုတ်နှင့် နှလုံးကို ထိုးဖောက်လာ၏။

“မဟုတ်ဘူး မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”

သူမခန္ဓာကိုယ်က တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး ပြောင်းလဲစပြုလာသည်။ နောက်ဆုံးတွင် အော်သံက တိခနဲ ရပ်သွားပြီး သူမလည်ပင်းမှ သားရဲအော်သံ ထွက်သွားလေသည်။ တစ်ခဏအတွင်း သူမ အသတ်ခံလိုက်ရသည်။

ထို့နောက် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ သူမသည် အစောပိုင်းက သတ်ခဲ့သော နတ်ဆိုးမိစ္ဆာ ဖြစ်သွားလေသည်။

*ဝင်ပူးတာ*

*ဒါ နတ်ဆိုးဝင်ပူးတာပဲ*

*ဒီနတ်ဆိုးမိစ္ဆာက သတ်လို့မရနိုင်ဘူး*

သူတို့ကို ထိရဲသည့်မည်သူမဆို သေဆုံးသွားပြီး ခန္ဓာကိုယ် အပူးခံရပေမည်။ ကြောက်စရာ ကောင်းလှပေသည်။ တစ္ဆေအဆင့် လုပ်ကြံရေးသမားများ အားလုံး တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးတွင် သွေးပျက်ဟန် ပေါ်လာ၏။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

*ဒီလိုဆိုရင် ငါတို့က ဘယ်လို သွားတိုက်မှာလဲ*

*အခြား နတ်ဆိုးမိစ္ဆာတွေမှာ ဒီလိုအစွမ်းမျိုး မရှိဘူးလို့ မပြောနိုင်ဘူးလေ*

ထိုစဉ် ကောင်းကင်ဘုံကိုးလွှာမှ ကျဆင်းလာသည်ဟု ထင်မှတ်ရသော အလင်းတန်းတစ်ချက်က လေဟာနယ်ကိုခွင်း၍ သတ်ဖြတ်ချင်သော အငွေ့အသက်များ ပါဝင်နေသော တာအိုစွမ်းအင်နှင့်အတူ ယဲ့ဖန်၏ ကျောပြင်သို့ ကျရောက်လာသည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဤအန္တရာယ်ကို သူ သတိထားမိ သော်လည်း မရှောင်နိုင်ချေ။ အကြောင်းမှာ သူသည် လက်ရှိတွင် ယန်စွမ်းအင် ကိုသုံး၍ ထန်ယွင်အာ၏ ဆေးစွမ်းကို တိုးတက်အောင် ထောက်ပံ့ပေးနေ သောကြောင့် ဖြစ်သည်။ ကုသဆဲအချိန်၌ နှောင့်ယှက်ခံရပါက ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားလိမ့်မည်။

ထန်ယွင်အာသည်လည်း မုချ သေရပေလိမ့်မည်။ ထို့ကြောင့် အသေ သတ်သော သိုင်းကွက်ဖြစ်မှန်း သူ သိသော်လည်း မရှောင်ရဲချေ။ ချက်ချင်း ဆိုသလိုပင် သူ့ကျောမှ သွေးများ ပန်းထွက်လာပြီး ကျောပြင်တစ်ခုလုံး သွေးများ ရွှဲရွှဲစိုသွားသည်။

“ဂါး”

ထိုစဉ် နတ်ဆိုးမိစ္ဆာများ နာကျင်စွာ အော်ဟစ်လာပြီး သူတို့ကိုယ်မှ နတ်ဆိုးစွမ်းအင်က အတော်လေး အားနည်း သွားသည်။

သူတို့သည် ယဲ့ဖန်၏ နတ်ဆိုးများ ဖြစ်သည်။ ယဲ့ဖန် သန်မာလျင် သူတို့ သန်မာပြီး အပြန်အလှန်အနေဖြင့် သူ အားနည်းလျင် သူတို့လည်း အားနည်း လာမည်။ ဤရုတ်တရက် လှုပ်ရှားမှုက လူတိုင်းကို အံ့အားသင့် သွားစေသည်။ ဤသို့ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။

ဤသည်ကိုမြင်သော် နလန်ရှောင် ချက်ချင်း ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သိချွယ် ရွံဖို့ကောင်းတဲ့ကောင် နတ်ဘုရင်အဆင့် ဖြစ်နေတာတောင် ချောင်းတိုက်ရဲတယ်လား”

“မင်း အရှက်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကိုရော သိရဲ့လား”

လျှို့ဝှက်တိုက်ခိုက်လာသူမှာ အချိန်အတော်ကြာ ပုန်းအောင်းနေသည့် သတ်ဖြတ်ခြင်းကျောင်းတော်၏ ခေါင်းဆောင် ဖြစ်လေသည်။

သို့သော် သိချွယ်က အလွန် စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု သူ ထင်မထား မိပါ။ နတ်ဘုရင်အဆင့်သို့ ရောက်နေသော်ငြားလည်း ခိုးကြောင်ခိုးဝှက် ချောင်းတိုက်သဖြင့် ရွံစရာ ကောင်းလှသည်။

“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်ကောင်တွေကများ ငါ့ကို လက်ညှိုးထိုး ရဲတယ်လား၊ ဒူးထောက်ကြစမ်း”

သိချွယ်က ကျယ်လောင်စွာ ငေါက်ငမ်းလိုက်ပြီး သူ့အသံက မိုးခြိမ်းသံသဖွယ် ကြောက်စရာကောင်းလှသည်။ လူတိုင်း သူတို့၏ဦးခေါင်းများ ပေါက်ကွဲတော့ မယောင် ခံစားလိုက်ရသည်။

“ဝုန်း”

နလန်ရှောင်သည် နတ်ဘုရင်အဆင့်၏ ဖိအားကို မခံနိုင်၍ ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားလေသည်။

“ကောင်းတယ်”

ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံး၏ အိုမင်းရွတ်တနေသော မျက်နှာ၌ ကောက်ကျစ်သော အပြုံး ပေါ်လာပြီး အော်ပြောလိုက်သည်။

“သတ်ကြ၊ ဒီကောင် ဒဏ်ရာ အပြင်းအထန် ရနေပြီ၊ အခု ငါတို့ ပြိုင်တူ တက်ရင် သေချာပေါက် သူ့ကို သတ်နိုင်မှာ”

ထိုစကားကိုကြားသော် တစ္ဆေအဆင့် လုပ်ကြံရေးသမားများကလည်း စဉ်းလဲစွာ ပြုံးလာပြီးနောက် လှုပ်ရှားလာ ကြသည်။

“ဝှစ် ဝှစ်”

ထို့နောက် သူတို့သည် ယုန်တစ်ကောင်ကို တိုက်ခိုက်မည့် စွန်ရဲသဖွယ် ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။ ငရဲမှ နတ်ဆိုးမိစ္ဆာများ ဒေါသတကြီး အော်ဟစ်လာပြီး သူတို့ကို တိုက်ခိုက်လေသည်။

သို့သော် သိပ်အရာမဝင်ချေ။ လုပ်ကြံရေးသမားများ သုံးယောက်ကို တိုက်ခိုက် ပြီးနောက် သူတို့ ပျက်စီးကာ ဗလာနတ္ထိ ဖြစ်သွားကာ အစအနမရှိ ပျောက်ကွယ် သွားကြသည်။

ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံးသည် ယဲ့ဖန်၏ သေဆုံးမှု နီးကပ် လာပြီဟု သိလိုက်ကာ အော်ရယ်လေ တော့သည်။

“ယဲ့ဖန် ဒီနေ့ ဒီနေရာက မင်းရဲ့ သင်္ချိုင်းမြေပဲကွ”

ဓားချက်များက ယဲ့ဖန်၏ကိုယ်ပေါ်သို့ သည်းကြီးမည်းကြီး ကျရောက် လာသည်။ သို့သော် မသဲမကွဲအသံ တစ်သံ ထွက်လာပြီး သူ့ကိုယ်မှ အလင်းကားချပ်တစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှုအားလုံးကို ဟန့်တား လာ၏။

“ပိတ်ဆို့တယ်ပေါ့လေ၊ မင်း ဘယ်လောက်ကြာကြာ တားနိုင်မလဲ ကြည့်ရ သေးတာပေါ့”

အမှောင်ထဲမှနေ၍ သိချွယ်၏ အသံ ထွက်လာပြီး ယဲ့ဖန်အား သတ်တော့ မယောင် အလွန်အမင်း အေးစက် လာသည်။

အနှိုင်းမဲ့သော စွမ်းအင်များ ပါဝင်သည့် အလင်းတန်းတစ်ခု ထပ်ပေါ်လာပြီး ယဲ့ဖန်၏ ကျောအား အရှိန်ဖြင့် ကျရောက်လာသည်။

“ဝေါ့”

ယဲ့ဖန်၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ အန်ထွက်လာ၏။

Chapter 1416 ယမမင်းလည်း လက်ခံရဲမှာ မဟုတ်ဘူး

“မဟုတ်ဘူး မဖြစ်ရဘူး”

ဤသည်ကိုမြင်သော် ထန်မင်လီ၏ မျက်နှာတွင် ဆောက်တည်ရာမရမှုတို့ဖြင့် ပြည့်နှက်လာပြီး ဝမ်းနည်း ကြေကွဲကာ အော်ဟစ်လိုက်မိသည်။

“သခင်ကြီး သူ့ကို ထားလိုက်ပါ၊ ဒီလို ဆက်နေရင် သခင်ကြီး သေသွား လိမ့်မယ်”

ယဲ့ဖန်က ထန်ယွင်အာကို ကယ်တင်ရန် အလို့ငှာ တိုက်ခိုက်မှုအား ဆက်တိုက် ငြိမ်ခံနေခြင်း ဖြစ်ကြောင်း သူ မြင်နေရသည်။ သို့မဟုတ်ပါက သူ၏ ခွန်အားနှင့်ဆိုလျင် ဤမျိုးမစစ်ကောင်များက ကြက်ကလေး၊ ခွေးကလေးများကို သတ်သကဲ့သို့ အေးအေးဆေး‌ဆေး သတ်နိုင်ပေသည်။

သို့သော် ယဲ့ဖန်က အေးစက်၍ ခံစားချက်မဲ့သော မျက်နှာနှင့် သူ့စကားကို မကြားချင်ယောင်ဆောင်ထားမြဲပင်။ ဤသည်ကိုမြင်သော် ယဲ့ဖန်၏ လက်အောက်ငယ်သားများအားလုံး မျက်ရည်ကျလာသည်။

*ယဲ့ဘုရင်က သွေးအေးပြီး ရက်စက်တယ်လို့ ဘယ်သူ ပြောလဲ၊ ယဲ့ဘုရင်က လူစိတ်မရှိဘူးလို့ ဘယ်သူ ပြောတာလဲ*

*အခု သူ့အမျိုးသမီးအတွက် သူ့ကိုယ်သူတောင် စတေးခံချင်စိတ် ရှိနေတာလေ*

*ဒီလောကကြီးမှာ နာမည်ကြီးပြီး ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ လူတွေ ဒီလိုလုပ်နိုင်ပါ့မလားလို့ မေးလိုက်ချင် တော့တယ်*

လူတိုင်း စိတ်ထိခိုက်ကာ ဒူးထောက်လာကြသည်။

“သခင်ကြီး ဒီလို ဆက်လုပ်လို့ မဖြစ်ပါဘူး၊ ထားလိုက်ပါတော့”

ဤသို့သာ ဆက်ဖြစ်နေလျင် ယဲ့ဖန် တကယ် သေသွားပေလိမ့်မည်။ ယဲ့ဖန်သည် ကျောက်ရုပ်သဖွယ် ငြိမ်မြဲငြိမ်နေပြီး ရင်ခွင်ထဲမှ ထန်ယွင်အာကို ပို၍ တင်းကြပ်စွာ ပွေ့ဖက်ထားသည်။

ဤသည်ကိုမြင်သော် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ထန်ဟောင်ကျုံးနှင့် အခြားသူများ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*ရူးနေပြီ*

*ဒီကောင်လေး တကယ် ရူးနေပြီပဲ*

*သူ့အသက်ကို အလေးမထားဘဲ လိုလိုလားလား ထိခိုက်ခံနေတာလား*

*နောက်နှစ်ချက်သာ ထပ်ထိရင် သူ ဒဏ်ရာ အပြင်းအထန်ရပြီး သေလောက်ပြီ*

“အရူး မင်း သူ့ကို ကယ်နိုင်ရင်လဲ ဘာဖြစ်လဲ၊ အဲ့အချိန်ကျရင် မင်း ဒဏ်ရာ အပြင်းအထန် ရပြီးနေလောက်ပြီ၊ အဲ့တော့ မင်းမှာ ငါတို့ အရှင်သခင် သိချွယ်နဲ့ ယှဉ်နိုင်တဲ့ ဘာအရည်အချင်း ရှိလို့လဲ”

ထန်ဟောင်ကျုံး ရယ်မောလိုက်ပြီး စိတ်ထဲ၌ အပျော်များနှင့် ပြည့်နေကာ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“ဒါပေမဲ့ မင်း သူ့ကို ကယ်နိုင်ရင် ပိုကောင်းတာပေါ့၊ ငါ သူနဲ့ ကစားနိုင်မယ့် အခွင့်အရေး မရှိတော့မှာကို စိုးရိမ်နေခဲ့တာ၊ မင်း သေသွားပြီးရင် မင်းကောင်မလေးကို မင်းအစား ငါ စောင့်ရှောက်ပေးပါ့မယ်၊ ဟားဟားဟား”

လုပ်ကြံရေးသမားများလည်း စိတ်လှုပ်ရှားဟန် ပြလာပြီး ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

ယဲ့ဖန်ဘက်က လိုလိုလားလား ဒဏ်ရာအရခံနေခြင်းက သူတို့အတွက် လှုပ်ရှားနိုင်မည့် အခွင့်အရေးကြီး ပေးနေခြင်းပင် မဟုတ်ပါတကား။

*သတ်လိုက်မယ်*

အတွေးတစ်ခုက သူတို့၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ သူတို့အားလုံး ရက်စက်သော အပြုံးမျိုး ပြုံးနေကြပြီး ဓားများကိုဝင့်ကာ ယဲ့ဖန်ပေါ်မှ အလင်းကားချပ်ကို ခုတ်ပိုင်းလာ၏။

“ချွင် ချွင်”

သူတို့ သွေးပွက်ပွက်ဆူကာ လူသတ်ချင်စိတ်များလည်း တိုးပွားလာသည်။ ဤလုပ်ကြံရေးသမားများ၏ တိုက်ကွက်က အမှောင်ထဲ၌ ပုန်းနေသော သိချွယ်လောက် မကောင်းသော်လည်း ယဲ့ဖန်အပေါ် အတော်လေး ထိခိုက်စေသည်။

“တော်တော် အကြောမာတာပဲ၊ ဒါပေမဲ့ ဒီသိုင်းကွက်နဲ့ ငါ မင်းကို ဒူးထောက်အောင် … လုပ်မယ်ကွ”

သိချွယ် ကြိမ်းဝါးလိုက်ပြီး တတိယအကြိမ် တိုက်ခိုက်လာ၏။ ပြင်းထန်သော အလင်းတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ယဲ့ဖန်၏ ကျောပြင်ပေါ်သို့ ကျရောက်လာသည်။

“ဘုန်း”

ယဲ့ဖန်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သွေးအန်လာပြန်သည်။ အလင်း ကားချပ်က အရောင်မှိန်သွားသလို ယဲ့ဖန်၏ ခန္ဓာကိုယ်သည်လည်း ချည့်နဲ့လာ၏။

“ရွှစ်”

သူ့ခန္ဓာကိုယ်တစ်ဝက်နီးပါး ရစရာမရှိတော့ချေ။

“ဒီလိုမဖြစ်ရဘူး၊ ဒီလို ထပ်မဖြစ်ရဘူး၊ သခင်ကြီး ဒါ ယွင်အာရဲ့ဘဝပါ၊ သူ့ကို လွှတ်လိုက်ပါတော့”

ထန်မင်လီ ရင်ကွဲနေသည်။ သူ့ပုံစံက သစ္စာရှိသော မှူးမတ်အိုကြီး တစ်ယောက်က အရှင်မင်းမြတ်၏ သေလုဆဲဆဲ အဖြစ်ကိုမြင်ပြီး နှလုံးသားကို ဓားနှင့် အထိုးခံရသကဲ့သို့ ခံစားနေရသည်နှင့် တူနေ၏။

ကျန်လူများသည်လည်း ရင်ဘတ်ထုလိုက်၊ ခြေထောက်ကို ရိုက်လိုက်နှင့် ဖြစ်နေပြီး သူတို့၏ နှလုံးသားကို တိုက်ခိုက်ခံနေရသကဲ့သို့ သွေးမျက်ရည် ကျနေလေသည်။

ယဲ့ဖန် သေဆုံးပုံကို သူတို့ကို ကြည့်ခိုင်းထားခြင်းအား မည်သို့ ခံနိုင်ပါ မည်နည်း။ ထိုစဉ် ထန်ယွင်အားသည်လည်း တဖြည်းဖြည်း နိုးလာပြီး မျက်လုံးပွင့်လာသည်။ သို့သော် သူမမျက်နှာပေါ် မိုးနေသော သွေးများ ပေနေသည့် ယဲ့ဖန်ကို တွေ့လိုက်ရသည်။

ထိုအခါ သူမ မျက်နှာဖြူရော်သွားပြီး တအံ့တဟ ပြောလာသည်။

“အစ်ကိုယဲ့ဖန် ရှင် …”

“စကားမပြောနဲ့”

ယဲ့ဖန်က ခပ်တိုးတိုး ပြောလိုက်သည်။

“မင်း အခုမှ အသက်ပြန်ရှင်လာကာစပဲ ရှိသေးတယ်၊ မင်းဒဏ်ရာတွေက မပျောက်သေးဘူး”

သူမကို သူ ပြန်အသက်သွင်းနိုင်စွမ်း ရှိပါသည်။ သို့သော် ထိုနည်းနှင့်ဆိုလျင် သူမသည် မသေနိုင်သူ ဖြစ်လာပြီး သူမ၏ အသိစိတ်ကို ဆုံးရှုံးလိုက်ရပေမည်။ ယဲ့ဖန် သူမကို ထိုသို့မလုပ်ချင်ပါ။

ထန်ယွင်အာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူမပတ်လည်မှ အကာအရံအား ဆက်တိုက် တိုက်ခိုက်နေသော လုပ်ကြံရေးသမားများကို တွေ့သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။

သူမ၏ အစ်ကိုယဲ့ဖန်က မည်မျှ သန်မာလိုက်သနည်း။ သူမ၏ အစ်ကိုယဲ့ဖန်က မည်မျှ လွှမ်းမိုးချုပ်ကိုင်နိုင် လိုက်သလဲ။ ဤအရာအားလုံးက သူမအတွက် လုပ်ပေးနေခြင်း ဖြစ်သည်။

“ရှင် ဘာလို့ လာတာလဲ၊ ကျွန်မက ရှင့်ကို မလာစေချင်တာကို၊ ရှင် ဘာလို့ ကျွန်မကို ကယ်တာလဲ၊ ရှင် ကျွန်မကို ကယ်မှာကို ကျွန်မ မလိုလားဘူးလေ”

ထန်ယွင်အာ ဝမ်းနည်းစွာ ပြောလာပြီး မျက်ရည်များ စီးကျလာ၏။ သူမ အသက်ရှင်ပြီး ယဲ့ဖန် သေရလျင် သူမ အသက်ရှင်ရသည်က မည်သို့ အဓိပ္ပာယ် ရှိပါတော့မည်နည်း။

ထို့နောက် သူမက ယဲ့ဖန်၏ ပါးကို ကြင်နာစွာ ပွတ်၍ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ရှင် ကျွန်မကို ချစ်တယ်လို့ ပြောပါ၊ ရှင် ကျွန်မကို လိမ်ပြောတယ် ဆိုရင်တောင်မှ ကျွန်မ သိပ်ပျော်မှာ၊ ကျွန်မ သေရမယ်ဆိုရင်တောင်မှ ပြုံးပြုံးလေး သေနိုင်ပြီ ထင်ပါတယ်”

“မင်းက သေချင်တာလား … ငါ သဘောမတူဘူး”

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွင် အေးစက်စက် အလင်း တစ်ချက် ဖြတ်ပြေးသွားသည်။

“ငါ သဘောမတူရင် ယမမင်းကလည်း မင်းကို လက်ခံရဲမှာ မဟုတ်ဘူး”

“ရှင် ဘာလို့ ဒီလောက် ခြယ်လှယ်လွန်းတာလဲ”

ထန်ယင်အာ မျက်ရည်လည်ရွှဲဖြစ်ကာ ရင်ကွဲနာကျလေသည်။ အဘယ် ကြောင့် ဆိုသော် သူမက ယဲ့ဖန်၏ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ သောကြောင့်ပင်။ သူမက သူ့ကို သေစေနိုင်သော လက်နက် ဖြစ်နေသည်။ သူမကြောင့်သာ မဟုတ်လျင် ယဲ့ဖန် သေရမည်မဟုတ်ပါ။

“ခွေးထီးနဲ့ ခွေးမ၊ မင်းတို့ကများ သေခါနီး လာချစ်ပြရဲနေတာလား”

ထန်ဟောင်ကျုံး၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။

“အရှင်သိချွယ် နောက်တစ်ကြိမ် တိုက်ခိုက်ပြီး သူတို့ကို သတ်ဖို့ တောင်းဆို ပါတယ်”

“ခွေးမသားလေး ငါ မင်းကို သတ်ပစ်မယ်ကွ”

လက်ရှိတွင် သိချွယ်သည်လည်း အလွန် ဒေါသထွက်နေ၏။ အကြိမ်များစွာ တိုက်ခိုက်ပါသော်လည်း ယဲ့ဖန်ကို သူ မသတ်နိုင်သဖြင့် ရှက်စရာ ကောင်းလှသည်။

“ထျန်းယန် ရှန်းမန်”

ထိုစဉ် အင်မော်တယ် အလင်းတန်းက မျက်စိကျိန်းလောက်မတတ် တောက်ပစွာ ထွက်ပေါ်လာသည်။ ထိုတိုက်ခိုက်မှုက နတ်ဘုရားတစ်ပါး တိုက်ခိုက်လာသည်နှင့် တူလှသည်။ အရှိန်အဝါ ပြင်းထန်၍ အားကြီး လှပေသည်။

“ရပ်လိုက်”

ဤတိုက်ခိုက်မှု၏ ကြောက်စရာကောင်းပုံကို လူတိုင်း ခံစားမိပြီး သေမတတ် ကြောက်လန့်သွားကြသည်။

“ဝုန်း”

ထိုတိုက်ကွက်သည် အလင်းကားချပ်ကို ထိမှန်လာပြီးနောက် ၎င်းကို ထိုးခွင်း၍ ယဲ့ဖန်၏ ကျောပြင်ပေါ် ကျရောက်သွားသည်။ သူ့ရင်ဘတ် ပေါက်ထွက်သွားပြီး ကြောက်စရာကောင်းသော သွေးအလိမ်းလိမ်းနှင့် ဟောင်းလောင်းပေါက် တစ်ပေါက် ပေါ်လာ၏။

ထိုသို့သော သေရေးရှင်ရေး အခြေအနေက ယဲ့ဖန်က ထန်ယွင်အာအား ထန်မင်လီထံသို့ တွန်းထုတ်လိုက်ပြီးသား ဖြစ်လေသည်။

“ဘုန်း”

ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ်က ကြမ်းပြင်ပေါ် အရှိန်ဖြင့် လဲကျသွားပြီး တစ်ချက်မှ မလှုပ်တော့ချေ။ ထိုအခါ လေထုသည် အေးစက်လာသည်။ ထန်ဟောင်ကျုံးနှင့် အခြားသူများ တွေဝေသွားပြီး မယုံနိုင်သလို ဖြစ်နေကြသည်။

*ယဲ့ဖန် သေသွားပြီလား*

“မဟုတ်ဘူး ဒါ အမှန် မဟုတ်ဘူး*

ယဲ့ဖန်၏ လက်အောက်ငယ်သားများ မျက်ရည်ကျနေကာ ခေါင်းတခါခါနှင့် ဤအချက်ကို လက်ခံနိုင်စွမ်းမရှိ ဖြစ်နေသည်။

ယဲ့ဖန်သည် ကြမ်းပြင်ပေါ် လဲကျနေပြီး သူ့အောက်မှ ရဲရဲနီသော သွေးများ အဆက်မပြတ် စီးနေသောကြောင့် ထိုနေရာတစ်ဝိုက်က စိုစွတ်နေ၏။ သူ၏ အသတ်ဓာတ်က လွင့်ပြယ်သွားသလိုပင်။

ထန်ယွင်အာ နေရာမှာတင် ကြက်သေ သေနေမိသည်။ သူမ၏ ဝမ်းနည်း ပူဆွေးမှုကို မေ့လျော့ကာ နားဝေတိမ်တောင် ဖြစ်နေပြီး မျက်လုံးများက ဗလာဖြစ်နေ၏။ သူမပုံစံက ရှင်လျက်နှင့်‌ သေနေပုံရသည်။

ထိုအချိန်တွင် ရုတ်တရက် ရယ်မောသံ ထွက်ပေါ်လာ၏။ ထန်ဟောင်ကျုံးက ကျယ်လောင်စွာ ရယ်မောနေပြီး မျက်နှာတွင် ပျော်ရွှင်သော အရိပ် အယောင်များ ပြည့်နှက်နေသည်။

“သေပြီ၊ အဲ့နတ်ဆိုးမိစ္ဆာကောင် နောက်ဆုံးတော့ သေသွားပြီ၊ ဘာကို ယဲ့ဘုရင်လဲ၊ ငါတို့ သတ်ဖြတ်ခြင်း ကျောင်းတော်နဲ့ တွေ့ရင် သေခြင်းနဲ့ပဲ အဆုံးသတ်ရမှာ”

နာမည်ကျော် ယဲ့ဖန်က သူ့တွက်ချက်မှုအောက်၌ သေသွားလေပြီ။

*မိုက်တယ်*

*သိပ်ကောင်းတယ်*

သိချွယ်ကလည်း အေးစက်စွာ လှောင်ရယ်လိုက်သည်။ နောက်ဆုံးတွင် သူသည် စိတ်အေးသလို သက်ပြင်းချ လိုက်မိသည်။

ယခင် ပြင်းထန်သော တိုက်ခိုက်မှုများက ယဲ့ဖန်ကို မသေစေနိုင်ခဲ့သဖြင့် သူ ထိတ်လန့်ခဲ့ရသည်။ သူသည် အင်မော်တယ် အလင်းကို သုံးထားခြင်း ဖြစ်သည်။ သူသည် တာအိုစွမ်းအင်နှင့် ပေါင်းစပ်၍ ဥပဒေသများဖြင့် ကာကွယ်ထားသောကြောင့် မည်သူမှ ဤတိုက်ကွက်ကို တောင့်မခံနိုင်ခဲ့ပါ။

သို့သော် ဤလူငယ်လေးက အကြိမ်ပေါင်းများစွာ သည်းခံနိုင်ခဲ့သည်။ ယဲ့ဖ်က သူ၏ မိစ္ဆာဆန်သော သိုင်းကွက်ကို တောင့်ခံနိုင်သည့် တစ်ဦးတည်းသောသူဟု ဆိုရပေမည်။

ထို့နောက် ထန်ဟောင်ကျုံးက ဝမ်းနည်းကြေကွဲနေသော ထန်မင်လီနှင့် အခြားသူများကို လှည့်ကြည့်လာပြီး စဉ်းလဲစွာ ရယ်မောလေသည်။

“ယဲ့ဖန် သေပြီဆိုတော့ မင်းတို့ အသက်ရှင်စရာ အကြောင်းမရှိတော့ဘူး”

ထိုစကားသံ ထွက်လာသည်နှင့် ထန်မင်လီနှင့် အခြားသူများအားလုံး၏ ရင်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

*သေသွားပါလား*

ယခုအခါတွင်မှ သူတို့၏ နတ်ဘုရား အမှန်တကယ် သေဆုံးသွားကြောင်း သူတို့ သတိထားမိလာသည်။ လူတိုင်း၏ မျက်နှာတွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ ပြည့်နှက်နေပြီး သူတို့၏ အသုံးမကျမှုကြောင့် သူတို့ကို ကယ်တင်ရင်း ယဲ့ဖန် သေသွားရသည့်အဖြစ်ကို ခံပြင်းနေမိသည်။

“ဟေ့ မင်းတို့ နောင်တရပြီလား၊ ယဲ့ဖန်ကို အစကတည်းက သစ္စာမဖောက် ခဲ့တာကို နောင်တရနေပြီလား၊ ဒါပေမဲ့ စိတ်မကောင်းဘူးကွာ မင်းတို့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး”

ထန်ဟောင်ကျုံး၏ စဉ်းလဲသော အပြုံးက ပိုပို၍ ဆိုးရွားလာသည်။

“သူတို့အားလုံးကို သတ်ပစ်၊ တစ်ယောက်တောင် မကျန်စေနဲ့”

ထိုတစ္ဆေအဆ့် လုပ်ကြံရေးသမားများ အားလုံးက မထီမဲ့မြင် အပြုံးများ ပြုံးနေပြီး ထန်မင်လီတို့ထံသို့ တစ်လှမ်းချင်း လှမ်းလာကြသည်။

သို့သော် ထန်မင်လီနှင့် အခြားသူများက မရှောင်ရှားကြချေ။ ယဲ့ဖန် သေဆုံးသွားပြီ ဖြစ်သဖြင့် သူတို့၏ ယုံကြည်မှုသည်လည်း ပျက်သုဉ်း သွားလေပြီ။ ယနေ့ သူတို့ သေသွားသည်က ပိုကောင်းသေးသည်။

“မင်းတို့ အပျော်စောမနေလွန်းဘူးလား”

မထင်မှတ်ဘဲ သရော်သော စကားသံက ဗြုန်းခနဲ ထွက်ပေါ်လာ၏။ ထိုအသံကို ကြားလိုက်သည်နှင့် လူတိုင်း ခေါင်းပေါက်မတတ် ဖြစ်သွားပြီး အမူအရာ များက ထိုင်းမှိုင်းသွားကာ ထိတ်လန့်ဟန် ပေါ်လာလေသည်။ သူတို့ မယုံနိုင် သည့်ပုံပင်။

ထို့နောက် သူတို့ နောက်လှည့်ကြည့်လိုက်သောအခါ သွေးအိုင်ထဲ လဲနေသူက တဖြည်းဖြည်း ပြန်ထလာ နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ဖန်က သူ့လည်ပင်းကို အသာလှည့်၍ ပျင်းရိပျင်းတွဲ ရပ်လာသည်။

“ဝုန်း”

ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူတိုင်း ဘာမှမပြောနိုင်ခင်မှာပင် သိချွယ်က အရင်ထအော်လာသည်။ သူ့စကားသံ၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ မဖြစ်နိုင်သော ကိစ္စပင်။

မည်သူမှ သူ၏ အင်မော်တယ် အလင်းကို မတားဆီးနိုင်ပါ။ သို့သော် ယဲ့ဖန်က အကြိမ်ပေါင်းများစွာ ထိမှန်သော်လည်း မသေသည့်အပြင် အေးအေးလူလူ ရှိနေပုံပင် ပေါ်နေ၏။

*ဒါ အံ့ဩစရာပဲ*

*မသေဘူးလား၊ ဘယ်လိုလုပ် သူက မသေတာလဲ*

*အဲ့ဒါ နတ်ဘုရင်အဆင့်ရဲ့ အားကုန်သုံးထားတဲ့ တိုက်ကွက်လေ*

ထန်ဟောင်ကျုံးနှင့် အခြားသူများ ရုတ်ချည်းဆိုသလို ကြောက်လန့်လာပြီး မယုံနိုင်သဖြင့် မျက်လုံးကိုပွတ်၍ ပြန်ကြည့်မိသည်။

အင်မော်တယ်အလင်းတန်းနှင့် အပစ်ခံရသော်လည်း မသေသေးသည်က ယုတ္တိမတန်လှချေ။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က မသေသည့် အပြင် ပြန်ကောင်းလာပြီး အထိအခိုက်ပင် မရှိတော့ပေ။

“ချီးပဲ သောက်ကောင်၊ ယီး”

သိချွယ် ဒေါသတကြီး အော်ဟစ်လေသည်။

“သောက်ကျိုးနည်း မင်းက ဘာကောင်လဲ”

သူ၏ တိုက်ခိုက်မှုက နတ်ဘုရင်အဆင့်ပင် ပြန်မတိုက်နိုင်သော်လည်း ဤလူငယ်က တားဆီးနိုင်သည့်အပြင် ဒဏ်ရာပင် ပြန်ကောင်းလာသေး၏။

ယဲ့ဖန်၏ လှုပ်ရှားမှုက သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။ ဤမြင်ကွင်းက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။

*နတ်ဘုရင်အဆင့်ကြောင့် ခဏခဏ ဒဏ်ရာ အပြင်းအထန် ရတာတောင် သူက နောက်ဆုံးအထိ ဘာမှတောင် မဖြစ်ဘူး၊ ဒီလူ လူမှဟုတ်ရဲ့လား*

*မကောင်းဆိုးဝါး*

*ဒီလူက မကောင်းဆိုးဝါး*

*ကြောက်ဖို့ကောင်းတယ်*

သို့သော် ပိုကြောက်စရာကောင်းသောအရာက ရောက်မလာသေးချေ။ ကျန်ရှိ နေသော အင်မော်တယ် အလင်းအား ယဲ့ဖန်က တဖြည်းဖြည်း ဝါးမျိုလိုက် သည်ကို သူတို့ တွေ့လိုက်ရသည်။

*သူ … သူက တကယ် တာအိုစွမ်းအင်ကို စုပ်ယူလိုက်တာလား*

*သိချွယ်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်ကို သူက စားစရာလို သတ်မှတ်နေတာလား*

သိကျွယ် အကြောက်လွန်ကာ အသံပင် ပျောက်နေ၏။ ထိုစဉ် ယဲ့ဖန်၏ ခက်ထန်သော အကြည့်များက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လာလေသည်။

“ငါက မင်းရဲ့ အိပ်မက်ဆိုးပဲ”

All Chapters