Chapter 1417 - 1418
Vol. 95 Ch. 1417 - 1418
Chapter 1417 ဥက္ကာခဲ ပေါက်ကွဲခြင်း
ဖိမ့်ဖိမ့်တုန်ခြင်း၊ လူတိုင်း ဖိမ့်ဖိမ့်တုန်နေကြသည်။ လက်ရှိတွင် သိချွယ်သည် အလွန်အမင်း တုန်လှုပ်နေသည်။ ထန်မင်လီနှင့် အခြားသူများမှာမူ ငေးကြောင်ကြောင် ဖြစ်နေကြသည်။
ယဲ့ဖန် ခလုတ်မထိ ဆူးမငြိဘဲ အသက်ရှင်လိမ့်မည်ဟု သူတို့ မမျှော်လင့် ထားမိပါ။ ထို့အပြင် သူ၏ ဒဏ်ရာများ အားလုံးက ချက်ချင်း ပျောက်ကင်း လာသည်။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသလို ကြောက်စရာလည်း ကောင်းပေသည်။
ထို့နောက် သူတို့၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်လာသည်။
*တကယ်ပါပဲ*
*အရှင်ယဲ့ဖန်က ပြိုင်ဘက်ကင်းပဲ*
*မသေနိုင်သူပါလား*
“ယဲ့ဘုရင် အသက်ရှည်ပါစေ နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး”
ထိုစဉ် ကျယ်လောင်သော ကြွေးကြော်သံများက ခန်းမတွင်း ထပ်မံ၍ ပျံ့လွင့်လာပြန်သည်။ ယဲ့ဖန်၏ လက်အောက်ငယ်သားများ မျက်ရည်များ ဝဲနေကာ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်နေ၏။ သူတို့ ထိတ်လန့်သလို ဝမ်းသာပီတိ ဖြစ်နေကြသည်။
သူတို့၏ နတ်ဘုရားက မည်မျှ သန်မာလိုက်သနည်း။ နတ်ဘုရင်အဆင့်ထံမှ အပြင်းအထန် တိုက်ခိုက်ခံ ရသော်လည်း ယခုထိ ဘေးမသီရန်မခ ရှိနေသေးသည်။ ဤလောက၌ မည်သူက ယခုသို့ လုပ်နိုင်သနည်း။
ထန်ဟောင်ကျုံးနှင့် အခြားသူများ ကြက်သီးမွေးညင်း ထလာပြီး ကြောက်ရွံ့ဟန် ပေါ်နေသည်။ လက်ရှိတွင် သူတို့အားလုံး စိတ်မသက်မသာ ဖြစ်လာကြသည်။
သူတို့သည် ထိုစကားအား ဆောင်ပုဒ်တစ်ခုဟုသာ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ယဲ့ဖန်က အမှန်တကယ် မသေနိုင်သူ ဖြစ်နေ၏။
ဤလူများ အဘယ်ကြောင့် ယဲ့ဖန်ကို အလွန် စိတ်အားတက်ကြစွာ လေးစား ကြည်ညိုရသလဲ ဆိုသည်ကို သူတို့ နားလည်သွားကြသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန်က နတ်ဘုရားတစ်ပါးလိုပင်။
“အစ်ကိုယဲ့ဖန်”
ထိုအချိန်တွင် ထန်ယွင်အာသည်လည်း ဝမ်းသာမျက်ရည် ကျနေ၏။ အစောပိုင်းက သူမ သေမတတ် ကြောက်လန့်ခဲ့ရသည်။
ထို့နောက် လူတိုင်း၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် သွေးဆာနေသော အကြည့်တို့ဖြင့် ပြုံးလိုက်သည်။
“မင်းရဲ့ အင်မော်တယ် အလင်းက အရသာရှိသားပဲ၊ ငါ ထပ်လိုချင်တယ်”
ထိုစကားက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
*ဘာ*
*ဒီလူက သိချွယ်ရဲ့ အားအပြင်းဆုံးသိုင်းကွက်ကို တကယ် အစာလို သဘောထားနေတာလား*
*အဲ့ဒါ အင်မော်တယ် အလင်းကွ၊ စားစရာ မဟုတ်ဘူး*
ထိုသို့သောအချိန်တွင် လူတိုင်းသည် မိမိတို့ နားကြားများ မှားလေသလားဟု ထင်နေကြသည်။
*ဒီလူက တကယ်ကြီး အဆော်ခံရဖို့ တောင်းဆိုနေတာလား*
*အဲ့လိုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း စားချင်စိတ်ကို ဖြည့်တင်း ချင်လို့တဲ့လား*
*အရူး*
*စိတ္တဇကောင်*
လူတိုင်း ခိုက်ခိုက်တုန်သွားပြီး သူတို့၏ မျက်လုံးတွင် အလွန်တရာ ထိတ်လန့် ဟန်တို့ဖြင့် ပြည့်နှက်နေ၏။
“မဖြစ်နိုင်ဘူး မင်း ဘာလုပ်လိုက်တာလဲ”
သိချွယ် အော်ဟစ်လာပြီး သူ့မျက်လုံးတွင် လက်မခံနိုင်ဟန်က အထင်းသား ပေါ်နေသည်။ သူ၏ အင်မော်တယ် အလင်းက တစ်ခါမှ လွဲချော်ခြင်း မရှိခဲ့ပါ။
သို့သော် သူ့အရှေ့မှ မျိုးမစစ်လေးက သူ၏ အင်မော်တယ် အလင်းကို အစာအဖြစ် သတ်မှတ်နေသည်။ ဤသည်က သူ့အား ဘက်ပေါင်းစုံမှ အရှက်ခွဲနေခြင်းပင်။ သူ့အား ဒေါသအမျက် ချောင်းချောင်း ထစေ၏။
“မင်း တစ်ကြိမ်တည်းနဲ့ မသေရင် ငါ မင်းကို တစ်ခါ ထပ်သတ်မယ်ကွ၊ အခါတစ်ရာ မသေလည်း ငါ အခါတစ်ရာ ထပ်သတ်မယ်”
သိချွယ်သည် ဒေါသူပုန်ထကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ပတ်ဝန်းကျင် လေထုပါ ပြင်းထန်လာသည်။
အင်မော်တယ်အလင်းက ယဲ့ဖန်ပေါ် ထပ်မံ၍ ကျရောက်လာသည်။ ၎င်းသည် လေဟာနယ်ကိုခွင်း၍ အပြင်လောကမှ ကျရောက်လာသကဲ့သို့ ပြင်းထန် စူးရှလေသည်။
“ဟားဟား …”
ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်က လှောင်ရယ်လိုက်ပြီးနောက် ပါးစပ်ကို ကျယ်ကျယ်ဟကာ အသက်ပြင်းပြင်း ရှူသွင်း၍ ပြန်ရှူထုတ်လိုက်သောအခါ ပြင်းထန်သော လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျရောက်လာသော အင်မော်တယ် အလင်းအား ရစ်ပတ်သွားပြီးနောက် ဝါးမျိုသွားလေသည်။
*ဝါးမျိုခံလိုက်ရတာလား*
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
*ငါတို့ ဘာမြင်လိုက်ရတာလဲ*
*အင်မော်တယ်အလင်းကို ပေါ်တင် ဝါးမျိုလိုက်တာလား*
“အေ့”
ယဲ့ဖန် လေချဉ်တက်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။
“ဆက်လုပ်လေ”
“ယီးပဲ ယီးပဲ”
သိချွယ် အရှက်ရသလို ခံစားမိကာ ဒေါသတကြီး အော်ဟစ်၍ အင်မော်တယ် အလင်းအား ဆက်တိုက် ပစ်လွှတ်လေသည်။
“ဝုန်း”
နံရံတစ်ခုလုံး ပေါက်ကွဲသွားသည်။ ကြမ်းပြင်သည်လည်း ပျက်စီးလာ လေသည်။
“ရွှစ် ရွှစ်”
လက်ရှိတွင် ယဲ့ဖန်၏ ခန္ဓာကိုယ်အား အင်မော်တယ်အလင်းများ ထိုးဖောက် နေသဖြင့် သွေးအလိမ်းလိမ်းနှင့် အပေါက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ် နေသည်က ထိတ်လန့်စရာ ကောင်းလှသည်။
သူ့အရေပြား စုတ်ပြတ်၍ သွေးများ စိမ့်ထွက်နေသည်။ ယဲ့ဖန်၏ သွေးများ စီးကျနေပုံက ပျားအုံနှင့်ပင် တူနေသေးသည်။
လက်ရှိတွင် ယဲ့ဖန် အသက်ရှင်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားပါ။
*တစ်ကိုယ်လုံး ပျားအုံလို ဖြစ်အောင် အဆော်ခံထားရတာ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ*
*ယဲ့ဖန် သေကိုသေရမယ်*
သို့သော် ထန်ဟောင်ကျုံးနှင့် အခြားသူများ ဝမ်းသာချိန်ပင် မရလိုက်ဘဲ ကြောက်စရာကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်လာလေသည်။
အေးစက်စက် နတ်ဆိုးအသံတစ်သံ ထွက်ပေါ်လာ၏။
“ဒါ ဘယ်လိုအစွမ်းလဲ၊ ခံစားချက်က ကောင်းလိုက်တာ”
*ခံစားချက် ကောင်းတယ် ဟုတ်လား*
လူတိုင်း မျက်လုံးပြူးကျယ်သွားပြီး ထိတ်လန့်လွန်းသဖြင့် နှလုံးပင် ပေါက်ထွက် တော့မည်ဟု ခံစားနေရသည်။ ကြောက်ရွံ့သော မျက်လုံး များစွာက ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဘာလို့ ဒီလူ မသေသေးတာလဲ*
*ပျားအုံလို ဖြစ်တဲ့အထိ အပစ်ခံထားရတာကို အခုထိ မားမားမတ်မတ် ရပ်နေနိုင်တုန်းပဲ၊ မယုံနိုင်စရာပဲ၊ ဒီလူ လူမှဟုတ်သေးရဲ့လား*
*သူ မသေဘူးပဲ*
ထိုစကားတစ်ခွန်းက ထန်မင်လီတို့အား အဆုံးမရှိသော မျှော်လင့်ချက်များ ယူဆောင်လာသော်လည်း ထန်ဟောင်ကျုံးနှင့် အခြားသူများအတွက် ဆောက်တည်ရာမရ ဖြစ်စေသည်။
တိတ်ဆိတ်သွားလေပြီ။ ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လုပ်ကြံရေးသမားများအားလုံး ကြက်သီးနေကြသည်။ သူတို့ သိချွယ်၏ ခွန်အားကို သိပါသည်။ သို့သော် သူ၏ တိုက်စစ်က တစ်ခုပြီးတစ်ခု မအောင်မြင်ခဲ့သဖြင့် သူတို့ အံ့ဩနေရသည်။
*မသေနိုင်ဘူး*
*ဒီလူက တကယ် မသေနိုင်ဘူးပဲ*
သို့သော် ဤမျှနှင့် ရပ်မသွားပေ။ အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်က သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာကြောင်း သူတို့ တွေ့လိုက်ရသည်။
သွေးများ တစိမ့်စိမ့် စီးကျနေသော အပေါက်များက လျင်မြန်စွာ အသားပြန် ပြည့်လာ၏။ ထို့နောက်တွင်မူ လျင်မြန်စွာ ကျရောက်လာသော အင်မော်တယ် အလင်းများသည် ယဲ့ဖန်၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။
ဤမြင်ကွင်းက လူတိုင်းကို အဆုံးအစမဲ့စွာ သွေးပျက်သွားစေပြန်သည်။
*ဝါးမျိုခံလိုက်ရပြန်ပြီ*
*ဒီလူက သောက်ကျိုးနည်း ဘာကြီးလဲ အင်မော်တယ် အလင်းကို တကယ်ကြီး စားစရာလို ဝါးမျိုနေတာပဲ*
သိချွယ် အကြောက်လွန်ကာ အသံပင် ပျောက်နေ၏။ သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက်က ဤသို့ ယုတ္တိ မတန်သော နည်းလမ်းဖြင့် ပြိုကွဲသွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။
သူ့မျက်နှာသည် သရဲသဘက်ကို တွေ့လိုက်ရသော မျက်နှာထားမျိုး ဖြစ်နေပြီး အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်သေးပေ။
ထိုစဉ် ယဲ့ဖန်၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာ၏။ အရှိန်အဝါက ပြင်းထန်သန်မာလွန်းပြီး တုန်လှုပ်ဖွယ် ကောင်းလှသည်။
သူ့ခန္ဓာကိုယ်တွင်းမှ ဒီရေလှိုင်းပုတ်သံကဲ့သို့သော အသံ ထွက်ပေါ်လာပြီး မသိလျင် နတ်ဘုရားတစ်ပါး ကြုံးဝါးနေသည်ဟုပင် ထင်မှတ်မှားရသည်။
“မင်းက ဘာလို့ အင်မော်တယ် အလင်းကို ဝါးမျိုနိုင်ရတာလဲ၊ ဘာကြောင့်လဲ”
သိချွယ်သည် မျက်နှာကို ဖြတ်လိုက်ခံလိုက်ရသည်ဟု ခံစားမိနေ၏။ သူတောင်မှ အင်မော်တယ် အလင်းကို မဝါးမျိုနိုင်ပါ။ ဤအင်မော်တယ် အလင်းအား ထိန်းချုပ်နိုင်ရန် သူ နှစ်တစ်ထောင်နီးပါး ကြိုးစားခဲ့ရသည်။
သို့သော် ယဲ့ဖန်က ကစားနေသကဲ့သို့ ပြုမူနေပြီး လုံးဝ အရေးမစိုက်ချေ။ လက်ရှိတွင် သူ ရူးသွပ်သွား လေတော့သည်။
“မင်း သေလိုက်တော့”
“ဝုန်း”
တာအိုစွမ်းအင် တုန်ခါလာပြီး လေဟာနယ် အက်ကွဲလာသည်။ တောတောင်စိမ့်စမ်း ပန်းချီကားချပ် တစ်ချက် ထွက်ပေါ်လာသည်။ ၎င်းတွင်း၌ တောင်တန်းများနှင့် စမ်းချောင်းများ ပါရှိပြီး တောက်ပသော နေမင်းနှင့် အရှိန်အဝါတို့ ပါရှိကာ လှပသော ပန်းချီကားချပ်ပင်။
ယင်းတောတောင်စိမ့်စမ်း ပန်းချီကားချပ်သည် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ဝဲပျံသွားပြီး အရှိန်အဟုန်ဖြင့် ဖိအားပေးလာသည်။
*ဒါ … ဒါ နတ်ဘုရင်အဆင့် လက်နက်ပါလား*
“ဒါ အရှင်သိချွယ်ရဲ့ အစွမ်းအထက်ဆုံး လက်နက်ပဲ၊ ဒီတောတောင်စိမ့်စမ်း ပန်းချီကားချပ်ကို နတ်စွမ်းအင်နှင့် ဖန်တီးထားတာ၊ အဲ့ထဲမှာ အစွမ်းထက်တဲ့ မြစ်ချောင်းနဲ့ တောတောင်တွေပါတယ်၊ အဲ့ဒါရဲ့ အစွမ်းက မထင်မှတ်ထား လောက်အောက်ပဲ စွမ်းအင်တစ်ချက်က တောင်ကိုတောင် ပြိုစေနိုင်တာ”
တောပြိုသံ ထွက်ပေါ်လာသည်။ ဆယ်မိုင်အတွင်းမှ တောင်တန်းတစ်ခုသည် ပြိုကျလုနီးပါး ဖြစ်နေပြီး ဤပန်းချီကားချပ်၏ စွမ်းအင်ကို တောင့်မခံနိုင် တော့ဘဲ ပြိုလဲပျက်စီးလာ၏။
ဤသည်မှာ တာအိုသဘောတရား ဆင့်ကဲပြောင်းလဲခြင်း မဟုတ်ဘဲ စွမ်းအင် စီးကြောင်း ကျဆင်းလာခြင်း ဖြစ်လေသည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်က ပြင်းထန်လွန်းလှသည်။
“သေပြီ၊ တောင်တန်းတစ်ခုတောင် အပစ်ခံရမှာတော့ ဒီကောင် ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
လုပ်ကြံရေးသမားများအားလုံး အံ့အားသင့်နေကြသည်။
“ဒီတောတောင်စိမ့်စမ်း ပန်းချီကားချပ်ရဲ့ အစွမ်းက မိုးကြိုးမုန်တိုင်းလိုပဲ၊ ဒီကောင် သေချာပေါက် သေမှာ”
ထန်ဟောင်ကျုံးမျက်နှာ ပြုံးယောင်သန်းလာသည်။ ယခု သူ စိတ်အခြေအနေ ပြန်ကောင်းမွန်လာသည်။ ၎င်းက နတ်ဘုရင်အဆင့် လက်နက်ဖြစ်သည်။ လက်နက်ပါသည့် အခြေအနေနှင့် လက်နက် မပါသည့် အခြေအနေက တစ်ခြားစီပင်။
ချက်ချင်းဆိုသလိုပင် တောတောင်စိမ့်စမ်း ပန်းချီကားချပ်က ယဲ့ဖန်အား ဖိနှိပ်လာပြီး အားဖြင့် ဖိချေတော့မယောင် ဖြစ်လာသည်။
သို့သော် ထိုအချိန်၌ ယဲ့ဖန်က အထင်သေးသော အပြုံးမျိုး ပြုံး၍ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ ထိုခြေလှမ်း လှမ်းလိုက်သည်နှင့် သူ့ခြေဖဝါး အောက်၌ နတ်ဘုရား စွမ်းအင်လှိုင်း ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ လေပြင်းတိုက်လာပြီး လောက အသွင် ပြောင်းလဲလာ၏။
“ဝုန်း”
တွင်းနက်တစ်ခု ပွင့်လာပြီး အထဲ၌ မရေတွက်နိုင်သော ဂြိုဟ်များ ရှိနေပြီး ကြယ်တာရာများ တောက်ပလျက် ရှိနေသည်။ နတ်ဘုရင်အဆင့်တောင်မှ ယင်းအာကာသနှင့် ယှဉ်လိုက်လျင် ဖုန်မှုန့်သဖွယ် သေးနုပ်သွားလေသည်။
ထို့နောက် ဂြိုဟ်များ တစ်ခုပြီးတစ်ခု တွင်းနက်ထဲမှ ထွက်လာသည်။ တစ်ခု၊ ဆယ်ခု၊ အခုတစ်ရာ။ အားလုံးက ယဲ့ဖန်နား၌ စုဝေးနေသည်။
ဤသည်ကိုမြင်သော် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွာပြီး ယဲ့ဖန် ရူးသွားလေသလားဟု ထင်သွားကြသည်။
*သူ့ခွန်အားနဲ့ တောတောင်စိမ့်စမ်း ပန်းချီကားချပ်ကို ယှဉ်ဖို့ ကြိုးစားနေ တာလား*
*သူ့ကိုယ်သူ နတ်ဘုရင်များ ထင်နေလား*
သို့သော် နတ်ဘုရင်အဆင့်တောင်မှ ဤတောတောင်စိမ့်စမ်း ပန်းချီကားချပ်ကို လက်လွတ်စပယ် မတိုက်ခိုက်ရဲပါ။ သို့မဟုတ်ပါက နင်းချေခံရပေလိမ့်မည်။
သိချွယ်ကလည်း အထင်သေးစွာ ပြောလာ၏။
“မင်း ဘယ်လိုပဲလုပ်လုပ် ဒါကို မယှဉ်နိုင်ပါဘူး”
“ယဲ့ဖန် မင်း သေလို့ရပြီ’
ထိုအသံအဆုံး၌ တောတောင်စိမ့်စမ်း ပန်းချီကားချပ်မှ မြည်ဟီးသံ ထွက်ပေါ် လာပြီး တစ်လောကလုံး မျက်စိကျိန်းလောက်သည့် အဆုံးအစ မဲ့သော အလင်းများက ပြင်းထန်စွာ ကျရောက်လာ၏။
ထိုအခါ ယဲ့ဖန်၏ အမူအရာကလည်း လေးနက်လာပြီး ကြုံးဝါးလိုက်သည်။
“ဂြိုဟ်ပေါက်ကွဲခြင်း”
ဂြိုဟ်တစ်လုံးပြီးတစ်လုံးက တောတောင်စိမ့်စမ်း ပန်းချီကားချပ်ထံသို့ ပြေးဝင်သွားသည်။ ပေါက်ကွဲသံနှင့်အတူ အရှေ့ဆုံးမှ ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည်။ သို့သော် တောတောင်စိမ့်စမ်း ပန်းချီကားချပ်အား မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။
“ဟားဟားဟား ယဲ့ဖန် မြင်ပြီလား၊ မင်းက သစ်ပင်ကို ကိုင်လှုပ်ချင်နေတဲ့ ပုရွက်ဆိတ်လေးပါကွာ၊ ထပ်လုပ်မနေနဲ့ မြန်မြန် အသေခံလိုက်တော့”
ဤသည်ကိုမြင်သော် ထန်ဟောင်ကျုံး အားပါးတရ ရယ်လိုက်ကာ မျက်နှာထားက ရက်စက်မှုများနှင့် ပြည့်နှက်နေ၏။ လက်ရှိတွင် သူ မျှော်လင့်ချက်ကို မြင်နေရသည်။
ယဲ့ဖန်က ဤတောတောင်စိမ့်စမ်း ပန်းချီကားချပ်ကို မထိုးဖောက်နိုင်သဖြင့် သေလမ်းသာ ရှိပေတော့မည်။ သူတို့ အနိုင်ရလေပြီ။
ထိုအခါ သိချွယ်ကလည်း သရော်လာ၏။
“ယဲ့ဖန် ကြည့်ရတာ မင်းအစွမ်းတွေ အကုန်သုံးပြီးပြီတဲ့ တူတယ်၊ မင်း အသေခံလိုက်တော့”
သူ၏ တိုက်ခိုက်မှုက မသက်ရောက်ဘဲ ခြင်ကိုက်သလောက်သာ ဖြစ်နေ၏။ ထန်မင်လီနှင့် အခြားသူများ စိုးရိမ်စွာဖြင့် လက်သီးကို ဆုပ်ထားပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
“ဆွဲအားအဆတစ်ရာ”
သို့သော် ယဲ့ဖန်က စကားတစ်ခွန်းကိုသာ တီးတိုး ပြောလာ၏။
*ဟမ်*
လူတိုင်း ယဲ့ဖန်၏ စကားကို နားမလည်ကြချေ။ သို့သော် ယဲ့ဖန်က ဆက်ပြော လေသည်။
“အဆတစ်ထောင်”
*ဘာ*
လူတိုင်း မျက်လုံးပြူးသွားပြီး ကြောက်စိတ်များ ထင်ဟပ်လာသည်။ သို့သော်လည်း အချိန်နှောင်းသွားလေပြီ။ သိချွယ်တောင်မှ နေရာမှာတင် ကြက်သေ သေကာ စိတ်ထဲ၌ မသက်မသာသော ခံစားချက်ကို ရလာသည်။
“အဆတစ်သောင်း”
ပြေးဝင်သွားသော ဂြိုဟ်များက ပို၍ မြန်ဆန်လေးလံလာပြီး ဆွဲအားက လေထုကိုပင် ဖျက်ဆီးလာကာ တောတောင်စိမ့်စမ်း ပန်းချီကားချပ်အား ဒေါတသကြီး ဝင်တိုက်ကြသည်။
“ဝုန်း ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံက နားကွဲမတတ် ထွက်ပေါ်လာသည်။ တောတောင်စိမ့်စမ်း ပန်းချီကားချပ်သည် ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး ပျက်စီးတော့မယောင် မဟန်သော အခြေအနေမျိုး ပြလာသည်။ ထို့နောက် အလင်းများ ဖြာထွက်လာပြီး အထဲမှ တောတောင်မြစ်ချောင်း ပုံများ ပျက်စီးသွားသည်။
သို့သော် ထိုမျှနှင့် မရပ်သေးချေ။ ယဲ့ဖန် ဆက်ပြောလာသော စကားက သိချွယ်နှင့် အခြားသူများအား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
“ဆွဲအားအဆ တစ်သိန်း”
Chapter 1418 စိတ်မကောင်းဘူး အဲ့လိုမလုပ်နိုင်ဘူး
*ယဲ့ဖန်က တကယ်ကြီး တောတောင်စိမ့်စမ်း ပန်းချီကားချပ်ရဲ့ အစွမ်းကို တားဆီးလိုက်တာလား*
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
*လက်စသတ်တော့ ဆွဲအားက တိုးလာတာကိုး*
“ဆွဲအားအဆ တစ်သိန်း”
ထိုစကားသံ ထွက်ပေါ်လာချိန်တွင် သိချွယ်နှင့် အခြားသူများ ကြက်သီးထ သွားကြသည်။
*ဆွဲအားအဆတစ်သိန်း ဒါ တကယ်လား၊ အမှားကြီးလား*
ဆွဲအား အဆတစ်သောင်းသည် အလေးချိန် တန်တစ်ရာ့ငါးဆယ်နှင့် ညီမျှသည်။ တစ်သိန်းဆိုလျင် တန် တစ်ထောင့်ငါးရာ ရှိနေပြီ ဖြစ်သည်။ ဤမျှ ကြောက်စရာကောင်းသော အင်အားက တောင်တစ်လုံးနှင့် မြစ်တစ်စင်းကိုပင် ဖျက်ဆီးနိုင်၏။
ထိုစဉ် ဂြိုဟ်အခုတစ်ရာလောက်က တောတောင်စိမ့်စမ်း ပန်းချီကားနှင့် ဝင်ဆောင့်သောအခါ နတ်ဘုရားစွမ်းအင် ပါဝင်သော တောတောင်စိမ့်စမ်း ပန်းချီကားသည် ထိုဒဏ်ကို မခံနိုင်ဘဲ တစ်စစီ ပျက်စီးသွားသည်။
*နတ်ဘုရင်အဆင့် လက်နက်က ပျက်စီးသွားတာလား*
ပတ်ဝန်းကျင် အခြေအနေက အေးစက်တောင့်တင်းသွားလေသည်။ သိချွယ်နှင့် အခြားသူများ၏ အမူအရာ သည်လည်း အေးစက်သွားရသည်။
ယဲ့ဖန်က သိချွယ်၏ တိုက်ခိုက်မှုကို တားနိုင်သည့်အပြင် သူ၏ တောတောင်စိမ့်စမ်း ပန်းချီကားကိုလည်း ဖျက်ဆီးနိုင်သည့်အဖြစ်အား သူတို့လည်း အိပ်မက်မက်နေသည်ဟု ခံစားမိနေသည်။
*ဒါ နတ်ဘုရင်အဆင့် လက်နက်လေ*
*အခု ယဲ့ဖန်ဆီမှာ တစ်ချက်တည်းနဲ့ ရှုံးသွားတယ်လား*
*ဒီကောင်ကလည်း နတ်ဘုရင်အဆင့် ဖြစ်နေတာလား*
ထိုဖြစ်နိုင်ချေကို စဉ်းစားမိပြီးနောက် လူတိုင်း အသက်ရှူမဝသလို ခံစားလာရသည်။ တောတောင်စိမ့်စမ်း ပန်းချီကား ပျက်စီးသွားချိန်တွင် လူတိုင်း ရေခဲကန်ထဲသို့ ပြုတ်ကျသွားသလို ဖြစ်သွားပြီး ကြက်သီးထ လာကြသည်။
“မင်း သောက်ကျိုးနည်း မင်းက ဘယ်သူလဲ”
သိချွယ်၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး သူ့ရင်ထဲ၌ ထိတ်လန့်မှုကို ခံစားလာရသည်။ တောတောင်စိမ့်စမ်း ပန်းချီကား လုံးဝ ပျက်စီးသွားလေပြီ။ သူ၏ အသက်တမျှ တန်ဖိုးထားသော ရတနာကို စတေးခဲ့သော်လည်း တစ်ဖက်လူထံ၌ ရှုံးနိမ့်ရပြန်သည်။ ယင်းကလည်း ပြိုင်ဘက်ထံ၌ တစ်ချက်တည်းနှင့် ရှုံးနိမ့်ခြင်းပင်။
သူ၏ မျက်လုံးတွင် မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်လာသည်။ သူ၏ တောတောင်စိမ့်စမ်း ပန်းချီကားသည် နတ်ဘုရင်အဆင့်ကိုပင် သတ်နိုင်ပြီး တစ်ခါမှ ကျရှုံးခြင်း မရှိခဲ့ပါ။
သို့ရာတွင် ယဲ့ဖန်က ဘာမှမဖြစ်ရုံသာမက သူ၏ တောတောင်စိမ့်စမ်း ပန်းချီကားကိုပင် တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သေးသည်။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
“ခင်ဗျား တိုက်တာ ပြီးပြီးလား၊ ဒါဆို ကျုပ်အလှည့်ပဲ”
ယဲ့ဖန်၏ အမူအရာက ရက်စက်သွေးဆာဟန် ပေါ်လာသည်။ ထိုအခါ ထန်ဟောင်ကျုံးနှင့် အခြားသူများ အကြောက်လွန်ကာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားရသည်။
ယခင်က သူတို့ ဤနတ်ဆိုးကို မျက်လုံးထဲပင် မထည့်ခဲ့ချေ။ ယခု ဤနတ်ဆိုးက သူတို့ကို ဆောက်တည်ရာ မရအောင် လုပ်နေလေပြီ။
သိချွယ်ပင် မယှဉ်နိုင်အောင် အင်အားကြီးသည့် ရန်သူတစ်ယောက်အား သူတို့က မည်သို့ ယှဉ်နိုင်ပါမည်နည်း။
*ထွက်ပြေးရမယ်*
လက်ရှိတွင် ထန်ဟောင်ကျုံးနှင့် အခြားသူများအားလုံး ထိုအတွေးသာ တွေးနေမိသည်။
“မဖြစ်နိုင်ဘူး၊ ငါ သိချွယ်က မင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”
သိချွယ် ရူးမတတ် အော်ဟစ်လိုက်သည်။ သူ့မျက်နှာ ရှုံ့မဲ့နေပြီး မျက်လုံးတွင် အငြိုးထား၍ ရက်စက်ဟန်တို့ဖြင့် ပြည့်နှက်နေ၏။ သူ ယဲ့ဖန်ကို အရိုးထဲအထိ မုန်းတီးမိသည်။
သူ့ဘဝတွင် တစ်ခါမှ မကျရှုံးဖူးပါ။ သို့သော် ယဲ့ဖန်က သူ့ကို အကြိမ်ကြိမ် အရှက်ရအောင် လုပ်ခဲ့သဖြင့် သူ မည်သို့ သည်းခံနိုင်ပါတော့မည်နည်း။
သူသည် ရှေ့သို့ တစ်လှမ်းခြင်း လှမ်းလာပြီး ခြေလှမ်းတိုင်း၌ ကြာပန်းပွင့် လာပုံက နတ်ဘုရားတစ်ပါး လောကထဲသို့ လျှောက်လှမ်း လာသည်နှင့် သဏ္ဌာန်တူကာ ယဲ့ဖန်ထံသို့ ဆက်တိုက် လျှောက်သွားသည်။
“သေပေတော့”
ထို့နောက် အရေးမပါသော စကားများ မပြောတော့ဘဲ လက်နှစ်ဖက် ကိုမြှောက်ကာ ယဲ့ဖန်ကို ရိုက်ချလိုက်သည်။ သိချွယ်၏ မျက်လုံး၌ ရက်စက် ခက်ထန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“နောက်ဆုံးတော့ ခင်ဗျား ကိုယ်ထင်ပြတော့မှာလား၊ ခင်ဗျား ချောင်းပဲ တိုက်တတ်တယ်လို့ ကျုပ် ထင်နေတာ”
ယဲ့ဖန်က လှောင်ရယ်လိုက်သည်။ တစ်ဖက်လူက အမှောင်ထဲပုန်း၍ သူ့အား တိုက်ခိုက်ခဲ့ပုံကို သူ ရှင်းလင်းစွာ မှတ်မိနေပါသည်။
ပြင်းထန်သော စွမ်းအင်လှိုင်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ လောက ကိုပင် တုန်လှုပ်စေလောက်သည့် ဖိအားအရှိန်အဝါ ကျရောက်လာလေသည်။
နောက်ဆုံးသော တိုက်ခိုက်မှုဖြစ်သောကြောင့် သူ့အစွမ်းကို မိုင်ကုန်ထုတ် သုံးထားသည်။ အနိုင်ရသူက အသက်ရှင်ပြီး ရှုံးနိမ့်သူက သေဆုံးရပေမည်။
ထိုအချိန်တွင် ထန်မင်လီနှင့် ထန်ဟောင်ကျုံးတို့ နှစ်ယောက်လုံး အလွန်အမင်း စိုးရိမ်နေကြသည်။ သူတို့နှစ်ဖက်လုံးမှ အသန်မာဆုံးလူများ ထိပ်တိုက် တိုက်ခိုက်နေကြသည် မဟုတ်ပါလော။ ဤသည်က သူတို့၏ ကံကြမ္မာ အတွက် အဆုံးအဖြတ်ပင်။ လူတိုင်း တုန်လှုပ်နေကြသည်။
သို့သော် ယဲ့ဖန်က ပြတ်သားသော မျက်နှာထားနှင့် ရှောင်တိမ်းခြင်းမရှိချေ။
“အရူးကောင် မင်း ကြောက်နေတာလား၊ မင်း ဘယ်လို ရှောင်ရမလဲ မေ့နေပြီလား”
ထန်ဟောင်ကျုံး အပြုံးကြီး ပြုံးနေ၏။
“သူ့ခေါင်းကို ကြေမွအောင် လုပ်ပစ်လိုက်၊ သတ်ဖြတ်ခြင်းကျောင်းတော်ရဲ့ ကျော်ကြားမှုကို သက်သေ ပြပေးပါ”
“သတ်ပစ်၊ သူ့ကို နုတ်နုတ်စင်းပစ်လိုက်”
သတ်ဖြတ်ခြင်းကျောင်းတော်မှ လုပ်ကြံရေးသမားများလည်း အားရသော မျက်နှာများနှင့် အော်ဟစ် အားပေးကြသည်။
ယဲ့ဖန် ရှောင်တိမ်းခြင်း မပြုသည်ကို မြင်သောအခါ သိချွယ်၏ မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာသည်။
*ဒီအရူးက ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားနေတာလား*
*သေတွင်းတူးနေတာပဲ*
တစ်ခဏကြာသော် သူ့မျက်နှာတွင် သွေးပျက်ဟန် ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် လောကကို ဖျက်ဆီးနိုင်ပုံရသည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်ကို သူ သတိပြုလိုက် မိသောကြောင့်ပင်။
“ငါ့ဘက်က စတိုက်ပြီး ခွန်းလွန် တုန်လှုပ်ခြင်း”
ယဲ့ဖန်က လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခေါင်းပေါ်သို့ ရောက်နေသည့် သိချွယ်အား မျက်နှာချင်းဆိုင်၍ အားဖြင့် ထိုးနှက်လိုက်သည်။
*ဘာ*
ဤသည်ကိုမြင်သော် လူတိုင်း မယုံနိုင်အောင် ဖြစ်သွားကြသည်။
*သူက သိချွယ်ကို လက်သီးနဲ့ ထိုးနှက်ချင်တာလား*
*သူ ရူးနေတာလား*
*လက်သီးနဲ့ လက်ဝါးချင်း ယှဉ်ရအောင် သူ့ကိုယ်သူ နတ်ဘုရင်အဆင့်လို့များ ထင်နေတာလား*
*အရူး*
*အရူးပဲ*
ထန်ဟောင်ကျုံး ခနဲ့ပြုံး ပြုံးလိုက်ပြီး သူ့မျက်လုံးများက ပိုမို၍ အေးစက်လာကာ ယဲ့ဖန် မြန်မြန် သေပါစေဟု ဆုတောင်းနေမိသည်။
*မဖြစ်နိုင်တာကြီးကို*
အခြားသော လုပ်ကြံရေးသမားများလည်း ခက်ထန်ဟန် ပြနေပြီး ယဲ့ဖန် အသတ်ခံရမည့်ကို မြင်ရရန် မစောင့်နိုင်တော့ချေ။ အခါခါ ရှုံးနိမ့်ပြီးနောက် ယဲ့ဖန်က အံ့ဩစရာ ဖန်တီးနိုင်လိမ့်ဦးမည်ဟု သူတို့ မယုံကြည်ပါ။
“ဝုန်း”
ထိုစဉ် နှစ်ဖက်စလုံး ထိပ်တိုက်တွေ့သွားပြီးနောက် စွမ်းအင်လှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ လူတိုင်း ပြိုင်တူ နောက်ဆုတ် လိုက်ရပြီး သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ပေါ်လွင်လာ၏။ ဤစွမ်းအင်လှိုင်းက သူတို့ကိုပင် ထိတ်လန့်စေသည်။ သူတော်စင်သခင် အဆင့်တောင်မှ ထိုဒဏ်ကို မခံနိုင်ဘဲ နောက်ဆုတ်ရလေသည်။
“ဂျွတ်”
ရုတ်တရက် အရိုးကျိုးသံ ထွက်ပေါ်လာ၏။
“ရှုံးသွားပြီ၊ ခွေးမသား ယဲ့ဖန် ရှုံးသွားတာပဲ ဖြစ်ရမယ်”
ထန်ဟောင်ကျုံး ရယ်လိုက်သည်။
“ကျွတ် ကျွတ် ကျွတ် လက်ကျိုးသွားတာလား၊ နတ်ဘုရင်အဆင့်ကို တိုက်ရဲမှတော့ ဒီလိုပဲ ဖြစ်မှာတေပါ့၊ မျိုးမစစ်ကောင် သေသင့်တယ်”
သို့သော် မကြာခင်မှာပင် နှစ်ယောက်လုံး ထိပ်တိုက်ရင်ဆိုင်နေသည့် အနေအထားဖြင့်သာ ရှိနေသေးသည်ကို လူတိုင်း အလန့်တကြား တွေ့လိုက်ရသည်။ ထို့အတူ သိချွယ်၏ လက်ဝါးက မရှိတော့ပေ။ သွေးများ စီးကျနေသည့် ပြတ်တောက်နေသော လက်ကောက်ဝတ်သာ ရှိလေသည်။
“ဟာ”
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထန်ဟောင်ကျုံးနှင့် အခြားသူများအားလုံး မှင်တက် သွားလေသည်။ ထို့နောက် သူတို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။
*နတ်ဘုရင်*
*သူက နတ်ဘုရင်အဆင့်ပဲ*
*ရှုံးသွားပြီ*
သိချွယ် ရှုံးနိမ့်သွားလေပြီ။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က ယဲ့ဖန်ထံ၌ ရှုံးနိမ့်သွား၏။ ဆက်တိုက် ရှုံးနိမ့်နေခဲ့သဖြင့် ဤသည်က သေချာပေါက်ကို တိုက်ဆိုင်မှု မဟုတ်တော့ချေ။ သူတို့အားလုံး ဇာတ်သိမ်း ပေတော့မည်။
ထိုအခိုက်တွင် လုပ်ကြံရေးသမားများ မျက်နှာပြာနှမ်းလာပြီး သည်းခြေ ပျက်ကာ ငိုချင်စိတ်ပင် ပေါက်လာကြသည်။ သူတို့သည် အထက်စီးဖြင့် လာခဲ့ပြီး နတ်ဘုရင်အဆင့် ခေါင်းဆောင်ဖြစ်သူပါ ပါသဖြင့် ယဲ့ဖန်အား သတ်ဖြတ်ခြင်းက ကလေးကစားသကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူတို့ ထင်ခဲ့မိသည်။
သို့သော် မထင်မှတ်ဘဲ တစ်ဖက်လူက နတ်ဘုရင်အဆင့် ဖြစ်နေ၏။ ထို့အပြင် ခွန်အားက သိချွယ်ထက်ပင် သာနေသေးသည်။
“ချောင်းတိုက်ရင်တောင် မင်း မနိုင်တာ၊ အမှိုက်ကောင် သေလိုက်တော့”
ယဲ့ဖန်၏ မျက်လုံးသည် လူသတ်ချင်စိတ်ကြောင့် အရောင်လက်နေပြီး ဒေါသတကြီး လက်သီးဖြင့် ထိုးနှက် လိုက်သည်။
“ဝုန်း”
သိချွယ်၏ ခန္ဓာကိုယ် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်ကျကာ သွေးအန်လာ၏။ ဤသည်ကိုမြင်သော် ခန်းမတစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကာ လူတိုင်း မျက်လုံးပြူးသွားသည်။
*ကြောက်စရာကောင်းလိုက်တာ*
*ရှုံးသွားတယ်*
*သိချွယ် ရှုံးသွားပြီ*
ထန်မင်လီနှင့် အခြားသူများ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာကြသည်။ ယဲ့ဖန်က ဒဏ္ဍာရီလာ နတ်ဘုရင် အဆင့်သို့ ရောက်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။
*ဒါကြီးက တကယ်လို့ မထင်ရဘူး*
*မယုံနိုင်စရာပဲ*
*အားကြီးပြီး ဖိနှိပ်နိုင်တယ်၊ ပြိုင်ဘက်ကင်းတယ်*
“အရှင်ယဲ့ဘုရင်”
သူတို့အားလုံး ဒူးထောက်ကျကာ မျက်လုံးတွင် မျက်ရည်များဖြင့် ပြည့်နေ၏။ သူတို့ လေးစားသထက် လေးစားလာရသည်။
“ထန်ဟောင်ကျုံး ခင်ဗျားတော့ ဇာတ်သိမ်းပြီ”
ထန်မင်လီ ကျေနပ်အားရသော မျက်နှာနှင့် အားပါးတရ ရယ်မောလိုက်သည်။ ထန်ဟောင်ကျုံး၏ ကံကြမ္မာကို သူ ကြိုမြင်နေသည့်ပုံပင်။ ထန်ဟောင်ကျုံး တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာဖြူရော်နေ၏။ လက်ရှိတွင် သူ ငိုချင်နေလေသည်။
ယဲ့ဖန်က နတ်ဘုရင်အဆင့် ဖြစ်နေ၏။ သိချွယ်ကိုပင် မျက်လုံးထဲ မထည့်သည့် နတ်ဘုရင်အဆင့် ဖြစ်နေပါ တကား။
သူသည် သန်မာ၍ ချုပ်ကိုင်နိုင်သည်။ သူသည် ထူးခြားဆန်းကြယ်သူ ဖြစ်သည်။ သူသည် အမှန်တကယ် ပြိုင်ဘက်ကင်းလေ၏။
*ဒီလောက် ဒဏ်ရာအပြင်းအထန် ရထားတာတောင် သိချွယ်ကို အနိုင်ယူနိုင်သေးတယ်၊ ဒီလိုလူက တကယ်ပဲ လူဟုတ်သေးရဲ့လား*
“နတ်ဆိုး၊ သူက ငရဲက နတ်ဆိုး”
ထန်ဟောင်ကျုံး ကြမ်းပြင်ပေါ် လဲကျသွားပြီး အမူအရာက ထုံထိုင်းနေ၏။ လက်ရှိတွင် သူ ကြောက်လန့် နေလေပြီ။ သူ့စိတ်ထဲ၌ အတောမသတ်နိုင်သော နောင်တရစိတ်တို့သာ စိုးမိုးနေလေသည်။
ယခင်က သူသည် ထန်မင်လီ၏ ယဲ့ဖန်အပေါ် မျက်ကန်းတစ္ဆေသဖွယ် လေးစားမှုကို ရယ်မောခဲ့သည်။ ယခုအခါတွင်မှ သူသာ မောက်မာခဲ့ကြောင်း သတိပြုခဲ့မိသည်။
ယဲ့ဖန်ကဲ့သို့သော ယောက်ျားတစ်ယောက်အား လောက၌ ပြိုင်ဘက်ကင်းဟု ဆိုနိုင်ပေသည်။ ဤသို့သောလူ နောက်ကိုသာ သူ လိုက်ခဲ့ပါက ထန်မိသားစုက နောင်တွင် မည်မျှမြင့်မားသော အမြင့်သို့ ရောက်နိုင်ပြီး သူသည်လည်း မည်သို့သော အဆင့်အတန်းကို ရမလဲဆိုသည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။
သူ သတ်ဖြတ်ခြင်းကျောင်းတော်၏ စည်းရုံးခြင်းကိုသာ စိတ်မပါခဲ့ပါက၊ သူ ယဲ့ဖန်ကို သစ္စာမဖောက်ခဲ့ပါက အခွင့်အရေး ရနိုင်သေးသည်။ သို့သော် ယခုအခါ၌ နောင်တရရန် နောက်ကျသွားချေပြီ။
“ငါ အလောင်းအစားမှာ ကံမကောင်းတတ်ဘူးပဲ”
ထို့နောက် သူသည် ကံကြမ္မာကို လက်ခံလိုက်ပုံရပြီး မချိပြုံး ပြုံးလိုက်သည်။ အကြားအမြင်ဟောသူက သူ့အနာဂတ်အကြောင်း ဟောခဲ့ဖူးသည်။ သူ့ဘဝတွင် အလောင်းအစား၌ ကံမကောင်းတတ်ဟု ပြောခဲ့သည်။
ထို့ကြောင့် သူသည် တစ်သက်လုံး လောင်းကစားဘက် ခြေဦးပင် မလှည့်ပါ။ ယနေ့ သူ့ဘဝ၌ တစ်ကြိမ်သာ အလောင်းအစား လုပ်ခဲ့သည်။ ထိုအလောင်းအစားကလည်း ကြေးကြီးလှသည်။ ထိုအလောင်းအစားမှာပင် သူ ရှုံးခဲ့ရလေပြီ။ လျော်ကြေးက သူ့အသက်ပင်။
“မိစ္ဆာကောင် သောက်မိစ္ဆာကောင်”
သိချွယ် နှာခေါင်းသွေးလျှံကာ မျက်နှာပြာနှမ်းနေ၏။ ယဲ့ဖန်က အရည်အချင်း မရှိဟု သူ ထင်ခဲ့သော်လည်း တကယ်တမ်း အရည်အချင်းမရှိသူက သူ ဖြစ်နေလေသည်။ ယခု သူ့၌ ဘာနည်းလမ်းမှမရှိတော့သဖြင့် ယဲ့ဖန်ကို မည်သို့ တိုက်ရတော့မည်နည်း။
“ဒေါက် ဒေါက် ဒေါက်”
ယဲ့ဖန် တစ်လှမ်းချင်း လှမ်းလာ၏။ ခြေလှမ်းတိုင်းက လုပ်ကြံရေး သမားများကို ကြက်သီးထစေသည်။ ဤနတ်ဆိုး၏ မည်သည့် လှုပ်ရှားမှု မဆိုက သူတို့အား စိတ်မသက်မသာ ဖြစ်စေ၏။
“သတ်ဖြတ်ခြင်းကျောင်းတော် ငါ မင်းတို့ကို တော်တော်ကြာအောင် သည်းခံ ခဲ့တယ်၊ အခု မင်းတို့ ဒီလောကက ပျောက်သွားဖို့ အချိန်တန်ပြီ”
ယဲ့ဖန်သည် သိချွယ်ဘေး၌ ရပ်နေပြီး မျက်လုံးများက အေးစက်စက် အရိပ်အယောင်တို့ဖြင့် တောက်ပနေသည်။
*ဘာ*
ထိုစကားကိုကြားသော် သိချွယ်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ သတ်ဖြတ်ခြင်းကျောင်းတော်သည် ကယူးရှူ ကိုးပြည်နယ်၌ နှစ်ထောင်ချီ၍ တည်ရှိခဲ့သော ဂိုဏ်းဖြစ်သည်။ မည်သူမှ သူတို့ကို ဤသို့ မပြောရဲပါ။ ယဲ့ဖန်က ပထမဆုံး ပြောရဲသည့်သူပင်။
*မောက်မာလွန်းတယ်*
*ဖိနှိပ်လွန်းတယ်*
*မဖြစ်နိုင်လိုက်တာ*
သိချွယ် ပြန်ပြောချင်သော်လည်း သူ့၌ ပြန်ပြောရဲသည့် အရည်အချင်းရော သတ္တိပါ မရှိပါ။ သူ့မျက်နှာတွင် မလိုလားစိတ်နှင့် ကြောက်စိတ်တို့သာ ရှိနေသည်။
“ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့”
ထိုအခိုက်တွင် သိချွယ်သည် အသနားခံလာ၏။ သူ၏ အပြုအမူကြောင့်ပင် လုပ်ကြံရေးသမားများ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။
သိချွယ်တောင်မှ အရှုံးကို လက်ခံလာသဖြင့် သူတို့ သေချာပေါက် ရှုံးသွားလေပြီ။ ယဲ့ဖန် သူ့ကို အလေးအနက် စိုက်ကြည့်လိုက်ပြီးမှ လက်သီးကို ဝင့်လိုက်သည်။ သူ့လက်၌ နတ်ဘုရားစွမ်းအင် စုဝေးလာလေသည်။
“စိတ်မကောင်းပါဘူး၊ အဲ့လို မလုပ်နိုင်ဘူး”