အခန်း (၈၆၇)
Vol. 63 Ch. 867
အခန်း ၈၆၇ နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းခြင်း
ဖူး...
စုမင်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး သူ၏ ညာလက်သီးကို ရင်ဘတ်ပေါ်မှ ဖယ်ခွာလိုက်လေသည်။ ယခုပင် သူ လွှဲရိုက်လိုက်သော လက်သီးချက်မှာ မိမိကိုယ်ကို မိမိ ပြန်လည် ထိုးနှက်လိုက်ခြင်း ဖြစ်၏။ ခန္ဓာကိုယ်အတွင်းမှ ပြင်းပြလှသော နာကျင်မှုက သူ၏ စိတ်အစဉ်ကို ကြည်လင်သွားစေသော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာမူ ပြောင်းလဲခြင်း မရှိဘဲ ကျန်ရစ်နေဆဲ ဖြစ်သည်။
ယုမိသားစု၏ ဂေဟာတစ်ခုလုံးမှာ ဗလာကျင်းနေပြီး ထိုနယ်မြေတစ်ခုလုံးတွင် သေမင်းတမျှ တိတ်ဆိတ်ခြင်းက လွှမ်းမိုးလျက် ရှိ၏။
သူ လူပေါင်း မည်မျှကို သတ်ဖြတ်ခဲ့မိသည်၊ သို့မဟုတ် သူ၏ အနီးသို့ ချဉ်းကပ်လာသူ မည်မျှထံမှ အသက်အင်အားများကို စုပ်ယူခဲ့မိသည်အား စုမင် မသိတော့ပေ။
သူသည် တာအို ရိပ်သာတောင်၏ အပြင်ဘက် မြေပြင်ပေါ်တွင် ရပ်နေမိသည်။ သူ၏ ပတ်ဝန်းကျင်တွင် အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိတော့ချေ။ ကောင်းကင်ယံမှာ တရွေ့ရွေ့ မှောင်မိုက်လာသော်လည်း တာအို ရိပ်သာတောင်ပေါ်ရှိ ကြောက်မက်ဖွယ် တစ္ဆေကြီး၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာမှာမူ အလွန်ပင် ရှင်းလင်း ထင်ရှားနေလေသည်။
စုမင်၏ မျက်နှာပေါ်တွင် နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ဤအရာအားလုံးမှာ ပုံရိပ်ယောင် ဖြစ်ရပ်များသာ ဖြစ်ပြီး သူသည် ယခုအခြေအနေတွင် အမှန်တကယ် ရှိနေသည်လော သို့မဟုတ် အရာအားလုံးမှာ အတုအယောင်များသည်လော ဆိုသည်ကို မခွဲခြားနိုင်တော့ပေ။
"ယုံကြည်နေသရွေ့ တည်ရှိနေလိမ့်မယ်" ယုချန်ဟိုင်၏ သတိပေးသံမှာ စုမင်၏ နားထဲ၌ ပဲ့တင်ထပ်လာသည်။
"ငါကတော့ တစ်ခါမှ မယုံကြည်ခဲ့ဘူး။ ဒါဆို ဒီအရာအားလုံးက အစစ်အမှန်တွေ ဖြစ်နေတာလား..." စုမင်က တိုးညှင်းစွာ ရေရွတ်လိုက်စဉ် သူ၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွား၏။
'ဒါက အစစ်လား၊ အတုလား ဆိုတာကို သိချင်ရင် မင်နက်ရောင်ဂြိုဟ်ပေါ်က တခြားနေရာတွေကို သွားကြည့်ရမယ်'
စုမင်သည် လှုပ်ရှားလိုက်ပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားလေသည်။ သို့သော် သူသည် တိတ်ဆိတ်ခြောက်သွေ့နေသော ထိုမြေပြင်မှ ထွက်ခွာတော့မည့် ဆဲဆဲ၌ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရပြန်သည်။
ထို့နောက် သူ၏ မျက်ဝန်းများအတွင်း၌ ပြင်းထန်သော အလင်းတန်းများ ပေါ်ထွက်လာ၏။ သူ၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ သူသည် ကောင်းကင်ယံ၌ပင် ရပ်တန့်နေပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ တာအို ရိပ်သာတောင်အား စိုက်ကြည့်နေမိလေသည်။
ယခုမှ သူ ပြန်လည် သတိရလာသည်။ သူသည် အစမှအဆုံးအထိ မယုံကြည်ခဲ့ခြင်း မဟုတ်ပေ။ သူသည် လက်ဝါးပြင်ကြီးအတွင်းမှ လွတ်မြောက်လာပြီး မြေပြင်ပေါ်ရှိ ယုချန်ဟိုင်နှင့် အဘိုးကြီး ၅ ဦးကို လှမ်းကြည့်လိုက်စဉ်က သူ ပြုံးခဲ့မိသည်။
ထိုအပြုံးသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုခဏ၌ စုမင်သည် သူ မြင်တွေ့နေရသောအရာကို ယုံကြည်သွားခဲ့ကြောင်း ပြသနေခြင်း ဖြစ်၏။
သူသည် ယုချန်ဟိုင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်စဉ် သူသည် ပထမတံခါးအား ဖြတ်ကျော်နိုင်ခဲ့ပြီဟု ထင်မှတ်ခဲ့သည်။
မှားယွင်းခဲ့ပြီ ဖြစ်သည်။ အရာအားလုံးမှာ ထိုအခိုက်အတန့်၌ပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုခဏ၌ သူ ယုံကြည်ခဲ့မိသောကြောင့်သာ အရာအားလုံး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
စုမင်သည် ဆိတ်ဆိတ်နေမိ၏။ အချိန်အတော်ကြာပြီးနောက် သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့သည်။ သူ ထိုင်ချလိုက်သောအခါ သူ၏ မျက်ဝန်းများအတွင်း၌ မှောင်မိုက်သော အလင်းရောင်များ ပေါ်ထွက်လာပြီး သူ၏ စိတ်မသက်မသာ ဖြစ်မှုကို ဖော်ပြနေလေသည်။
'ဘယ်လောက်တောင် အားကောင်းတဲ့ ပုံရိပ်ယောင် ပညာလဲ။ ယုမိသားစုဝင်တွေဟာ ဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို သိထားကြပေမဲ့ ဘာကြောင့် ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့သူ ရှားပါးနေလဲဆိုတာ မဆန်းတော့ပါဘူး'
စုမင်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ ထိုသို့ မှိတ်လိုက်သည့် တစ်ပြိုင်နက်တည်းမှာပင် သူ၏ ညာလက်ကို မြှောက်လိုက်၏။ အသူရာ ဖန်ဆင်းရှင်များထံမှ အချိန်ပညာ စွမ်းအားများကို သူ၏ ညာလက်တွင် စုစည်းထားပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးဖြင့် ထိတွေ့ရန် ပြင်လိုက်သည်။ ထိုသို့ ထိတွေ့လိုက်သည်နှင့် အချိန်စွမ်းအားမှာ ချက်ချင်းပင် ပျံ့နှံ့သွားပေလိမ့်မည်။
ထို့နောက် သူသည် အချိန်စီးဆင်းမှုကို ပြောင်းလဲပစ်နိုင်ပြီး ဤနေရာကို ပြောင်းလဲမှုများ မဖြစ်ပေါ်မီ အချိန်သို့ ပြန်လည် ရောက်ရှိစေနိုင်သည်။
'မင်းတို့ မျိုးနွယ်စုရဲ့ ပုံရိပ်ယောင် ပညာက ပိုအားကောင်းမလား၊ ငါ့ရဲ့ အချိန်ပညာက ပိုအားကောင်းမလားဆိုတာ ကြည့်ကြသေးတာပေါ့'
စုမင်သည် သူ၏ ညာလက်ညှိုးဖြင့် မျက်ခုံးနှစ်ခုကြားကို ထိတွေ့တော့မည့် ဆဲဆဲ၌ သူ၏ လက်ချောင်းမှာ ရုတ်တရက် တောင့်တင်းသွားသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်းတို့အတွင်း၌ တောက်ပသော အလင်းတန်းများ လက်လာလေသည်။
"ဒါက မှားနေတယ်..." သူသည် အချိန်အတော်ကြာ ဆိတ်ဆိတ်နေပြီးနောက် သူ၏ လက်ချောင်းကို ပြန်ချလိုက်သည်။ "ငါသာ အချိန်ပညာကို အသုံးပြုပြီး ဒါကို တိုက်ခိုက်မယ်ဆိုရင် ငါဟာ ဒီပုံရိပ်ယောင် ဖြစ်ရပ်ကို ယုံကြည်နေတယ်လို့ အဓိပ္ပာယ်ရတယ်။ အဲဒါက ပုံရိပ်ယောင်ပဲဖြစ်ဖြစ် အစစ်အမှန်ပဲဖြစ်ဖြစ် ငါယုံကြည်နေသရွေ့တော့ တည်ရှိနေမှာပဲ"
"ဒီစကားစုကို နားလည်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်..." စုမင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ ခဏအကြာတွင် သူသည် အခြားမည်သည့် နည်းလမ်းကိုမျှ အသုံးမပြုတော့ဘဲ ငြိမ်သက်စွာ ထိုင်နေရန်သာ ရွေးချယ်လိုက်လေသည်။ မျက်လုံးများကို မှိတ်ထားလိုက်ပြီးနောက် သူ၏ စိတ်နှလုံးအား ငြိမ်သက်ခြင်း အင်းအိုင်ထဲသို့ နှစ်မြှုပ်လိုက်လေသည်။
စူးရှသော နာကျင်မှု အော်ဟစ်သံများမှာ သူ၏ နားထဲ၌ တရွေ့ရွေ့ မြည်ဟီးလာသော်လည်း သူသည် မျက်လုံးများကို ဖွင့်မကြည့်ခဲ့ပေ။
ထိုအော်ဟစ်သံများအပြီးတွင် မရေမတွက်နိုင်သော ကရုဏာသက်ဖွယ် အသနားခံသံများ ပေါ်ထွက်လာသော်လည်း သူသည် မျက်လုံးများကို ဖွင့်မကြည့်ခဲ့ပေ။
အချိန်များ ကုန်လွန်သွားသော်လည်း စုမင်သည် မျက်လုံးများကို မှိတ်၍ ဆက်လက် ထိုင်နေဆဲ ဖြစ်သည်။ သူ မည်သည့်အရာကို ကြားရသည်ဖြစ်စေ သူ၏ စိတ်နှလုံးမှာ တုန်လှုပ်ခြင်း မရှိပေ။ ထိုငြိမ်သက်ခြင်း အလယ်၌ သူသည် မည်သည့်အရာကိုမျှ မစဉ်းစားတော့ပေ။
"စုမင်..." တိုးညှင်းသည့် အသံတစ်သံ သူ့နားထဲသို့ ရောက်လာသည်။ ၎င်းမှာ ပိုင်လင်း၏ အသံ ဖြစ်၏။ စုမင် တုန်လှုပ်သွားသည်။ သူသည် မျက်လုံးများကို ဖွင့်ကြည့်တော့မည့် အမူအရာ ပေါ်လာသော်လည်း ခဏအကြာတွင် ပြန်လည် တည်ငြိမ်သွားလေသည်။
"စုမင်... မင်း ကြီးပြင်းလာခဲ့ပြီ..." အဘိုးအို တစ်ဦး၏ အသံ သူ့နားထဲသို့ ရောက်လာသောအခါတွင်လည်း သူသည် ဆိတ်ဆိတ်သာ နေခဲ့သည်။
"သားဟာ... အမေ့ရဲ့ သားလေးလား။ ဟိုတုန်းက အမေ့ရဲ့ ရင်ခွင်ထဲမှာ ပွေ့ချီထားခဲ့တဲ့ ကလေးလေးလား..." အမျိုးသမီးတစ်ဦး၏ အသံက စုမင်အတွက် ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော လေသံဖြင့် မေးမြန်းလာသည်။
"စုမင်၊ ငါ လဲ့ချန်ပါ။ မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ။ ငါတို့ တောင်ပေါ်ကို ဆေးမြစ်သွားတူးရမှာ မဟုတ်ဘူးလား" ၎င်းမှာ လဲ့ချန်၏ အသံ ဖြစ်၏။
"ငါ့ တပည့်လေး၊ ကောင်းကင်ဆိုတာ ဘာလဲ၊ မြေကြီးဆိုတာ ဘာလဲဆိုတာကို မင်းကို ငါပြမယ်" ထျန်းရှဲ့ကျစ်၏ အသံက ဆိုလာပြန်သည်။
ထို့နောက် စီနီယာ အစ်ကိုလတ်၊ စီနီယာ အစ်ကိုကြီး ဟူကျစ်နှင့် သူ့မှတ်ဉာဏ်ထဲမှ အခြားသော လူသားများ၏ အသံများ တစ်သံပြီးတစ်သံ သူ့နားထဲသို့ ရောက်ရှိလာလေတော့သည်။
ထို့နောက်တွင်မှ စုမင်သည် မျက်လုံးများကို ဖွင့်လိုက်လေသည်။
သူ မျက်လုံးဖွင့်လိုက်သည့် ခဏ၌ သူသည် လူပေါင်းများစွာ၊ မြင်ကွင်းပေါင်းများစွာနှင့် သူ ထပ်မံ၍ မမြင်တွေ့နိုင်တော့သော အတိတ်မှ ပုံရိပ်လွှာများကို တွေ့မြင်လိုက်ရသည်။
သူသည် ထိုအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ သူ၏ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ထိုမြင်ကွင်းများအတွက် အချိန်များ ကုန်လွန်သွားသည်ကို သူ ကြည့်နေခဲ့ရာ မည်မျှကြာသွားသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။
"ယုံကြည်နေသရွေ့ တည်ရှိနေလိမ့်မယ်"
"ငါ မယုံကြည်ဘူး" စုမင်သည် မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ လှမ်းလိုက်သည်။ သူ ထိတွေ့လိုက်သော သူငယ်ချင်းဟောင်းများ အားလုံးမှာ ကြေမွ ပျက်စီးသွားကြပြီး သူ ဖြတ်သန်းသွားသော မြေပြင်မှာလည်း အရောင်များ တရွေ့ရွေ့ မှိန်ဖျော့သွားလေသည်။
သူ၏ နောက်ကွယ်မှ မြေပြင်မှာ လှိမ့်တက်လာ၏။ မြေလွှာများမှာ မြွေတစ်ကောင် အရေခွံလဲသကဲ့သို့ တလွှာချင်း ကွာကျလာသည်။ ထိုအလွှာများ တစ်ခုပြီးတစ်လွှာ ပျောက်ကွယ်သွားသောအခါ ထိုမြေပြင်မှာ လက်ဝါးပုံသဏ္ဌာန် ရှိနေဆဲ ဖြစ်သည်။
သူ၏ သူငယ်ချင်းဟောင်းများ၊ မိသားစုဝင်များနှင့် ရင်းနှီးသော မြင်ကွင်းများက သူ၏ နောက်ကွယ်မှ သူ့ကို ခေါ်ဝေါ်နေကြသော်လည်း စုမင် အဝေးသို့ ရောက်ရှိသွားသည်နှင့်အမျှ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် ဗလာနယ်အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။ သို့သော် သူ အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိသွားသည့်တိုင် ကောင်းကင်ယံမှာ အဆုံးအစမဲ့ ကျယ်ပြောနေဆဲ ဖြစ်ပြီး မြေပြင်မှာလည်း လက်ဝါးပုံသဏ္ဌာန် ရှိနေဆဲပင် ဖြစ်သည်။
စုမင်၏ ဆံနွယ်များမှာ လေထဲတွင် ဝေ့ယမ်းနေ၏။ သူသည် တည်ငြိမ်သော စိတ်နှလုံး၊ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။ ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မိုက်လာသော်လည်း ထိုအမှောင်ထု အလယ်၌ တောက်ပသော ထွက်ပေါက်တစ်ပေါက် သူ့ရှေ့တွင် ပေါ်လာ၏။ သူသည် ၎င်းနှင့် နီးကပ်လာပြီး အပြင်သို့ ထွက်လိုက်သောအခါ အမှောင်ထုမှာ မရှိတော့ချေ။ သူသည် တောက်ပသော ကောင်းကင်ယံနှင့် ယုမိသားစု၏ ရင်ပြင်ကို မြင်တွေ့လိုက်ရသည်။ သူသည် ယုချန်ဟိုင်နှင့် ရင်ပြင်ပေါ်ရှိ အဘိုးကြီး ၅ ဦး၊ လူပေါင်း ရာနှင့်ချီသော လူအုပ်ကြီးကိုလည်း တွေ့မြင်လိုက်ရ၏။ ထိုလူအုပ်၏ ရှေ့တွင် ရပ်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကိုလည်း သူ တွေ့မြင်လိုက်ရလေသည်။
ရင်ပြင်တစ်ခုလုံးရှိ ယုမိသားစုဝင်များ စုမင်ကို မြင်တွေ့လိုက်ရသောအခါ ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာလေသည်။ မိသားစုဝင်များဖြစ်စေ ဧည့်သည်များဖြစ်စေ ပထမတံခါးကို ဖြတ်ကျော်နိုင်သူ မရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။
သို့သော် ယခုအခိုက်အတန့်တွင် သူတို့သည် အောင်မြင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ စုမင် အပြင်သို့ ထွက်လာသည့် ခဏ၌ တာအို ရိပ်သာတောင်ဖြစ်သော ကြောက်မက်ဖွယ် တစ္ဆေကြီး၏ လက်ဝါးပေါ်ရှိ လင်းနို့မှာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေသည်ကိုလည်း သူတို့ မြင်တွေ့လိုက်ရ၏။ ထိုအလင်းတန်းများ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားစဉ် ဝေဝါးသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။
"တာအိုရောင်းရင်း၊ ကောင်းကင်ဘုံ တံခါးသုံးပေါက်ရဲ့ ပထမတံခါးကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" လူအုပ်ထဲရှိ တတိယ မိသားစု အကြီးအကဲ ဖြစ်သော လူလတ်ပိုင်း အမျိုးသားက ပြုံးလိုက်ပြီးနောက် သူ၏ လက်သီးကို လက်ဝါးဖြင့် အုပ်ကာ စုမင်အား ဂါရဝပြု နှုတ်ဆက်လိုက်လေသည်။
ယုချန်ဟိုင်သည် တတိယ မိသားစု အကြီးအကဲ၏ ဘေးတွင် ရပ်နေပြီး စုမင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။ သူ၏ မျက်ဝန်းအတွင်းရှိ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများကို စကားလုံးများဖြင့် ဖော်ပြရန် မစွမ်းသာချေ။ စုမင် ပထမတံခါးမှ ထွက်လာသည့် ခဏ၌ပင် မိသားစုအတွင်း သူ၏ အဆင့်အတန်းမှာ အဆမတန် မြင့်တက်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်လေသည်။
လင်းနို့ထံမှ အလင်းတန်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ယုမိသားစုဝင် အမြောက်အမြားမှာ အရပ်မျက်နှာ အသီးသီးမှ ရင်ပြင်သို့ ပြေးဝင်လာကြသည်။ ဤသည်မှာ ယုမိသားစု တစ်ခုလုံးအတွက် အလွန်ပင် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်၏။
စုမင်သည် တာအို ရိပ်သာတောင်မှ ထွက်လာသောအခါ သူ၏ အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏ လက်သီးကို လက်ဝါးဖြင့် အုပ်ကာ ထိုလူလတ်ပိုင်း အမျိုးသားအား ပြန်လည် နှုတ်ဆက်လိုက်လေသည်။
သူသည် စကားမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အပြင်သို့ ထွက်လာသည့် ခဏ၌ပင် တစ္ဆေကြီး၏ လက်ဝါးပေါ်ရှိ လင်းနို့မှာ အတိုင်းအဆမရှိသော အလင်းတန်းများဖြင့် တောက်ပနေပြီး တာအို ရိပ်သာတောင်၏ အထက် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာသောကြောင့် ဖြစ်၏။
ထိုအသံများ ယုမိသားစု တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ယံကို တုန်ခါသွားစေစဉ် ကောင်းကင်၏ အစိတ်အပိုင်း အတော်များများတွင် ဝေဝါးမှုများ ပေါ်ထွက်လာပြီး ဧရာမ တောင်ကြီးနှစ်လုံး ပေါ်ထွက်လာလေသည်။
၎င်းတို့ကို တောင်ကြီးနှစ်လုံးဟု ပြောမည့်အစား ဧရာမ ရုပ်တုကြီးနှစ်ရုပ်ဟု ပြောလျှင် ပို၍ တိကျပေမည်။ ၎င်းတို့အနက် တစ်ရုပ်မှာ လုံးဝ အမည်းရောင်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထား ရှိ၏။ ၎င်း၏ ညာလက်တွင် သွေးနီရောင် နေမင်းတစ်စင်းကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။
အခြား ရုပ်တုတစ်ရုပ်မှာမူ လရောင်များဖြင့် တောက်ပနေပြီး ပို၍ တည်ငြိမ် အေးဆေးသော မျက်နှာထား ရှိလေသည်။ ၎င်းမှာ အမျိုးသမီးတစ်ဦးနှင့် တူပြီး သူမ၏ ညာလက်ပေါ်တွင် လမင်းတစ်စင်း ရှိ၏။ ၎င်းသည် မြေပြင်ကို လင်းထိန်စေသော ညင်သာသည့် အလင်းရောင်များဖြင့် တောက်ပနေလေသည်။
"နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းခြင်း"
"နေနဲ့လ တစ်ပြိုင်နက် ထွန်းလင်းတဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်ကို ငါတို့ နောက်ဆုံးတော့ တွေ့မြင်ရပြီ။ ဒါဟာ ကောင်းကင်ဘုံ တံခါးသုံးပေါက်ရဲ့ ဒုတိယတံခါးပဲ။ ပထမတံခါးကို ဖြတ်ကျော်နိုင်တဲ့ အခါမှပဲ ဒါက ပေါ်လာတာ"
"ရှေးခေတ်ကတည်းက ဒီတံခါးဟာ အကြိမ်နည်းနည်းပဲ ပေါ်လာဖူးတယ်။ ငါ့ဘဝမှာ ဒါကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ တကယ်ကို ကံကောင်းလှပါတယ်"
"နေနဲ့လ တစ်ပြိုင်နက် ထွန်းလင်းခြင်းဟာ တာအို ရိပ်သာတောင်ထက်တောင် ပိုပြီး အားကောင်းတယ်။ ကျွန်တော်တို့ရဲ့ ဧည့်သည်တော်ကြီး၊ ဒီတံခါးကိုရော ခင်ဗျား ဖြတ်ကျော်နိုင်မလားဆိုတာ ကျွန်တော် သိချင်မိတယ်"
ရင်ပြင်ပေါ်တွင် လူအုပ်ကြီး၏ ဆူညံသံများ မြင့်တက်လာသည်။ ထိုတောင်ကြီးများ ပေါ်လာသည်နှင့်အမျှ ယုမိသားစုဝင် အမြောက်အမြားမှာ အရပ်မျက်နှာ အသီးသီးမှ ရင်ပြင်သို့ ပြေးဝင်လာကြပြန်သည်။ ယခင်က ဤကိစ္စကို စိတ်မဝင်စားခဲ့သူများပင် အပြေးအလွှား ရောက်ရှိလာကြလေသည်။
အဝေးမှနေ၍ ဖော်ပြ၍မရနိုင်သော လွှမ်းမိုးမှု အငွေ့အသက်များ ပါဝင်သည့် အလင်းတန်းတစ်တန်း ရောက်ရှိလာပြီး သွေးနီရောင် ဆံနွယ်များရှိသော အဘိုးကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူသည် တတိယ မိသားစု အကြီးအကဲ၏ ဘေးတွင် ရပ်တန့်လိုက်၏။
သူ ရောက်ရှိလာသည့် ခဏ၌ ထိုနယ်မြေရှိ မိသားစုဝင် အားလုံးမှာ သူတို့၏ စိတ်နှလုံးများ တုန်လှုပ်သွားရပြီး ဤလူ၏ ရောက်ရှိလာမှုက မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သကဲ့သို့ ခံစားလိုက်ရလေသည်။
"ဒုတိယ မိသားစု အကြီးအကဲ ဂါရဝပြုပါတယ်" တတိယ မိသားစု အကြီးအကဲမှလွဲ၍ ကျန်ရှိသော မိသားစုဝင် အားလုံးမှာ သွေးနီရောင် ဆံနွယ်များရှိသော ထိုအဘိုးကြီးကို ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြလေသည်။
ယုချန်ဟိုင်၏ မျက်နှာမှာ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး သူသည်လည်း ထိုအဘိုးကြီးကို ဦးညွှတ် ဂါရဝပြုလိုက်၏။
ယခင်က စုမင်ကို တမင်တကာ အခက်အခဲဖြစ်အောင် ပြုလုပ်ခဲ့သော အဘိုးကြီး ၅ ဦးမှာမူ သူတို့၏ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူလျော်နေသော်လည်း သူတို့၏ မျက်နှာပေါ်တွင် အဆုံးမရှိသော ရိုသေလေးစားမှုများ ပေါ်ထွက်နေလေသည်။
သွေးနီရောင် ဆံနွယ်များရှိသော ထိုအဘိုးကြီးမှာမူ သူ့ပတ်လည်တွင် ဦးညွှတ်နေကြသော မိသားစုဝင်များအား လျစ်လျူရှုထားပြီး တာအို ရိပ်သာတောင် အပြင်ဘက်တွင် ရပ်နေသော စုမင်ကိုသာ ကြည့်နေလေသည်။ ထို့နောက် တောက်ပနေသော မျက်ဝန်းများဖြင့် အေးဆေးစွာ မေးမြန်းလိုက်၏။ "ငါတို့ အိမ်တော်ကို ဒီဧည့်သည်ကို ဘယ်သူ ခေါ်လာတာလဲ"
"ယုမိုင်ရဲ့ မျိုးဆက်က ဒီကောင်လေး ခေါ်လာတာပါ" တတိယ မိသားစု အကြီးအကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေသော ယုချန်ဟိုင်ကို လှမ်းကြည့်လိုက်လေသည်။
သွေးနီရောင် ဆံနွယ်များရှိသော အဘိုးကြီးမှာ ခေါင်းကို လှည့်၍ ယုချန်ဟိုင်အား ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ချက် ပေါ်ထွက်လာ၏။ သူ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်ယံတွင် ရပ်နေပြီး နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းခြင်း ရုပ်တုကြီးများကို ခေါင်းမော့ကြည့်နေသော စုမင်အား ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ လက်သီးကို လက်ဝါးဖြင့် အုပ်ကာ စုမင်အား နှုတ်ဆက်လိုက်ပြီး စကားပြောလိုက်၏။
"တာအိုရောင်းရင်း၊ မင်းဟာ ပထမတံခါးကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် အခုကစပြီး မင်းဟာ ယုမိသားစုရဲ့ ဧည့်သည်တော် ဖြစ်သွားပါပြီ။ မင်း ငါတို့ဆီက ဘယ်လို တောင်းဆိုမှုမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ငါတို့ ယုမိသားစုဟာ ဧည့်သည်တော်တွေကို အမြဲတမ်း တန်ဖိုးထား တတ်ကြပါတယ်"
"မင်းသာ ဒုတိယတံခါးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် မင်းဟာ ငါတို့ရဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာမှာဖြစ်ပြီး အတိုင်းအဆမရှိတဲ့ ရိုသေလေးစားမှုကို ရရှိမှာ ဖြစ်ပါတယ်။ မင်းရဲ့ အဆင့်အတန်းဟာ ငါတို့ နှစ်ယောက်နဲ့ တန်းတူ ဖြစ်သွားမှာ"
သူ စကားပြောနေစဉ်မှာပင် နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းခြင်း ရုပ်တုကြီး နှစ်ရုပ်မှာ ကမ္ဘာမြေ အဆုံးအစအထိ ရောက်ရှိနိုင်သော အလင်းတန်းများဖြင့် တောက်ပလာလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက အခြားသော အသံအားလုံးကို ဖုံးလွှမ်းသွား၏။ ထိုအသံမှာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားစဉ် စုမင်သည် ခြေလှမ်းကို လှမ်းလိုက်ပြီး နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းခြင်းဆီသို့ လျှောက်လှမ်းသွားလေတော့သည်။
သူသည် ဒုတိယတံခါးကို မစိန်ခေါ်ဘဲ နေနိုင်သော်လည်း စုမင်တွင် သူ၏ ကိုယ်ပိုင် အတွေးများ ရှိလေသည်။ သူ ပထမတံခါးအတွင်း ရောက်ရှိနေစဉ်က ၎င်းအတွင်း၌ ပါဝင်နေသော ထူးခြားသည့် စွမ်းအားကို သူ ခံစားသိရှိခဲ့ရသည်။
ထိုစွမ်းအားမှာ သူ တစ်ခါမှ မမြင်ဖူးသော ထူးဆန်းသည့် အင်အားတစ်ခု ဖြစ်၏။ သူ ယုံကြည်နေသရွေ့ ၎င်းမှာ တည်ရှိနေပေလိမ့်မည်။
ဤသည်မှာ ပုံရိပ်ယောင် ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း အမှန်စင်စစ်တွင်မူ ပုံရိပ်ယောင်သက်သက် မဟုတ်ပေ။ စုမင်သည် ထိုစွမ်းအားက မည်သို့ အလုပ်လုပ်သည်အား နားလည်လိုစိတ် ရှိနေပြီး ထိုစွမ်းအားကို ထိန်းချုပ်ကာ သူ၏ ကိုယ်ပိုင် ကြယ်၊ နေ၊ လ ပုံရိပ်ယောင် ပညာရပ် အတွင်းသို့ ပေါင်းစပ်လိုသည့် ဆန္ဒပင် ရှိနေလေသည်။ သူသာ ထိုသို့ ပြုလုပ်နိုင်ခဲ့လျှင် သူ၏ ကြယ်၊ နေ၊ လ ပုံရိပ်ယောင် ပညာမှာ အတိုင်းအဆမရှိ အားကောင်းလာပေမည်။
၁။ ပိုင်လင်း : စုမင်၏ ပထမဦးဆုံး ချစ်သူ ဖြစ်သည်။
၂။ လဲ့ချန် : စုမင်၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။