← Chapters

အခန်း ၃၂

Vol. 3 Ch. 32

အခန်း ၃၂

Vol. 3 Ch. 32

အခန်း (၃၂) - ကောင်းကင်ထက်၌ လမ်းလျှောက်ခြင်း

"သွားစို့ ."

ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် နောက်နားရှိ လူမိုက်များအား လက်ယမ်းနှုတ်ဆက်လိုက်၏။

ထိုစဉ် အခန်းပြင်ပမှ လူရိပ်နှစ်ခု ဒုန်းစိုင်းဝင်ရောက်လာသည်ကို သူ မြင်လိုက်ရချေသည်။

"စောစောက ငါအာရုံခံမိတဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်ဖျော့ဖျော့နှစ်ခုက ဒါတွေပဲ ဖြစ်ရမယ်" ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်ရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ချလိုက်လေသည်။

ဝမ်ချုံသည် တည်းခိုခန်းပေါ်မှ ခုန်ချလိုက်သူကို မြင်သောအခါ မော့ကြည့်လိုက်မိ၏။

"ဒါ ဘယ်သူလဲ . . . သေချင်လို့များလား" ဝမ်ချုံ၏ မျက်နှာမှာ ပုတ်ခတ်နေတော့သည်။

အကယ်၍ တစ်စုံတစ်ယောက်က သူ၏တည်းခိုခန်းမှ ခုန်ချသေဆုံးသွားပါက မိသားစုစီးပွားရေးကို ထိခိုက်နိုင်သည် မဟုတ်လော။

သို့သော်လည်း ထိုသူသည် မြေပြင်သို့ ဆင်းသက်လာပြီးနောက် ၎င်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ဝမ်ချုံ၏ မျက်နှာထက်၌ အတိုင်းထက်အလွန် ဝမ်းမြောက်ရိပ်များ ယှက်သန်းသွားချေသည်။

"ဟားဟား . . . ဒီကောင်စုတ်ပဲ၊ ဝိုင်းသတ်ကြစမ်းဟေ့" ဝမ်ချုံက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

ဝမ်ချုံ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ၎င်း၏ စိတ်ထဲ၌ မည်သို့ ကြံစည်နေသည်ကို ချင်ယွမ်ဖုန်း ရိပ်မိလိုက်၏။ သူ၏ နှုတ်ခမ်းထက်၌ ပြုံးရိပ်တစ်ခု ပေါ်လာပြီး သူ၏ ခြေဖဝါးအောက်တွင် ဖြူလွလွ တိမ်တိုက်ကလေး နှစ်ခု ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။

"မိုးတိမ်လွင့် ပညာရပ် . . ."

ချင်ယွမ်ဖုန်းက အသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်ရင်း ဖြူလွလွ တိမ်တိုက်ငယ်များပေါ်သို့ ခြေချလိုက်ရာ အရှိန်အဟုန်ဖြင့် ကျဆင်းနေမှုမှာ နှေးကွေးသွားလေတော့၏။

"တကယ် အလုပ်ဖြစ်တာပဲ၊ နတ်ဘုရားအဆင့်နိမ့် ကျင့်စဉ်ပညာရပ်ဆိုတော့လည်း မပြောနဲ့တော့ဘူး"

ချင်ယွမ်ဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားရချေသည်။ လေထဲ၌ ပျံသန်းနိုင်သည့် ခံစားချက်မှာ အလွန်ပင် ထူးခြားဆန်းပြားလှပေ၏။

သူသည် လေဟာနယ်ထဲသို့ အဆက်မပြတ် ခြေလှမ်းလှမ်းလိုက်ရာ ခြေလှမ်းတိုင်းတွင် တိမ်တိုက်ဖြူကလေးများ ပေါ်ပေါက်လာပြီး သူ့အား လေထဲ၌ မြောက်တက်နေစေရန် ထောက်ကူပေးထားတော့သည်။

"သွားပြီနော် . . . သခင်လေးဝမ်"

ချင်ယွမ်ဖုန်းသည် မြေပြင်မှ ငါးမီတာခန့် အကွာအဝေးတွင် လေထဲ၌ လုံးဝ တည်ငြိမ်စွာ ရှိနေပြီး လေဟာနယ်ကိုသာ ဆက်တိုက် နင်းလျှောက်နေတော့၏။

ထိုသို့ ဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် လူအပေါင်း၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် လေထဲ၌ လမ်းလျှောက်၍ ပျံသန်းထွက်ခွာသွားလေသည်။

သူ၏ အရှိန်အဟုန်မှာ ပြေးလွှားနေသော သစ်ကျားသစ်ထက်ပင် မြန်ဆန်နေပြီး မျက်တောင်တစ်ခတ်အတွင်း လမ်းမ၏ အဆုံး၌ ပျောက်ကွယ်သွားတော့သည်။

"ဒါ ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ ငါ့ကို ရှင်းပြနိုင်မယ့်သူ ရှိလား . . . သူက မဟာဆရာအဆင့် များလား"

ဝမ်ချုံ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး ခြေထောက်များမှာလည်း မတ်တပ်မရပ်နိုင်လောက်အောင် တုန်ယင်လာချေသည်။

အကယ်၍ သူသည် ဝမ်တာ ကုန်သည်ကြီးများအသင်းအတွက်နှင့် မဟာဆရာတစ်ဦးကို ရန်စမိပါက ပြန်ရောက်လျှင် ဖခင်ဖြစ်သူ၏ ရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။

" လီကောင်းထံမှ တုန်လှုပ်မှု +၁၀၀"

"ကျိုးရှန်းထံမှ တုန်လှုပ်မှု +၁၀၀"

...

ချင်ယွမ်ဖုန်းမှာ တစ်ကြိမ်တည်းနှင့် ယုံကြည်မှုတန်ဖိုး ၃၀,၀၀၀ ကျော် ရရှိလိုက်သဖြင့် အံ့အားသင့်သွားရ၏။ စောစောက သူ လေထဲ၌ လမ်းလျှောက်သည်ကို ဝမ်ချုံတို့သာမက လမ်းမပေါ်ရှိ ရာနှင့်ချီသော လူများပါ မြင်တွေ့ခဲ့ကြသဖြင့် ယခုကဲ့သို့ ယုံကြည်မှုတန်ဖိုးများစွာ ရရှိခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

ဝမ်ချုံ၏ မျက်စိအောက်မှ လွတ်မြောက်သွားသောအခါ ချင်ယွမ်ဖုန်းသည် နေရာတစ်ခု၌ မြေသို့သက်ဆင်းပြီး လူအုပ်ထဲသို့ လျင်မြန်စွာ ရောနှောဝင်ရောက်လိုက်လေသည်။

"သခင်လေး . . . စိုးရိမ်စရာ မလိုပါဘူး၊ ကျုပ် ကြည့်ရသလောက်တော့ အဲဒီလူငယ်ဟာ လေထဲမှာ လမ်းလျှောက်ရုံသက်သက်ပါ၊ ဒါဟာ ထူးဆန်းတဲ့ လှုပ်ရှားမှု ပညာရပ်တစ်ခုခု ဖြစ်ပုံရပါတယ်၊ တကယ့် ပျံသန်းခြင်းမျိုး မဟုတ်ပါဘူး" ဟု ဝမ်ချုံ ခေါ်ဆောင်လာသော ပညာရှင်က ဆိုလိုက်၏။

ချင်ယွမ်ဖုန်းအား နောက်ဆုံးအချိန်အထိ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော ပညာရှင်နှစ်ဦးသည်လည်း တည်းခိုခန်းရှေ့သို့ အပြေးအလွှား ရောက်ရှိလာကြသည်။

"ဟုတ်ပါတယ် သခင်လေး၊ သူရဲ့ ကျင့်စဉ်အဆင့်ဟာ ဒုတိယအဆင့် မဟာဆရာပဲ ရှိသေးတယ်ဆိုတာ ကျုပ်တို့ အသေအချာ မြင်ခဲ့ပါတယ်၊ လေထဲ ပျံသန်းနိုင်တာဟာ လှုပ်ရှားမှု ပညာရပ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်" ဟု ထိုနှစ်ဦးက ပြိုင်တူ ဆိုလိုက်ကြ၏။

ဝမ်တာ ကုန်သည်ကြီးများအသင်းသည် ကြီးထွားလာသည်နှင့်အမျှ ရန်သူများလည်း ပေါများလှပေရာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတိုင်းတွင် ပညာရှင်များကို အမြဲ အစောင့်အရှောက် ထားရှိလေ့ရှိသည်။

ယခု ပညာရှင်နှစ်ဦးမှာလည်း တည်းခိုခန်း၌ အခြေစိုက်ထားသော ကိုယ်ရံတော်များပင် ဖြစ်ကြချေသည်။

"ဒါဆိုရင်တော့ တော်သေးတာပေါ့ . . ." ဝမ်ချုံသည် သက်ပြင်းအရှည်ကြီး ချလိုက်ရင်း နဖူးမှ ချွေးအေးများကို သုတ်လိုက်၏။

"သခင်လေး . . . ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ" ဟု ဒုတိယအဆင့် မဟာဆရာဖြစ်သူ လီကောင်းက မေးလိုက်သည်။

"လိုက်ကြစမ်း အားလုံး လိုက်ဖမ်းကြ၊ သူ့ကိုရှာပြီး ခြေလက်တွေကို ချိုးပစ်လိုက်၊ ပြီးရင် ငါ့ဆီ ခေါ်ခဲ့ကြစမ်း!"

ဝမ်ချုံမှာ စိတ်သက်သာရာ ရသွားသည်နှင့် တစ်ပြိုင်နက် ခက်ထန်သောအမူအရာ ပြန်လည် ပေါ်ပေါက်လာတော့၏။

"ဟုတ်ကဲ့ပါ" လီကောင်းနှင့် အခြားကိုယ်ရံတော်နှစ်ဦးတို့သည် ချင်ယွမ်ဖုန်း ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း အပြင်းအထန် လိုက်လံရှာဖွေကြလေတော့သည်။

ထိုစဉ် ချင်ယွမ်ဖုန်းမှာမူ အလွန်ပင် စိတ်ကြည်နူးနေမိချေသည်။ ယခုလက်တွေ့ စမ်းသပ်ကြည့်မှုအရ သူ ရရှိခဲ့သော 'မိုးတိမ်လွင့် ပညာရပ်' မှာ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးပညာ တစ်ခု ဖြစ်ထိုက်ပေသည်ဟု သူ နားလည်လိုက်၏။

ယင်းက သူ့အား လေထဲ၌ လမ်းလျှောက်နိုင်ရုံသာမက သူ၏ အရှိန်အဟုန်ကိုလည်း များစွာ တိုးတက်စေခဲ့သည်။

မြေနက်မြေ မှ ဆေးနတ်ဘုရားဂိုဏ်း သို့မှာ မိုင် ၅၀ ခန့်သာ ကွာဝေးပေရာ ချင်ယွမ်ဖုန်း အရှိန်ကုန်ပြေးလျှင် နာရီဝက်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။

ယခုအခါ ဒုတိယအဆင့် မဟာဆရာ ဖြစ်လာပြီး မိုးတိမ်လွင့် ပညာရပ်ကိုပါ ရရှိထားသဖြင့် သူ၏ အရှိန်မှာ နှစ်ဆထက်မက တိုးလာခဲ့ပြီဖြစ်ရာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်မျှဖြင့် ဆေးနတ်ဘုရားဂိုဏ်းမှ မြေနက်မြေသို့ ပြန်ရောက်နိုင်မည် ဖြစ်ချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် မကြာမီမှာပင် နောက်နားမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ဝမ်ချုံ၏ လူများ လိုက်လာပြီဖြစ်ကြောင်း သိရှိလိုက်၏။

"ဟွန်း . . . ဒါကတော့ လွန်သွားပြီ၊ မင်းတို့ကို သင်ခန်းစာတစ်ခု ပေးရဦးမယ်" ချင်ယွမ်ဖုန်းက စိတ်ထဲမှ ကြံစည်ရင်း လူအုပ်ထဲ၌ ပုန်းကွယ်နေလိုက်သည်။

ထိုအချိန်တွင် မှောင်စပြုနေပြီဖြစ်ရာ နန်ဝူးမြို့ ၏ မြို့တံခါးများ ပိတ်တော့မည် ဖြစ်၏။

ချင်ယွမ်ဖုန်းသည် မြေနက်မြေသို့ တစ်ရက်အတွင်း ပြန်ရောက်နိုင်မည်ဟု ယုံကြည်ထားသဖြင့် မြို့ထဲမှ ထွက်ခွာရန် မလောတော့ပေ။

လီကောင်းနှင့် သူ၏ အပေါင်းအပါများမှာမူ ပတ်ဝန်းကျင်ကို လှည့်လည်ရှာဖွေကြသော်လည်း ချင်ယွမ်ဖုန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် စိတ်ပျက်အားလျော့နေကြသည်။

ဝမ်ချုံမှာမူ လက်လျှော့ရန် အစီအစဉ်မရှိပေ။ သူသည် လီကောင်းတို့အား မြို့တံခါးသို့ စေလွှတ်၍ မြို့ပြင်ထွက်သူများကို စောင့်ကြည့်ခိုင်းထား၏။

ချင်ယွမ်ဖုန်းကို တွေ့သည်နှင့် တစ်ပြိုင်နက် ဖမ်းဆီးရန် အမိန့်ပေးထားချေသည်။

ချင်ယွမ်ဖုန်းမှာမူ မြို့၏ ထောင့်တစ်နေရာ၌ ပုန်းအောင်းနေ၏။ နန်ဝူးမြို့မှာ ကျယ်ပြောလှပေရာ ဝမ်ချုံအနေဖြင့် သူ့အား ရှာဖွေလိုပါက မြို့တစ်မြို့လုံးကို ပြောင်းပြန်လှန်ရှာရပေလိမ့်မည်။

ညအချိန်ရောက်သော်လည်း နန်ဝူးမြို့မှာ မီးရောင်စုံများဖြင့် လင်းထိန်လျက်ရှိပြီး ဖျော်ဖြေရေးနေရာများစွာလည်း တိတ်တဆိတ် ပွင့်လာကြသည်။

လုယွဲ့အင်ပါယာ အနေဖြင့် ထိုကဲ့သို့သော နေရာများမှ ရရှိသည့် အခွန်အခနှင့် ပဏ္ဏာတော်များမှာ များပြားလှသဖြင့် တားဆီးပိတ်ပင်ခြင်း မပြုပေ။

လင်းထိန်နေသော နန်ဝူးမြို့၏ လမ်းမများပေါ်တွင် ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း နေ့ခင်းဘက်နှင့် လုံးဝ မတူညီသော လေထုအခြေအနေကို ခံစားနေမိသည်။

သူသည် ထိုဒေသ၏ အဆူညံဆုံး နေရာတစ်ခုသို့ ရောက်ရှိလာပြီးနောက် မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာချေသည်။

ထိုနေရာမှာ နန်ဝူးမြို့၏ ကျော်ကြားသော ပြည့်တန်ဆာအိမ် တစ်ခုဖြစ်သည့် 'ချင်းဖုန်းမျှော်စင် ပင် ဖြစ်၏။ ချင်းဖုန်းမျှော်စင်ဟူသော အမည်မှာ ယဉ်ကျေးသိမ်မွေ့သော်လည်း လက်တွေ့တွင်မူ အမျိုးသမီးများ ဆူညံစွာ ရှိနေသော ပြည့်တန်ဆာအိမ်သာ ဖြစ်ချေသည်။

ယင်းအဆောက်အအုံမှာ ဝမ်တာ ကုန်သည်ကြီးများအသင်း၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် နေ့ခင်းဘက်တွင် ပုန်းအောင်းနေခဲ့သော်လည်း ဝမ်ချုံ၏ တည်နေရာကိုမူ အမြဲ စောင့်ကြည့်နေခဲ့ရာ ဝမ်ချုံသည် မှောင်သည်နှင့်တစ်ပြိုင်နက် ဤနေရာသို့ ရောက်ရှိလာသည်ကို သူ သိရှိထား၏။

ထိုအချိန်တွင် လီကောင်း အပါအဝင် ဝမ်ချုံ၏ လက်အောက်ငယ်သားများမှာမူ ဤနေရာ၌ မရှိကြဘဲ မြို့ထဲ၌ ချင်ယွမ်ဖုန်းကိုသာ လိုက်လံရှာဖွေနေကြဆဲ ဖြစ်သည်။

ချင်ယွမ်ဖုန်း ချင်းဖုန်းမျှော်စင်အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးပျူငှာသော ကြိုဆိုမှုများကို ချက်ချင်း ခံစားလိုက်ရတော့၏။

"အို . . . သခင်လေး၊ မျက်နှာသစ်လေးပဲ၊ အရင်က တစ်ခါမှ မမြင်ဖူးပါလား" ဝဝဖြိုးဖြိုး အမျိုးသမီးတစ်ဦးက အနားသို့ လျှောက်လာရင်း လက်ကိုင်ပုဝါဖြင့် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ကို တဖွဖွ ပုတ်ကာ ဆိုလိုက်သည်။

ချင်းဖုန်းမျှော်စင်မှ အမျိုးသမီးများသည်လည်း ချင်ယွမ်ဖုန်းအား ဝိုင်းအုံကြည့်ရှုရင်း ပြုံးရွှင်နေကြတော့၏။

"အို . . . သခင်လေးက အရမ်းချောတာပဲ၊ ကျွန်မနဲ့အတူ လာကစားပါလား . . ."

"သခင်လေး . . . ကျွန်မကိုပဲ ရွေးပါ၊ ကျွန်မရဲ့ အစွမ်းတွေက ထူးခြားပါတယ်၊ သခင်လေးကို နတ်ပြည်ရောက်သွားသလို ခံစားရစေမှာပါ . . ."

"သခင်လေး . . . "

ခဏချင်းအတွင်းမှာပင် မွှေးပျံ့သင်းကြိုင်သော အလှအပများကြား၌ ချင်ယွမ်ဖုန်းမှာ ဝိုင်းရံခြင်း ခံလိုက်ရချေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ ဘဝနှစ်ခုလုံးတွင် ထိုကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးသဖြင့် သူ၏ မျက်နှာမှာ တစ်ခဏအတွင်း နီမြန်းသွားရလေတော့သတည်း။

All Chapters