← Chapters

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း (၁၂၈) ထူးဆန်းသော အမျိုးသမီးငယ်

"နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း" ချင်ယွမ်ဖုန်းက မျက်နှာတွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲလျက် လူမိုက်ဆန်သော လေယူလေသိမ်းဖြင့် မေးမြန်းလိုက်ချေသည်။

"ငါ... ငါက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက တပည့်ပဲ ။ မင်း ငါ့ကို ထိရဲရင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ဟု ထိုတပည့်က တုန်တုန်ရင်ရင်ဖြင့် ပြောဆိုလေသည်။

ထိုစဉ် ရှေးဟောင်းတောအုပ်အတွင်းမှ လူတစ်ယောက် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းအား ယုတ်မာသော အကြည့်တို့ဖြင့် စိုက်ကြည့်ကာ "ဟွန့်... အမှိုက်ကောင် ၊ ဒါကို ငါ့ဘာသာ ကိုင်တွယ်ခွင့်ပေးစမ်း။ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဝံ့တဲ့သူမှန်သမျှ ဂိုဏ်းရဲ့ အစွမ်းကို မြည်းစမ်းစေရမယ်" ဟု ဆိုလာ၏။

ထိုလူ၏နောက်တွင် စတုတ္ထအဆင့် မြင့်မားသော သားရဲနှစ်ကောင်သည် ဖြည်းညင်းစွာ ထွက်ပေါ်လာရာ ယင်းတို့မှာ အမှန်တကယ်ပင် စတုတ္ထအဆင့်ရှိ သားရဲများ ဖြစ်နေကြသည် ။

"စီနီယာအစ်ကို ဖန်ကု၊ သူတို့က ဝိညာဉ်ကျောက်တုံးတွေ ပေးဖို့ ငြင်းဆန်တဲ့အပြင် ခုခံဖို့ပါ ကြံစည်နေကြတာပါ" ဟု ချင်ယွမ်ဖုန်း၏ ဖိနှိပ်ခြင်းကို ခံထားရသောသူက ရုတ်တရက် အော်ဟစ်လေသည်။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံတွင် စက်ဆုပ်ရွံရှာဖွယ်ရာတို့ဖြင့် ပြည့်နှက်သွားပြီး ထိုတပည့်၏ ဦးခေါင်းနောက်စေ့ကို အားပြင်းစွာ ရိုက်ချကာ ဆူညံနေသော ပါးစပ်ကို ပိတ်ပစ်လိုက်သည်။

ထို့နောက် သူသည် မျက်မှောင်ကြုတ်လျက် ဖြည်းညင်းစွာ ထရပ်လိုက်၏။ ဤသားရဲနှစ်ကောင်သည်သာ ထိုလူ၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်ဟန်တူပေသည်။

ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းတွင် ဤမျှ ရယ်ဖွယ်ကောင်းသော စည်းမျဉ်းမျိုး ရှိနေမည်ကို သူ မယုံကြည်နိုင်ပေ။ ယင်းမှာ လူအများ၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံရမည်သာ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းက တိုက်ပွဲအတွက် ပြင်ဆင်နေစဉ်မှာပင် အေးစက်သော အမူအရာရှိသည့် အမျိုးသမီးငယ်တစ်ဦးသည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှာ မင်းတို့လို တပည့်တွေ ရှိနေတာ တကယ့်ကို ဝမ်းနည်းစရာပဲ" ဟု ထိုအမျိုးသမီးက အေးစက်စွာ ဆိုလေသည်။

"ဟားဟားဟား... မိန်းကလေး၊ မင်းက တော်တော်လေး လှတာပဲ။ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကို လိုက်ခဲ့ပြီး ငါ့နောက်ပဲ လိုက်ခဲ့ပါလား" ဟု ဖန်ကုဆိုသူက ယုတ်မာစွာ ပြောဆို၏။ သူသည် စတုတ္ထအဆင့်မြင့် သားရဲနှစ်ကောင် ရှိနေရုံဖြင့် စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည်ဟု ထင်မှတ်နေပုံရရာ ရေတွင်းထဲက ဖားသူငယ်နှင့်သာ တူပေတော့သည်။

ထိုခဏတွင် အမျိုးသမီးငယ်၏ မျက်နှာသည် အေးစက်သွားကာ လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်စွပ်အတွင်းမှ အဖြူရောင် ပိတ်စနှစ်ခုသည် မြွေနဂါးများကဲ့သို့ ဖန်ကု၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။

ဖန်ကု၏ ကျင့်စဉ်အဆင့်မှာ ပထမအဆင့်သာ ရှိသဖြင့် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ အဖြူရောင်ပိတ်စ၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားရလေသည်။

နူးညံ့သိမ်မွေ့ပုံရသော အဖြူရောင်ပိတ်စသည် ကြီးမားသော အစွမ်းသတ္တိ ရှိနေပြီး ဖန်ကုအား သွေးအန်စေကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

ထို့နောက် အဖြူရောင်ပိတ်စနှစ်ခုသည် ကွဲထွက်သွားပြီး စတုတ္ထအဆင့်မြင့် သားရဲနှစ်ကောင်ကို မလှုပ်နိုင်အောင် တင်းကျပ်စွာ တုပ်နှောင်လိုက်လေသည်။

ထို့နောက် ထိုအမျိုးသမီးသည် ချင်ယွမ်ဖုန်းဘက်သို့ လှည့်ကာ "ရှင်ကလည်း သူ့ထက် မသာပါဘူး" ဟု ပြောဆို၏။

ချင်ယွမ်ဖုန်းသည် မျက်လုံးအပြူးသားဖြင့် "ကျွန်တော်က ဘာလုပ်လို့လဲ" ဟု မေးမြန်းလိုက်သည်။

အမျိုးသမီးငယ်က နှာခေါင်းရှုံ့လျက် "ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေပြီး လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်လည်း မရှိဘူး။ လူတွေအားလုံး ငါ့ဆီ အာရုံရောက်နေတုန်း ရှေးဟောင်းတောအုပ်ထဲကို ခိုးဝင်ဖို့ ကြိုးစားနေတာများ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ခေါ်ဝံ့သေးတယ်" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ ဤအမျိုးသမီး၏ အတွေးအခေါ်မှာ ထူးဆန်းလွန်းလှပေသည်။

"အစ်မကြီး... ကျွန်တော်တို့က သူစိမ်းတွေပဲဟာ။ ကျွန်တော့်မှာ အစ်မကို ကယ်ရမယ်လို့ တာဝန်မရှိပါဘူး။ ပြီးတော့ အစ်မရဲ့ ကျင့်စဉ်အဆင့်က ဒီလောက်မြင့်တာကို ကျွန်တော့်အကူအညီ လိုလို့လား"

အမျိုးသမီးငယ်သည် ခဏမျှ ဒေါသထွက်သွားပြီး ချင်ယွမ်ဖုန်း၏ စကားထဲမှ အမှားကို ရှာမရ ဖြစ်နေသည်။ သူမသည် ရုတ်တရက် လက်ကို စုလိုက်ရာ သားရဲများကို တုပ်နှောင်ထားသော ပိတ်စနှစ်ခုသည် တင်းကျပ်သွားပြီး ထိုသားရဲနှစ်ကောင်ကို မြှောက်လျက် တစ်ကောင်နှင့်တစ်ကောင် ရိုက်နှက်မိစေသည်။

သားရဲနှစ်ကောင်စလုံး မြေပြင်ပေါ်သို့ ကျသွားပြီး ခဏမျှ မူးဝေကာ မထနိုင် ဖြစ်နေကြသည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ဤအမျိုးသမီး၏ ကျင့်စဉ်အဆင့်မှာ သူထင်ထားသည်ထက် များစွာ ပိုမိုမြင့်မားနေချေသည်။

"ဒါကြောင့် ရှင်က လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ပြောတာပေါ့" ထိုအမျိုးသမီးသည် ရှေးဟောင်းတောအုပ်အတွင်းသို့ ခုန်ပျံဝင်ရောက် ပျောက်ကွယ်သွားလေသည်။

"တကယ့်ကို ထူးဆန်းတဲ့ မိန်းကလေးပဲ" ချင်ယွမ်ဖုန်းသည် ခေါင်းကို ခါယမ်းလျက် ရှေးဟောင်းတောအုပ်အတွင်းသို့ လျှောက်လှမ်းဝင်ခဲ့သည်။

ဝမ်မင်ကျိ၏ မှတ်ဉာဏ်များအတိုင်း ချင်ယွမ်ဖုန်းသည် တောအုပ်အတွင်း ဆက်လက် ဖြတ်သန်းလာခဲ့သည်။ သူသည် ဤနေရာသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ဝမ်မင်ကျိ၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ပြီးနောက်တွင် ဤနေရာသည် သူ့အတွက် အလွန် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။

မကြာမီ ချင်ယွမ်ဖုန်းသည် ချိုင့်ဝှမ်းတောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာသည်။ ဤနေရာရှိ သစ်ပင်များသည် ပိုမို ဝေဆာလှပြီး နေရောင်ခြည်ကိုပင် လုံးဝနီးပါး ပိတ်ဆို့ထားကာ အလင်းစအချို့သာ မြေပြင်သို့ ကျရောက်လေသည်။

မြေပြင်တွင် သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ကြွေများ ထူထပ်စွာ ရှိနေပြီး ချင်ယွမ်ဖုန်း လျှောက်လှမ်းရာတွင် တကျွတ်ကျွတ်အသံများ ထွက်ပေါ်နေသည်။

မနီးမဝေးတွင် တောင်ကုန်းငယ်တစ်ခု ရှိနေပြီး ထိုတောင်ကုန်း၏ ပတ်ဝန်းကျင် မီတာတစ်ထောင်အတွင်းမှာမူ ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။

"ဒါ ဝမ်မင်ကျိ မှတ်မိနေတဲ့ နေရာပဲ" ချင်ယွမ်ဖုန်းသည် ရှေ့ရှိ တောင်ကုန်းကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

တောင်ကုန်း၏နောက်ကွယ်တွင် ကျယ်ပြန့်သော စမ်းချောင်းတစ်ခု ရှိနေပြီး ယင်းမှာ သားရဲများ နေထိုင်ရန်အတွက် အလွန်ပင် သင့်လျော်သော ပထဝီဝင်အနေအထား ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ဝမ်မင်ကျိ စဉ်းစားထားခဲ့သော နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူသည် လမ်းတစ်လျှောက်တွင် အနံ့ပြင်းသော ဆေးလုံးများနှင့် ဝိညာဉ်ဆေးမြက်များကို ပြင်ဆင်လာခဲ့ပြီး တောင်ကုန်းငယ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။

ချင်ယွမ်ဖုန်း ရှေ့သို့ တိုးသွားလေလေ တောင်ကုန်းဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုမို ခံစားရလေလေ ဖြစ်သည်။ သူသည် ထိုနေရာရှိ ဝိညာဉ်ဆင်ဧရာက သူ့ကို ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် အသက်ကိုပင် အောင့်ထားရသည်။

တောင်ကုန်းအတွင်းရှိ ဝိညာဉ်ဆင်ဧရာသည် နဝမအဆင့် မြင့်မားသော သားရဲဖြစ်ပြီး ဒုန်ဖန်းရှန့်မင်နှင့် ကျင့်စဉ်အဆင့် တူညီပေသည်။ ယင်းသည် အသိဉာဏ်အချို့ ရှိနေပြီဖြစ်ကာ ရိုးရှင်းစွာ တွေးတောနိုင်စွမ်း ရှိသည်။

ဒုန်ဖန်းရှန့်မင်နှင့် မတူသည်မှာ ဝိညာဉ်ဆင်ဧရာသည် ၎င်း၏ အရှိန်အဝါကို မဖုံးကွယ်တတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မီတာထောင်ချီအတွင်း မည်သည့်သားရဲမှ မဝင်ရဲကြပေ။

ချင်ယွမ်ဖုန်းသည် တောင်ကုန်းနှင့် မီတာ ၃၀၀ အကွာအဝေးသို့ ရောက်ရှိလာသောအခါ အဆုံးမရှိသော ဥမင်လိုဏ်ဂူတစ်ခုနှင့်တူသည့် လိုဏ်ဂူဝကို မြင်တွေ့လိုက်ရသည်။

လိုဏ်ဂူဝသည် ငါးမီတာခန့် မြင့်မားသည်။ ဝိညာဉ်ဆင်ဧရာသည် လိုဏ်ဂူဝထက် အနည်းငယ်မျှသာ နိမ့်သည်ကို ဝမ်မင်ကျိ၏ မှတ်ဉာဏ်များအရ ချင်ယွမ်ဖုန်း သိရှိထားသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဝိညာဉ်ဆင်ဧရာ၏ ခြေထောက်တစ်ဖက်စာမျှသာ ရှိပေလိမ့်မည်။

သူသည် သိုလှောင်အိတ်အတွင်းမှ ပြင်ဆင်လာသော ဆေးလုံးများကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ဖြည်းညင်းစွာ ချထားလိုက်ပြီး မီတာ ၅၀ ခန့်အကွာတွင် နောက်ထပ် ဆေးလုံးတစ်လုံးကို ထပ်မံ ချထားလေသည်။

ဝိညာဉ်ဆင်ဧရာ၏ နယ်မြေအစွန်းရောက်သည်အထိ ချင်ယွမ်ဖုန်းက ဆေးလုံးများကို အစီအရင်အတိုင်း ချထားခဲ့ရာ ဆေးလုံးများ၏ ရနံ့သည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေတော့သည်။

ချင်ယွမ်ဖုန်းသည် လိုဏ်ဂူဝကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ဤဆေးလုံးများက ဝိညာဉ်ဆင်ဧရာကို အပြင်သို့ ဆွဲဆောင်နိုင်ပါ့မလားဟူ၍ သူ သံသယဖြစ်နေမိသည်။

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်တွင် လိုဏ်ဂူအတွင်းမှ လှုပ်ရှားမှုအချို့ ရှိလာပြီး မြေပြင်သည် အနည်းငယ် တုန်ခါနေသည်ကို ချင်ယွမ်ဖုန်း ခံစားလိုက်ရသည်။

ဆင်တစ်ကောင်သည် လိုဏ်ဂူအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ယင်းမှာ ဝိညာဉ်ဆင်ဧရာပင် ဖြစ်ချေတော့သည် ။

ဝိညာဉ်ဆင်ဧရာသည် သာမန်ဆင်ထက် ပိုမို ကြီးမားကာ လေးလံထိုင်းမှိုင်းဟန် ရှိသည်။ ၎င်း၏ ရှည်လျားသော အစွယ်နှစ်ခုမှာ အလွန်ပင် ထက်မြက်လှပြီး ရှည်လျားသော နှာမောင်းမှာလည်း အလွန်ပင် ပျော့ပျောင်းသကဲ့သို့ လက်နက်များဖြင့်ပင် မဖောက်ထွင်းနိုင်ပေ။

အထူးခြားဆုံးအချက်မှာ ဝိညာဉ်ဆင်ဧရာ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် အစင်းကြောင်းများပင် ဖြစ်သည်။ ထိုအစင်းကြောင်းများသည် ၎င်း၏ ဒေါသနှင့် အစွမ်းသတ္တိကို ကိုယ်စားပြုပေသည်။ အကယ်၍ ထိုအစင်းကြောင်းများအားလုံး လင်းထိန်လာပါက ဝိညာဉ်ဆင်ဧရာသည် အလွန်အမင်း ဒေါသထွက်နေပြီး ၎င်း၏ အစွမ်းရှိသမျှကို ထုတ်ဖော်လိုက်ပြီဟု ဆိုလိုပေသည်။

ဝိညာဉ်ဆင်ဧရာသည် အနံ့အတိုင်း ပထမဆုံး ဆေးလုံးရှိရာသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး အန္တရာယ် ရှိ၊ မရှိ နမ်းရှုပ်ကြည့်ကာ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။

ချင်ယွမ်ဖုန်း ဖော်စပ်ထားသော ဆေးလုံးများတွင် ဆေးလုံးအစင်းကြောင်းများ မပါရှိသော်လည်း ၎င်းတို့မှာ ပြီးပြည့်စုံသော ဆေးလုံးများဖြစ်ကာ သုံးစွဲထားသော ဝိညာဉ်ဆေးမြက်များမှာလည်း သားရဲများ အကြိုက်တွေ့သော အရာများသာ ဖြစ်ကြသည်။

ဝိညာဉ်ဆင်ဧရာသည် အစာကို မြိန်ယှက်စွာ စားသုံးနေပုံရပြီး နောက်ထပ် ဆေးလုံးရှိရာသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

ချင်ယွမ်ဖုန်းသည် ရင်ထဲ၌ လှိုက်ဖိုစွာ စိတ်လှုပ်ရှားသွားရ၏။ ဝိညာဉ်ဆင်ဧရာသည် သူ စီစဉ်ထားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပြီ မဟုတ်လော။

All Chapters