← Chapters

အခန်း ၁၃၀

Vol. 9 Ch. 130

အခန်း ၁၃၀

Vol. 9 Ch. 130

အခန်း (၁၃၀)။ ကျီးကန်း

ဟင်းလင်းပြင် ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝစွာ စုစည်းရာ အရပ်ဒေသများတွင် ဝိညာဉ်ကျောက်တုံးများ စတင်ဖြစ်ပေါ်လေ့ရှိပြီး ယင်းတို့သည် နှစ်ပေါင်း သန်းနှင့်ချီ၍ အနည်ထိုင် စုဆောင်းလာခဲ့ကြသည်ဖြစ်ရာ ထိုဝိညာဉ်ကျောက်တုံးအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ ကျယ်ပြောလှပြီး သန့်စင်လှပေသည်၊၊

သို့ဖြစ်ရာ သိုင်းပညာရှင်များအနေဖြင့် ယင်းစွမ်းအင်များကို တိုက်ရိုက်စုပ်ယူ ကျင့်ကြံနိုင်ချေရှိ၏။

“ ဟုတ်ပါတယ်ရှင့် ” ဟု ရှောင်လင်က ပြုံးလျက် ပြောဆိုလိုက်သည်။ “ ဒီမြေကမ္ဘာခြင်ဆီအရည်ဟာ အရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေဖို့ အထောက်အကူပြုနိုင်မှာဖြစ်သလို နောင်သုံးနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာလည်း အနိုင်ရရှိဖို့ အခွင့်အလမ်း ပိုမိုများပြားစေပါလိမ့်မယ် ” ဟု ဆိုလေသည်။

“ ကောင်းပြီ... အခုဆိုရင် ငါတို့ရဲ့ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို ပြန်လည်ရယူနိုင်ရုံနဲ့ ဒီခရီးစဉ်ဟာ လုံးဝဥဿုံ အောင်မြင်ပြီလို့ ပြောလို့ရပြီ ” ဟု ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ရေရွတ်လိုက်၏။

ထိုစဉ် ချင်ယွမ်ဖုန်းသည် ရှေ့ကိုက်အနည်းငယ်အကွာ၌ ပြင်းထန်သော စွမ်းအင်လှိုင်းများ အတက်အကျဖြစ်နေသည်ကို အာရုံခံမိလေရာ ထိုနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ချင်ယွမ်ဖုန်းသည် ထိုလားရာဘက်သို့ အမြန်ပြေးသွားပြီးနောက် မနီးမဝေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တိတ်တဆိတ် ဆင်းသက်ကာ အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်သည်။

အမှန်တကယ်ပင် ရှေ့နား၌ လူနှစ်ဦး တိုက်ခိုက်နေကြသည်ကို တွေ့ရ၏။ တစ်ဦးမှာ အနက်ရောင်ဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ အဖြူရောင် ဝတ်ဆင်ထားချေသည်။

“ သူပါလား ” ချင်ယွမ်ဖုန်းသည် သစ်ပင်ပေါ်၌ ဝပ်စောင်းကြည့်ရှုရင်း အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို မှတ်မိသွား၏။

သူမသည် ရှေးဟောင်းတောအုပ်အပြင်ဘက်၌ သူနှင့်ဆုံခဲ့ဖူးသော အမျိုးသမီးပင် ဖြစ်ချေသည်။

ထိုအမျိုးသမီးနှင့် လုံးထွေးသတ်ပုဒ်နေသော အနက်ရောင်ပုံရိပ်မှာမူ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသူဖြစ်ရာ ယုတ်ညံ့သော အပြုံးတစ်ခုနှင့်အတူ မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။

“ ဟီးဟီး... မိန်းကလေးငယ်၊ ငါ့လက်ထဲက မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို လုယူဖို့ဆိုရင်တော့ နင်က အတော်လေး လိုပါသေးတယ် ” ဟု ထိုမိစ္ဆာကျင့်ကြံသူက လှောင်ပြောင်ပြောဆိုလိုက်၏။

ထိုစကားကို ကြားရသောအခါ ချင်ယွမ်ဖုန်းမှာ သွေးအန်မတတ် ခံစားလိုက်ရပြီး “ အဲဒါ ငါ့ဟာကွ... ငါ့ဟာ... ” ဟု စိတ်ထဲမှ အော်ဟစ်နေမိသည်။

မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်မှာ ထိုမိစ္ဆာကျင့်ကြံသူ၏ လက်ထဲသို့ ရောက်ရှိသွားပုံရချေသည်။

“ နင်ဟာ မိစ္ဆာနဂါးနန်းတော် ကျီးကန်းဆိုတာ ငါသိတယ်၊ ငါ့ရဲ့ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို အခုချက်ချင်း ပြန်မပေးဘူးဆိုရင် ငါပြန်ရောက်တာနဲ့ နင်တို့ မိစ္ဆာနဂါးနန်းတော်ကို လူအင်အားနဲ့ ဝိုင်းရံချေမှုန်းခိုင်းမယ် ” ဟု ထိုအမျိုးသမီးက အေးစက်စက် လေသံဖြင့် ဆိုလေသည်။

မိစ္ဆာနဂါးနန်းတော်ဟူသည် အမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာဂိုဏ်းတစ်ခုဖြစ်ကြောင်း ချင်ယွမ်ဖုန်း ကြားဖူးနားဝရှိ၏။ ထိုဂိုဏ်း၌ အဖွဲ့ဝင် အလွန်နည်းပါးရာ ဂိုဏ်းချုပ်တစ်ဦး၊ အကြီးအကဲနှစ်ဦးနှင့် တပည့်သုံးဦးသာ ရှိလေသည်။

ကျီးကန်းမှာ ထိုဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး ကျင့်စဉ်အဆင့်မှာ ကိုးဆင့်မြောက် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်သည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် ကျီးကန်းနှင့် တိုက်ခိုက်နေသော အမျိုးသမီး၏ အစစ်အမှန် စွမ်းအားမှာ ရှစ်ဆင့်မြောက် သိုင်းပညာရှင်အဆင့် ဖြစ်ကြောင်း အတည်ပြုနိုင်တော့သည်။

သို့သော်လည်း ထိုအမျိုးသမီး၌ ကျောက်စိမ်းရုယီ နှင့် တူသော မှော်လက်နက်တစ်ခု ရှိနေပြီး ယင်းမှ ပြင်းထန်သော အလင်းတန်းများကို ထုတ်လွှတ်နိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားကို ပိုင်ဆိုင်ထားချေသည်။

ထိုမှော်လက်နက်၏ အစွမ်းကြောင့်သာ ရှစ်ဆင့်မြောက် မဟာဆရာနယ်ပယ်တွင် ရှိနေသော သူမသည် ကိုးဆင့်မြောက်ရှိ ကျီးကန်းကို အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ပေ၏။

“ ဟီးဟီး... နင်ကိုယ်တိုင် လုယူထားတဲ့ အရာကို ဘယ်လိုလုပ်ပြီး နင့်ဟာလို့ ပြောနိုင်ရတာလဲ၊ တကယ်လို့ နင် စွမ်းနိုင်တယ်ဆိုရင်လည်း ကိုယ်တိုင် ပြန်လုကြည့်လေ ” ဟု ကျီးကန်းက နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။

ထိုအမျိုးသမီးမှာ ဒေါသထွက်သွားပြီး သူမ၏ အဖြူရောင်ဖဲကြိုးနှစ်ခုမှာ မြွေနဂါးများအလား ပျော့ပျောင်းစွာ လှုပ်ရှားလာကာ အနီးနားရှိ သစ်ပင်များကိုပင် ရိုက်ခတ်ချိုးဖျက်ပစ်လိုက်၏။

သူမလက်ထဲရှိ ကျောက်စိမ်းရုယီမှလည်း စူးရှသော အလင်းတန်းများ ထွက်ပေါ်လာရာ ကျီးကန်း ရှောင်တိမ်းလိုက်သည့်အခါ ထိုအလင်းတန်း ထိမှန်သော မြေပြင်၌ အောက်ခြေမမြင်ရသည့် ကျင်းနက်ကြီးများ ဖြစ်ပေါ်ကျန်ရစ်သည်မှာ ထိတ်လန့်ဖွယ်ပင် ဖြစ်ချေသည်။

“ မိန်းကလေးငယ်... ငါက နင့်ကို မနိုင်ဘူးလို့ မထင်လိုက်နဲ့၊ သေဖို့သာ ပြင်ထားတော့ ”

ကျီးကန်းသည်လည်း ဒေါသအမျက် ချောင်းချောင်းထွက်လာ၏။

သူသည် ဖျက်ဆီးအားပြင်းသော အဖြူရောင်ဖဲကြိုးများကိုသာမက ကျောက်စိမ်းရုယီမှ ထွက်ပေါ်လာသည့် အလင်းတန်းများကိုပါ ခဲယဉ်းစွာ ရှောင်တိမ်းနေရသောကြောင့် ဖြစ်သည်။

ရုတ်တရက် ကျီးကန်း၏ လက်ထဲမှ စွမ်းအင်နှစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် လင်းနို့နှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အဖြူရောင်ဖဲကြိုးများပေါ်သို့ နားလိုက်၏။

ထိုခဏ၌ပင် ဖြူစင်သော ဖဲကြိုးများသည် လင်းနို့များ၏ တိုက်စားမှုကြောင့် ချက်ချင်းပင် ပေါက်ပြဲသွားတော့သည်။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရ၏။ ထိုကျီးကန်းမှာ အတော်လေး စွမ်းအားကြီးလှပေသည်။ ကိုယ်တွင်းစွမ်းအင်ကို အကောင်အထည်အဖြစ် ပြောင်းလဲနိုင်စွမ်းမှာ သိုင်းပါရဂူရှင်နယ်ပယ်သို့ ရောက်ရှိသူများသာ တတ်စွမ်းနိုင်သော ပညာရပ် ဖြစ်ပေသည်။

သို့သော် ကျီးကန်းမှာ ကိုးဆင့်မြောက် မဟာဆရာနယ်ပယ်၌သာ ရှိသေးသော်လည်း ဤပညာကို တတ်မြောက်နေပြီ ဖြစ်ချေသည်။

ယင်းမှာ ကျီးကန်းသည် သိုင်းပါရဂူရှင်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ညွှန်ပြနေပြီး ဤမြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်သည် သူ၏ နယ်ပယ်ကူးပြောင်းရန်အတွက် လှေကားထစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

အမျိုးသမီး၏ မျက်နှာမှာ ညှိုးမှိန်သွားပြီး ဖဲကြိုးများတစ်လျှောက် ပြင်းထန်သော စွမ်းအင်များကို ထုတ်လွှတ်ကာ အနက်ရောင်လင်းနို့များကို ရိုက်ခွဲပစ်လိုက်၏။

ချက်ချင်းပင် အဖြူရောင်ဖဲကြိုးများသည် ချွန်ထက်သော လက်နက်များအလား ကျီးကန်းကို ဝိုင်းရံပိတ်ဆို့လိုက်ပြန်သည်။

ထို့နောက် ကျောက်စိမ်းရုယီမှ နွေးထွေးသော အဖြူရောင်အလင်းတန်း တစ်ခုသည် ကျီးကန်း၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာရာ ကျီးကန်းမှာ အလန့်တကြားဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်ရလေသည်။

ချင်ယွမ်ဖုန်းမှာ ထိတ်ခနဲ ဖြစ်သွားရ၏။ အကြောင်းမူကား ကျီးကန်း ရှောင်တိမ်းလိုက်သော လားရာမှာ သူပုန်းကွယ်နေသည့် နေရာ ဖြစ်နေသောကြောင့်ပင်။

ထိုအလင်းတန်းသည် ချင်ယွမ်ဖုန်း ပုန်းနေသည့် သစ်ပင်ပင်စည်ကို ဖောက်ထွက်သွားပြီး ပန်းကန်လုံးခန့် အရွယ်အစားရှိသော မီးလောင်ရာပါသည့် အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။

ချင်ယွမ်ဖုန်းသည် သစ်ပင်ကျိုးကျသွားပြီး သူ၏ ကိုယ်ရောင်ပေါ်သွားမည်ကို စိုးရိမ်သဖြင့် အသက်ပင် မရှူဝံ့ဘဲ ငြိမ်သက်နေမိ၏။

ကံကောင်းထောက်မစွာဖြင့် သစ်ပင်မှာ အပေါက်ကြီး ဖြစ်သွားသော်လည်း ကြံ့ကြံ့ခံနိုင်သေးသည်။

ချင်ယွမ်ဖုန်း စိတ်အေးရုံရှိသေးသော်လည်း ဝိညာဉ်ဆင်ဧရာကြီး တစ်ကောင် ရောက်ရှိလာပြီး သူပုန်းနေသော သစ်ပင်ကို တိုက်ခွဲဖျက်ဆီးပစ်လိုက်တော့သည်။

“ သွားပါပြီ... ”

ချင်ယွမ်ဖုန်းသည် သစ်ပင်ပင်စည်ကို တင်းကျပ်စွာ ဖက်ထားရင်း လူမိသွားမည်ကို စိုးရိမ်သဖြင့် မလှုပ်မယှက် နေနေရ၏။ သစ်ပင်မှာ ဝုန်းခနဲ လဲကျသွားရာ ချင်ယွမ်ဖုန်းလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

သူသည် နာကျင်လွန်းသဖြင့် မျက်ရည်ပင် ထွက်ချင်သော်လည်း ကံကောင်းထောက်မစွာဖြင့် ထူထပ်သော သစ်ရွက်များက သူ့ကိုယ်ကို ဖုံးလွှမ်းထားပေးလေသည်။

ဝိညာဉ်ဆင်ဧရာကြီးသည် ရှေ့ရှိ လူနှစ်ဦးကို စူးစိုက်ကြည့်နေပြီး ၎င်း၏ ကိုယ်ပေါ်ရှိ အနီရောင်အမှတ်အသားများမှာ ဒေါသကြောင့် တောက်ပနေချေသည်။

ထိုသူနှစ်ဦးလုံးထံတွင် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်၏ အရှိန်အဝါများ ရှိနေသည်မဟုတ်လော။

ဆင်ဧရာကြီး၏ ပါးစပ်မှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ၎င်း၏ နှာမောင်းကြီးဖြင့် ကျီးကန်းကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ကျီးကန်း၏ ခန္ဓာကိုယ်မှာ ရေစက်ကလေးများ လွင့်စင်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး အနက်ရောင်လင်းနို့ အကောင်ရေ ထောင်သောင်းချီအဖြစ် ပြောင်းလဲသွားကာ ခပ်လှမ်းလှမ်းရောက်မှ လူပုံစံ ပြန်လည် စုစည်းလိုက်သည်။

သစ်ရွက်များကြား၌ ပုန်းနေသော ချင်ယွမ်ဖုန်းမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်လျက် “ ဒီလို ထူးထူးဆန်းဆန်း ပညာရပ်မျိုး တစ်ခါမှကို မကြားဖူးဘူးပဲ ” ဟု ရေရွတ်မိ၏။

သို့သော်လည်း ကျီးကန်း၏ မျက်နှာမှာ အတော်လေး ဖြူဖျော့နေသည်ဖြစ်ရာ ထိုအကွက်ကို သုံးလိုက်ရခြင်းသည် သူ၏ စွမ်းအင်များကို အတော်လေး ကုန်ခမ်းစေပုံရချေသည်။

ထိုစဉ် အဖြူရောင်ဖဲကြိုးနှစ်ခုမှာ တစ္ဆေများအလား ကျီးကန်း၏ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပြန်၏။

“ နင် ရူးနေတာလား၊ ဒီဆင်ဧရာကြီးကို နင်တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား ” ဟု ကျီးကန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် ထိုအမျိုးသမီးမှာ ကျီးကန်း၏ စကားကို နားမဝင်တော့ဘဲ အဖြူရောင် အရှိန်အဝါ တစ်ခုဖြင့် ကျီးကန်း၏ ရင်ဘတ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ပြန်ရာ ကျီးကန်းမှာ လင်းနို့အုပ်အဖြစ် တစ်ဖန် ပြောင်းလဲကာ ရှောင်တိမ်းလိုက်ရပြန်၏။

အမျိုးသမီးက နောက်မှ လိုက်လံတိုက်ခိုက်ရန် ပြင်စဉ်မှာပင် ဝိညာဉ်ဆင်ဧရာကြီးကလည်း လှုပ်ရှားလာပြီး ၎င်း၏ နှာမောင်းကြီးဖြင့် သူမကို ကြိမ်လုံးနှင့် ရိုက်သကဲ့သို့ လွှဲရိုက်လိုက်တော့သည်။

ထိုပြင်းထန်လှသော စွမ်းအားကြောင့် သူမမှာ အန္တရာယ်ကို အာရုံခံမိပြီး အဖြူရောင်ဖဲကြိုးများဖြင့် ခုခံကာကွယ်သော်လည်း ဝေးလွင့်သွားအောင် ရိုက်ထုတ်ခြင်း ခံလိုက်ရလေသည်။

ဝိညာဉ်ဆင်ဧရာကြီးသည် ထိုအမျိုးသမီးကို ရိုက်ထုတ်ပြီးနောက် ကျီးကန်းရှိရာသို့ လှည့်ကာ ဟိန်းဟောက်လျက် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ယခုအခါ ဆင်ဧရာကြီးမှာ အသိစိတ် လွတ်ကင်းနေချေပြီ။ ၎င်း နှစ်ပေါင်း ရာနှင့်ချီ၍ စောင့်ရှောက်လာခဲ့သော ဆေးမြက်ပင်မှာ မျက်စိရှေ့တင် လုယူခြင်း ခံလိုက်ရသဖြင့် တွေ့သမျှ လူသားအားလုံးကို သတ်ဖြတ်ရန်သာ စိတ်အားထက်သန်နေတော့သည်။

All Chapters