အခန်း ၁၃၁
Vol. 9 Ch. 131
အခန်း (၁၃၁) နှစ်ဦးနှစ်ဖက် အထိနာခြင်း
ထိုကျီးကန်းမှာမူ တိုးတိုးတိတ်တိတ် ကျိန်ဆဲရင်း ဝေးရာသို့ အပြေးအလွှား ထွက်ပြေးလေရာ ဝိညာဉ်ဆင်ဧရာကြီးကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားချေသည်။
ယင်းအချိန်တွင် ထိုအမျိုးသမီးသည် ပါးစပ်ထောင့်မှ သွေးစများကို သုတ်ဖယ်ရင်း ဝေးရာတစ်နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်၏။
ဝိညာဉ်ဆင်ဧရာ၏ တိုက်ခိုက်မှုကြောင့် သူမတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူမသည် ဝိညာဉ်ဆင်ဧရာနောက်သို့ အလျင်အမြန် လိုက်လံပြန်ရာတွင် သူမ၏ ဖြူလွလွ ပိုးဖဲကြိုးနှစ်ခုကို ရှေ့သို့ လွှတ်တင်၍ အဝေးရှိ သစ်ပင်နှစ်ပင်တွင် ရစ်ပတ်စေကာ လောက်လေးခွပစ်သကဲ့သို့ မိမိကိုယ်ကိုယ် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်လေသည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ လေထုကို တိုးဝှေ့သွားသည့် ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေပြီး သူမသည် လေထဲတွင်ပင် ပိုးဖဲကြိုးများကို ပြန်လည်ရုပ်သိမ်းကာ ရှေ့သို့ ထပ်မံပစ်လွှတ်ခြင်းဖြင့် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ခရီးနှင်နေတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း သစ်ရွက်များကြားမှ တွားသွားထွက်လာပြီးနောက် ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့ချေသည်။
ချင်ယွမ်ဖုန်း၏ အရှိန်မှာ ၎င်းတို့လောက် မမြန်သော်ငြားလည်း ဝိညာဉ်ဆင်ဧရာကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သစ်ပင်များ ကျိုးကြေပျက်စီးနေမှုများက လမ်းညွှန်သဖွယ် ရှိနေသဖြင့် ရှာဖွေရသည်မှာ မခက်ခဲလှပေ။
ယနေ့သည်ကား ရှေးဟောင်းတောအုပ်အတွင်း ထူးခြားဆန်းပြားသော နေ့တစ်နေ့ ဖြစ်ပေတော့မည်။
ဝိညာဉ်ဆင်ဧရာကြီး သွေးရူးသံရူး ဖြစ်နေမှုကြောင့် အခြားသော သားရဲများမှာလည်း ကြောက်လန့်တကြား ဘေးလွတ်ရာသို့ ပြေးလွှားနေကြသဖြင့် တစ်တောလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချေသည်။
ချင်ယွမ်ဖုန်းသည် အဝေးမှနေ၍ အခြေအနေကို စောင့်ကြည့်နေစဉ် ရံဖန်ရံခါတွင် ပြင်းထန်သော ပေါက်ကွဲသံများနှင့် နားကွဲလုမတတ် ဟိန်းဟောက်သံများကို ကြားနေရ၏။
ယင်းမှာ ထိုသူနှစ်ဦးနှင့် ဝိညာဉ်ဆင်ဧရာတို့ အပြန်အလှန် တိုက်ခိုက်နေကြခြင်းပင် ဖြစ်ပေသည်။
နဝမအဆင့်ရှိသော ဝိညာဉ်ဆင်ဧရာမှာ အရေထူပြီး အသားမာလှသဖြင့် သာမန်တိုက်ခိုက်မှုများဖြင့် မတုန်လှုပ်နိုင်ချေ။
အမျက်ချောင်းချောင်း ထွက်လာချိန်တွင်မူ ၎င်း၏ စွမ်းအားမှာ တားဆီး၍မရနိုင်လောက်အောင် ပြင်းထန်လှပေသည်။
ထိုသို့ လိုက်လံတိုက်ခိုက်ခြင်းမှာ ညဦးပိုင်းတိုင်အောင် ကြာမြင့်သွားပြီးမှသာ ရှေ့မှ ဆူညံသံများမှာ အတန်ငယ် ငြိမ်သက်သွားတော့သည်။
တစ်ဖက်တွင် ပုန်းအောင်းနေသော ချင်ယွမ်ဖုန်းသည် ဒဏ်ရာဗရပွဖြင့် ဖြည်းညှင်းစွာ ပြန်လာနေသော ဝိညာဉ်ဆင်ဧရာကြီးကို မြင်တွေ့လိုက်ရ၏။
ကြည့်ရသည်မှာ ၎င်း၏ ရည်မှန်းချက် မအောင်မြင်ခဲ့ပုံ ရချေသည်။ ထိုသို့ဖြစ်လင့်ကစား ချင်ယွမ်ဖုန်းမှာ မဆင်မခြင် မလှုပ်ရှားရဲပေ။
'ပိန်သော်လည်း ကုလားအုပ်' ဟူသော စကားအတိုင်း အားအင်ကုန်ခမ်းနေသည့် ဝိညာဉ်ဆင်ဧရာကြီးမှာပင် ချင်ယွမ်ဖုန်းကို တစ်ချက်နင်းရုံဖြင့် အမှုန့်ချေပစ်နိုင်စွမ်း ရှိနေသေးသည် မဟုတ်လော။
ဝိညာဉ်ဆင်ဧရာကြီး ဖြတ်ကျော်သွားပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် ရှေ့သို့ တိုးတိတ်စွာ ပြေးထွက်လာခဲ့သည်။
မကြာမီတွင်ပင် ၎င်းတို့ နောက်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ ရောက်ရှိလာ၏။ မြေပြင်တစ်ခုလုံးမှာလည်း ကိုယ်တွင်းစွမ်းအင်များကြောင့် နက်ရှိုင်းသော ကျင်းကြီးများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း တစ်ပင်မျှ မတ်တတ်မကျန်တော့ဘဲ လဲပြိုပျက်စီးနေချေသည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် ဝတ်စုံဖြူဖြင့် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ သို့သော်လည်း ထိုဝတ်စုံဖြူမှာ ယခုအခါတွင် သွေးစများ စွန်းထင်းလျက် သနားစဖွယ် ဖြစ်နေပြီး သေခန်းနီး အခြေအနေသို့ ရောက်ရှိနေပုံရသည်။
ချင်ယွမ်ဖုန်းက အနီးသို့ ဖြည်းညှင်းစွာ လျှောက်သွားသောအခါ ထိုအမျိုးသမီးမှာ ထိတ်လန့်သွားပြီး "နင် ဘာလုပ်ဖို့ ကြံနေတာလဲ" ဟု ရင်ဘတ်ကို ဖိရင်း ပြတ်ပြတ်သားသား မေးလိုက်လေသည်။
"ကဲပါ... မင်းက ဒဏ်ရာအပြင်းအထန် ရထားတာပဲ၊ ခုခံဖို့ကို စိတ်တောင်မကူးပါနဲ့တော့" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုလိုက်၏။
ဤအမျိုးသမီးမှာ အလွန် သတိကြီးလှသော်လည်း ယခုအခါတွင်မူ ဒဏ်ရာအနာတရများနှင့် အားအင်ကုန်ခမ်းနေသဖြင့် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ချေ။
ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဝိညာဉ်ဆင်ဧရာကြီး ထွက်ခွာသွားပြီ ဖြစ်သော်လည်း သွေးနံ့များကြောင့် အခြားသော သားရဲများ ရောက်ရှိလာနိုင်သည်ကို သတိပြုမိလေသည်။
"နင် ငါ့ကို တစ်ခုခုလုပ်ဖို့ ကြံရင်တော့ ငါ နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး" ဟု ထိုအမျိုးသမီးက အသံမာမာဖြင့် အော်ဟစ်လိုက်သော်လည်း သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေသည်မှာ ထင်ရှားလှပေသည်။
ချင်ယွမ်ဖုန်းမှာ မတတ်သာသည့်အဆုံး ခေါင်းကို ခါယမ်းကာ ရှေ့သို့ လျှောက်သွားပြီး သူမကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်လေသည်။ အမျိုးသမီးမှာ မျက်လုံးအစုံ ပြူးကျယ်သွားပြီး သူမ၏ နောက်ဆုံးကျန်ရှိသော အားအင်ကို သုံးကာ ချင်ယွမ်ဖုန်း၏ ပုခုံးကို ကိုက်ခဲလိုက်တော့သည်။
ချင်ယွမ်ဖုန်းမှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုစိတ် ပေါ်ပေါက်သွားသော်လည်း ၎င်း၏ ကြင်နာတတ်သော စိတ်နှလုံးက ထိုသို့လုပ်ဆောင်ရန် ခွင့်မပြုခဲ့ပေ။
သို့သော်လည်း ၎င်း၏ စိတ်ထဲတွင် နောက်ပြောင်လိုသော အကြံတစ်ခု ပေါ်လာပြီး သူမ၏ တင်ပါးကို တစ်ချက်ရိုက်ကာ "မလှုပ်နဲ့... မဟုတ်ရင် မင်းကို ငါ ဘာလုပ်မိမလဲ မပြောနိုင်ဘူးနော်" ဟု ခြိမ်းခြောက်လိုက်၏။
ထိုသို့ အရိုက်ခံလိုက်ရသဖြင့် အမျိုးသမီးမှာ အလွန်အမင်း ရှက်ရွံ့ပြီး ဒေါသထွက်သွားသော်လည်း ချင်ယွမ်ဖုန်း၏ စကားကို ကြားသောအခါ ငြိမ်သက်သွားတော့သည်။
ချင်ယွမ်ဖုန်းမှာ အေးစက်စွာ နှာခေါင်းရှုံ့ရင်း သူမကို ပွေ့ချီကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာခဲ့ချေသည်။ မှန်ပေသည်... ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီး မကြာမီမှာပင် ရက်စက်ကြမ်းကြုတ်သော သားရဲအချို့ ထိုနေရာသို့ ရောက်ရှိလာကြတော့သည်။
ချင်ယွမ်ဖုန်းသည် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ဝေးရာသို့ သွားခဲ့ပြီး တောအုပ်အတွင်းရှိ စမ်းချောင်းလေးတစ်ခု အနီးသို့ ရောက်ရှိလာ၏။ စမ်းချောင်း၏ ရေငွေ့များက ၎င်းတို့ ချန်ထားခဲ့သော အနံ့အသက်များကို ပျောက်ကွယ်စေနိုင်သည် မဟုတ်လော။
"နင် တကယ်ပဲ ဘာကို လိုချင်တာလဲ။ ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်။ ငါ့ကို လွှတ်ပေးမယ်ဆိုရင် နင် လိုချင်တာ အကုန်ပေးမယ်" ဟု အမျိုးသမီးက အားနည်းသော အသံဖြင့် ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာမူ မျက်မှောင်ကြုတ်ရင်း သူမ၏ စကားကို ဂရုမစိုက်ဘဲ ဒဏ်ရာများကိုသာ စစ်ဆေးနေတော့သည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အဆိပ်သင့်နေသော ဒဏ်ရာအချို့ကို တွေ့ရပြီး ထိုနေရာမှ သွေးမည်းများ စီးကျနေဆဲ ဖြစ်သည်။
ထို့ပြင် ဝိညာဉ်ဆင်ဧရာကြောင့် ရရှိထားသော အညိုအမည်းစွဲ ဒဏ်ရာများမှာ အပြင်ပန်းတွင် မပြင်းထန်လှသော်လည်း အတွင်းဒဏ်ရာများမှာမူ အတော်ပင် နက်ရှိုင်းလှချေသည်။
အမျိုးသမီး၏ အဝတ်အစားများမှာလည်း စုတ်ပြဲနေသဖြင့် သူမ၏ ဝင်းပသော အသားအရေမှာ ပေါ်လွင်နေပြီး အားနည်းနေသည့် ပုံစံမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိနေတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင် ထားကာ သူမကို စမ်းချောင်းအနီးသို့ ခေါ်ဆောင်သွားပြီး ဒဏ်ရာများကို စတင်ဆေးကြောပေးလေသည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်းမှာ အလွန်ပင် စိတ်တိုနေမိ၏။ သူ ထွက်လာစဉ်က နတ်သက်ကြွေဆေးမြက်၏ သစ်ရွက်များမှာ မကြီးထွားသေးချေ။
သို့မဟုတ်ပါက ထိုသစ်ရွက် တစ်ရွက်တည်းဖြင့်ပင် ဤဒဏ်ရာများကို ကုသနိုင်မည် ဖြစ်သည်။
ဒဏ်ရာများကို ဆေးကြောပြီးနောက် ချင်ယွမ်ဖုန်းသည် မိမိကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးတစ်လုံးကို သူမအား တိုက်ကျွေးကာ အခြားနှစ်လုံးကိုမူ အမှုန့်ပြု၍ ဒဏ်ရာပေါ်တွင် လူးပေးပြီးနောက် ပိတ်ဖြူဖြင့် စည်းနှောင်ပေးလိုက်ချေသည်။
ထိုအမျိုးသမီးမှာ ချင်ယွမ်ဖုန်းကို ငေးကြည့်နေမိ၏။ အစောပိုင်းကမူ သူသည် အခြေအနေကို အခွင့်ကောင်းယူမည်ဟု ထင်မှတ်ထားသော်လည်း ယခုမူ တကယ်တမ်းတွင် သူမကို ကယ်တင်နေခြင်းပင် ဖြစ်ပေသည်။
"ငါတို့မှာ ဘာပတ်သက်မှုမှ မရှိဘူး၊ ငါ့ကို ကယ်ဖို့ နင့်မှာ တာဝန်မရှိဘူးလို့ နင် ပြောခဲ့တယ် မဟုတ်လား" ဟု ရှေးဟောင်းတောအုပ် အပြင်ဘက်တွင် ချင်ယွမ်ဖုန်းနှင့် စတင်တွေ့ဆုံခဲ့စဉ်က စကားကို အမျိုးသမီးက ပြန်လည်အမှတ်ရရင်း မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက မတတ်သာသလို ခေါင်းခါယမ်းရင်း "ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ။ မိန်းကလေးတစ်ယောက် ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်လို့ပါ" ဟု ဆို၏။
ယင်းအခါမှ ထိုအမျိုးသမီးသည် အတန်ငယ် စိတ်သက်သာရာရသွားပြီး "ကြည့်ရတာ နင်က ငါထင်သလောက်တော့ မဆိုးပါဘူး" ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းလည်း လိုက်လျောညီထွေ ရယ်မောလိုက်ရာ သူစိမ်းနှစ်ဦးကြားတွင် ရင်းနှီးမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
"ဒါနဲ့... ဟိုကျီးကန်းက ဘယ်ဘက်ကို ထွက်ပြေးသွားတာလဲ" ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။ သူသည် မိမိ၏ အသက်ကို ကယ်တင်ရန်အတွက် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို မရမက ရယူရမည် မဟုတ်လော။
"နင် သူတို့နောက်ကို လိုက်ဦးမလို့လား" ဟု အမျိုးသမီးက အလျင်အမြန် မေးလိုက်သည်။
"ဒါပေါ့" ချင်ယွမ်ဖုန်းမှာ ထိုအကြောင်းကို စဉ်းစားမိရုံဖြင့် ဒေါသထွက်လာပြီး "ငါက ဝိညာဉ်ဆင်ဧရာကို မျှားထုတ်ပြီး ထောင်ဖမ်းခဲ့တာကို မင်းတို့က အသာလေး လာဖြတ်စားသွားကြတာလေ။ ငါ အဲ့ဒါကို တကယ် မုန်းတာ" ဟု ဆို၏။
ချင်ယွမ်ဖုန်း၏ အမူအရာကို မြင်သောအခါ ထိုအမျိုးသမီးသည် ဆီးနှင်းများ အရည်ပျော်သွားသကဲ့သို့ နူးညံ့စွာ ရယ်မောလိုက်လေရာ ချင်ယွမ်ဖုန်းမှာ ခေတ္တမျှ ငေးခနဲ ဖြစ်သွားရချေသည်။
"ဟေး..." ဟု အမျိုးသမီးက တိုးတိုးလေး ခေါ်လိုက်၏။
ချင်ယွမ်ဖုန်းသည် သတိပြန်ဝင်လာပြီး အရှက်ပြေ တစ်ဖက်သို့ မျက်နှာလွှဲလိုက်သော်လည်း သူ၏ သိုလှောင်အိတ်ထဲမှ အပိုအဝတ်အစား တစ်စုံကို ထုတ်ပေးလိုက်သည်။
"ဒါကို အရင်ဝတ်ထားလိုက်၊ မင်းရဲ့ အဝတ်အစားတွေက တကယ်ကို ညစ်ပတ်နေပြီ" ဟု ချင်ယွမ်ဖုန်းက လှည့်မကြည့်ဘဲ အေးဆေးစွာ ပြောလိုက်၏။
အမျိုးသမီးမှာလည်း မျက်နှာတစ်ခုလုံး နီမြန်းသွားချေသည်။ သူမသည် ယခင်က အမျိုးသားတစ်ဦး၏ ရှေ့တွင် အဝတ်အစားလဲရန် စိတ်ပင်မကူးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူမ၏ အဝတ်အစားများမှာ သွေးစွန်းလျက် အမှန်တကယ်ပင် စိတ်မသက်မသာ ဖြစ်နေရပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် လှည့်မကြည့်ဘဲ နဂါးဖမ်းဆေးမီးဖိုကို ထုတ်လိုက်၏။ ယခုအချိန်တွင် ဆေးလုံးဖော်စပ်ခြင်းဖြင့်သာ သူ၏ စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်တော့မည် ဖြစ်သည်။
သားရဲမီးလျှံများ တောက်လောင်လာသည်နှင့်အမျှ ဝိညာဉ်ဆေးပင်များအားလုံးကို ဆေးမီးဖိုအတွင်းသို့ ထည့်သွင်းလိုက်ရာ သန့်စင်သော ဆေးအနှစ်သာရများမှာ အလျင်အမြန် ထွက်ပေါ်လာတော့သည်။