← Chapters

အခန်း ၁၃၅

Vol. 9 Ch. 135

အခန်း ၁၃၅

Vol. 9 Ch. 135

အခန်း (၁၃၅) နတ်သက်ကြွေ ဆေးလုံးငယ်

ချင်ယွမ်ဖုန်း၏ ဒဏ်ရာမှ သွေးစိမ့်မှုများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း အနာဝမှာမူ ကျက်လုနီးနီးပင် မရှိသေးပေ။ ထိုအချိန်တွင် သူ၏ လက်ဝယ်၌ ဒဏ်ရာကုဆေးလုံးများ ပြတ်လပ်နေခြင်းက အတော်ပင် အကျပ်ရိုက်စရာ ဖြစ်နေချေသည်။

ယင်းကြောင့် သူသည် ယီနန်ရှိရာသို့ ပြန်သွားပြီးနောက် မိမိဘာသာ ကုသရန် ဆေးလုံးအချို့ကို ကိုယ်တိုင် ဖော်စပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အလောင်းကောင်ရုပ်သေး သုံးကောင်၏ စောင့်ရှောက်မှုဖြင့် ချင်ယွမ်ဖုန်းသည် စမ်းချောင်းလေးဆီသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့ရာ ယီနန်မှာလည်း သစ်ပင်ကြီးပေါ်မှ တစ်ပြိုင်နက်တည်း ခုန်ဆင်းလာခဲ့၏။

“ရှင် ဒဏ်ရာရသွားတာလား” ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်ရှိ နီရဲနေသော အမှတ်အသားကို မြင်သောအခါ ယီနန်က စိုးရိမ်တကြီး မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ စုတ်ပြဲနေသော အင်္ကျီကို ချွတ်လိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးက ယီနန်၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။

ကျီးကန်းကြောင့် ရရှိခဲ့သော ဒဏ်ရာသာမက အခြားသော အမာရွတ်များကလည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဗလပွ ရှိနေချေသည်။

ထိုအမာရွတ်များကို မြင်လိုက်ရသောအခါ ယီနန်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိ၏။

“ရှင်... ရှင့်အသက်က အဲဒီလောက် မကြီးသေးဘူး မဟုတ်လား” ဟု ယီနန်က မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ရယ်မောရင်း “ငါ့ အသက် ဆယ့်ရှစ်နှစ် ရှိပါပြီ၊ ငယ်တော့တာ မဟုတ်ပါဘူး” ဟု ပြန်ပြော၏။

“အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့သူက ဘယ်လိုလုပ် အမာရွတ်တွေ ဒီလောက်တောင် များနေရတာလဲ၊ ရှင် ဘာတွေကို ဖြတ်ကျော်ခဲ့ရလို့လဲ” ဟု ယီနန်က တိုးညှင်းစွာ ရေရွတ်ရင်း အလွန်အမင်း စိတ်မကောင်း ဖြစ်သွားရသည်။

ဆယ့်ရှစ်နှစ်ဟူသော အရွယ်မှာ မိဘများ၏ ဂရုစိုက်မှုအောက်တွင် ကြီးပြင်းရမည့် အချိန်ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများက သူ၏ လျှောက်လှမ်းခဲ့သော ခရီးလမ်းမှာ မည်မျှ ခက်ခဲကြမ်းတမ်းခဲ့သည်ကို သက်သေပြနေသကဲ့သို့ ရှိနေတော့သည်။

ချင်ယွမ်ဖုန်းကမူ ထိုအရာများကို ဂရုမစိုက်ဘဲ စမ်းချောင်းဆီသို့ တန်းတန်းမတ်မတ် သွားကာ ဒဏ်ရာကို ဆေးကြောပြီးနောက် နဂါးဖမ်းဆေးမီးဖိုကို ထုတ်ယူ၍ ဆေးဖော်စပ်ရန် ပြင်ဆင်လေတော့သည်။

ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် သွေးဂျင်ဆင်း တစ်မြစ်ကို ထုတ်ယူလိုက်၏။ သွေးဂျင်ဆင်းမှာ စတုတ္ထအဆင့် ဝိညာဉ်ဆေးမြက်ပင် ဖြစ်ပြီး ချန်ဟုန်း ကုန်သည်ကြီးများအသင်းထံမှ သူဝယ်ယူခဲ့သော တစ်ခုတည်းသော စတုတ္ထအဆင့် ဆေးမြက်ပင်လည်း ဖြစ်သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့၏ ပြုစုပျိုးထောင်မှုကြောင့် မျိုးစေ့များ ရရှိခဲ့ပြီး ယခုအခါ အများအပြား စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်သည်။

“စတုတ္ထအဆင့် ဝိညာဉ်ဆေးမြက်ပင်လား၊ ရှင်က စတုတ္ထအဆင့် ဆေးလုံးကို ဖော်စပ်မလို့လား” ဟု ယီနန်က မေးမြန်း၏။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ကာ “ဟုတ်တယ်၊ တတိယအဆင့် ဆေးလုံးတွေက ငါတို့ နှစ်ယောက်လုံးအတွက် မလုံလောက်တော့ဘူး၊ စတုတ္ထအဆင့် ဆေးလုံးဖော်စပ်တာက ပိုပြီး မြန်ဆန်လိမ့်မယ်” ဟု ဆိုသည်။

“ဒါပေမဲ့... ရှင်က စတုတ္ထအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ အရည်အချင်း ရှိလို့လား” ဟု ယီနန်က သံသယဖြင့် မေးပြန်သည်။

ချင်ယွမ်ဖုန်းက ခေါင်းခါရင်း “စမ်းကြည့်လိုက်ရင် သိရမှာပေါ့” ဟုသာ ဆိုလိုက်၏။ ယီနန်မှာမူ ထိုလူငယ်ထံမှ အစဉ်အမြဲ ထွက်ပေါ်နေတတ်သော ယုံကြည်မှု အရှိန်အဝါကို မြင်ပြီး ထိုယုံကြည်မှုများက ဘယ်ကနေ ရောက်လာသနည်းဟု တွေးတောရင်း ပြုံးမိလေသည်။

ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီးနောက် များပြားလှသော ဝိညာဉ်စွမ်းအားများကို ဆေးမီးဖိုအတွင်းသို့ စီးဝင်စေကာ အတွင်းပိုင်း အခြေအနေကို ဘက်ပေါင်းစုံမှ အကဲခတ်နေတော့သည်။

ယခု သူဖော်စပ်မည့် ဆေးလုံးမှာ ဒဏ်ရာများကို ကုသရာတွင် အလွန်ထိရောက်သော ‘နတ်သက်ကြွေ ဆေးလုံးငယ်’ ပင် ဖြစ်သည်။

ယင်းဆေးလုံးသည် အတွင်းဒဏ်ရာနှင့် အပြင်ဒဏ်ရာ နှစ်မျိုးလုံးအတွက် အလွန်ပင် စွမ်းထက်လှပေသည်။

သွေးဂျင်ဆင်းနှင့် အခြားသော ဝိညာဉ်ဆေးမြက်ပင်များကို ချင်ယွမ်ဖုန်းက သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဆေးမီးဖိုအတွင်းသို့ တိုက်ရိုက် ဆွဲသွင်းလိုက်ပြီးနောက် သားရဲမီးလျှံကို အသုံးပြု၍ အနှစ်သာရများကို စတင် သန့်စင်လေတော့သည်။

ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်ခြင်း အတွေ့အကြုံ များစွာ ရှိခဲ့ပြီး ဖြစ်သဖြင့် အနှစ်သာရ ထုတ်ယူခြင်းမှာ အလွန်ပင် ချောမွေ့လှ၏။ ထို့ပြင် သူသည် ကျီးကန်းနှင့် တိုက်ခိုက်စဉ်ကပင် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်ရာ စတုတ္ထအဆင့် ဆေးလုံး ဖော်စပ်ရန်အတွက် စိတ်ပူပန်မှု တစ်စုံတစ်ရာ မရှိတော့ချေ။

မကြာမီပင် ဆေးမီးဖိုအတွင်း၌ ဆေးရည်စက်လေး ဆယ်ဂဏန်းခန့်မှာ မှိန်ပျပျ အလင်းတန်းလေးများ ထွက်ပေါ်လျက် လွင့်မျောနေတော့သည်။

ယီနန်သည် ချင်ယွမ်ဖုန်း၏ ဘေးတွင် ထိုင်နေပြီး ဆေးမီးဖိုအတွင်းမှ တောက်လောင်နေသော မီးလျှံများမှာ သူမ၏ မျက်နှာပေါ်သို့ အလင်းနှင့် အရိပ်ကို တစ်လှည့်စီ ကျရောက်စေသည်။

ဆေးအနှစ်သာရ ထုတ်ယူခြင်းမှာ အချိန်အလွန်အကျွံ မပေးလိုက်ရခြင်းက ယီနန်ကို ပို၍ပင် အံ့အားသင့်စေကာ သူမသည် ချင်ယွမ်ဖုန်း၏ မျက်နှာကို ငေးကြည့်ရင်း အတွေးထဲ နစ်မျောနေမိ၏။

အနှစ်သာရများ သန့်စင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ထိုအနှစ်သာရများကို ဖြည်းဖြည်းချင်း စုစည်းစေပြီး ပေါင်းစပ်ရန် ပြုလုပ်လိုက်သည်။

ထိုစဉ် ဆေးမီးဖိုအတွင်းမှ ရုတ်တရက် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာရာ ယီနန်မှာ လန့်ဖျပ်သွားရ၏။

သူမသည် ဆေးဖော်စပ်သူ မဟုတ်သော်လည်း ဆေးဖော်စပ်သည်ကို များစွာ မြင်ဖူးခဲ့သဖြင့် ထိုတုန်ခါမှုသည် ပေါင်းစပ်ခြင်း ကျရှုံးပြီး ဆေးမီးဖို ပေါက်ကွဲတော့မည့် လက္ခဏာဖြစ်ကြောင်း သိရှိနေသည်။

ယီနန်သည် ချင်ယွမ်ဖုန်းကို သတိပေးရန် ပြင်လိုက်သော်လည်း သူ၏ မျက်နှာမှာ တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ ထိုင်နေသည်ကို မြင်သောအခါ ပြန်လည် တိတ်ဆိတ်သွားမိသည်။

ဖြစ်နိုင်သည်မှာ... ဤလူသားသာဆိုလျှင် မဖြစ်နိုင်သောအရာကို လက်တွေ့ ဖြစ်လာအောင် ဖန်တီးနိုင်မည်လောဟု သူမ တွေးမိ၏။

ထိုသို့သော ယုံကြည်မှုမျိုးမှာ အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို သူမကိုယ်တိုင်ပင် မသိချေ။

ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို စုစည်းကာ ရင်ဘတ်အဆင့်ထိ မြှောက်လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တော့သည်။

“ဆေးလုံးအဖြစ် အတင်းအကျပ် စုစည်းစေ”

ချင်ယွမ်ဖုန်းက အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ရာ သူ၏ များပြားလှသော ဝိညာဉ်စွမ်းအားများသည် ဧရာမ လက်ဝါးကြီးနှစ်ခုကဲ့သို့ ဆေးအနှစ်သာရ အားလုံးကို ဖိသိပ် စုစည်းလိုက်လေတော့သည်။

ထိုဆေးအနှစ်သာရများသည် ရုန်းထွက်နိုင်ခြင်း သို့မဟုတ် ပေါက်ကွဲနိုင်ခြင်း မရှိတော့ဘဲ တစ်ခုနှင့်တစ်ခု ဖြည်းဖြည်းချင်း စိမ့်ဝင်ကာ ပေါင်းစပ်သွားကြတော့သည်။

အမွှေးတိုင် တစ်တိုင်စာ ခန့်အကြာတွင် ချင်ယွမ်ဖုန်းသည် သူ၏ လက်ကို ဝိညာဉ်စွမ်းအင်ပင်လယ် ပေါ်သို့ ပြန်လည် ချထားလိုက်၏။

ဆေးမီးဖိုအတွင်း၌ ဆေးလုံးတစ်လုံးမှာ ပုံသဏ္ဌာန် ပေါ်လာခဲ့ပြီဖြစ်ကာ နောက်ဆုံးအဆင့် အာဟာရဖြည့်တင်းခြင်းကို ခံယူနေပြီ ဖြစ်သည်။

ယီနန်မှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိ၏။

သူမအနေဖြင့် ချင်ယွမ်ဖုန်းအပေါ် ရှင်းပြ၍မရသော ယုံကြည်မှု ရှိနေသော်လည်း ပေါက်ကွဲတော့မည့် ဆေးလုံးများကို အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ အံ့ဩမှုကို မထိန်းနိုင်တော့ပေ။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် မီးလျှံကို ငြှိမ်းသတ်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ဆေးမီးဖိုအတွင်း၌ နီရဲသော ဆေးလုံးတစ်လုံးက ငြိမ်သက်စွာ ရှိနေကာ ချင်ယွမ်ဖုန်းက ထိုဆေးလုံးကို လက်ဖြင့် ကောက်ယူလိုက်၏။

အနီးကပ် ကြည့်လိုက်သောအခါ ထိုနတ်သက်ကြွေ ဆေးလုံးငယ်ပေါ်တွင် နတ်ဘုရား အမှတ်အသား တစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။

“ဒါက... နတ်ဘုရား အမှတ်အသားလား” ဟု ယီနန်က ထိတ်လန့်တကြား မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် ထိုဆေးလုံးကို ယီနန်၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ “ဒီဆေးလုံးကို မင်း သုံးလိုက်ပါ” ဟု ဆို၏။

ယီနန်သည် သူမလက်ထဲမှ ဆေးလုံးကို ကြည့်ရင်း ချင်ယွမ်ဖုန်းကို အံ့ဩတကြီး ငေးကြည့်ကာ “ဒါကို ငါ့ကို ပေးမယ်ဆိုတာ သေချာလား၊ နတ်ဘုရား အမှတ်အသားပါတဲ့ စတုတ္ထအဆင့် နတ်သက်ကြွေ ဆေးလုံးငယ် တစ်လုံးဟာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးထောင်လောက် တန်ဖိုးရှိတာနော်” ဟု ပြောလိုက်သည်

ချင်ယွမ်ဖုန်းက ယီနန်ကို ကြည့်ကာ “ရတာကို ယူထားလိုက်ပါ၊ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ မင်းရဲ့ ဒဏ်ရာတွေ မြန်မြန်သက်သာအောင် လုပ်ရမယ်” ဟု ဆို၏။

ချင်ယွမ်ဖုန်း၏ တည်ငြိမ်အေးဆေးသော မျက်နှာထားကို ကြည့်ရင်း ယီနန်၏ စိတ်မှာ အတော်ကြာအောင် တည်ငြိမ်မသွားနိုင်ဘဲ ရှိနေတော့သည်။

ချင်ယွမ်ဖုန်းသည် ယီနန်ကို ဂရုမစိုက်တော့ဘဲ နောက်ထပ် နတ်သက်ကြွေ ဆေးလုံးငယ် တစ်လုံးကိုသာ ဆက်လက် ဖော်စပ်နေလေသည်။

ယီနန်သည် သက်ပြင်းတစ်ချက်ချရင်း အတွေးထဲ နစ်မျောနေကာ ဘေးတစ်ဖက်သို့ သွား၍ နတ်သက်ကြွေ ဆေးလုံးငယ်ကို မျိုချလိုက်တော့သည်။

“ ယီနန်ထံမှ နောင်တရမှု အမှတ် +၁၀၀ ရရှိသည်”

ချင်ယွမ်ဖုန်းမှာမူ အတော်ပင် ဝေခွဲမရ ဖြစ်သွား၏။ ဤ ‘နောင်တ’ ဆိုသည်မှာ အဘယ်နည်း၊ ယီနန်က ဘာကို နောင်တရနေသနည်း။

သူသည် ယီနန်ကို မကြည့်ဘဲ မနေနိုင်ပေ။ သူမသည် သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း အလွန်ပင် လှပလွန်းလှသဖြင့် သူသည် မျက်မှောင်ကြုတ်ကာ ကြည့်နေမိမိသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ခေါင်းကို ခါယမ်းကာ သူ၏ စိတ်ထဲမှ မကောင်းသော အတွေးများကို နှိပ်ကွပ်လိုက်ပြီး ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်လိုက်တော့သည်။

ချင်ယွမ်ဖုန်း ခေါင်းပြန်လှည့်သွားသည်နှင့် တစ်ပြိုင်နက် ယီနန်မှာလည်း မျက်လုံးများကို ဖွင့်ကာ ချင်ယွမ်ဖုန်းကို အနည်းငယ် စိတ်ခုနေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ မျက်လုံးမှိတ်လိုက်သည်နှင့် သူမ၏ စိတ်ထဲ၌ ချင်ယွမ်ဖုန်း၏ ပုံရိပ်များသာ ပေါ်လာသောကြောင့် ဖြစ်သည်။

ယင်းက သူမကို စိတ်တည်ငြိမ်အောင် ထိန်းရန် ခက်ခဲစေသည်။

“ဒါက... ငါ သူ့ကို ချစ်မိသွားတာလား၊ ယီနန်... နင် ဘာတွေ တွေးနေတာလဲ၊ သူက အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့ ကောင်လေးပဲဟာကို” ဟု ယီနန်သည် မိမိကိုယ်ကို စိတ်ထဲမှ ကြိမ်းမောင်းရင်း စိတ်ကို အမြန်ဆုံး ပြန်လည် တည်ငြိမ်အောင် ထိန်းကာ နတ်သက်ကြွေ ဆေးလုံးငယ်၏ အာနိသင်ကို စုပ်ယူရန် ကြိုးစားလေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် နောက်ထပ် နတ်သက်ကြွေ ဆေးလုံးငယ် တစ်လုံးကို ထပ်မံ ဖော်စပ်နိုင်ခဲ့သည်။

ယင်းက ချင်ယွမ်ဖုန်းသည် စတုတ္ထအဆင့် ဆေးဖော်စပ်သူများ အဆင့်အတန်းသို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေချေသည်။

“ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဖြစ်လာဖို့ကလည်း သိပ်မခက်ပါဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

“အရှင်သခင်... စတုတ္ထအဆင့် ဆေးဖော်စပ်သူနဲ့ ပဉ္စမအဆင့် ဆေးဖော်စပ်သူရဲ့ ခြားနားချက်က စတုတ္ထအဆင့် သိုင်းပညာရှင်နဲ့ ပဉ္စမအဆင့် သိုင်းပညာရှင်တို့ရဲ့ ခြားနားချက်လိုပါပဲ၊ ပိုမို ကြီးမားပြီး လိုက်လျောညီထွေရှိတဲ့ ဝိညာဉ်စွမ်းအားတွေ လိုအပ်ပါတယ်၊ ဒါက တစ်ရက် နှစ်ရက်အတွင်းမှာ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ပါဘူး” ဟု ရှောင်လင်က ချင်ယွမ်ဖုန်း၏ စိတ်အားထက်သန်မှုကို ရေလောင်းဖြတ်လိုက်လေတော့သတည်း။

All Chapters