← Chapters

အခန်း ၁၃၇

Vol. 9 Ch. 137

အခန်း ၁၃၇

Vol. 9 Ch. 137

အခန်း (၁၃၇) ရှန်းဝူအကယ်ဒမီ

ဂူဝတွင် ကာရံထားသော သစ်ခက်သစ်နွယ်များ ဖယ်ရှားလိုက်သည်ကို မြင်သည်နှင့် ယီနန် တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကာ ချင်ယွမ်ဖုန်း ဝင်လာတော့မည်ကို သိလိုက်သဖြင့် အဝတ်အစားများကို အလျင်အမြန် ပြန်လည်ဝတ်ဆင်လိုက်လေသည်။

“အဝတ်အစား ဝတ်ပြီးပြီလား... ငါဝင်လာတော့မယ်နော်” ဟု ချင်ယွမ်ဖုန်းက အပြင်မှ လှမ်း၍ အော်ပြောလိုက်၏။

“ရ... ရပါပြီ...” ယီနန်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ထိုအခါမှ ချင်ယွမ်ဖုန်းသည် ပြုံးစိစိမျက်နှာပေးဖြင့် ဂူအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့ပြီး “စိတ်မရှိပါနဲ့... ငါလှမ်းခေါ်တာ နင်နိုးမလာလို့ တစ်ခုခုဖြစ်နေပြီလားလို့ စိတ်ပူသွားတာနဲ့ ဝင်လာမိတာပါ” ဟု ဆို၏။

ယီနန်ကမူ အားနာသလို မျက်နှာလေးဖြင့် ခေါင်းခါပြရင်း “ဘာမှ ထပ်မပြောပါနဲ့တော့...” ဟု တိုးညင်းစွာ ဆိုရှာသည်။

ချင်ယွမ်ဖုန်းက ပုခုံးတစ်ချက်တွန့်လိုက်ပြီးနောက် သူ၏သိုလှောင်အိတ် ထဲမှ နှင်းကြက်အချို့ကို ထုတ်ယူလိုက်သည်။

ရှန်းဝူစကြဝဠာ တိုက်ကြီး တစ်ခွင်တွင် ပေါများလှသော ဤသားရဲ များသည် အကောင်းဆုံးသော အာဟာရပင် ဖြစ်ချေသည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် နှင်းကြက်များကို ဂူသို့မပြန်မီကပင် သန့်စင်အောင် ပြုပြင်ခဲ့ပြီး ဖြစ်ရာ ထိုသို့ပြုလုပ်နေရခြင်းကြောင့်သာ အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့ခြင်း ဖြစ်ပေသည်။

၎င်းနောက် နှင်းကြက်နှစ်ကောင်ကို မီးဖိုပေါ်သို့ တင်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဆားမြက်ပင် အချို့ကို ညှစ်၍ အရသာ ပိုမိုကောင်းမွန်စေရန် နှင်းကြက်များပေါ်သို့ ဆမ်းလိုက်လေသည်။

“သြော်... ဒါနဲ့ ငါပြန်လာတဲ့လမ်းမှာ မွှေးရနံ့သားရဲရဲ့ အသိုက်ကို တွေ့တာနဲ့ အဲဒီထဲက မြက်ခြောက်အချို့ကို ခိုးယူလာခဲ့တယ်” ဟု ချင်ယွမ်ဖုန်းက ပြောဆိုရင်း သူ၏ သိုလှောင်အိတ်ထဲမှ မြက်ခြောက်ပုံကြီးကို ထုတ်လိုက်ပြန်သည်။

မွှေးရနံ့သားရဲဆိုသည်မှာ တစ်ကိုယ်လုံးမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေတတ်ပြီး ထိုရနံ့သည် လူကို အိပ်မောကျစေနိုင်သော အစွမ်းရှိပေရာ အနည်းငယ်မျှ ရှူရှိုက်မိရုံဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်သာ ဖြစ်၏။

ထိုမြက်ခြောက်များမှ ထွက်ပေါ်နေသော ထူးခြားသည့် ရနံ့များသည် လူသားတို့အား ပိုမိုနှစ်ခြိုက်စွာ အိပ်စက်နိုင်စေရန် အထောက်အကူပြုပေသည်။

ချင်ယွမ်ဖုန်းက မြက်ခြောက်ပုံကြီးအား ဂူ၏ နောက်ဘက်တစ်နေရာတွင် ဖြန့်ခင်းနေသည်ကို မြင်သောအခါ ယီနန်ပင်လျှင် ပြုံးမိသွားပြီး “နင်က အဲဒီသားရဲရဲ့ အသိုက်တစ်ခုလုံးကို ဒီသယ်လာတာလား” ဟု မေးလိုက်မိသည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ကုတ်ရင်း ရိုးသားဖြူစင်သော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်လေသည်။

နှစ်ဦးသား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြရာ နှင်းကြက်သားမှာ ရွှေအိုရောင်သန်းကာ ဆီများ တဖျတ်ဖျတ် ထွက်လာသောအခါတွင်မူ ချင်ယွမ်ဖုန်းသည် မအောင့်နိုင်တော့ဘဲ တစ်ကောင်ကို ယီနန်ထံသို့ ကမ်းပေးလိုက်တော့သည်။

သူတို့နှစ်ဦးစလုံးမှာ တစ်နေ့ကုန် အစာမရှိသဖြင့် ဆာလောင်မွတ်သိပ်နေကြသော်လည်း စိတ်သောက ရောက်နေခဲ့ကြသဖြင့် ထိုဆာလောင်မှုကို သတိမပြုမိခဲ့ကြခြင်း ဖြစ်ပေရာသည်။

ချင်ယွမ်ဖုန်းကမူ သူ၏ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ အားပါးတရ ကိုက်ဝါးစားသောက်နေသော်လည်း ယီနန်မှာမူ ကြက်သားကို လက်ဖြင့် အသာအယာ ဖဲ့ယူစားသောက်နေသည်မှာ ကြည့်ကောင်းလှသည့် မိန်းမပျိုလေးတစ်ဦးအလား သိက္ခာရှိလှပေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ အစာကို လျင်မြန်စွာ စားသောက်ပြီးနောက် နေရာထိုင်ခင်း ပြင်ဆင်ကာ မြက်ခြောက်များပေါ်တွင် ထိုင်၍ ကျင့်ကြံခြင်း ပြုလေတော့သည်။

ယီနန်သည်လည်း ကြက်ကင်ကို တစ်ဖဲ့ချင်း စားသောက်ပြီးမှသာ အားအင်အနည်းငယ် ပြန်လည်ရရှိလာခဲ့သည်။

သို့သော် ချိနဲ့နေသော သူမ၏ ခန္ဓာကိုယ်ကြောင့် အိပ်ငိုက်လာခဲ့ရာ ဘေးတွင် ကျင့်ကြံနေသော ချင်ယွမ်ဖုန်း၏ အသက်ရှူသံနှင့် မြက်ခြောက်များမှ ထွက်ပေါ်လာသော ရနံ့များအကြား အိပ်မောကျသွားခဲ့လေသည်။

သူမ၏ ခေါင်းလေးသည် ဘေးသို့ တဖြည်းဖြည်း တိမ်းစောင်းသွားကာ ချင်ယွမ်ဖုန်း၏ ပေါင်ပေါ်သို့ မှီတွယ်လျက် အိပ်ပျော်သွားခဲ့ပေရာသည်။

ဂူအပြင်ဘက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်သလို ဂူအတွင်းရှိ မီးပုံလေးမှာလည်း တဖြည်းဖြည်း ငြိမ်းသေသွားခဲ့လေပြီ။

သုံးရက်တိုင်တိုင် မိုးက မစဲခဲ့သော်လည်း ယီနန်၏ ဒဏ်ရာများမှာမူ အတော်အတန် သက်သာပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းမှာမူ ထိုသုံးရက်အတွင်း သူ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ခြင်းနှင့် ဆေးလုံး ဖော်စပ်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့ရာ သူ၏ ကြိုးစားအားထုတ်မှုကို ယီနန်ပင်လျှင် လေးစားမိသွားရသည်။

အကယ်၍ သူသာ အနည်းငယ်မျှ လျော့တိလျော့ရဲ နေလိုက်ပါက သေမင်း၏ လက်တွင်းသို့ ကျရောက်သွားနိုင်သည်ကို သိနေသဖြင့်သာ ချင်ယွမ်ဖုန်းတစ်ယောက် ဤမျှ ကြိုးစားနေရခြင်း ဖြစ်သည်ကိုမူ ယီနန် မသိရှိနိုင်ခဲ့ပေ။

“ယွမ်ဖုန်း... ငါ ဒီကနေ သွားရတော့မယ်၊ ငါ့ဒဏ်ရာတွေလည်း ပျောက်သလောက် ရှိနေပြီ” ဟု ယီနန်က တည်ငြိမ်စွာ ဆိုလာသည်။

ချင်ယွမ်ဖုန်းနှင့်အတူ ကုန်လွန်ခဲ့သော သုံးရက်တာအတွင်း သူမသည် ကောင်မလေးတစ်ယောက်ကဲ့သို့ သူ၏ ဂရုစိုက်ယုယမှုများကို ရရှိခဲ့သဖြင့် ရင်ထဲတွင် သံယောဇဉ်တရားတို့ ကိန်းအောင်းလာခဲ့သည်မှာ ငြင်းဆန်၍ မရပေ။

သို့သော် သူမနှင့် ချင်ယွမ်ဖုန်းအကြားတွင် မည်သည့်ပတ်သက်မှုမျှ ရှိမလာနိုင်သည်ကိုလည်း သူမ ကောင်းစွာ သိထားသည်။

သူမ၏ အဆင့်အတန်းမှာ ထူးခြားလှသလို သူမ၏ ရည်မှန်းချက်မှာလည်း သိုင်းပညာရှင် အဆင့်ထက် ကျော်လွန်သော ပညာရှင်တစ်ဦး ဖြစ်လာရန်သာ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ကောင်းပါပြီ... နင့်ဒဏ်ရာတွေကလည်း ပျောက်ကင်းလုနီးပါး ဖြစ်နေပါပြီ၊ ဒါပေမဲ့ နင့်ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို ပျောက်ကင်းစေမယ့် အရာတစ်ခု ငါ့ဆီမှာ ရှိပါသေးတယ်” ဟု ဆိုသည်။

“မလိုပါဘူး... ရုပ်ရည်သွင်ပြင်က ငါ့အတွက် အရေးမကြီးပါဘူး” ဟု ယီနန်က အေးဆေးစွာပင် တုံ့ပြန်ခဲ့၏။

ချင်ယွမ်ဖုန်းမှာ ဆွံ့အသွားရသည်။ သူသည် တစ်စုံတစ်ယောက် ပြောဖူးသော “ရည်မှန်းချက်ပန်းတိုင်ငယ် တစ်ခု ချမှတ်ပါ၊ အရင်ဆုံး သန်းတစ်ရာလောက် ရှာကြည့်ပါ” ဆိုသည့် စကားကို သတိရသွားမိ၏။

ယီနန်ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးက ရုပ်ရည်သည် အရေးမကြီးဟု ပြောခြင်းမှာ ထိုရည်မှန်းချက်ပန်းတိုင်ငယ် အကြောင်းနှင့် များစွာ ဆင်တူနေသည် မဟုတ်လော။

“ကောင်းပါပြီ... ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံဖြစ်ခဲ့ရင် အဲဒီအရာကို ငါပေးပါ့မယ်၊ ငါသိသလောက်တော့ အမာရွတ်တွေကို ပျောက်စေနိုင်တဲ့အရာက သိပ်ပြီး အတွေ့ရမများဘူးလေ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

ယီနန်ကမူ ဘာကို တွေးနေသည်မသိဘဲ တိတ်ဆိတ်နေလေသည်။

ခွဲခွာရတော့မည်ဖြစ်၍ ယီနန်တစ်ယောက် စိတ်မကောင်း ဖြစ်နေသည်ဟု ထင်မှတ်ကာ ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင် ကို ထုတ်ယူလိုက်၏။

ထိုမြက်ပင်မှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ယီနန်၏ အသက်ရှူသံများပင် မြန်ဆန်လာခဲ့ရသည်။

“ငါ... ဒါကို လိုအပ်နေတာ...” ယီနန်က တုန်ယင်စွာ ဆိုရှာသည် “ငါ့ရဲ့ တပည့်တစ်ယောက် ကျင့်စဉ်ဖောက်ပြန် သွားလို့ အသက်ကို ကယ်နိုင်ခဲ့ပေမဲ့ သူရဲ့ ကျင့်စဉ်အဆင့်တွေ အကုန်ဆုံးရှုံးသွားခဲ့ရတယ်၊ ဒီမြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်သာ ရှိရင် သူ ပြန်ကောင်းလာနိုင်မှာပါ”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် ထိုမြက်ပင်ကို နှစ်ပိုင်းပိုင်းကာ တစ်ပိုင်းကို ယီနန်ထံသို့ ပေးလိုက်သည်။

“နင့်တပည့် ဟုတ်လား... နင်က ဆရာ တစ်ယောက်လား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။

ယီနန်သည် ချင်ယွမ်ဖုန်းအား ကြည့်ကာ ခေါင်းညိတ်ပြလျက် “ငါက ရှန်းဝူအကယ်ဒမီ က ဆရာမ တစ်ယောက်ပါ၊ ဒီကို တပည့်သစ်တွေ စုဆောင်းဖို့ လာခဲ့တာ” ဟု ပြောပြသည်။

“ရှန်းဝူအကယ်ဒမီ အဲဒါက ဘာလဲ... ငါတစ်ခါမှ မကြားဖူးပါလား”

“နင် သန့်ရှင်းသော နယ်မြေ တွေအကြောင်း သိလား” ဟု ယီနန်က ပြန်မေး၏။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဒုန်ဖန်းရှန့်မင် က သူ့အား ထိုအကြောင်း ပြောပြဖူးသလို ချင်ဝူယန်း ကို ခေါ်ဆောင်သွားသော မြူနှင်းဂိုဏ်း မှာလည်း ထိုသန့်ရှင်းသော နယ်မြေများထဲမှ တစ်ခု ဖြစ်ပေသည်။

“ရှန်းဝူအကယ်ဒမီကလည်း သန့်ရှင်းသော နယ်မြေတွေထဲက တစ်ခုပဲ၊ သာမန်လူတွေအတွက်တော့ ဒါက လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေမှာပါ၊ ပြီးတော့ ငါတို့က တစ်နှစ်ကို တပည့် အနည်းငယ်ပဲ လက်ခံတယ်၊ ငါတို့က ပညာသင်ကြားပေးတာပဲ လုပ်ပြီး ဂိုဏ်းသားအဖြစ်တော့ သတ်မှတ်လေ့မရှိဘူး” ဟု ယီနန်က ရှင်းပြသည်။

“ဒါဆိုရင် ဘယ်ဂိုဏ်းကပဲ ဖြစ်ဖြစ် ရှန်းဝူအကယ်ဒမီကို ဝင်ခွင့်ရှိတာပေါ့ ဟုတ်လား”

“မှန်တယ်” ယီနန်က ခေါင်းညိတ်လျက် “ရှန်းဝူအကယ်ဒမီကို တက်ခွင့်ရတယ်ဆိုတာ ဘုရင်နယ်ပယ်ကို ရောက်ရှိနိုင်ဖို့ အရည်အချင်းရှိတယ်လို့ သတ်မှတ်လို့ရတယ်”

ချင်ယွမ်ဖုန်း တစ်ယောက် အံ့အားသင့်သွားရသည်။ ဤရှန်းဝူအကယ်ဒမီသည် အမှန်တကယ်ပင် အစွမ်းထက်လှပေရာသည်။

သိုင်းပညာရှင်တိုင်း၏ ရည်မှန်းချက်ဖြစ်သော ဘုရင်နယ်ပယ်သို့ ရောက်ရှိအောင် သင်ကြားပေးနိုင်သည် မဟုတ်လော။

ဤကဲ့သို့သော နေရာတွင် ဆရာမအဖြစ်

လုပ်ကိုင်နေသည့် ယီနန်သည်လည်း အမှန်တကယ်ပင် ထူးချွန်သူတစ်ဦး ဖြစ်ရပေမည်။

“ဒါနဲ့ ယွမ်ဖုန်း... နင်ကကော ဒီမြက်ပင်ကို ဘာအတွက် သုံးမှာလဲ၊ ကျင့်စဉ်အတွက်လား” ဟု ယီနန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ငါ့အသက်ကို ကယ်ဖို့ပါ” ဟု ဆို၏။

“ကယ်ဖို့ နင် ဒဏ်ရာရနေလို့လား၊ ဒါမှမဟုတ် နင့်မိသားစုဝင်တွေအတွက်လား”

ချင်ယွမ်ဖုန်းက ပုခုံးတွန့်ပြရင်း “ငါ့မှာ မိသားစုဆိုလို့ အမေပဲ ရှိတာ၊ သူကလည်း ဆုံးရှာပြီ... ငါ ကယ်တင်ရမှာက ငါ့အသက်ကိုယ်တိုင်ပဲ”

“စိတ်မကောင်းပါဘူး... နင့်အမေအကြောင်း ငါမသိလို့ပါ” ဟု ယီနန်က အလျင်အမြန် တောင်းပန်သော်လည်း ချင်ယွမ်ဖုန်းကမူ ပြုံးလျက်သာ ခေါင်းခါပြလိုက်သည်။

“နင့်အသက်ကို ကယ်ဖို့ဆိုတာ ဘာဖြစ်လို့လဲ” ယီနန်က စိုးရိမ်တကြီး မေးမြန်းရှာသည်။

“ဘာမှမဟုတ်ပါဘူး... မပြောတာက ပိုကောင်းပါတယ်၊ ငါလည်း ဒီဘေးကနေ လွတ်မြောက်နိုင်ပါ့မလား မသေချာဘူးလေ” ဟု ချင်ယွမ်ဖုန်းက ဆို၏။

သူသည် ကောင်းကင်ဘုံသုဉ်း ‘ ဂူ ’ အကြောင်းကို ယီနန်အား မပြောလိုပေ၊ အကယ်၍ ပြောပြမိပါက ယီနန်သည် သူ့အပေါ် သနားစိတ်ဖြင့်သာ ကောင်းမွန်နေခြင်း ဖြစ်သည်ဟု သူ ခံစားရမည် စိုးသောကြောင့် ဖြစ်ပေရာသတည်း။

All Chapters