← Chapters

အခန်း ၁၄၂

Vol. 9 Ch. 142

အခန်း ၁၄၂

Vol. 9 Ch. 142

အခန်း (၁၄၂) ။ သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံး

ထိုအခိုက်အတန့်ဝယ် ကျန့်ယီယွမ် မှာ သူ၏ စိတ်ကူးကို ပြောင်းလဲရန် မဝံ့ရဲတော့ချေ။ အကယ်၍သာ သူ နှုတ်ဆိတ်သွားပါက ယွမ်ထျန်းကန် သည် လူအများရှေ့မှောက်၌ပင် သူ့အား ရိုက်သတ်မည်မှာ အမှန်ပင် ဖြစ်တော့သည်။

သို့ဖြစ်ရာ သူသည် အဆုံးတိုင် ငြင်းကွယ်ရန်သာ ဆုံးဖြတ်လိုက်လေတော့၏။

“ဖုန်း” ဟူသော အသံနှင့်အတူ ကျန့်ယီယွမ်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရှာသည်။

“အကြီးအကဲ... ကျွန်တော်ပြောသမျှ စကားတိုင်းက အမှန်တွေချည်းပါပဲ။ ဒါပေမဲ့ ဒီကောင်ကတော့ အကြီးအကဲ ဝမ်မင်ကျိကို သူကိုယ်တိုင် သတ်ခဲ့တာလို့ တတွတ်တွတ် ပြောနေတာ။ သူ တစ်ခုခုတော့ မရိုးမသား လုပ်ထားတာ ဖြစ်မှာပါ”

ထိုစဉ်မှာပင် ဖန်ကုနှင့် သူ၏ တပည့်များလည်း အပြေးအလွှား ရောက်ရှိလာကြသည်။ အကယ်၍ ဤကိစ္စသာ ပေါ်ပေါက်သွားပါက သူတို့အားလုံးပါ ပတ်သက်ဆက်နွှယ်ကုန်မည် ဖြစ်ရာ သူတို့အားလုံး မြေပြင်ပေါ်တွင် ဝပ်စင်းဒူးထောက်လိုက်ကြလေသည်။

“အကြီးအကဲ... ကျွန်တော်တို့ ဒါတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့တာပါ။ အကြီးအကဲ ကျန့် ပြောတာတွေ အားလုံး မှန်ကန်ပါတယ်”

“ဟုတ်ပါတယ်... အကြီးအကဲ ဝမ်မင်ကျိ သေဆုံးရတာဟာ ဒီဝေယျာဝစ္စတပည့်နဲ့ မကင်းနိုင်ပါဘူး”

သူတို့၏ အမြင်တွင် ချင်ယွမ်ဖုန် သည် သာမန် ဝေယျာဝစ္စတပည့် တစ်ဦးမျှသာ ဖြစ်ချေသည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်ငြားလည်း မည်သည့်ဂိုဏ်းတွင်မဆို ဝေယျာဝစ္စတပည့်များမှာ လူရာမသွင်းခံရဆုံးသူများ ဖြစ်သည်ကို သူတို့ ကောင်းစွာ သိထားကြ၏။

ဆေးနတ်ဘုရားဂိုဏ်းအနေဖြင့် ဤဝေယျာဝစ္စတပည့်ကို အမြန်ဆုံး စွန့်ပစ်လိုက်ရန်နှင့် ထိုသို့ဖြင့် သူတို့ပါ ဘေးလွတ်ရန်သာ ဆုတောင်းနေကြလေတော့သည်။

“ဟေ့ကောင်... ကြားလား။ မင်းလို မိမဲ့ ဖမဲ့ကောင်က မင်းလုပ်ခဲ့တာတွေကို ငြင်းရဲသေးတယ်ပေါ့လေ” ဟု ယွမ်ထျန်းကန်က အေးစက်စွာ အော်ဟစ်လိုက်သည်။

ချင်ယွမ်ဖုန်းမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်နေမိ၏။ “ခင်ဗျား... ကျွန်တော့်အမေကို စော်ကားခွင့်မရှိဘူး”

“မင်းရဲ့ ရုပ်ရည်ကို ကြည့်ရုံနဲ့ မင်းအမေကလည်း ဘယ်လောက် ကောင်းမလဲဆိုတာ ငါသိတာပေါ့။ သူကလည်း ဘယ်ကမှန်းမသိတဲ့ ယောက်ျားတစ်ယောက်နဲ့ ရတဲ့အကောင်ကို မွေးထားတာ နေမှာပါ” ဟု ကျန့်ယီယွမ်က ထိုအခိုက်တွင် ဝင်ပြောလေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ မိခင်ကို စော်ကားခံရသည့်အခါ အထူးတလည် တုန်လှုပ်ချောက်ချားသွားသည်ကို သူတို့ သတိပြုမိသွားကြသည်။

ဒေါသထွက်နေသော သူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့တတ်သည်ကို သိထားကြသဖြင့် ကျန့်ယီယွမ်သည် ချင်ယွမ်ဖုန်းအား တမင်တကာ ရန်စလိုက်ခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းအတွက် သူ၏ မိခင်မှာ အထိမခံသော နေရာတစ်ခု ဖြစ်ပြီး မည်သူမဆို ထိုနေရာကို ထိပါက သေလူဟုသာ မှတ်ရပေမည်။

“မင်းတို့အားလုံး သေရမယ်”

ချင်ယွမ်ဖုန်းသည် ရုတ်တရက် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ရာ သူ၏ အရှိန်အဝါ သည် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး ရင်ပြင်မြေပြင်ကိုပင် ချက်ချင်း အက်ကြောင်းထင်သွားစေတော့သည်။

သို့သော် ထိုခဏ၌ ချင်ယွမ်ဖုန်းသည် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ ယင်းက ဒုန်ဖန်းရှန့်မင်ပင် ဖြစ်ပြီး သူသည် ရှေ့သို့ တက်လှမ်းလာကာ ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်တားဆီးလိုက်သည်။

“စိတ်မလိုက်နဲ့... မဟုတ်ရင် မင်း ဒေါသအောက်မှာ ရှုံးနိမ့်သွားလိမ့်မယ်။ အမှန်တရား ပေါ်ပေါက်လာတဲ့အခါ ယွမ်ထျန်းကို ငါကိုယ်တိုင် တားဆီးပေးမယ်” ဟု ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ဓားကို ဖြည်းညှင်းစွာ

ပြန်ချလိုက်သော်လည်း ကျန့်ယီယွမ်အား စူးစိုက်ကြည့်ကာ “ဒီခွေးအိုကြီး ယွမ်ထျန်းကိုလည်း သတ်ပစ်ရမယ်” ဟု ကြိမ်းဝါးလိုက်သည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ပြလျက် “သူ့ကို ရင်ဆိုင်နိုင်လောက်တဲ့အထိ မင်း သန်မာလာအောင် အရင် စောင့်ရလိမ့်မယ်” ဟု ဆိုသည်။

“ဟား... မင်းလိုအကောင်က ငါ့ကို လက်ဖျားနဲ့ ထိချင်တာလား။ ဒါဆိုလည်း လာခဲ့လေ... မင်းကို ငါ့လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပေးမယ်” ဟု ယွမ်ထျန်းကန်က ဒေါသတကြီး တုံ့ပြန်လေသည်။

“အခု... အတည်ပြုရမယ့် အချက်အချို့ ရှိနေတယ်” ဟု ဒုန်ဖန်းရှန့်မင်က ယွမ်ထျန်းကန်၏ စကားကို လျစ်လျူရှုကာ အသံကို မြှင့်ပြောလိုက်သည်။ “ပထမဆုံးအနေနဲ့... ချင်ယွမ်ဖုန်းက မင်းတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက တပည့်တွေကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ ပြောတယ်... ဟုတ်လား”

“ဟုတ်ပးတယ်... ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ” ဟု ဖန်ကုက ရှေ့သို့ တိုးထွက်ကာ ပြောသည်။

ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းဘက်သို့ လှည့်ကြည့်ကာ “မင်း ဒါကို ဘယ်လို ရှင်းပြမလဲ” ဟု မေးမြန်းလိုက်၏။

“ကျွန်တော့်မှာ သက်သေရှိပါတယ်။ သူတို့က အရင်ဆုံး လမ်းခွန်တောင်းခဲ့ကြတာပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

“အဲဒီသက်သေက အခု ဘယ်မှာလဲ”

ချင်ယွမ်ဖုန်းသည် သွားကို တင်းတင်းကြိတ်လျက် “သူ့နာမည်က ယီနန်ပါ။ အမျိုးသမီး တစ်ယောက်ပါ။ ကျွန်တော့်အပြင် သူကလည်း အဲဒီနေ့က ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက တပည့်တွေကို သင်ခန်းစာ ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ အခု ဘယ်ရောက်နေလဲဆိုတာ ကျွန်တော် မသိပါဘူး”

“ဟားဟား... မင်းက သက်သေအဖြစ် တစ်စုံတစ်ယောက်ကို လုပ်ကြံဖန်တီးနိုင်မယ်လို့ ထင်နေတာလား” ဟု ယွမ်ထျန်းကန်က အေးစက်စွာ ဆိုသည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းခါယမ်းလိုက်ပြီး “ကောင်းပြီ... နောက်တစ်ချက်က ချင်ယွမ်ဖုန်းက ဝမ်မင်ကျိကို သတ်ခဲ့တယ်ဆိုတာပဲ။ ဒါနဲ့ပတ်သက်လို့ မင်းတို့မှာ အထောက်အထား ရှိလား”

“ဒီကောင်လေးကိုယ်တိုင် ပြောခဲ့တာပါ” ဟု ကျန့်ယီယွမ်က ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးပြလျက် အော်ပြောလေသည်။

“ဒီတပည့်တွေ အားလုံးလည်း ကြားခဲ့ကြပါတယ်”

“ဟုတ်ပါတယ်... သူ အဲဒီအတိုင်း ပြောခဲ့တာပါ” ဟု ဖန်ကုကလည်း ထောက်ခံလေသည်။

ချင်ယွမ်ဖုန်း၏ လက်သီးများမှာ အက်ကွဲသံထွက်လာသည်အထိ တင်းတင်းဆုပ်ထားမိတော့သည်။ ထိုစဉ်က အနီးအနားတွင် အခြားသူ မရှိခဲ့သဖြင့် သူ ထိုသို့ ပြောခဲ့ခြင်း ရှိ၊ မရှိကို သက်သေပြရန် မဖြစ်နိုင်သော်လည်း သူကိုယ်တိုင် ကျူးလွန်ခဲ့သည်မှာမူ အမှန်ပင် ဖြစ်ပေရာသည်။

“ကောင်းပြီ... မင်းတို့ သဘောတူညီချက် မရနိုင်ကြဘူးဆိုတော့... ငါ့မှာ ဘယ်သူက အမှန်ပြောပြီး ဘယ်သူက လိမ်နေတယ်ဆိုတာကို စမ်းသပ်နိုင်တဲ့ မှော်လက်နက် တစ်ခု ရှိတယ်” ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ဆိုလိုက်သည်။

ယွမ်ထျန်းကန်က မျက်မှောင်ကြုတ်လျက် “ဂိုဏ်းချုပ် ဒုန်ဖန်းအနေနဲ့ သူ့တပည့်ကို ကာကွယ်ဖို့အတွက် မှော်လက်နက်ရဲ့ စွမ်းအားကို အသုံးပြုဖို့ ကြံရွယ်နေတာလား”

“‘သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံး’ အကြောင်းကို ခင်ဗျား ကြားဖူးသလား” ဟု ဒုန်ဖန်းရှန့်မင်က မေးလိုက်သည်။

ယွမ်ထျန်းကန်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွား၏။ “ဒါပေါ့... ကြားဖူးတာပေါ့။ လူတစ်ယောက်ရဲ့ အတွေးအာရုံကို စူးစမ်းနိုင်တဲ့ ကောင်းကင်နဲ့ မြေကမ္ဘာက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဆန်းကြယ်လှတဲ့ ပစ္စည်းပဲ”

“ငါ့ဆီမှာ အဲဒါ တစ်ခု ရှိနေတယ်။ အကယ်၍ အကြီးအကဲ ယွမ်က မယုံကြည်ဘူးဆိုရင် ခင်ဗျားကိုယ်တိုင် လာစမ်းသပ်ကြည့်နိုင်တယ်” ဟု ဒုန်ဖန်းရှန့်မင်က ဆိုလျက် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လင်းလက်သော ပုလဲရတနာကဲ့သို့ စင်ကြယ်သော ကျောက်တုံးတစ်တုံးသည် သူ၏ လက်ထဲ၌ ပေါ်ပေါက်လာလေသည်။

“ဒါက တကယ်ပဲ သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးလား” ဟု ယွမ်ထျန်းကန်က သံသယဖြင့် မေးသည်။

ဤကျောက်တုံးမှာ အလွန်တရာ ရှားပါးလှပြီး မည်သည့်မှတ်တမ်းတွင်မျှ မရှိခဲ့ဖူးချေ။

ယွမ်ထျန်းကန်က သံသယဝင်နေခြင်းမှာလည်း သဘာဝပင် ဖြစ်ပေသည်။

“ငါ ပြောပြီးသားပဲ... ခင်ဗျား လာစမ်းကြည့်နိုင်ပါတယ်” ဒုန်ဖန်းရှန့်မင်က လက်ဝှေ့ယမ်းလိုက်ရာ အကြီးအကဲ တစ်ဦးက ခန်းမဆောင်ထဲမှ စားပွဲတစ်လုံးကို သယ်ဆောင်လာပြီး ကျောက်တုံးကို တင်ထားလိုက်သည်။

ယွမ်ထျန်းကန်သည် ရှေ့သို့ တက်လှမ်းလာပြီး သူ၏ လက်ဝါးကို ကျောက်တုံးပေါ်တွင် တင်ကာ မျက်လုံးများကို မှိတ်လိုက်လေသည်။

ခဏအကြာတွင် ကျောက်တုံးအတွင်းမှ အားနည်းသော လျှပ်စစ်စီးကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ ယွမ်ထျန်းကန်မှာ သူ၏ လက်ကို အမြန်ပင် ပြန်လည် ရုပ်သိမ်းလိုက်ရတော့သည်။

သူသည် မှိုင်ညှို့သော မျက်နှာပေးဖြင့် ပြန်လည် လျှောက်လှမ်းလာပြီးနောက် “မှန်တယ်... ဒါဟာ သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးပဲ” ဟု ခေါင်းညိတ် ဝန်ခံလိုက်ရလေသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန့်ယီယွမ်နှင့် ဖန်ကုတို့၏ မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။ ဒုန်ဖန်းရှန့်မင်၏ လက်ထဲတွင် ဤကဲ့သို့သော အရာမျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

“အခုတော့ ဒါဟာ သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးဆိုတာ အတည်ပြုပြီးပြီဆိုတော့... ဒီအကြီးအကဲကို ရှေ့တက်ခိုင်းပြီး သူ လိမ်နေလားဆိုတာကို ကြည့်ကြတာပေါ့” ဟု ဒုန်ဖန်းရှန့်မင်က ကျန့်ယီယွမ်ကို စူးစိုက်ကြည့်ကာ ဆိုလိုက်သည်။

ကျန့်ယီယွမ်မှာ ထိုအရာအားလုံးကို ထိုးဖောက်မြင်နိုင်သော အကြည့်အောက်တွင် အပြစ်ရှိသလို ခံစားလာရပြီး သူ၏ နဖူးပြင်ဝယ် ချွေးစေးများ ပျံလာလေတော့သည်။

“ရှောင်လင် .. သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးရဲ့ စမ်းသပ်မှုကို ငါ ရှောင်လွှဲနိုင်မယ့် နည်းလမ်း ရှိလား” ဟု ချင်ယွမ်ဖုန်းက သူ၏ စိတ်ထဲမှ စိုးရိမ်တကြီး အော်ဟစ်မေးမြန်းလိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ခိုင်မာစွာ ခေါင်းညိတ်လျက် “ရှိပါတယ်... အရှင်သခင်” ဟု ဖြေကြားသည်။

“ကောင်းပြီ” ချင်ယွမ်ဖုန်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိ၏။

“အခုတော့ အဲဒီခွေးအိုကြီးတွေကို ထိုက်တန်တဲ့ အဖိုးအခ ပြန်ပေးရတော့မယ်”

“ဒါပေမဲ့ အရှင်သခင်... ဒါက အလကားတော့ မဟုတ်ပါဘူး။ ပေးဆပ်ရမယ့် အဖိုးအခ ရှိပါတယ်” ဟု ရှောင်လင်က ဆိုသည်။

“အဖိုးအခ ဟုတ်လား” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ဘာလဲ” ဟု မေးလိုက်၏။

“သက်တမ်း တစ်နှစ်ပါ” ဟု ရှောင်လင်က ပြောလေသည်။

“ဒီစနစ် ကတော့ ရက်စက်လွန်းလှချေလား။ သက်တမ်းနဲ့တောင် လဲလှယ်ရတယ်လို့” ဟု ချင်ယွမ်ဖုန်းက မကျေမနပ် တွေးတောနေမိသည်။

“မင်းကို ငါ တိုင်တန်းရမယ်”

“ဒီစနစ်မှာ တိုင်တန်းတဲ့ နေရာ မရှိပါဘူး အရှင်သခင်” ဟု ရှောင်လင်က သက်ပြင်းချလျက် ဆိုသည်။ “ပြီးတော့ အရှင်သခင့်ဆီမှာ လဲလှယ်ဖို့ တခြား ဘာမှလည်း မကျန်တော့ဘူးလေ”

“ဒါလည်း ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ သက်တမ်း နှစ်ပေါင်း နှစ်ရာလောက် ရှိနေတာပဲဆိုတော့ သက်တမ်း တစ်နှစ်လောက်ကတော့ အရေးမကြီးပါဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

“လဲလိုက်ကြတာပေါ့”

သိုင်းပညာရှင် တစ်ဦး၏ သက်တမ်းမှာ သူတို့၏ ကျင့်စဉ်အဆင့် မြင့်မားလာမှုနှင့်အတူ တိုးပွားလာတတ်ပေသည်။ သာမန်လူသားတစ်ဦး၏ သက်တမ်းမှာ ရှစ်ဆယ်ဝန်းကျင်မျှသာ ရှိသော်လည်း သိုင်းပညာရှင် နယ်ပယ်သို့ ရောက်ရှိသွားပါက သက်တမ်းမှာ တစ်ရာအထိ တိုးပွားလာနိုင်ပေသည်။

All Chapters