အခန်း ၁၄၃
Vol. 9 Ch. 143
အခန်း (၁၄၃) အရှက်တကွဲ ဖြစ်ရခြင်း
မဟာဆရာ နယ်ပယ်သို့ တက်လှမ်းနိုင်သူတစ်ဦးသည် အသက်သက်တမ်း ၁၅၀ အထိ ရှည်ကြာနိုင်ပေသည်။
ယင်းထက်ကျော်လွန်၍ မဟာဆရာအဆင့် ၅ ကို ဖြတ်ကျော်နိုင်ပါက သက်တမ်း ၅၀ မျှ ထပ်မံတိုးပွားလာဦးမည် ဖြစ်ချေသည်။
သိုင်းပါရဂူရှင် နယ်ပယ်သို့ ရောက်ရှိပါကမူ သက်တမ်းမှာ အဆမတန် မြင့်မားသွားပြီး နှစ်ပေါင်းလေးရာအထိ နေထိုင်နိုင်မည် ဖြစ်ရာ ဘုရင်နယ်ပယ် သို့ ဝင်ရောက်နိုင်လျှင်မူ အနှစ်တစ်ထောင်တိုင် သက်တမ်းရှည်နိုင်ပေသည်။
ထိုသို့သော အကြောင်းရင်းများကြောင့်ပင် သိုင်းပညာရှင အများစုသည် မိမိတို့၏ ကျင့်စဉ်အဆင့် တက်လှမ်းနိုင်ခြင်း မရှိသည့်အခါတိုင်း လွန်စွာ စိုးရိမ်ပူပန်ခြင်း ဖြစ်ကြရပေရာသတည်း။
“"ဟုတ်ကဲ့ပါ သခင်... အခုတစ်ခေါက်တော့ လိမ်ပြောပြော၊ အမှန်ပြောပြော ဒီသစ္စာတရားမေးတဲ့ ကျောက်တုံးက ဘာတုံ့ပြန်မှုမှ ပြမှာမဟုတ်တော့ဘူးနော်
” ဟု ရှောင်လင် က ပါးနပ်သော ကုန်သည်တစ်ဦးနှယ် ပြုံးရွှင်လျက် ဆိုလေသည်။
ချင်ယွမ်ဖုန်း မှာမူ မည်သည့် ခံစားချက်မျှ မရှိသော်လည်း ရှောင်လင်ကမူ သူ၏သက်တမ်းထဲမှ တစ်နှစ်ကို နှုတ်ယူသွားခဲ့ပြီ ဖြစ်ချေသည်။
“ကောင်းပြီ... ကျန့်ယီယွမ်၊ မင်းသွားပေတော့” ဟု ယွမ်ထျန်းကန် က အေးစက်စွာ အမိန့်ပေးလိုက်၏။ ကျန့်ယီယွမ်မှာ ရွေးချယ်စရာ မရှိတော့သဖြင့် ခေါင်းငြိမ့်ကာ စိတ်ကို တင်းထားလျက် သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံးအနီးသို့ ချဉ်းကပ်ကာ ယွမ်ထျန်းကန် ပြုမူခဲ့သည့်အတိုင်း လက်ကို တင်လိုက်ရလေသည်။
“ကျန့်ယီယွမ်... ငါမေးမယ်၊ ချင်ယွမ်ဖုန်းက မင်းတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း က တပည့်တွေကို အကြောင်းမဲ့ သက်သက် ရိုက်နှက်ခဲ့တာလား” ဟု ဒုန်ဖန်းရှန့်မင်က ခက်ထန်စွာ မေးမြန်းလိုက်၏။
“ဟုတ်... ဟုတ်ပါတယ်” ဟု ကျန့်ယီယွမ်က မိမိကိုယ်မိမိ ယုံကြည်မှု ကင်းမဲ့နေဟန်ဖြင့် ဖြေကြားလိုက်သည်။
ယင်းသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံးထံမှ အားနည်းသော လျှပ်စီးလှိုင်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာရာ ကျန့်ယီယွမ်မှာ လန့်ဖျန့်ကာ လက်ကို အမြန် ပြန်လည် ရုပ်သိမ်းလိုက်ရချေသည်။
၎င်းကို မြင်တွေ့ရသော ဆေးနတ်ဘုရားဂိုဏ်း မှ အကြီးအကဲ အချို့မှာ ရယ်မောကြလေတော့၏။ ဤသည်မှာ ကျန့်ယီယွမ် ကိုယ်တိုင် ရှာခဲ့သော အမှုသာ ဖြစ်ပေ၏။
“တောက်... အသုံးမကျတဲ့ကောင်” ယွမ်ထျန်းကန်မှာ ဤမြင်ကွင်းကို ကြည့်ကာ လွန်စွာ ဒေါသထွက်သွားပြီး ကျန့်ယီယွမ်ကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားတော့သည်။
သူသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ခန့်ညားထည်ဝါစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ အမှားအယွင်း ဖြစ်ရပါက သူတစ်ပါး၏ လှောင်ပြောင်စရာ ဖြစ်လာရုံမက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ ဂုဏ်သိက္ခာမှာလည်း ထိုးဆင်းသွားပေလိမ့်မည်။
ယွမ်ထျန်းကန်မှာ နောင်တများဖြင့် ပြည့်နှက်နေ၏။ ဤသို့ မလာရောက်မီက ကြိုတင် စုံစမ်းသင့်ခဲ့သည်။
ဝမ်မင်ကျိ သည် ဆေးနတ်ဘုရားဂိုဏ်းမှ ဝေယျာဝစ္စတပည့် တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ကြားသိရသောအခါ ဒေါသမျက်စိ ဖုံးသွားခဲ့ပြီး ချင်ယွမ်ဖုန်း၏ အကြောင်းကို အပေါ်ယံမျှသာ စုံစမ်းခဲ့မိခြင်း ဖြစ်သည်။
သူ သိထားသည်မှာ ချင်ယွမ်ဖုန်းသည် စမ်းသပ်စဉ်က ပါရမီ မရှိဘဲ ဒုက္ခိတဖြစ်သွားသူ တစ်ဦးဟူ၍သာ ဖြစ်ချေသည်။
“လက်ကို အပေါ် ပြန်တင်စမ်း” ဟု ဒုန်ဖန်းရှန့်မင်က ဆိုလိုက်၏။ ကျန့်ယီယွမ်မှာ လှည့်ကြည့်လိုက်ရာ ယွမ်ထျန်းကန်၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် လွန်စွာ ထိတ်လန့်သွားပြီး လက်ကို အတင်း ဝှေ့ယမ်းကာ ငြင်းဆန်နေတော့သည်။
“ငါ့ဘာသာ ငါ မင်းလက်ကို အတင်းဆွဲတင်ပေးရမှာလား” ဟု ဒုန်ဖန်းရှန့်မင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
သူတို့၏ ဆေးနတ်ဘုရားဂိုဏ်းသည် လောကီရေးရာများကို ရှောင်ခွာကာ အေးချမ်းစွာ နေထိုင်လေ့ရှိသဖြင့် အခြားဂိုဏ်းများ၏ အမြင်တွင် အေးအေးဆေးဆေး နေတတ်သည့် ဂိုဏ်းကြီးတစ်ခုအဖြစ် မြင်ကြသော်လည်း တစ်စုံတစ်ဦးက လာရောက် စော်ကားလာပါကမူ ဒုန်ဖန်းရှန့်မင်မှာလည်း ဒေါသရှိတတ်သူ ဖြစ်ပေသည်။
ထိုစကားကို ကြားသောအခါ ကျန့်ယီယွမ်သည် လွန်စွာ ကြောက်လန့်သွားပြီး သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံးပေါ်သို့ လက်ကို အမြန် ပြန်လည် တင်လိုက်ရလေသည်။
“ချင်ယွမ်ဖုန်းက အကြီးအကဲ ဝမ်မင်ကျိကို သူသတ်ခဲ့တာပါလို့ ပြောတယ်ဆိုတာ အမှန်ပဲလား” ဟု ဒုန်ဖန်းရှန့်မင်က ဆက်လက် မေးမြန်းပြန်သည်။
“ဟုတ်... ဟုတ်ကဲ့ပါ” ဟု ကျန့်ယီယွမ်က တိုးညှင်းစွာ ဖြေလိုက်၏။
သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံးထံမှ လျှပ်စီးလှိုင်းများ ထပ်မံ ထွက်ပေါ်လာပြန်ရာ ကျန့်ယီယွမ်မှာ ယခုတစ်ကြိမ်တွင်မူ လက်ကို မရုပ်သိမ်းဘဲ နာကျင်မှုကို အောင့်ခံလျက် မည်သို့မျှ မဖြစ်သယောင် ဟန်ဆောင်နေပေသည်။
သို့သော်လည်း ပတ်ဝန်းကျင်မှာ မှောင်ရီပျိုးစ ဖြစ်နေသဖြင့် ကျောက်တုံးပေါ်မှ လျှပ်စစ်စွမ်းအင် အလင်းတန်းများကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့နေရချေပြီ။
“မင်းတို့ ရှေးဟောင်းတောအုပ် ရဲ့ အပြင်ဘက်မှာ ဆက်ကြေး ကောက်နေကြတာလား”
“မဟုတ်... မဟုတ်ပါဘူး”
လျှပ်စီးလှိုင်းများ ထပ်မံ ပေါက်ကွဲထွက်လာပြန်၏။
“မင်း ချင်ယွမ်ဖုန်းကို ကလဲ့စား ချေနေတာလား”
“မဟုတ်... မဟုတ်...”
လျှပ်စီးလှိုင်းများ တဖွဲဖွဲ ထွက်ပေါ်လာပြန်ရာ ကျန့်ယီယွမ်မှာ ငိုချင်စိတ် ပေါက်သွားတော့သည်။
အခြေအနေများမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့မိဘဲ ယခုမူ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားရချေပြီ။ သူသည် ယွမ်ထျန်းကန်၏ ရှေ့တွင် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
“အကြီးအကဲ... ကျွန်တော် တကယ် မှားသွားပါတယ်၊ ကျွန်တော် အရမ်း မှားသွားပါတယ်...”
သို့သော်လည်း ဒုန်ဖန်းရှန့်မင်မှာ ရပ်တန့်ခြင်း မရှိပေ။
သူသည် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ ယနေ့ လုပ်ရပ်ကို လူအများ၏ လှောင်ပြောင်စရာ ဖြစ်အောင် လုပ်ဆောင်ရန် အတိအလင်း ရည်ရွယ်ထားပုံ ရပေသည်။
“မင်း...” ဒုန်ဖန်းရှန့်မင်က ဖန်ကု ကို လက်ညှိုးညွှန်လျက် “ဒီကိုလာပြီး သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးပေါ် လက်တင်စမ်း” ဟု ခေါ်လိုက်၏။
“မလာဘူး... ကျွန်တော် မလာဘူး...” ဖန်ကုမှာ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေသော်လည်း ယွမ်ထျန်းကန်က သူ့ကို လှမ်းဖမ်းကာ ကျောက်တုံးရှေ့သို့ လွှင့်ပစ်လိုက်လေသည်။
ယွမ်ထျန်းကန်နှင့် ဒုန်ဖန်းရှန့်မင်တို့၏ မျက်နှာပေါ်မှ ဒေါသရိပ်များကို မြင်သောအခါ ဖန်ကုမှာ နောက်ဆုံး၌ ကျောက်တုံးပေါ်သို့ လက်တင်လိုက်ရတော့၏။
“မင်းတို့ကို ဆက်ကြေးကောက်ဖို့ ခိုင်းတာ ကျန့်ယီယွမ်လား” ဟု ဒုန်ဖန်းရှန့်မင်က အေးစက်စွာ မေးမြန်းလိုက်သည်။
“မဟုတ်ပါဘူး” ဟု ဖန်ကုက ဆို၏။
ဤတစ်ကြိမ်တွင်မူ သစ္စာတရားကို မေးမြန်းသည့် ကျောက်တုံးထံမှ လျှပ်စီးလှိုင်းများ ထွက်ပေါ်မလာသဖြင့် ဖန်ကု ပြောသည်မှာ အမှန်ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဒါဆို တကယ့် အဖြစ်မှန်က ဘာလဲ” ဟု ယွမ်ထျန်းကန်က ဒေါသတကြီး မေးမြန်းလိုက်၏။
ဖန်ကုသည် ကျန့်ယီယွမ်၏ စံနမူနာအတိုင်း ဒူးထောက်ချလိုက်ကာ “အကြီးအကဲ... ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး၊ အဲဒါ ကျွန်တော့်ရဲ့ အကြံစည်ပါ၊ အဲဒီကနေမှ အကြီးအကဲကျန့်ကို သွားရှာမိတာပါ...” ဟု ဝန်ခံလေသည်။
“တောက်... အသုံးမကျတဲ့ကောင်တွေ” ယွမ်ထျန်းကန်မှာ ယနေ့တွင် မိမိကိုယ်မိမိ လူပြက်တစ်ဦးနှယ် ခံစားနေရ၏။
သူသည် နှစ်ပေါင်းနှစ်ရာတိုင် နေထိုင်လာခဲ့ရာတွင် ယခုကဲ့သို့ လူအများရှေ့၌ အရှက်ရရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အရှက်အားလုံးမှာလည်း ကွဲပြားကုန်ရချေပြီ။
“ခင်ဗျားတို့ ဂိုဏ်းက တော်တော် ထောင်လွှားတာပဲ၊ ရှေးဟောင်းတောအုပ် အပြင်ဘက်မှာတောင် ဆက်ကြေး ကောက်နေကြသေးတယ်၊ ခင်ဗျားတို့ရဲ့ စည်းကမ်းတွေက တော်တော် တင်းကျပ်တာပဲနော်... မသိတဲ့သူဆိုရင် ဒီရှေးဟောင်းတောအုပ်ကြီးက ခင်ဗျားတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း ပိုင်တယ်လို့တောင် ထင်မိဦးမယ်” ဟု ချင်ယွမ်ဖုန်းက ခနဲ့တဲ့တဲ့ ဆိုလိုက်လေသည်။
ယွမ်ထျန်းကန်သည် ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ထား၏။ “ဂိုဏ်းချုပ် ဒုန်ဖန်း... ဒီကိစ္စက တကယ်ပဲ ကျွန်တော့်ရဲ့ တာဝန်ပျက်ကွက်မှုပါ၊ ဒါပေမဲ့ ဒီအမှိုက်ကောင် ကတော့ သံသယကနေ မကင်းသေးဘူး၊ သူကပဲ လူသတ်သမား ဖြစ်နေမလား ဘယ်သူသိမှာလဲ”
“ခွေးအိုကြီး... မင်း ငါ့ကို ထပ်ဆဲဦးမယ်ဆိုရင်တော့ မင်းကို ငါ အသေသတ်မှာပဲ” ဟု ချင်ယွမ်ဖုန်းက ရှေ့သို့ တစ်လှမ်းတိုးကာ ယွမ်ထျန်းကန်ကို စူးစိုက်ကြည့်လျက် ဟိန်းဟောက်လိုက်၏။
ဤလုပ်ရပ်ကြောင့် ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်များမှာ ချင်ယွမ်ဖုန်းအပေါ် အထင်ကြီးလေးစားမှုများ တိုးပွားသွားကြရသည်။
ထိုစဉ်က ချင်ယွမ်ဖုန်းမှာ လွန်စွာ ယောကျ်ားပီသနေပေရာ အချို့သော အမျိုးသမီးငယ်လေးများမှာမူ မျက်ဝန်းအစုံတွင် ကြယ်ပွင့်လေးများ ဝေနေကြလေတော့၏။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ မဟာအကြီးအကဲ ကို တစ်ဦးတည်း ရင်ဆိုင်ရဲပြီး ကြောက်ရွံ့ခြင်း၊ အလျှော့ပေးခြင်း အလျင်းမရှိသူမှာ လောကတွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ပေရာသတည်း။
“မိဘက မွေးထားပေမဲ့ အဆုံးအမ မရှိတဲ့ အမှိုက်ကောင်” ဟု ယွမ်ထျန်းကန်က တစ်လုံးချင်းစီ အနက်ဖွင့်လျက် ဆဲရေးလိုက်၏။
ချင်ယွမ်ဖုန်းသည် သူ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဒေါသကြောင့် မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေကာ ယွမ်ထျန်းကန်ကို ယခုပင် ပိုင်းဖြတ်ပစ်ချင်စိတ် ပေါက်နေတော့သည်။
သို့သော်လည်း ဒုန်ဖန်းရှန့်မင်က ရှေ့သို့တက်ကာ ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲထားပြီး “မင်းက ခုလောလောဆယ် သူ့ကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး၊ မင်းမှာ အရည်အချင်း ရှိလာတဲ့အခါမှ ကိုယ့်ဘာသာကိုယ် ကလဲ့စားသွားချေပေတော့” ဟု ဆိုလေသည်
ချင်ယွမ်ဖုန်းသည် ဒေါသကို မျိုသိပ်ကာ ဒုန်ဖန်းရှန့်မင်၏ ဘေးသို့ ပြန်လည် ဆုတ်ခွာခဲ့ရ၏။
“အကြီးအကဲ ယွမ်... သူတို့ နှစ်ယောက်လုံးက ချင်ယွမ်ဖုန်းကို အကွက်ဆင်ခဲ့တယ်လို့ ဝန်ခံပြီးပြီပဲ၊ ဒါက လုံလောက်တဲ့ သက်သေ မဟုတ်သေးဘူးလား” ဟု ဒုန်ဖန်းရှန့်မင်က မေးလိုက်သည်။
“ဒီကိစ္စမှာ ကျွန်တော်တို့ ဂိုဏ်းရဲ့ သွန်သင်မှု ညံ့ဖျင်းတာကတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ အကြီးအကဲ ဝမ်မင်ကျိ ပျောက်ဆုံးသွားတာကတော့ ဒီကလေးနဲ့ ပတ်သက်နေမှာ အသေအချာပဲ” ဟု ယွမ်ထျန်းကန်က အော်ဟစ်လိုက်ပြီး သူ၏ စွမ်းအင်အရှိန်အဝါများဖြင့် ချင်ယွမ်ဖုန်းကို တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။
ချင်ယွမ်ဖုန်းမှာ လန့်သွား၏။ ယွမ်ထျန်းကန်၏ ကျင့်စဉ်အဆင့်မှာ သူ့ထက် များစွာ သာလွန်နေပြီး ပထမအဆင့် သိုင်းပါရဂူရှင် နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ချေသည်။
အကယ်၍ သူသာ ယွမ်ထျန်းကန်ကို ပြန်လည် တိုက်ခိုက်မည်ဆိုပါက သေတွင်းထဲသို့ ကိုယ်တိုင် ဆင်းသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
“မင်းက ဘယ်လောက်တောင် ရဲတင်းနေတာလဲ၊ ဒါကို မင်းတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းလို့ တကယ်ပဲ ထင်နေတာလား၊ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းက တပည့်ကို အရင်ဆုံး မတရား စွပ်စွဲတယ်၊ ပြီးတော့မှ အကျိုးအကြောင်း မရှိဘဲ ရမ်းကားနေတယ်၊ မင်းကတော့ တကယ်ပဲ သေချင်နေတာပဲ”
ဒုန်ဖန်းရှန့်မင်က အေးစက်စွာ ဟောက်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ ပိုမို ကြီးမားသော စွမ်းအင် အရှိန်အဝါများ ထွက်ပေါ်လာပြီး ယွမ်ထျန်းကန်၏ ဖိအားကို ချေဖျက်လိုက်ရုံမက ယွမ်ထျန်းကန်ကိုပါ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့သည်။
“မင်းက ဒီအမှိုက်ကောင်ကို သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးပေါ် လက်မတင်ရဲဘူးဆိုကတည်းက တစ်ခုခု ဖုံးကွယ်ထားတာ ရှိလို့ပဲ ဖြစ်ရမယ်” ဟု ယွမ်ထျန်းကန်က ရူးသွပ်နေသူတစ်ဦးနှယ် စူးစူးဝါးဝါး အော်ဟစ်လေတော့သတည်း။