← Chapters

အခန်း ၁၄၅

Vol. 9 Ch. 145

အခန်း ၁၄၅

Vol. 9 Ch. 145

အခန်း( ၁၄၅) ယန်ရုအင်ပါယာ

ချင်ယွမ်ဖုန်းက ပြုံးရွှင်သော မျက်နှာထားဖြင့် ""ဂိုဏ်းချုပ်ရဲ့ သွန်သင်ဆုံးမမှုတွေက တကယ်ကို ထိရောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အရှိန်အဝါ တည်ဆောက်ခိုင်းတာက ဆေးနတ်ဘုရားဂိုဏ်းကို ကျွန်တော့်လက်ထဲ အပ်ဖို့ ကြံစည်နေတာတော့ မဟုတ်လောက်ဘူး မဟုတ်လား"။

" ဟု ဆိုလေသည်။

ထိုအခါ ဒုန်ဖန်းရှန့်မင်က အနည်းငယ် ဇဝေဇဝါဖြစ်သွားလျက် "မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ" ဟု ပြန်လည် မေးမြန်း၏။

"ပြီးခဲ့တဲ့တစ်ခေါက် အိမ်ပြန်တုန်းက ချင်မိသားစုရဲ့ အကြီးအကဲ ချင်မင်ကျိကလည်း နောင်တစ်ချိန်မှာ မိသားစုကို ဦးစီးနိုင်ဖို့အတွက် ကျွန်တော့်ကို အရှိန်အဝါ တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေ ရှာပေးနေခဲ့တာမို့ပါ" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း မတတ်သာသလို ပြောကြားခဲ့သည်။

ဒုန်ဖန်းရှန့်မင်သည် အားရပါးရ ရယ်မောလိုက်ပြီးလျှင် "ငါကတော့ မင်းကို ဘယ်အခွင့်အရေးမှ ဖန်တီးပေးခဲ့တာ မဟုတ်ဘူး၊ ဒါတွေ အားလုံးက မင်းဘာသာမင်း စွမ်းဆောင်ခဲ့တာတွေပဲ၊ ငါနဲ့ ဘာမှမဆိုင်ဘူး" ဟု ဆိုပြန်သည်။

ချင်ယွမ်ဖုန်းမှာမူ ဂိုဏ်းချုပ်၏ စကားကို ထောက်ချင့်ရသော် သူသည် ဆေးနတ်ဘုရားဂိုဏ်းကို မိမိအား အမှန်တကယ်ပင် လွှဲပြောင်းပေးလိုသည့် ဆန္ဒရှိနေကြောင်း ခံစားလိုက်ရသဖြင့် သက်ပြင်းသာ ခိုးချမိလေတော့သည်။

"ကဲ... ဒါနဲ့ မင်း အဲဒီ သစ္စာတရားကို မေးမြန်းတဲ့ ကျောက်တုံးကို ဘယ်လိုများ လှည့်စားလိုက်တာလဲဆိုတာ ငါ့ကို ပြောပြပါဦး" ဟု ဒုန်ဖန်းရှန့်မင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာ၏။

အကြောင်းမူကား ထိုကျောက်တုံးသည် တိုက်ကြီးတစ်ခုလုံးတွင် လူတို့၏ စကား၌ အမှန်အမှားကို ခွဲခြားရာ၌ အလွန်ပင် အခွင့်အာဏာရှိလှပြီး လှည့်ဖျားရန် အလွန်ခဲယဉ်းသောကြောင့် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းကမူ "ဒါကတော့ လျှို့ဝှက်ချက်ပါပဲ" ဟု ဆိုကာ ပြုံးလျက်သာ နေလေသည်။ ဒုန်ဖန်းရှန့်မင်မှာလည်း "မင်းကတော့လေ..." ဟု ဆိုကာ မတတ်သာသည့်အဆုံး ပြုံး၍သာ ကြည့်နေရတော့သည်။

ထိုသို့ဖြင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသည် ဒေါသတကြီး လာရောက် ရန်စခဲ့သော်လည်း အရှက်တကွဲ အကျိုးနည်းဖြစ်ကာ အရေးနိမ့်၍ ပြန်လည် ဆုတ်ခွာသွားခဲ့ရလေပြီ။

တစ်ဖက်တွင်လည်း ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းအတွင်း မိမိ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ခဲ့ပေသည်။

ကိစ္စအဝဝ ပြီးစီးသွားသောအခါ မိုးသောက်ယံပင် ရောက်လုနီးပြီဖြစ်ရာ ချင်ယွမ်ဖုန်းသည် ဒုန်ဖန်းရှန့်မင်နှင့် အိုင်ဖေးတို့ကို နှုတ်ဆက်ကာ မြေနက်မြေသို့ ပြန်လည် ထွက်ခွာခဲ့လေသည်။

"ဖုန်းအစ်ကို..."

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ညီအစ်မနှစ်ဖော်သည် အိမ်ရှေ့တွင် စိုးရိမ်တကြီး စောင့်ကြိုနေကြ၏။ ချင်ယွမ်ဖုန်းအား အိုင်ဖေးက ခေါ်ဆောင်သွားသည့် အချိန်မှစ၍ သူတို့မှာ စိတ်မအေးနိုင်ဘဲ ရှိနေခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ချင်ယွမ်ဖုန်း ပြန်လည် ရောက်ရှိလာသည်ကို မြင်တွေ့ရမှသာ သူတို့နှစ်ဦး ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် "မစိုးရိမ်ကြနဲ့၊ အားလုံး အဆင်ပြေသွားပါပြီ" ဟု နှစ်သိမ့်လိုက်ရာ ဒါချောင်က "တော်သေးတာပေါ့၊ ကျွန်မတို့မှာတော့ စိုးရိမ်လိုက်ရတာ သေတော့မလို့ပဲ" ဟု ပူပန်သော မျက်နှာထားဖြင့် ပြန်လည် ပြောကြားသည်။

ယခုအခါ သူတို့ ညီအစ်မနှစ်ဦးစလုံးသည် ပညာသင်နယ်ပယ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ပါရမီရှင်များအတွက်ပင် ထိုသို့သော တိုးတက်မှုနှုန်းမှာ အံ့မခန်းဖွယ် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းက သူတို့အတွက် ချီစုစည်းခြင်းဆေးလုံး အမြောက်အမြားကို ဖော်စပ်ပေးထားသည့်အပြင် ဤနေရာ၏ ဝိညာဉ်စွမ်းအင်မှာလည်း ကြွယ်ဝလှသဖြင့် လျင်မြန်စွာ တိုးတက်လာခြင်းမှာ သဘာဝပင် ဖြစ်ပေရာသည်။

"ငါ အခု ခရီးထွက်ရတော့မယ်၊ ဒီတစ်ခေါက်တော့ ဝမ်ချိုင်ကို ငါနဲ့အတူ ခေါ်သွားမယ်" ဟု ချင်ယွမ်ဖုန်းက ဆို၏။ ဒါချောင်နှင့် ရှောင်ချောင်တို့မှာ ခွဲခွာရမည်ကို နှမျောတသ ဖြစ်နေကြသော်လည်း ချင်ယွမ်ဖုန်း သွားမည့်နေရာမှာ အန္တရာယ်များကြောင်း သိထားကြသဖြင့် အတင်းအကျပ် လိုက်ပါရန် မတောင်းဆိုကြပေ။

"ဖုန်းအစ်ကို... ဂရုစိုက်ပါနော်" ဟု ဒါချောင်က လွမ်းဆွတ်တသစွာ ပြောရှာသည်။ ချင်ယွမ်ဖုန်းကလည်း "စိတ်ချပါ၊ ငါ့မှာ ဝမ်ချိုင် ပါနေတာပဲ ဘာမှမဖြစ်နိုင်ပါဘူး၊ မင်းတို့ကသာ ပိုပြီး ဂရုစိုက်ကြရမှာ" ဟု ပြန်လည် မှာကြားလေသည်။

မိမိ မရှိခိုက်တွင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်များက ဒါချောင်နှင့် ရှောင်ချောင်တို့ကို လာရောက် နှောင့်ယှက်မည်ကို သူ စိုးရိမ်မိသည်။

သို့သော်လည်း မြေနက်မြေသို့ သွားရာတွင် ဆေးနတ်ဘုရားဂိုဏ်းကို ဖြတ်သန်းသွားရမည် ဖြစ်သဖြင့် သူ အနည်းငယ် စိတ်အေးသွားရပေသည်။

"အခုဆို မင်းတို့တွေ ဒီမှော်သားရဲတွေကို ထိန်းချုပ်နိုင်ပြီ မဟုတ်လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်ရာ ရှောင်ချောင်က ဂုဏ်ယူစွာဖြင့် "ဟုတ်ကဲ့ ဖုန်းအစ်ကို၊ ကျွန်မက မှော်သားရဲ နှစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်နေပါပြီ၊ သူတို့က ကျွန်မ ပြောတာတွေကို နားလည်ကြတယ်၊ အစ်မကတော့ ပိုတောင် တော်သေးတယ်၊ သူငယ်ချင်း သုံးကောင်တောင် ရှိနေပြီ" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းမှာ ကျေနပ်စွာ ပြုံးလျက် ခေါင်းညိတ်လိုက်မိ၏။ စုစုပေါင်း မြင့်မားသော သားရဲအဆင့် ငါးကောင်ရှိနေသဖြင့် သူတို့ ညီအစ်မနှစ်ဦးအနေနှင့် အလွန်အမင်း အစွမ်းထက်သူများကို မနှောင့်ယှက်သရွေ့ ဘေးကင်းနိုင်မည် ဖြစ်ပေသည်။

"ကဲ... အိမ်ကိုပဲ ကောင်းကောင်း စောင့်ရှောက်ထားကြပါဦး၊ ဒီတစ်ခေါက် ခရီးက နည်းနည်း ကြာကောင်း ကြာနိုင်ပေမဲ့ အနောက်ဆုံး နှစ်လအတွင်းမှာတော့ ငါ အရောက်ပြန်လာခဲ့ပါ့မယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုကာ ထွက်ခွာခဲ့တော့သည်။

ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် မြေနက်မြေမှ ထွက်ခွာခဲ့ပြီး မြောက်ဘက်ရှိ ဝမ်တောင်တန်းဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။ ထိုတောင်တန်းကြီးများကို ကျော်ဖြတ်ပြီးသောအခါ ယန်ရုအင်ပါယာသို့ ဆိုက်ရောက်ပေတော့မည်။

ယင်းအင်ပါယာသည် လုယွဲ့အင်ပါယာနှင့် ဝမ်တောင်တန်းကြီးများ ခြားနေသဖြင့် အခြေအနေအရပ်ရပ်မှာ လုံးဝ ကွဲပြားခြားနားလှပေသည်။ လုယွဲ့အင်ပါယာသည် အလယ်ပိုင်းဒေသတွင် တည်ရှိသော်လည်း ယန်ရုအင်ပါယာမှာမူ လှည့်လည်သွားလာ နေထိုင်ကြသော လူမျိုးစုများ စိုးမိုးရာ ကျယ်ပြောလှသည့် မြက်ခင်းပြင်ကြီးပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

ထိုလူမျိုးစုများသည် မြက်ခင်းပြင်ပေါ်တွင် လှည့်လည် ကျက်စားကြသူများ ဖြစ်သဖြင့် မြို့ပြများကို တဲနန်းများဖြင့်သာ တည်ဆောက်ကြပြီး အတည်တကျ နေထိုင်လေ့ မရှိကြပေ။

မြက်ခင်းပြင်၏ ဘုရင်ကို 'ခန်' ဟု ခေါ်ဆိုကြပြီး လူမျိုးစုအားလုံးကို အုပ်ချုပ်ရသော ဧကရာဇ်ပင် ဖြစ်သည်။ သို့သော်လည်း လူမျိုးစုအချင်းချင်းမှာမူ မကြာခဏဆိုသလို စစ်မက်ဖြစ်ပွားလေ့ ရှိကြပေသည်။

ယန်ရုအင်ပါယာသည် တစ်ခါက မြက်ခင်းပြင်တစ်ခုလုံး၏ အင်အားကို စုစည်းကာ တောင်ဘက်ရှိ လုယွဲ့အင်ပါယာကို တိုက်ခိုက်ရန် ကြံစည်ခဲ့ဖူးသော်လည်း ဝမ်တောင်တန်းနှင့် မဟာတံတိုင်းကြီးကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိခဲ့ရသည်။

ထိုအချိန်မှစ၍ ယန်ရုအင်ပါယာသည် အခြားသော နိုင်ငံများကို စစ်မက်ပြုခြင်း မရှိတော့ပေ။

ဝမ်ချိုင်၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာသော ချင်ယွမ်ဖုန်းသည် တစ်နေကုန် ခရီးနှင်ခဲ့ပြီးနောက် အဆုံးမရှိ ကျယ်ပြန့်လှသည့် မြက်ခင်းပြင်ကြီးသို့ ရောက်ရှိလာလေသည်။

"ကံကောင်းလို့ ကြိုတင် ပြင်ဆင်လာခဲ့မိတာပဲ" ဟု ဆိုကာ ချင်ယွမ်ဖုန်းက သိုလှောင်အိတ်အတွင်းမှ တဲတစ်လုံးကို ထုတ်ယူလိုက်သည်။

ဤသည်မှာ မြောက်ဘက်အစွန်အဖျား ခရီးစဉ်အတွက် သူ အထူးတလည် ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပြီး သူ၏ သိုလှောင်အိတ်ထဲတွင် ယခုကဲ့သို့သော တဲပေါင်းများစွာ ပါရှိပေသည်။

ထိုတဲများကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသဖြင့် အလွန် ခိုင်ခံ့ပြီး လေဒဏ်၊ မိုးဒဏ်ကို ခံနိုင်ရည်ရှိရာ မြက်ခင်းပြင်အတွက် အလွန် အသုံးတည့်လှပေသည်။

အကြောင်းမူကား ညအချိန်တွင် မြက်ခင်းပြင်ပေါ်၌ လေပြင်းများ တိုက်ခတ်လေ့ရှိသောကြောင့် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုမှာ ဇူလိုင်လဖြစ်သဖြင့် ရာသီဥတုမှာ အလွန်ပူပြင်းလှသော်လည်း သာမန်အချိန်များတွင်မူ မြက်ခင်းပြင်၏ ညအပူချိန်မှာ အလွန်အမင်း ကျဆင်းသွားလေ့ ရှိပေသည်။

ချင်ယွမ်ဖုန်းသည် တဲကို ထိုးလိုက်ပြီး မီးနံဆီမီးအိမ်တစ်လုံးကို ထွန်းကာ တဲအတွင်း၌ ထားလိုက်သည်။ အပြင်ဘက်မှ ကြည့်ပါက တဲတစ်ခုလုံးမှာ မြေပြင်ပေါ်သို့ ကျနေသည့် မီးပုံးပျံကြီးတစ်လုံးကဲ့သို့ ထိန်လင်းနေပေတော့သည်။

ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် တဲအတွင်းသို့ ဝင်လိုက်ကြ၏။ ဝမ်ချိုင်က မြေပြင်ပေါ်တွင် အသာဝပ်နေလိုက်ပြီး ချင်ယွမ်ဖုန်းကမူ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကို စတင်လေသည်။

တဲအတွင်း၌ရှိနေသဖြင့် အပြင်ဘက်မှ လေဟုန်သံများကို မကြားရဘဲ ရင်ထဲတွင် နွေးထွေးမှုကို ခံစားနေရပေသည်။

ထိုညမှာ အေးအေးချမ်းချမ်းပင် ကုန်ဆုံးတော့မည်ဟု ချင်ယွမ်ဖုန်း တွေးထင်နေခိုက်တွင် ရုတ်တရက်ပင် ကမူးရှူးထိုး ပြေးလာသည့် ခြေသံများကို ကြားလိုက်ရသည်။

"ဒီလောက် ညနက်နေပြီကို လူတွေ ရှိနေသေးတာလား" ဟု ချင်ယွမ်ဖုန်းက သံသယဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဤကဲ့သို့ လေပြင်းထန်လှသော ညမျိုးတွင် လှည့်လည် ကျက်စားသူများပင် အပြင်သို့ ထွက်လေ့မရှိကြပေ။

ချင်ယွမ်ဖုန်း တွေးတောနေဆဲမှာပင် တဲပေါ်သို့ အရိပ်တစ်ခု ကျလာသည်ကို တွေ့လိုက်ရ၏။ ထိုအရိပ်သည် တဲအနီးသို့ အမြန် တိုးကပ်လာပြီးနောက် တဲအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာလေတော့သည်။ ချင်ယွမ်ဖုန်းမှာ မမျှော်လင့်ဘဲ ရောက်ရှိလာသူကို ကြည့်ကာ မှင်တက်သွားရပေသည်။

သူမသည် အလွန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကြမ်းတမ်းလှသော မြက်ခင်းပြင် လူမျိုးများနှင့်မတူဘဲ အသားအရေမှာ အလယ်ပိုင်းဒေသက လူများကဲ့သို့ ဖြူစင်နုနယ်လှသည်။ သူမသည် ခန့်ညားထည်ဝါလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင်လည်း လေးလံသော ခေါင်းဆောင်းတစ်ခုကို ဆောင်းထားပေသည်။

"အစ်ကိုကြီး... ကျွန်မကို ကယ်ပါဦး" ဟု ဆိုကာ တဲထဲသို့ ဝင်ဝင်ချင်း ပြောလိုက်လေသည်။ ချင်ယွမ်ဖုန်းမှာ ဆွံ့အသွားရ၏။ ထိုအမျိုးသမီး၏ မျက်လုံးများမှာ သွေးသောက်သောက် နီနေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

"မင်းက ဘယ်သူလဲ" ဟု ချင်ယွမ်ဖုန်းက သတိထားလျက် မေးလိုက်သည်။

"ကျွန်မက ခန်ရဲ့ သမီးတော်ပါ၊ အလီထိုက်ရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရလို့ ဒီအထိ ထွက်ပြေးလာခဲ့တာ၊ ဝမ်တောင်တန်းကို ဖြတ်ပြီး လုယွဲ့အင်ပါယာကို သွားဖို့ ကြံစည်ခဲ့ပေမဲ့ အခုတော့ ဆက်မပြေးနိုင်တော့ဘူး..." ဟု ပြောရင်းနှင့်ပင် ထိုအမျိုးသမီးမှာ မေ့လဲသွားလေတော့သည်။

ချင်ယွမ်ဖုန်းမှာ လုံးဝပင် အံ့အားသင့်သွားရပေသည်။ ဤသည်မှာ အဘယ်သို့သော ကိစ္စပါနည်း။ မြက်ခင်းပြင်၏ ခန် ဧကရာဇ်သမီးတော်ကို သူက တွေ့ရှိသွားရသည်တဲ့လား။ ပြီးလျှင်... အလီထိုက် ဆိုသည်မှာကော မည်သူနည်း။

All Chapters