← Chapters

အခန်း ၁၄၇

Vol. 9 Ch. 147

အခန်း ၁၄၇

Vol. 9 Ch. 147

အခန်း (၁၄၇) - အတူတကွ ခရီးနှင်ခြင်း

ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်၏ နားရွက်ကို ဆွဲကိုင်လျက် ရှေ့သို့ ခပ်မှန်မှန် လျှောက်လှမ်းလာခဲ့ရာ နာရင်ထူးယားသည်လည်း သူတို့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာချေသည်။

အတန်ငယ် ဝေးကွာသော ခရီးကို ရောက်ရှိလာသောအခါတွင်မူ ချင်ယွမ်ဖုန်းသည် စိတ်မရှည်နိုင်တော့ဘဲ “ အစ်မကြီး၊ မင်း တကယ်ပဲ ဘာကို အလိုရှိနေတာလဲ” ဟု မေးမြန်းလိုက်ရတော့၏။

နာရင်ထူးယားက ချင်ယွမ်ဖုန်းကို အာဃာတမျက်လုံးများဖြင့် ကြည့်ကာ “နင်က တကယ့်ကို နှလုံးသားမရှိတဲ့ ယောက်ျားပဲ၊ ငါလို အားနွဲ့တဲ့ မိန်းမတစ်ယောက်ကို ဒီလို နေရာမျိုးမှာ တစ်ယောက်တည်း ထားရက်ခဲ့တာလား” ဟု ပြန်လည် ပြောဆိုလေသည်။

ချင်ယွမ်ဖုန်းက သူမကို မျက်လုံးအစုံဖြင့် အထာမကျသလို ကြည့်လိုက်ရင်း “မင်းက အားနွဲ့တဲ့ မိန်းမလည်း မဟုတ်ဘူး၊ ပြီးတော့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိတာမှ မဟုတ်တာ။ ငါ လူဆိုးတစ်ယောက် ဖြစ်နေမှာကို မကြောက်ဘူးလား” ဟု ပြန်ပြောလေရာ နာရင်ထူးယားကလည်း “ဟွန်း... နင့်မျက်နှာကို ကြည့်ရတာ ငါ့ကို ဘာမှ မလုပ်ရဲပါဘူး” ဟု မကျေမနပ် ရေရွတ်လိုက်သည်။

“ကဲ... ဝမ်ချိုင်၊ ငါတို့ မြန်မြန်သွားကြစို့။ ငါတို့မှာ လုပ်စရာ အရေးကြီးတာတွေ ရှိသေးတယ်၊ ဒီမှာ ကြာကြာ နေလို့ မဖြစ်ဘူး” ဟု ချင်ယွမ်ဖုန်းက ဝမ်ချိုင်ကို အလေးအနက် ပြောကြားလိုက်သော်လည်း ဝမ်ချိုင်မှာမူ နာရင်ထူးယားကို တွန့်ဆုတ်နေသော အကြည့်များဖြင့် ကြည့်ကာ မခွဲခွာနိုင် ဖြစ်နေပေ၏။

“မင်းကိုတော့ ငါ တကယ်ပဲ အံ့သြမိတယ်” ချင်ယွမ်ဖုန်းသည် မတတ်သာသဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး ဝမ်ချိုင်၏ ကျောပေါ်သို့ ခုန်တက်ကာ နာရင်ထူးယားဘက်သို့ လက်ကမ်းပေးလိုက်ရင်း “ကဲ... တက်လာခဲ့တော့” ဟု ဆိုလေသည်။

နာရင်ထူးယားသည် ထိုအခါမှ ပြုံးရွှင်သွားပြီး ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်ကာ ဝမ်ချိုင်၏ ကျောပေါ်သို့ ခုန်တက်လိုက်တော့၏။

ဝမ်ချိုင်သည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် ပြေးလွှားတော့ရာ လမ်းဘေးဝဲယာမှ မြင်ကွင်းများသည် နောက်ဘက်သို့ လျင်မြန်စွာ ကျန်ရစ်ခဲ့ကြသည်။

ဝမ်ချိုင်၏ လှုပ်ရှားမှုတိုင်းတွင် ချင်ယွမ်ဖုန်း၏ နောက်ကျောနှင့် နာရင်ထူးယားတို့ ထိတွေ့မိနေသဖြင့် သူ၏ စိတ်အစုံမှာ အနည်းငယ် လှုပ်ရှားလာခဲ့သည်။

“မောင်လေး... နင်ဘာတွေ တွေးနေတာလဲ” နာရင်ထူးယားသည် ချင်ယွမ်ဖုန်း၏ စိတ်အခြေအနေကို ရိပ်မိပုံရပြီး ပြုံးရွှင်စွာဖြင့် တိုးကပ်မေးမြန်းလိုက်ရာ ချင်ယွမ်ဖုန်းမှာ မျက်နှာနီမြန်းသွားပြီး “မင်းက တကယ်ပဲ ဘယ်သူလဲ” ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ငါလည်း နင် ဘယ်သူလဲဆိုတာ သိချင်နေတာပါ။ ဒီလောက်အထိ လျင်မြန်ပြီး ဉာဏ်ကောင်းတဲ့ မှော်သားရဲမျိုးကို မြင်ရခဲတယ်၊ ပြီးတော့ နင်ရဲ့ ကျင့်စဉ်အဆင့်ကလည်း မြင့်မားတယ်။ နင်ရဲ့ အကြောင်းကို ဘာလို့ ငါတစ်ခါမှ မကြားဖူးတာလဲ” ဟု နာရင်ထူးယားက ပြန်မေးလေသည်။

“ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်း တကယ်ပဲ ဘယ်သူလဲ၊ ဘာလို့ လူတွေက လိုက်လံ ဖမ်းဆီးနေကြတာလဲ ဆိုတာပဲ” ဟု ချင်ယွမ်ဖုန်းက ဆိုရာ နာရင်ထူးယားက “ပြောပြီးပြီပဲ၊ ငါဟာ ခန်ရဲ့ သမီးတော်ပါ။ သူတို့က ငါ့ကို ဖမ်းပြီး ငါ့အဖေကို ခြိမ်းခြောက်ချင်နေကြတာ” ဟု ဖြေကြားလေသည်။

“ဒါဆို မင်းအထေဖြစ်သူက ဘာလို့ လာမကယ်တာလဲ” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းသည့်အခါ နာရင်ထူးယားက “ငါအဖမ်းခံထားရတာကို အဖေမသိသေးဘူး။ ပြီးတော့ နန်းပလ္လင်ကို လုယူဖို့ ကြံစည်နေကြတာကိုလည်း သူ မသိသေးဘူး၊ ဒါကြောင့်ငါ အမြန်ပြန်ပြီး သတင်းပို့ရမှာ” ဟု စိုးရိမ်တကြီး ပြောဆိုလေရာ သူမ၏ စကားမှာ အမှန်တကယ် ဖြစ်တန်ရာ၏။

“ကောင်းပြီ... ငါပြန်လိုက်ပို့ပေးမယ်၊ ဒါပေမဲ့ ကျန်တဲ့ ကိစ္စတွေကိုတော့ ဝင်မပါဘူး” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

နာရင်ထူးယားကလည်း “တကယ့်ကို သွေးအေးတဲ့ ယောက်ျားပဲ၊ ဒါပေမဲ့ ငါ့ကို ပြန်ပို့ပေးမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ” ဟု ဆိုကာ “ဘယ်လမ်းက သွားရမလဲ” ဟု ချင်ယွမ်ဖုန်းက မေးသောအခါ “တည့်တည့်သွားလိုက်ပါ၊ မြက်ခင်းပြင်ရဲ့ အလယ်မှာဂီရီလီတာနာ မြစ် ရှိတယ်၊ အဲဒီမြစ်ကို ဖြတ်ကျော်လိုက်ရင် ရောက်ပါပြီ” ဟု လမ်းညွှန်ပြသလေသည်။

အကွာအဝေး ကီလိုမီတာ ရာနှင့်ချီ၍ ပြေးလွှားပြီးနောက် ဝမ်ချိုင်သည် ရုတ်တရက် ရပ်တန့်သွားကာ ရှေ့သို့ သတိကြီးစွာ ကြည့်နေလေသည်။

ချင်ယွမ်ဖုန်းသည်လည်း မျက်မှောင်ကြုတ်လျက် မျက်စိကို မှိတ်ကာ သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်လိုက်ရာ တစ်ကီလိုမီတာ အကွာတွင် လူတစ်စုမှာ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေများကို စီးနင်းလျက် သူတို့ထံ ဦးတည်လာနေကြသည်ကို တွေ့ရှိလိုက်ရသည်။

“အူရီတူးရဲ့ လက်အောက်ငယ်သားတွေပဲ ” ဟု ချင်ယွမ်ဖုန်းက မတတ်သာသလို ပြောလိုက်သောအခါ နာရင်ထူးယားမှာ ထိတ်လန့်သွားပြီး “ဘယ်လို လုပ်ကြမလဲ” ဟု မေးမြန်းလေသည်။

ချင်ယွမ်ဖုန်းက “ငါ့ရဲ့ ဝတ်ရုံရှည် နောက်ကွယ်မှာ ပုန်းနေပြီး နီးနီးကပ်ကပ် နေပါ၊ ဒါဆိုရင် သူတို့ တွေ့မှာ မဟုတ်ဘူး” ဟု အကြံပြုလိုက်သည်။

နာရင်ထူးယားက ပြုံးလျက် “မောင်လေးက တကယ့်ကို လူဆိုးလေးပဲ” ဟု ပြောဆိုကာ ချင်ယွမ်ဖုန်း၏ ဝတ်ရုံရှည်ကို မကာ သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် အနေရခက်သွားသော်လည်း စိတ်ကို ပြန်လည် ထိန်းချုပ်ကာ ဝမ်ချိုင်ကို ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်စေလိုက်သည်။

မကြာမီပင် ထိုလူစုသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာကြသည်။ အဖွဲ့ကို ဦးဆောင်လာသူ သန်မာထွားကျိုင်းသော အမျိုးသားက “ဟေ့... ရှေ့က ကောင်လေး၊ မင်း ဘယ်က လာတာလဲ” ဟု မေးမြန်းရာ ချင်ယွမ်ဖုန်းက “လုယွဲ့အင်ပါယာကပါ” ဟု အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ဒီမြက်ခင်းပြင်မှာ ဘာလာလုပ်နေတာလဲ” ဟု အဆိုပါ အမျိုးသားက မျက်မှောင်ကြုတ်ကာ မေးမြန်းသည်။ သူတို့သည် ပြင်ပမှ လူများကို အမုန်းကြီး မဟုတ်သော်လည်း နွေးထွေးစွာ ကြိုဆိုတတ်ကြသူများလည်း မဟုတ်ပေ။

“ဖြတ်သွားဖြတ်လာပါ” ဟု ချင်ယွမ်ဖုန်းက အတိုချုံး ပြောဆိုလိုက်သည်။

သန်မာထွားကျိုင်းသော အမျိုးသားက ခေါင်းညိတ်ပြရင်း “မင်း အသားဖြူဖြူ ချောချောလှလှ မိန်းမတစ်ယောက်ကို မြင်မိသေးလား” ဟု မေးရာ ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သည်။

ဝမ်ချိုင်သည် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လာခဲ့ရာ ထိုလူများ စီးနင်းလာသော ဝံပုလွေများက ဟိန်းဟောက်ကြသော်လည်း ဝမ်ချိုင်က ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားစွာ ကြည့်လိုက်သောအခါ ဝံပုလွေများမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ နောက်သို့ ဆုတ်ပေးလိုက်ရလေသည်။

ချင်ယွမ်ဖုန်းသည် ပြဿနာများ ပြေလည်သွားပြီဟု ထင်မှတ်ကာ သက်ပြင်းချလိုက်စဉ်မှာပင် မြားတစ်စင်းမှာ ရုတ်တရက် ပျံသန်းလာခဲ့သည်

ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ နောက်ကွယ်မှ နာရင်ထူးယား၏ ပုံရိပ်မှာ ပေါ်ထွက်လာခဲ့တော့၏။

“မဖြစ်တော့ဘူး”

ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး မြားပစ်လိုက်သော ထိုအမျိုးသားကို အေးစက်စွာ ကြည့်လိုက်သည်။ “ဟားဟား... ငါ သိသားပဲ၊ မင်းက ဒီမှော်ဆရာမနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကိုး” ဟု ထိုသူက အော်ဟစ်လိုက်လေသည်။

ချင်ယွမ်ဖုန်းက “... ပြဿနာတွေကတော့ ငါ့ဆီကို အမြဲရောက်လာတာပဲ” ဟု ညည်းတွားလိုက်စဉ်မှာပင် ထိုလူများက သူတို့ကို ဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။

“ဘယ်လို လုပ်ကြမလဲ” ဟု နာရင်ထူးယားက ထိတ်လန့်ဟန်ဖြင့် မေးရာ ချင်ယွမ်ဖုန်းက “တော်တော့... မင်းရဲ့ ကျင့်စဉ်အဆင့်က ဒီလူနဲ့ အတူတူပဲကို ဘာမှ ကြောက်စရာ မလိုပါဘူး” ဟု အေးဆေးစွာ ဆိုလေသည်။

နာရင်ထူးယားသည်လည်း သူမ၏ ထိတ်လန့်ဟန်ကို ရုပ်သိမ်းကာ “မောင်လေးကတော့ လူပျိုကြီး ဖြစ်ဖို့ မွေးဖွားလာတာပဲ” ဟု လှောင်ပြောင်လိုက်သည်။

“သူတို့ကို ဖမ်းကြစမ်း”

ခေါင်းဆောင်ဖြစ်သူက အမိန့်ပေးလိုက်သောအခါ ဝိုင်းရံထားသူများသည် ဝံပုလွေများကို စီးနင်းကာ ချင်ယွမ်ဖုန်းတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

ချင်ယွမ်ဖုန်းသည် လုယန့်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သော်လည်း ဓားသွားကို အောက်ဘက်သို့ ထားကာ ဓားကျောကိုသာ ရှေ့သို့ မူလိုက်သည်။

နာရင်ထူးယားက လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ သူသည် ဤမိန်းမအတွက်ကြောင့်နှင့် လူသတ်ရန် ဆန္ဒမရှိပေ။

“ဝေါင်း...”

ထိုလူများ ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် နဂါးဟိန်းသံပညာရပ်ကို အသုံးပြုလျက် လူတို့၏ ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သော အသံဖြင့် ဟိန်းဟောက်လိုက်လေသည်။

အသံလှိုင်းများသည် သူ၏ ပါးစပ်မှတစ်ဆင့် လှိုင်းလုံးများကဲ့သို့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့၏။

All Chapters