အခန်း ၁၄၉
Vol. 10 Ch. 149
အခန်း (၁၄၉) ဝရမ်းထုတ်ခံရခြင်း
“ငါက ခန်မင်းကြီးရဲ့ သမီးတော်ဖြစ်သလို မြက်ခင်းပြင်ရဲ့ မှော်ဆရာမတစ်ယောက်လည်း ဖြစ်တယ်” ဟု နာရင်ထူးယား က တည်ငြိမ်စွာ ဆိုလေသည်။
ချင်ယွမ်ဖုန်း သည် ဘာမျှပြန်မပြောဘဲ နာရင်ထူးယား ၏ ရှင်းပြချက်ကိုသာ ဆိတ်ဆိတ်နေ၍ စောင့်ဆိုင်းနေမိ၏။
အကယ်၍ နာရင်ထူးယား ၏ ပြောစကားများကို သူကျေနပ်မှု မရှိပါက ချက်ချင်းပင် ထွက်ခွာသွားတော့မည်ဖြစ်ပြီး သူမ၏ အရေးကိစ္စများကိုလည်း မည်သို့မျှ ဂရုစိုက်တော့မည်မဟုတ်ပေ။
“မှော်ဆရာမဆိုတာ နတ်ဘုရားဆီက စွမ်းအင်တွေ ရရှိထားတဲ့ အမျိုးသမီးကို ခေါ်တာပါ။ ဒဏ္ဍာရီတွေအရတော့ မှော်ဆရာဟာ မြက်ခင်းပြင်ဆီ ငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်တယ်လို့ ဆိုကြတယ်၊ အခုလက်ရှိ မှော်ဆရာမကတော့ ငါပါပဲ” ဟု နာရင်ထူးယား က အေးဆေးစွာ ဆက်ပြောပြ၏။
နာရင်ထူးယား မည်သို့ မှော်ဆရာမဖြစ်လာသည်ကို ချင်ယွမ်ဖုန်း စိတ်မဝင်စားပေ။ သူသိလိုသည်မှာ အခြားသော မျိုးနွယ်စုများက သူမကို အဘယ်ကြောင့် လိုက်လံသတ်ဖြတ်နေကြသနည်းဟူသော အချက်သာ ဖြစ်သည်။
“မနေ့ညက ဝံပုလွေစီးသည်များ မျိုးနွယ်စု က အူရီတူး နဲ့ ဒီနေ့ ငါတို့ တွေ့ခဲ့တဲ့ လင်းယုန်ပျံမျိုးနွယ်စုက ကျာထူတို့က ခမည်းတော်ရဲ့ သစ္စာရှိလက်အောက်ငယ်သားတွေဆိုတာ နင်အနေနဲ့ သိထားသင့်တယ်” ဟု နာရင်ထူးယား က ဆို၏။
ထိုစကားကြောင့် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရကာ “ဘာ... သူတို့က မင်းအဖေရဲ့ လူတွေလား၊ ဒါဆို မင်းအဖေကိုယ်တိုင်က မင်းကို လိုက်သတ်ခိုင်းနေတာပေါ့ ဟုတ်လား” ဟု မေးလိုက်မိသည်။
“မှန်တယ်၊ ဒါတွေအားလုံးဟ အဖေ ကိုယ်တိုင် စီစဉ်ထားတာပါ” ဟု နာရင်ထူးယား က ဆိုလေရာ ချင်ယွမ်ဖုန်း အလွန်တရာ တုန်လှုပ်သွားရချေသည်။
ကျားပင်လျှင် မိမိသားသမီးကို ပြန်မစားတတ်ဟု ဆိုရိုးရှိပါလျက် မြက်ခင်းပြင်၏ ခန် မင်းကြီးသည် မည်သို့သော စိတ်ထားမျိုး ရှိနေပါသနည်း။
“နင် ဇဝေဇဝါ ဖြစ်နေမှာပဲ၊ ငါဟာ မြက်ခင်းပြင်ဆီ ငြိမ်းချမ်းရေး ယူဆောင်ပေးမယ့် မှော်ဆရာမဖြစ်တာကြောင့်ငယ်ငယ်လေးကတည်းက တစ်စုံတစ်ယောက်ရဲ့ ခိုးယူခြင်းကို ခံခဲ့ရတယ်” ဟု နာရင်ထူးယား က ဆိုသည်။
ချင်ယွမ်ဖုန်း ပို၍ပင် နားမလည်နိုင်ဖြစ်ကာ “ခိုးယူခံရတယ် ဟုတ်လား” ဟု မေးပြန်သည်။
နာရင်ထူးယား က ခေါင်းညိတ်ပြလျက် “သူတို့ကတော့ မြက်ခင်းပြင်က မှော်ဆရာ မျိုးနွယ်စုတွေပါပဲ၊ သူတို့ရဲ့ တာဝန်က မှော်ဆရာတွေကို ရှာဖွေပြီး လေ့ကျင့်ပေးဖို့ပဲ ဖြစ်တယ်” ဟု ဖြေကြားလေသည်။
ထိုစကားကို ကြားရသောအခါ ချင်ယွမ်ဖုန်း စိတ်မသက်မသာ ဖြစ်လာရသည်။ ထိုမှော်ဆရာများသည် ခန် မင်းကြီးကို ပြန်လည်တိုက်ခိုက်ရန်အတွက် နာရင်ထူးယား ကို ခိုးယူသွားခြင်း ဖြစ်တန်ရာ၏။
“ဒါဆို သူတို့ရဲ့ သွန်သင်မှုအောက်မှာ မင်းက မင်းရဲ့ ဖခင်အရင်းကို ပြန်တိုက်ခိုက်မယ့် ရန်သူဖြစ်လာတာပေါ့” ဟု ချင်ယွမ်ဖုန်း က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
နာရင်ထူးယား က ပြုံးလျက် “ကျွန်မ ငယ်ငယ်တုန်းကတော့ ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိခဲ့ဘူး၊ စစ်ပွဲတွေကြောင့် လူတွေ သေကျေပျက်စီးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ရတာတွေကိုလည်း နားမလည်ခဲ့ပါဘူး၊ ကျွန်မ မှော်ဆရာမတစ်ယောက် ဖြစ်လာတော့မှ ဒါတွေအားလုံးကို သိလာရတာပါ” ဟု ဆို၏။
“အဲဒီနောက်တော့ ဘာဖြစ်လဲ” ချင်ယွမ်ဖုန်း ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ဇာတ်လမ်းမျိုးမှာ ကြားရသည်မှာပင် အလွန် စိတ်ပျက်ဖွယ် ကောင်းလှပေသည်။
“စစ်ပွဲတွေရဲ့ အရင်းအမြစ်က အဖေပါပဲ၊ သူက မြက်ခင်းပြင်ကို စည်းလုံးအောင် လုပ်နိုင်ခဲ့ပေမဲ့ စစ်ပွဲတွေကိုတော့ တားမြစ်ခြင်း မရှိခဲ့ဘူး၊ အဲဒီအစား မျိုးနွယ်စုတွေဟာ ပိုပြီးတော့တောင် ရန်လိုလာကြတယ်” ဟု နာရင်ထူးယား က လေးလံသော လေသံဖြင့် ဆိုလေသည်
“အဲဒါကြောင့် မင်းက ခန် မင်းကြီးဆီကို သွားခဲ့တာလား”
နာရင်ထူးယား က ခေါင်းညိတ်ပြကာ “ငါတို့ အဖေကို နန်းချဖို့ စီစဉ်ခဲ့ကြတယ်၊ ဒါပေမဲ့ သစ္စာဖောက်တစ်ယောက်ကြောင့် အဖေက အစီအစဉ်ကို ကြိုတင်သိသွားခဲ့တယ်၊ အဲဒီမှော်ဆရာတွေဟာ ငါ့မျက်စိရှေ့တင် အသတ်ခံခဲ့ရတယ်...” ဟု ပြောပြရှာသည်။
ချင်ယွမ်ဖုန်း မှာ မည်သို့ပြောရမှန်း မသိတော့ပေ။ သူမက ဖခင်အရင်းကို ပြန်လည်တော်လှန်သည်ဆိုသော အချက်မှာပင် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။
“ကောင်းပြီလေ” ချင်ယွမ်ဖုန်း က ခေါင်းညိတ်၍ နာရင်ထူးယား ၏ စကားကို ယာယီအားဖြင့် ယုံကြည်လိုက်ကာ “ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ” ဟု မေးလိုက်သည်။
“ငါ တခြားမှော်ဆရာတွေကို ပြန်ရှာပြီး အဖေကို ဆက်ပြီး တော်လှန်သွားမယ်၊ မြက်ခင်းပြင်ကြီး ငြိမ်းချမ်းမှု မရသရွေ့ ဒါကို ဆက်လုပ်သွားမှာပဲ” ဟု နာရင်ထူးယား က ပြတ်သားစွာ ဆိုလေသည်။
“မင်းရဲ့ သတ္တိကိုတော့ ငါချီးကျူးပါတယ်” ချင်ယွမ်ဖုန်း က ခေါင်းညိတ်လျက် “ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတာ လွယ်လွယ်နဲ့ ရတာမျိုး မဟုတ်ဘူး၊ ခန် မင်းကြီးက ဘယ်လိုလူလဲဆိုတာ ငါမသိပေမဲ့ မြက်ခင်းပြင်ကြီးတစ်ခုလုံးကို စည်းလုံးအောင် လုပ်နိုင်တဲ့သူဟာ သာမန်လူတော့ မဟုတ်နိုင်ဘူး၊ အဲဒီလိုလူက စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မသိဘဲ နေပါ့မလား” ဟု ဆိုလိုက်၏။
နာရင်ထူးယား သည် ဘာမျှပြန်မပြောတော့ပေ။ တစ်ခါတစ်ရံ သူမ၏ စိတ်ဓာတ်များ တုန်လှုပ်ချောက်ချားမိသော်လည်း သံကင်းခြေများ မျိုးနွယ်စု ကဲ့သို့သော လူများစွာ၏ ဒုက္ခရောက်နေသည်ကို မြင်ရသောအခါ သူမ၌ ကြီးမားသော တာဝန်တစ်ခု ရှိနေသည်ဟု ခံစားရပြန်သည်။
“ငါ မင်းကို မြက်ခင်းပြင်ကို ဖြတ်ပြီး မင်းရဲ့ အဖော်တွေဆီ ရောက်အောင် ပို့ပေးမယ်၊ ဒါပေမဲ့ ငါ့ကို တခြားကိစ္စတွေအတွက် အသုံးချဖို့တော့ မစဉ်းစားနဲ့၊ ငါ့မှာလည်း လုပ်စရာ အလုပ်တွေ ရှိသေးတယ်” ဟု ချင်ယွမ်ဖုန်း က တည်ငြိမ်စွာ ဆိုလိုက်သည်။
နာရင်ထူးယား က ရယ်မောလျက် “မောင်လေး... မြက်ခင်းပြင်ကြီးက သာယာပါတယ်၊ ဒီမှာပဲ နေပါလား၊ နင်အလိုရှိတာ မှန်သမျှ ငါပေးနိုင်ပါတယ်...” ဟု ဆိုကာ နီးကပ်လာရာ ချင်ယွမ်ဖုန်း မှာ သူမထံမှ ထူးခြားသော ရနံ့တစ်ခုကိုပင် ရရှိနေမိ၏။
“ငါ့မှာ လုပ်စရာ ရှိတယ်လို့ ပြောပြီးပြီပဲ” ချင်ယွမ်ဖုန်း က ပြုံးလျက် လှည့်ထွက်ကာ တဲအတွင်းသို့ ဝင်သွားတော့သည်။ နာရင်ထူးယား က သူမ၏ နှုတ်ခမ်းကို ဖိကိုက်ထားမိ၏၊
သူမ၏ လှပသော မျက်နှာလေးမှာ မြက်ခင်းပြင်၏ အလှဆုံး မြင်ကွင်းတစ်ခုပင် ဖြစ်ချေသည်။
“တကယ့် ခေါင်းမာတဲ့လူပဲ၊ ဒါပေမဲ့ နင့်မှာ ရွေးချယ်စရာ ရှိနေသေးတယ်လို့ ထင်လို့လား” နာရင်ထူးယား က တိုးတိုးလေး ရယ်မောလိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင် ချင်ယွမ်ဖုန်း သည် ဝမ်ချိုင် ကို ဖက်၍ အိပ်ပျော်နေသော နာရင်ထူးယား ကို နှိုးလိုက်လေသည်။ ဤမျှ ပျင်းရိသော အမျိုးသမီးတစ်ယောက်သည် မည်သို့များ ဒုတိယအဆင့် မဟာဆရာနယ်ပယ် သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ပါသနည်းဟု သူတွေးတောမရ ဖြစ်နေမိသည်။
“သွားကြရအောင်” ဟု ချင်ယွမ်ဖုန်း က ဆိုလိုက်၏။
နာရင်ထူးယား က အပျင်းကြောဆန့်လျက် တဲပြင်သို့ ထွက်ကာ စမ်းချောင်းတွင် မျက်နှာသစ်လိုက်သည်။
“ဒါနဲ့” ချင်ယွမ်ဖုန်း က တဲကို သိမ်းဆည်းရင်း မေးလိုက်သည်မှာ “ဒီမျိုးနွယ်စုတွေကို ဘာလို့ ကောက်ပဲသီးနှံတွေ မစိုက်ခိုင်းကြတာလဲ၊ ဒါဆို သူတို့ ငတ်မသေတော့ဘူးပေါ့” ဟူ၍ ဖြစ်သည်။
“ဟဲဟဲ...မောင်လေးက တကယ်ကို ရိုးသားတာပဲ၊ မြက်ခင်းပြင်က ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ မသင့်တော်ဘူး၊ ပြီးတော့ အမြဲတစေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မျိုးနွယ်စုတွေမှာ စိုက်ပျိုးဖို့ အားအင်လည်း မရှိကြဘူး” ဟု နာရင်ထူးယား က ရယ်မောလျက် ဆို၏။
“နင်တို့ အလယ်ပိုင်းဒေသက လူတွေကတော့ တကယ်ကို နုနယ်ကြတာပဲ”
ချင်ယွမ်ဖုန်း က မျက်မှောင်ကြုတ်လျက် “မင်း ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
“တစ်ခါက အလယ်ပိုင်းဒေသက လူတစ်ယောက် မြက်ခင်းပြင်ကို ရောက်လာပြီး စိုက်ပျိုးနည်းတွေ လာသင်ပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ မကြာခင်မှာပဲ သူဟာ ခန် မင်းကြီးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတယ်၊ သူစိုက်ခဲ့တဲ့ အပင်တွေကိုလည်း ခန် မင်းကြီးရဲ့ စစ်သည်တွေက နင်းခြေဖျက်ဆီးခဲ့ကြတယ်” ဟု နာရင်ထူးယား က အေးဆေးစွာ ပြောပြလေသည်။
ချင်ယွမ်ဖုန်း မှာ ဆိတ်ဆိတ်သာ နေမိတော့၏။ မြက်ခင်းပြင်သည် အလယ်ပိုင်းဒေသက လူများကို အမှန်တကယ်ပင် လက်မခံကြောင်း သိသာလှပေသည်။
သူတို့သည် ပစ္စည်းများကို သိမ်းဆည်းကာ အစားအစာ အနည်းငယ် စားပြီးနောက် သံကင်းခြေများ မျိုးနွယ်စု ကို နှုတ်ဆက်ကာ မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။
သုံးရက်အကြာတွင် ချင်ယွမ်ဖုန်း သည် နာရင်ထူးယား ပြောခဲ့သော ဂီရီလီတာနာ မြစ် ကို တွေ့လိုက်ရသည်။ ဤမြစ်မှာ အလွန်ကျယ်ဝန်းပြီး မြက်ခင်းပြင်၏ အလယ်ဗဟိုတွင် တည်ရှိကာ တစ်ပြင်လုံးသို့ ရေကွန်ရက်သဖွယ် ဖြန့်ကျက်ထားသဖြင့် မြက်ခင်းပြင်သက်သွေးကြောပင် ဖြစ်ချေသည်။
ထိုသုံးရက်အတွင်း သူတို့သည် မျိုးနွယ်စုများစွာနှင့် တွေ့ဆုံခဲ့ရာ အားလုံးမှာ စစ်ပွဲဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးနေကြသည်ကို တွေ့ရသည်။ ခန် မင်းကြီး၏ လိုက်လံဖမ်းဆီးသူများနှင့်လည်း အကြိမ်ကြိမ် ဆုံခဲ့ရသော်လည်း အမြဲပင် လွတ်မြောက်ခဲ့ကြ၏။
ချင်ယွမ်ဖုန်း သည် တတ်နိုင်သမျှ လူမသတ်မိစေရန် အစဉ်တစိုက် ရှောင်ကြဉ်ခဲ့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားလာရသည်။
အကြောင်းမှာ ယခုအခါ မြက်ခင်းပြင်တစ်ခုလုံးတွင် သူနှင့် နာရင်ထူးယား မှာ ဝရမ်းထုတ်ခံထားရသော ရာဇဝတ်သားများ ဖြစ်နေသောကြောင့်ပင်။
၎င်းက ချင်ယွမ်ဖုန်း ကို စိတ်မသက်မသာ ဖြစ်စေလေသည်။
ဤသည်မှာ သူ့ကို နာရင်ထူးယား နှင့် အတင်းအကျပ် ပတ်သက်အောင် ပြုလုပ်လိုက်ခြင်း မဟုတ်လော။
သူတို့သည် ဂီရီလီတာနာ မြစ် ကမ်းနားတွင် တစ်ညနားခိုရန် ရပ်နားလိုက်ကြသည်။ အနီးအနားတွင် လူဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သော မျိုးနွယ်စုငယ်လေးတစ်ခု ရှိနေလေသည်။
“နာရင်ထူးယား၊ တစ်ခုခုတော့ မှားနေပြီ၊ ငါက ဘာလို့ မြက်ခင်းပြင်မှာ ဝရမ်းပြေး ဖြစ်သွားရတာလဲ” ဟု ချင်ယွမ်ဖုန်း က မတတ်သာသည့် လေသံဖြင့် ဆိုလိုက်လေတော့သတည်း။