အခန်း ၁၅၁
Vol. 10 Ch. 151
အခန်း (၁၅၁) ပြင်းထန်သော တိုက်ပွဲ
“ချစ်လှစွာသော ညီမလေး၊ ငါတို့ မဆုံဖြစ်ကြတာ နှစ်ပေါင်းနှစ်ဆယ်တောင် ရှိခဲ့ပြီပဲ။ အခု ပြန်တွေ့တဲ့ ခဏမှာပဲ ခန်မင်းကြီးရဲ့ အသက်ကို ရန်ရှာဖို့ ကြံစည်နေတာဆိုတော့ ငါ့မှာလည်း တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့” ဟု ချာဂန်က အေးစက်သော ရယ်မောသံနှင့်အတူ ဆိုလေသည်။
နာရင်ထူးယားက ခေါင်းညိတ်၍ “ကောင်းပြီ... ငါနားလည်ပြီ။ ငါ့အသက်ကို အလိုရှိတယ်ဆိုရင်လည်း လာခဲ့လေ” ဟု တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
ချာဂန်သည် ဟားဟားတိုက် ရယ်မောရင်း “ညီမလေး... ခန်မင်းကြီးက မိန့်ကြားထားတယ်။ ညီမလေးသာ နန်းတော်ကို ပြန်လိုက်မယ်ဆိုရင် မင်းသမီးအရာမှာပဲ ဆက်ရှိနေစေရမယ်၊ အတိတ်က ကိစ္စတွေကိုလည်း ပူစရာမလိုဘူးတဲ့။ ဘယ်လိုလဲ... စဉ်းစားကြည့်ပါဦး” ဟု ဆိုပြန်သည်။
နာရင်ထူးယားကမူ အေးစက်စွာ ပြုံးလျက် “တကယ်လို့ ခန်မင်းကြီးက မြက်ခင်းပြင်ပေါ်က စစ်ပွဲတွေကို အဆုံးသတ်ဖို့ အမိန့်ထုတ်ပေးမယ်ဆိုရင်တော့ ငါပြန်လိုက်ဖို့ အဆင်သင့်ပါပဲ” ဟု ဆို၏။
“နာရင်ထူးယား... နင်တစ်ခုတော့ နားလည်ထားဖို့ လိုမယ်။ ခန်မင်းကြီးဟာ စစ်ပွဲတွေကြောင့်သာ မြက်ခင်းပြင်ရဲ့ ထီးနန်းကို စိုးစံနိုင်ခဲ့တာ။ စစ်ပွဲသာမရှိရင် မြက်ခင်းပြင်ကြီးကို ဘယ်လိုလုပ် စည်းလုံးအောင် လုပ်နိုင်ပါ့မလဲ” ဟု ချာဂန်က ခက်ထန်စွာ အော်ဟစ်လိုက်လေသည်။
“ဒါဆိုရင်လည်း ရှေ့ဆက်ပြီး ပြောနေဖို့ မလိုတော့ဘူး” နာရင်ထူးယား၏ လေသံမှာ အေးဆေးလှသော်လည်း သူမ၏ လက်ထဲတွင်မူ ချိတ်ကောက်ရတနာလက်နက် နှစ်ခုကို အသင့်ကိုင်ဆောင်ထားပြီး ဖြစ်ချေသည်။
ချာဂန်က လက်ကို ဝှေ့ယမ်း၍ အချက်ပေးလိုက်ရာ ရာနှင့်ချီသော မြက်ခင်းပြင်မှ စစ်သည်တော်များသည် ချင်ယွမ်ဖုန်းနှင့် အဖွဲ့ကို ဝိုင်းရံထားလိုက်ကြတော့သည်။
ထိုသူများထဲတွင် သိုင်းပညာသင်များနှင့် သိုင်းပညာရှင်များသာမက အဆင့်အမျိုးမျိုးရှိသော သူများပါဝင်ပြီး အချို့မှာ မဟာဆရာနယ်ပယ်အဆင့်သို့ပင် ရောက်ရှိနေသူများ ဖြစ်ကြသည်။
“ဝမ်ချိုင်... နာရင်ထူးယားကို ခေါ်ပြီး ဒီကနေ အမြန်ထွက်သွားတော့။ ငါ့အတွက် မစိုးရိမ်နဲ့” ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ ခေါင်းကို ပွတ်သပ်ရင်း အေးဆေးစွာ ပြောလိုက်၏။
“နင့်ကို ဒီမှာ ထားခဲ့ပြီး ငါမသွားနိုင်ဘူး” ဟု နာရင်ထူးယားက ဆိုသော်လည်း ချင်ယွမ်ဖုန်းက ပြုံးလျက် “ငါ့မှာ လွတ်အောင်ပြေးနိုင်တဲ့ နည်းလမ်းရှိတယ်။ နင်ဒီမှာရှိနေရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရုံပဲ ရှိမှာ” ဟု ဆိုလေသည်။
ဝမ်ချိုင်မှာမူ ခွဲခွာရမည်ကို မလိုလားသကဲ့သို့ တိုးညှင်းစွာ ဟိန်းဟောက်နေရှာ၏။ “ငါ နင့်ကို နောက်ဆုံးအကြိမ် ကူညီပေးမယ်။ ဂီရီလီတာနာမြစ်ရဲ့ အဆုံးမှာ ငါ့ကို စောင့်နေပါ” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။
ဂီရီလီတာနာမြစ်သည် မြောက်မှ တောင်သို့ စီးဆင်းရာ ယခု သူတို့ရှိနေသည်မှာ မြစ်၏ တောင်ဘက်ခြမ်းဖြစ်ပြီး နာရင်ထူးယားမှာ မြောက်ဘက်သို့ ဦးတည်သွားရမည် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် နာရင်ထူးယားကို ပွေ့ချီ၍ ဝမ်ချိုင်၏ ကျောပေါ်သို့ တင်ပေးလိုက်ပြီးနောက် သူ၏ လုယန့်ဓားကို ဆွဲထုတ်ကာ ဝိုင်းရံထားသော လူအုပ်၏ မြောက်ဘက်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
ကြီးမားလှသော ဓားအလင်းတန်းကြီးသည် မြေပြင်ကို ပွတ်တိုက်လျက် မြောင်းကြီးတစ်ခု ဖြစ်သွားစေကာ ရှေ့သို့ တိုးဝင်သွားတော့၏။
လမ်းကို ပိတ်ဆို့ထားသော မြက်ခင်းပြင် စစ်သည်များသည်လည်း ဓားရှိန်ကြောင့် လွင့်စင်ကုန်ကြသဖြင့် ဝိုင်းရံထားသည့်ကြားမှ လမ်းပွင့်သွားလေသည်။
ဝမ်ချိုင်သည် ထိုအခွင့်အရေးကို အရယူကာ အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။ ၎င်း၏ အရှိန်အဝါကြောင့် မြက်ခင်းပြင် ဝံပုလွေများပင် မြေပြင်ပေါ်၌ တုန်ရင်နေကြပြီး လူအုပ်ကြီးမှာလည်း ဖရိုဖရဲ ဖြစ်ကုန်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချိုင်သည် ဝိုင်းအတွင်းမှ လွတ်မြောက်သွားပြီး ချင်ယွမ်ဖုန်းကလည်း နောက်မှလိုက်ကာ စစ်သည်များကို ပိတ်ဆို့ထားပေးသဖြင့် ဝမ်ချိုင်တို့မှာ မှောင်မိုက်သော ညအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
ချာဂန်သည် လူအများအပြား ရှိနေပါလျက်နှင့် နာရင်ထူးယား လွတ်သွားသည်ကို ကြည့်ကာ ချင်ယွမ်ဖုန်းအား အေးစက်စွာ စိုက်ကြည့်နေမိ၏။
“အလယ်ပိုင်းဒေသက လူ... မင်းက ဘယ်သူလဲ။ မင်းအကြောင်း ငါတစ်ခါမှ မကြားဖူးပါလား” ဟု ချာဂန်က မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းကမူ ခေါင်းကို ခါယမ်းကာ “ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတဲ့သူပါ” ဟုသာ ဆိုသဖြင့် ချာဂန်က “ဒါဆိုရင်လည်း မင်းရဲ့ လမ်းကိုပဲ ဆက်သွားပေတော့” ဟု ဟိန်းဟောက်ကာ အမိန့်ပေးလိုက်လေရာ ရာနှင့်ချီသော သိုင်းပညာရှင်များသည် ဟစ်ကြွေးသံများနှင့်အတူ ချင်ယွမ်ဖုန်းဆီသို့ ပြေးဝင်လာကြတော့သည်။
ယင်းခဏတွင် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်၌ ထူးဆန်းသော အလင်းတန်းများ စီးဆင်းလာပြီး ကိုယ်ရံစွမ်းအင် အလွှာတစ်ခု ထွက်ပေါ်လာချေသည်။
သူ၏ လုယန့်ဓားသည်လည်း အေးစက်စွာ တောက်ပလျက် အနည်းငယ် တုန်ခါနေ၏။
“ဝုန်း...”
နဂါးနှင့် ကျားတို့၏ ဟိန်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ပတ်ပတ်လည်တွင် အသံလှိုင်းများ ပြန့်လွင့်သွားကာ ရှေ့ဆုံးမှ ပြေးဝင်လာသူများကို လွင့်စင်သွားစေသည်။
ချင်ယွမ်ဖုန်းသည် ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လူအုပ်ကြီးအတွင်းသို့ ဟိန်းဟောက်ကာ တိုးဝင်သွားတော့၏။
ခဏအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် မြက်ခင်းပြင် စစ်သည်တော်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။
“သခင်လေး... ကျွန်တော် နာရင်ထူးယား နောက်ကို လိုက်သွားရမလား” ဟု ပိန်လှီသော အဘိုးအိုတစ်ဦးက ချာဂန်၏ အနောက်မှ ကပ်၍ မေးမြန်းလိုက်၏။
“မလိုဘူး ဒါလင်ထိုက်... ဒီလူက တစ်မျိုးပဲ။ သူ့ကို အရင်ရှင်းပြီးမှ နာရင်ထူးယားနောက်ကို ဆက်လိုက်ကြမယ်” ဟု ချာဂန်က တည်ငြိမ်စွာ ဆိုလေသည်။
ပဉ္စမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သောကြောင့် ချင်ယွမ်ဖုန်းသည် ထိုစစ်သည်များကြားတွင် သိုးအုပ်ထဲရောက်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် အတားအဆီးမဲ့ နေချေသည်။
သူ၏ ဓားတစ်ချက် အတက်အဆင်းတိုင်းတွင် စစ်သည်များမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကုန်ကြတော့၏။ ယခုတစ်ကြိမ်တွင် ချင်ယွမ်ဖုန်းသည် လက်တွန့်မနေတော့ဘဲ လုယန့်ဓားမှာလည်း သွေးများဖြင့် ရဲရဲနီနေချေပြီ။
“ဓားဆွဲ ခုတ်ချက်...”
ချင်ယွမ်ဖုန်းက ဟိန်းဟောက်၍ ဓားကို အလျားလိုက် ခုတ်ပိုင်းလိုက်ရာ ရှေ့ရှိ သိုင်းပညာရှင်များမှာ ကိုယ်တစ်ပိုင်း ပြတ်ထွက်ကုန်ကြသည်။
အခြားသော ဓားအလင်းတန်း တစ်ချက်ကလည်း လူတစ်ဒါဇင်ကျော်ကို လွင့်စင်သွားစေ၏။ ထိုည၌ ချင်ယွမ်ဖုန်းသည် သွေးဆာနေသော မိစ္ဆာတစ်ကောင်ကဲ့သို့ လူ့အသက်များကို တရစပ် ရိတ်သိမ်းနေတော့သည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် ကြီးမားသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသဖြင့် ရှေ့သို့ တိုးနေသော အရှိန်ကို ရုတ်တရက် ရပ်တန့်ကာ ဘေးသို့ လိမ့်၍ ရှောင်လိုက်ရ၏။
အနက်ရောင် အလင်းတန်းတစ်ခုသည် ချင်ယွမ်ဖုန်းကို သီသီလေး လွဲသွားပြီးနောက် စစ်သည်အချို့၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။
၎င်းမှာ သွေးခြောက်ရောင်ကဲ့သို့ မည်းနက်နေသော လှံတစ်စင်း ဖြစ်ချေသည်။
ချာဂန်သည် အေးစက်စွာ စိုက်ကြည့်လျက် နောက်ထပ် လှံတစ်စင်းကို လက်ထဲ၌ အသင့်ပြင်ထား၏။
မြက်ခင်းပြင် စစ်သည်များသည် သဘာဝအရပင် ရဲရင့်ကြသူများ ဖြစ်ရာ ချင်ယွမ်ဖုန်း အခြေအနေပျက်ကာ လိမ့်ရှောင်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ဝိုင်းအုံလာကြပြန်သည်။
ချင်ယွမ်ဖုန်းသည် သွားကို တင်းတင်းစေ့ကာ ဓားကို ဝှေ့ယမ်းလျက် ပတ်ပတ်လည်ရှိ လူများကို ခုတ်ပိုင်းလိုက်သော်လည်း နောက်ထပ် လှံတစ်စင်းက သူ၏ ဦးခေါင်းတည့်တည့်သို့ ထပ်မံ ရောက်ရှိလာပြန်လေသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်၌ ထပ်မံ လိမ့်ရှောင်လိုက်သော်လည်း ချာဂန်၏ လှံချက်ကြောင့် သူ၏ လက်အောက်ငယ်သား စစ်သည်အချို့ပါ သေဆုံးကုန်၏။ သို့သော်လည်း ချာဂန်၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ မရှိဘဲ သေဆုံးသွားသူများကို သူနှင့် မပတ်သက်သူများကဲ့သို့သာ သဘောထားဟန် ရှိချေသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်မှ ဝုန်းကနဲ ခုန်တက်လိုက်ရာ လေထဲ၌ ဆယ်မီတာခန့် မြင့်သွားလေသည်။ ထို့နောက် ဓားကို အောက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်ရာ မြေပြင်၌ အက်ကြောင်းကြီး တစ်ခု ဖြစ်သွားတော့၏။
ချာဂန်သည် ထိုအခွင့်အရေးကို မလွတ်တမ်း အရယူကာ “လေထဲကို ခုန်တက်တာက ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်ဖြစ်အောင် လုပ်တာပဲ” ဟု တွေးကာ အေးစက်စွာ ပြုံးလျက် လှံကို အားကုန် လွှဲပစ်လိုက်လေသည်။
လှံသည် ညဥ့်ကောင်းကင်ယံကို ဖြတ်သန်း၍ ချင်ယွမ်ဖုန်းဆီသို့ တိုးဝင်သွားသော်လည်း ချင်ယွမ်ဖုန်းက မမြင်ရသော လှေကားထစ်ကို နင်းလိုက်သကဲ့သို့ လေထဲတွင်ပင် တစ်ဆင့် ထပ်မံ ခုန်တက်သွားသည်ကို မည်သူမျှ မထင်မှတ်ထားကြချေ။
လှံသည် သူ၏ ခြေဖဝါးအောက်မှ ဝူးကနဲ ဖြတ်သွားသော်လည်း ချင်ယွမ်ဖုန်းက ထိုလှံကို လှမ်းဖမ်းလိုက်ပြီး ၎င်း၏ အရှိန်ဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပါသွားတော့သည်။
လှံ၏ အရှိန်ကုန်၍ အောက်သို့ ပြုတ်မကျမီမှာပင် ချင်ယွမ်ဖုန်းသည် မီတာ ရာနှင့်ချီသော နေရာသို့ ရောက်ရှိကာ လွတ်မြောက်သွားလေပြီ။
“တောက်... သူဒါကို ဘယ်လိုလုပ်လိုက်တာလဲ” ချာဂန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သတည်း။