အခန်း ၁၅၆
Vol. 10 Ch. 156
အခန်း ၁၅၆ ။ အကြံအစည်
ညဥ့်နက်သန်းခေါင်တိုင်အောင် ဆွေးနွေးငြင်းခုံကြပြီးနောက်တွင်မှ နာရင်ထူးယားသည် စိတ်ပျက်အားငယ်မှုအချို့နှင့်အတူ တဲနန်းအတွင်းမှ ထွက်ခွာလာခဲ့ချေသည်။
ယင်းသို့သော လူစုထဲမှ အချို့မှာ နောင်တွင် တစ်ကြိမ်တစ်ခါမျှ ပြန်လည်မတွေ့မြင်ရတော့ပေ။
အကြောင်းရင်းတစ်စုံတစ်ရာကြောင့်ပင် နာရင်ထူးယားသည် ချင်ယွမ်ဖုန်း၏ တဲနန်းဆီသို့ ခြေဦးလှည့်လာခဲ့မိ၏။
ချင်ယွမ်ဖုန်းမှာမူ တဲနန်း၏ အလယ်ဗဟို၌ တင်ပျဉ်ခွေထိုင်လျက် ကောင်းကင်နှင့် မြေကမ္ဘာကြားရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကျင့်ကြံနေဆဲ ဖြစ်ပေရာ၊ သူသည် မျက်မှန်ဖွင့်ကြည့်လိုက်သောအခါ ပင်ပန်းနွမ်းနယ်နေပုံရသော နာရင်ထူးယားကို တွေ့လိုက်ရသဖြင့်-
" ဘာများဖြစ်လို့လဲ " ဟု မေးမြန်းလိုက်သည်။
နာရင်ထူးယားသည် အနားသို့ တိုးကပ်လာပြီး ဝမ်ချိုင်၏ ဘေးတွင် ဝင်ထိုင်ကာ သူ၏ခန္ဓာကိုယ်ကို မှီတွယ်ထားလိုက်ရင်း-
" ဘာမှမဟုတ်ပါဘူး၊ ည်းနည်း ပင်ပန်းနေလို့ပါ " ဟု တည်ငြိမ်စွာပင် ဆိုလာ၏။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် " ဒီလောက်ညဥ့်နက်တဲ့အထိ ဘာတွေများ ဆွေးနွေးနေကြတာလဲ၊ ငါ့ကို ပြောပြပါဦး၊ ငါ့ဘက်က အကြံဉာဏ်ပေးနိုင်တာမျိုး ရှိမလားလို့ " ဟု ဆိုလေသည်။
နာရင်ထူးယားသည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခု ပြောချင်ဟန်ရှိသော်လည်း ပြန်လည်ထိန်းချုပ်ထားပုံရ၏။
သို့သော် နောက်ဆုံးတွင် တစ်စုံတစ်ယောက်အား ရင်ဖွင့်လိုသော ဆန္ဒကြောင့်ပင်-
" သူတို့က ငါ့ကို ခန်ဆီ ပြန်သွားဖို့ ပြောတယ် " ဟု ဆိုလာချေသည်။
သူမသည် မှော်ဆရာမများ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသကဲ့သို့ အလွန်ပင် စိတ်ပျက်ဝမ်းနည်းနေမိ၏။ ချင်ယွမ်ဖုန်းသည် နာရင်ထူးယား၏ စကားကို ကြားရသောအခါ မျက်မှောင်ကို ပို၍ပင် ကြုတ်လိုက်မိပြီး-
" မင်းကကော သူတို့ကို ယုံကြည်လို့လား " ဟု ရုတ်တရက် မေးမြန်းလိုက်သည်။
" ဒါပေါ့၊ ကျွန်မ သူတို့နဲ့ အတူနေလာတာ အနှစ်နှစ်ဆယ်ရှိပြီပဲ၊ သူတို့အကြောင်းကို ကျွန်မ ကောင်းကောင်းသိတာပေါ့ " ဟု နာရင်ထူးယားက ဆို၏။
" တစ်ခါတလေကျတော့လည်း မင်းမြင်နေရတဲ့အရာတွေက သူတို့မင်းကို မြင်စေချင်တဲ့ အရာတွေပဲ ဖြစ်နေတတ်တယ် " ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ဆိုလိုက်ရင်း " စောစောက မှော်ဆရာတွေရဲ့ တဲနန်းထဲမှာ အလယ်ဗဟိုမှာ ထိုင်နေတဲ့သူက ဘယ်သူလဲ " ဟု ဆက်လက်မေးမြန်းလေသည်။
" သူ့နာမည်က ပုယန် တဲ့၊ သူက မှော်ဆရာတွေရဲ့ ခေါင်းဆောင်ပဲ " ဟု နာရင်ထူးယားက ပြန်လည်ဖြေကြားသည်။
" သူ့ရဲ့ ကျင့်စဉ်အဆင့်ကိုကော မင်းသိရဲ့လား "
" သိတာပေါ့၊ ပဉ္စမအဆင့် သိုင်းပညာရှင် တစ်ယောက်ဆိုတာ တခြားသူတွေထက် အများကြီး ပိုသန်မာတာပဲလေ " ဟု နာရင်ထူးယားက သံသယအချို့ဖြင့် ပြန်လည်မေးခွန်းထုတ်၏။
" မဟုတ်ဘူး၊ မင်းမသိပါဘူး၊ သူ့ရဲ့ ကျင့်စဉ်အဆင့်က ပဉ္စမအဆင့် သိုင်းပညာရှင်ထက်ကို ကျော်လွန်နေပြီ၊ ဖြစ်နိုင်တာက ဆဋ္ဌမအဆင့် သတ္တမအဆင့်တောင် ရောက်နေနိုင်တယ် " ဟု ချင်ယွမ်ဖုန်းက လေးလေးပင်ပင် ဆိုလိုက်သည်။
ယင်းက တဲနန်းအတွင်းသို့ ဝင်သွားစဉ်ကပင် သူသည် အားကောင်းသော အရှိန်အဝါတစ်ခုကို ခံစားမိခဲ့သော်လည်း ယင်းမှာ အလွန်ပင် လျှို့ဝှက်စွာ ဖုံးကွယ်ထားခြင်း ခံထားရပေရာ၊ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသာ သာမန်လူထက် ပိုမိုအားကောင်းပြီး အကဲခတ် မစူးရှခဲ့ပါလျှင် သိနိုင်စရာ အကြောင်းမရှိချေ။
နာရင်ထူးယားမှာမူ မျက်မှောင်ကြုတ်လျက် " နင် ဘာကို ဆိုလိုတာလဲ " ဟု မေး၏။
" ဘာမှမဟုတ်ပါဘူး၊ ငါ့ရဲ့ ခန့်မှန်းချက်ကို ပြောပြရုံတင်ပါ၊ မင်း အလေးအနက်ထားနေဖို့ မလိုပါဘူး " ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
" မင်းက ခန်ရဲ့အနားကို ပြန်သွားမယ်၊ မျိုးနွယ်စုကို သစ္စာဖောက်မယ်၊ ပြီးတော့ သူ့လူအချို့ရဲ့ အသက်ကို ရင်းပြီး ခန်ရဲ့ ယုံကြည်မှုကို ရအောင်ယူမယ်၊ အဲဒီနောက် တစ်နေ့မှာ မင်းက ခန်ကို လုပ်ကြံလိုက်ရင် မြက်ခင်းပြင်မှာ ရုတ်တရက် ဘုရင်မဲ့သွားလိမ့်မယ်၊ အဲဒီအချိန် လူတိုင်းက ဘုရင်ဖြစ်ချင်ကြတဲ့အခါ ဘာတွေဖြစ်လာမလဲ "
" စစ်ပွဲတွေလား " ဟု နာရင်ထူးယားက မေးသည်။
" မှန်တယ်၊ အရင်တုန်းက မျိုးနွယ်စုတိုင်း ဘုရင်ဖြစ်ချင်လို့ အချင်းချင်း တိုက်ခိုက်ခဲ့ကြတဲ့ ပရမ်းပတာ စစ်ပွဲတွေထက် အခုက ပိုပြီးတော့တောင် ရှုပ်ထွေးသွားလိမ့်မယ် " ဟု ချင်ယွမ်ဖုန်းက ဆို၏။
" မဟုတ်ဘူး၊ မှော်ဆရာတွေက ဒါတွေအားလုံးကို တားဆီးလိမ့်မယ် " ဟု နာရင်ထူးယားက လျင်မြန်စွာပင် တုံ့ပြန်ပြောဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် " အင်း ... သူတို့ တားဆီးကြမှာပေါ့၊ သူတို့က ပိုပြီးကြီးမားတဲ့ အစွမ်းနဲ့ တားဆီးကြလိမ့်မယ်၊ ပြီးတော့ သူတို့ကိုယ်တိုင် မြက်ခင်းပြင်ရဲ့ ဘုရင်တွေ ဖြစ်လာကြလိမ့်မယ် "
နာရင်ထူးယား၏ စိတ်နှလုံးမှာ ထိတ်ခနဲ ဖြစ်သွားသော်လည်း လျင်မြန်စွာပင် ခေါင်းယမ်းလိုက်မိ၏။
ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် " ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါ၊ မှော်ဆရာတွေဆိုတာ ပညာရှိတွေပဲလေ၊ ငါစဉ်းစားနိုင်တဲ့အရာကို သူတို့လည်း စဉ်းစားမိမှာပါ " ဟု ဆိုလေသည်။
" ဟုတ်တယ် " ဟု နာရင်ထူးယားက ဟန်ဆောင်အပြုံးဖြင့် ပြန်လည်ဖြေကြားသည်။
" ကဲပါ၊ ဘာမှမဟုတ်တော့ပါဘူး၊ မင်းက သူတို့ကို ယုံကြည်မှတော့ မသံသယဖြစ်ပါနဲ့တော့၊ ငါဒါကို ပြောရတာက မင်းကို တုံးမနေဘဲ တစ်ပါးသူရဲ့ အသုံးချတာ မခံရအောင်လို့ပါ " ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။
နာရင်ထူးယားက ခေါင်းညိတ်ပြလျက် " ဒီည ဒီမှာပဲ အိပ်လို့ရမလား " ဟု မေးရာ၊ " မင်းသဘောပါပဲ " ဟု ချင်ယွမ်ဖုန်းက ပြုံးပြပြီး မျက်စိကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။
နာရင်ထူးယားသည် ဝမ်ချိုင်ကို ပွေ့ဖက်ထားရင်း သူ၏ခန္ဓာကိုယ်မှ အနွေးဓာတ်ကြောင့် စိတ်အနည်းငယ် တည်ငြိမ်သွားသော်လည်း မည်သို့ပင် ကြိုးစားစေကာမူ အိပ်ပျော်ရန် ခဲယဉ်းနေခဲ့ချေသည်။
နောက်တစ်နေ့ နံနက်တွင် ချင်ယွမ်ဖုန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝမ်ချိုင်ကို ပွေ့ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော နာရင်ထူးယားကို တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ကိုသာ အသာအယာ ချလိုက်မိ၏။
မှော်ဆရာများ၏ အကြံအစည်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချင်ယွမ်ဖုန်း တိတိကျကျ မပြောနိုင်သော်လည်း သူ၏ စိတ်ထဲတွင်မူ မသိုးမသန့် ခံစားချက်က အမြဲရှိနေခဲ့သည်။
" နင် စောစောနိုးနေတာလား " ဟု နာရင်ထူးယားက အိပ်ချင်မူးတူးဖြင့် နိုးလာကာ မေးလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် " မင်း ဒီနေ့ ပြန်တော့မှာလား " ဟု မေးရာ၊ နာရင်ထူးယားက " ဟုတ်တယ်၊မျိုးနွယ်စုလည်း ဒီနေ့ပဲ စပြီး ပြောင်းရွှေ့ကြတော့မှာ၊ ဒါပေမဲ့ သူတို့ကတော့ အသေးစိတ်ကို ဘာမှမသိကြဘူး " ဟု ဆိုလာ၏။
" ကောင်းပါပြီ၊ မင်းအတွက် အားလုံး အဆင်ပြေပါစေလို့ ငါ ဆုတောင်းပေးပါတယ် " ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
ထိုသို့ဖြင့် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြ၏။
ချင်ယွမ်ဖုန်းသည် မြောက်ဘက်စွန်းဒေသသို့ ဆက်လက်ဦးတည်ခဲ့ပြီး နာရင်ထူးယားမှာမူ ခန်၏ သံမဏိဝက်ဝံ မျိုးနွယ်စုများ အခြေစိုက်ရာ အနောက်ဘက်သို့ ထွက်ခွာသွားခဲ့ချေသည်။
သံမဏိဝက်ဝံ မျိုးနွယ်စုသည်လည်း စတင်ပြောင်းရွှေ့ခဲ့ကြရာ နောက်ချန်နေခဲ့သော လူတစ်စုမှာမူ သူတို့ ရင်ဆိုင်ရတော့မည့် အခြေအနေကို လုံးဝ သိရှိခြင်း မရှိကြပေ။
မျိုးနွယ်စုခေါင်းဆောင် အန်းသည် အပြင်ပန်းတွင် စိတ်အေးလက်အေး ရှိနေပုံရသော်လည်း လက်တွေ့တွင်မူ သူ၏ စိတ်နှလုံးသည် ကြီးမားသော ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။
မှော်ဆရာမများ၏ ခေါင်းဆောင် ပုယန်သည်လည်း သံမဏိဝက်ဝံ မျိုးနွယ်စုနှင့်အတူ လိုက်ပါပြောင်းရွှေ့သွားသော်လည်း ကျန်ရှိနေသော မှော်ဆရာမများမှာမူ သံမဏိဝက်ဝံ မျိုးနွယ်စု၏ အကြွင်းအကျန်များနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံရန် ကျန်ရစ်ခဲ့ကြချေသည်။
ပိုမိုကြီးမားသော ကောင်းကျိုးနှင့် ငြိမ်းချမ်းရေးအတွက် သူတို့တွင် ကြောက်ရွံ့ခြင်း အလျှင်းမရှိဘဲ မျက်လုံးများတွင်မူ ပြင်းပြသော အရောင်အဝါများ တောက်ပနေကြ၏။
ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ကို စီးလျက် မြောက်ဘက်စွန်းဒေသသို့ ဦးတည်နေချေသည်။ ယခု အရှိန်အဟုန်ဖြင့်ဆိုလျှင် နောက်သုံးရက်အတွင်း ပင်လယ်ပြင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး နောက်ထပ် နှစ်ရက်ခန့်အတွင်း ပင်လယ်ကို ဖြတ်ကျော်ကာ မြောက်ဘက်စွန်းဒေသသို့ ရောက်ရှိနိုင်မည် ဖြစ်ပေရာ၊ ယင်းက ချင်ယွမ်ဖုန်း အရင်က ခန့်မှန်းထားသည်ထက် နှစ်ဆနီးပါး ပိုမိုမြန်ဆန်နေ၏။
တစ်ရက်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် မြက်ခင်းပြင်ပေါ်ရှိ အနည်းငယ် မြင့်တက်နေသော ကုန်းမြင့်များကို မြင်တွေ့နေရပြီဖြစ်ရာ ပင်လယ်ပြင်သို့ ရောက်ရန် တစ်လှမ်းချင်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ယန်ရုအင်ပါယာသည် မြောက်ဘက်စွန်းဒေသနှင့် ကမ္ဘာမြေအက်ကြောင်းတစ်ခုဖြင့် ခြားနားထားပေရာ ယင်းအက်ကြောင်းကို ဖြတ်ကျော်နိုင်ပါက မြောက်ဘက်စွန်းဒေသသို့ ရောက်ရှိနိုင်မည်ဖြစ်၏။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်မူ တစ်စထက်တစ်စ မသိုးမသန့် ဖြစ်လာပြီး နာရင်ထူးယား ဆိုသော အမျိုးသမီးအတွက် အစဉ်အမြဲ စိုးရိမ်ပူပန်နေမိသည်။
" မဖြစ်သေးပါဘူး၊ စဉ်းစားလေလေ တစ်ခုခု မှားနေသလို ခံစားရလေလေပဲ၊ ဝမ်ချိုင် ... မင်းကော ငါတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ ဖြစ်မယ် ထင်လား " ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။
ဝမ်ချိုင်က ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
" ကောင်းပြီ၊ မင်းလည်း သဘောတူတယ်ဆိုမှတော့၊ ငါတို့ သူမကို ကယ်ခဲ့ပြီးပြီပဲ၊ သူမကို မီးပုံထဲ လမ်းလျှောက်ဝင်သွားတာမျိုးကိုတော့ ငါတို့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး " ဟု ချင်ယွမ်ဖုန်းက ပြတ်သားစွာ ဆိုလိုက်ချေသည်။
ဝမ်ချိုင်သည် ဟိန်းသံတစ်ချက် ပေးလိုက်ပြီး ချက်ချင်းပင် လှည့်ပြန်ပြေးလေတော့၏။
ချင်ယွမ်ဖုန်းသည် ခန်၏ မျိုးနွယ်စု မည်သည့်နေရာတွင် ရှိမှန်း မသိသဖြင့် အနောက်တောင်ဘက်သို့သာ ဦးတည်ပြေးနေမိသည်။
ထိုအချိန်တွင် နာရင်ထူးယားမှာမူ ခန်၏ စစ်တပ်မှ တွေ့ရှိသွားခြင်း ခံလိုက်ရပြီဖြစ်ကာ သူမအား ခန်၏ မျိုးနွယ်စုရှိရာသို့ ခေါ်ဆောင်သွားကြပြီ ဖြစ်၏။
ထိုညတွင်ပင် နာရင်ထူးယားသည် ခန်၏အနားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မြက်ခင်းပြင်တစ်ခုလုံးတွင် တန်ခိုးအရှိန်အဝါ အကြီးမားဆုံးဖြစ်သော ခန်သည် နာရင်ထူးယားကို တိတ်ဆိတ်စွာ ကြည့်နေမိ၏။
" ထူးယား ... ငါ့သမီး၊ နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပေါ့ "
ခန်၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးသည် အနည်းငယ် တုန်ရီလာခဲ့ချေသည်။