← Chapters

အခန်း ၁၅၈

Vol. 10 Ch. 158

အခန်း ၁၅၈

Vol. 10 Ch. 158

အခန်း (၁၅၈) ချောင်းမြောင်းတိုက်ခိုက်ခြင်း

"ဒါဆို ဒုတိယအစ်ကိုတော် ဖြစ်နေတာကိုး" ဟု နာရင်ထူးယား က ဝတ်ကျေတမ်းကျေပင် ဆိုလိုက်ချေသည်။

တဲနန်းအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ နာရင်ထူးယား ၏ ဒုတိယမြောက် အစ်ကိုတော်ဖြစ်သူ၊ ခန် ၏ ဒုတိယသားတော် ဝူလန် ပင် ဖြစ်တော့သည်။

".. ငါ့ကို အစ်ကိုတော်လို့ မခေါ်စမ်းနဲ့။ နင်က အခုတော့ မှော်ဆရာမ တစ်ယောက် ဖြစ်နေပြီ။ ခမည်းတော်ရဲ့ ရန်သူပဲ" ဟု ဝူလန် က အေးစက်စက် လေသံဖြင့် တုံ့ပြန်လေသည်။

နာရင်ထူးယား က ပြုံးယောင်သန်းလျက် "ဒီစကား ပြောဖို့သက်သက်နဲ့ အစ်ကိုတော် ဒီကို လာခဲ့တာလား" ဟု မေးမြန်းလိုက်၏။

ဝူလန် က ပူဆွေးသောက ရောယှက်နေသော မျက်နှာထားဖြင့် သူမကို စိုက်ကြည့်ကာ "ငါ မေးပါရစေဦး၊ ဘာလို့ အလယ်ပိုင်းဒေသ က လူတွေနဲ့ ပူးပေါင်းပြီး ချာဂန် ကို သတ်ခဲ့ရတာလဲ" ဟု မေးခွန်းထုတ်လေရာ နာရင်ထူးယား မှာ အံ့အားသင့်သွားရပေသည်။

ဝူလန် တစ်ယောက် ဤအကြောင်းကိစ္စကြောင့် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

"သူက ငါ့ကို သတ်ဖို့ ကြံစည်ခဲ့တာပဲ၊ ငါကကော သူ့ကို ဘာလို့ ပြန်မသတ်နိုင်ရမှာလဲ"

"နင်က မှော်ဆရာမ တစ်ယောက်ပဲ၊ သူက နင့်ကို သတ်သင့်တာပေါ့" ဟု ဝူလန် က ခက်ထန်စွာ ဆိုသည်။

"ဒါဆို ငါက သေထိုက်တယ်ပေါ့လေ" ဟု နာရင်ထူးယား က လှောင်ပြုံးပြုံးလျက် "ငါမှော်ဆရာမ တစ်ဦး ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ငါဘာတွေများ လုပ်ခဲ့လို့လဲ။ အစ်ကိုတော်တို့ကသာ ငါ့ကို ပုန်းအောင်းစရာ နေရာမရှိအောင် လိုက်လံနှိပ်စက်ခဲ့ကြတာ မဟုတ်လား" ဟု ပြန်လည်ချေပလေသည်။

"နင်... နင်..." ဝူလန် သည် လက်ညှိုးငေါငေါထိုးကာ ခဏမျှ ဆွံ့အသွားပြီးမှ "ခမည်းတော်ကတော့ ဒါကို နောင်တရမှာ အမှန်ပဲ" ဟု ဆိုကာ တဲနန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

နာရင်ထူးယား မှာ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသော်လည်း ယခုအခါ၌ အချို့သော အခြင်းအရာတို့ကို ရိပ်စားမိသွားပြီ ဖြစ်ချေသည်။

သူမသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကပင် ထွက်ခွာသွားခဲ့ပြီး ခန် ၏ အုပ်ချုပ်ရေးယန္တရားကို ဖြုတ်ချရန် မှော်ဆရာပညာရှင်များနောက်သို့ လိုက်ပါခဲ့သူ ဖြစ်ရာ၊ သူမနှင့် ခန် ၏ မိသားစုမှာ ရန်သူတော်များ ဖြစ်နေသည်မှာ ကြာလှပြီ ဖြစ်ပေ၏။

နောက်တစ်နေ့ အရုဏ်မတက်မီအချိန်၌ နာရင်ထူးယား သည် နိုးထလာကာ တဲနန်းပြင်ပသို့ ထွက်လာခဲ့ရာ သူမကို မြင်တွေ့ရသူတိုင်းက ဦးညွှတ်အရိုအသေ ပေးကြကုန်၏။

သူမသည် စကားတစ်ခွန်းမျှ မဆိုဘဲ စီတန်းလျက်ရှိသော တဲနန်းပေါင်းများစွာကိုသာ လိုက်လံကြည့်ရှုနေမိသည်။

ထောင်နှင့်ချီသော တဲနန်းများ ရှိနေခြင်းက ခန် ၏ လက်အောက်တွင် သောင်းနှင့်ချီသော သိုင်းပညာရှင် များ ခစားနေကြောင်း သက်သေပြနေသည်ဖြစ်ရာ၊ အခြားသော မျိုးနွယ်စုများအနေဖြင့် အဘယ်ကဲ့သို့ ပုန်ကန်မှုကို အောင်မြင်နိုင်ပါအံ့နည်း။

နာရင်ထူးယား သည် တိတ်ဆိတ်စွာပင် ခန် ၏ တဲနန်းအတွင်းသို့ လှမ်းဝင်ခဲ့သည်။ အပြင်ဘက်ရှိ လူများကလည်း ခန် ၏ အမိန့်ရှိထားပြီး ဖြစ်သဖြင့် သူမကို တားဆီးခြင်း မပြုကြပေ။

တဲနန်းအတွင်း၌ ခန် သည် ထူထဲသော ကော်ဇောပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ခန် သည် ကြင်နာတတ်သော အဘိုးအိုတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို သိရှိသွားဟန်တူသော ခန် သည် ရုတ်တရက် နိုးထလာကာ နာရင်ထူးယား ကို လှည့်ကြည့်လိုက်လေသည်။

"ငါ့သမီး... နင်ပါလား" ဟု ခန် က ပြုံးရွှင်စွာ ဆိုသည်။

နာရင်ထူးယား က ခေါင်းငြိမ့်ပြကာ ခုတင်ဘေးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားရင်း "ခမည်းတော်" ဟု ခေါ်ထူးလိုက်၏။

ခန် သည် ခုတင်ပေါ်၌ ထိုင်ကာ "ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက် စောစောစီးစီး နိုးနေရတာလဲ။ ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး ထင်တယ်" ဟု ကြင်နာစွာ မေးမြန်းရှာသည်။

နာရင်ထူးယား က ခေါင်းခါပြလျက် "ခမည်းတော်ကို ပြောစရာ ရှိလို့ပါ" ဟု ဆိုကာ ကိုယ်ကိုကိုင်းလျက် ခန် ၏ နားအနီးသို့ ကပ်သွားပြီး၊ ကြိုတင်ပြင်ဆင်ထားသော ဓားမြှောင်ကို တိတ်တဆိတ် ထုတ်ယူလိုက်တော့သည်။

ထိုဓားမြှောင်ကို မှော်ဆရာပညာရှင် ခေါင်းဆောင် ပုယန် က ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ခန် ကို လုပ်ကြံရန် သီးသန့်သွန်းလုပ်ထားကာ ပြင်းထန်သော အဆိပ်များ လိမ်းကျံထားခြင်း ဖြစ်ပေသည်။

မြက်ခင်းပြင် ပေါ်တွင် သြဇာအရှိဆုံးဖြစ်သော ခန် သည် ပထမအဆင့် သိုင်းပါရဂူရှင်နယ်ပယ် သို့ ရောက်ရှိနေသူ ဖြစ်သဖြင့် သာမန်ဓားလှံများက သူ့ကို အနာတရ မဖြစ်စေနိုင်ပေ။

သို့ရာတွင် ဤဓားမြှောင်မှာမူ ခန် ၏ အရေပြားကို လွယ်ကူစွာ ထိုးဖောက်နိုင်ရန် ပြုလုပ်ထားပြီး အဆိပ်ကလည်း ခန် ၏ ကျင့်စဉ် အဆင့်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

"ခမည်းတော်... အခုပဲ သေလိုက်ပါတော့"

ထိုခဏ၌ နာရင်ထူးယား ၏ စိတ်ထဲတွင် အဖြေက ရှင်းလင်းသွားပြီ ဖြစ်ရာ လက်ရှိဓားမြှောင်ဖြင့် ခန် ၏ ရင်ဘတ်ကို အားကုန်ထိုးစိုက်လိုက်လေတော့သည်။

ခန် က နာရင်ထူးယား ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သူ၏ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

"ဘာလို့လဲ... ဘာလို့လဲ..." ဟု ခန် က တိုးညှင်းစွာ ရေရွတ်ရှာသည်။

"မြက်ခင်းပြင် ငြိမ်းချမ်းရေးအတွက်ပါ" ဟု နာရင်ထူးယား က ပြတ်သားသော မျက်နှာထားဖြင့် ပြန်ပြော၏။

"ဖူး..."

ခန် သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရာ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီမြန်းသွားပြီး ဇီဝိန်မှာလည်း လျင်မြန်စွာ ဆုတ်ယုတ်လာတော့သည်။

"ဟားဟားဟား... ငါ့သမီးအရင်းရဲ့ သစ္စာဖောက်တာကို ခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး" ဟု ခန် က ကြေကွဲစွာ ရယ်မောလိုက်လေသည်။

နာရင်ထူးယား က မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး "သမီးကို သတ်ချင်ရင် သတ်လိုက်ပါတော့" ဟု ဆိုသည်။

သို့သော် ခန် က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းကာ "မစိုးရိမ်ပါနဲ့ သမီး၊ ငါ နင့်ကို မသတ်ပါဘူး။ နင်က သူတစ်ပါးရဲ့ လှည့်ဖြားမှုကို ခံခဲ့ရတာပါ။ ဒါ နင့်အပြစ် မဟုတ်ပါဘူး။ ဒါဟာ နင့်ကို ငါ လျစ်လျူရှုခဲ့မိတဲ့အတွက် ငါ့ကိုငါ အပြစ်ပေးတာပါ" ဟု ဆိုလေသည်။

"ဟန်မဆောင်ပါနဲ့တော့" ဟု နာရင်ထူးယား က ဒေါသတကြီး အော်ဟစ်လိုက်ပြီး "ခမည်းတော်က သမီးကို တကယ်စိတ်ပူတယ်ဆိုရင် သမီးကို ကယ်ဖို့ လူဘာလို့ မလွှတ်ခဲ့တာလဲ။ အဲဒီအစား သမီးကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြီး မြက်ခင်းပြင်တစ်ခုလုံးရဲ့ ရန်သူဖြစ်အောင် ဘာလို့ လုပ်ခဲ့တာလဲ" ဟု မေးမြန်းလေသည်။

ခန် က သက်ပြင်းချကာ "ဒါ ငါ့အမှားပါပဲ။ ငါက နင့်အစ်ကို သုံးယောက်အပေါ် အလိုလိုက်လွန်းခဲ့မိတယ်။ အဲဒါကြောင့် သူတို့က ငါ့နေရာကို လုဖို့ အမြဲကြံစည်နေခဲ့ကြတာ။ နင့်ကို ပြန်ရှာဖို့ ငါထုတ်ခဲ့တဲ့ အမိန့်ကိုတောင် သူတို့က ဝရမ်းထုတ်တဲ့ အမိန့်အဖြစ် ပြောင်းလဲပစ်ခဲ့ကြတာပဲ"

"သူတို့... သူတို့လား" ဟု နာရင်ထူးယား မျက်မှောင်ကြုတ်သွား၏။

"ဟုတ်တယ်၊ သူတို့ပဲ။ ငါကတော့ နင့်ကို ပြန်တွေ့ဖို့ပဲ အရေးကြီးတယ်လို့ ထင်ခဲ့မိတာ။ ရှာဖွေဖို့ အမိန့်ဖြစ်ဖြစ်၊ ဖမ်းဆီးဖို့ ဝရမ်းဖြစ်ဖြစ် နင့်ကို ပြန်တွေ့ရင် ပြီးတာပဲလို့ တွေးခဲ့တာ။ ဒါပေမဲ့ ဒီရှာဖွေမှုက အနှစ်နှစ်ဆယ်တောင် ကြာသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး"

ထိုခဏ၌ နာရင်ထူးယား မှာ အချို့သော အခြင်းအရာတို့ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ တတိယအစ်ကိုတော်မှာ သူမကို မြင်မြင်ချင်း သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ သူမသာ ခန် ၏ အနားသို့ ပြန်ရောက်သွားပါက ခမည်းတော်၏ ချစ်ခင်မြတ်နိုးမှုကို လုယူသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေမည်။

သို့ရာတွင် ခန် ၏ အခြားသော လက်အောက်ငယ်သားများကမူ သူမကို ခန် ထံသို့သာ ပြန်လည်ပို့ဆောင်လိုခဲ့ကြခြင်း ဖြစ်ပေ၏။

ထိုသို့သော အဖြစ်မှန်ကို သိရှိသွားသောအခါ နာရင်ထူးယား မှာ မျက်ရည်များ ဝဲတက်လာပြီး "ခမည်းတော်" ဟု အော်ဟစ်ကာ ခန် ၏ ဘေးသို့ ပြေးသွားလေတော့သည်။

ခန် က သူမ၏ ခေါင်းကို ကြင်နာစွာ ပုတ်ပေးရင်း "နင် ငါ့ကို နားလည်ပေးနိုင်တာကိုပဲ ငါ ဝမ်းသာပါတယ်။ ညက ငါ အကြာကြီး စဉ်းစားခဲ့ပြီးမှ ငါ့အမှားတွေကို သိခဲ့ရတယ်။ အားနည်းတဲ့သူတွေမှာလည်း ရှင်သန်ပိုင်ခွင့် ရှိတာပဲ" ဟု ဆိုသည်။

"ခမည်းတော် ဆိုလိုတာက..." နာရင်ထူးယား မျက်လုံးများ ဝိုင်းစက်သွား၏။

ခန် က ခေါင်းငြိမ့်ပြကာ "ဒီနေ့ပဲ မြက်ခင်းပြင်မှာ စစ်မတိုက်ကြဖို့ အမိန့်ထုတ်ပြန်ဖို့ ငါ ပြင်ဆင်ထားတယ်" ဟု ဆိုလေသည်။

"သမီး အမှားတွေပါပဲ..." ဟု နာရင်ထူးယား မှာ နောင်တတရားများဖြင့် ရေရွတ်မိတော့သည်။

"အဲဒီ မှော်ဆရာပညာရှင်တွေက နင့်ကို ဦးနှောက်ဆေးခဲ့ကြတာ။ ဒီ အနှစ်နှစ်ဆယ်အတွင်းမှာ နင်မြင်ခဲ့သမျှဟာ သူတို့ ပြချင်တာတွေကိုပဲ နင်မြင်ခဲ့ရတာပါ။ နင့်အပြစ် မဟုတ်ပါဘူး" ဟု ခန် က တည်ငြိမ်စွာ ဆိုသည်။

ထိုခဏ၌ ခန် ၏ မျက်နှာမှာ နီမြန်းလာပြီး သွေးတစ်လုတ်ကို ထပ်မံအန်ထုတ်လိုက်ပြန်ရာ နာရင်ထူးယား မှာ ထိတ်လန့်တကြားဖြင့် ပြေး၍ တွဲကူလိုက်မိတော့သည်။

တဲနန်းအပြင်ဘက်ရှိ လူများကလည်း အတွင်းမှ ဆူညံသံများကို ကြားရသဖြင့် အပြေးအလွှား ဝင်ရောက်လာကြသည်။

"အားလုံး ပြန်ထွက်သွားကြစမ်း။ အတွင်းမှာ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မဝင်လာနဲ့။ ငါ တစ်ခုခုဖြစ်ခဲ့ရင် နာရင်ထူးယား က မင်းတို့ရဲ့ ဘုရင်သစ် ဖြစ်ရမယ်" ဟု ခန် က တင်းမာစွာ အမိန့်ပေးလိုက်လေသည်။

ခန် ၏ သစ္စာရှိသော ကိုယ်ရံတော်များသည် ခမည်းတော်၏ ရင်ဘတ်တွင် စိုက်နေသော ဓားမြှောင်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း ကြေကွဲပူဆွေးစွာဖြင့် တဲနန်းအတွင်းမှ ပြန်လည်ဆုတ်ခွာသွားကြတော့သည်။

"သမီး ပုယန် ကို သွားရှာပါရစေ။ ဒီဓားမြှောင်ကို သူပေးခဲ့တာပါ။ သူဆိုရင် ခမည်းတော်ကို ကယ်နိုင်မှာ အမှန်ပဲ။ ခမည်းတော် စစ်ပွဲတွေ ရပ်ဆိုင်းဖို့ အမိန့်ထုတ်တော့မယ်ဆိုတာကို သမီး သူ့ကို ပြောပြပါ့မယ်" ဟု နာရင်ထူးယား က အလျင်အမြန် ဆိုသည်။

သို့ရာတွင် ပုယန် ဟူသော အမည်ကို ကြားလိုက်ရသောအခါ ခန် မှာ အံ့အားသင့်စွာဖြင့် တုံ့ခနဲ ဖြစ်သွားပြီး "နင်... ဘယ်သူ့အမည်ကို ပြောလိုက်တာလဲ" ဟု မေးမြန်းလိုက်လေတော့သတည်း။

All Chapters