အခန်း ၁၆၂
Vol. 10 Ch. 162
အခန်း (၁၆၂) အစွန်အဖျား မြောက်ပိုင်းဒေသ
ဤသို့ဖြင့် အချိန်တို့သည် များစွာကုန်ဆုံးခြင်း မရှိခဲ့ပေ။
သုံးရက်တာ ကာလလွန်မြောက်သော် ချင်ယွမ်ဖုန်းသည် ကုန်းမြင့်သာယာသော တောင်ကုန်းများဆီသို့ ဆိုက်ရောက်လာခဲ့ပြီး ခန်၏ ကိုယ်တွင်းရှိ အဆိပ်များမှာလည်း အကုန်စင်နီးပါး ပျယ်လွှင့်သွားခဲ့လေပြီ။
အဆိပ်ဒဏ်ကြောင့် ဖိနှိပ်ခြင်းခံထားရသော ခန်၏ ကျင့်စဉ်အဆင့်မှာလည်း တဖြည်းဖြည်း ပြန်လည် နိုးထလာခဲ့သော်ငြား အဆိပ်၏ တိုက်စားမှုပြင်းထန်လှသဖြင့် သူ၏ ကျင့်စဉ်အင်အား အနည်းငယ်မျှတော့ ဆုံးရှုံးသွားခဲ့ရချေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ နာရင်ထူးယားသည် အလွန်ပင် ပျော်ရွှင်နေခဲ့၏။ ရှေးယခင်ကတည်းက ဝေးကွာနေခဲ့ရသော ဖခင်မေတ္တာကို ပြန်လည်ရရှိခဲ့သဖြင့် သူမ၏ စိတ်အတွင်းရှိ အတိတ်ဒဏ်ရာများကိုလည်း တဖြည်းဖြည်း မေ့ဖျောက်နိုင်ခဲ့လေပြီ။
“ကဲ... ခန်နဲ့ ထူးယား၊ ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင်။ ငါကတော့ အစွန်အဖျား မြောက်ပိုင်းဒေသကို ဆက်သွားရမယ်။ မင်းတို့ကော ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”
ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
နာရင်ထူးယားသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးလာကာ ချင်ယွမ်ဖုန်းကို တင်းကျပ်စွာ ဖက်လဲတကင်း နှုတ်ဆက်လိုက်ပြီး—
“ယွမ်ဖုန်း... ခရီးလမ်းတစ်လျှောက် ဘေးကင်းပါစေ၊ နင်ကို ငါ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”
ခန်ကလည်း ကျယ်လောင်စွာ ရယ်မောရင်း—
“လူငယ်လေး... မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ငါသာ မြက်ခင်းပြင်ရဲ့ ဘုရင်အဖြစ် ရှိနေသေးရင် မင်းအလိုရှိတာ မှန်သမျှ ပေးနိုင်မှာပါ။ အခုတော့ မင်းကို ဘာမှ ပြန်မပေးနိုင်တာ တကယ်ကို နှမြောဖို့ကောင်းတယ်”
“ရပါတယ်... ကျွန်တော်က ဆုလာဘ်ကို မျှော်ကိုးပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက ရယ်မောလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ ခန်အနေနဲ့ ကောင်းကင်ဘုံသန့်စင်သီး နဲ့ မြူကင်းကြာပန်း ဆိုတဲ့ ဆေးမြက်နှစ်မျိုးကိုတော့ တစ်ချက်လောက် စုံစမ်းပေးစေလိုပါတယ်”
သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် အဓိကဆေးဖက်ဝင်ပစ္စည်း လေးမျိုး လိုအပ်ရာ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင် ကို ရရှိထားပြီး ဖြစ်သလို ရေခဲဝိညာဉ်နဂါးပြာငှက် နှင့် ပတ်သက်သော သတင်းကိုလည်း ရရှိထားပြီး ဖြစ်၏။
ယခုအခါ ကောင်းကင်ဘုံသန့်စင်သီးနှင့် မြူကင်းကြာပန်း နှစ်မျိုးသာ သတင်းအစအန မရသေးဘဲ ရှိနေခြင်း ဖြစ်ပေသည်။
“စိတ်မပူပါနဲ့ လူငယ်လေး၊ ဒီဝိညာဉ်ဆေးပင် နှစ်မျိုးရဲ့ သတင်းအချက်အလက်ကို ရအောင် ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်” ဟု ခန်က ကတိပေးလေသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းငြိမ့်ပြကာ ထိုနှစ်ဦးကို နှုတ်ဆက်ပြီး ဝမ်ချိုင်ကို စီးနင်းလျက် တောင်ကုန်းများဆီသို့ ဝင်ရောက်သွားတော့သည်။ ခန်နှင့် နာရင်ထူးယားတို့ သားဖသည် ထွက်ခွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေကြ၏။
နာရင်ထူးယားသည် သူ၏ ပုံရိပ်ကို နှလုံးသားအတွင်း စွဲထင်ကျန်ရစ်စေရန် အားခဲထားဟန်ဖြင့် စူးစိုက်ကြည့်နေမိသည်။
“အဖေ. သမီးတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ” ဟု သူမက မေးမြန်းရာ ခန်က ပြုံးလျက်—
“လောလောဆယ် ဒီမှာပဲ ခဏ နားကြတာပေါ့။ ငါ့ရဲ့ အင်အားတွေ အထွတ်အထိပ်ကို ပြန်ရောက်တာနဲ့ ငါ့ရဲ့ လူဟောင်းတွေကို သွားရှာမယ်။ ငါဆုံးရှုံးခဲ့ရတာတွေ အားလုံးကို ငါပြန်ယူရမယ်”
“ဒါဆိုရင် အဖေ..... သမီးကို ပေးထားတဲ့ ကတိကို မမေ့ပါနဲ့ဦး။ မြက်ခင်းပြင်ဘုရင်အဖြစ် ရာဇပလ္လင်ကို ပြန်ရပြီဆိုရင် စစ်မက်မဖြစ်ပွားစေဖို့ အမိန့်ထုတ်ပြန်ပေးရမယ်နော်” ဟု နာရင်ထူးယားက ဆိုသည်။
“မစိုးရိမ်ပါနဲ့ သမီးရယ်။ ဒီဖြစ်ရပ်တွေ ကြုံပြီးတဲ့နောက် အဖေလည်း အရာရာကို နားလည်သွားပါပြီ။ ဒီအမိန့်တော်ဟာ တစ်မြက်ခင်းပြင်လုံးမှာ သေချာပေါက် ဟိန်းထွက်သွားစေရမယ်”
ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် တောင်ကုန်းများအတွင်းသို့ ဝင်ရောက်လာကြ၏။ ဤနေရာ၌ အပူချိန်မှာ သိသိသာသာ လျော့ကျလာကာ ဆောင်းဦးပေါက်ရောက်လာသကဲ့သို့ အေးမြနေပြီ ဖြစ်သည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ မြောက်ဘက်အစွန်ဆုံးသို့ နီးကပ်လာသည်နှင့်အမျှ ပိုမို၍ ချမ်းအေးလာပေလိမ့်မည်။
တောင်ကုန်းများသည် စိမ်းလန်းသော မြက်ခင်းများဖြင့် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အလွန်ပင် စိတ်ကြည်လင်ဖွယ် ကောင်းလှသည်။
ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် တစ်ရက်တိုင်တိုင် ဖြတ်သန်းပြီးနောက်တွင်မှ နှင်းထုများကို စတင် မြင်တွေ့ရတော့သည်။
ဤဒေသမှာ အလွန်အေးမြသော ဝင်ရိုးစွန်းဒေသ ဖြစ်သည့်အားလျော်စွာ အပင်တို့ ရှင်သန်ရန် ခဲယဉ်းလှပြီး မြေပြင်ထက်၌လည်း ဘယ်သောအခါမျှ အရည်မပျော်နိုင်သော နှင်းထုကြီးများ ဖုံးလွှမ်းလျက် ရှိသည်။
ချင်ယွမ်ဖုန်းသည် ကြိုတင်ပြင်ဆင်လာသော ဂွမ်းခံဝတ်ရုံရှည်ကို ထုတ်ယူဝတ်ဆင်လိုက်မှသာ အနည်းငယ် နွေးထွာမှုကို ခံစားရတော့သည်။
မြောက်ဘက်သို့ ပိုတိုးသွားလေလေ အပူချိန်မှာ အနှုတ် ၃၀ သို့မဟုတ် ၄၀ ဒီဂရီ ဆဲလ်စီးယပ်ခန့်အထိ ကျဆင်းသွားတတ်သဖြင့် ပို၍ပင် အေးစိမ့်လာပေသည်။
“ဝမ်ချိုင်... ဒီလောက်အေးတဲ့ နေရာမှာ လူတွေတကယ် နေနိုင်မယ်လို့ မင်းထင်လား”
ဝမ်ချိုင်မှာမူ အပြေးမြန်စေရန်သာ အာရုံစိုက်နေသဖြင့် ချင်ယွမ်ဖုန်း၏ စကားကို လုံးဝပင် အမှုမထားချေ။
“ထားလိုက်ပါတော့... မင်းက စကားပြောကောင်းတာ မဟုတ်ဘူးပဲ၊ ငါလည်း နည်းနည်း အထီးကျန်နေလို့ စကားပြောမိတာပါ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
နှင်းပြင်ပေါ်၌ ကျန်ရစ်ခဲ့သော ခြေရာရှည်ကြီးမှာလည်း မကြာမီမှာပင် နှင်းများဖုံးလွှမ်းကာ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
တစ်နှစ်ပတ်လုံး နှင်းများ ဝေဝေဆာဆာ ကျဆင်းနေတတ်သော အစွန်အဖျား မြောက်ပိုင်းဒေသ၌ အေးစိမ့်သော လေနီကြမ်းတို့မှာ အော်ဟစ်တိုက်ခတ်နေကာ ခြောက်ကပ်ငြိမ်သက်ခြင်း အရှိန်အဝါတို့ လွှမ်းမိုးလျက် ရှိသည်။
ထိုသို့သော ဆိတ်သုဉ်းနေသည့် မြေရိုင်းဒေသကြီးအလယ်၌ ခန့်ညားထည်ဝါသော အကယ်ဒမီကျောင်းတော်ကြီးတစ်ခု တည်ရှိနေ၏။
၎င်းကား ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ မြောက်ဝင်ရိုးစွန်း၌ တည်ရှိသော ရှန်းဝူအကယ်ဒမီ ပင် ဖြစ်သည်။ ဤနေရာ၌ အကယ်ဒမီကျောင်းတော်ကြီး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်နိုင်သလို တပည့်အသစ် လက်ခံခြင်းမှာလည်း အလွန်ရှားပါးလှသဖြင့် လူနည်းစုသာ သိရှိကြပေသည်။
ကျောင်းတော်သည် နောက်ခံအကြောင်းအရာ သို့မဟုတ် ကျား၊ မ မရွေးဘဲ ပါရမီ မြင့်မားသူများကိုသာ လက်ခံခြင်း ဖြစ်သည်။ ပါရမီ ထူးချွန်သူ ဖြစ်ပါက ရှန်းဝူအကယ်ဒမီ၏ ဖိတ်ခေါ်စာကို ရရှိနိုင်မည့် အခွင့်အရေး ရှိပေသည်။
ဤမြောက်ပိုင်းဒေသသည် လုယွဲ့အင်ပါယာ၏ တစ်ဝက်ခန့်မျှ ကျယ်ဝန်းပြီး တောင်မှ မြောက်သို့ သွယ်တန်းနေသော တောင်တန်းကြီးတစ်ခုလည်း ရှိသည်။
အကယ်ဒမီကျောင်းတော်သည် ထိုတောင်တန်းကြီးပေါ်၌ တည်ရှိကာ လေပြင်းနှင့် နှင်းထုများကြားတွင် သီးခြား ကမ္ဘာတစ်ခုကဲ့သို့ တည်ရှိနေခြင်း ဖြစ်သည်။
ကျောင်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မြင့်မားသော အဆောက်အအုံများ ဝန်းရံထားသည့် ရှေးဟောင်းအိမ်ရာဝင်းကြီးတစ်ခုကို မြင်တွေ့ရပေမည်။
တောင်ပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် အဆောက်အအုံများကို ဘေးတိုက် မချဲ့ထွင်နိုင်ဘဲ အထက်သို့သာ မြင့်မားစွာ တည်ဆောက်ထားရသည်။
ထိုစဉ် ရှန်းဝူအကယ်ဒမီ၏ အပြင်ဘက်၌ ဝတ်ရုံဖြူဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် နှင်းမှုန်များကြားတွင် တစ်သားတည်းကျနေသကဲ့သို့ ရပ်တန့်နေ၏။
“ဆရာမ ယီနန်.. ဒီမှာ ဘာလုပ်နေတာလဲ၊ အတန်းစတော့မယ်လေ” ဟု မိန်းကလေးငယ်တစ်ဦးက ပြုံးရွှင်စွာ ပြေးလာရင်း လှမ်းခေါ်လိုက်သည်။
ထိုသူမှာ ယီနန် ပင် ဖြစ်သည်။ ချင်ယွမ်ဖုန်းနှင့် လမ်းခွဲခဲ့ပြီးနောက် တပည့်အသစ်များကို စုဆောင်းကာ ဤကျောင်းတော်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
“အော်... အင်း၊ အခုပဲ ပြန်လာခဲ့ပါ့မယ်” ဟု ယီနန်က ခပ်နွမ်းနွမ်းပင် ပြန်လည် ပြောကြားလိုက်သည်။
ကျောင်းသူလေးသည် ယီနန်၏ ဘေးနားသို့ ရောက်လာပြီး ယီနန် ငေးကြည့်နေသည့် ရှန်းဝူတိုက်ကြီး ရှိရာဘက်သို့ လိုက်လံ ကြည့်ရှုရင်း—
“ဆရာမ... ဘာတွေကို ငေးကြည့်နေတာလဲ။ တပည့်သစ်တွေ ရှာပြီး ပြန်လာကတည်းက ဆရာမ တစ်ခုခုကို စိတ်မလေသလိုပဲနော်” ဟု ပြုံးလျက် မေးမြန်းလေသည်။
ယီနန်က ခေါင်းယမ်းလိုက်ကာ—
“ဘာမှမဟုတ်ပါဘူး”
“အော်... သိပြီ၊ သိပြီ” ဟု ထိုကျောင်းသူလေးက အကင်းပါးစွာဖြင့် ဆိုလိုက်သည်။ “ဆရာမမှာ ချစ်ရတဲ့သူ ရှိနေပြီမလား၊ သူက ရှန်းဝူအကယ်ဒမီက မဟုတ်ဘူး ထင်တယ်”
“ဘာတွေ လျှောက်ပြောနေတာလဲ” ယီနန်သည် အနေရခက်စွာဖြင့် လက်ကာပြလိုက်ပြီး— “ကဲ... အတန်းတက်ဖို့ ပြန်ကြစို့”
“ဟုတ်ကဲ့ပါ ဆရာမ” ဟု ကျောင်းသူလေးက ယီနန်၏ နောက်မှနေ၍ မြေခွေးကလေးကဲ့သို့ ပါးနပ်စွာ ပြုံးလျက် လိုက်ပါသွားတော့သည်။
ယီနန်သည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိ၏။
ပြန်ရောက်လာကတည်းက ချင်ယွမ်ဖုန်း ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူမ အမြဲ မျှော်လင့်နေမိသည်။ ချင်ယွမ်ဖုန်း၏ ပုံရိပ်မှာ သူမ၏ အာရုံထဲ၌ အစဉ်အမြဲ ပေါ်ပေါက်နေသဖြင့် စိတ်မသက်မသာ ဖြစ်ရသော်လည်း ထိုခံစားချက်ကို သူမ မဟန့်တားနိုင်ခဲ့ပေ။
နေ့စဉ်နေ့တိုင်း ဤနေရာ၌ လာရောက် စောင့်မျှော်နေခဲ့သော်လည်း ချင်ယွမ်ဖုန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။
“သူ ငါ့ကို လိမ်ပြောခဲ့တာများလား” ဟု ယီနန်က တွေးတောရင်း ရှန်းဝူအကယ်ဒမီအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။
ပင်မတံခါးကြီးနှင့် မျက်နှာချင်းဆိုင်တွင် အကယ်ဒမီ၏ အကြီးဆုံး အဆောက်အအုံဖြစ်သော စာသင်ဆောင် ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် ကျောင်းသားများနှင့် ဆရာများအတွက် အဆောင်များ၊ အခြားသော ဌာနခွဲများ တည်ရှိပေသည်။
ယီနန်သည် စာသင်ဆောင်အတွင်းရှိ သူမ သင်ကြားရမည့် နေရာသို့ ရောက်ရှိသွားပြီးနောက် ကျောင်းသားများကို စတင် သင်ကြားပြသလေတော့သတည်း။